Monday 15 February 2010

စိတ်ကူးယဉ်နဲ့ လက်တွေ့

စိတ်ထဲမှာ ကော်ပြန့်ကြော်သုတ်ကို စားချင်နေတာ ကြာပါပြီ။ ဒါပေမယ့် သွားဝယ်ဖို့ အရေး အချိန်မရှိသေးတာက တကြောင်း၊ ပျင်းတာက တကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် မ၀ယ်ဖြစ်ပါ။ ဒီပိတ်ရက်မှာတော့ ကော်ပြန့်လိပ်ကို ၀ယ်ဖြစ်အောင် ၀ယ်ခဲ့ပါတယ်။ အိမ်ရောက်တော့ ကြော်ပြီးတော့ စားလိုက်မယ်ပေါ့။ ကြက်သွန်နီလေး များများ၊ ဆလတ်ရွက်လေး ပါးပါးလှီးပြီး အချဉ်ရည် ဆမ်းစားလိုက်မယ်လို့ တေးထားလိုက်ပါတယ်။ ချဉ်ငန်စပ် ဖြစ်အောင် ငံပြာရည်နဲ့ အချဉ်ရည်ကို ရောမယ်။ ပြီးတော့ သံပုရာရည်လေး နည်းနည်း ထည့်လိုက်မယ်။ ကော်ပြန့်ကြော်က ကျွတ်ကျွတ်ရွရွနဲ့ အချဉ်ရည် ရွှဲရွဲလေးနဲ့ ကြက်သွန်မိတ်လေး ကိုက်လို့ ဆိုပြီး တွေးရင်းနဲ့ စားချင်လာတယ်။ ဒါကတော့ ကိုယ့်စိတ်ကူးလေးနဲ့ အတွေးပေါ့။

ဒီလိုနဲ့ အလုပ်တွေအားတော့ ကော်ပြန့်လိပ် လက်ညှိုးလောက် အရွယ် ခြောက်လိပ်ကို ဆီအိုးထဲ ထည့်ကြော်ဖြစ်တယ်။ မီးဖိုပေါ် အကြော်အိုးတည်ထားတုန်း မြန်သွားအောင် ကြက်သွန်နီနဲ့ ဆလတ်ရွက်တွေ လှီးနေလိုက်တယ်။ ခဏပဲကြာတယ် ထင်ပါတယ်။ အနံ့ရလာလို့ မသင်္ကာတာနဲ့ မီးဖိုဖက် လှည့်ကြည့်တော့ ကော်ပြန့်လိပ်များက တူးနေပါပကော။ မီးသွေးခဲ ဖြစ်လောက်အောင် တူးနေတာ မဟုတ်လို့ တော်ပါသေးတယ်လို့ ဖြေရင်း နောက်တဖက်ကို လှန်ပြီး ဆက်ကြော်ပါတယ်။ ဒီတခါတော့ ကြက်သွန်နီ ကြာကြာ မလှီးရဲတော့ပါဘူး။ အကြော်အိုးကို လှည့်ပြီး ကြည့်ပေးရပါတယ်။

အကြော်တွေရတော့ ဆီစစ်ပြီး အအေးခံထား လိုက်တယ်။ ဆလတ်ရွက်နဲ့ ကြက်သွန်နီတွေကို ရေဆေးပြီး ပန်းကန်ထဲ ထည့်ထားလိုက်တယ်။ အကြော်အေးလောက်ပြီ ဆိုတော့ လှီးပြီး အရွက်တွေနဲ့ ရော။ ပြီးတော့ အချဉ်ဖျော်တယ်။ စိတ်ကူးထဲက အတိုင်း ငရုတ်ချဉ်နဲ့ ငံပြာရည်ကို ရောမွှေပြီး သံပုရည်လေး နည်းနည်း ညှစ်ထည့်ဖြစ်တယ်။ ပြီးတော့ အချဉ်ရည်တွေ ဆမ်း၊ ကြက်သွန်မြိတ်လေး တပင်လောက် ထုတ်ပြီး ရေဆေး။ စားလို့ရပြီပေါ့။ ကြည့်ပြီး ကိုယ်ဟာကိုယ် ကျေနပ်သွားတယ်။

