Sunday, 28 December 2008

လေယာဉ်ကွင်းမှာ

လေယာဉ်ကွင်း…။ လူတွေ ပျားပန်းခတ်မျှ များပြားနေသည်။ ပိတ်ရက်မို့ မိသားစုဆီ ပြန်လာကြသူများ၊ မိသားစုဆီ ပြန်သွားမည့်သူများ။ အိတ်ကြီးအိတ်ငယ်နှင့် ခပ်သုတ်သုတ် လျှောက်သွားကြသူများ။ ကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့်၊ အိတ်တွေ မနိုင်မနင်းနှင့် စုံတွဲတွေ။ ထိုင်နေရာမှ သူ လူတွေကို လိုက်ကြည့်နေဖြစ်သည်။ ချစ်သောသူ၏ လေယာဉ်က ဆိုက်မလာသေး။ လေယာဉ်ဆိုက်ရာ လိုဏ်ခေါင်းများမှ လူအတော်များများ လျှောက်လာနေကြသည်။ အေးသော ဒေသမှ လာခဲ့ဟန်တူသည်။ အားလုံး အနွေးထည်ထူထူ၊ ကုတ်အင်္ကျီလက်ကချိတ်လျက်…။

သူ့နံဘေးမှာ ထိုင်နေသော အဒေါ်ကြီး တစ်ယောက်ကတော့ သူ့သမီးကို လာကြိုသည်ဟု ပြော၏။ လေယာဉ်ကလည်း ကြာလိုက်တာနော်။ ဆိုက်သင့်နေပြီဟု စိတ်မရှည် လှစွာ ရေရွတ်နေသည်။ လေယာဉ်အခြေအနေကို ဖန်သားပြင်ပေါ်မှာ စစ်ကြည့်တော့ လေယာဉ်က စ၍ ဆင်းနေပြီတဲ့။ သူပျော်သွားသည်။ မကြာခင် လေယာဉ်ဆိုက်တော့မည်။

သူ့ရှေ့မှာ မိသားစုတစ်စု ဖြစ်ဟန်တူသော လူတစ်စု ရပ်နေကြသည်။ အမျိုးသမီးက လူလတ်ပိုင်း အရွယ်။ ၁၃နှစ် ၁၄နှစ် အရွယ် ကောင်လေး တစ်ယောက်လည်း ပါသည်။ အသက်နှစ်ဆယ် အရွယ်ခန့် အမျိုးသား တစ်ယောက်လဲ ပါသည်။ သူတို့လက်ထဲတွင် “အိမ်အပြန်ကို ကြိုဆို ပါတယ် အစ်ကိုရွိုင်ယင်” ဟု ရေးထားသော ကဒ်ထူပြားတစ်ပြား ကိုင်ထားသည်။ သူတို့အားလုံး ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေကြသည်။ ကောင်လေးက အပေါက်ဝဘက်ကို မျှော်ကြည့်လိုက်၊ ကဒ်ပြားကို ထောင်လိုက်နှင့်။ ထိုအချိန်မှာ ပြောက်ကျား ၀တ်စုံနှင့် စစ်သားတစ်ယောက် ထွက်လာသည်။ အမျိုးသမီးက ထိုစစ်သားကို လှမ်း၍ မေးသည်။ ရှင်တို့ ဘယ်လေယာဉ်နဲ့ လာကြတာလဲတဲ့။ စစ်သားက ပြန်ဖြေသည်။ အမျိုးသမီးက သူ့ အစ်ကို (သို့မဟုတ် မောင်) ကိုလာကြိုသည်တဲ့။ ကျွန်မ အစ်ကို (မောင်)လဲ အဲဒီလို စစ်ဝတ်စုံမျိုး ၀တ်ထားတာ ဟုပြောနေသော သူ့အသံမှာ တက်ကြွနေသည်။ သူတို့ ပြောတာကို နားထောင်ရင်း ကိုယ်ပါ လိုက်ပျော်နေမိသည်။

အနီးအနားမှာ ထိုင်နေသော အမျိုးသမီး တစ်ယောက်က သူ့ညီမကို လာကြိုသည်တဲ့။ လေယာဉ်ကွင်းနှင့် သူ့အိမ်က တစ်နာရီလောက် ကားမောင်းရတာမို့ လေယာဉ်ဆိုက်ဖို့ကို စိတ်စော၍ နေ၏။ ရာသီဥတုက ဒီနေ့ သိပ်မဆိုး၍ တော်သေးသည်ဟု ပြောနေသေးသည်။ သူတို့အိမ်က ရေကန်လေးတစ်ကန် နံဘေးမှာ ရှိသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် နေလို့ ကောင်းသော်လည်း အရာရာနှင့် ဝေးသည်မို့ မြို့ထဲ တခါထွက်ဖို့ အရေး ကားအကြာကြီး မောင်းရသည်ဟု ညည်းနေသေးသည်။

ချစ်သောသူကို လာကြိုသော သူကရော….။ သူကတော့ ချစ်သောသူကို တွေ့ရမည့် အတွက် ရင်ခုန်၏။ မျှော်ရတာကို ပျော်ပါသည်။ ဟုတ်တယ်လေ။ နှုတ်ဆက်ရတာထက် စာလျှင် မတွေ့ခင် မျှော်လင့်ရတာကို သူကြိုက်ပါသည်။

