Friday, 26 September 2008

ပထမဆုံးများ

ပထမဆုံးဆိုတာ မတွေ့ဖူးသေးတဲ့ အတွေ့အကြုံတစ်ခုကို စမိတဲ့ အချိန်ပါပဲ။ တွေးကြည့်မယ် ဆိုရင် ပထမဆုံးတွေက များသောအားဖြင့် ကလေးဘ၀မှာ များတာပေါ့။ ကျွန်မ ငယ်ငယ်ကတည်းက ပုံပြောဝါသနာ ပါတယ်။ အဲဒီတော့ ပထမဆုံးတက်ရတဲ့ မူကြိုကျောင်းလေးမှာ ပထမဆုံး ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို ပထမဆုံး အကြိမ်လိမ်တော့ တာပဲ။ ပုံပြင်လုပ်ပြီး၊ ဇာတ်လမ်းဆင်ပြီး သူ့ကို ပုံပြောပြတာလေ။ သူကတော့ ပါးစပ်လေး အဟောင်းသားနဲ့ အကောင်းမှတ်ပြီး နားထောင် တာပေါ့။

ဒီလိုနဲ့ အဲဒီကျောင်းလေးမှာပဲ ကျွန်မ ပုံပြောပြိုင်ပွဲမှာ ပထမဦးဆုံးဆု ရခဲ့ဖူးပါတယ်။ ရတာကလည်း ပထမဆုပါပဲ။ သြော် အဲဒီကျောင်းလေးမှာပဲ ပထမဆုံး သူငယ်ချင်း ကောင်လေးနဲ့ ခင်ခဲ့ပါတယ်။ သူ့နာမည်တော့ မမှတ်မိတော့ပေမယ့် ကတုံးလေး ဆိုတာကိုတော့ မှတ်မိနေပါတယ်။ အဲဒီကျောင်းက ပထမဆုံး ဆရာမလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ နာမည်တော့ မမှတ်မိတော့ ပါဘူး။ ရုပ်ကိုတော့ မှတ်မိနေတယ်။ ဒီပထမဆုံးတွေက ကျွန်မရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် သူတို့နဲ့ ပတ်သက်ရင် မှတ်မိနေတာဟာ ကြည်နူးစရာ မို့လို့ထင်ပါရဲ့။

အချို့ ပထမဆုံးတွေကိုတော့ ရွေးချယ်ခွင့် မရှိပေမယ့် အချို့ ပထမဆုံးတွေကတော့ ရွေးချယ်လို့ ရနေတယ် မဟုတ်လား။ ဒါကြောင့် ကျွန်မရဲ့ ပထမဆုံး ဖတ်ဖူးတဲ့ စာပေထဲမှာ ရွှေသွေးနဲ့ တေဇက ထိပ်ဆုံးကပဲ။ နောက်တော့ ရွှေဥဒေါင်းရေးတဲ့ ဦးစံရှားဝတ္ထုတွေကို သဲကြီးမဲကြီး ဖတ်တယ်။ စာအုပ်က လေးတော့ ကြမ်းပြင်ပေါ် ချပြီး ၀မ်းလျားမှောက် ဖတ်တာ မထတမ်းပဲ။

စာဖတ်ရာကနေ စာလေးတွေ ရေးဖြစ်တယ်။ အပိုင်းပိုင်း အစစနဲ့ မမှတ်မိတော့တာ များပါတယ်။ စိတ်ကူးထဲမှာ ရေးဖြစ်တာလည်း များတယ်။ အဖတ်တင်ကျန်ခဲ့ တာကတော့ ကျောင်းမှာ ရေးရတဲ့ စာစီစာကုံးလေးတွေပဲ။ ကျွန်မက ဟုတ်ဟုတ် မဟုတ်ဟုတ် စာစီစာကုံးကို အပတ်တကုတ် ရေးပါတယ်။ ခုတော့ ဘလောက်ဂ်လေး ရှိလာမှပဲ စာတွေ ခြေရာထင် ကျန်ပါတော့တယ်။ ကျွန်မရဲ့ ပထမဆုံး အဖတ်တင် ကျန်ခဲ့တဲ့ ၀တ္ထုကို ပြပါဆို မိုးရွာချိန် ဆိုတဲ့ ၀တ္ထုတိုလေးကို ပြရမှာပဲ။ ပထမဆုံး ကျန်ခဲ့တဲ့ ကဗျာလေးကလည်း ဘလောက်ဂ်ပေါ်က ပတ်ချာလည် ဆိုတဲ့ ကဗျာလေးပေါ့။ လာလည်တဲ့ သူတွေထဲမှာ မဂျစ် (ဂျစ်တူး) နဲ့ မပန် (ပန်ဒိုရာ) က ပထမဆုံး ထင်တယ်။ (မှားရင် ချိတ်မချိုး ပါနဲ့ကွယ်။)

အချို့ ပထမဆုံးတွေကို ကိုယ်ကိုတိုင် ကြိုက်ချင်လည်း ကြိုက်မယ်၊ ကြိုက်ချင်မှလည်း ကြိုက်မယ်။ အဲ…. ပထမဆုံး အကြိမ် အရိုက်ခံရတာကိုတော့ ဘယ်သူက ကြိုက်မှာလဲလေ။ ပထမဆုံး အရိုက်ခံရတာ ငယ်ငယ်က ကလေးချင်း ရန်ဖြစ်လို့ပေါ့။ ဘာကြောင့်မှန်း မမှတ်မိတော့ပေမယ့် အမေက ကောင်းကောင်းဆော်လိုက်တာ နောက်ရန်မဖြစ်ရဲတော့ ပါဘူး။ နောက်ပြီးတော့ ပထမဆုံး ၀င်ငွေရှာဖူးတဲ့ အလုပ်ကိုလည်း မကြိုက်ဘူး။ အမေတို့ အဖေတို့ကို ဆံပင်ဖြူနုတ်ပေးရတာလေ။ တစ်ချောင်းကို ငါးပြားလား မသိဘူး ရတယ်။ ဒါပေမယ့် ဆံပင်ဖြူနုတ်ရတာ လက်ဝင်လွန်းလို့ မကြိုက်ဘူး။ အဲ…. အပိုကြေးလေးကိုတော့ ကြိုက်တယ်။ အမေတို့က ဆယ်ချောင်းဆိုလည်း တစ်ကျပ်ပြည့်အောင် ဖြည့်ပြီး ပေးလိုက်တာပဲ။ (အဲဒီလို အပိုကြေးမျိုး အလုပ်မှာ အမြဲရရင် ဘယ်လောက် ကောင်းမလဲ နော်။)

အချို့ ပထမဆုံးတွေ ကတော့ နောင်ထပ်ဖြစ်လာ စရာ အကြောင်း မရှိလို့ ပထမဆုံးလို့ပဲ ခေါ်ရမှာလား၊ ပထမဆုံးနဲ့ နောက်ဆုံးလို့ ပြောရမှာလား တွေးစရာပါ။ ကျွန်မမှာ အဲဒီလိုမျိုး ပထမဆုံး ရှားရှားပါးပါး တခုပဲ ရှိတယ်။ (ပြောတော့ ပါဘူး။)

ဒီလိုနဲ့ အသက်တွေကြီးလာတော့ ပထမဆုံးတွေ ရှိပြီးသား များလာသလို ပထမဆုံးတွေနဲ့ မကြုံရတော့ သလောက် ဖြစ်လာတယ်။ နိစ္စဓူဝ ဒါတွေက ဒါတွေချည်းပဲ။ ပထမဆုံးတွေကို မှတ်မိသလို နောက်ဆုံးတွေကိုရော သိနိုင်မလား ဆိုတာကိုလည်း မရေမရာ တွေးမိတယ်။

မပန်ရေ ရေးလိုက်ပြီနော်။

Thursday, 25 September 2008

ကောင်းကောင်းလေး ရွေးကြမယ်

အောက်ပါ အဖြေများမှ အဖြေမှန်တစ်ခုကို ရွေးပါ။

မေးခွန်းအောက်တွင် က၊ခ၊ဂ စသည်ဖြင့် အဖြေများကို ပေးထားသည်။ စာကျေသော သူ့အတွက် ရွေးရမည့် အဖြေမှန်မှာ မခဲယဉ်းလှပါ။ အဖြေမှန် အားလုံးကို သူရွေးချယ်နိုင် ခဲ့သည်။ ထိုအချိန်တုန်းကတော့ ရွေးချယ်ရတာဟာ လွယ်ကူလှလေခြင်း။

xxx

ဒီနိုင်ငံကို စရောက်ကတည်းကဗျာ၊ ရွေးလိုက်ရတာ၊ ရွေးလိုက်ရတာ….။ လက်ဖက်ရည်လေး တစ်ခွက် သောက်ဖို့ အရေး ဘာအနံ့အရသာနဲ့လည်း၊ အအေးလား အပူလားနဲ့။ ရလာတော့လည်း မြန်မာပြည်က လက်ဖက်ရည်လိုလဲ မဟုတ်ဘူး။ အဲ ရှိသေးတယ်… အသားညှပ်ပေါင်မုန့်တွေ ရောင်းတဲ့ ဟိုဆိုင်ဗျာ။ ဘာပေါင်မုန့် စားမလဲက အစ၊ ဘာအရွက်တွေ ထည့်မလဲက အဆုံး၊ အကုန်လျှောက်မေးတာ။ ပေါင်မုန့်ပဲဗျာ ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်ပေါ့။ ရှုပ်မှရှုပ်။ တခါတလေ ရွေးရမှာ ကြောက်လွန်းလို့ အဲဒီဆိုင် ဝေးဝေးက ရှောင်တယ်။ ဒီနိုင်ငံသားတွေ ကတော့ ရယ်ကြတာပေါ့။ ခင်ဗျားနှယ်…. ကိုယ့်အကြိုက် အတိုင်း ကိုယ်ရွေးစားနိုင်တဲ့ဟာ မကောင်းဘူးလား ပေါ့။

အဲ ဈေးဝယ်တော့လည်း အဲဒီလိုပဲ ခင်ဗျ။ ကျုပ်မဒီနဲ့ ကျုပ် လက်ချင်းချိတ်လို့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ဈေးသွားကြတာပေါ့။ ဈေးဆိုင်ရောက်တော့လည်း စကားလေး ပြောပြောနဲ့။ အစကတော့ ကောင်းနေသေးတယ်။ ဟင်းသီးဟင်းရွက်လေးတွေ ၀ယ်တာပေါ့။ ကျုပ်မဒီကတောင် ပြောနေသေး။ မောင်ရေ… ဟင်းသီးဟင်းရွက်တွေက သိပ်ရွေးစရာ မလိုဘူးနော် တဲ့။ အားလုံးလိုလိုက အတူတူ တွေချည်းပဲတဲ့။ သဘောကျနေတာ။ ဒါပေမယ့် ဇာတ်လမ်းက စလာပါလေရော။ ပေါင်မုန့်ဝယ်မယ်လုပ်တော့ ပေါင်မုန့်တန်းမှာ လိုက်ကြည့်ကြတာ၊ နာရီဝက်လောက် ကြာလာရော။ ဘယ်ဟာ ၀ယ်ရမယ် မသိဘူး။ ပေါင်မုန့်အဖြူ၊ အနှံနဲ့ လုပ်တဲ့ ပေါင်မုန့်၊ ကစီဓာတ်နည်းတဲ့ ပေါင်မုန့်၊ အနံ့အရသာ တမျိုးစီ ပါတဲ့ ပေါင်မုန့်၊ အနံ့အရသာ နှစ်မျိုးသုံးမျိုး ရောထားတဲ့ ပေါင်မုန့်….။ အာ…. စုံနေတာပဲ။ ကျုပ်က စိတ်တိုလာပြီး ဈေးအပေါဆုံး၊ ကျုပ်တို့ မြန်မာပြည်က ပေါင်မုန့်နဲ့ အတူဆုံး ပေါင်မုန့် တစ်ထုပ် ကောက်ကိုင် လိုက်တယ်။ သွားမယ်ပေါ့ ဆိုပြီး မဒီကို မျက်ရိပ်ပြတော့ သူက ရွေးလို့ မပြီးသေး။ နေပါဦး မောင်ကလည်း ပိုက်ဆံပေးပြီး ၀ယ်ရမှာ ကောင်းကောင်းလေး စားရအောင် ရွေးဦးမှပေါ့ တဲ့။ ကျုပ်က စောင့်ရတာ ကြာလို့ စိတ်တိုနေပြီ။

