Monday 26 January 2009

နံရံတို့ အကြောင်း (ဇာတ်သိမ်း)



ဒီလိုနှင့် အနှစ်သုံးဆယ် ကြာခဲ့သည်။ မြို့လေးက ကျောင်းမှာ ထိုနှစ်က မှတ်မှတ်ရရ ဆရာကန်တော့ပွဲ လုပ်ဖြစ်ကြသည်။ ကျောင်းသူကျောင်းသား တော်တော်များများက မြို့ကလေးကို စွန့်ခွာခဲ့ပြီမို့ အားလုံး ပြန်ဆုံခဲလှသည်။ ပြန်ဆုံရန်လည်း စိတ်အားထက်သန် နေကြသည်။ ထိုပွဲသို့ ဦးထွန်းဦးလည်း အရောက်လာခဲ့သည်။ မြို့လေးမှ ထွက်သွားသည်မှာ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သော်လည်း သူကျင်လည်ခဲ့သော နေရာများကို မှတ်မိနေသည်။ ကျန်ခဲ့သော သူငယ်ချင်းဟောင်းများကို သတိရသည်။ ထိုသူငယ်ချင်းဟောင်းများ ထဲတွင် ဦးငြိမ်းအောင်ကို သူအမှတ်ထင်ထင် တွေ့ချင် နေမိသည်။ ဦးငြိမ်းအောင်သည် မြို့လေးမှာပဲ နေထိုင်ရင်း နာမည် အသင့်အတင့်ရှိသော စာရေးဆရာ တစ်ယောက် ဖြစ်နေပြီတဲ့။

ထိုညနေက သူငယ်ချင်းများ ဆုံသော ထမင်းဝိုင်းလေးတွင် စကားသံတို့ ဆူညံနေသည်။ တစ်ယောက်အကြောင်း တစ်ယောက်လုမေးရသည်နှင့် ထမင်းပင် ကောင်းကောင်း မစားနိုင်။ တချိန်က သေးသေးသွယ်သွယ် မိန်းကလေးတို့သည် ဒေါင်းတည်မောင်းတည်နှင့် မိန်းမကြီးများ ဖြစ်လာကြသည်။ ယောက်ျားလေး သူငယ်ချင်းများသည်လည်း ထိပ်ပြောင်၊ ဗိုက်ရွှဲများ ဖြစ်လာကြသည်။ ကလေးဘယ်နှစ်ယောက်နှင့် ဘယ်မြို့မှာ အခြေကျနေသည် စသည်ဖြင့် ပြောကြဆိုကြသည်။ ဟိုအရင်က အရိုက်ကြမ်းသည့် ဆရာကြီးများ အကြောင်း၊ ကျောင်းပြေးသည့် အကြောင်း၊ စာမရသည့် အကြောင်းများကို စမြုံ့ပြန်မဆုံးအောင် ရှိနေကြသည်။ လူအုပ်ထဲတွင် ဦးထွန်းဦးနှင့် ဦးငြိမ်းအောင်တို့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ကြသည်။ သို့ပေမယ့် စကားမဆိုဖြစ်ကြ။

ညဥ့်နက်လာတော့ လူအုပ်လည်း စဲခဲ့ပြီ။ အချို့သာ ကိုယ့်အုပ်စုလေးနှင့်ကိုယ် စကားဝိုင်းဖွဲ့ ပြောလျက် ရှိကြသည်။ ဒီလိုနှင့် ပန်းကန်တွေ သိမ်းနေသော ဦးငြိမ်းအောင် အနားသို့ ဦးထွန်းဦး ရောက်လာခဲ့သည်။

“ကိုငြိမ်းအောင် ကျွန်တော်တို့ ငယ်ငယ်က ဆုမှားပေးလိုက်တာ သတိရလားဗျ။”

ရတာပေါ့ဗျာ ဟုဆိုကာ ဦးငြိမ်းအောင်က ရယ်နေလေသည်။ ထို့နောက် ကျုပ်လည်း ခင်ဗျားကို မေးမလို့ပဲဟု ဆက်၍ ပြောသည်။