သမအောင် မွှေပြီးတော့ မျှော်လင့်ချက်ကြီးနဲ့ ပထမတစ်ဇွန်းကို ခပ်စားလိုက်တယ်။ ပါးစပ်ထဲမှာ ပူသွားတယ်။ အကြော်က ပူလွန်းလို့ မဟုတ်ဘူး။ ငရုတ်ချဉ်က စပ်ပြီးပူနေတယ်။ ကြက်သွန်ကလည်း နည်းနည်းမွှန်လို့။ နောက်တစ်ဇွန်းကျရင်တော့ ကောင်းလာနိုးလို့ မျှော်လင့်ပြီး နောက်တစ်ဇွန်း ခပ်စားလိုက်ပြန်တယ်။ ပါးစပ်ထဲမှာ ချဉ်ငန်စပ် အရသာနဲ့ အတူ ခါးသက်တဲ့ အရသာ တခုပါရောက်လာတယ်။ သြော်… တူးသွားတဲ့ အပိုင်းကကိုး။ ကဲ… မတူးတာကို ရွေးစားပြီး ကြက်သွန်မြိတ် တချက် ကိုက်လိုက်တယ်။ ကြက်သွန်မြိတ်က လိုတာထက် ပိုပြီး မွှန်နေသလိုပဲ။ ဒီလိုနဲ့ ကောင်းနိုးနိုးစားလိုက်တာ ကုန်သွားတယ်။ ဘာအရသာလည်း သေချာ မသိလိုက်ဘူး။ ပါးစပ်က ထုံနေတာလားလို့ ကိုယ့်ဟာကိုယ် တွေးနေမိတယ်။ ဒါကတော့ လက်တွေ့ ပေါ့နော်။ ဒီလိုပဲ စိတ်ကူးယဉ် အတွေးနဲ့ လက်တွေ့က အံချော်နေတတ်တာပဲလားကွယ်။ ဒါပေမယ့် တစ်ပန်းကန်တော့ ကုန်သွားတယ်။

xxx

ကိုယ်ဒီ အနောက်နိုင်ငံကို မလာခင်က စိတ်ကူးထဲကနေ တွေးကြည့်မိတယ်။ ရုပ်ပစ္စည်း အင်မတန်တိုးတက်ပြီး လွတ်လပ်စွာ ပြောဆိုသူ၊ လွတ်လပ်စွာ တွေးခေါ်သူ တို့ရဲ့ နိုင်ငံပေါ့။ နှောင်ကြိုးမဲ့ အခွင့်အလမ်းတွေကလည်း အများကြီး။ ဟိုလူနဲ့ သိမှ၊ ဒီလူကို ကပ်မှ ဆိုတဲ့ အခြေအနေမျိုးတွေ မရှိတဲ့ နေရာပေါ့။ ကိုယ်ဒီလို ထင်ခဲ့ပါတယ်။ ငယ်ရွယ်သူတို့ရဲ့ ခပ်အအ အတွေးလေးတွေပေါ့။

ဒီလိုနဲ့ စိတ်ကူးထဲက ရှိပြီးသား စံနှုန်းတွေနဲ့ ခြေချခဲ့တယ်။ ကိုယ် လေယာဉ်တစ်စင်းပြီး တစ်စင်း ပြောင်းလာလိုက်တာ သေးလို့ သေးလို့ လာတယ်။ နောက်ဆုံးတော့ ကွင်းခေါင်ခေါင်ထဲက လေယာဉ်ကွင်းသေးသေးလေးထဲ ကနေထွက်လို့ ဘေးဘီကို ကြည့်တော့ ဘာမိုးမျှော်တိုက်မှလည်း မရှိ။ ချမ်းသာလှပါတယ် ဆိုတဲ့ နိုင်ငံက ကိုယ့်ရဲ့ ရန်ကုန်မြို့လောက်တောင် စိတ်ဝင်စားစရာ မကောင်းဘူး။ ကိုယ်နှာခေါင်းရှုံ့ မိတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပေါ့။

အချိန်တွေ ကြာလာတော့လည်း မိုးမျှော်တိုက်တွေတော့ တွေ့ပါရဲ့။ သြော်…မြို့နဲ့တော ဆိုတာ ဒီလိုပါလား ဆိုတာလည်း ခွဲခြားတော့ သိလာခဲ့တယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ်သူ တို့ရဲ့ နိုင်ငံမှာ ဘုရားသခင်နဲ့မှ မသိရင် ငရဲကျတော့မယ်လို့ ဆိုလာတော့ ကိုယ်အံ့သြ ရပြန်တယ်။ သြော်…သူတို့ဆီမှာလည်း ဘယ်သူနဲ့ သိတယ် ဆိုတာ အရေးကြီးပါလားလို့ ကိုယ် ခပ်ဆန်းဆန်း တွေးလိုက်တယ်။