ပေါင်မုန့်ကို စိမ်ပြေနပြေ ရွေးပြီးတော့ ကျုပ်တို့ သွားတိုက်ဆေး ၀ယ်တဲ့ နေရာ ရောက်လာကြတယ်ဗျ။ အဲဒီမှာလည်း မူးလို့ပဲ။ ကျုပ်ကတော့ သိလိုက်တယ်။ နောက်ထပ် တစ်နာရီပဲလို့။ ဘယ်နှယ့်ဗျာ သွားတိုက်ဆေးကိုများ အနံ့တွေ အရသာတွေ ထည့်လို့။ ကျုပ်တို့တော့ သွားတိုက်ဆေးဆို ခပ်ရှိန်းရှိန်းပဲ သိတယ်။ ကျုပ်မဒီကတော့ တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တော့ သူ့လက်ထဲမှာ သုံးလေးဘူးလောက် ကိုင်လာပြီး ရပ်ကြည့်နေတဲ့ ကျုပ်ကို မျက်နှာငယ်လေးနဲ့ လာမေးတယ်။ မောင်… ဘယ်ဟာ ယူရမလဲဟင်…တဲ့။ ကျုပ်က စိတ်တိုနေတော့ ကြိုက်တာယူ သွားမယ် ဆိုပြီး လှည့်ထွက်ခဲ့တယ်။ အပြန်လမ်းကျတော့ ကျုပ်တို့ နှစ်ယောက် လက်လဲ မတွဲ ဖြစ်တော့ဘူးဗျ။ မဒီကလည်း စိတ်ကောက်သွားတာပေါ့။ ကျုပ်တို့က ရွေးနေကျမှ မဟုတ်တာကိုး။

ဒီထက် ခက်တာတွေ ရှိသေးတယ်ဗျ။ ဒီကိုရောက်ပြီး သိပ်မကြာဘူး။ မိတ်ဆွေတွေက ပြောတယ်၊ ခင်ဗျားတို့ ကျန်းမာရေး အာမခံဝယ်နော်၊ အာမခံမရှိရင် မလွယ်ဘူးတဲ့။ ကျုပ်တို့ မြန်မာပြည်မှာတော့ဗျာ… နေမကောင်းဖြစ်ရင် ရပ်ကွက်ထဲက ဆရာဝန်လေးဆီ ပြေးလိုက်ရုံပဲ။ အာမခံဆိုတာ ဘယ်သူမှတောင် ခေါင်းထဲ ရှိကြမယ် မထင်ပေါင်။ ဒီမှာတော့ ကျန်းမာရေး စရိတ်က ဈေးအရမ်းကြီး ဆိုပဲ။ အာမခံရှိ မှပေါ့။ ၀ယ်ဆိုတော့လည်း ၀ယ်ပေါ့ဗျား။

ဒါနဲ့ပဲ သိတဲ့ မိတ်ဆွေတချို့ လိုက်မေး၊ အင်တာနက်မှာ ရှာနဲ့ ခေါင်းကို မူးနေတာပဲ။ မိန်းမကိုလည်း ပြောထားရတယ်။ ဒီရက်ပိုင်းအတွင်းတော့ နေမကောင်း မဖြစ်နဲ့ဦး၊ အာမခံရတဲ့ အထိတော့ စောင့်ဦးပေါ့။ မိန်းမရဲ့ မျက်စောင်းလှလှကြီးကို ရတာပေါ့ဗျာ… ဟဲဟဲ။

ရှာရင်းနဲ့ ကိုယ်ဝယ်နိုင်လောက်တဲ့ ဈေးမျိုးနဲ့ အာမခံ သုံးလေးခု တွေ့တယ်။ အဲဒီမှာ ရွေးရပြန်ပြီပေါ့ဗျာ။ စာလုံးသေးသေးလေးတွေ ဖတ်ပြီးတော့ ရွေးရတာပေါ့။ သူတို့မူတွေ ရေးထားတဲ့ စာတွေလေ။ ဆရာဝန် တစ်ခါ သွားပြရင်ဖြင့် သူတို့ကတော့ ဘယ်လောက် ပေးမယ်၊ ကိုယ်ကတော့ ဘယ်လောက် ပေးရမယ်။ ဆေးကုသမှုအတွက် ဘယ်လောက် အတိုင်းအတာ အထိ သူတို့ပေးမယ်…စသည်ဖြင့်ပေါ့ဗျာ။ ဒီတစ်ခါက အရွေးမှားရင် ကိုယ်တကယ် ခံရမှာကိုး။ ပစ္စည်းဝယ် သလို မဟုတ်ဘူးလေ။ စဉ်းစားရတာပေါ့။ ရွေးရတာ တာဝန်ကြီး တယ်ဗျ။ အကျင့်ပဲလားတော့ မသိဘူး။ ရွေးခွင့်ကို ကြိုက်တာနဲ့ အမျှ ကြောက်လည်း ကြောက်တယ်ဗျ။ မသိဘဲနဲ့လဲ ရွေးလို့ မဖြစ်ဘူးလေ။ ရွေးတယ်ဆိုတာ လေ့လာပြီးမှလဲ ရွေးလို့ရတာကိုး။

သြော်… နောက်ပြီးတော့ ဒီမှာနေတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးတစ်ယောက်ဆီက ကြားရတာ ရှိသေးတယ်။ သူက တက္ကသိုလ် တက်ဖို့ အတွက် လုပ်နေပြီလေ။ ဒါနဲ့ သူလည်း ကျောင်းရွေး နေတယ်တဲ့။ ကျုပ်ကလည်း နေရာတကာ စိတ်ဝင်စားတတ်တယ် ဆိုတော့ ကျောင်းရွေးတယ် ဆိုတာ ဘယ်လိုလဲပေါ့။ သူတို့အိမ်နားက ကျောင်းက မကောင်းဘူးလား ပေါ့။

ဒါနဲ့ ကောင်မလေးက ကျောင်းရွေးတဲ့ အကြောင်း ရှင်းပြလိုက်တာ ကျုပ်တောင် မောသွားတာပဲ။ ဘာသာရပ်အလိုက်၊ ဆရာကျောင်းသား အချိုး အလိုက် ကျောင်းတွေကို အစဉ်လိုက် စီထားပေးတယ် ဆိုပဲ။ ဒီကျောင်းက ဒီဘာသာရပ်မှာ နာမည်ကြီးတယ်၊ ဟိုကျောင်း ကတော့ဖြင့် ဆရာဆရာမ တစ်ယောက်ကို ကျောင်းသား ဆယ်ယောက်နှုန်းနဲ့ သင်နိုင်တယ်၊ အဲဒီလိုပေါ့။ စာကြည့်တိုက်တို့ စာအုပ်စာတမ်းတို့ ဘယ်လောက် ပြည့်စုံသလဲ ဆိုတာကိုလဲ ကြည့်သေးတယ်တဲ့ ခင်ဗျ။ နောက်ပြီး ကျောင်းရဲ့ မတည်ငွေ ဘယ်လောက်ရှိတယ် ဆိုတာကိုလဲ စဉ်းစားသေးတယ်တဲ့။

ကျုပ်တို့များတော့ တက္ကသိုလ်တက်တုန်းက အဲဒီလို မဟုတ်ပါဗျာ။ ရွေးစရာ သိပ်မရှိပါဘူးဗျ။ ဆေးကျောင်း၊ စက်မှု နဲ့ အခြား ဆိုပြီး ဖြစ်နေတာကိုး။ ဆရာဆရာမနဲ့ ကျောင်းသား အချိုးကတော့ ဟဲ..ဟဲ…။ ပြောတော့ပါဘူးဗျ။ စာကြည့်တိုက်ကတော့ ရွေးနေစရာတောင် မလိုပါဘူး ဟုတ်တယ် မဟုတ်လား။

အဲဒီတော့ ကျုပ်တို့ ဘယ်လောက် နေရခက်တယ် ဆိုတာ စဉ်းစားကြည့်ဗျ။ အရာရာရွေးချယ် နေရတာကိုး။ ငယ်ငယ်တုန်းကလို မှန်ရာရွေးပါဆိုတဲ့ မေးခွန်းကို ဖြေသလို အဖြေမှန် သိရင်လည်း ကောင်းသားဗျ။ ဘယ်သူကမှလည်း အဖြေမှန်ကို လာသင်ပေးမှာ မဟုတ်ဘူးလေ။ ကိုယ်အရွေးမှားရင် ကိုယ်ခံပဲ။

အင်း…. တကယ်တွေးကြည့်တော့ အနှစ်သုံးဆယ်လောက် အရိုးစွဲလာတဲ့ အကျင့်ကို ပြင်ရတာ ခက်တာပါပဲလေ…..။

Wednesday, 27 August 2008

လမ်းခွဲ (ဇာတ်သိမ်း)

ပြဿနာသည် လှိုင်တို့ တတိယနှစ်ကုန် ကာနီးလောက်မှာ စခဲ့သည်ဟု ဆိုရပေမည်။

“မောင်… ငါ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်မယ်လို့ စဉ်းစားနေတယ် သိလား။”

လှိုင့်ကို အိပ်မက်မက်သူ တစ်ယောက်လို သူလှည့်၍ ကြည့်သည်။

“လှိုင်ရယ်… နင်က သိပ်စိတ်ကူးယဉ် တာပဲနော်။ ဒီကနေပဲ လုပ်စမ်းပါ။ မြန်မာပြည် အတွက်လုပ်စရာတွေ အများကြီး။”

“မောင်ကလည်း… ဒီမှာ လုပ်နေကြတဲ့သူတွေက အများကြီး။ မြန်မာပြည်ပြန်တဲ့ သူက နည်းနည်းလေး။ အဲဒီတော့ လိုတဲ့ နေရာမှာ ငါလုပ်ချင်တယ်။ ငါမရှိလို့လဲ ဘာမှ ဖြစ်မသွားမယ့် နေရာမှာ ငါမနေချင်ဘူး။ ငါ့လုပ်အားကို အသုံးမချချင်ဘူး။”

လှိုင် မြက်ခင်းပေါ် ၀မ်းလျား မှောက်နေရာမှ မောင်မောင့်ကို ကျောခိုင်းရင်း လှဲလိုက်သည်။ စိတ်ထဲမှာ သိပ်မကျေနပ်ချင်။ ဒီအကြောင်းကို ပြောလျှင် ဒီလိုဖြစ်လာမည်ဟု ရိပ်မိခဲ့သော်လည်း တကယ်ကြားရတော့ ပို၍ စိတ်ညစ်ရသည်။