ခရီးသည် နောက်တသုတ် ခပ်သွက်သွက် လမ်းလျှောက်လာနေသည်။ အားလုံးက လိုရာခရီးကို ရောက်စေချင် နေကြသည့် အသွင်။ ဟော.. တွေ့ပါပြီ။ လူအများကြားထဲမှ သူမျှော်နေသော သူ။ ထိုင်ရာမှ ထလိုက်သည်။ ရပ်နေရာမှ မရွှေ့မိဘဲ ပြုံးပြနေမိသည်။ အနီးကပ်လာတော့ သူ့ကို လှမ်းဖက်၍ နှုတ်ဆက်သည်။ သူတို့ နံဘေးမှ စစ်သားလူငယ်ကို ကြိုနေသော လူစုမှာ ကြွက်စီ ကြွက်စီ ညံ၍ နေသည်။ သူတို့နှစ်ဦး စကားတပြောပြောနှင့် ကားဆီကို လျှောက်လာကြသည်။

ကြိုဆိုပြီးလျှင်တော့ ခွဲခွာရဦးမည်။ လေယာဉ်ကွင်း၌ ကြိုကြသည်။ လေယာဉ်ကွင်း၌ ငိုကြသည်။ လေယာဉ်ကွင်း၌ မျှော်ကြသည်။ လေယာဉ်ကွင်း၌ ပျော်ကြသည်။ နှစ်တစ်နှစ်လိုပါပဲ။ ကြိုပြီးလျှင် နှုတ်ဆက်ရမည်။ လေယာဉ်ကွင်းကတော့ သူ့တာဝန်သူ ထမ်းဆောင် နေပေလိမ့်မည်။ နှုတ်ဆက်ခြင်း အကြောင်းကို မသိကျိုးကျွံ ပြု၍ ဒီညတော့ သူပျော်လိုက်ဦးမည်။

Monday, 15 December 2008

ထွက်ပြေးသူရဲ့ အရိပ်

ရေးဖို့ အကြောင်းအရာ ခေါင်းထဲမှာ မယ်မယ်ရရ စဉ်းစားလို့ မရဖြစ်နေတယ်။ ဘာမှ မတင်ဖြစ်တာ ကြာတော့ မျက်နှာပူ လာတယ်။ (ဘလောက် ငရဲမင်းနဲ့လဲ ထပ်မတွေ့ချင်ပါ။) ဒါနဲ့ပဲ ကဗျာလေး တစ်ပုဒ်လိုပဲ အလွယ်တကူ ချရေးလိုက်ပါတယ်။ ကဗျာလို့ပဲ သည်းခံပြီး ဖတ်ပါနော်။

xxx

အရိပ်
ကိုယ့်နောက်က ကပ်ပါလာမြဲ
အရိပ်
ကမ္ဘာတခြမ်းဝေးတောင်
ထွက်မပြေးနိုင်ခဲ့
အရိပ်
နာမည်တွေ အလီလီပြောင်းခဲ့လဲ
အရိပ်
မျက်နှာဖုံးများစွာ တပ်ဖူးခဲ့ပါတယ်
အရိပ်
ဘယ်လောက်ပင် ဖုံးကွယ်ထားပေမယ့်
အရိပ်
ကိုယ့်အရိပ်ဟာ
ကိုယ်ကိုတိုင်ပါပဲ။

Wednesday, 3 December 2008

ချွေတာရေး

အား… အခုမှပဲ နွေးသွားတော့သည်။ ဖျော်ထားသော လက်ဖက်ရည် တစ်ငုံပါးစပ်ထဲ ရောက်မှပဲ ချမ်းနေတာ ပြေသွားတော့သည်။ ခုတလော ရာသီဥတုက အေးလာပြီ။ အနွေးစက်ကို ဖွင့်သော်လည်း အမြဲတမ်းသာ ဖွင့်နေရလျှင် မလွယ်ပါ။ လကုန်တွင် လာမည့် အနွေးပေးခကို သူကြောက်မိ၏။ အင်း ချွေတာမှ။

ရေခဲသေတ္တာ ဖွင့်ကြည့်တော့ စားစရာတွေကတော့ အများကြီးပင်။ ဒါပေမယ့် တခုမှ မစားချင်တာ ခက်သား။ ခုအချိန်တွင် စားချင်သည့် အစာက အိမ်မှာ မရှိ။ ဒီလိုနဲ့ ၀ယ်ပြီး မစားဖြစ်သော အစာအချို့ အမှိုက်ပုံးထဲသို့ရောက် ကုန်သည်။ ပြီးခဲ့တဲ့ အပတ်ကလည်း သုံးသည့် ဈေးဖိုးမှာ လိုတာထက် ပိုများသွားခဲ့သည်။ ပြီးတော့လည်း စားစရာ မရှိဟု သူပဲ ငြီးငြူ တတ်ပြန်ပါသည်။ သူများတွေတော့ စားစရာ တကယ် မရှိလို့ ဒုက္ခရောက်နေ ရတဲ့ အချိန်မှာ ငါက ဖြစ်တာနဲ့ စားတတ်ရမှာပေါ့ဟု ကိုယ့်ကိုယ်ကို ဆုံးမသည်။ အသင့်စား ခေါက်ဆွဲ တစ်ထုပ်ကို ဖောက်ကာ အရွက်များများနှင့် စားပစ်လိုက်တော့လည်း ညနေစာ တစ်နပ် ပြီးသွားသည်ပဲ။

