Showing posts with label ရသစာ. Show all posts
Showing posts with label ရသစာ. Show all posts

Monday, 8 September 2014

ခေါင်းစဉ်မဲ့


အစ်မသက်ဝေ... ဘာရေးရမှန်း မသိလို့ နားထောင်နေတဲ့ သီချင်းတစ်ပုဒ် စာလုပ်၍ ရေးလိုက်ပါသည်။ အစ်မကြောင့် စာတစ်ပုဒ်ရေးဖြစ်သွားတာ ကျေးဇူးပါ။ 
 
ညိုမဲနေသော တိမ်တိုက်အချို့ကို ဆုပ်ကိုင်လိုက်ချိန်မှာ သူ့လက်ထဲတွင် မာကျောသော အတွေ့ကို မမျှော်လင့်ဘဲ ခံစားလိုက်ရသည်။ ထိတ်လန့်အံ့သြစွာဖြင့်ပင် လွှတ်ချလိုက်မည် ကြံတော့ အလွယ်တကူပင် မျှောပါသွားကြပြန်သည်။ ရှိစေတော့။ သူနားလည်ဖို့ မကြိုးစားမိ။ လေအတိုက်မှာ ပင်လယ်၏ ရနံ့ကို ရလေသည်။ ဒီလိုဆို သူပင်လယ် ကမ်းစပ်နားကို ရောက်နေပေါ့ဟု ရင်ခုန်လျက်က ပင်လယ်သံကို နားစွံ့ မိသည်။ ………။ အားလုံးက ငြိမ်သက်လျက်…..။ ထပ်မံ၍ ငြိမ်သက်သော အသံကို နားစွင့်ပြန်၏။ ……..။ ဒါဖြင့်လျှင် ပင်လယ်မရှိဘူးလား။ ဇဝေဇ၀ါ ဖြစ်သွားပြန်သည်။ သို့ပေမယ့် မြင်ကွင်းထဲကို ၀င်လာသော လှိုင်းတံပိုးတို့ကို မြင်တော့ သူဘာကို ယုံရမည်နည်း။ သူ့ အကြားအာရုံကိုလား၊ အမြင်အာရုံကိုလား၊ သို့မဟုတ် အနံ့အာရုံကိုလား။ ဒါမှမဟုတ် သည်အာရုံအားလုံးတို့ စုစည်းရာ ဦးနှောက်ကိုလား။ ရယ်စရာတော့ အကောင်းသား။ ကိုယ့်ကိုယ်ကို ယုံမည် ဆိုလျှင်တောင်မှ ခွဲခြားပြီး ယုံနေရသေးသည်။ ဟင့်အင်း…ဒီထက်ပိုပြီး ရယ်စရာ ကောင်းတာက သူကြားဖူးတဲ့ စကားပုံ တစ်ခုလေ။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရတဲ့။
ကစင့်ကလျားတွေထဲမှာ ရေရာမှု တစ်ခုခုကို ရှာမိသည်။ စနစ်တကျတည်ရှိနေတဲ့ စကြာဝဠာကြီးဟာ ကစင့်ကလျား ပေါက်ကွဲမှုတွေက အခြေခံသတဲ့။ ဟုတ်ပါ့မလား။ ဟုတ်လျှင်တော့ ဖရိုဖရဲတွေ ကြားထဲ မဲပြာရောင် ပုဆိုးတစ်ထည်ကို ရှာလို့ တွေ့နိုင်ပါလိမ့်မည်။ ပုဆိုးတစ်ထည်ကို ရှာမတွေ့ခင်မှာတော့ ရှုပ်ပွနေသော သူ့အခန်းကို ရှင်းရဦးမည်။ နေပါဦး…။ ဘယ့်နှယ့်ပါလိမ့်။ ဖရိုဖရဲကြားထဲ ပုဆိုးတစ်ထည် ရှာတွေ့မည် မဟုတ်လား။ ဒါဆို ရှင်းနေလျှင် မတွေ့ဘဲ နေမည်ပေါ့။ ခေါင်းကို ခါယမ်းလိုက်သည်။ ရှုပ်ထွေးနေသော အတွေးများကြားထဲ ကြည်လင်မှုတစ်ခုကို ရှာတွေ့မည်ဟု သူယူဆသည်။ အံ့သြစရာ ကောင်းလှစွာပါပဲ မရှေးမနှောင်းက သူကြည့်နေသော ညိုမဲသော တိမ်တိုက်တို့သည် မဲပြာပုဆိုး တစ်ထည် ဖြစ်နေသည်ကို တွေ့ရလေ၏။ သူ့ကိုယ်ပေါ်က ၀တ်လျက်သား တောက်ပသော ပုဆိုးကို မဲပြာပုဆိုးနှင့် လဲလှယ်၍ ၀တ်ဆင်လိုက်သည်။ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဟု မှတ်ချက်ချမည့်သူ မရှိ။ သူ့နံဘေးမှာ မည်သူမှ ရှိမနေသောကြောင့်တည်း။
ဒါတော့ အိပ်မက်ပင် ဖြစ်ရမည်ဟု သူတထစ်ချ ယူဆလိုက်ချိန်မှာ သူ့လက်တွင် ခြင်တစ်ကောင် စစ်ကနဲ လာ၍ကိုက်လေသည်။ ဒါဆို….အိပ်မက် မဟုတ်ဘူးပေါ့။ အိပ်ယာဘေးတွင် ဘယ်သောအခါမျှ မြည်တော့မည် မဟုတ်သော နှိုးစက်တစ်လုံး ရှိနေသည်။ ထိတ်လန့်သော ဒေါသဖြင့် နာရီကို နံရံဆီသို့ ပေါက်ခွဲပစ်လိုက်ချိန်မှာ လက်တံများ အရည်ပျော်သွားကြသည်။ မျက်ရည်စက်တွေ များလားကွယ်။
