Thursday, 23 August 2012
ကားမောင်းခြင်း
Monday, 1 March 2010
အလွမ်းတွေ
နှင်းတွေ ဖုံးနေသေးတဲ့ သစ်ပင်တွေမှာ
တိမ်ဖြူဖြူ တချို့ ပေကျံနေတဲ့ ကောင်းကင်ပြာကြီး ထဲမှာ
ဆွတ်ဆွတ်ဖြူနေတဲ့ အိမ်ခေါင်မိုးတွေ ပေါ်မှာ
ရုတ်တရက် ထပျံသွားတဲ့ ငှက်နီနီလေးရဲ့ ရင်အုပ်ထဲမှာ
သိုးမွှေးဦးထုပ် ဆင်တူနဲ့ လက်တွဲထားတဲ့ အမည်မသိ စုံတွဲရဲ့ ရယ်သံတွေထဲမှာ
ခပ်ဝေးဝေးက ကားဟွန်းသံ တိုးတိုးတိတ်တိတ်ထဲမှာ
မီးရောင်နဲ့ နွေးထွေးနေတဲ့ အိမ်နီးချင်းတွေရဲ့ ထမင်းစား ၀ိုင်းထဲမှာ
ဈေးဆိုင်မှာ တွန်းလှည်းလေးနဲ့ ဖြတ်သွားတဲ့ အမေနဲ့ ကလေးဆီမှာ
ဆွေးဆွေးမြည့်မြည့် တေးသွား တစ်ပုဒ်ထဲမှာ
စိတ်ဝင်စားစရာ မကောင်းတဲ့ နေ့လည်ခင်း တစ်ခုဆီမှာ
ကိုယ်ရေလောင်းဖို့ မေ့နေတတ်တဲ့ သစ်ပင်လေးဆီမှာ
ဖတ်လက်စ မှောက်ထားမိတဲ့ စာအုပ်လေးရဲ့ အောက်မှာ
သကြားမပါတဲ့ ကော်ဖီ ပျစ်ပျစ် တစ်ခွက်ထဲမှာ
အလွမ်းတွေ……………….။
Sunday, 15 February 2009
ဘိုင်လက်ဆောင်
အများသူငါ ဗာလင်တိုင်းကြတဲ့ နေ့မှာ ပုံရိပ်လည်း အားကျမခံ လက်ဆောင် တောင်းပါတယ်။ ပုံရိပ်တောင်းတာ ကဗျာလက်ဆောင်ပါ။ အစကတော့ စပ်လို့ မရဘူးတဲ့။ အဲဒါနဲ့ ဆက်ရစ်တော့ နောက်ဆုံး ကဗျာတစ်ပုဒ် ရလာပါတယ်။ (ငှဲငှဲ) ကဗျာနာမည်ကိုတော့ ပုံရိပ်ပဲ ရွေးပေးလိုက်ပါတယ်။ ကဗျာကတော့ သူ့ကဗျာပါ။ ခံစားကြည့်ကြပါဦး။
ပုံရေ …
ဗယ်လင်တိုင်းဒေးတဲ့၊
အများသူငါ ဟိုဟာ ဒီဟာရေးကြတော့
အတွေးတွေ လမ်းထွက်လျှောက်
ကဗျာတစ်ပုဒ် ကောက်ရေးလိုက်တယ်။
ရေးမယ့်သာရေး
ဗယ်လင်တိုင်းဒေးဆိုတာ
ဘာညာသေချာမသိ၊
အင်း … ဂူဂယ်လ်မယ် ရှာကြည့်ဦးမှ။
ကဲ … တွေ့ပါပြီဗျာ၊
ဟုမ်းမ်ပေ့ခ်ျမှာပါ ရဲရဲတွတ်၊
ဘယ်သွားသွား မလွတ်ပါလား။
နှစ်ဆယ့်တစ်ရာစုရဲ့
ဗဟုသုတဘဏ်ကြီး
ဝီကီပီးဒီးယားက ပြောတယ်၊
ဗယ်လင်တိုင်းဒေးရဲ့
ရှေးကနဦးအစ
ပေဂန်တွေကပါတဲ့။
နောက်ကျတော့ တမျိုးဖြစ်
ခရစ်ယာန်ဇာတ် သွတ်သွင်းသတဲ့။
ကျင်းပစအခါဝယ်
ဗယ်လင်တိုင်းဒေးဆိုတာ
ရုပ်လက်ဆောင် သက်သက်ပေးတဲ့
ဈေးဝယ်ရက်တော့ မဟုတ်ခဲ့ပါ။
အမှူးပြုတဲ့ သူတော်စင်
စိန့်ဗယ်လင်တိုင်းဟာလည်း
ကွန်ရှူမာရစ်ဇင်ရဲ့
စီးတော်ယာဉ် မဟုတ်ခဲ့ပါ။
ယုံကြည်ချက်ကို
အသက်နဲ့လဲတဲ့
သူတော်စင်ရဲ့ သွေးရဲရဲဟာ
သစ်ပင်တကာ လှဲခုတ်
စက္ကူအမှိုက်လုပ်ဖို့
ဆင်ခြေတစ်ခုလည်း မဟုတ်ခဲ့ပါ။
ပုံရေ…
လူတကာနဲ့ ကန့်လန့်တိုက်
ချောကလက် မကြိုက်လို့ ကိုယ်မပြောပါ။