ရေမိုးချိုး အင်္ကျီလဲပြီးတော့ လျှော်ပြီးစ ဆံပင်ကို ဘီးနှင့်ဖြီးသည်။ ဘီးက ကျိုးလုကျိုးခင်မို့ ဘီးအသစ်တစ်ချောင်း ၀ယ်ရန် စဉ်းစားမိသည်။ ဒါပေမယ့်လည်း ဖြီးလို့ ရနေတာပဲလေ။ ဘာလို့များ အသစ် လိုချင်နေရသေးတာလဲဟု ကိုယ့်ကိုယ်ကို ဆန်းစစ်တော့ အသစ်လိုချင် နေသောစိတ် လျော့ကျသွားသည်။

အေးအေးရှိသည်မို့ အနွေးထည် ထူထူတစ်ထည် လိုက်ရှာမိသည်။ စုတ်သော်လည်း ထူသော အနွေးထည် တစ်ထည် ဗီရိုအောက်ဆုံးထပ်မှ ထွက်လာသည်။ အထက်တန်းလောက် ကတည်းက ၀တ်ခဲ့သော ကိုယ့်အကြိုက်ဆုံး အနွေးထည် တစ်ထည် ဆိုတာ သတိရသွားပြန်သည်။ ချွေတာရေး လုပ်ပြီး အ၀တ်အစား မ၀ယ်ဘဲ နေဖို့ ကြိုးစားခဲ့သည်မှာ ကြာပြီ။ အောင်မြင်သင့် သလောက် အောင်မြင်သော်လည်း စိတ်လွတ်သွားသည့် အခါမှာတော့ တစ်ထည်လောက် ၀ယ်ဖြစ်တတ်သည်။ လျော့ဈေးချတိုင်း မ၀ယ်နှင့်၊ တန်တယ် ထင်တိုင်း မ၀ယ်နှင့်။ မလိုဘဲနှင့် မ၀ယ်နှင့်။ ဒီလို သတိထားမိလျှင် ကိုင်ပြီးသော အကျီင်္ ပြန်ချဖြစ်သွားသည်။ အင်း ဒီလိုတော့လည်း ဟုတ်နေသား။

ထိုင်ခုံပေါ်ထိုင်ရင်း စောင်မထူမပါး တစ်ထည်ကိုလည်း ဆွဲခြုံမိသည်။ နိုဗယ်ဆု ရသွားသော သမ္မတဟောင်း ဂျင်မီကာတာတောင် အိမ်ထဲမှာ နေလျှင် အနွေးထည် တစ်ထည် အမြဲ ၀တ်ထားသည်ဆိုပဲ။ အနွေးပေးရ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာအောင်၊ စသည်ဖြင့် ကြားဖူးတာပဲ။ သမ္မတတောင် အနွေးထည် ၀တ်နေတယ် ဆိုတော့ ကိုယ်ကလည်း အားကျမခံ အနွေးထည်ရော၊ စောင်ပါ ခြုံနေလိုက်မည်။ ဒီလိုဆို ချွေတာရေးလည်း ဖြစ်ရာကျ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညှာတာရာ ကျပေမပေါ့။

ရှေ့မှာ မြင်နေရသော ကွန်ပျူတာကို ဖွင့်မည်လုပ်သည်။ အလုပ်မှ ပြန်လာကတည်းက အိပ်ချိန်အထိ ကွန်ပျူတာရှေ့ ထိုင်တတ်သည်မှာ ကိုယ့်အကျင့်လို ဖြစ်နေပြီ။ ဘလောက်တွေ လိုက်ဖတ်သည်။ ပို့စ်အသစ် ရေးဖို့ ကြိုးစားသည်။ ကွန်ပျူတာသုံးချိန် နည်းနည်းလျော့လျှင် ကိုယ့်ချွေတာရေး အစီအစဉ်လေးကို အထောက်အကူ ဖြစ်နိုင်သည်။ ဒါပေမယ့်….အင်း…. အင်း…. ဘယ်လောက်များ စုမိသွားမှာ မို့လို့လဲ။ ဒါတော့ လာမပြောနဲ့။ ချွေတာနိုင်ဘူး။