သံသရာသည် မဆုံးနိုင်သော ချည်ငင်ထွေး ဖြစ်သည်။ သူသည် ချည်လေးတစ်စကို ဖွဲ့စည်းထားသော ပိုးမျှင်လေး တစ်မျှင်မျှသာ။ သဏ္ဍာန်တူသော ပိုးမျှင်လေးတွေများစွာ…။ သဏ္ဍာန်တူသော အစိတ်အပိုင်းလေးများမှ သဏ္ဍာန်တူ အစိတ်အပိုင်းကြီး တစ်ခုဖြစ်လာသတဲ့။ ထို့နောက်တော့…ထပ်၍ ထပ်၍ ထပ်၍…..။ ကစင့်ကလျား သီအိုရီက သူ့ကို တရားဟောလေသည်။
သူသံသရာက လန့်နှိုးတော့ အိပ်မက်ဆက်မက်လေသည်။ အိပ်မက်သည် သံသရာလည်လျက်။ သံသရာသည် အိပ်မက်မက်လျက်…။ ခုတော့ သူနားလည်ခဲ့လေပြီ။
(အောက်ပါ သီချင်းကို ခံစား၍ ရေးပါသည်။ သီချင်း၏ ဆိုလိုရင်းနှင့် သွေဖယ်နေခဲ့သော် ပုံရိပ်၏ နားမလည်မှုသာ ဖြစ်ပါလိမ့်မည်။)





Monday, 24 February 2014

မာယာများနဲ့ နှင်း

          ငွေရောင်တလက်လက်နဲ့ တောက်ပနေတဲ့ နှင်းထုကြီးကို မြင်ဖူးသူတိုင်း နှင်းဟာ လှတယ်လို့ ၀န်ခံရမှာပဲ။ ၀န်မခံတဲ့လူဟာ လိမ်နေတာပဲ ဖြစ်လိမ့်မယ်။ အရိုးပြိုင်းပြိုင်းနဲ့ သစ်ကိုင်းတွေပေါ်မှာ၊ ရေခဲနေပြီဖြစ်တဲ့ ရေကန်ကြီးပေါ်မှာ၊ မီးခိုးခေါင်းတိုင်လေးနဲ့ အိမ်ရဲ့ ခေါင်မိုးပေါ်မှာ၊ အိမ်ရှေ့က အဖီလေးရဲ့ လက်ရန်းပေါ်မှာ၊ ခပ်သုတ်သုတ် လမ်းလျှောက်သွားကြတဲ့ လမ်းပေါ်က လူတစ်ယောက်၊ နှစ်ယောက်ရဲ့ ဖိနပ်တွေ အောက်မှာ၊ မီးထိုးပြီး ခပ်ဖြေးဖြေးမောင်းလာတဲ့ ကားဘီးရဲ့ အောက်မှာ၊ ဓာတ်မီးတိုင်အောက်က မြက်ခင်းပြင်ကြီး ထက်မှာ။ အို…ပြောရရင် နေရာတကာမှာပဲ။ တစ်လောကလုံး နှင်းတွေ ပြည့်လို့နေတယ်။
          ကျွန်မ ဖတ်လက်စ စာအုပ်ကို လက်ထဲက ချပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ နှင်းထုက တော်တော်ထူနေပြီ။ လွန်ခဲ့တဲ့ နှစ်ရက်လုံး နည်းနည်း တစ်လှည့်၊ များများ တစ်လှည့် ကျနေခဲ့တဲ့ နှင်းတွေလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မဖတ်နေတဲ့ ၀တ္ထုက (ဆရာမ) ဂျူးရဲ့ နှင်း ဆိုတဲ့ ၀တ္ထုတို။ တကယ်ပါ။ ကျွန်မ အဲဒီ ၀တ္ထုတိုကို တမင်တကာ ရှာပြီး ဖတ်တာ မဟုတ်ပါဘူး။ ဂျူးရဲ့ ၀တ္ထုတိုတွေကို ပြန်ဖတ်ချင်စိတ် ပေါ်လာတာနဲ့ ပြန်ရှာ ဖတ်ရင်း ဒီဝတ္ထုကို ရှာတွေ့ခဲ့တာပဲ။ အရင်က ဖတ်ဖူးမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် အခုတော့ အသစ်တစ်ပုဒ်ကို ပြန်ဖတ်ရသလိုပဲ။ တိုက်ဆိုင်လွန်းစွာပဲ ဆရာမ ရေးထားတဲ့ နှင်းသရုပ်ဖော်ကို ကျွန်မစာဖတ်နေရာက တစ်လက်မ မရွေ့ဘဲ မျက်ဝါးထင်ထင် တွေ့နေရတယ် မဟုတ်လား။ ခံစားမှုတွေ တိုက်ဆိုင်ရင် စာတစ်ပုဒ် ရေးချင်တာမို့ နှင်းကို အကြောင်းပြုပြီး စာရေးဖို့ ကြံမိတယ်။          မျက်စိကို ဝေ့ကြည့်လိုက်တယ် ဆိုရင် ကုန်ကြမ်းကတော့ အများကြီးပဲ ဆိုတာ တွေ့ရတယ်။ အိမ်ရှေ့ လှေကားထစ်တွေကနေ လှည်းချရတယ်။ ကားမှန်တွေပေါ်ကနေ ခြစ်ကော်ပစ် ရတယ်။ အိမ်ရှေ့ လူသွားလမ်းလေးမှာ လျှောက်လို့ ရအောင် ဂေါ်ပြားနဲ့ တူးဖော် ထုတ်ရတယ်။ အခုဆို မြေကြီးပေါ်မှာ ခြောက်လက်မလောက် ရှိပြီ ထင်တယ်။ ဆောင်းမကုန်သရွေ့တော့ သူဘယ်ကိုမှ မသွားဘူး။ သွားမှာ မဟုတ်ဘူး။ အေးစက်စွာ၊ ခေါင်းမာစွာနဲ့ပဲ လောကကြီးကို ဖုံးလွှမ်းထားဦးမှာပဲ။