“အေး… မြန်မာပြည်မှာရော နင်ရှိရင် ဘာပိုဖြစ်သွားမယ်လို့ ထင်သလဲ။ ဟိုဟာ လုပ်မရ၊ ဒီဟာ လုပ်မရနဲ့ မေတ္တာရှင်မ နင်ထိုင်နေ ရလိမ့်မယ်။”

“မောင်မောင်…နင်ငါ့ကို မလှောင်နဲ့။”

လှိုင် စိတ်ဆိုးလျှင် သူ့ကို မောင်မောင်ဟု ပြန်ခေါ်မိသည်။ လှိုင့် အသံနည်းနည်း ကျယ်သွားသည် ထင်၏။ နံဘေးမှ မြက်ခင်းပေါ် စာဖတ်နေသူ တစ်ယောက်က မသိမသာ အကဲခတ်သည်။ မောင်မောင့်ဆီမှ ဘာစကားသံမျှ မကြား။

မြက်ခင်းများက စိမ်းစို၍ နေသည်။ နွေဦးကာလမို့ အရွက်များက ထွက်စပြုရုံသာ။ လှိုင့်ရင်ထဲတွင် မစိမ်း။ မငြိမ်း။ လှိုင်တို့ နှစ်ယောက်ကြား အက်ကြောင်းက စခဲ့ပြီ်။
သိပ်ကြာသည် ထင်ရတော့မှ မောင်မောင့်ဆီမှ စကားသံကြား ရသည်။
“ကဲ ဒါတွေ မပြောကြ ပါစို့နဲ့ လှိုင်။ နင့်ကိုငါ ပြောမိတာတွေ မေ့လိုက်တော့။ လာ… ငါတို့ လမ်းလျှောက်ထွက် ရအောင်။”

ကမ်းပေးသော သူ့လက်များကို ဆုပ်ကိုင်လိုက်တော့လည်း လှိုင်အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်လာပြန်သည်။

xxx
စတုတ္ထနှစ် သို့မဟုတ် နောက်ဆုံးနှစ် အစမှာ လှိုင်တို့ အတွက် ဆုံးဖြတ်ရမည့် အချိန်ရောက်လာသည်။ ကျောင်းပြီးလျှင် ဘာလုပ်မည်ကို ရွေးချယ်ကြရတော့မည်။ မောင်မောင့်ကို လှိုင် မတိုင်ပင်ဖြစ်ဘဲ တစ်ယောက်တည်း မြန်မာပြည်မှ လူမှုရေး အဖွဲ့အစည်းများကို ဆက်သွယ်နေမိသည်။ မောင်မောင်သည်လည်း လှိုင့်ကို မပြောဘဲ သူလုပ်စရာ ရှိသည်ကို ဆက်လုပ်နေသည်ဟု လှိုင်သိနေပြန်သည်။ လှိုင်တို့ နှစ်ယောက် ထိုအကြောင်းကို ပြောဖို့ အတန်ကြာ တိတ်ဆိတ်စွာ ငြင်းဆန်ခဲ့ကြသည်။ ချစ်သူနှစ်ယောက်ကြား စိတ်ညစ်စရာ အကြောင်းကို ဘယ်သူက ပြောချင်မှာလည်းလေ။

စတုတ္ထနှစ်လယ်လောက်တွင် လှိုင်လိုချင်သော အခြေအနေနှင့် ကိုက်ညီသော အဖွဲ့အစည်း တစ်ခုထံမှ အဆက်အသွယ် ရသည်။ သူတို့လည်း စိတ်ဝင်စားသည်မို့ လှိုင်ထို အလုပ်ကို လေးလေးနက်နက် စဉ်းစားရပြီ။
“မောင်… ငါxxxx အဖွဲ့နဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေတယ်။”

အဲဒီတုန်းက လှိုင်တို့ နှစ်ယောက် စာကြည့်တိုက်ထဲတွင် ရှိနေကြသည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ် နေသည်။ အတန်ကြာ ဆုပ်ကိုင်ထားရသော ချိန်ကိုက်ဗုံး တစ်ခုကို လွှတ်ချလိုက် ရသလို လှိုင့်ရင်ထဲမှာ ထိတ်နေသည်။ မောင်မောင် ချက်ချင်း ဘာမှ ပြန်မပြော။ သူကိုင်ထားသော စာအုပ်ကို လက်ထဲမှ ဘောပင်နှင့် ထိတို့ရင်း ဆော့ကစား နေသည်။ သူလုပ်မိ လုပ်ရာလုပ်နေတာလား၊ လှိုင့်ကို ဘာပြောရမည်လည်းလို့ သေချာစဉ်းစား နေတာလား။

“လှိုင် ငါတို့ ဒီကိစ္စကို အေးအေးဆေးဆေး ပြောကြရအောင်။”

ထို့နောက် သူထပြီး ထွက်လာသည်။ လှိုင်လည်း ဘာမှ မစဉ်းစားမိဘဲ မောင်မောင့် နောက်ကိုသာ ထလိုက်လာမိသည်။ အပြင်မှာ လသာနေသည်။ စာကြည့်တိုက်နှင့် အနည်းငယ် လှမ်းသော ထိုင်ခုံတစ်ခုံတွင် သူဝင်၍ ထိုင်သည်နှင့် လှိုင်လိုက်ထိုင် မိ၏။

“လှိုင်… နင်ငါနဲ့ တသက်လုံး နေသွားဖို့ စိတ်ကူး မရှိဘူးလား။”

“ရှိတယ်လေ။”

အလန့်တကြား လှိုင်ဖြေရှင်းတော့ သူသက်ပြင်းချသည်။ မရှိဘူး ဆိုသော အဖြေကိုများ သူမျှော်လင့်ထား လေသလား။ ဒီလောက်တော့ ငါ့ကို နင်သိသင့်ပါတယ် မောင်ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

“ဘာလဲလှိုင်…။ ဘာပြောလိုက် တာလဲ။”

“ဟင့်အင်း ဘာမှ မဟုတ်ပါဘူး။ နင် ငါနဲ့ မြန်မာပြည်ကို လိုက်ပြန်ပါလား မောင်။ ငါအလုပ် ၀ိုင်းရှာပေးပါ့မယ်။”

“လှိုင်… မဖြစ်နိုင်တာဘဲဟာ။ ငါအခု ကျောင်းဆက်တက်ဖို့ ကျောင်းလျှောက်ထားတယ်။”

“အေး ငါရိပ်မိပါတယ်။ နင်မပြော ပေမယ့်။”

“နင်ကရော နင်အလုပ် လျှောက်တဲ့ ကိစ္စကို တိုင်ပင်ဖော် ရလို့လား လှိုင်။ နင်လည်း နင့်သဘောနဲ့ နင်လုပ်ခဲ့တာပဲ။”

“နင်ငါနဲ့ အတူ ပြန်လိုက်ခဲ့ပါ မောင်။”

လှိုင် သူ့မျက်နှာကို အကြာကြီး ဆက်ငေးကြည့် နေမိသည်။ သူကတော့ ဟိုးအဝေးကို ငေးကြည့်ဆဲ။ လှိုင့်ကို သူမကြည့်ဘဲနှင့်သာ သူကြာရှည်စွာ စဉ်းစား စီစဉ်ခဲ့ရသော စကားများကို ဖြေးဖြေးလေးလေး ပြောနေသည်။

“ငါတို့ နှစ်ယောက်ရှေ့ရေး ရှိသေးတယ် လှိုင်။ နင်ရော ငါရောမြန်မာပြည်မှာ ဆက်နေရင် ငါတို့နှစ်ယောက် ရှေ့ရေးအတွက် လုံလောက်တဲ့ ငွေရှာနိုင် မှာလား။ ငါတို့မှာ ကလေးတွေ ရှိလာပါပြီတဲ့။ သူတို့ကိုရော ဘယ်လိုလုပ် မလဲ။ ပြီးတော့ မိဘတွေကို ပြန်ကြည့်ရဦးမယ်။ သူတို့လဲ အသက်တွေ ကြီးလာပြီ။ နင်က လေထဲမှာ တိုက်အိမ်ဆောက်ချင်တဲ့သူပဲ လှိုင်။ သိပ်ပြီး စိတ်ကူး မယဉ်ချင်စမ်းပါနဲ့။ လက်တွေ့ကျစမ်းပါ။ ကိုယ့်အတွက် ကိုယ်လုပ်ရင်း ဒီနိုင်ငံကနေပြီး ငါတို့ နိုင်ငံအတွက် လုပ်ပေးနိုင်တာတွေပဲ လုပ်ပေးကြရအောင်။”

“အေး နင်ကတော့ ပြီးစလွယ် ပြီးရောတဲဆောက် နေတာပဲ။ မယောင်ရာ ဆီလူး၊ လွယ်တဲ့ နေရာလေးတွေကိုပဲ လိုက်ပြီး ဖာမယ်ထေးမယ်။ ခဏတဖြုတ် ဖြေရှင်းလို့ ရတဲ့နည်းလေးနဲ့ နင့်ကိုနင် လှည့်စားမယ်။ နင့်ရဲ့ ပညာရှိသိစိတ်လေးကို ဖြေသိမ့်မယ်။ နင်ဟာ ကိုယ့်နိုင်ငံက လူတွေအတွက် သိပ်ပြီး လျစ်လျူရှု လွန်းတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လွန်းတယ်။ နင့်လိုသာ တွေးနေကြမယ် ဆိုရင် မြန်မာပြည်ဟာ ဒီအခြေအနေကနေ တက်ဖို့ မရှိတော့ဘူး။ နင်ဟာ ပညာတွေ သင်ပြီး လိုအပ်တဲ့ လူတွေ အတွက် အသုံးချရဲတာမှ မဟုတ်ဘဲ။ တွေဝေတယ်။ တကိုယ်ကောင်းဆန်တယ်။”

လှိုင့်စကားလွန် သွားပြီဟု သိလိုက်ရသည့် အချိန်မှာ မောင်မောင့်ဆီမှ စူးရဲသော အကြည့်တစ်ချက်ကို ရခဲ့ပြီ။

“ကိုယ့်ဘ၀ အတွက် ကိုယ့်မိသားစု အတွက် သမာအာဇီဝ နည်းနဲ့ကြိုးစားတာ တကိုယ်ကောင်းဆန်တာလား လှိုင်။ ငါစိတ်ဝင်စားတဲ့ ပညာတခုကို လိုက်စားဖို့ကြိုးစားတာ ငါသိပ်ပြီး တကိုယ်ကောင်းဆန် နေသလား။ မြန်မာပြည်က လာလို့ ငါစိတ်ဝင်စားတာ ကိုတောင် လေ့လာခွင့် ဖန်တီးခွင့် မရှိတော့ဘူးလား။”

