Thursday 26 September 2013

အသက်ကြီးပြီ (၂)



         “ဟင်…အစောကြီး နိုးနေပါလား။”
          “ဟုတ်တယ်…။ မအိပ်ချင်တော့လို့။ ညည်းကတော့ လှုပ်တောင် မလှုပ်ဘူး။”
          “အံမယ်…ညည်းကပဲ ပြန်ပြောရတယ် ရှိသေး။ ခါတိုင်းတော့ ညည်းပဲ နေဖင်ထိုးအောင် အိပ်ပြီးတော့။”
          “အသက်ကြီးလာလို့လား မသိဘူး။ အရင်ကလောက် ကြာကြာမအိပ်နိုင်တော့ဘူး မိန်းမရဲ့။”
          “မနက်စာ စားရအောင်။ ဘာစားကြရင် ကောင်းမလဲ။ ယောက်ျား စောစောထတာ တစ်ခုခု မလုပ်ထားဘူးလား။”
          “ကျောင်းအစ်မ ထလာရင် သောက်ရအောင် ကော်ဖီက အသင့်ဖျော်ပြီးသားပါ ခင်ဗျ။ အစားအသောက်ကတော့ ကျုပ်လည်း မစီစဉ်တတ်ဘူး။”
          “အလကားနောက်တာ။ မနေ့က ကျုပ် ခရိုဆွန့် ၀ယ်လာတယ်။”
          “ဟား…ကောင်းတယ်။ အတော်ပဲ။ ကျုပ်စားချင်နေတာ ညည်းက ဘယ်လိုသိ။”
          “အမြဲတမ်း စားချင်နေတာပဲ မဟုတ်လား။ မှန်းရတာ မခက်ပါဘူး။”
          “အဲဒါလည်း ဟုတ်တာပဲ။ စကားမများနဲ့တော့ ကော်ဖီသောက် မုန့်စားရအောင်။ ဗိုက်ဆာပြီ။ ညည်းမနိုးသေးလို့ ကျုပ်ကစောင့်နေတာ။”
          “နွားနို့တွေ သိပ်မထည့်နဲ့နော်။ အဆီတက်တယ်။”
          “ပဲများလိုက်တာ။ သောက်မှာသာ သောက်စမ်းပါ။”
          “အသက်ကလေး နည်းနည်း ရလာရင် ၀ိတ်တက်တာ မြန်တယ် ယောက်ျားရ။  အစားအသောက် ဆင်ခြင်မှ။”
          “ဟုတ်ပါပြီ ဟုတ်ပါပြီ။”
          “ဒီနေ့ ပိတ်ရက် ဆိုတော့ ဘယ်သွားချင်လဲ။”
          “ဘယ်မှ မသွားချင်ဘူး။ အိမ်မှာပဲ အေးဆေး နေကြတာပေါ့။ ညည်းသွားချင်တဲ့ နေရာရှိရင်တော့ သွားမယ်လေ။”
          “ကျုပ်ကလည်း သွားချင်ပါဘူး။ အိမ်မှာ အေးဆေး စာအုပ်လေး ဖတ်၊ သီချင်းလေး နားထောင်။ ဟင်းချက်စား အဲဒါပဲ ကောင်းတယ်။ ညနေကျတော့ လမ်းလျှောက်ထွက်မယ်လေ။”
          “ကောင်းတယ်။ အဲဒီအကြံ။”
          “မနေ့က ဟိုကလေး လင်မယားကတော့ ခေါ်သား။ သူတို့ ဒီနားမှာ လှေလှော်သွားမလို့တဲ့။”
          “ညည်းလိုက်သွားချင်ရင် ပြောရောပေါ့။”
          “မလိုက်ချင်ပါဘူး။ ပိတ်ရက်ကျရင် အေးအေးဆေးဆေး အနားယူချင်တယ်။ ဟိုသွားဒီသွားက ပျော်တော့ ပျော်ပါရဲ့။ ငယ်တုန်းကလောက်တော့ စိတ်အားမထက်သန်တော့ဘူး။ လူပင်ပန်းတယ်။”
          “ညည်း အဲဒါကြောင့်မို့လို့ ဖက်တီးမ ဖြစ်နေတာပေါ့။”
          “အောင်မယ်…။ညည်းကျတော့ သုံးလဗိုက်လောက် ရှိတာများ။ လာမယှဉ်စမ်းပါနဲ့။”
          “အသက်ကြီးပြီ မိန်းမရ…။ ဗိုက်ကလေးလည်း စပြီး ရွှဲလာပြီလေ။”
          “စကားမစပ်…ဒီနေ့ ဘာနေ့လဲ သိလား။”
          “ဘာနေ့လဲ ဟုတ်လား။ စနေနေ့ပေါ့။ ဘာဖြစ်လို့လဲ။”
          “တကယ်….သတိမရဘူးလား။”
          “ဟင့်အင်း။ ဘာနေ့ မို့လို့လဲ။”
          “ရေခဲသေတ္တာထဲမှာ သွားကြည့်။”
          “အင်…ရေခဲသေတ္တာထဲမှာ…။”
          “ကြည့်မှာ ဆို…သွားကြည့်စမ်းပါ။”
          “ဟင်…ကိတ်မုန့်…။ ဟာ….အေး…ဟုတ်သားပဲ။”
          “အသက်မကြီးချင်လို့ မေ့ထားတယ်ပေါ့ ဟုတ်လား။”
          “တကယ့်ကို သတိမရတာ မိန်းမရဲ့။ အသက်ကြီး ပြီလေ။”