          ဆရာမဂျူးကတော့ ခမ်းနားလှပသော နှင်းတဲ့။ နှင်းကျတဲ့ မြင်ကွင်းကို နှင်းဖြူဖြူပွင့်ဖတ်များဖြင့် ဖောက်ရက်ထားသော ဇာပ၀ါတစ်ခုတဲ့။ ကိုစောညိန်းရဲ့ “ချစ်နှင်းမှုန်”ကို သတိရစေတဲ့ နှင်းတွေတဲ့။ ကျွန်မဖတ်ရင်းနဲ့ လွမ်းသလိုလို၊ ကြည်နူးသလိုလို။ ဆရာမရဲ့ ၀တ္ထုဟာ ကျွန်မမေ့လုမေ့ခင် ဖြစ်နေတတ်တဲ့ နှင်းအကြောင်းကို သတိပေးလိုက်တာပဲ။ ဟိုးတစ်ချိန်တုန်းက နှင်းနဲ့ ကျွန်မစတွေ့ကြတဲ့ အချိန်ဆီ ပြန်ရောက်သွားခဲ့တယ်။
xxx
          မထူးဆန်းဘူးလား။ ကျွန်မနာမည်ကလည်း နှင်း လေ။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ ကြီးတဲ့ နှင်းဆိုတဲ့ ကျွန်မဟာ နှင်းဆိုတာကို မြင်ဖူးဖို့ ခက်ခဲလှပါဘိ။ ငယ်ငယ်တုန်းက နိုင်ငံခြား ပြက္ခဒိန်တွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ နှင်းဖုံးနေတဲ့ တောင်တွေ၊ နှင်းဖုံးနေတဲ့ လမ်းလေးနဲ့ နှင်းဖုံးနေတဲ့ တောအုပ်ထဲက စမ်းချောင်းလေး စသည်ဖြင့် တွေ့ရင် သိပ်ကို သဘောကျမိတယ်။ အဲဒီနေရာကို ငါသွားကြည့်ချင်လိုက်တာ၊ နှင်းတွေက ၀ါဂွမ်းလို နူးညံ့ပြီး ဖွေးဥနေမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါကြောင့် နှင်းတွေကျတတ်တဲ့ နိုင်ငံကို သွားရဖို့ အခွင့်အရေး ကြုံလာရတော့ ကျွန်မ ၀န်ခံပါတယ်၊  စိတ်လှုပ်ရှားမိတာ အမှန်ပဲ။
          ဆောင်းဦးကို ရောက်ပြီဆိုကတည်းက ကျွန်မနှင်းကို မျှော်နေခဲ့တယ်။ ပထမဆုံး ကျွန်မရဲ့နှင်းက ကဗျာဆန်လှတယ်။ နိုဝင်ဘာရဲ့ ညတစ်ညမှာ လမ်းလျှောက်နေရင်းနဲ့ ကောင်းကင်ကနေ နှင်းပွင့်လေးတွေ ခုန်ဆင်းလို့ လာခဲ့တယ်။ နည်းနည်းနဲ့ ကျဲကျဲကနေ သည်းသည်းမည်းမည်း။ ရုတ်တရက်ပဲ ကျွန်မဟာ နှင်းတွေကြားထဲကို ရောက်သွားခဲ့တယ်။ အိပ်မက်မက် နေသလိုလို။ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာကိုမော့ပြီး လက်နှစ်ဖက်နဲ့ နှင်းမှုန်လေးတွေ ခံယူမိတယ် ထင်ရဲ့။ အသံတောင် ထွက်ပြီး ရယ်လိုက်မိသေးတယ်။ အဲဒီအချိန်တုန်း ရိုးလွန်းလှတဲ့ အဲဒီအပျော်တွေကို မျှဝေဖို့ အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
          ဒါပေမယ့် အဲဒီကြည်နူးမှုတွေဟာ ဘယ်လောက်မှ မခံခဲ့ပါဘူး။ ရင့်လာတဲ့ ဆောင်းနဲ့ အတူ မြေကြီးပေါ်မှာလည်း နှင်းထုဟာ ထူလာခဲ့တယ်။ အိမ်ထဲကနေ ကြည့်ရင် အင်မတန်ပဲ လှပေမယ့် လူသွားလမ်းတွေပေါ်မှာ နှင်းတွေအလွှာလိုက် ထပ်လာခဲ့တော့ လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်လာတယ်။ သေချာမရှင်းထားတဲ့ အချို့ လူသွားလမ်းတွေမှာ နှင်းတွေဟာ ခြေသလုံးတစ်ဝက်လောက် နီးနီးနက်ချင်တယ်။ အပူပိုင်းနိုင်ငံက ရောက်လာကာစ မအူမလည် ကျွန်မဟာ လည်ရှည်ဖိနပ် ၀တ်ရကောင်းမှန်းပဲ မသိခဲ့တာလား၊ ပိုက်ဆံနှမြောတာပဲလားတော့ မသိဘူး။ ရိုးရိုး လမ်းလျှောက်ဖိနပ်နဲ့သာ တစ်ဆောင်းလုံး တောင့်ခံခဲ့တယ်။ အဲဒီတော့ အချို့ အချိန်တွေမှာ ရေစိုမခံတဲ့ ဖိနပ်ဟာ နှင်းတွေနစ်လို့၊ ကျွန်မခြေထောက်တွေလည်း ထုံကျင်အေးခဲ နေခဲ့ဖူးတယ်။ နှင်းအဖြစ်ကနေ ရေခဲအသွင်ကို ပြောင်းတဲ့ အခါမှာတော့ ခြေကုပ်မကောင်းတဲ့ ဖိနပ်နဲ့ လမ်းလျှောက်ရင်းက ကျွန်မဖင်ထိုင်ရက် လဲခဲ့ဖူးတယ်။ တခါတလေမှာ ရေခဲပြင်ပေါ် လမ်းလျှောက်ရတဲ့ အတိုင်း အသည်းတယားယားနဲ့။ အင်မတန် သတိကြီးကြီး ထားရတယ်။
