Saturday 25 June 2016
အမှတ် တံဆိပ် ခတ်နှိပ် ချင်တယ်
ရွှေနံ့သာဦး။ သာသာလို့ အများက ခေါ်ကြတဲ့ ကျွန်မရဲ့ နာမည်ပေါ့။ နာမည်ဆိုတာ လူတစ်ယောက်ရဲ့ ပုံရိပ်ကို ကိုယ်စားပြုတယ်လေ။ လူကို အရင်မတွေ့ဘဲ နာမည်ကို အရင်တွေ့တဲ့ အခြေအနေတွေဆိုရင် တကယ်ပဲ လူတစ်ယောက်ရဲ့ ပုံပန်းကို နာမည်ကနေ တစ်ဆင့် ကြိုတင်ပြီး မှန်းဆလိုက်ကြတာ ကျွန်မတို့ လူတွေရဲ့ ထုံးစံပဲ မဟုတ်ဘူးလား။ ဥပမာ ဖြူနှင်းဖွေးဆိုရင် အသားဖြူဆွတ်နေတဲ့ မိန်းကလေး တစ်ယောက်၊ အနည်းဆုံးတော့ ဝါရွှေရွှေ အသားအရည်နဲ့ မိန်းကလေးတစ်ယောက်ကို လှမ်းမြင်မိကြမယ်။ စင်ဒီဆိုတဲ့နာမည်နဲ့ မိန်းကလေးကတော့ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ပြီး ရိုးရိုးကြီး နေတတ်တဲ့ မိန်းကလေးလို့တော့ ဘယ်သူမှ အရင်ဆုံး တွေးမိကြမှာ မဟုတ်ဘူး။ ကဲ…ဒါဖြင့်ရင် ရွှေနံ့သာဦး ဆိုတဲ့ ကျွန်မကိုရော။ ဘယ်လိုများ မြင်ကြမှာပါလိမ့်။ နာမည်က နန်းဆန်သလိုလို….မြန်မာဆန်သလိုလို…။ အသားညိုညို၊ ဆံပင်ရှည်ရှည်နဲ့ ယဉ်သူလေးရယ်လို့ ထင်ကြမှာပဲ။
ကဲ…ဘယ်လိုလဲ။ ကျွန်မပြောတာ မဟုတ်ဘူးလား။ အထင်တွေ အမြင်တွေကို ပြောပြီးရင် အမှန်ကို ပြောတော့မယ်နော်။ ရွှေနံ့သာဦး ဆိုတဲ့ ကျွန်မဟာ ဂန္ဓလရာဇ်သွေးစပ်တဲ့ အသားဖြူဖြူ မျက်လုံးမှေးမှေး ဆံပင် ဂုတ်ဝဲနဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ဖြူနှင်းဖွေးကတော့ ဘင်္ဂါလီ နွယ်ဝင် ကျွန်မတို့ သုံးယောက်ထဲမှာ အသား အညိုဆုံး။ ကျွန်မတို့သုံးယောက် ဆိုတာလား။ သုံးယောက်ဆိုတာ ကျွန်မရယ်၊ နှင်းဖွေးရယ်၊ စင်ဒီရယ်လေ။ ဟုတ်တယ်…။ စင်ဒီကတော့ နှင်းဖွေးထက်စာရင် လတ်တဲ့ အသားအရောင်နဲ့ ရေမရောတဲ့ ဗမာမလေးပေါ့။ ကျွန်မတို့တွေဟာ မြို့လယ်က နာမည်ကြီး ကျောင်းတစ်ကျောင်းက ဆယ်နှစ် အရွယ် ကျောင်းသူလေးတွေပါ။
လူနဲ့ နာမည် သဟဇာတ မမျှကြတဲ့ ထုံးစံ အတိုင်းပဲ ကျွန်မတို့ ကိုယ်စီမှာ နာမည်ပြောင်တွေ ရလာကြတယ်။ နှင်းဖွေးကိုတော့ မြူမီးသွေးတဲ့။ မြန်မာပြည်မှာ တစ်သက်လုံး နေလာတဲ့ သူ့မိဘတွေက အသားဖြူတွေကိုမှ တန်ဖိုးထားတဲ့ ဒေသမှာ အသားပဲ သူ့ကိုဖြူပါစေတော့ဆိုတဲ့ စေတနာနဲ့လား။ နာမည်လေးလှလွန်းလို့ပဲ ပေးလိုက်တာလား မသိဘူးပေါ့။ ဘယ်သူမဆို ဘယ်လိုနာမည်ပဲ မဆို ပေးခွင့်ရှိတယ်လေ။ ဒီနာမည်အတွက်က ဘယ်သူမဆို တန်းတူ အခွင့်အရေး ရှိတယ်လေ။ ကျွန်မကိုတော့ ရေနံတာဦး တဲ့လေ။ အိုး…ဒါပေမယ့် သူတို့တွေ ဘယ်လိုစစ ကျွန်မက ကျွန်မနာမည်ကို ကျွန်မ ပီသအောင် ခေါ်နိုင်ပါတယ်။ တကယ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်မ အမေနဲ့ အဖေကလည်း မြန်မာစကားကို ပီပီသသကြီး ပြောနိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်လို့ပဲ။ စင်ဒီကတော့ ဒွေးတော်လွမ်းတဲ့။ ဗမာစစ်စစ် ဖြစ်လျက်နဲ့ သူ့မိဘတွေက အမေကျော်ဒွေးတော်လွမ်းပြီး ဗိုလ်နာမည် ပေးရသလားပေါ့။ သူ့ခမျာ တစ်ယောက်တည်း နေရင် ဘယ်သူကမှ သူ့နာမည်ကို စကြမယ် မထင်ဘူး။ ကျွန်မတို့နဲ့ တွဲတော့ သုံးယောက်လုံးရဲ့ အဆီအငေါ်မတည့်မှုတွေ လို့ဆိုရမလား။ ဒါတွေ ပေါင်းပြီး သူကလည်း စချင်စရာ ဖြစ်လာတယ်။
နာမည်ကို လူကလုပ်တာလား။ လူကို နာမည်ကပဲ တံဆိပ်ကပ်လိုက်တာလားလို့ ကျွန်မ တွေးမိတယ်။ ကျွန်မတော့ ကျွန်မနာမည်ကို ကြိုက်တယ်။ ပထမတော့ ဘာကြောင့် အများက ဒီလို စကြတယ် ဆိုတာ သဘောမပေါက်ဘူး။ နောက်တော့ ကျွန်မအဖွားတို့ နေတဲ့ရပ်ကွက်ထဲ သွားလည်တဲ့ အခါတိုင်းမှာ အတူတူ ကစားတဲ့ သူငယ်ချင်းတွေ ဗမာစကား ပြောတဲ့ ပုံစံကို နားထောင်ပြီးတော့မှ နည်းနည်း သဘောပေါက်လာသလိုပဲ။ ဟင့်အင်း…ကျွန်မက တရုတ်စကားကို ပေါင်ချိန်ကြည့်ပြီး တတ်တာလောက်က လွဲလို့ ပိုမတတ်ပါဘူး။ ကျွန်မ မိဘတွေကလည်း တရုတ်စကား မပြောဘူး။ သူတို့ခေတ်က သူလိုငါလိုပဲ တက္ကသို်လ်ဘုန်းနိုင်တို့၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၊ ကြည်အေးတို့ ဖတ်တယ်။ ငါးပိစားတယ်။ လက်ဖက်စားတယ်။ ဗမာကျောင်းကနေပြီး ဆယ်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်ကနေပဲ ဘွဲ့ရတယ်။ ဒီတော့ ကျွန်မနာမည် ရွှေနံ့သာဦး ဖြစ်ရတာ သိပ်တော့ မဆန်းလှဘူး ထင်တယ်။ ကျွန်မ ရွှေနံ့သာဦး ဖြစ်နိုင်ချေဟာ ဥပမာ စင်ဒီ တစ်ယောက် ရွှေနံ့သာဦး ဖြစ်နိုင်ခြေနဲ့ တူတူလောက်ပဲ ရှိမယ် ထင်ရဲ့။ ဒါကို ဘာလို့ ရေးကြီးခွင်ကျယ်နဲ့ အံ့သြရတာလည်း ဆိုတာ ကျွန်မတခါတလေ တွေးလို့ မရချင်ဘူး။