Wednesday, 26 November 2008

အိပ်မပျော်သောည

အိပ်မပျော်တော့ သီချင်းနားထောင်ရင်း စိတ်ကူးပေါက်ရာ လျှောက်ရေးပါသည်။

xxx

မီးခလုတ်ကို ပိတ်လိုက်မိပြီ ဖြစ်ပေမယ့် မအိပ်ချင်သေး။ တယောသံ ခပ်နွဲ့နွဲ့ပါသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်မိသည်။ ခပ်တိုးတိုးပေမယ့် သူလိုက်ညည်းနေမိသည်။ အိပ်ယာနံဘေးက နိုးစက်နာရီကို တွေ့တော့ ကြည်နူးနေသော စိတ်ကလေး ပျောက်သွားရသည်။ မနက်ဖြန် အလုပ်သွားရဦးမည်။ နိုးစက်ပေး ထားမှ။ ဒါပေမယ့် သူမအိပ်ချင်သေးပါ။

စိတ်ရှုပ်ရှုပ်နှင့် စောင်ကို မေးစေ့အထိ တင်းတင်းဆွဲကာ ခြုံလိုက်၏။ အိပ်ယာထဲမှာ လှဲလိုက်တော့ သာနေသော လကို ပြတင်းပေါက်မှ တဆင့် မြင်ရ၏။ လရောင်၏ ဖြားယောင်းမှု ဟူသော စကားကို သူနည်းနည်း သဘောပေါက် သလိုရှိမိ၏။ ဖြာနေသော အလင်းရောင်သည် ငြိမ်သက်စွာ သူ့အခန်းထဲသို့ ကျနေသည်။ ဆိတ်ငြိမ်သောညနှင့် လသည် အလွန်လိုက်ဖက် လှပါလား ဟုသူတွေးမိပြန်၏။ ခပ်တိုးတိုး သီချင်းသံကြောင့် ပိုပြီးခံစား၍ ရသယောင်။ စိတ်ကူး၍ နေချင်သေး၏။ ဘာအကြောင်းတွေး ရမည်မသိသော်လည်း စိတ်ကူးနှင့် အတွေးနှင့် အေးအေးလေး နေချင်သေးသည်။ ညကို အိပ်ပစ်ရမည်မှာ နှမြောစရာဟု သူထင်လာသည်။ သူမအိပ်ချင်သေးပါ။

ငွေလမှာ ဆုံကြသော ချစ်သူနှစ်ဦး၏ အကြည့်အကြောင်း သူကြားဖူးသည်ကို မှတ်မှတ်ရရပင်။ လရောင်ကြောင့် ၀င်းနေသော စကားဝါပင်ကို သူလွမ်းရင်း ငိုချင်လာသည်။ လရောင်အောက်မှာ ပွင့်နေသော ပန်းတွေနှင့် ထုံအီသော ရနံ့ တစ်ခုကို သတိရလာ၏။ အထပ်ထပ် ကြားနေရသော်လည်း နှစ်မျောနေချင်သေးသော၊ မဆုံးစေချင်သေးသော တေးသွားကို ကျော့၍ ဖွင့်နေပြန်၏။ တယောသံအောက်မှာ ဒီအတိုင်း နေချင်သေးသည်။ မဆုံးစေချင်သော အခြေအနေ တရပ်ကို အထပ်ထပ် ဖန်တီးလို့ ရသရွေ့တော့ ဖန်တီးပေဦးမည်။ သူမအိပ်ချင်သေးပါ။

တခါတရံ ရပ်တန့်ထားလို့ မရသော အချိန်ကာလများ အကြောင်း တွေးမိသည်။ ဆွဲထား၍ မရသော အချိန်များ၊ သိမ်းထားချင်သော တဒင်္ဂများ၊ သီချင်း တစ်ပုဒ်လို မဆုံးစေချင်သော တခဏများ၊ ပြန်ကာပြန်ကာ ထပ်နေစေချင်သော ပြကွက်များ။ ဖန်တီးချင်စိတ်ကို နေသားတကျ ဖြစ်စေလိုသောစိတ်နှင့် မဖျက်ဆီး ပါနှင့်တော့။ ရှိပါစေတော့လေ။ မျောနေသော အတွေး အတိုင်းသာ ထားလိုက်ပါဟု သူ့ကိုယ်ကို ပြောနေမိသည်။ သူမအိပ်ချင်သေးပါ။

တရွေ့ရွေ့ လာနေသော တိမ်တတိုက်က လကို ဖုံးသွားသည်ကို ကြည့်ရင်း ၀မ်းနည်း မိ၏။ သာပြီးလျှင် ကွယ်ရမြဲ။ ကွယ်ပြီးလျှင် သာရမြဲ။ ကွယ်ပြီးပြီမို့ တိမ်ကင်းစင်မည့် အချိန်ကို သူစောင့်နေမိသည်။ အတက်အကျနှေးရာမှ မြန်လာသော တေးသွားတစ်ပိုဒ်ကို သူကြားလိုက်သည်။ သို့ပေမယ့် လက ပြန်မသာလာသေး။ လပြန်ထွက်သည့် အချိန်ကို စောင့်ချင်သေး၏။ သူမအိပ်ချင်သေးပါ။

