လူ့ဘဝဆိုတာ တာထွက်ခြင်းတူတာ မဟုတ်ခဲ့သလို ပြေးပွဲတစ်ခုလည်း မဟုတ်ခဲ့ပါဘူး။ ကွင်းတစ်ပတ်လည်တော့ အရှေ့ရောက်တဲ့လူက အနောက်ရောက်ပြီး အနောက်ရောက်တဲ့ လူကလည်း အရှေ့ ရောက်ပြန်တယ်။ သံသရာဆိုတာ တစ်ပတ်လည်မြဲမို့ ဘယ်အရာမှ ပုံသေကားချပ်မရှိခဲ့ဘူး။ ကွင်းလည်မှာ ဘေးထွက်ကြည့်တဲ့ ပရိတ်သတ်ဖြစ်တော့မှပဲ ဒီသံသရာကို မြင်တော့တယ်။ ပြေးလမ်းပေါ်မှာ ရှိနေတုန်းကတော့ အမြဲပဲ ဟောဟဲ…ဟောဟဲပေါ့။
“သူများထမ်းတာတော့ မခံချင်ပေါင်။ ရအောင် တက်မယ်။”
ဟောဟဲသံထွက်လျက်ကပင် မခံချင်စိတ်ကလေးနှင့် ဆိုသော မေဦးကို သက်နှင်းက လှည့်ကြည့်လေသည်။
“ကဲ…ဒါဆိုလည်း ခဏနားပါဦးလေ။ အမောဆို့နေပါ့မယ်။”
ခပ်ရွတ်ရွတ်ကလေး ဆိုလေသော်လည်း သူ့စေတနာ အမှန်ကို သိသည်မို့ မေဦး ပြန်ပင်ရန်မတွေ့နိုင်တော့။ ရှေ့မှာ မြင်ရသည့် ခုံတန်းလျားတွင်ပင် အပြေးအလွှားထိုင်ချ လိုက်လေသည်။ ထိုင်ပြီးမှပင် ကိုယ့်ထက်အရင်ဦးနှင့်သော လူများရှိသည်ကို သတိထားမိတော့၏။
“မေဦး..မဟုတ်လား။”
ထိုင်နေနှင့်သော အမျိုးသမီးက ကိုယ့်နာမည်ကြီးကို ပီပီသသ ခေါ်လေတော့ မေဦး အံ့သြရလေသည်။ အမောပြေကာ တဖက်လူကို စိတ်ဝင်တစားဖြစ်ရလေသည်။ တစ်ကိုယ်လုံးလှည့်ကာ သူ့ကို ကြည့်မိလျှင်တော့ အရင်လိုလှဆဲ၊ နုဆဲအပြုံးဖြင့် နေခြည်သစ်ကို မနာလိုစရာ တွေ့ရလေသည်။ ဟုတ်ပါရဲ့…သုံးဆယ်ကျော်လို့ လေးဆယ်ဖက်ကို လှမ်းနေတာတောင်မှ မျက်နှာမှာ အရေးအကြောင်းတွေ မမြင်ရဘူး။ အဖြူရောင်အင်္ကျီနဲ့ အညိုရောင် ဘောင်းဘီရှည်က ရိုးရိုးစင်းစင်းပေမယ့် ချပ်ချပ်ရပ်ရပ်နဲ့ သူနဲ့ သေသပ်လှပနေဆဲ။ မောနေသည့်ကြားမှ ချွေးစလေးများနှင့်ပင် သူ့မျက်နှာက သတိလက်လွတ် ငေးမိသွားအောင် ထင်ရှားနေဆဲ။ ငယ်ဂုဏ်မရှိတော့ဘူး ဆိုတာတောင် ကြည့်စမ်း ဒီမိန်းမကို ဘယ်သူက သုံးဆယ်ကျော်လို့ ထင်မှာလဲ။ အချိန်အတန်ကြာ မေ့နေပြီဟု ထင်ရသော ခံစားမှုတို့သည် ပြဇာတ်အဆုံးမှာ ချသော ကားလိပ်များလို အလောတကြီး ပွင့်အန်ကျလာလေသည်။