ကျွန်မအဖေကို ငယ်ငယ်တုန်းကတော့ မေးဖူးတယ်။ ကျွန်မကို ဒီနာမည် ဘာလို့ပေးတာလဲလို့။ အဖေပေးတဲ့ အဖြေက ရှင်းပါတယ်။ သူဖတ်ဖူးတဲ့ စာတစ်ပုဒ်ထဲက ရတဲ့ စကားလုံးလေး တစ်လုံးကို ကြိုက်လို့တဲ့။ ဦး ဆိုတာကတော့ အဖေ့နာမည်ထဲက တစ်လုံးပေါ့။ ဒီလိုဆိုတော့လည်း ကျွန်မနာမည်ရဲ့ ဇစ်မြစ်က မထူးဆန်းလှပါဘူး။
ကျွန်မ မြန်မာရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတယ်။ တရုပ်ကြီးတွေ ဆိုရင် စကားကလည်း မပီဘူး။ စီးပွားရေးပဲ ဂရုစိုက်တယ်။ နောက်ပြီး ဝက်သားတုပ်ထိုးတို့၊ ဆီချက်ခေါက်ဆွဲတို့ ရောင်းတတ်တယ်လေ။ ကုလားကြီးတွေ ဆိုရင်တော့ နွားနို့ရောင်းတယ်ပေါ့။ ပြီးတော့ ကုလားသံ စကားလည်း ဝဲတယ်လေ။ အဖွားတို့ ခေတ်လောက်က ဆိုရင်တော့ ဟုတ်မှာပေါ့လေ။ ကျွန်မတို့ ခေတ်မှာတော့ ဘယ်မှာ မှန်လို့တုန်း။ သြော် ပြီးတော့ ကျွန်မကြားဖူးတာ ရှိသေးတယ်။ တရုတ်လိုရှာ၊ ကုလားလို စု၊ ဗမာလို မပျင်းနဲ့တဲ့။ လူကြီးတွေ ပြောတာ ကြားဖူးတာပဲ။ ဘယ်လူကြီးတွေက ပြောတယ် ဆိုတာတော့ မပြောပြတော့ဘူးနော်။ ဘယ်လိုပဲပဲ သဘာဝကျကျ မကျကျ အဲဒီ တံဆိပ်တွေကတော့ ရှိနေဦးမှာပဲပေါ့။
xxx
ဒီနေ့ ကျွန်မမွေးနေ့။ အိမ်ကို ကျွန်မသူငယ်ချင်းတွေ ဖိတ်ရမယ်ဆိုတော့ ကြိုပြီးပျော်နေတာပေါ့။ သူငယ်ချင်းတွေ ဆိုတာလည်း နှင်းဖွေးနဲ့ စင်ဒီတို့ နှစ်ယောက်ပါပဲ။ မွေးနေ့ပွဲဆိုတာလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကျွန်မမေမေက အိမ်မှာဟင်းတွေ ချက်ထားတယ်။ မနက်ပိုင်းမှာ ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်တယ်။ ကျွန်မတို့ မိသားစုအပြင် ကျွန်မဝမ်းကွဲမောင်နှမတွေရယ်၊ ကျွန်မရဲ့ သူငယ်ချင်းလေး နှစ်ယောက်ရယ်ကို ဖိတ်ထားတယ်။ ဒီလောက်ပါပဲ။
ပထမဆုံး နှင်းဖွေးက အရင်ရောက်လာတယ်။ သူရောက်လာတော့ ကျွန်မက အခန်းထဲမှာ ကလေးတွေနဲ့ ဆော့နေရင်းမို့ ချက်ချင်းအိမ်ရှေ့ တံခါးဆီကို ရောက်မလာနိုင်ဘူး။ မေမေက တံခါးလှမ်းဖွင့် ပေးတာကိုတော့ မြင်နေရတယ်။ အရေးထဲမှာ မောင်လေးတစ်ယောက်က ကျွန်မထွက်လို့မရအောင် အခန်းတံခါးဝမှာ ကာထားပြီး စနောက်နေပြန်တယ်။ ဇဝေဇဝါနဲ့ စဉ်းစားနေတဲ့ မေမေ့မျက်နှာကို ပထမဆုံး လှမ်းတွေ့လိုက်တယ်။ ဒါပေမယ့် ချက်ချင်းပဲ နားလည်သွားပြီး ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်လိုက်တယ်။