သူက ဘယ်သူ့ရဲ့ သားမို့ ဒီရာထူးကြီးကို ရတာလို့ ကိုယ်ကြားနေကျ ဇာတ်လမ်းတွေလို ဇာတ်လမ်းမျိုးကိုလည်း ဒီနိုင်ငံမှာ ကြားရပြန်တယ်။ ဒီတော့လည်း သြော်…လူဆိုတာ ခွဲခြားလို့ မရပါလားဆိုတဲ့ စကားကို သဘောပေါက်သလို ရှိလာပြီး ဘာမှ မဟုတ်တဲ့ကိုယ်က အလုပ်တစ်ခုကို ကောက်ရိုးပုံထဲ အပ်ပျောက်သလို သဲကြီးမဲကြီး ရှာရပြန်တယ်။

ဘာသာစကား အခက်အခဲရှိတဲ့ကိုယ့်ကို စိတ်မရှည်လက်မရှည်နဲ့ ငြူစူတဲ့၊ ကိုယ့် အားနည်းချက်ကို အခွင့်ကောင်းယူတဲ့ လူတွေကို တွေ့တိုင်း လူမျိုးရေး မခွဲခြားတဲ့ နိုင်ငံမှာ ဘာသာစကား အရတော့ ခွဲခြားသလားလို့ တွေးမိပြန်တယ်။ ကိုယ် ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်လာတဲ့ တစ်နေ့မှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်ကို မြန်မာလို ရေးပစ်လိုက်ဦးမယ်လို့ တေးထားလိုက်တယ်။

ဆန်ဘယ်လောက် ကောင်းစေဦး စပါးလုံးတော့ ပါတာပဲမို့ အ လွန်းခဲ့လှတဲ့ ကိုယ့်ကိုယ်သာ အံသြနေမိပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ် ထမင်းတော့ စားရပါတယ်။ ကောင်းတာတွေရှိတဲ့ အထဲကမှ မကောင်းတာတွေကြီး ရွေးပြောနေသလို ဖြစ်ရော့မယ်။ တကယ်တော့ ကိုယ်ပြောချင်တာက စိတ်ကူးနဲ့ လက်တွေ့ အကြောင်းပါ။ အံချော်နေတဲ့ ကိုယ့်ဘ၀ အကြောင်းပါ။ ဒါပေမယ့်… အံချော်ရင်းနဲ့ပဲ အသက်တွေတော့ ကြီးလာတယ်။

xxx

၂၀၀၉ ခုနှစ် အစမှာပေါ့။ သူများတွေ ပြောပြောနေတဲ့ နှစ်သစ်ရဲ့ သန္နိဋ္ဌာန်ချမယ်လို့ ရည်ရွယ်လိုက်တယ်။ ကိုယ်ရဲ့ ဒေါသတွေကို လျှော့ရမယ်။ မကျေနပ်မှုတွေကို လျှော့မယ်။ သူများက စိတ်ကို လာထိခိုက်လည်း မတုံ့ပြန်မိအောင် နေမယ်။ စိတ်ကို ကြည်ကြည်လင်လင် ထားမယ်။ ဒီအလုပ်တွေကို ပြီးအောင် လုပ်မယ်… စသည်ဖြင့်…။ စိတ်ကူးထဲ အတွေးကတော့ ဒီလိုပေါ့။