Tuesday 24 September 2013

အသက်ကြီးပြီ (၁)

      စာဖတ်နေသောကိုယ့် နားထဲကို သီချင်းသံက မသဲမကွဲ ၀င်လာသည်။ မသဲမကွဲကနေ တဖြည်းဖြည်းနှင့် ပီပြင်လာ၏။ ပီပြင်ရာမှ စာအုပ်ထဲသို့ ရောက်လာသည်။ ၀ါကျအချို့ ဗလုံးဗထွေး ဖြစ်ကုန်သည်။ နေပါဦး… နေပါဦး….စာပိုဒ်အစက ပြန်ဖတ်မှ။ တစ်ကြောင်း…နှစ်ကြောင်း….သုံးကြောင်း…..။ ဖတ်ထားသည့် အကြောင်းအရာများ စိတ်ထဲ မရောက်။ ဆွဲငင်၍ အရှိန်တက်လာပြီ ဖြစ်သော သီချင်းအလယ်ကို နားစွင့်လိုက်မိသည်။ ဖတ်လက်စ စာအုပ်က လက်ထဲမှာ ကိုင်လျက်။ ရောက်ရာစာမျက်နှာမှာ လက်ညှိုးနှင့် ထိုး၍ညှပ်ရင်းက ထိုင်ပြီး စဉ်းစားစ ပြုမိ၏။ ငါ သီချင်းဆက်နားထောင်ရင် ကောင်းမလား၊ စာဆက်ဖတ်ရင် ကောင်းမလား…။ တစ်ယောက်တည်းရှိသော အိမ်မှာ သီချင်းဖွင့်ထားသူကလည်း ကိုယ်၊ စာအုပ်ကိုင်သူကလည်း ကိုယ် ဖြစ်သည်မို့ ဘယ်သူကမှ ကိုယ့်ကို အနှောင့်အယှက်ပေးသည်ဟု မဆိုသာ။
          ကိုယ့်ကိုယ်ကို အံ့သြနေမိသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ကိုယ်သည် အာရုံများစွာကို တပြိုင်နက်သုံးတတ်သူ။ သီချင်းနားထောင်ရင်း အိမ်စာလုပ်တတ်သည်မှာ ကိုယ့်အကျင့်။ သင်္ချာတွက်ရင်း သင်္ချာပုစ္ဆာများကို စဉ်းစားရင်းဖြင့် သီချင်းလိုက်ညီး ရသည့်အရသာကို  ကိုယ်နှစ်သက်သည်။ တခါတလေ စာကျက်ရင်းနှင့်ပင် နောက်ခံတီးလုံးကို ခပ်တိုးတိုး ဖွင့်ထားမိသေးသည်။ သည်လိုနှင့်ပင် စာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်ခဲ့သေး၏။ တက္ကသိုလ်ရောက်တော့ အိမ်စာလုပ်ရင်း သီချင်းနားထောင်သည့် အကျင့်သာမက အွန်လိုင်းက သူငယ်ချင်းများနှင့် စကားစမြည် ပြောတတ်သည့် အကျင့်ပါ ရလာသည်။  နှစ်ဖက်စလုံးတွင် စာပြိုင်ရိုက်တတ်သောကိုယ်။ “Alt” နှင့် “Tab” အတွဲက ကိုယ့်အဖော်။ Word