ထိုအခါ ဦးထွန်းဦးလည်း အားတက်လာပြီး အဲဒီညက ကျွန်တော် စဉ်းစားမိတယ်ဗျ ဟုဆိုကာ စကား မဆက်သေးဘဲ ငြိမ်နေပြန်၏။ စက္ကန့် အနည်းငယ် ကြာလာတော့ ဦးငြိမ်းအောင် သည်းမခံနိုင်ဘဲ ဦးထွန်းဦး၏ စကားကို ဆက်ပေးလိုက်သည်။

“တကယ်လို့သာ ဒီဆုက အမှန်ပဲ ဆိုရင်….အဲဒီလို ခင်ဗျား စဉ်းစားတယ် ဟုတ်သလား။”

“ခင်ဗျား ဘယ်လိုလုပ် သိလဲဗျ။”

“ကျုပ်လည်း အဲလိုပဲ စဉ်းစား ခဲ့လို့ပေါ့။”

သူတို့ နှစ်ဦးလုံး အတွေးကိုယ်စီနှင့် ငြိမ်သွား ကြပြန်သည်။ ထို့နောက် ဦးထွန်းဦးက စကားစလာသည်။

“ခင်ဗျားက ကျွန်တော့်ရဲ့ မဖြစ်လိုက်ရတဲ့ ဘ၀တစ်ခုလိုပဲဗျ။ ခင်ဗျားကို ကျွန်တော် အားလည်း အားကျတယ်။ ဒါပေမယ့် ခင်ဗျားလိုမျိုးလည်း သတ္တိ မရှိဘူးဗျ။”

“ကျုပ်က အားကျဖို့လည်း ချန်ထား ပါဦးလေ။ ခင်ဗျားလို နိုင်ငံခြားပြန် အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဘ၀ကို ဘယ်သူမဆို လိုချင် ကြမှာပဲ။”

“အဲ.. ဘယ်သူ မဆိုတော့ မဟုတ်လောက်ဘူးဗျ။ ၀ါသနာပါတဲ့ လူပေါ့။ ကျွန်တော် တခါတလေ စဉ်းစားမိတယ်။ ကျွန်တော့်အလုပ်မှာ ကျွန်တော် ပျော်သလား။ ကျွန်တော်လုပ်နေ ရတာတွေကို ပျော်သလားလို့။ တကယ်တမ်းကျတော့ ကျွန်တော် ကိုယ့်အလုပ်ကို ကိုယ်ဝါသနာ မပါဘူးဗျ။ ကျွန်တော်ဟာ လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် သပ်သပ်ရပ်ရပ် လုပ်နေတယ်။ ပျော်တာတို့ မပျော်တာတို့ ထည့်မစဉ်းစား တော့ဘူး။ လူတွေကတော့ ပြောကြတယ်။ ကျွန်တော်ဟာ ကိုယ်လုပ်တဲ့ အလုပ်မှာ ထူးချွန်တယ်တဲ့။ ကျွန်တော့် အလုပ်ကို ကျွန်တော် သံယောဇဉ် ကြီးရှာတယ်တဲ့။ အမှန်တော့ အဲဒါ ကျွန်တော့် သံယောဇဉ် ကျွန်တော့် အာသီသ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ဘောင်တွေ။”

“ဘယ်လို ခင်ဗျားရဲ့ ဘောင်တွေ ဟုတ်လား။”

“ဟုတ်တယ်။ ကျွန်တော်ဟာ လုပ်ချင်တာကိုပဲ ဖြစ်စေ မလုပ်ချင်တာကိုပဲ ဖြစ်စေ၊ လုပ်သင့်တယ် ထင်လို့ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ကျွန်တော့် မိဘတွေ အတွက်၊ နောက်လူတွေရဲ့ အထင်ကြီး အားကျမှု အတွက်၊ နောက်တော့ ကျွန်တော့် မိန်းမအတွက်၊ သားသမီးတွေ အတွက် စုံလို့ပေါ့ဗျာ။ အဲဒါအတွက် ကျွန်တော် ကျေနပ်မှု တစ်ခုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် လုပ်သင့်တာတွေချည်း လုပ်ခဲ့တော့ ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာတောင် မမှတ်မိတော့ဘူး။ အဲဒါ ၀မ်းနည်း စရာပဲ။”