လူတကာမွှေးချင်တဲ့
နှင်းဆီပန်းကလေးလည်း
မင်းဆီ လှမ်းပေးချင်ပါရဲ့။
ဒါပေမယ့်
ရီဆက်ရှင်း … တဲ့။
စီးပွားကလည်းကျ
အနီးအနားလည်း မနေရတဲ့ အခါ
အကာတွေပယ်လို့
အနှစ်ကိုပဲ သယ်ဆောင်ပေးမယ့်
စကားလေး တစ်ခွန်းကို
လွမ်းလွမ်းနဲ့ပဲ ပြောလိုက်မယ်၊
မင်းကို ကိုယ်ချစ်တယ်။
(ကိုပုံရိပ်)
Monday, 15 December 2008
ထွက်ပြေးသူရဲ့ အရိပ်
ရေးဖို့ အကြောင်းအရာ ခေါင်းထဲမှာ မယ်မယ်ရရ စဉ်းစားလို့ မရဖြစ်နေတယ်။ ဘာမှ မတင်ဖြစ်တာ ကြာတော့ မျက်နှာပူ လာတယ်။ (ဘလောက် ငရဲမင်းနဲ့လဲ ထပ်မတွေ့ချင်ပါ။) ဒါနဲ့ပဲ ကဗျာလေး တစ်ပုဒ်လိုပဲ အလွယ်တကူ ချရေးလိုက်ပါတယ်။ ကဗျာလို့ပဲ သည်းခံပြီး ဖတ်ပါနော်။
xxx
အရိပ်
ကိုယ့်နောက်က ကပ်ပါလာမြဲ
အရိပ်
ကမ္ဘာတခြမ်းဝေးတောင်
ထွက်မပြေးနိုင်ခဲ့
အရိပ်
နာမည်တွေ အလီလီပြောင်းခဲ့လဲ
အရိပ်
မျက်နှာဖုံးများစွာ တပ်ဖူးခဲ့ပါတယ်
အရိပ်
ဘယ်လောက်ပင် ဖုံးကွယ်ထားပေမယ့်
အရိပ်
ကိုယ့်အရိပ်ဟာ
ကိုယ်ကိုတိုင်ပါပဲ။
Monday, 12 May 2008
မုန်တိုင်း
မုန်တိုင်းကြောင့် ထိခိုက်ကြရသူများ အားလုံးသို့......
မုန်တိုင်း…..
အရိုင်းဆင်ကာ
နာနာပြင်းပြင်း
ထင်းထင်းပြက်ပြက်
နင်းခတ်ရက်သည်။
ပြားအိမ်ဝပ်ဝပ်
ငိုသံအော်သံ
ဆူညံလွင့်ပါး
ထိုးထွက်ကြားသည်။
အပျက်အစီး
ထီးထီးမကျန်
ချုံးချုံးဘဝ
ခြွတ်ခြုံကျကာ
ကြာခဲ့ပြီလေ………
ကြာလေပြီပဲ
လျှပ်တပြက်လား…
တသက်မက တော့ပြီလား….။
Monday, 20 August 2007
War
ချိန်တာ ကြာတော့ အားနာလာတာနဲ့ နောက်ရေးထားတဲ့ ကဗျာ တစ်ပုဒ်။ သဒ္ဒါတွေ မှန်ချင်မှမှန် ပါလိမ့်မယ်။ သည်းခံကြပါ။
I can’t hear any command
Nor even think of those glorious and prestigious things I was fighting for
But the grievous pain of the dying soldiers
But the tears of the inconsolable widows
Amidst the shower of bullets
The blood stained flag pretends to be victorious and elegant
The land exchanged with lives and blood seems to dignify the sacrificed souls
But I can’t value it no more than
The order “You may rest in peace”.
Monday, 13 August 2007
မဆုံသော ချိန်ရွယ်ခြင်း
မဆုံတော့မဲ့ ပစ်မှတ်တစ်ခု
ငါချိန်ရွယ်ရင်း
တွေဝေ နေမိပြန်တယ်။
မြှားရဲ့ လားရာကို
ငါမသိ။
ဒါပေမယ့်
ပစ်မှတ် ကိုထိမှာလည်း
စိုးရွံ့မိတယ်။
ဘယ်ကို သွားမှာလဲ..