ပြတင်းနှင့် Yahoo ပြတင်းနှစ်ခုလုံးတွင် ကိုယ်က ကျွမ်းကျင်စွာ လှည့်ပတ်နေသူ။ သည်လိုနှင့် ကိုယ် တစ်တန်းတစ်တန်းကို ချောမောစွာ ဖြတ်သန်းခဲ့သည်။ အာရုံများစွာနှင့် အလုပ်လုပ်ရသည်ကို အခက်အခဲ မရှိ။ ဒါကိုပဲ ကိုယ်က နှစ်သက်နေလိုက်သေးသည်။
          ငယ်ငယ်ကတည်းက အချိန်ကို အကျိုးရှိရှိ အသုံးချရန် အလေ့အကျင့်လုပ်ပေးခြင်း ခံထားရသော ကလေးတစ်ယောက်မို့ ကိုယ့်နေ့စဉ် ဘ၀မှာ အလုပ်နှစ်ခုကို တပြိုင်နက် လုပ်သည့် အမူအကျင့်က အများသားပင်။ မနက်စာစားရင်း စာဖတ်။ အိမ်သာတက်ရင်း စာဖတ်။ လမ်းလျှောက်ရင်း သီချင်းနားထောင်။ စာရေးရန်အတွက် စိတ်၏ စေစားရာကိုရှာ၊ ဇာတ်လမ်းအတွက် အကြံထုတ်။ လမ်းလျှောက်ရင်း ဖုံးပြော။ စဉ်းစားကြည့်လျှင် ကိုယ်တပြိုင်နက် လုပ်တတ်သည့် အလုပ်တွေက များသား။ စာရေးလျှင်လည်း သီချင်းဖွင့်ထားတတ်သေးသည်။ စိတ်ကို ကိုယ်မမျှော်လင့်သည့် ကမ္ဘာတစ်ခုဆီသို့ ဆွဲခေါ်သွားသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ခုတလောတော့ စာသားမပါသော သီချင်းတွေကိုသာ ဖွင့်၍ စာရေးလို့ရကြောင်း ကိုယ့်ကိုယ်ကို သတိထားမိနေ၏။
          အခုတော့ စာပဲ ဆက်ဖတ်ရကောင်းမလား၊ သီချင်းပဲ ဆက်နားထောင်ရ ကောင်းမလားဟူသော မေးခွန်းကို ထူးဆန်းစွာပင် ကိုယ့်ကိုယ်ကို မေးရတော့မည်။ နှစ်တို့၏ တိုက်စားမှုနှင့်ပင် ကိုယ့်ဘ၀မှာ အလုပ်များစွာ၊ အရာများစွာကို တပြိုင်နက် မလုပ်နိုင်တော့ပြီလားဟု ပထမဆုံး အကြိမ် သံသယ ၀င်လေသည်။ အာရုံစူးစိုက်မှုတို့ လျော့နည်းလာပြီလား။ ကိုယ့်စိတ်တွေ အရင်ကလောက် စူးရှမှု မရှိတော့ပြီ။ ခုတလောတော့ ဘယ်အရာက ပိုအရေးကြီးသည်လည်းဟူသော မေးခွန်းနှင့် ဘယ်အရာကို လုပ်သင့်သလဲဟူသော မေးခွန်း နှစ်ခုကို တပြိုက်နက် မေးနေတတ်သေးသည်။ အသက်တွေ ကြီးပြီပဲ….။
(ဆက်ရန်)