          ဒီ့အပြင် ဆောင်းရဲ့ အအေးဒဏ်ဟာ အပူပိုင်းက လာတဲ့ လူတစ်ယောက်အတွက်တော့ ရက်စက်လွန်းလှပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ဆောင်းရဲ့ အပူချိန်ဟာ ရေခဲရိုက်ခန်းရဲ့ အပူချိန်သာသာ၊ သို့မဟုတ်ရင်လည်း အဲဒီထက်တောင် နိမ့်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ တစ်ဆောင်းလုံး အပြင်ထွက်ပြီ ဆိုရင် နေရာမလပ်အောင် ထုတ်ပိုးရတယ်။ မျက်စိနဲ့ နှာခေါင်းလောက်ပဲ ဖော်နိုင်တယ်။ အထူးသဖြင့် ကားမရှိဘဲ နေရာတကာကို လမ်းလျှောက်ပြီး သွားတတ်တဲ့ ကျွန်မအတွက် ဒီလိုမှ မ၀တ်ရင် အေးခဲပြီး သေသွားနိုင်လောက်တယ်။
          ကားတစ်စင်းဝယ်ဖို့ မဖြစ်မနေ အခြေအနေက ဖန်လာတဲ့ အခါမှာ နှင်းဟာ ကျွန်မအတွက် နောက်ဒုက္ခတစ်မျိုး အနေနဲ့ ကိုယ်ထင်ပြလာခဲ့တယ်။ ကားပိုင်ပြီးတဲ့ ပထမဆုံးဆောင်းမှာ ကျွန်မကားမောင်းဖို့ကို စိတ်လေးနေခဲ့တယ်။ ဒါပေမယ့် ဖန်လာတဲ့ အခြေအနေအရ ကားမမောင်းလို့ မဖြစ်ပြန်ဘူး။ နှင်းတွေ မြေကြီးပေါ် စတင်တဲ့ အချိန်မှာ ကားမောင်းရင် စိတ်ဖိစီးမှု ဒီရေက တရိပ်ရိပ်။ မနက်မိုးလင်းလို့ အလုပ်သွားကာနီး ဆိုရင် ကားပေါ်မှာတင်နေတဲ့ နှင်းထုကြီးကို ရှင်းလင်းရတယ်။ ကံမကောင်းရင် ကားမှန်ပေါ်မှာ ခေါင်းမာစွာ အေးခဲနေတဲ့ ရေခဲတွေကို ခြစ်ပစ်ရတယ်။ ဒီထက် ကံမကောင်းရင် ရေခဲအောက်မှာ နစ်နေတဲ့ ကားဘီးကို တူးထုတ်ရတတ်တယ်။ တစ်ခါတုန်းက ရပ်ထားတဲ့ ကားဟာ ရှေ့ကကာထားတဲ့ နှင်းထုကြီးကိုလည်း မလွန်ဆန်နိုင်၊ နောက်ကို ဆုတ်ဖို့ရာ ရေခဲပြင်ကိုလည်း မကျော်နိုင် ဖြစ်လို့ နေရာက ထွက်ဖို့တင် ကျွန်မတစ်နာရီလောက် ချွေးပြန်ခဲ့ရဖူးတယ်။
မှတ်မှတ်ရရ မြို့ရဲ့ နှင်းရှင်းတဲ့ ကားတွေတောင် မနိုင်လောက်အောင် နှင်းမုန်တိုင်းကျနေတဲ့ နေ့တစ်နေ့မှာ ကျွန်မကားဟာ လမ်းလယ်ကြီးမှာ နှင်းတွေကြားထဲ နစ်နေခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ဂေါ်ပြားလေးနဲ့ လူနှစ်ယောက် ပြေးလာပြီး ကျွန်မကားကို နှင်းတွေကြားထဲကနေ တူးထုတ်ပေးတယ်။ နှင်းမရှင်းရသေးတဲ့ ကားရပ်ဖို့ နေရာကုန်းလေးဆီကို တက်လို့ မရဘဲ တ၀ဲလည်လည် ဖြစ်နေတဲ့ ကျွန်မကားကို ဖြတ်သွားဖြတ်လာ အမျိုးသမီးတစ်ယောက်က ကူညီမောင်းပေးခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မ အင်မတန်စိတ်ညစ်ပြီး နှင်းတွေကျတဲ့ မြို့လေးကနေ ထွက်ပြေးချင်စိတ် ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နှင်းတွေကြောင့် သူစိမ်းသာသာ လူတွေရဲ့ နွေးထွေးမှုကို ရခဲ့တယ်လို့ ကျွန်မ ပြန်တွေးမိပါရဲ့။
ဒီထက်ပိုပြီး ထိတ်လန့်စရာ ကောင်းတဲ့ ဒုက္ခက နှင်းကြောင့် လမ်းတွေချော်တတ်တဲ့ အဖြစ်ပဲ။ မမောင်းမဖြစ် နှင်းမုန်တိုင်းကြားထဲ ကားမောင်းရတဲ့ အချိန်မှာ ဘရိတ်အုပ်နည်းနည်းမြန်သွားတဲ့ ကျွန်မကားဟာ အနည်းဆုံး လေးဆယ့်ငါး ဒီဂရီလောက် လည်သွားခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ဘာမှ လုပ်လို့မရဘဲ ကားအလည်ရပ်သွားမယ့် အချိန်ကိုပဲ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတယ်။ စတီးရင်းဘီးကို ဆန့်ကျင်ဖက်လားရာကို လှည့်ရင်း ကားဟာ သင်္ဘောတစ်စင်း ရေလည်မှာ လူးသလိုပဲလို့ တွေးနေခဲ့မိတယ်။ ကံကောင်းထောက်မစွာပဲ ကျွန်မကားဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