မောင်မောင့် အသံမှာ ချက်ချင်းမာထန် လာသည်။

“ဒီမှာ လှိုင်…။ နင်လည်း ဖတ်ဖူးသားပဲ။ Fountainhead ဆိုတဲ့ ၀တ္ထုထဲမှာ။ လူတွေကို ကူညီချင်တယ် ဆိုရင် အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ဖြစ်ဖို့ အတွက် နင်လုပ်တဲ့ အလုပ်ကို နင်ချစ်ရမယ်။ လူတွေကို ချစ်ရမှာ မဟုတ်ဘူးတဲ့။ ငါနင်နဲ့ အတူလိုက်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ၀ါသနာ မပါဘူး လှိုင်။ ဒီလုပ်ငန်းဟာ ငါ့ရဲ့ အသက်မွေး ၀မ်းကျောင်းမှု ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီစကားဟာ အင်မတန် ရင့်သီးတယ်လို့ နင်ထင်လိမ့်မယ်။ ဒါပေမယ့် ဒါအမှန်တရားပဲ လှိုင်။ ငါ့မှာလည်း ကိုယ့်နိုင်ငံအတွက်တော့ စေတနာ ရှိပါတယ်။ အေး… နင့်လောက်တော့ မပြင်းထန်ဘူး ပေါ့လေ။ နင့် စေတနာကို ငါချီးကျူးတယ်။ တန်ဖိုးလည်း ထားတယ်။ ဒါပေမယ့် နင့်အတိုင်း လူတိုင်းက လိုက်တွေးလိမ့်မယ် လို့တော့ မမျှော်လင့် သင့်ဘူး။”
ထိုနေ့က လှိုင်တို့ နှစ်ယောက်ကြား အဖြေမရခဲ့။ အခြေအနေတွေ အားလုံးကောင်းလာရင် ဟူသော ကယောင်ကတမ်း အတွေးကိုလည်း လှိုင်တွေးနေမိသည်။

xxx
လူတွေကြားထဲမှ ထိုင်ခုံတစ်ခုံမှာ ထိုင်ရင်း လှိုင်အသံတိတ်ငို နေမိသည်။ လေယာဉ်ကွင်းကို လိုက်ပို့ရန် သူ့ကို လှိုင်မတောင်းဆိုခဲ့။ သူကလည်း မမေး။ ဒါပေမယ့် သူငယ်ချင်းများမှ တဆင့်လှိုင်ပြန်မည့်ရက်ကို သူသိနေသည် ဆိုတာတော့ သေချာသည်။ လှိုင်တို့၏ နောက်ဆုံး ရက်များမှာ အေးစက်စိမ်းကား နေခဲ့ကြသည်။

“လှိုင်…”

လှိုင်အလွန်ရင်းနှီးသော အသံမို့ မော့မကြည့်ရဘဲနှင့် သိနေခဲ့သည်။
“မောင်… နင်လိုက်လာတယ်နော်။ ငါနင့်ကို မျှော်နေတာ။”

လှိုင့်မာန အားလုံး အရည်ပျော်ကျ သွားပြီ ထင်သည်။ မဖြစ်နိုင်မှန်း သိသော်လည်း မောင်မောင့်လက်ထဲနှင့် နံဘေးမှာ အထုပ်အပိုးများကို ရှာမိသေးသည်။ သို့သော် သူ့လွယ်နေကျ ကျောပိုးအိတ် ခပ်ပါးပါးမှ လွဲ၍ ဘာမျှ မတွေ့။

“နင့်ကို လာနှုတ်ဆက်တာ။ ငါအဲဒီလောက် မရက်စက်နိုင် ပါဘူးဟာ။”

မောင်မောင် လှိုင့်နံဘေးမှ ခုံမှာ ၀င်၍ထိုင်သည်။

“လေယာဉ်ချိန် လိုပါသေးတယ်။ နင်လေယာဉ်ထွက်တဲ့ အထိငါ အတူနေပေးမယ်နော်။”

ငါ့လေယာဉ်ထွက်ရင် တခါတည်း လိုက်လာပါတော့လား မောင်ရယ်။ သတိလက်လွတ် လှိုင်မျက်ရည် ကျမိသည်။

“ရော့ မျက်ရည်တွေသုတ်လိုက်ဦး လှိုင်။”

သူကမ်းပေးသော လက်ကိုင်ပ၀ါကို လှိုင်မငြင်းမိ။

“လှိုင် ငါ့ကို ကြည့်ပါဦး။ ငါပြောတာ သေချာ နားထောင်နော်။ ငါနင်နဲ့ မခွဲနိုင်ဘူး။ အဲဒီတော့ နင်နဲ့ နီးစပ်နိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်။ ဒါပေမယ့် ငါ့ကို နှစ်နှစ်လောက်တော့ အချိန်ပေး။ ငါတို့ နှစ်နှစ်လောက်တော့ ခွဲနေကြရမှာပေါ့။ ပြီးရင် ငါနင့်နောက်ကို လိုက်လာမယ်လေ။ နင်လည်း ငါ့နောက်ကို လိုက်နေနိုင်ဖို့ စဉ်းစားကြည့်ပါ။ နင်လုပ်ချင်တဲ့ အလုပ်တွေကို အပြင်ကနေ လုပ်ဖို့ စဉ်းစားကြည့်ပါ။ ငါတို့ ငယ်ငယ်တုန်းက ကစားကြသလိုပေါ့။ စိတ်ကောက်နေရင် ပျင်းစရာကောင်းတယ်။ တစ်ယောက်ရဲ့ အလိုကို နောက်တစ်ယောက်က လိုက်ကြရအောင်။”

လှိုင်မျက်ရည်များ ကြားက ပြုံးမိပြန်သည်။ ဘာမှ ပြန်မပြောဖြစ်သော်လည်း သူ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင် ထားမိသည်။ လှိုင်သူ့စကားတွေကို နားထောင်မယ် ဆိုတာ မောင်နားလည် တန်ကောင်းပါရဲ့။

လေယာဉ်ချိန်နီးတော့ လုံခြုံရေးဂိတ်ကို ဖြတ်ရတော့မည်။ မောင်မောင့်ကို တင်းကြပ်စွာ ပွေ့ဖက်နှုတ်ဆက်မိသည်။ မျှော်လင့်ချက်ဆိုတာ ထားကောင်းပါတယ် မောင်။ ငါတို့ ငယ်ငယ်က တစ်ယောက် အကြိုက် တစ်ယောက်လိုက်ပြီး ကစားကြသလောက် လွယ်ရင် သိပ်ကောင်းမှာ ပါပဲ။ ငါ့ကို နှစ်သိမ့်နေတဲ့ နင့်မျက်လုံးထဲမှာလည်း သံသယတွေကို မြင်နေရတယ် မောင်။ ဒါပေမယ့် အဲဒီ မသေချာတဲ့ မနက်ဖြန်တွေကိုပဲ ငါကျေနပ်စွာ စောင့်နေမှာပါ မောင်။

Monday, 25 August 2008

လမ်းခွဲ (၁)

အမှာ

အောက်ပါ ၀တ္ထုတွင် ပါဝင်သော ဇာတ်ကောင်များသည် ပုံရိပ်၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ဖြစ်တတ်သော၊ တွေးမိသော အကြောင်းအရာကို အကောင်းအဆိုး မဝေဖန်လိုဘဲ အရှိကို အရှိအတိုင်း ချပြလိုစိတ်သာ ရှိပါသည်။ တစုံတဦးကို ထိခိုက်မှုရှိပါက ကြိုတင်၍ အနူးအညွှတ် တောင်းပန်အပ်ပါသည်။

xxx

တံခါးအဖွင့်မှာ လေယာဉ်ကွင်း၏ အေးစိမ့်သော လေကဆံပင်တို့ကို တိုးဝှေ့၍ သွားသည်။ လေအေးစက်ကြောင့် တကိုယ်လုံး အေးသွားသော်လည်း ရင်ထဲမှာ ပူနေဆဲ။ တကယ်ခွဲရတော့မည် ဆိုတော့လည်း လှိုင် သတ္တိမရှိချင်တော့။ လှိုင့်ဆုံးဖြတ်ချက် မှားလေပြီလား။ လှိုင်ဟာ ယုံကြည်ချက်ကို ချစ်သူနှင့်လဲ ရဲလောက်သော သတ္တိရှိပါသလား။ လှိုင်သည် တကယ်ပဲ တကိုယ်ကောင်းဆန်သူလား။ ဒါမှမဟုတ် မောင်စွပ်စွဲ သလို စိတ်ကူးယဉ်ဆန်သူ ပဲလား။ သူများတွေကတော့ လှိုင်ဟာ ဆုံးဖြတ်ချက် သိပ်ပြတ်သားတာပဲလို့ ဆိုကြတယ်။ ဒါပေမယ့် အခုတော့ လှိုင်တစ်ယောက် တွေဝေနေတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။

xxx

“မောင်မောင်… ငါ့စာအုပ် လာပြန်ပေးဦး။ ငါစာကျက် ရဦးမယ်။”

“အေးပါဟာ… နင်ကလည်း ငါမနက်ဖြန် ပြန်လာပေး မှာပေါ့။”

“ဟာ… ဒီနေ့လာပေးဟာ။ ယူတုန်းကတော့ ယူသွားပြီးတော့။”

“အေး… အေး။ ဖုန်းပေါ်ကနေ ပူညံပူညံ မလုပ်နဲ့။ ခုပဲ ကျွန်တော်မျိုးကြီး စက်ဘီးစီးပြီး လာပေးပါ့မယ် ခင်ဗျ။”

ဖုန်းခွက်ကို ဖြည်းဖြည်းပြန်ချရင်း လှိုင်လစ်ကနဲ ပြုံးမိသည်။ လှိုင်နိုင်သမျှ၊ ဆိုးသမျှကို သည်းခံရှာသော မောင်မောင်။ လှိုင်နှင့်မောင်မောင်တို့ မွေးစကတည်းက သိခဲ့ခင်ခဲ့ကြသည်ဟု အခြားသူငယ်ချင်းများကို ပြောလျှင် ပိုသည်ဟု ဆိုကြ၏။ တကယ်ပဲ မွေးစကတည်းက သိခဲ့ကြတာပါပဲ။

လှိုင့်ကို မွေးပြီးတော့ ဖေဖေသည် နယ်မြို့တမြို့သို့ အရေးတကြီး ခရီးရက်ရှည် ထွက်ရသည်။ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတော့ မွေးကာစ သမီးနှင့် ဇနီးကို နယ်သို့ခေါ်မသွားချင်။ ထို့ကြောင့် သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သော မောင်မောင်တို့မိသားစုထံ အပ်နှံခဲ့သည်။ ဒီလိုနှင့် မေမေနှင့် မေမေထား (မောင်မောင့်မေမေ) သည်လည်း အလွန်ခင်သော သူငယ်ချင်းများ ဖြစ်လာကြသည်။ လှိုင်နှင့် မောင်မောင်ကတော့ တအိမ်ထဲ အတူနေသော၊ ကစားစရာ လုကြသော ကလေးနှစ်ယောက် ဖြစ်လာကြသည်။ မောင်မောင်သည် လှိုင့်ထက် ခြောက်လခန့် ကြီးသော်လည်း ငယ်ငယ်ကတည်းက မောင်မောင်ဟုပင် လှိုင်နှုတ်ကျိုးနေခဲ့သည်။

ငယ်ငယ်ကတည်း လှိုင်က မောင်မောင့်ကို အနိုင်ယူခဲ့သည်ချည်းပင်။ လှိုင်ဟာ ငါးနှစ်ခြောက်နှစ် သမီးအရွယ် ကပင် စိတ်ကူးယဉ်တတ် ခဲ့သည်ဟု မောင်မောင်ကတော့ ဆိုပေမည်။

“မောင်မောင်…လှိုင်တို့ စာသင်တမ်း ကစားမယ်။ မောင်မောင်က ကျောင်းသား၊ လှိုင်က ဆရာမ။”

“အာ… ကစားချင်ဘူး။ သရေကွင်း ပစ်တမ်း ကစားမယ်လေ။”

“ဟင့်အင်း…အဲဒါကြီး ကစားချင်ပါဘူး။”

“ငါလည်း နင့်စာသင်တမ်းကြီး ကစားချင်ဘူး။”