ဘာကြောင့်ရယ် မသိ ၀မ်းနည်းလာသော စိတ်ကို ငြင်းပယ်ရန် ကြိုးစားဖို့ သူသီချင်းတစ်ပုဒ် ပြောင်းဖွင့် လိုက်သည်။ သို့ပေမယ့် အချိုးမညီ မလိုက်ဖက်သော သီချင်းသည် တာရှည် မခံ။ ဆွေးမြေ့သော တယောသံကို သူပြန်ကြားချင်ပြန်၏။ လူဆိုတာ ခက်သားလား။ လွမ်းနေရတာကိုပဲ အရသာခံ၍ ကြိုက်တတ်လေ သလား။ ထိုသို့ ဆိုလျှင်လည်း ထိုအလွမ်းကို တစိမ့်စိမ့် ခံစားဖို့ အတွက် သူမအိပ်ချင်သေးပါ။

တိုးသွားလိုက် ကျယ်လာလိုက်နှင့် တယောသံကို သူကြားနေရဆဲ။ သူ့မျက်ခွံများ လေးလံလာသည် ကို ငြင်းပယ်နေမိ၏။ မရပ်ပစ်လိုက်ပါနဲ့။ ခံစားနှစ်သက်ဆဲ အချိန်လေး တစ်ခုကို မဆုံးရှုံး ချင်သေးပါ။ လုပ်သင့်တာနှင့် စိတ်၏စေရာ တို့ကြား သူလွန်ဆွဲနေဆဲ။ သူတယောကို မြင်နေရသည်။ အို…. သူ့လက်ထဲကို တယောတစ်လက် ရောက်နေပါရောလား။ အံ့သြဖွယ်ရာပဲ။ သူ့လက်များက တေးသွားကို တီးခတ်နေကြသည်။ သူ….မအိပ်ချင်သေးပါ။

အိပ်စက်ခြင်း၏ နောက်တဖက်မှာ လင်းလက်သော နေရောင် တစ်ခု။ သူတာဝန်ယူ ထားသော ဘ၀တစ်ခု။

သူ တကယ် မအိပ်ချင်သေးပါ။

Sunday, 16 November 2008

ပုံရိပ်နှင့်ဘလောက် ငရဲ

“ဟေ့ ပုံရိပ် ဆိုတာ ရှိလား။”

ကြောက်ကြောက်နဲ့ အမှောင် ထဲက ထွက်လာခဲ့သည်။ ကိုယ်ဘယ်ရောက် နေလဲဆိုတာလဲ သေချာ မသိ။ သိသလိုလိုတော့ ရှိသည်။ ဒါပေမယ့် မသိချင်တော့ မသိချင်ယောင်သာ ဆောင်လို့ နေမိသည်။ အခန်း တစ်ခုလုံးက ခပ်မှောင်မှောင်။ စားပွဲမှာ ထိုင်နေသူ အကြီးအကဲနှင့် သူ့တပည့်များ တ၀ိုက်တွင်သာ မီးထွန်း၍ ထားသည်။

“ဟေ့ ရှိရင် ထွက်ခဲ့လေ။”

လူတွေ ကြားထဲမှာ ယောင်လည်လည် လုပ်နေသောပုံရိပ်ကို မြင်ဟန် မတူသေး။

“ဘလောက် ရေးတယ်ဆို။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု ဘလောက်ကို ပစ်ထားတယ် မဟုတ်လား။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု မင်းဘယ်ရောက် နေလဲ သိလား။”

“ဟုတ်..ဟုတ်ကဲ့။ အဲ… မဟုတ်။ မသိပါဘူး။”

“အခု ငရဲ ရောက်နေတာဟေ့။ ဘလောက် ငရဲ။”

“ရှင်…..။”

ရှင် တစ်လုံးသာ တမိသည်။ ကိုယ့်ကိုယ်ကို ငရဲ ရောက်တယ်ဆိုတာ မယုံချင်သေး။ ကိုယ်က လူကောင်းလေး ပဲဥစ္စာဟု ပွစိပွစိနဲ့ တွေးနေမိသေးသည်။ ကိုယ့်အတွေးကို ယမမင်း… အဲ ယမမင်းလို့ ခေါ်လေမည်လား။ ဘလောက်ငရဲက ယမမင်းဆိုတော့ အင်း… ယမမင်း (ခေတ္တ ဘလောက်ငရဲ) အဲဒီလိုလား မသိနိုင်။ အဲ ဘာတွေတွေး နေပါလိမ့်…။ ထားပါတော့ အဲဒီ ဘလောက် ငရဲမင်းက သိသွားပုံ ရသည်။

“ဟေ့ ဒီကို ရောက်လာတာ မင်းဟာမင်း ကောင်းကောင်း၊ ဆိုးဆိုး၊ တို့ဂရုမစိုက်ဘူး။ မင်းဘလောက်ဂါ လုပ်ချင်တယ် ဆိုပြီး တာဝန် မကျေဘူး။ ဘလောက်ကို ရက်ပေါင်း များစွာ ပစ်ထားတယ်။ ကော်မန့်တွေကို မပြန်ဘူး။ ဆီဗုံး အဲလေ…. ဆီဘောက်စ်မှာလဲ ဘလောက် ရောင်းရင်းတွေရဲ့ စကားကို မပြန်ဘူး။ ယုတ်စွဆုံး နှစ်ရက်တိတိ ဘလောက်တွေတောင် လိုက်မဖတ်ဘူး။ အဲဒါကြောင့် အသိတရားရအောင် ဒီကို ခေါ်လာတာပဲ။”