နောက် နှင်းက ပေးတဲ့ အမှတ်တရ တစ်ခုက ကျွန်မတို့ နေတဲ့ တိုက်ခန်းက ပြတင်းပေါက်လေး ကွဲသွားတဲ့ နေ့ပဲ။ အဲဒီတုန်းက လက်ပူတိုက်ထားတဲ့ ခပ်ပေါပေါ တစ်ယောက်ခန်း တိုက်ခန်းကျဉ်းကျဉ်းလေး တစ်ခုမှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် အတူတူနေနေတဲ့ အချိန်။ ဆောင်းလယ်ရဲ့ မနက်ခင်းတစ်ခုမှာ မီးဖိုထဲက ပြတင်းပေါက်က မှန်ဟာ အပူအအေးဒဏ်ကို အရှုံးပေးပြီး ကွဲသွားခဲ့တယ်။ အဲဒီတော့ အပြင်မှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေဟာ ကျွန်မတို့ တိုက်ခန်းထဲကို ခုန်ဝင်လာတော့တယ်။ လေတစ်ချက်ဝေ့လိုက်တယ် ဆိုရင်ပဲ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့လို့ ကျွန်မတို့ နှစ်ယောက် မီးဖိုပေါ်မှာ ရေနွေးအိုးတွေတည်၊ မုန့်ဖုတ်တဲ့ မီးဖိုကိုဖွင့်၊ ရှိတဲ့ လက်အိတ်တွေ၊ ခြေအိတ်တွေစွပ်၊ စောင်ကြီးတွေ ခြုံရင်း ပြင်မယ့် လူအလာကို စောင့်နေခဲ့ရတယ်။ အခုပြန်တွေးရင်တော့ ရယ်ချင်စရာပေမယ့် အဲဒီတုန်းကတော့ ငိုချင်နေခဲ့တယ်။ ငိုရင်လည်း မျက်ရည်တွေ ခဲသွားမှာမို့ မငိုဖြစ်ခဲ့ပါဘူး။ ကဲ…ဒီလိုဆိုတော့ နှင်းက ဘယ်မှာ စိတ်ကူးယဉ်ဖို့ ကောင်းလို့လဲ။
xxx
ကျွန်မ ရှေ့မှာ အဖြူရောင်ထုကြီးက မျက်စိတစ်ဆုံးပဲ။ ရေခဲဖြစ်သွားရှာတဲ့ ရေကန်ကြီးရဲ့ ညည်းတွားသံဟာ တဂျွတ်ဂျွတ်နဲ့။ ညည်းတွားသံတောင် မပီသခဲ့ပါဘူး။ ရေကန်ကြီးပေါ်မှာ လူနှစ်ယောက် ငါးမျှားနေကြတယ်။ ခဲနေတဲ့ ရေကန်မှာ အပေါက်ကလေး ဖောက်လို့ ရေခဲငါးမျှားနည်းလို့ ခေါ်ပါသတဲ့။ သူတို့ အနားမှာတော့ ကလေးနှစ်ယောက် ပြေးလွှားဆော့ကစား နေကြတာ အအေးဒဏ်ကိုတောင် သတိမထားမိသလိုပဲ။ သစ်ရွက်မရှိတော့တဲ့ သစ်ကိုင်းပေါ်မှာ နှင်းတွေတင်နေတာ အင်မတန်မှ ကြည့်ကောင်းနေခဲ့တယ်။ ရေကန်ပေါ်မှာ တင်နေတဲ့ နှင်းအလွှာကြီးအောက်မှာ သစ်ပင်အချို့ဟာ မြုပ်တစ်ဝက်၊ ပေါ်တစ်ဝက်။ ရေကန်ရဲ့ တစ်ဖက်က ပျပျလေး မြင်နေရတဲ့ အိမ်ကလေးတွေမှာ ခရစ်စမတ်မီးလုံးလေးတွေ ထွန်းထားတယ်။ ရေကန်ရဲ့ ဒီဖက်ကမ်းက တောင်ကုန်းလေးပေါ်မှာ ကလေးနှစ်ယောက် နှင်းလျှောစီးနေကြတာ သူတို့ရဲ့ ရယ်သံက ကျွန်မဆီကို ပျံ့လွှင့်လာခဲ့တယ်။ ဟိုးအဝေးမှာ ရေကန်ထဲ အထိထိုးထားတဲ့ တံတားလေးဟာလည်း အေးခဲနေခဲ့ပါတယ်။ ကျွန်မပြေးနေရာကနေ အဲဒီ မြင်ကွင်းတွေကို ရပ်ပြီးငေးကြည့်နေမိတယ်။
သံသရာတစ်ပတ်လည်တော့ ခုနစ်နှစ် အကြာမှာ နှင်းနဲ့ ရေစက်မကုန်တဲ့ ကျွန်မဟာ ဒီနိုင်ငံက အအေးဆုံးလို့ ဆိုကြတဲ့ မြို့မှာ နေရပြန်တယ်။ အခုတော့လည်း ကျွန်မဟာ နှင်းတွေဖုံးနေတဲ့ ပြေးလမ်းပေါ်မှာ အင်္ကျီထူ မပါဘဲ ပြေးနိုင်ခဲ့ပြီ။ အရင်တုန်းက ဒီလမ်းတွေပေါ်မှာ ခေါင်းမဖော်နိုင်အောင် ခိုက်ခိုက်တုန်နေခဲ့တဲ့ ကျွန်မလေ။ လက်အိတ်ဝတ်ထားတဲ့ လက်ဖျားတွေက အေးချင်လာတော့ အိတ်ထဲကို လက်ထည့်လိုက်တယ်။ အေးလွန်းလို့ အလုပ်ကောင်းကောင်း မလုပ်တဲ့ ipod လေးကို ဘောင်းဘီအိတ်ထဲ ပြောင်းထည့်လိုက်တယ်။ ကိုယ်ငွေ့နဲ့ နွေးလာလို၊ နွေးလာငြားပေါ့။ ရေဒီယိုက လာနေတဲ့ Tchaikovsky ရဲ့ တေးသွားဟာ ပတ်ဝန်းကျင်နဲ့ အံကိုက်ပဲ။ တစ်လောကလုံး