“ခင်ဗျားရဲ့ ဆန့်ကျင်ဖက်ကို ကြားချင်သလား ကိုထွန်းဦး။”

ဦးထွန်းဦးက ခေါင်းကို တွင်တွင်ငြိမ့်ကာ ဆိုပါဦးဟု ပြော၏။

“ကျုပ်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တဲ့ကောင် ဆိုတာ ခင်ဗျား သိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ အရာကို လုပ်သင့်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖို့ ကျုပ်မှာ ခွန်အား မရှိဘူး။ လုပ်ချင်စိတ်လည်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျုပ်ဘယ်တော့မှတော့ နောင်တမရခဲ့ဘူး။ ကံကောင်းလို့ပဲလား တကယ်ပဲ စိတ်ပါလက်ပါ လုပ်တဲ့ အကျိုးပဲလားတော့ မသိဘူး။ ကျုပ်လုပ်ချင်တဲ့ နေရာမှာ နာမည်လေး အသင့်အတင့် ရခဲ့တယ်။ စားဝတ်နေရေးလည်း စာမူခလေးနဲ့၊ ခြံစိုက်တာလေးနဲ့ လုံလောက်ခဲ့တယ်။ ကျုပ်ရွေးတဲ့ လမ်းက မပေါများဘူး ဆိုတာ သိလို့ ကျုပ်လေ ဒီနယ်မြို့လေးကနေ မပြောင်းခဲ့ဘူး။ ကျုပ်လက်တွဲမယ့်သူ ကိုလည်း သေချာဆွေးနွေး ပြောပြခဲ့တယ်။ ကျုပ်ကံကောင်း ပါတယ်။ ကျုပ်မိန်းမက ကျုပ်ရဲ့ဉာဉ်၊ ကျုပ်ရဲ့ ၀ါသနာကို ဘယ်တော့မှ မဝေဖန်ခဲ့ဘူး။ အမြဲပဲ တန်ဖိုးထားခဲ့တယ်။ ကျုပ်တို့မှာ သမီးလေး တစ်ယောက်ရှိတယ်ဗျ။ သူ့ကို မွေးလာတော့မှပဲ ကျုပ်လောဘ ဆိုတာ နားလည် သလိုလို ရှိလာခဲ့တယ်။ တခြား မိဘတွေလိုပဲ သူ့ကို အကောင်း ဆုံးကျောင်းတွေမှာ ထားချင်တယ်။ အကောင်းဆုံး အခွင့်အလမ်းတွေ ပေးချင်တယ်။ ဒီအချိန်မှာ လုပ်သင့်တာ တချို့ကို လုပ်ရတော့မယ်လို့ ကျုပ်စဉ်းစား မိလာတယ်။ ဒါပေမယ့် ကျုပ်မတတ်နိုင်ခဲ့ဘူး။ ကျုပ်တို့ ဘ၀လေးနဲ့ ကျုပ်တို့ ပျော်ပါတယ်။ တခါတလေ မှန်းဆပြီး အားကျမိတဲ့ စိတ်ကလေးတော့ ဖြစ်မိတယ် ဆိုတာ ၀န်ခံရမှာပေါ့။”