“သြော် သာသာ့ သူငယ်ချင်း စင်ဒီထင်တယ်။ လာလာ…သမီး အိမ်ထဲဝင်။ သမီး အဖေနဲ့ အမေကိုလည်း ခေါ်ပါဦး။”
“ကျွန်မတို့ မဝင်တော့ပါဘူးရှင်။ သွားစရာလေး ရှိနေလို့။ သမီးကိုပဲ ထားခဲ့တော့မယ်။ ညနေကျမှပဲ လာပြန်ခေါ်တော့မယ်။”
နှင်းဖွေးရဲ့ အမေက မေမေ သူ့သမီးကို တခြားလူတစ်ယောက်လို့ ထင်တာ ရိုးနေရှာပြီ ပဲလား၊ ဒါမှ မဟုတ် သူ့သမီးကို ကိုယ်တိုင်ပဲ ဖြေရှင်းစေဆိုပြီး ရည်ရွယ်လေသလား မသိဘူး။ ကျွန်မ ထွက်လာတော့ သူက ကားပေါ်ကနေ နှုတ်ဆက်ပြီး လက်ပြသွားပြီလေ။ နှင်းဖွေးတစ်ယောက် သူ့ကိုယ်သူ ဘယ်သူလဲလို့ မေမေ့ကို ပြင်မပြောနိုင်ခင်မှာပဲ ကျွန်မအခန်းထဲက ပြေးထွက်လာပြီး သူ့ကို ကယ်လိုက်နိုင်တယ်။ မေမေ…သူက ဖြူနှင်းဖွေးလေ။ မေမေက နည်းနည်းရှက်သွားသလိုနဲ့ ရယ်ပြီး သြော်…အေး…မေမေ နာမည်ရောသွားတယ်လို့ ဆိုတယ်။ နှင်းဖွေးကတော့ ဒီလိုမျိုးကြုံရတာတွေ မဆန်းတော့သလို ရယ်နေလေရဲ့။
“သမီးက ဝက်သားစားရဲ့လား။ သာသာက ကြိုမပြောလို့ အသားဟင်းက သူ့အကြိုက် ဝက်သားအစပ်ပဲ ချက်ထားတာ။ ငါးခြောက်ကြော်တို့၊ ဟင်းချိုတို့၊ သရက်ချဉ်သုပ် တို့တော့ ရှိပါတယ်။ နေဦး…အန်တီ ကြက်ဥခေါက်ကြော်လေးပါ ကြော်လိုက်မယ်။ သမီးတို့ ဖြည်းဖြည်း စားနှင့်ကြ။ ခဏလေးနေရင် ကြက်ဥကြော် ရမယ်။”
မေမေက နှင်းဖွေးကို အားနာသနားပြီး ပြောပြောဆိုဆိုနဲ့ နောက်ဖေးကို ဝင်သွားလေရဲ့။ ကျွန်မကတော့ နှင်းဖွေး ဝက်သားမစားတဲ့ အကြောင်း မေမေ့ကို ပြောဖို့ မေ့သွားတာကို အာရုံမထားနိုင်ဘဲ၊ မေမေက နှင်းဖွေး ဝက်သား မစားတဲ့ အကြောင်း ဘယ်လို သိပါလိမ့်လို့ အံ့သြနေမိတယ်။ နှင်းဖွေးကတော့ ဘာကိုမှ သိပ်ဂရုမထားဘဲ ငါးခြောက်ကြော်နဲ့ ဟင်းချိုနဲ့ အားရပါးရ စားနေလေရဲ့။ ပြီးတော့ သူ့အိတ်ကို ပုတ်ပြရင်း ပြောသေးတယ်။ ငါ့ကို ငါ့မေမေက မုန့်နည်းနည်း ထည့်ပေးလိုက်တယ် တဲ့။ အဲဒီအချိန်မှာ စင်ဒီရောက်လာတော့ ကျွန်မတို့ ထမင်းဝိုင်းက ဝက်သားဟင်းရော ကြက်ဥကြော်ရောနဲ့ ပိုပြီး မြိုင်သွားပါတယ်။ နှင်းဖွေးဝက်သား မစားတော့ ကျွန်မတို့တတွေ ကြက်ဥကြော်ပါ ပိုစားရတာပေါ့နော်။
ညကျတော့ ကျွန်မသိချင်တဲ့ မေးခွန်းတချို့ကို မေမေ့ကို မေးရတယ်။