ဘယ်နေရာကို ကြည့်ကြည့် နှင်းတွေ ဖုံးနေတယ်။ နှင်းမလိုင်ဖုံးနေတဲ့ အိမ်ခေါင်မိုးတွေဟာ ကဗျာဆန်နေခဲ့တယ်။ ကျွန်မကိုယ် ကျွန်မ ပန်းချီကား တစ်ချပ်ထဲ ရောက်နေသလို ခံစားရတယ်။ Sisley ရဲ့ ပန်းချီကားတစ်ချပ်ကို သတိရနေခဲ့တယ်။ မှုံမှိုင်းနေတဲ့ ကောင်းကင်ကြီးအောက် နှင်းတွေဖုံးနေတဲ့ လမ်းကလေးမှာ လျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံ။ ပြေးတာကို ရပ်လိုက်တော့ နည်းနည်းတော့ အေးစိမ့်လာခဲ့တယ်။ ဂျူးရဲ့ ၀တ္ထုထဲက ဇာတ်ကောင်လို ရေခဲနေတဲ့ ရေကန်ပေါ် လမ်းလျှောက်ချင်စိတ် ပေါ်လာပါရဲ့။ ဒါပေမယ့် ဒီနေ့တော့ မရဲသေးဘူး။ တစ်နေ့နေ့ပေါ့။ အေးခဲနေတဲ့ နေ့တွေဟာ အလွယ်တကူ ထွက်သွားဦးမှာ မဟုတ်ဘူးလေ။
အနည်းဆုံးတော့ စိတ်အဆာပြေ ရေကန်နားမှာ ရပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေ စကျလာခဲ့တယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်ပါပဲ။ နှင်းပွင့်ဖတ်တွေက တော်တော်လေးကြီးတယ်။ ကျွန်မ အင်္ကျီပေါ်မှာ လာတင်နေတဲ့ နှင်းပွင့်လေးတစ်ပွင့်ကို သေချာ ကြည့်မိတယ်။ ခြောက်ထောင့်နဲ့ အင်မတန် အံ့သြဖို့ ကောင်းလောက်အောင်ပဲ လှတယ်ဆိုတာကို ကျွန်မထပ်ပြီး ခံစားရပြန်တယ်။ ကြည့်စမ်း…ဒီလောက်အသေးစိတ်ပြီး အချိုးကျလှပတဲ့ သဏ္ဍာန်ဟာ သဘာဝရဲ့ ကုန်စည်တစ်ခုတဲ့။ အိမ်ရောက်ရင် နှင်းပွင့်လေးတွေ ဘာကြောင့် ဒီသဏ္ဍာန်နဲ့ ဖြစ်တည်ရတယ် ဆိုတာကို ရှာကြည့်ဖို့ စိတ်ထဲ မှတ်ထားလိုက်တယ်။ အေးလွန်းတော့ သူတော်တော်နဲ့ အရည်ပျော်မှာ မဟုတ်ဘူး။ ထင်းရှုးပင်တွေပေါ်မှာ နှင်းတွေ ထပ်ပြီး တင်လာပြန်တယ်။ ဖြူဖွေးပြီး သန့်စင်နေတဲ့ ရေကန်ကြီးဘေးမှာ နှင်းမလိုင်ဖုံးနေတဲ့ ထင်းရှုးပင်လေးတွေ၊ အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်ခြောက်တွေဟာ ကဗျာမဆန်ဘူးလား။ စိတ်ထဲမှာ ပျော်လာပြီး မြေကြီးပေါ်က နှင်းတစ်ဆုပ်ကို ကောက်ကိုင်လိုက်တယ်။ နောက်တော့ ဟိုးအဝေးကို လွှဲပစ်လိုက်လို့ နှင်းမှုန်တွေ ကျွန်မဆီကို ပြန်လွှင့်လာတာကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါတယ်။ အိမ်ရောက်ရင် ကိုစောညိန်းရဲ့ “ချစ်နှင်းမှုန်” သီချင်းကို ရှာပြီး နားထောင်ရဦးမယ်။ ယနေ့မှာ ကျွန်မနှင်းဟာ နှင်းနဲ့ ပြန်လည်သင့်မြတ်ခဲ့ပါတယ်။
အဝေးကကြည့်ရင် ဆွတ်ပျံ့ကြည်နူးစရာ ကောင်းတဲ့ အရာတချို့ဟာ အနီးကပ်ခံစားကြည့်တဲ့ အခါမှာ အေးခဲရက်စက်နေလိမ့်မယ် ဆိုတာကို ကျွန်မသိခဲ့ဖို့ ကောင်းတာပေါ့။ အဲဒီ သင်ခန်းစာဟာ ကျွန်မကို နှင်းက သင်ကြားပေးခဲ့တာပဲ။ အေးခဲရက်စက်မှုကိုပါ လက်ခံလာနိုင်တဲ့ တစ်နေ့မှာ နှင်းဟာလည်း ပြန်လည် ကြည်နူးစရာ ကောင်းလာတယ်။ သေချာတာကတော့ နှင်းက မာယာများတာ မဟုတ်ဘူး။ လူတွေက မျှော်လင့်မှု မှားတာပါ။

Friday, 1 November 2013

မိုး (၁)



          နေရောင်က ဖျော့ဖျော့လေးသာ ကျနေသည်။ အားပြိုင်လာသော တိမ်တိုက်များကို မကြာမီ အလျော့ပေးရတော့မည် ဆိုသည်ကို သိသော်လည်း လွယ်လွယ်နှင့် အရှုံးမပေးလိုက်ချင်။ နောက်ဆုံးထွက်သက်အထိ တိမ်ထုကြီးကို ထိုးဖောက်ပစ်လိုက်ချင်သေး၏။ ထို့ကြောင့်လည်း ခဲသားရောင် တိမ်အထပ်ထပ်အောက်မှ နေခြည်မျှင်လေးများက ဟိုတစ်စ သည်တစ်စ။