Sunday 8 September 2013

ဘလောက်ဂ်ဂင်းနှင့် စပ်လျဉ်း၍



ဒီစာကို ရေးမလို့ စဉ်းစားတာတော့ ပြီးခဲ့တဲ့ တစ်ပတ်ထဲကပါပဲ။ ဒါပေမယ့် ရာသီဥတုကလည်း မကောင်း၊ ရာသီဥတုက ကောင်းတော့လည်း အခြေအနေက မပေးဖြစ်နေတာနဲ့ပဲ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ဘလောက်ဂ်များနေ့ အမှတ်တရနဲ့ တပါတည်း ကိုယ်ပြောချင်တာလေးတွေ ဟိုရောက်ဒီရောက် ပြောဖို့ ရေးဖြစ်တာပါ။  
ဘလောက်ဂ်ကို စဖြစ်တဲ့ အချိန်က အရေးကြီးတဲ့ လှေကားတစ်ဆင့်ကို တက်ဖို့ ကြိုးစားနေချိန်ပါ။ ဒါပေမယ့် လုပ်စရာတွေ အင်မတန် များနေတဲ့ထဲကပဲ စိတ်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဘလောက်ဂ်ကို စခဲ့တယ်။ တစ်ခါတစ်လေ လုပ်စရာအလုပ်တွေကို ဘေးနားမှာ ပုံထားပြီး စာတွေရေးနေမိတဲ့ အထိ ဘလောက်ဂ်ရေးခြင်းကို စွဲခဲ့ပါတယ်။ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အရာလေးတစ်ချို့ဆိုလည်း စာထဲထည့်ရေးလိုက်ဦးမှ ဆိုပြီး အမြဲစဉ်းစားဖြစ်တယ်။ ပုံရိပ် ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ပုံရိပ်ယောင် ကမ္ဘာမှာ ပျော်နေတော့တာပဲ။
ပုံရိပ်ယောင် ကမ္ဘာက ပုံရိပ်မှာ စိတ်ဖိစီးမှုတွေ မရှိဘူး။ စိတ်ပူစရာ၊ စိတ်ရှုပ်ထွေးစရာတွေ မရှိဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ နှစ်သက်မှု အပြည့်ပဲ။ ဘ၀ရပ်တည်ရေး အတွက် မဟုတ်ပေမယ့်လည်း ပုံရိပ်ယောင် လောကမှာ ပျော်ရွှင်မှု ရှိတယ်။ ကျေနပ်မှု ရှိတယ်။ ဒါပေမယ့် ပုံရိပ်ရဲ့ အားနည်းချက်ကတော့ စာရေးကျဲခြင်းနဲ့ ဘလောက်ဂ်လောကကြီးနဲ့ ကောင်းကောင်း မရင်းနှီးခြင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျဲကျဲနဲ့ မှန်မှန်ပဲ ဘလောက်ဂ်လေးက ဆက်ပြီး တည်ရှိနေခဲ့တယ်။ ဘာလိုလိုနဲ့ စိတ်ကူးပုံရိပ်ရဲ့ သက်တမ်းဟာ ခြောက်နှစ်ရှိခဲ့ပါပြီ။
ဘလောက်ဂ်ရေးခြင်းရဲ့ ကောင်းခြင်းကတော့ ကိုယ့်စာကို လွတ်လပ်စွာ နှောင့်နှေးခြင်း မရှိ အများနဲ့ မျှဝေနိုင်ခြင်းပါပဲ။ စိတ်ထဲရှိတဲ့ အကြောင်းအရာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပြောနိုင်တယ်။ ပုံရိပ်ယောင် ကမ္ဘာမှာ အရောင်စုံ၊ အသွေးစုံပဲ။ တကယ် စဉ်းစားကြည့်မယ် ဆိုရင် အံ့သြ၀မ်းသာ စရာဟာ အချို့ ဘလောက်ဂ်ရောင်းရင်းတွေနဲ့ ခင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုတာပဲ။ ဘလောက်ဂ်ရောင်းရင်း အချို့လည်း တဖြည်းဖြည်းနဲ့ ပျောက်ကုန်ကြတယ်။ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းနဲ့ စီးပွားရေး၊ ကြီးပွားရေး၊ မိသားစုရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ လောကကြီးမှာ နေနေရတဲ့ ဘလောက်ဂ်တွေ ဆိုတော့လည်း ပျောက်ကုန်ကြတာ အပြစ်မဆိုသာပါဘူး။ သူတို့ကိုတော့ တစ်ခါတစ်လေ လွမ်းမိပါတယ်။
စရေးစကတော့ ကိုယ်ရေးတာလေး ကိုယ့်ဘလောက်ဂ်ပေါ်မှာပဲ တင်ဖြစ်ခဲ့တယ်။ နောက်တော့ အွန်လိုင်းမဂ္ဂဇင်းတွေကို ကိုယ့်စာအချို့ ပို့ဖို့ အကြံရလာတယ်။ ကိုယ်ရေးတဲ့ စာဆိုတော့ ပရိတ်သတ်များနိုင်သမျှ များအောင် ရည်ရွယ်တာ အမှန်ပဲ။ ဒီလိုနဲ့ ရေးတဲ့စာတွေကိုလည်း ပိုပြီး အရည်အသွေးကောင်းအောင် ကြိုးစားလာရတယ်။ (ပိုကောင်းလာသလားတော့ မသိဘူးပေါ့။ ဒါပေမယ့် စာရေးတဲ့ အလေ့အကျင့်လေး ပိုရလာပါတယ်။) မရေးဖူးတဲ့ အကြောင်းအရာအချို့ကို ရေးကြည့်ဖို့ ကြိုးစားဖြစ်တယ်။ မရေးဖူးတဲ့ဟန် အချို့ စမ်းသပ်ကြည့်ချင်တယ်။ စာတစ်အုပ်ဖတ်ရင်း ကိုယ်ကြိုက်တဲ့ ဟန်ပန်အချို့တွေ့ရင် ကိုယ်လည်း ဒီလိုဖန်တီးလို့ ရပါလားလို့ ခေါင်းထဲ အတွေးဝင်လာတတ်တယ်။ အဲဒီ အတွေးကနေ ဆင့်ပွားပြီး ရေးမယ့် အကြောင်းအရာကို ဆက်ပြီး စဉ်းစားနေတတ်တယ်။ အဲဒီလို စဉ်းစားရတာကိုက ပျော်စရာပါပဲ။
တကယ့်လောကမှာ စိတ်ညစ်စရာတွေများလာရင် ပုံရိပ်ယောင်ကမ္ဘာထဲ ပြေး..ပြေးဝင်မိတော့တယ်။ အပြင်လောကက ပုံရိပ်စစ်နဲ့ ဘလောက်ဂ်လောကက ပုံရိပ်ယောင်ကို ခွဲခြားထားမိတယ်။ ဒါကြောင့်လည်း ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ မရေးဖြစ်မိသလောက်ပဲ။ ပုံရိပ်စစ်ဟာ ဘယ်သူဆိုတာကို စာဖတ်သူအနေနဲ့ တွဲမမြင်စေချင်ဘူး။ တွဲမြင်နေရင် ဖတ်တဲ့စာအပေါ်မှာ လွှမ်းမိုးမှုများ ရှိနေမလားလို့။  တကယ်တော့လည်း ပုံရိပ်စစ်ဟာ အရေးမကြီးလှပါဘူး။ ကိုယ်ကြိုက်တာတွေရော မကြိုက်တာတွေပါ ရောနှောနေတဲ့ ပုံရိပ်တစ်ခုပါ။ ပုံရိပ်ယောင် လောကမှာတော့ ကိုယ်ကိုယ့်ကို (အတိုင်းအတာတစ်ခု အထိ) ဖန်တီးယူလို့ ရတယ် မဟုတ်လား။ ကြာတော့လည်း ဘယ်လောကမှာ ကိုယ်နေတယ်ဆိုတာ မကွဲပြားချင်တော့ဘူး။ သိပ္ပံစိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ် ဆိုရင်တော့ အပြိုင်လောက (parallel universe) တစ်ခုပေါ့။  
(ကိုရန်အောင်…နောက်နှစ်အတွက် ကြိုပြီး ရေးထားလိုက်ပြီ။)