“မေမေက နှင်းဖွေးဝက်သား မစားမှန်း ဘယ်လိုလုပ် သိလဲဟင်။ သမီးကတော့ ကျောင်းမှာ သူနဲ့ ထမင်းတူတူ စားနေကျမို့ သိတယ်။ မေမေက သမီးတို့ ထမင်းစားချိန်မှာ ရှိနေတာလဲ မဟုတ်ဘဲနဲ့။”
“သြော်…နှင်းဖွေးက ကုလားမလေး မဟုတ်လား။ အဲဒီတော့ ဝက်သား မစားဘူးပေါ့။”
“ဟင်…ဒါဆို ကုလားလူမျိုးတွေ အားလုံးက ဝက်သား မစားဘူးလား။”
မေမေကကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေရှာ၏။
“အင်း…ကုလားလူမျိုးတိုင်းတော့ မဟုတ်ဘူး ထင်တယ်။ မွတ်ဆလင် ဘာသာဝင်တွေက ဝက်သား မစားကြဘူးလေ။”
“ဒါဆို…ကုလားလူမျိုးတိုင်းက မွတ်ဆလင်ဘာသာလား ဟင်။”
“အင်း…အဲဒီလိုလည်း မဟုတ်သေးဘူး။”
“ဗမာလူမျိုးတိုင်းကရော ဗုဒ္ဓဘာသာလား…ဟင်။ တရုတ်လူမျိုးတွေ ကရော…။ သမီးတို့ကျောင်းမှာ မနက်တိုင်း ဘုရားရှိခိုးရင် နှင်းဖွေးက ဒီအတိုင်းငြိမ်ငြိမ်လေး ထိုင်နေတာ။ အဲဒါ သူက မွတ်ဆလင် ဘာသာ မို့လို့လားဟင်။”
“ဟုတ်မှာပေါ့။ သမီး မေးကြည့်ပါလား။”
“ဒါဆို သူကရော သူ့ဘုရားကို ဘာလို့ မရှိခိုးလဲ မသိဘူး။ ကျောင်းမှာရော ဘာလို့ ဗုဒ္ဓဘာသာ ဘုရားစာပဲ သင်ရတာလဲဟင်။”
“ဒါကတော့ လူများစုနဲ့ လူနည်းစုကိုး။ နှင်းဖွေးက စိတ်ထဲကနေ ရှိခိုးရင် ရှိခိုးမှာပေါ့ သမီးရယ်။”
“အင်း…သမီးသူ့ကို မေးကြည့်ရဦးမယ်။”
“အင်း…သမီးပြောတာနဲ့ မေမေတောင် ကြောင်တောင်တောင် ဖြစ်လာပြီ။ ဟုတ်တော့ ဟုတ်တယ်။ ဘယ်လူမျိုးဖြစ်လို့ ဘယ်ဘာသာ ရယ်လို့ ပြောလို့ မရဘူးနော်။ ဘယ်ဘာသာ ဖြစ်လို့ ဘာအသား မစားဘူးရယ်လို့လဲ ပြောလို့ မရဘူးနော်။”
မေမေက ကျွန်မကို ပြောတာလား သူ့ကိုယ်သူ ပြောတာလား မသိ။ ဒါပေမယ့် အဲဒီနေ့က ကျွန်မသင်ခန်းစာ တစ်ခု ရလိုက်တယ်။ တရုတ်တိုင်းလည်း ဝက်သား ကြိုက်ချင်မှ ကြိုက်မယ်။ ကုလားတိုင်းလည်း ဝက်သားမရှောင်ဘူး။ ဗမာတိုင်းလည်း ဝက်သား စားချင်မှ စားမယ်။ ဟုတ်မဟုတ် သိဖို့ကတော့ ပေါင်းကြည့်ရမှာပဲ နော်။