ပထမတော့ လှိုင်တို့ နှစ်ယောက် စိတ်ကောက်ကြသည်။ မောင်မောင်က လှိုင်ကစားချင်တာ သူလိုက် မကစားချင်။ လှိုင်ကလည်း အလျော့ မပေး။ နောက်တော့ လှိုင် သစ်ပင်ရိပ်မှာ ထိုင်ရင်း သစ်ကိုင်းခြောက် ကလေးကိုင်ကာ ပျင်းလာသည်။ မောင်မောင်သည်လည်း သရေကွင်းများကို ပစ်ရင်း တစ်ယောက်တည်း ပျင်းလာပြန်၏။

“ဟေ့ လှိုင် နင်စာသင်တမ်း လည်းငါ ကစားမယ်။ နင်လည်း ငါနဲ့ လိုက်ကစားဟာ။”

“အေး ဟုတ်ပြီ။ အဲဒါဆို ငါ့ဟာ အရင်ကစားမယ်။”

မောင်မောင်က တချက် ဘုကြည့်ကြည့်ပြီး အေး..အေး ဟု ပြောတော့ လှိုင်တို့ နှစ်ယောက် ငြိမ်းချမ်းရေး ရသွားကြသည်။ ဒီလိုနှင့်ပဲ မောင်မောင်နှင့် လှိုင်တို့ ကစားနည်း နှစ်မျိုးကို တလှည့်စီ ကစားကြသည်။

ခုတော့လည်း လှိုင်တို့ နှစ်ယောက်သည် အိမ်နီးချင်း အတန်းဖော်များ။ အိမ်ချင်း ကပ်လျက်မနေသော်လည်း နှစ်လမ်းသာ ခြားသည်မို့ လှိုင်တို့ နှစ်အိမ်ကြား ချောင်းပေါက်တော့မည်ဟု ဖေဖေက တခါတလေ နောက်ပြောင်ကာ ပြောတတ်သည်။ လှိုင်ကျောင်းသွားလျှင် မောင်မောင်က လာဝင်ခေါ်မြဲ။ ထို့နောက် လှိုင်တို့ ကျောင်းသို့ အတူတူ လမ်းလျှောက်သွားကြသည်။

မိသားစုချင်း နီးစပ်၍လား မသိ။ လှိုင်တို့ နှစ်ယောက်သည် ၀ါသနာချင်းပါ တူကြပြန်သည်။ အပြင်စာအုပ်များ လဲလှယ်၍ ဖတ်ကြသလို၊ ရုပ်ရှင်ကောင်းကောင်း ကြည့်မိလျှင်လည်း တစ်ယောက်ကို တစ်ယောက် သတိရတတ်ကြသည်။ ၀တ္ထုကောင်းကောင်း ဆိုလျှင်လည်း နှစ်ယောက်လုံး မလွတ်စတမ်း။ ဒီလိုနှင့် တခါတရံမှာ လှိုင်သည် မောင်မောင့်ကို ယောက်ျာလေး တစ်ယောက်အဖြစ် မေ့နေတတ်ပြီး လှိုင့်အချစ်ဆုံး သူငယ်ချင်း တစ်ယောက်အဖြစ်သာ မြင်မိသည်။ မေမေထားက တခါတရံ ချွေးမတော်ချင်သည် ဗျောင်ကြီး ဖွင့်ပြောလာမှသာ လှိုင်ရှက်သလိုလို ဖြစ်နေတတ်ပြန်သည်။

Xxx

စာသင်ခန်းဟု ဆိုသော နေရာလေးမှာ ရိုးစင်းလှချေသည်။ ကျောက်သင်ပုန်းအကြီး တစ်ချပ်မှ လွဲ၍ စာသင်ခန်းနှင့် တူသည့် အရာမရှိဟု လှိုင်တွေးနေမိသည်။ ဆယ်တန်းအပြီးမှာတော့ ခံယူချက်တူသော သူငယ်ချင်းအချို့နှင့် တွဲမိရင်း ဒီလုပ်အားပေး ကျောင်းလေးသို့ ရောက်လာခဲ့သည်။ လာတက်ကြသော ကလေးများမှာ လက်လုပ်လက်စား မိသားစုမှာ ဆင်းသက်လာသူ အများစု။ ကျူရှင်ဆိုသည့် ပြင်ပသင်တန်းများ အတွက် အပိုဝင်ငွေလည်း မတတ်နိုင်၊ မိဘများကလည်း စာပြပေးရန် အချိန်မရှိ၊ အခြေအနေ မရှိသော ကလေးများ အတွက် ဖြစ်သည်။

ဆယ်တန်းပြီးကာစ အကျိုးရှိသော အလုပ်တခုခုကို လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လှိုင့်သူငယ်ချင်း တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဒီသင်တန်းကလေးကို ရှာတွေ့ခဲ့သည်။ စလုပ်ကာစက သွားရေးလာရေး အဆင်မပြေသည်က တကြောင်း၊ ညစ်ပတ်ဆူညံသော ကလေးများကို မယဉ်ပါးသေးသည်က တကြောင်း လှိုင်မပျော်ခဲ့။ တစ်လခန့် ကြာတော့ ထိုသင်တန်းလေးသည် လှိုင့်အတွက် အဓိပ္ပာယ်ရှိလာခဲ့သည်။ အိမ်စာလုပ်ရမည့် အစား အိမ်တွင်ကလေးထိန်း နေရသော ကလေးများကို သနားတတ်လာ ခဲ့သည်။ ကျောင်းမသွားဘဲ မိဘနှင့် အတူဈေးလိုက်ရောင်း ပေးနေရသော ကလေးများကို ကူညီချင်လာသည်။ ဒီလိုနှင့်ပင် မောင်မောင့်ကိုပါ ဆွယ်တရား ဟောမိပြန်သည်။

“မောင်မောင် နင်ငါနဲ့လိုက်ပြီး စာလိုက်သင် ပါလား။ ကလေးတွေ သနားပါတယ်။”

“ငါစာမှ မသင်တတ်ဘဲ လှိုင်ရယ်။”

“ကလေးတွေကို ကူရုံပါဘဲဟာ။ တကယ်စာသင်တာမှ မဟုတ်ဘဲ။ မခက်ပါဘူး။ ပြီးတော့ အများစုက မူလတန်းလေးတွေ။ နင်လည်း အားနေတာပဲ။ ငါလည်း အဖော်ရတာပေါ့။”

လှိုင်ပြောလွန်းတော့လည်း သူလှိုင့်အလိုကို လိုက်ခဲ့သည်။ သူကလေးများနှင့် လုံးပမ်းနေတာကို ကြည့်ရင်း ဒီလိုတော့လည်း ဟုတ်နေသားဟု လှိုင်ပြုံးမိပြန်၏။ ဒါပေမယ့် ထိုအချိန်ကတည်းက လှိုင်တို့နှစ်ယောက်၏ ကွာခြားချက်ကို လှိုင်သိဖို့ ကောင်းခဲ့သည်။ ဒါပေမယ့် လျစ်လျူရှုခဲ့သည်မှာ လှိုင့်အပြစ်ပဲလား။ မသိချင်သောကြောင့်ပင် မသိချင်ယောင်ဆောင်ခဲ့သည်လား။ လှိုင်နောင်တ မရချင်တော့ပါ။

xxx

ဆယ်တန်းအပြီး တစ်နှစ်အကြာမှာ လှိုင်တို့ နှစ်ယောက်လုံး နိုင်ငံခြားတွင် ကျောင်းဆက်တက်ရန် အခွင့်အရေးပေါ်လာခဲ့သည်။ တကျောင်းတည်းတွင် တက်ရမည်မို့ လှိုင့်အိမ်ကရော၊ မောင်မောင့်အိမ်ကပါ ၀မ်းသာအားရရှိ နေကြသည်။

“နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ဖော် ရတာပေါ့။ ရန်လည်း ဖြစ်မနေကြနဲ့ဦး။ မောင်မောင် မဟုတ်တာလုပ်ရင် မေမေထားတို့ကို ပြန်တိုင်နော် လှိုင်။”

လေယာဉ်ပေါ် တက်ကာနီး မောင်မောင့် အမေက မှာနေသေးတော့ နှစ်ယောက်လုံး ရယ်ကျဲကျဲ လုပ်နေကြသေးသည်။

ပတ်ဝန်းကျင် အသစ်နှင့် နေသားကျအောင် ကြိုးစားရင်း၊ လွတ်လပ်မှုနှင့် တာဝန်သိမှုကို ချိန်ထိုးရင်းနှင့်ပင် လှိုင်တို့ တစ်ယောက်ကို တစ်ယောက် အားပေးကူညီခဲ့ကြသည်။ မဆန်းသော်လည်း မရိုးနိုင်သော ဇာတ်လမ်းလေး တစ်ပုဒ် အတိုင်း တက္ကသိုလ် ပထမနှစ် အဆုံးမှာ လှိုင်တို့နှစ်ယောက် တရားဝင် ရည်းစားများ ဖြစ်လာကြသည်။ နည်းနည်းလေးမှ ရင်ခုန်ဖွယ်ရာ မကောင်းသော်လည်း လှိုင်ကတော့ ထိုအကြောင်းအရာလေးကို ပြန်တွေးတိုင်း စိတ်ထဲတွင် နွေးထွေးလာမြဲ။

“လှိုင်… နင့်ကို ငါချစ်နေတာ ကြာလှပြီ။”

လှိုင်တနေ့တွင် ဒီစကားကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူပြောလာသော အချိန်နှင့်နေရာတွင်တော့ မျှော်လင့်မထား။ အဲဒီအချိန်တုန်းက အလုပ်ဆင်းချိန် ကျောင်းဆင်းချိန် လူကျပ်သော ရထားတစ်စင်းပေါ်တွင် လှိုင်တို့ နှစ်ယောက် ရှိနေကြသည်။ မိန်းကလေးတို့ ထုံးစံအတိုင်း လှိုင်ရှက်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း မောင်မောင့်ကို လက်ထဲတွင် ကိုင်ထားသောစာအုပ်နှင့် ရိုက်ဖို့သာ သတိရခဲ့သည်။

“ဟဲ့… ဒီအချိန်ကြီးမှာ ငါ့ကို ရည်းစားစကား ပြောရသလား။ ဒီလောက်လူတွေ အများကြီးကို။”

“အို…သူတို့မှ ဗမာစကား နားမလည်ဘဲ။ အရေးမကြီး ပါဘူး။ ဒီစကားက နင်နဲ့ငါနဲ့ပဲ နားလည်တယ်။ အဲဒီတော့ လူတွေကြားထဲ ပြောပြော၊ နှစ်ယောက်ရှိမှ ပြောပြော တူတူပဲပေါ့။”

သူပြောသော စကားကို စဉ်းစားကြည့်တော့လည်း ဟုတ်သယောင်ယောင်။ အဲဒီတော့မှ လှိုင်ရှက်ပြုံးပြုံးရန် သတိရသည်။

“ငါ့ကို အဖြေပေးဦးလေ။”

“နင်ပဲ အဖြေသိပြီးသားဆို။ သိရင်လည်း ပြီးရောပေါ့။”

“ဟာ နင်ပြောတာကို ကြားချင်တယ်။”

ထိုအချိန်တွင် ရထားက ဘူတာရုံတွင် ဆိုက်သွားသည်။

“ကဲ ရထားဆိုက်ပြီ။ ဆင်းရအောင်။ နောက်မှ အဖြေတောင်း။”

“အဖြေ အရင်ပေး။”