အင်း အမှန်တရားတွေတော့ ပြောနေပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး ဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်သည်။

“ကဲ ကြာတယ် ကြာတယ်…။ နောက်က လူတွေ စောင့်နေတာ ရှိသေးတယ်။ မင်းအပြစ်ဒဏ်ကို ပြောမယ်။”

“ဟုတ်။”

“ဟိုမှာတွေ့လား ကွန်ပျူတာတွေ။”

အင်း အပြစ်ပေးမယ် ဆိုပြီး ဘယ်နှယ့် ကွန်ပျူတာတွေ ပြနေရပါလိမ့်။

“အေး အဲဒီ ကွန်ပျူတာသုံးပြီး တစ်နေ့ကို ဘလောက်ပို့စ် တစ်ခု ရေးရမယ်။ ပြီးရင် ဘလောက်ပေါ်မှာ တင်ရမယ်။ အင်း…. တင်ရမှာက အနှေးဆုံး ကော်နက်ရှင်နဲ့။ ဒီကြားထဲမှာ အနှောက်အယှက်တွေ ၀င်မယ်။ မီးက ပျက်မယ်။ ကော်နက်ရှင် ပြတ်မယ်။ အဲဒီ အခက်အခဲတွေကို ကျော်ပြီး တစ်နေ့ကို ပို့စ်တစ်ခု တင်ရမယ်။ ပြီးတော့ ဘလောက်ဆယ်ခုက ပို့စ်ဆယ်ခုကို ဖတ်ပြီး ငါ့ဆီကို နှစ်ရက်တစ်ခါ အကျဉ်းချုပ်တင်ရမယ်။ သူတို့ ဘာအကြောင်း ရေးထားလဲ။ ဘာကို ဆိုလိုချင်တာလဲ စသည်ဖြင့်ပေါ့။ အင်း…. အဲဒီကိစ္စတွေကို တစ်နေ့တည်း ပြီးအောင် မလုပ်နိုင်ရင်တော့…. ဟိုမှာ တွေ့လား ဒယ်အိုး။ ကဲဒါပဲ သွားတော့။”

ပြီးတော့ သူ့ဟာသူ ရေရွတ်သလို ကိုယ့်ကိုပဲ ဆုံးမချင်သလိုနဲ့ ဆက်ပြီး ပြောနေလေရဲ့။

“ဘယ်နှယ့်ဗျာ ဘလောက်ရေးဖို့ အခွင့်အရေး ကောင်းကောင်း ရှိနေရဲ့နဲ့၊ ကောင်းကောင်းမရေးဘူး။ တန်ဖိုးကို မထားတတ်ဘူး။ တန်ဖိုးနည်းနည်း သိအောင် ရေးကြည့်။”

သူပြောတဲ့ စကားကြားရင်း ငိုချင်လာသည်။ တန်ဖိုးကိုသိပါတယ်။ အလုပ်မအားလို့ပါ။ နိစ္စဓူဝ ဟိုကိစ္စ၊ ဒီကိစ္စ … ကိစ္စပေါင်းများစွာကို အကြောင်းပြမိရင်း ဘလောက်နဲ့ ဝေးကွာ သွားတာပါ။ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ချွေးပြန်လာသည်။ ကော်နက်ရှင် မပြောနဲ့။ စာရေးဖို့ ပြတင်းပေါက် (Window) ကို ဖွင့်တာ အခုထိ တက်မလာသေး။ ငါးမိနစ်လောက် ကြာသွားပြီ ထင်သည်။ ဘိုးတော် ဘုရားလက်ထက်က ကွန်ပျူတာတွေ ထင်တယ်။ ကျွန်မ မှားပါပြီဟု အော်ပြီး ငိုချင်လာသည်။ မှားပါပြီ… မှားပါပြီ….။ ပြတင်းပေါက်ရယ် ပွင့်ပါတော့….။ ပွင့်ပါတော့…။ ပွင့်ပါတော့…။

ပွင့်ပါတော့…။ ပွင့်ပါတော့….။ ဟင် ငါဘာတွေ အော်နေပါလိမ့်။ ကိုယ့်ရှေ့မှာ ကွန်ပျူတာလဲ မရှိ။ အိပ်မက်မက်နေတာဟု သိတော့မှပင် စိတ်အေးသွားသည်။ အင်း မနက်ကျရင်တော့ ပို့စ်တင် ဦးမှ။