“ဟယ်…သက်နှင်းလည်း ပါတာကိုး။”
နေခြည့်မျက်နှာတွင် မနာလိုစရာကောင်းလောက်သော ရိုးသားစွာ ပျော်ရွှင်မှုကို တွေ့ရလေသည်။ ဆယ်ကျော်သက်ကလေးများလို ပျော်နေနိုင်ကြသေးသည်။ အရင်လိုပဲ…အရင်ကလိုပါပဲ။ စိတ်တိုစရာကောင်းသည်မှာ သက်နှင်းကို လှည့်ကြည့်စဉ်တွင် ထိုမနာလိုရိပ်များကို မတွေ့ရခြင်းပင်။ တတ်လည်းတတ်နိုင် ကြသူများပါလား ကွယ်ရို့။ ချက်ချင်းပင် မေဦးလည်း ဆယ့်ငါးနှစ်ခန့် ပြန်ငယ်သွားလေသည်။
xxx
ဆယ့်ခြောက်နှစ် အရွယ်သည် မိန်းကလေးတစ်ယောက်၏ အလှဆုံး အချိန်ဟုဆိုကြသည်။ ထို့ကြောင့်ပင် ဆယ့်ခြောက်နှစ် အရွယ်မေဦးသည် မှန်ရှေ့မှာ ကုန်သည့် အချိန်များလေသည်။ သို့ပေမယ့် အတန်းထဲသို့ ပြောင်းလာသော ကျောင်းသူသစ်နှင့် ယှဉ်လေတော့ မှန်တောင် မကြည့်ချင်တော့။ နေခြည်သစ်ဟု ဆရာမ မိတ်ဆက်ပေးသော ကျောင်းသူအသစ်သည် ကုသိုလ်ကံကောင်းလေတော့ နာမည်လှရုံသာမက လူကလည်း ဝင်းဝင်းပပနှင့် ထင်ရှားလေသည်။ ကျက်သရေရှိသည်ဟုလည်း မှတ်ချက်ချကြသည်။ ချစ်စရာကောင်းသည်ဟုလည်း ဆိုကြသည်။ လှတာကို ချစ်တတ်သော လူတို့၏ သဘောကြောင့် နေခြည်သည် လူချစ်လူခင်လည်း ပေါလိုက်သေးသည်။
ပထမတော့ မေဦးသည် နေခြည့်ကို ဖာသိဖာသာ အမှတ်ထားခဲ့သည်။ နယ်ကပြောင်းလာတဲ့ ကျောင်းသူလှလှလေးကို အားလုံးကို ဝိုင်းပြီး အာရုံစိုက်နေကြတာပဲ။ အချိန်တန်တော့လည်း ရိုးသွားမှာပါဟု ပေါ့ပေ့ါတန်တန်သာ တွေးလေသည်။ ပထမ အစမ်းစာမေးပွဲ အပြီးတွင်တော့ မေဦးသည် နေခြည့်ကို ပေါ့ပေါ့တန်တန် သဘောမထား နိုင်တော့ပေ။ အကြောင်းမှာ မေဦး ဗိုလ်ဆွဲနေကျ ပထမနေရာကို နေခြည်က လုယူစရာ မလိုဘဲ အေးအေးသက်သက်သာသာပင် ဝင်ယူသွားသောကြောင့်တည်း။ ထိုအခါမှာတော့ မေဦးတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ကျောင်းသူသစ်ကလေး အကြောင်းကို စိတ်ဝင်စားစ ပြုလာလေသည်။