          ဖြတ်တိုက်လာသော လေညှင်းလေးထဲတွင် မိုးငွေ့အချို့ ပါလာသည်။ မုန်တိုင်းမထန်ခင် ငြိမ်သက် နူးညံ့နေသော ရှုခင်းက သူ့ကိုလှည့်စားလေ၏။ မိုးမရွာခင်တော့ ပြတင်းပေါက်ကို ဖွင့်ထားလိုက်ချင်သေးသည်။ လေပြေလေးက တိုးတိုးသာသာ ပြောသော စကားသံကို သူနားထောင်ချင်သေး၏။ အိမ်ရှေ့သစ်ပင်တွင် ခေါင်းကိုငဲ့ကာငဲ့ကာဖြင့် နားနေသော ငှက်ကလေးကို သူငေးကြည့်နေမိသည်။ နွဲ့နွဲ့လေး တိုက်နေသော လေညှင်းက သစ်ရွက်လေးများကို လှုပ်ခတ်စေသည် ဆိုရုံလေးမျှသာ။ ကြည့်နေရင်းပင် သစ်ရွက်ပေါ်သို့ မိုးပေါက်ကလေးများ ကျလာသည်။ တစ်ပေါက်…နှစ်ပေါက်…သုံးပေါက်….။ သူဆက်၍ မရေတွက်နိုင်တော့။ မိုးပေါက်များကို ရေကြည့်ရန် ကြိုးစားသော သူသည် အရူးတစ်ယောက်သာ ဖြစ်ချေတော့မည်။
          ခပ်ကျဲကျဲနှင့် မှန်မှန်လေး ဖွဲဖွဲ ကျရာမှ ထုကြီးထည်ကြီးသို့ ပြောင်းချင်လာသည်။ စိပ်လာသော မိုးပေါက်တို့သည် သစ်ရွက်လေးများကို အညှိုးတကြီး ပင် မှန်မှန် ရိုက်ခတ်နေတော့၏။ မိုးပေါက်တို့သည် သွက်လက်စွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ အပူအပင်မဲ့စွာပင် မြေကြီးပေါ်သို့ ခုန်ဆင်းလာကြသည်။ ကောင်းကင်နှင့် မြေကြီးတို့ကြား အဆီးအတား မဲ့လှသည်။ ငှက်ကလေးသည်လည်း ဘယ်ဆီသို့ ပျံပြေးသည် မသိ။ မိုက်မဲလှသော မိုးပေါက်တို့သည် မြေကြီးပေါ်ရောက်သည်နှင့် ဗွက်အိုင်၊ ရေအိုင်တို့ထဲ ရောနှော ပျောက်ကွယ်ရလေပြီ။ ကံကောင်းသော မိုးပေါက်အချို့ကတော့ ကြီးမားကျယ်ပြန့်သော ရေကန်ကြီး၏ ရင်ခွင်သို့ ၀င်ခွင့်ရကြလေသည်။ မည်သို့ပင် ဖြစ်စေ သူတို့၏ ဖြစ်တည်မှုက တိုတောင်းလွန်းလှပါသည်။
          မကွယ်ပျောက်သွားမီတော့လည်း သူတို့၏ အစွမ်းကို ပြခဲ့ချင်သေးဟန် တူ၏။ ကန်ရေပြင်တွင်တော့ ၀ဲဂယက် ထင်စေခဲ့သေးသည်။ သွပ်ပြားပေါ်မှာ၊ ပြတင်းပေါက်မှန်မှာ…။ မိုးပေါက်တစ်ပေါက်ချင်းစီ၏ အဆုံးသတ်ကို သူကြားရသည်။ ဖျော့တော့ရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။ တစ်ပေါက်ချင်းစီ၏ ရိုက်ခတ်မှုသည် တေးသွားတစ်ပုဒ်၏ နရီလို၊ စည်းလို မှန်မှန်နှင့် မြန်မြန်လာသည်။ မြန်ရာမှ ထန်လာသည်။  တဖြောင်းဖြောင်းနှင့် ကြောက်မက်ဖွယ်ကောင်းအောင်ပင် ပီသလာသည်။ စစ်ချီသံတွေလိုလား၊ မြင်းခွာသံတွေလိုလား။ ဒေါသကြီး၏။ ခက်ထန်၏။ အညှာအတာမဲ့ပြန်လေ၏။ တစ်ချီတစ်ချီမှာတော့ အားမတန်၍ မာန်လျော့ လေရသော ဟန်ဖြင့် တိုးညှင်းသွားပြန်သည်။ သို့ပေမယ့်လည်း မကုန်သေးသော အင်အားဖြင့် အစဉ်တစိုက် သွန်ချနေဆဲ။
          တခဏလွန်မြောက် ပြန်လျှင်တော့ မတည်မြဲသော နိယာမအတိုင်းပင် မိုးစက်တို့လည်း ဝေးလွင့်ရလေပြီ။ ကောင်းကင်ကြီးသည် အငိုတိတ်စ ကလေးတစ်ယောက်လို ရှိုက်ကာ ငင်ကာဖြင့် နောက်ဆုံး မျက်ရည်စက်တို့ကို ကြိုးစား၍ ထိန်းနေရှာ၏။ အငို၏ နောက်မှ အပြုံး၊ အမှောင်၏ နောက်မှအလင်း၊ ၀ဲဂယက်များ၏ နောက်မှ ငြိမ်သက်ခြင်း။ ရှိုက်ရင်း ရှိုက်ရင်းနှင့်ပင် အငိုတိတ်ရပေတော့မည်။
          ကောင်းကင်သည် တဖြည်းဖြည်း ပြန်၍ ပြုံးလာ၏။ ရေမစို့တစိုနှင့် လောကသည် ကပိုကရို လှနေတော့သည်။