Tuesday 3 September 2013

ရှိတာ သွန်ပစ် စက်တင်ဘာနှစ်



အိတ်ထဲမှာ…

၁) လောကကြီးကို ခလုတ်နှိပ် ပိတ်ပစ်လိုက်ဖို့ သီချင်း တစ်ပုဒ်ရှိတယ်။
၂) ကိုယ့်မျက်ချေး ကိုယ်မြင်အောင် ကြည့်ပစ်လိုက်ဖို့ (ဖုန်တက်နေတဲ့) မှန်တစ်ချပ်ရှိတယ်။
၃) အရှုပ်တွေကို ရှင်းပစ်လိုက်ဖို့ ဘီးတစ်ချောင်း ရှိတယ်။
၎) မတော်တဆ ထိခိုက်မှုလေးတွေကို ပြင်ဆင်လိုက်ဖို့ အတွက် ပလာစတာလေးတွေ ရှိတယ်။
၅) လိုတရ အကုန်သုံး (နောက်ဆုံးမှ အကြွေးများနဲ့ ကိုယ့်ကိုထားခဲ့မယ့်) ကဒ်သုံးလေးငါး…ခြောက်…ခုနစ်….(အဟမ်း) ကဒ် ရှိတယ်။
၆) ဟိုဖွင့် ဒီဖွင့် ဖွင့်ဖို့ သော့လေးငါးစုံ ရှိတယ်။ (တစ်ခါတစ်လေ တံခါးတွေကို မမှတ်မိတတ်ဘူး။)
၇) တာဝန်ရှိသူလို့ အဓိပ္ပာယ်ရတဲ့ ကဒ်တစ်ကဒ်ရှိတယ်။ (ဘာတာဝန်လဲ ဆိုတာတော့ ကိုယ်သာ အသိဆုံး။)
၈) အထက်ကို တက်ဖို့၊ အောက်ကို ဆင်းဖို့၊ ပိတ်ထားတဲ့ တံခါးတွေဖို့ ကဒ်တစ်ကဒ်ရှိတယ်။
၉) အမုန်းတွေကို ဖိနှိပ်ပြီး ထည့်ထားတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ လိုရင် ထုတ်သုံးတယ်။ မလိုရင် ခေါက်ပြီး သိမ်းထားလိုက်မယ်။
၁၀) ရေမရောတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ (သုံးရတဲ့ အကြိမ် နည်းများနည်းလာသလား။)
၁၁)ေ၀၀ါးနေတဲ့ လောကကြီးကို အကူကြည့်ဖို့ မျက်မှန်တစ်စုံရှိတယ်။
၁၂) ပြီးတော့….အေးအေးဆေးဆေး ၀င်ခွေနေတဲ့ မြွေတစ်ကောင် ရှိတယ်။ (အောင်မလေး)

(မသက်ဝေ ရေ အိတ်ထဲကို နှိုက်ကြည့်လိုက်ပြီနော်။)