နင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာဟယ် ဟူ၍ သက်နှင်းကတော့ ဆိုသည်။ သက်နှင်းကတော့ ဘယ်အချိန် ကြည့်ကြည့် ရေခဲတုံးကပင် ကြီးတော်ခေါ်ရမည့် အမျိုးဖြစ်လေတော့ သူနှင့်စာလျှင် မေဦးက ရှုပ်ထွေး ပွေလီလှသည်။ နေခြည့်အကြောင်း စုံစမ်းရသည်။ ပြောနေသူများကြား မသိမသာ ဝင်၍ စပ်စုရသည်။ နေခြည်သစ်၊ မိုးဦးသစ်နှင့် ရွှေခေတ်သစ်ဟူသော နာမည်လှလှ ဆန်းဆန်းနှင့် ညီမသုံးယောက်ကို လူတိုင်းစိတ်ဝင်စားဖို့ ဆိုသည်မှာ ပုံသေနည်းတစ်ခုသာ ဖြစ်တော့သည်။
“သူ့အဖေက တက္ကသိုလ်က ပေါမောက္ခတဲ့ ဆရာ။ ငယ်ငယ်ကတည်းက သူတို့ ညီအစ်မသုံးယောက်ကို စနစ်တကျ စာသင်ပေးခဲ့တာတဲ့။ အဲဒါကြောင့် သူတို့အားလုံး အတန်းတိုင်းမှာ အမြဲလိုလို ထိပ်ပဲ။”
“နေခြည်တို့က စန္ဒယားတီးတာလည်း တော်တယ်ဆိုပဲ။ နိုင်ငံတကာသင်္ကေတနဲ့ တီးတတ်တယ် ဆိုပဲ။”
“နေခြည်တို့ အမေက အင်္ဂလိပ်စာ တော်တော်ကျွမ်းတယ်ကွ။ အဲဒါကြောင့် သူက အင်္ဂလိပ်စာဆို ငါတို့ထက် ပိုပြီး ရေးနိုင် ဖတ်နိုင်တာ။”
အတန်းထဲမှာ နေခြည့်သတင်းက အများစိတ်ဝင်စားစရာ။ စာတော်ရုံတင်မက နေခြည်က စာစီစာကုံးပြိုင်ပွဲ၊ ပေးစာပြိုင်ပွဲများတွင်လည်း ဆုရလိုက်သေးသည်။ အင်္ဂလိပ်စာ အက်ဆေးများဆိုလျှင်လည်း ဆရာ၊ ဆရာမတို့၏ ဥပမာပေး ခံရသူ ဖြစ်လိုက်သေးသည်။ သူရောက်လာပြီးသည့် နောက်တွင်တော့ အတန်းထဲမှာ ထိပ်ဆုံးဖြစ်နေကျ မေဦးမှာ အတော်လည်း ကသိကအောက်ဖြစ်ရသည်။
သို့ပေမယ့် နေခြည့်ကို ကြည့်လျှင်တော့ မည်သည့်အချိန်မဆို အေးအေးဆေးဆေးနှင့် လောကကြီးမှာ ဗိုလ်လုပ်ရသည်မှာ သူနှင့် မဆိုင်သလိုပင်။ ထိုသို့ ဖြစ်နေသည်ကပင် မေဦးအတွက်တော့ ပိုပြီး စိတ်တိုစရာ ကောင်းနေ၏။ ထောင်လွှားချင်သော မျက်နှာထားနှင့် အများမခံချင်စရာ စကားကို ပြောနေတတ်သော နေခြည်ဆိုလျှင်လည်း မေဦး အခုလောက် ဂရုစိုက်လိမ့်မည် မဟုတ်။
“ကျက်လိုက်ရတာ ဟာ။ ငါ့မှာတော့ မနက်စာမေးပွဲ ဖြေဖို့လာတာ ခေါင်းတောင် မဖြီးနိုင်ဘူး။ သူကတော့ အလှတောင် မပျက်ဘူး။ ဒါနဲ့တောင် အဆင့်တွေထွက်တော့ ငါက နှစ်။ သူက တစ်။”