ပေကတ်ကတ်နှင့် ထိုင်နေသော မောင်မောင့်ကို ကြည့်ကာ လှိုင်ပြန်ညစ်ချင်လာသည်။

“အေး… နင်မဆင်းချင်လည်း လိုက်သွား။ ငါတော့ ဆင်းပြီ။”

လွယ်အိတ်ကို ပိုက်ကာ ထလာတော့ မောင်မောင်လက်လျော့ လိုက်ရသည်။ လူများကို တိုးဝှေ့ကာ လှိုင်နောက်က အပြေးကလေးလိုက်လာရင်း လှမ်းပြောသည်။

“ကဲ ပေးတော့ အဖြေ။”

“အေး ချစ်တယ်။ ချစ်တယ်။ ဒါလေးတောင် မသိဘူးလား။ မေးနေရသေးလား။”

ထိုအချိန်မှာ ရထားနောက်တစ်စင်း ဖြတ်သွားသည်။ လှိုင့်အသံ အားလုံးကို ရထားသံက ဖုံးလွှမ်း၍ သွား၏။

“ငါ ဘာမှ မကြားရဘူး။ ပြန်ပြောဦး။”

“တခါပဲ ပြောတယ်။ နှစ်ခါ မပြောဘူး။”

လှိုင့်စကားကို မကြားသော်လည်း လှိုင့် အပြုံးကို ကြည့်၍ သူဖတ်နိုင်မည်ကို လှိုင် အကြွင်းမဲ့ ယုံကြည်ပါသည်။

xxx

ဒုတိယနှစ်တွင် လှိုင်တို့ အလွန်ပျော်ခဲ့ကြသည်။ အစကတည်းက အလွန်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်သည်မို့ ဘာပြဿနာမှ မရှိခဲ့။ လှိုင်တို့ နှစ်ဖက်မိဘများကိုလည်း အသိပေးခဲ့ကြပြီ။ သူတို့၏ သဘောတူညီချက်ကိုလည်း ရသည်မို့ လှိုင်တို့ နှစ်ယောက်ကြားတွင် ဘာမျှ အခက်အခဲ မရှိသယောင်။

ဒီလိုနှင့် မောင်မောင့်ကို လှိုင်နာမည် တလုံးလျော့ ခေါ်ခဲ့သည်မှ အပ အရာရာသည် သမားရိုးကျ အတိုင်း ဆက်လက် ဖြစ်ပျက်နေခဲ့သည်။ ဒုတိယနှစ်တလျှောက် မောင်မောင်က ကွန်ပျူတာ သိပ္ပံနှင့်ပတ်သက်သော အတန်းများကို ယူနေခဲ့သည့် အချိန်မှာ လှိုင်ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြောင်း၊ လူ့အရင်းအမြစ် ဖွံဖြိုးမှု အကြောင်း၊ လူမှုရေးဗေဒ အကြောင်းများကို လောဘတကြီး လေ့လာ နေခဲ့သည်။ မောင်မောင်ကတော့ လှိုင့်စိတ်ဝင်စားမှုကို ၀င်ရောက်ဆွေးနွေး ရုံမှအပ ဘေးလူ တစ်ယောက် အဖြစ်သာ နေခဲ့သည်။

“မောင်… ဒီစာအုပ်ထဲမှာ ကိုလိုနီစနစ် မရှိတော့လို့ နိုင်ငံတချို့ မတိုးတက်ဘူး လို့ဆိုထားတယ်။ ကိုလိုနီနိုင်ငံတွေက ကလေးတွေလိုပေါ့။ လွတ်လပ်ရေး လိုချင်ပါတယ်၊ လိုချင်ပါတယ်နဲ့ တောင်းနေ လို့သာ ပေးလိုက်ရပေမယ့်၊ လွတ်လပ်ရေး အတွက် အဆင်သင့် မဖြစ်သေးလို့ ခုလိုမျိုး မတိုးတက်ရတာတဲ့။ နင်လက်ခံလား။ ငါတော့ မထင်ဘူး။ ကိုလိုနီ အစိုးရ ရှိနေလည်း သူတို့ လက်အောက်ခံ နိုင်ငံတွေ အပေါ်မှာ ဂုပ်သွေးစုပ်နေဦးမှာပဲ။ ဒီလိုနဲ့ပဲ တိုးတက်ဦးမှာ မဟုတ်ပါဘူး။”

“အေးလေ… ဒါကတော့ ကိုလိုနီ စနစ်ကို လိုလားတဲ့ လူတချို့က ပေးတဲ့ ဆင်ခြေပေါ့ဟာ။ သူတို့ပြောတဲ့ တိုးတက်မှု ဆိုတာ စီးပွားရေး တိုးတက်မှုကို အဓိကထားတာ ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ့်နိုင်ငံမဟုတ်ရင် ဘယ်သူကတော့ ယဉ်ကျေးမှုတို့၊ ဘာသာစကားတို့ကို အားပေးမှာလဲ။”

“အင်း… ဒါဖြင့်ရင် သူများလူမျိုး လက်အောက်မှာ ကျွန်ဖြစ်ရတာတဲ့ စာရင် ကိုယ့်လူမျိုး လက်အောက်မှာ ကျွန်ဖြစ် ရတာက ပိုကောင်း မှာပေါ့နော်။”

“နင်ကလည်း ငါ့ကို အငေါ်မတူး စမ်းပါနဲ့။ ဖြစ်ပြီးတဲ့ ကိစ္စတွေက ပြီးနေပြီ။ ကိုလိုနီ ပြန်ဖြစ်ချင်ရင်တောင် ဖြစ်လို့ မရတော့ဘူး။ ရှေ့ဆက် ဘာလုပ်လို့ ရလည်းဆိုတဲ့ စာအုပ်မျိုးပဲ ဖတ်စမ်းပါ။”

“အေးပါဟယ်။ မောင်ကလည်း စိတ်ချည်းပဲ။ ငါက စိတ်ထဲစဉ်းစားမိတာ ပြောပြတာပါ။ ကိုလိုနီစနစ်ကိုလည်း ငါက အားမပေးပါဘူး။”

လှိုင်မျက်စောင်းထိုးပြီး ပြောတော့လည်း မောင်မောင်က ပြုံး၍ နေသည်ကို ကြည့်ရင်း အမြဲတမ်းသာ လှိုင်တို့ နှစ်ယောက် ဒီလိုငြင်းခုန်ခွင့် ရနေလျှင် ကောင်းမှာပဲဟု တွေးနေမိပြန်သည်။

(ဆက်ရန်)

Saturday, 23 August 2008

ဆင်ခြေ

ခုတလော အလုပ်က များတာမို့ ညနေ အိမ်ပြန်ရောက်တဲ့ အချိန်တွေမှာလည်း လူကတော်တော့်ကို မောနေပါပြီ။ ရေမိုးချိုး၊ စားစရာရှိတာ စားပြီးရင် စာအုပ်တစ်အုပ်နဲ့ ကွေးချင်စိတ်ကပဲ များနေပါတယ်။ ဒီလိုနဲ့ တဖန်ရောက်ခဲ့ ပြန်ပါပြီ သောကြာနေ့ညကို။ သောကြာနေ့ညနေတွေကို ပုံရိပ် အကြိုက်ဆုံးပါပဲ။ မြန်ဆန်လွန်းတဲ့ နေ့တွေ ခေတ္တရပ်ဆိုင်းပြီး နောက်တနေ့မှာလည်း အလုပ်သွားစရာ မလိုတာမို့ စိတ်လွတ်လက်လွတ် နေလို့ရပါတယ်။ အဲဒါနဲ့ စားချင်တာစားပြီး ကွန်ပျူတာရှေ့ ထိုင်ပါတယ်။ ရေးလက်စလေး ဆက်ရေးမယ်ပေါ့။ ရေးလက်စက ရှိပေမယ့် ရေးနေကြ မဟုတ်တဲ့ အချစ်ဇာတ်လမ်း ဆိုတော့ ရေးရတာ သိပ်မသွားပါဘူး။ (ကြော်ငြာ ၀င်ထားတာ။) ပြောချင်တဲ့ အကြောင်းအရာကလည်း လိုရှင်း မရောက်ခင် တန်ဆာပလာလေးတွေ ထည့်နေရတော့ ခါတိုင်း ရေးတဲ့ ပို့စ်တွေထက် ပိုရှည်နေပါတယ်။ မနက်ကတော့ အလုပ်အသွားမှာ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ဟုတ်လို့ပဲ။ ရေးချင်စိတ်လေး ပြင်းထန်နေတယ်။ အခုတော့ ရေးရမှာ လက်တွန့်နေပြန်ရော။

ဒါနဲ့ ပျင်းပျင်းနဲ့ စဉ်းစားရင်း ခေါင်းကိုမော့လိုက်တော့ လား…လား…။ မျက်နှာကြက်ပေါ်မှာ ပိုးဟပ်တစ်ကောင်။ ပိုးဟပ်မှ အမိမြန်မာပြည်က ပိုးဟပ်နှင့် ဆွေမျိုးတော်ဟန်တူတဲ့ ပိုးဟပ်။ ဒီမှာက တချို့ပိုးဟပ်ကလေးတွေက သေးပါတယ်။ တော်တော်လေးသေးတယ်လို့ ဆိုရမှာပါ။ ပိုးဟပ်ဆို ကြီးကြီးသေးသေး ပုံရိပ် အလွန်မုန်းပါတယ်။ အိမ်ကို တပ်နိုင်သလောက် သန့်သန့်ရှင်းရှင်း ထား၊ စားကြွင်းစားကျန်တွေ သပ်သပ်ရပ်ရပ် သိမ်းတာတောင်မှ ဒီပိုးဟပ်က ဘယ်ကရောက် လာတာလဲပေါ့။ (ဖြေရှင်းချက် ပေးကြည့်တာ။)

ခက်တာက သူက မီးဖိုထဲမှာ မဟုတ်ဘဲ အိပ်ခန်းထဲ ရောက်နေတာ။ ဒါနဲ့ မဖြစ်ဘူး ဆိုပြီး ခုံတစ်လုံးနဲ့ မျက်နှာကြက်ကို မီအောင် လုပ်ရပါတယ်။ ပြီးတော့ ကပ်ထူစက္ကူ အလိပ်တစ်လိပ်နဲ့ ပိုးဟပ်လိုက်ရိုက် ပါတော့တယ်။ ပိုးဟပ်ကလည်း သိပ်လျင်ပါတယ်။ ခုံအောက်ကနေ စားပွဲအောက်ရောက်။ ဗီရိုနားရောက်။ နောက်တော့ ရှာမတွေ့တော့ ပါဘူး။ ကိုယ့်ကိုယ်ပေါ်များ ရောက်နေလားဆိုပြီး လိုက်ရှာကြည့် ရသေးတယ်။ တစ်ယောက်တည်း ရှုပ်နေတာပေါ့။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကြာရှာ ကြည့်ပါသေးတယ်။ နောက်တော့ ရှာမတွေ့တဲ့ အဆုံး လက်လျော့လိုက် ရပါတော့တယ်။

ခုံမှာ ပြန်ထိုင်တော့ ရေးလက်စ၊ စဉ်းစားလက်စ ဇာတ်လမ်းလေးလည်း ဘယ်ရောက်သွားတယ် မသိ။ မျက်စိကလည်း ဘယ်နားမှာများ ပိုးဟပ်ပုန်းနေ မလဲ ဆိုပြီး ဟိုကြည့်ဒီကြည့်။

နောက်ဆုံး မီးမှိတ် အိပ်ယာဝင်တဲ့ အထိ ပိုးဟပ်ကိုလည်း မတွေ့ပါဘူး။ စာမျက်နှာပေါ်မှာလည်း ဘာမှ မရေးဖြစ်လိုက် ပါဘူး။