ကဲ…အဲဒီလို ဆိုတော့ အမည်နာမတို့၊ တံဆိပ်တို့ ဆိုတာလောက်နဲ့ပဲ မလုံလောက်ဘူး ဆိုတာ သေချာတာပေါ့။ ကျွန်မ ဖွားဖွား ပြောသလို ဖြစ်နေတယ်။ တစ်ခါတုန်းက ကျွန်မ ကိုကိုက ကျောင်းအပြန် သူဝယ်လာတဲ့ မုန့်တစ်ထုပ်ကို ဖွားဖွား အတွက်ဆိုပြီး ပေးသွားခဲ့ပြီး အင်္ကျီသွားလဲပါတယ်။ ဖွားဖွား ခမျာ သူ့ကို ပေးသွားတဲ့ မုန့်က ဘာမုန့်လဲ ဆိုတာ မသိရှာပါဘူး။ ဒါပေမယ့် မုန့်ထုပ်ကို ဖောက်ကြည့်ရမယ့် အစား အထုပ်မှာ ရေးထားတဲ့ စာတွေကို လိုက်ဖတ်ပါတယ်။ “အန္တရာယ် ဖြစ်စေမည့် ဓာတုဆေးဝါး လုံးဝမပါပါ။” “အဆင့်မြင့် နည်းပညာဖြင့် ထုပ်ပိုးထားပါသည်။” “လူမျိုးဘာသာ မရွေးစားသုံးနိုင်ပါသည်။” “အကောင်းဆုံး…ရှယ်။” “ကျန်းမာရေး အတွက် သင့်လျော်ပါသည်။” “ဆီသန့်ဖြင့် ပြုလုပ်ထားသဖြင့် စိတ်ချစွာ စားသုံးနိုင်ပါသည်။” ဖွားဖွား က မျက်စိကလည်း မှုန်လေတော့ စာတွေလိုက်ဖတ်ရင်း ချာလည်လည် နေပါတယ်။ ဒါနဲ့ ကိုကို ပြန်ရောက်လာတော့ ဘွားဘွားက ပြောပါသတဲ့။
“မင်းတို့ ဟာကလဲ အေ…။ တံဆိပ်တွေ များလို့တော့ ဘာမှန်းတောင် မသိတော့ဘူး။ ဘာများလဲလို့။ နောက်ဆုံး အထုပ်ဖောက်ကြည့်တော့မှပဲ အာလူးကြော်မှန်း သိတော့တယ်။”
xxx
နှင်းဆီပန်းဆိုတာ တစ်ရောင်တည်း ရှိတာမှ မဟုတ်ဘဲလေ။ အဝါ၊ အနီ၊ အဖြူ၊ ပန်းရောင် ဆိုပြီး အရောင်အသွေးစုံ ရှိတာပဲ။ နှင်းဆီပန်းတိုင်း မွှေးကြိုင် နေတယ်ရယ် မဟုတ်ပါဘူး။ ပွင့်လာရတဲ့ ရေခံမြေခံပေါ် မူတည်ပြီး မွှေးတဲ့ ပန်းလေး မွှေးကြတယ်။ သိပ်မမွှေးတဲ့ ပန်းလည်း ရှိမယ်ပေါ့။ ကျွန်မတို့ ဆရာမ စားပွဲပေါ်က ပလတ်စတစ် နှင်းဆီနီလေးဆို ဘယ်လိုလုပ်မလဲ။ ကြိမ်ခြင်းလေးထဲမှာပဲ ပွင့်ရရှာတော့ ဘယ်မွှေးနိုင်ပါ့မလဲလေ။ အဲဒီတော့ နှင်းဆီပန်းလေးတွေ အားလုံးဟာ အနီရဲရဲနဲ့ မွှေးတယ်လို့ ဘာလို့များ လှေနံဓါးထစ် မှတ်ထားကြဦးမှာလဲ။ ဒါကတော့ သဘောတူချင်လည်းတူ၊ မတူချင်လည်းနေ ဆယ်နှစ် အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဒဿနပေါ့။ မှန်တယ် မှားတယ် ဆိုတာကလဲ လက်ဖဝါးဖက်ကလား၊ လက်ဖမိုးဖက်ကလား ဆိုတာပေါ် မူတည်မယ် ထင်ရဲ့။ ဒါပေမယ့် ကျွန်မ ကြားဖူးတာပဲလေ။ မြန်မာဆိုရိုး ရှိတယ်။ ကလေးစကား၊ သူရူးစကားနဲ့ သဘင်သည် စကားက မှန်တတ်တယ် ဆိုလားလို့…။ ဒါနဲ့…ဆယ်နှစ်သမီးလေး ကျွန်မက ကိုယ့်ကိုယ်ကို ဘာကြောင့် ကျွန်မလို့ နာမ်စားတွေ သုံးနေရသလဲလို့ တွေးနေသေး သလားဟင်။ ကျွန်မကလည်း တံဆိပ်ပတ်နဲ့ ဆယ်နှစ်သမီးမှ မဟုတ်ဘဲလေ။
Subscribe to:
Posts (Atom)