“နင့်ကို ကြည့်ရတာ တစ်ယောက်တည်း ရှုပ်နေတာပဲ မေဦးရာ။ လူ့ဘဝဆိုတာ အပြေးပြိုင်ပွဲမှ မဟုတ်တာ။ တာထွက်ခြင်း မတူတဲ့ လူနှစ်ယောက်ကို ပန်းဝင်တာခြင်း မတူဘူး ဆိုပြီး လိုက်နှိုင်းလို့ မရဘူး။ ကိုယ့်အကျိုးပေးနဲ့ ကိုယ်၊ သူ့အကျိုးပေးနဲ့ သူပဲ။ ပြီးတော့ နင်က ကျောင်းဆင်းရင် နင့်အမေကို ကူရတယ်။ မောင်နှစ်မတွေကို ဝိုင်းထိန်းပေးရတယ်။ နေခြည်က ကျောင်းကိုလာရင် ထမင်းဘူးအဆင်သင့်၊ မုန့်ဘူး အဆင်သင့် လုပ်ပေးမယ့် လူတွေ ဝိုင်းဝိုင်းလည်လို့။ ဒါက ဥပမာ တစ်ခုတည်း။ နင့်မိသားစုအခြေအနေနဲ့ သူ့မိသားစု အခြေအနေကလည်း တူတာ မဟုတ်ဘူး။”
မေဦးက ပွစိပွစိနှင့် ရေရွတ်လျှင် သက်နှင်း လူကြီးတစ်ယောက်သဖွယ် ပြန်ရှင်းပြတတ်သည်။ သက်နှင်းနှင့် မေဦးကတော့ သူငယ်တန်းကပင် လည်ပင်းဖက် ပေါင်းလာသူများမို့ ပြုံးဖို့ ညောင်းလာလျှင် မဲ့ပြလိုက်ရုံသာ။ တကယ်တော့ နေခြည်သည် လုပ်ပေးမယ့်သူ ဝိုင်းဝိုင်းလည် မနေသည့်တိုင် ယခုကဲ့သို့ပင် သာမန်ထက် ထူးခြားသူကလေး ဖြစ်နေဦးမည် ဆိုသည်ကို မေဦး စိတ်ထဲက ကျိတ်၍ တိတ်တိတ် ဝန်ခံရပေမည်။ သို့ပေမယ့် ရိုးရိုးနှင့် ဒဲ့ဒိုးပြောတတ်သော သက်နှင်းက ပြောလာတတ်သော စကားကြောင့် မေဦး နှုတ်ဆိတ်ရပြန်သည်။
“နင်အခုရောက်နေတဲ့ နေရာကလည်း ကျေနပ်စရာ ကောင်းပါတယ်ဟာ။ နေခြည်က အဆင့်တစ်ဆို နင်က အဆင့်နှစ်လောက်က လိုက်နေတဲ့ဟာကို။ တို့အတန်းထဲ ကျန်တဲ့ လူသုံးဆယ့် ရှစ်ယောက်ညည်းဖို့ ထားပါဦးဟာ။ အကောင်းဆုံးလုပ် ရောက်နေတဲ့ နေရာကိုလည်း ကျေနပ်တတ်ရမယ်ဟ။ ငါကတော့ ငါရတဲ့ အဆင့်တစ်ဆယ်ကို ကျေနပ်နေတာပဲ။ ငါ့နောက်မှာ လူသုံးဆယ်တောင် ရှိသေးတယ်ဟ။”
Xxx
“ဖြည်းဖြည်းတက်ပါ မေဦးရာ။ ငါမောလာပြီဟ။ ရောက်တဲ့နေရာက အလှအပလေး ဘာလေးခံစား ရအောင်။ တောင်အောက်ကိုလည်း ပြန်ကြည့်ချင်တယ်။”