(ပြီးကာနီး ပါပြီ။ ဒီပိတ်ရက်မှာ ပြီးအောင် ရေးမယ်။ ကြွေးကြော်ထားတာ။)

Thursday, 31 July 2008

ငါးပိကြော်၊ ထမင်းကြမ်းနှင့် ပေါင်မုန့်

တံခါးအဖွင့်မှာ အရာရာသည် တိတ်ဆိတ်လျက်။ အားလုံးနေသား တကျရှိနေသော အိမ်ကို ဝေ့ကာကြည့်ရင်း ဒီနေ့ညနေ ဘာစားရပါ့ဟု အစောတလျင် တွေးမိသည်။ တကြုတ်ကြုတ်နှင့် ဆာလှပြီ ဖြစ်သော ဗိုက်ကို ရေတစ်ခွက်နှင့် နှစ်သိမ့်ရင်း ရေခဲသေတ္တာကို ဖွင့်သည်။ ဗီရိုများကို ဖွင့်သည်။ တနေ့က လူကြုံပို့လိုက်သော ငါးပိကြော် တစ်ထုပ်က ရေခဲသေတ္တာထဲမှာ ဆီများခဲကာ လဲလျောင်းလျက်။ ထမင်းအိုးထဲမှာ ထမင်းကြမ်း တချို့ကျန်သေးသည်။ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းကို အနည်းငယ်မျှ အပူပေးကာ ငါးပိကြော်နှင့် အားရပါးရနယ်စားမိသည်။

xxx

လက်ဖက်ရည် ဆိုင်သည် အရင်လိုပင် ဆူညံလှုပ်ရှား ရုန်းကန်လျက်။ စားပွဲထိုးလေး များသည် တ၀ိုင်းမှ တ၀ိုင်း လူးလာ ခေါက်တုံ့။ သူတို့ကို ကြည့်ရသည်မှာ ပျော်လာသလိုလို၊ မောလာသလိုလို။ သူနာရီကို မော့ကြည့်မိတော့ ဆယ်နာရီထိုးတော့မည်။ လက်ပတ်နာရီ မပတ်ဖြစ်တာ အတော်ကြာခဲ့ပြီ။ အချိန်တွေက သူ့ကို အမြဲတုပ်နှောင်သည်ဟု ထင်သည့်နေ့မှ စ၍ သူနာရီ မပတ်ဖြစ်တော့။ ရောက်တတ်ရာရာ တွေးရင်း သူငယ်ချင်းများ အလာကို စောင့်နေမိသည်။ မြန်မာပြည်ကို ပြန်ရောက်ပြီး ကတည်းက သူငယ်ချင်းများနှင့် မတွေ့ရသေး၍ စိတ်လှုပ်ရှား နေမိဆဲ။

` မကြာခင် လက်ဖက်ရည်ဆိုင်မှာ ပိုပြီး အသက်ဝင်လာ သလို။

“ဟဲ့…. နင်က အရင်က ရုပ်အတိုင်းပဲ။ ငါက မှတ်မှ မှတ်မိပါ့မလားလို့။”

“ကြည့်စမ်း။ မိန်းမ နင်က ၀လာတာပဲ။ ရည်းစားတွေ ဘာတွေများရနေပြီလား။”

“နင်က ငါ့တို့ဆီကို စာတောင် မရေးဘူး။ ဘာတွေ မအားဖြစ်နေ သလဲ။”

အရင်ကလိုပင် သူတို့အားလုံး စကားလုပြောလို့ မပြီး။ သူတို့ဆီမှ ယနေ့မြန်မာပြည်၏ အတင်း၊ သတင်းမျိုးစုံကို ကြားရသည်။ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရန် သူတို့ဆီမှ ပြန်လည် သင်ယူရသည်။ ဘယ်ကြော်ငြာကတော့ ဘယ်လိုရယ်စရာ ကောင်းသည်၊ ဘယ်သီချင်းက ပေါက်သွားသည် စသည်ဖြင့်။ နှစ်နာရီခန့်ကြာသွား သည်ထင်သည်။ အားလုံးပြန်ကြမည်ဟု ထိုင်ရာမှ ထတော့သူ့အ၀တ်အစားကို ၀ိုင်း၍ သြဘာပေးကြသည်။

“ထမီတွေဘာတွေ နဲ့လား နိုင်ငံခြားပြန် ကြီးရဲ့။”

“အမယ်… မမ ပဲများနေတယ်ပေါ့၊ မြန်မာ အ၀တ်အစားတွေ ၀တ်လို့။”

“သြော်… ဖိနပ်ကလည်း ကတ္တီပါ ဖိနပ်နဲ့ကိုး။ အလှူသွားမှာကျ နေတာပဲ။”

“ဟယ်…နင်တို့ကလည်း သူကတခါတလေ မြန်မာပြည်ပြန်လာမှ ဒီအ၀တ်အစား ၀တ်ရတာ သူဝတ်ချင်မှာပေါ့။”

“အေးလေ…နင်တို့လို အမေကျော် ဒွေးတော်လွမ်း၊ စကပ်တဖားဖားနှင့် မဟုတ်ဘူး။ ကြည့်… ငါ့သူငယ်ချင်းက ဘယ်လောက် မြန်မာဆန် သလဲ။”

သူစိတ်နည်းနည်း တိုသွားသည်။ အရင်ကတည်းက သူမြန်မာအင်္ကျီနှင့် လုံချည်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်တတ်တာ သူတို့ သတိမရတော့ ပြီလား။ ဒါမှမဟုတ် နိုင်ငံခြားမှ ပြန်လာသူများသည် မြန်မာ အ၀တ်အစား မ၀တ်တော့ဟူသော ပညတ်ချက် ရှိပါလေသလား။ သူ့မှာ မျိုးချစ်စိတ် ဆိုတာလည်း မပြင်းထန်ပါ။ နိုင်ငံခြားပြန်မို့ မြန်မာဆန် ပြလိုခြင်းလည်း မဟုတ်ပါ။ သေချာတာ ကတော့ သူ့မှာ ဘာမှ ပြန်လည်ချေပ စရာ မရှိ။

Xxx

“အကြီးမက အခုနိုင်ငံခြားက ပြန်လာပြီးမှ အချိုးတမျိုး ပြောင်းနေတယ် မမရေ။”

အမေ့အသံကို သူအိပ်ခန်းထဲမှ ကြားတော့ ကြီးတော်ထံ အမေတိုင်နေပြီဟု ချက်ချင်း သိလိုက်သည်။

“အခုသူ့ အခန်းထဲကို အငယ်မက ၀င်မွှေရင် မကြိုက်ဘူး။ ကျွန်မ ၀င်ရှင်းပေးရင်လည်း မရှင်းနဲ့။ သူ့ဟာသူ လုပ်မတဲ့။ သူ့အခန်းတံခါးကိုလည်း ခေါက်ပြီးမှ ၀င်ပါတဲ့။ ကြီးကျယ် လာပုံများ။”

သူစာတိုပေစ လေးများ ရေးတတ်သည်မို့ သူ့အခန်းထဲမှာ သူမပြချင်သော စာများ သူတပါးမြင်လျှင် မကြိုက်။ နိုင်ငံခြားနှင့် ဘာမျှ မဆိုင်ပါ မေမေဟု အော်ပြောချင် စမ်းလှသည်။

“ဟိုတနေ့က ကျွန်မဆီကို စာတစောင်လာလို့ ဟဲ့ ဘာရေးထားလဲလို့ မေးတော့၊ မေမေ့စာဆိုတော့ သမီးလည်း မသိဘူးလေတဲ့။ ကျွန်မက ဟဲ့ ဖောက်ဖတ်လိုက် ပါလားလို့ ပြောတော့မှ ဖတ်တယ်။ သီးသန့်ဆန် လာတာလေ။ အမေနဲ့ သမီးတောင် ဒီလောက် ခွဲခြားနေရ သလား။ နိုင်ငြံခားမှာ အနေကြာလို့ အဲဒီက အကျင့်တွေ ကူးလာတယ် ထင်ပါရဲ့။”

လူဆိုတာ ကိုယ့်ကိုယ်ရေး ကိုယ်တာ ရှိရမှာပေါ့၊ မေမေရဲ့။ သူမကျေမနပ်နှင့် အခန်းထဲမှ ဆက်နားထောင်သည်။

“နောက်ပြီး ကျွန်မကိုများ ဆရာလုပ်လိုက်သေး။ သူ့ဦးလေးကိစ္စကို ကျွန်မက ၀င်ပြောမိလို့ မေမေရယ် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေပါတဲ့။ သူများကိစ္စ ၀င်မပါပါနဲ့တဲ့။ ကိုယ့်ဦးလေး အရင်းခေါက်ခေါက် ကြီးကိုများ သူများတဲ့။”

ဟုတ်တယ်လေ… မေမေတို့ပဲ အဲဒီကိစ္စတွေနဲ့ စကားများကြ၊ စိတ်ဆိုးကြနဲ့။ ရှင်းရှင်းနေတော့ မကောင်းဘူးလား။ သူတိုးတိုး ရေရွတ်ပြန်သည်။

“သြော်..ကော်ဖီဆိုရင်လည်း အခုခါးခါးမှ ကြိုက်တယ်တဲ့။ ဘလက်ကော်ဖီပေါ့။ ကော်ဖီမစ်တို့ ဘာတို့မရတော့ဘူး။ ဘိုမက…။”

မေမေကလည်း မနက်ကျရင် ပဲပြုတ်နဲ့ ထမင်းကြော်ကို ကော်ဖီနဲ့စားတာ တော့မပြောဘဲနဲ့ဟု သူတွေးမိပြန်သည်။

“အင်း သူအပြင်ထွက်သွားတယ် ထင်တယ်။ ဟဲ့ အငယ်မ.. နင့်အမ အပြင်ထွက် သွားတယ် မဟုတ်ဘူးလား။ ဟင်…အခန်းထဲမှာ…။ ကြည့်စမ်း… အခန်းထဲမှာ ရှိနေတာတောင် ကိုယ့်ကြီးတော် လာတာ ထွက်မတွေ့ဘူး။ နိုင်ငံခြားရောက် ပြီးမှ အကျင့်က…။”

xxx

ရှေ့က စာအုပ်ကို ပိတ်ကာ ခြေဆန့်လက်ဆန့်လုပ်မိတော့ ညဆယ်နာရီခန့် ရှိနေပေပြီ။ စာဖတ်ရင်း ညဖက်မှာ ဆာလာတတ်သော အကျင့်ကို သူဘယ်တော့မှ ဖျောက်နိုင်မည် မသိ။ မီးဖိုချောင်ထဲမှာ ရှိနေသော အစားအစာများကို လိုက်ကြည့်မိသည်။ ဒီညတော့ ထမင်းမစား ချင်တော့။ သူ့ဖေဖေကတော့ ငါ့သမီးဟာ ဘိုမပဲ၊ ပေါင်မုန့်ဆို သိပ်ကြိုက်တယ်ဟု ပြောဖူးသည်။ ဘိုမ ဟုတ်မဟုတ်တော့ မသိ၊ အလွယ်တကူ စားလို့ရသော ပေါင်မုန့်ကို သူကြိုက်မိတာ အမှန်ပင်။ ဘိုဆန်ချင်၍ ပေါင်မုန့်စားခြင်း မဟုတ်သည်ကိုတော့ ဖေဖေ သိစေချင် ပါသည်။

ပုလင်းထဲသို့ ရောက်ခဲ့ပြီဖြစ်သော ငါးပိကြော်ကို မျက်စောင်းထိုး ကြည့်သည်။ ပေါင်မုန့်ဆိုသည်မှာ အမြဲတမ်းထောပတ်နှင့် ဒိန်ခဲနှင့်မှ စားရသည်ဟု မည်သူက သတ်မှတ်ထား ပါသနည်း။ ဒီနေ့တော့ ပေါင်မုန့်ကို ငါးပိကြော်နှင့် စားရမည်။ အနောက်နှင့်အရှေ့စာကို ပေါင်းစားတယ် ဆိုပေမယ့်လည်း စားကောင်းရင် ပြီးတာပဲ။ အချိန်အခါ အရ တခါတလေမှာ ငါးပိကြော်နှင့် ထမင်းကြမ်းက လိုက်ဖက်သလို၊ ငါးပိကြော်နှင့် ပေါင်မုန့်ကလည်း စားလို့ကောင်းသည်ပဲ။

Monday, 21 July 2008

အိမ်ပျောက်သူ


“အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ….”