Monday, 27 October 2008

သီချင်း တစ်ပုဒ်ကို ခံစားခြင်း

ကျုပ်ရှေ့မှာ မြစ်တစ်စင်း ဖြတ်စီးဆင်း နေတယ်။ ကမ်းပါးပေါ်မှာ ရပ်ရင်းနဲ့ ကျုပ်ငေးကြည့်နေမိတယ်။ မြစ်ဟာ ငြိမ်ငြိမ်လေး ငြိမ့်ငြိမ့်လေး စီးနေလေရဲ့။ မြစ်ရေပြင်ပေါ်မှာ စိမ်းစိုနေတဲ့ သစ်ပင်တစ်ချို့ အရိပ်တွေ၊ အရိပ်တွေ….။ အို…. ငြိမ်းချမ်းလိုက်တာ….။ ဒီအချိန်မှာ ကျုပ်စိတ်ထဲ စိတ်ရိုင်းတွေ ၀င်လာတယ်။ မြစ်ကို လှိုင်းတံပိုးတွေ ထန်လာအောင် အမိန့်ပေးချင်လာတယ်။ ကျုပ်စိတ်တွေ ဆူဝေလာတယ်။ ကျုပ်ရဲ့ ဆန္ဒအတိုင်း ဘာမဆို ဖြစ်ရမယ်။ ဖြစ်ကို ဖြစ်ရမယ်။ ကျုပ် အမိန့်တွေ ပေးလိုက်တယ်။ မြစ်ရေပြင်မှာ လှိုင်းတွေ ထန်စေ…………။ လှိုင်းတွေ ထန်စေ…..။ လှိုင်းတွေ ထန်စေ……..။ အမိန့်ပေးရင်းနဲ့ ကျုပ်မောဟိုက် လာတယ်။ အို…..မြစ်ကတော့ ငြိမ်နေဆဲ ပါလား။ သစ်ရွက်တွေကတော့ သာသာလေးပဲ လှုပ်ခတ်နေလေရဲ့။ ငြိမ်းချမ်းနေတဲ့ ပတ်ဝန်းကျင်ကို မြင်လေ၊ ကျုပ် ဒေါသထွက်လေပဲ။ နောက်ထပ် တစ်ခါ၊ နှစ်ခါ၊ သုံးခါ….. ကြိုးစား ကြည့်တယ်။ နောက်ဆုံး ကျုပ်မြစ်ကမ်းဘေးမှာ ထိုင်ချလိုက်တယ်။ ကျုပ် ငိုမိတယ် ထင်တယ်။ ရှိုက်ရှိုက်ပြီး ငိုမိတယ် ထင်တယ်။

အင်း…. ကျုပ်ဟာ တစ်ချိန်က ပင်လယ်တွေကိုတောင် အမိန့်ပေးခဲ့တဲ့ တန်ခိုးရှင်ပဲ။ ကျုပ်ရဲ့ ခြေဖ၀ါးအောက်မှာ လိမ့်လိမ့်ပြီး တက်လာတဲ့ လှိုင်းလုံးတွေကို ကြည့်ပြီး ကျေနပ်ခဲ့ဖူးတယ်။ လှိုင်းလုံးတွေဟာ အိမ်တွေကို၊ သစ်ပင်တွေကို၊ လှေတွေကို ၀ါးမျိုသွားခဲ့တယ်။ ဒါတွေကို ကြည့်ပြီး ကျုပ်အမိန့်ရဲ့ စွမ်းအားကို ကျုပ်ကျေနပ် ခဲ့ဖူးတယ်။ ကျုပ်ရယ်သံတွေ လွှမ်းခဲ့ဖူးတယ်။ လောကကြီးမှာ ကျုပ်ရဲ့ အမိန့်တည်စေရမယ်….။ အဲသလို ကြွေးကြော်ဖူးခဲ့တယ်။

ခုတော့… ကျုပ်ကို လူတွေက အရူးတဲ့။ ကျုပ်အကြောင်းကို ပြန်ပြောပြရင် တချို့ကလည်း ရယ်ပြီး ထွက်သွားကြတယ်။ တချို့ကလည်း ကျုပ်ကို ပြန်ပြောသွားကြတယ်။ တံမြက်စည်းလှည်း မှာသာ လှည်းစမ်း ပါဗျာ တဲ့။ ကျုပ်ဟာ ခုတော့လည်း လမ်းတွေပေါ်မှာ တံမြက်စည်းလှည်းတဲ့ လူကြီးပေါ့။ ဒီလမ်းတွေကို တချိန်က ကျုပ်ပိုင်ဖူးခဲ့တယ် ဆိုတာကို ကျုပ်ကျိန်တွယ် ပြောလည်း မယုံဘူး။

ဒီလမ်းတွေပေါ်မှာ ကျုပ်က မှောင်စေချင်တယ်ဆို မှောင်ရတယ်။ လင်းစေချင်တယ်ဆို လင်းရတယ်။ နေ့တွေ ညတွေကို ကျုပ်ဖန်တီးတယ်။ ဒီလမ်းတွေပေါ်မှာ လျှောက်စေချင်တဲ့ လူတွေသာ လျှောက်ရမယ်။ မလျှောက်စေချင်တဲ့ သူများဟာ အရိပ်တောင် သီခွင့်မရှိဘူး။ ကျုပ်သေဆိုသေ ရှင်ဆိုရှင်ပဲ။