သက်နှင်းက ညည်းညည်းညူညူနှင့် တောင်းဆိုတော့မှ မေဦးရပ်လေသည်။ တောင်တက်သူတို့ အနားယူဖို့ရန် ဒါနပြုထားသော ဝါးခုံတန်းလေးသည် ဓနိမိုး အောက်မှာ စိမ်းမြလို့နေသည်။ သောက်ရေအိုးစင်ကရေသည် ရေသန့်ဘူးထဲက ရေလို မပူဘဲ အေးစိမ့်လို့ နေပြန်သည်။ ဘူးထဲမှ ရေလောက် မသန့်မှန်းသိသော်လည်း သဲအိုးထဲမှ ရေသည်သာ ပိုလို့ အရသာရှိနေသည်။
“နေခြည်တို့ အဖွဲ့ကို စိတ်ဝင်စားလို့ သူတို့နဲ့ အမီလိုက်မလားလို့ပါဟာ။”
“နင်ဟာလေ ငယ်ငယ်တုန်းက အတိုင်းပဲ။ တောင်ပေါ်ကြရင် ငါတို့ ဆုံကြမယ်လို့ ချိန်းထားပြီးသား ဟာကို။ နင်က ဘာတွေ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ။”
“သူနှင့် ပါလာတဲ့ အဖွဲ့က ဘယ်သူတွေလဲ မသိဘူးနော်။”
နေခြည့်ဘေးမှာ အဝတ်အစားသားသားနားနား ဝတ်ထားသော အမျိုးသမီးနှစ်ယောက်နှင့် သူတို့၏ ယောက်ျားများ ဖြစ်ဟန်တူသော အမျိုးသား နှစ်ယောက်ပါလာသည်။ နေခြည့်ဘေးမှာကပ်၍ ပါလာသော သူ့အမျိုးသားကိုတော့ လူတွေ့ မိတ်ဆက်ပြီးခဲ့ပြီ။ ဒီတော့ ဝါသနာအတိုင်း မေဦးက စပ်စပ်စုစုလုပ်ရပြန်သည်။ နေခြည့်ယောက်ျားက ရုပ်ရည်သိပ်မရှိသည်ကို မသင့်မှန်းသိလျက်နှင့် ကျိတ်၍ ဝမ်းသာရသေး၏။ အိမ်ကလူလည်း သူ့လောက်တော့ လိုက်မီသေးတယ်ဟု နောက်ဆက်တွဲ ဆက်တွေးဖြစ်အောင် တွေးလိုက်သေးသည်။
အထက်ကို မော့ကြည့်စရာ မလိုလောက်အောင် အလျင်သွားနှင့်သူများ ကတော့ ယှဉ်စရာ ဆိုသည်မှာလည်း မရှိ။ ယှဉ်၍ ဖြစ်သော နောက်ဆက်တွဲ ဒေါသလည်း ရှိစရာမလို။ တစ်သက်လုံးမှာ သူတစ်ပါး ထက် ခေါင်းတစ်လုံးပိုသာ ခဲ့လေသော သူတို့အတွက်တော့ မစိ ္ဆရိယစိတ် ဆိုသည်မှာလည်း ဘယ်လိုရယ်လို့ သိမည် မထင်။ သက်နှင်းကတော့ အထက်ကိုလည်း မကြည့် အောက်ကိုလည်း ကြည့်ရန် စိတ်မဝင်စားသူပေပဲ။ သက်နှင်းအတွက်တော့ ပန်းတိုင်ဆိုသည်ထက် ပြေးလမ်းက ပို၍ စိတ်ဝင်စားစရာ ကောင်းနေတတ်သည်။ အထက်ကို အမြဲမော့မော့ ကြည့်လျက်က ယှဉ်လည်းယှဉ်တတ်သော၊ ဒေါသလည်း ထွက်တတ်သော မေဦးမှာသာ အပြစ်ဖြစ်ရလေသည်။ တောင်ထိပ်ကို ရောက်ဖို့ မောလှသည်။ မရောက်နိုင်သည်ကို မကျေနပ်ဖြစ်ရတော့ ပိုမောလေသည်။