“လောကကြီးမှာ ခင်ဗျားလို လူတွေများလား၊ ကျွန်တော့်လို လူတွေများလားလို့ ကျွန်တော် တခါတလေ စဉ်းစားမိတယ် ကိုငြိမ်းအောင်။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲက လူတွေလည်း တွေ့ဖူး ပါရဲ့။ ပြီးတော့ လုပ်ချင်တာရော လုပ်သင့်တာပါ လုပ်နိုင်တဲ့လူ တွေ့ဖူးတယ်။ နောက် လူတမျိုးလည်း တွေ့ဖူးသေးတယ်ဗျ။ ကျွန်တော့် ဆေးရုံက ဆရာဝန်လေး တစ်ယောက်။ မင်းဘာဝါသနာ ပါလဲ ဆိုတော့ မသိဘူးတဲ့ဗျ။ ဒီဆရာဝန် အလုပ်ကိုရော ဆိုတော့ မသိပါဘူး ဆရာရယ်၊ အမေက လုပ်ခိုင်းလိုက်တော့လည်း လုပ်လိုက်တာပဲ တဲ့။ အဲ… အဲဒါလည်း ခပ်ကောင်းကောင်းပဲ ထင်တယ်။ ကိုယ်ချစ်တာ ဘယ်သူလဲ မသိတော့ မိဘပေးစားတာပဲ ယူလိုက်တဲ့ လူတွေလို ရည်းစားဟောင်းကိုလည်း လွမ်းနေစရာ မလိုတော့ဘူး ပေါ့ဗျ။”

သူတို့နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်။ ဦးထွန်းဦးက ရယ်ရင်းမှ

“အဲဒီတော့ ကျွန်တော့် သားသမီးတွေကို ဘာဆုံးမရမလဲ ဆိုတာကိုပဲ ကျွန်တော်တွေး နေမိတယ်။ မင်းတို့ ကိုယ်လုပ်ချင်တာကို ဦးစားပေးကြလို့ ပြောရမလား၊ လုပ်သင့်တာကိုပဲ ဦးစားပေးကြလို့ ပြောရမလား။”

အဲဒီညက သူတို့ အတော်ညဥ့်နက်တဲ့ အထိ စကားပြောဖြစ်ကြသည်။ အဖြေထုတ်ဖို့ မကြိုးစားသော်လည်း တစ်ယောက်စကားမှ တစ်ယောက် အဖြေကို ရှာဖြစ်ကြသည်။ နောက်နေ့ မနက်မှာတော့ ကိုယ့်ဘ၀ထဲသို့ ကိုယ်ပြန်ကြရလေသည်။

xxx

အဘက စကားပြောရမှာ မောလာသည့်ဟန်ဖြင့် ခဏရပ်၍ နေသည်။

“ပုံပြင်က ဒါပဲလား အဘ။”

သူအားမရ သလိုမေးတော့ အဘက သာသာလေးရယ် နေ၏။

“နေဦး အဲဒီထဲမှာ အဘ ကြိုက်တဲ့ စကားလေး တစ်ခွန်းရှိတယ် ကွဲ့။ အဲဒီ စကားကတော့ ဒီလို။ ဘ၀ဆိုတာ ကျဉ်းကျုတ်တဲ့ဘောင်တွေနဲ့ အခန်းငယ် တစ်ခု မဟုတ်သလို၊ အကန့်အသတ် မရှိတဲ့ အတားအဆီးမဲ့ လွင်ပြင်ကြီး တစ်ခုတော့လည်း မဟုတ်ဘူးပေါ့။ သွားရင်းနဲ့ တချိန်ချိန်မှာတော့ နံရံတွေကို ထိလာမယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီနံရံတွေကို ကိုယ်ကိုယ်တိုင်ကပဲ ဆောက်မှန်းမသိ ဆောက်ခဲ့တာပဲ။ တချို့နံရံတွေဟာ မြင့်မားစေတယ်။ တချို့နံရံတွေဟာ ကျယ်ပြန့်စေတယ်။ မြင့်ပြီး ကျယ်တဲ့ နံရံတချို့လည်း ရှိတာပဲ။ ရှားတော့ ရှားလိမ့်မယ် ထင်တယ်။ အရေးကြီးတာက ကိုယ်ဆောက်ထားတဲ့ နံရံတွေကြားမှာ ကိုယ်ပျော်ဖို့ပဲ။ ကိုယ်ဆောက်ခဲ့တဲ့ နံရံတွေကို ကိုယ်သိဖို့ပဲ။ ကိုယ်မပျော်တဲ့ တစ်နေ့မှာတော့ အဲဒီနံရံတွေဟာ အကျဉ်းထောင်တစ်ခု ဖြစ်လာလိမ့်မယ်။ အမှောင်တိုက် တစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ နံရံတွေကို ဖြိုဖျက်ရဲတဲ့ သတ္တိ ရှိဖို့ပါပဲ။”