လေးတစ်လက်နဲ့
မြှားတစ်စင်းရဲ့ ရာဇ၀င်
ငါမကြားချင်လည်း
မြှားတစ်စင်း လွတ်ထွက်သွားခဲ့ပြီ။
Sunday, 5 August 2007
အဓိပ္ပာယ်
စိတ်တိုင်းကျကြီး မဟုတ်သော်လည်း တင်လိုက်ပါဦးမယ် ကဗျာတစ်ပုဒ်။
ကိုယ်ဟာ တစ်ကယ်ပဲလား
ဘ၀ဆိုတာ ကိုယ်မပိုင်မှတော့
လွှင့်ပစ် လိုက်ရုံပေါ့။
ခေါင်းမညိတ် နဲ့လေ
မတန်ပါဘူး
ရခဲ့တဲ့ ဖလား အစုတ်တစ်လုံး
ပေးလိုက် ရတာဝိညာဉ် တစ်ကောင်။
ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။
Monday, 30 July 2007
ကြယ်ကြွေတဲ့ည
ည…
လက တခြမ်းပဲ့နေတယ်
ဘယ်မှာ လဲကွယ်
မင်းခြေရာ
အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။
ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင်
မသိလိုက် ပါလား။
ကိုယ့်ရင်ပတ်ပေါ်
ကြွေကျသွားတာ
ကြယ်တစ်စင်းလား
နှလုံးသား တစ်စုံလား
ကိုယ့်လက်နဲ့ ထိလုလု
ကောင်းကင်ပြိုကျ
ကိုယ် လန့်နိုး ခဲ့ပြီ။
Monday, 16 July 2007
ကြွေပွင့်

တလွင့်လွင့်လျှင်
လက်ဖြင့်ခြွေနှယ်
ပန်းတေလေတို့
လမ်းမှာကြွေ။
ရယ်မောရက်စက်
သက်သက်မညှာ
နင်းရက်ကာပင်
ကြင်နာမဲ့စမ်း
ပန်းခြွေလေ။
ပင်ထက်မြင့်စံ
ကိုပန်းမာန်တို့
ခုတော့ဘယ့်နှယ်
ပင်ခြေရင်းသက်
ဟက်ဟက်ရယ်မော
လေကြမ်းပြောခဲ့။
ပန်းတို့မငို
ဖြည်းဖြည်းသံချို
အေးအေးဆိုသည်…
မြေဆီကိုစား
မြေသားနဲ့ဆက်
ကိုယ့်အသက်ဟာ
မြေ့ထံမှာမို့
သခင့်ရင်ထက်
ကိုယ်မှေးစက်မည်
ခက်ရိပ်ခိုနား
ကြွေပွင့်များနှင့်။
တကယ်တော့ ပုံရိပ် ဘလောက်ရေးခြင်းမှ ခဏအနားယူ သင့်တာကြာပါပြီ။ သံယောဇဉ် မပြတ်နိုင်တော့ ခက်တာပေါ့လေ။ မလုပ်မနေရ အလုပ်တစ်ခုကို အပြီးသတ်ရ မှာမို့ ခဏတာ အနားယူလိုက် ပါဦးမည်။ ဒီကြားထဲ သိပ်ပြီး ပြန်လာချင်လွန်းရင်တော့ ပြန်လာကြည့် ပါမယ်။ ပေါ်လိုက်ပျောက် လိုက် ပေါ့။ ပို့စ်ကတော့ မတင်နိုင်ဘူးပေါ့။ ပုံရိပ် ပြန်လာမှာပါ။ လာလည်၊ လာဖတ်ကြတဲ့ မောင်နှမများ အားလုံး ကျေးဇူးပါ။
Saturday, 30 June 2007
ညတမ်းချင်း
Thursday, 28 June 2007
ရှဥ့်ကဗျာ
တစ်ပင်ပေါ်၊ နှစ်ပင်တက်
လက်လက်ထ၊ ရှဥ့်ညိုညို
သစ်ရိပ်မှာခို။
အမြီးတို တဖွားဖွား
လွှားကျော်ကာ၊ လမ်းပေါ်လား လေတော့
ကားအောက် မှာပြား။
Monday, 11 June 2007
နေနည်း
ပြီးခဲ့တဲ့ အချိန်တွေ
ငါသတိမရ။
ပျော်ခဲ့တဲ့ ရယ်သံတွေ
ငါမတမ်းတ။
ဆိုခဲ့ကြတဲ့ သီချင်းတွေ
ငါပြန်ဆိုမိလည်း
ငါ…မလွမ်း။
အတူရှိခဲ့တဲ့ အချိန်များသာ
ငါ့ အတွက် အရေးကြီး။
ဘာများ တတ်နိုင်ဦးမှာလဲ….
အချိန်ဆိုတာ သွားပြီးရင်
နောက်ပြန် မကြည့်တာ
မင်းလည်း အသိ
ငါလည်း သိသားပဲကွယ်…။
Saturday, 9 June 2007
ပတ်ချာလည်
ဒါကိုပဲငါ...စွဲနေတော့
မြဲဦးမှာလား ငါ့ အစွဲ
ဒီလိုနဲ့ .....
အနတ္တ တစ်ခု
အတ္တအသွင်
အသက်ရှင် နေထိုင်နေတယ်။