သူသီချင်းကို အသံမကြား ရတော့တဲ့ အထိ တိုးပစ်လိုက်သည်။ အိမ်ပြန်ချင်တဲ့ အလွမ်းတွေ တဲ့။ အိမ်… အိမ်ဆိုတာကို သူလွမ်းပါသေး သလား။ မရှိတော့တဲ့ အရာတစ်ခုကို လွမ်းလို့ ရပါသလား။ ဒါမှမဟုတ် မရှိတော့သည့် အရာတစ်ခု မို့ပဲ လွမ်းလာလေသလား။

သူလွန်ခဲ့သော ဆယ်စုနှစ် အတွင်း အိမ်များစွာ ပြောင်းခဲ့ရသည်။ ပထမဆုံး အိမ်က အိမ် မမြည်လှသည့် အခန်းကျဉ်းလေး တစ်ခု။ စာရေးစားပွဲ တစ်လုံး၊ ကုတင်တစ်လုံးနှင့် စာကြည့်မီးတိုင် တစ်ခု။ သူအခန်း ခြေရင်းတွင် သူပိုင်ဆိုင် သမျှ အ၀တ်အစား အားလုံးကို စုထည့်ထားသော သေတ္တာတစ်လုံး ရှိနေသည်။ အိပ်ယာဘေးတွင် သူသိပ်ကြိုက်သော အဆိုတော်၏ပုံ အကြီးကြီး တစ်ပုံ။ ခေါင်းရင်းတွင် အမေထည့်ပေး လိုက်သော ဘုရားပုံတစ်ပုံ။ သူ့အခန်းမှာ အဆောင်အယောင် ကင်းမဲ့လွန်းလှ ပါသည်။ ရိုးစင်းမှုကို သူမမှုသော်လည်း ခြောက်သွေ့မှုကို သူမုန်းမိသည်။ သူ့တနေ့တာ ကုန်ဆုံးချိန်၌ အခန်းသည် ခြောက်သွေ့စွာ သူ့ကို ဆီးကြိုလျက်။ အခန်းထဲသို့ ၀ယ်လာသော ထမင်းနှင့်ဟင်းမှာ အေးစက်ကာ နေပြီ။ တချို့ညများမှာ သူလက်ဖက်ရည် တစ်ခွက်၊ ကော်ဖီတစ်ခွက်ကိုသာ ကျိုက်ရင်း အိမ်တစ်လုံး အကြောင်းကို စဉ်းစားကာ နေမိတော့သည်။

ဒုတိယနေရာသည် ပထမနေရာထက် ပိုကောင်းသည်ဟု သူထင်သည်။ သူ့တောင့်တသည့် အတိုင်း အတန်ငယ် ကျယ်ဝန်းသော တိုက်ခန်းလေး တစ်ခုကို သူရခဲ့သည်။ အိပ်ခန်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်း အားလုံးပါသည်။ ဧည့်ခန်းမပါသော်လည်း သူ့အတွက် အရေးမကြီး။ သူ့မှာ ဧည့်သည် များများစားစား ရှိတာမှ မဟုတ်တာပဲ။ ရှိသော ဧည့်သည်များကလည်း ထမင်းစားခန်းနှင့် မီးဖိုချောင်မှာပင် ကျေနပ်နေကြသည်။ ခက်တာက ရေချိုးခန်း။ ထိုအိမ်ခန်းအတူ ပါလာသော ရေချိုးခန်းတွင် သူဘယ်တော့မှ နေသားမကျခဲ့။ အုတ်ကန်ကြီး တစ်ခုတွင် ဘေးအခန်းမှ လူများနှင့် မျှချိုးရသောကြောင့် ဖြစ်သည်။ ယောက်ျားလေး တစ်ယောက် အနေနှင့် ဇီဇာကြောင်လွန်းသည်ပဲ ဆိုဆို သူကတော့ ရေချိုးလျှင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိုးရမှ။ ကိုယ့်အတွေးနှင့်ကိုယ်၊ ကိုယ့်သီချင်းနှင့်ကိုယ်။ သည်ရေချိုးခန်းကြောင့်ပဲလား၊ တယောက်တည်း နေရ၍ပဲလား မသိ၊ ထိုအခန်းလေးကို သူ့အိမ်ဟု အပြည့် သဘောမထား နိုင်ခဲ့။

သူ့ရဲ့ ယာယီအိမ်ကို….. အိမ်ဟု သဘောထားနိုင်ခဲ့သော အိမ်။ ချစ်သူ….။ သူ့အိမ်ကို အိမ်နှင့်တူအောင် ဖန်တီးပေးခဲ့သော ချစ်သူ။ သူတို့ အားလပ်ရက်တိုင်း သူ့အိမ်ကို ချစ်သူ ရောက်လာကာ ထမင်းနှင့်ဟင်းကို စိတ်ပါလက်ပါ ချက်ပေးခဲ့သည့် မီးဖိုချောင်။ သူ့မီးဖိုချောင်လေးမှာ ကျဉ်းသောကြောင့် သူတို့နှစ်ယောက် တိုက်မိကြတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြသော အချိန်ကာလများ။ သူတို့နှစ်ဦး နှစ်သက်စွာ သီချင်းတွေ အတူနားထောင် ခဲ့ကြသည့် ကက်ဆက်ကလေး။ ချစ်သူကိုယ်တိုင် ရွေးချယ်ပေး၍ သူ့အခန်းတွင် ချိတ်ပေးခဲ့သည့် ပန်းချီကားလေး တစ်ချပ်။ ဒီအငွေ့အသက်တွေနှင့် နေရသည့် အခန်းလေးမို့ သူထိုအိမ်မှာ ပျော်ပိုက်တာ တကယ်တော့ မဆန်းလှပါ။ သို့ပေမယ့် ကံကြမ္မာက အခြေအနေ မပေးသောကြောင့် သူတို့နှစ်ယောက် လမ်းခွဲခဲ့ရသည့် အခါမှာလည်း သူအလွမ်းတွေနှင့် ထိုအိမ်ကလေးကို တွယ်တာ နေမိ၏။ အိမ်ကတော့ သူ့အိမ်မဟုတ်ခဲ့ပါ။

အိမ်…။ သူအရင်တုန်းက နေခဲ့သည့်အိမ်။ မွေးကတည်းက နေခဲ့သည့် အိမ်ကရော။ နှစ်ပေါင်းများစွာ အိမ်မှထွက်လာပြီးနောက် အိမ်ပြန်ရမည့် အချိန်ကို သူပျော်ရွှင်စွာ မျှော်လင့် နေခဲ့သည်။ အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရ တော့မည် တဲ့လား။ မိသားစုနှင့် သူငယ်ချင်းတွေ၊ မိတ်ဆွေများ အတွက် လက်ဆောင် ပစ္စည်းများကို စုဆောင်းရင်း စိတ်လှုပ်ရှားစွာ အိမ်ပြန်ချိန်ကို စောင့်စားခဲ့သည်။

အိမ်ကိုရောက်တော့၊ သူမျှော်လင့်ခဲ့သော အိမ်ကို ရောက်တော့….။ သူနှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော ကြမ်းပြင်တို့သည် အချိန်၏ တိုက်စားမှုဖြင့် မှေးမှိန်ခဲ့ပြီ။ ညနေတိုင်း သူထိုင်ကာ စာဖတ်ခဲ့သော တံခါးပေါင်ကို လက်ဖြင့် အသာ ပွတ်တိုက်ရင်း အရင်က ထိုင်ခဲ့သော တံခါးပေါင်ကလေးကို သူလွမ်းဆွတ် နေမိသည်။ သူငယ်စဉ်က မိုးရွာတိုင်း ရေငွေ့တို့ဖြင့် ရေးဆော့ခဲ့သည့် ပြတင်းမှန်တို့သည် ခုတော့ အသစ်ဖြစ်ခဲ့ပြီ။ သူသိပ်ကြိုက် ခဲ့သော ကက်ဆက်လေး၏ နေရာတွင် သူ့ညီလေး ၀ယ်ထားသော နောက်ဆုံးပေါ် ကက်ဆက် အသစ်တစ်လုံး ရောက်၍ နေသည်။ သူဂစ်တာထိုင်တီး ခဲ့သော အိမ်ရှေ့မှ အုတ်ခုံလေးသည် မိုးရေတိုက်စားမှု ဖြင့်ပြိုယွင်း နေပြီ။

ဟောင်းသော်လည်း အရင်အတိုင်း မဖြစ်ပြီ။ သစ်တိုင်းလည်း မကောင်းခဲ့ပြီ။ သူဘယ်သူ့ကို အပြစ်တင်ရမည် မသိ။ အရင်က အိမ်သည် မရှိတော့ပြီ။ အမေနှင့် အဖေသည် သူပြန်လာသည့် အတွက် ၀မ်းသာ၍ မဆုံး။ အမေသည် သူကြိုက်သော ဟင်းများကို တစ်မျိုးပြီး တစ်မျိုးပြီး ချက်ကျွေးရင်း ပျော်နေတော့သည်။ သူပြန်လာရသည်ကို ပျော်သော်လည်း သူသည် အိမ်သို့ပြန်မရောက် ခဲ့တော့ပြီ။ အရင်က သူတွယ်တာခဲ့သော အိမ်ကို ဘယ်တော့မှ ပြန်မရောက်နိုင်ပြီကို သူရေးရေး နားလည်လာသလို။ အတိတ်ကို ပြန်မရနိုင် သလို၊ သူ့ငယ်ဘ၀ကို ပြန်မရနိုင် သလို၊ သူ့စိတ်တွင်းမှ အိမ်ကလေးသည် ဟိုးအဝေးမှာ ကျန်ခဲ့ပြီ။ သူသည် အိမ်ကလေးနှင့် အတူ ပြောင်းလဲခဲ့ခြင်း မဟုတ်။ သူ၏ အပြောင်းအလဲ များကိုလည်း အိမ်ကလေးက မသိခဲ့။ ထို့ကြောင့် သူနှင့် အိမ်ကလေးသည် ဝေးကွာခဲ့ပြီ။

အဇ္ဇျတ္တတွင် စွဲငြိမှု မရှိတော့ပြီမို့ သူ့တွင်အိမ်မရှိ တော့ပြီလား။ ဒီလိုနဲ့ပဲ သူ့မှာ ကိုယ်ပိုင်အိမ်မရှိကြောင်း တဖြည်းဖြည်း သဘောပေါက် လာခဲ့သည်။