“အဲဒီစကားကနေ ငါ့တူမ အဖြေတွေ့ကောင်းတွေ့မှာ ပေါ့လေ။ တွေ့မတွေ့ ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပေါ် မူတည်တာပါပဲ။”

အဘပြောသော စကားကို သူတွေးနေမိသည်။ မနက်ရောင်နီကို တွေ့နေရပြီဟု သူထင်သည်။ မကြာခင် ရထားဆိုက်တော့မည်။ ရထားမဆိုက်ခင် သူမေးချင်သော မေးခွန်းနှစ်ခုကိုတော့ မေးလိုက်မှ ဖြစ်မည်။

“အဲဒီစကားကို ဘယ်သူက ပြောတာလဲဟင်။ ပြီးတော့ အဘက ဦးငြိမ်းအောင်လား၊ ဦးထွန်းဦးလား ဟင်။”

သူ အလောတကြီး မေးလိုက်မိသည်။ အဘက ပြုံးနေရင်းမှ

“မင်းပဲ တွေးယူကြည့်လိုက်ပါတော့။ အခုအချိန်မှာတော့ ကိုယ်ဘယ်သူလဲဆိုတာ အဘကိုယ် အဘ ပြန်စဉ်းစား ကြည့်ရဦးမယ်။ ကဲ အဘ ရထားပေါ်က ဆင်းတော့မယ်။”

သူအဘ၏ ကျောပြင်ကို ကြည့်၍ ကျန်ရစ်သည်။ သူ့ဘ၀က နံရံတွေကို သူဘယ်နားမှာ ဆောက်ခဲ့သလဲ ဆိုတာကိုတော့ ပြန်ဆန်းစစ်ရပါဦးမည်။

Friday 23 January 2009

နံရံတို့ အကြောင်း (ဒုတိယပိုင်း)

မြို့လေး တစ်မြို့မှာ ငြိမ်းအောင်နှင့် ထွန်းဦးဟူသော သူငယ်ချင်း နှစ်ယောက် ရှိကြသည်။ သူတို့နှစ်ဦးလုံးမှာ မြို့ကလေးက အထက်တန်းကျောင်းလေးတွင် ကျော်ကြားသူများ ဖြစ်ကြသည်။ ငြိမ်းအောင်ကို နံရံကပ် စာစောင်နှင့် စာစီစာကုံးပြိုင်ပွဲများနှင့် တွဲမြင်လေ့ ရှိကြပြီး ထွန်းဦးကတော့ အတန်းထဲမှာ အမြဲပင် ပထမစွဲသူ အဖြစ် ဆရာဆရာမများက ချီးကျူးကြသည်။ ဒီအထဲမှာ မြန်မာစာဆရာနှင့် သမိုင်းဆရာကြီးတို့ နှစ်ယောက်ကတော့ ငြိမ်းအောင်ကို ထူးခြားတဲ့ ကလေးဟု ဆိုကြသည်။ ဘယ်လိုထူးခြားသည် ကိုတော့ သူတို့က မပြော။ မနာလိုသူ အချို့ကတော့ အလကားပါကွာ ဟိုစပ်စပ် ဒီစပ်စပ်ပါတဲ့ ကောင်ဟု စကားတင်း ဆိုကြသည်။ နှစ်ယောက်လုံးကိုတော့ မွန်ရည်သော လူငယ်လေး နှစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထား ကြ၏။