(Chopin ၏ Raindrop (Prelude Op. 28, No. 15) ကိုခံစား၍ ရေးပါသည်။)

Thursday, 26 September 2013

အသက်ကြီးပြီ (၂)



         “ဟင်…အစောကြီး နိုးနေပါလား။”
          “ဟုတ်တယ်…။ မအိပ်ချင်တော့လို့။ ညည်းကတော့ လှုပ်တောင် မလှုပ်ဘူး။”
          “အံမယ်…ညည်းကပဲ ပြန်ပြောရတယ် ရှိသေး။ ခါတိုင်းတော့ ညည်းပဲ နေဖင်ထိုးအောင် အိပ်ပြီးတော့။”
          “အသက်ကြီးလာလို့လား မသိဘူး။ အရင်ကလောက် ကြာကြာမအိပ်နိုင်တော့ဘူး မိန်းမရဲ့။”
          “မနက်စာ စားရအောင်။ ဘာစားကြရင် ကောင်းမလဲ။ ယောက်ျား စောစောထတာ တစ်ခုခု မလုပ်ထားဘူးလား။”
          “ကျောင်းအစ်မ ထလာရင် သောက်ရအောင် ကော်ဖီက အသင့်ဖျော်ပြီးသားပါ ခင်ဗျ။ အစားအသောက်ကတော့ ကျုပ်လည်း မစီစဉ်တတ်ဘူး။”
          “အလကားနောက်တာ။ မနေ့က ကျုပ် ခရိုဆွန့် ၀ယ်လာတယ်။”
          “ဟား…ကောင်းတယ်။ အတော်ပဲ။ ကျုပ်စားချင်နေတာ ညည်းက ဘယ်လိုသိ။”
          “အမြဲတမ်း စားချင်နေတာပဲ မဟုတ်လား။ မှန်းရတာ မခက်ပါဘူး။”
          “အဲဒါလည်း ဟုတ်တာပဲ။ စကားမများနဲ့တော့ ကော်ဖီသောက် မုန့်စားရအောင်။ ဗိုက်ဆာပြီ။ ညည်းမနိုးသေးလို့ ကျုပ်ကစောင့်နေတာ။”
          “နွားနို့တွေ သိပ်မထည့်နဲ့နော်။ အဆီတက်တယ်။”
          “ပဲများလိုက်တာ။ သောက်မှာသာ သောက်စမ်းပါ။”
          “အသက်ကလေး နည်းနည်း ရလာရင် ၀ိတ်တက်တာ မြန်တယ် ယောက်ျားရ။  အစားအသောက် ဆင်ခြင်မှ။”
          “ဟုတ်ပါပြီ ဟုတ်ပါပြီ။”
          “ဒီနေ့ ပိတ်ရက် ဆိုတော့ ဘယ်သွားချင်လဲ။”
          “ဘယ်မှ မသွားချင်ဘူး။ အိမ်မှာပဲ အေးဆေး နေကြတာပေါ့။ ညည်းသွားချင်တဲ့ နေရာရှိရင်တော့ သွားမယ်လေ။”
          “ကျုပ်ကလည်း သွားချင်ပါဘူး။ အိမ်မှာ အေးဆေး စာအုပ်လေး ဖတ်၊ သီချင်းလေး နားထောင်။ ဟင်းချက်စား အဲဒါပဲ ကောင်းတယ်။ ညနေကျတော့ လမ်းလျှောက်ထွက်မယ်လေ။”
          “ကောင်းတယ်။ အဲဒီအကြံ။”
          “မနေ့က ဟိုကလေး လင်မယားကတော့ ခေါ်သား။ သူတို့ ဒီနားမှာ လှေလှော်သွားမလို့တဲ့။”
          “ညည်းလိုက်သွားချင်ရင် ပြောရောပေါ့။”
          “မလိုက်ချင်ပါဘူး။ ပိတ်ရက်ကျရင် အေးအေးဆေးဆေး အနားယူချင်တယ်။ ဟိုသွားဒီသွားက ပျော်တော့ ပျော်ပါရဲ့။ ငယ်တုန်းကလောက်တော့ စိတ်အားမထက်သန်တော့ဘူး။ လူပင်ပန်းတယ်။”
          “ညည်း အဲဒါကြောင့်မို့လို့ ဖက်တီးမ ဖြစ်နေတာပေါ့။”
          “အောင်မယ်…။ညည်းကျတော့ သုံးလဗိုက်လောက် ရှိတာများ။ လာမယှဉ်စမ်းပါနဲ့။”
          “အသက်ကြီးပြီ မိန်းမရ…။ ဗိုက်ကလေးလည်း စပြီး ရွှဲလာပြီလေ။”
          “စကားမစပ်…ဒီနေ့ ဘာနေ့လဲ သိလား။”
          “ဘာနေ့လဲ ဟုတ်လား။ စနေနေ့ပေါ့။ ဘာဖြစ်လို့လဲ။”
          “တကယ်….သတိမရဘူးလား။”
          “ဟင့်အင်း။ ဘာနေ့ မို့လို့လဲ။”
          “ရေခဲသေတ္တာထဲမှာ သွားကြည့်။”
          “အင်…ရေခဲသေတ္တာထဲမှာ…။”
          “ကြည့်မှာ ဆို…သွားကြည့်စမ်းပါ။”
          “ဟင်…ကိတ်မုန့်…။ ဟာ….အေး…ဟုတ်သားပဲ။”
          “အသက်မကြီးချင်လို့ မေ့ထားတယ်ပေါ့ ဟုတ်လား။”
          “တကယ့်ကို သတိမရတာ မိန်းမရဲ့။ အသက်ကြီး ပြီလေ။”