ဒီလိုနဲ့ ၂၀၀၉ အစမှာ ကိုယ် တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကိုယ် စိတ်ထဲမှာ မကြည်လင်တဲ့ လူအချို့နဲ့လည်း တည့်အောင် ကြိုးစားတယ်။ အတုတွေပဲ ဆိုဆို ကိုယ့်မျက်နှာမှာ အပြုံးတွေဆင်ခဲ့တယ်။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်….သြဂုတ်… နှစ်အလယ် လောက်မှာ ကိုယ့် အပြုံးတွေ အက်ကွဲလာတယ်။ အက်ရာ သေးသေးကနေ ကြီးကြီးဖြစ်၊ နောက်တော့ ကိုယ်သတိရတဲ့ အချိန်မှာ ကွဲကြေကုန်ပြီလေ။ မှန်စတွေလိုပဲ ကိုယ့်ရဲ့ ရှေ့မှာ ပြန့်ကျဲလို့။ ပြန်ကောက်ဖို့လည်း ကိုယ်မကြိုးစားမိတော့ဘူး။ အဲဒီ ကွဲကြေနေတဲ့ အပိုင်းအစတွေကို ကိုယ် ဒေါသတကြီးနဲ့ ဆက်ပြီး နင်းချေမိပြန်တယ်။ ကိုယ့်ကို စူးတဲ့ အခါလည်း စူးလို့၊ ဒီအခါမှာ ကိုယ် ဒေါသပိုထွက်ပြန်တယ်။ ညစ်ညမ်းသွားတဲ့ စိတ်ကို ကိုယ် မသန့်စင်မိဘူး။ အချဉ်လွန်ပြီး စပ်လွန်းနေတဲ့ အသုတ်တစ်ပန်းကန်ကိုတောင်မှ ပြန်ပြင်ဖို့ မကြိုးစားခဲ့တဲ့ ကိုယ်ဟာ စိတ်တခုကို ပြင်ဖို့တော့ သတိတောင် မရခဲ့ပါဘူး။

ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်တချို့တော့ ပြီးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ထင်သလောက် ဖြစ်မလာဘူး။ ကိုယ်ပြေးရမယ့် ခရီးကို ဆုံးကာနီးကျမှ တောင်တစ်တောင်က ဆီးကာ နေလို့ ခရီးမတွင်သလိုပဲ။ ကိုယ် အားမရပေမယ့်လဲ ကာနေတဲ့ တောင်ကို မဖြိုနိုင်တာကြောင့် တောင်တက်ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့ အရာတွေကို ကိုယ် လက်ခံနိုင်ဖို့ သင်ယူနေမိတယ်။

နှစ် အဆုံးပိုင်း…။ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်ဖြစ်တဲ့ စာရေးတာတောင် မှန်မှန် မရေးနိုင်တော့ဘူး။ တခါတရံလည်း ဒေါသတွေ ထန်လို့ နေတယ်။ ကိုယ် မပူလောင် ချင်ပါဘူး။ ဒါပေမယ့် လာမြိုက်တဲ့ မီးကိုတော့ ငြိမ်းဖို့ ကိုယ် ပါရမီ မရင့်သန်သေးဘူး။ ဆက်ပြီး လောင်စာ မဖြည့်ဖို့တော့ ကြိုးစားတယ်။ နှစ်ဆုံးပိုင်းလေးမှာ ကိုယ် စိတ်အချမ်းသာဆုံး အချိန်လေး တစ်ချိန်ပဲ ရှိတယ်။ ကိုယ့်ဘေးနားက လက်ကိုတွဲတော့ ကိုယ့်ရဲ့ အရှုပ်အထွေးတွေကို မေ့ထားလို့ ရတယ်။ ဒုက္ခတွေလို့တော့ မဆိုချင်တော့ပါဘူး။ ကိုယ့်ဒုက္ခဆိုတာ ကိုယ်သိနေတဲ့ ဒုက္ခတွေနဲ့ စာရင် မပြောပလောက်ပါဘူး။ ကိုယ် သတ္တိရှိရမှာပေါ့လို့ ကိုယ့်ကိုယ်ကို အားတင်းတယ်။ ဆုံးမတယ်။ ဒီစာကို နှစ်အစမှာ အပြီးသတ်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် အပြီး မသတ်ဖြစ်ခဲ့ဘူး။

၂၀၀၉ခုနှစ်မှာ စိတ်လည်း မကြည်လင်ခဲ့ပါဘူး။ ဒေါသတွေလည်း ဖြစ်ခဲ့တယ်။ သောကတွေလည်း ဖြစ်ခဲ့တယ်။ မောဟတွေလည်း လွှမ်းခဲ့တယ်။ ထင်သလို ဖြစ်မလာဘူး။ မှန်းသလောက် မပြီးဘူး။ ကောင်းလာနိုးနိုးနဲ့ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီး တစ်လ…ဒီလိုနဲ့ပဲ ၂၀၀၉ဟာ ကုန်သွားခဲ့တော့တယ်။