မကြာခဏ ဆိုသလို ထွန်းဦးကို စာအုပ်နှင့် မျက်နှာမခွာဘဲ တွေ့ကြရပေမယ့် သူဟာ ငြိမ်းအောင်တို့ ကဗျာတွေ စာတွေရေးတဲ့ အခါမှာလည်း အားကျငေးကြည့် နေတတ်ပြန်၏။ ဒါပေမယ့် သူ့ကို ၀င်ပါပါလားဟု ဆိုကြတော့လည်း ငါစာကျက်ရဦးမယ်ကွာ ဆိုတဲ့ ဆင်ခြေကိုပဲ ပေးနေပြန်ပါသည်။ ငြိမ်းအောင်၏ မိဘများကတော့….ထွန်းဦးကို ကြည့်စမ်း ဘယ်လောက် တော်သလဲ၊ သူ့တ၀က်လောက် မင်းစာလုပ်ရင် ငါတို့ ကျေနပ်ပြီဟု အခွင့်အရေး ရတိုင်း ငြိမ်းအောင်ကို ဆုံးမတတ်ကြသည်။ အဖေနှင့်အမေတို့၏ ဆန္ဒကို လိုက်လျောချင်သော်လည်း လုပ်ချင်သော အရာမှ လွဲ၍ လုပ်သင့်သော အရာများကို ဖြည့်လုပ်နိုင်သော ခွန်အား ငြိမ်းအောင်တွင် မရှိ။

ဒီလိုနှင့် ထိုနှစ်က ငြိမ်းအောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရသည်။ ထွန်းဦးက စာမေးပွဲကြီးတွင် ပထမဆု ရသည်။ ဆုပေးပွဲ စဉ်ပေါ်မှ ဆင်းလာတော့ သူတို့လိုချင်သော ဆုကို ရခဲ့ပြီဟူသော အတွေးဖြင့် နှစ်ဦးလုံး ပျော်နေကြသည်။ ဒါပေမယ့် ကိုယ်မပိုင်သော ဆုကိုမှ ပိုက်ပြီး ပြန်ခဲ့သည်ကိုတော့ အိမ်ရောက်မှပင် သိကြသည်။

စာအုပ်များ ကြားတွင်တင်ထားသော ဆုကို ထွန်းဦး ကြည့်မိတော့ မောင်ငြိမ်းအောင် စာစီစာကုံး ပထမဆု ဟုထွင်းထားသော စာသားလေးကို တွေ့ရသည်။ ထိုအချိန်တွင် ငြိမ်းအောင်သည်လည်း သူ့ခေါင်းရင်းမှ မောင်ထွန်းဦး ဒသမတန်း ပထမဆု ဟူသော စာလုံးများကို ကြည့်ကာ တွေးနေပြန်သည်။ မတော်တဆပင် ဆုပေးပွဲ၌ သူတို့နှစ်ဦးအား ဆုမှားပေးလိုက် ဟန်ရှိသည်။ မနက်ကျမှ ပြန်လဲမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် အိပ်ယာဝင်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး ထိုညက ကောင်းကောင်းအိပ်မပျော်ကြ။

မနက်နေရောင်ကို တွေ့တော့ ခေါင်းရင်းတွင် တင်ထားသော ဆုကိုပိုက်ကာ တစ်ယောက်အိမ်သို့ တစ်ယောက် လျှောက်လာကြသည်။ လမ်းတ၀က်မှာ သူတို့နှစ်ဦး ဆုံသည်။ တစ်ယောက်လက်ထဲမှ ဆုကို တစ်ယောက်တွေ့တော့ ဘာမျှ မပြောနိုင်ဘဲ ပြုံးမိကြသည်။ ထို့နောက် လက်ထဲက ဆုချင်း လဲလှယ်လိုက်ကြသည်။ လဲလိုက်ချိန်မှာ လမ်းတ၀က်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တွေးနေကြပြန်သည်။

နောက်ဆုံးတော့လည်း လူဆိုသည်မှာ အကျင့်ဟောင်းရဲ့ သားကောင်တွေပဲ ဖြစ်ပါသည်။ ထွန်းဦးရော ငြိမ်းအောင်ပါ ၁၈၀ ဒီဂရီ လှည့်၍ လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

(ဆက်ရန်)

Sunday 18 January 2009

နံရံတို့ အကြောင်း (ပထမပိုင်း)

ရထားတစ်စင်းပေါ်မှာ သူဒီအကြောင်းကို ဆွေးနွေးရလိမ့်မယ်ရယ်လို့ မတွေးခဲ့ဖူးပါ။ ခုတော့ သူခုမှ တွေ့ဖူးသော သူစိမ်းတစ်ယောက်နှင့် သူ့စိတ်ထဲမှာ အရေးတကြီး တွေးမိသော ကိစ္စကို ပြောမိလျက်သား ဖြစ်လို့နေသည်။ ရထားက တညလုံး ဆက်၍ သွားဦးမည်။ လိုဏ်ခေါင်းတွေကို ဖြတ်နေသော်လည်း သူတို့အတွက်တော့ အားလုံးဟာ အမြဲ မှောင်မိုက်နေတာပါပဲလေ။

“ကဲ ဆက်ပါဦးလေ။ မင်းက ဘယ်လို ထင်တာတုန်း။”

အမှောင်ထဲမှပင် ထွက်ပေါ်လာနေသော မျက်နှာချင်းဆိုင် ခုံမှ အဘ၏ အသံသည် အဝေးကြီးမှ လာနေသလို သူထင်နေမိသည်။

“ကျွန်မကတော့ ဘ၀မှာ ပျော်တာလုပ်၊ ကိုယ့်ဘ၀ ကိုယ်ကျေနပ်နေရင် ပြီးတာပဲလို့ ထင်တာပဲ။ လူဆိုတာ ကိုယ်ရှာတာ ကိုယ်ရတဲ့ အမျိုးပဲ အဘရယ်။ ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတယ် ထင်တာပဲ။ အဲ… ရွေးပြီးရင်တော့ နောင်တ မရကြေးပေါ့။”

“အင်း… မင်းပြောတာကို အဘ သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုကို နောင်တရတဲ့ တစ်နေ့မှာရော…၊ ဘာလုပ်မယ် ထင်သလဲ။”

အဘရဲ့ မေးခွန်းကို သူချက်ချင်း ပြန်မဖြေနိုင်ပါ။ စဉ်းစားနေသောသူ့ကို အဘက အလိုက်တသိ တိတ်ဆိတ်စွာပဲ စောင့်နေသည်။ ရထားဖြတ်သွားတိုင်း လမ်းမီးတိုင်၏ အရိပ်တို့က နောက်မှာ ကျန်ခဲ့သည်။ အဘကို လှမ်းကြည့်တော့ အမှောင်ထုထဲကို ငေးရင်း တစုံတခုကို တွေးနေပုံရသည်။ သူမေးခဲ့သော မေးခွန်းကိုတောင် သတိရသေးရဲ့လား။

“ကျွန်မတော့ သတ္တိမွေးပြီး ကိုယ့်ရွေးချယ်မှုကို ကိုယ်ပြင်ဖို့ ကြိုးစား ဖြစ်မယ် ထင်တာပဲ။ နေသားတကျ ဖြစ်နေပြီးသားတွေကို စွန့်လွှတ်ဖို့တော့ သတ္တိတော်တော် ကောင်းရမှာပါလေ။ လက်ရှိဘ၀ကို မစွန့်နိုင်တော့လဲ ဖြစ်နေတဲ့ အနေအထားကို ရောင့်ရဲနိုင်တဲ့ စိတ်မွေးရမှာပေါ့။ ဟုတ်တယ် မဟုတ်လား အဘ။”

အဘဆီမှ ဘာအဖြေမှ ထွက်မလာပါ။ ဒါပေမယ့် အမှောင်ထဲမှာ ခေါင်းငြိမ့်နေသော အဘကို လရောင်ရိပ်ရိပ်မှာ မြင်နေရသည်။ သူ့မျက်နှာ ပြုံးနေသလား ဆိုတာတော့ အသေအချာ မမြင်ရ။ အတန်ကြာ သူတို့ နှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်နေကြသည်။ စကားပွဲက ပြီးဆုံးသွားခဲ့ပြီဟု သူနှမြောတသ တွေးမိချိန်မှာတော့ အဘထံမှ တိုးတိတ်စွာ စကားစလာသည်။

“ငါ့တူမ နားထောင်နိုင်သေးတယ် ဆိုရင် အဘ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။”

“ကျွန်မ နားထောင်နေပါတယ် အဘ။ ပြောပါ။”

ထိုညမှ လကသာနေသည်။

(ဆက်ရန်)