လူတွေက ပြောကြတယ်….။ ကျုပ်ဒီအာဏာတွေကို ရဖို့အတွက် အတားအဆီးတွေ အားလုံးကို ဖျက်ဆီးခဲ့တယ်။ တံခါးတွေကို ရိုက်ချိုးခဲ့ရတယ်။ အဲ…စည်းတွေ အားလုံးကိုလည်း ချိုးဖောက်ခဲ့ရတယ်။ မျက်ရည်တွေ၊ ငိုသံတွေကို နင်းခြေပြီး ကျုပ်တက်ခဲ့တယ်။ လှေကားတွေကို တစ်လှမ်းချင်း တက်ခဲ့တယ်။ အမြင့်ကို ကျုပ်မက်မော လာတယ်။ မြင့်လေ မက်မောလေပဲ။ မြင့်လေ… ငိုသံတွေကို မကြားရတော့လေပဲ။ မကြားချင်ဘူး။ အဲဒီအကြောင်းတွေ မကြားချင်ဘူး။ ကျုပ်အတွက် ကျုပ်ဖန်တီးခဲ့တဲ့ တန်ခိုး အာဏာတွေကို ဘာနဲ့ပဲ လဲရလဲရ။

ပိုးဖဲ ကတ္တီပါတွေ ရှိတယ်။ ကျောက်သံ ပတ္တမြားတွေ ရှိတယ်။ ၀တ်ကောင်းစားလှတွေ ရှိတယ်။ အစားအသောက်ကောင်းတွေ ရှိတယ်။ ကျုပ်မျက်နှာကို အားလုံးဟာ မော်မကြည့်ရဲဘူး။ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ ဆိုတဲ့ စကားဟာ ကျုပ်နားမှာ ချိုမြလို့။ ကျုပ်ရဲ့ ရန်သူမှန်သမျှ ရှင်းလင်းခဲ့တယ်။ ကျုပ်စကားတစ်လုံးနဲ့ သူတို့ဟာ ကွယ်ပျောက် ကုန်ကြတယ်။ လူတွေဟာ ကျုပ်ကို ပိုပြီး ရွံ့လာကြတယ်။

ဘာသာရေးကို နာမည်တပ်လို့ ကျုပ်အာဏာကို ဖြန့်ကျက်ခဲ့တယ်။ ငရဲရောက်မယ့် လူတွေကို ကယ်တင်ဖို့ အတွက် လူ့အသက်အချို့ ကျုပ်အမိန့်နဲ့ သတ်ခဲ့တယ်။ ကျုပ်စကား တစ်ခွန်းအောက်မှာ စစ်မီးတွေ လောင်ခဲ့တယ်။ မဆုံးနိုင်အောင် လောင်မြိုက်ခဲ့တယ်။ ငရဲကျမယ့် လူတွေရဲ့ ကယ်တင်ရှင်ကြီး ကျုပ်ဟာ နတ်ပြည်တော့ ရောက်လိမ့်မယ် မထင်ဘူးတဲ့ အချို့ လူတွေက ဝေဖန်ကြတယ်။

ကျုပ်မေ့ထား ခဲ့တယ်။ မတည်မြဲခြင်းတွေကို မေ့ထားခဲ့တယ်။ အလှည့် အပြောင်းတွေကို မေ့ထားခဲ့တယ်။

ခုတော့လည်း….

မဆုံးနိုင်တဲ့ နေ့တွေထဲ တစ်ယောက်တည်း နှိုးထလာရင်း…..

တချိန်က ပိုင်ခဲ့ဖူးတဲ့ လမ်းများကို လှည်းကျင်း သုတ်သင်ရင်း…

သဲပေါ်ဆောက်ထားတဲ့ ကျုပ်ရဲ့ ရဲတိုက်ကြီးကို ငေးရင်း….

နတ်ပြည်က တံခါးမှူးရဲ့ ခေါ်သံကို (မမျှော်လင့်ရဲ သော်လည်း) တောင့်တရင်း…..

သစ္စာတရား၊ အမှန်တရား မရှိခဲ့တဲ့ ကျုပ်ရဲ့ခေတ်…..ခေတ်ကို လွမ်းမောနေမိနေလေရဲ့။ ကျုပ်ကို မေ့သွားကြ ပြီလား။ ကျုပ်ရဲ့ အရေးပါမှုကို မေ့သွားကြပြီလား။ သက်တော်ရာကျော်ရှည် ပါစေတဲ့လား…..။ ခုတော့ အဆုံးမရှိခြင်းဟာ ဆုတောင်းပြည့်မှု တစ်ခုလား၊ ဒုက္ခတစ်ခုလား။

မြစ်ကတော့ ငြိမ်နေဆဲ။ စီးဆင်းနေဆဲ။ အားလုံးကို မသိကျိုးကျွန် ပြုလျက် စီးဆင်းနေဆဲ…..။

(Cold Play ရဲ့ Viva la Vida ဆိုတဲ့သီချင်းကို ခံစားပြီး စိတ်ကူးနဲ့ ရေးပါသည်။)

Tuesday, 14 October 2008

အချစ်ဇာတ်လမ်း


သစ်ရွက်လေး တစ်ရွက်ကြွေတယ်…

ပန်းလေး တစ်ပွင့်ပွင့်တယ်…

လေညှင်းလေး တစ်ချက် သုတ်သွားတယ်…

ရင်အုပ် အနီလေးနဲ့ ငှက်ကလေးတစ်ကောင် ကိုတွေ့တယ်…

ဒါတွေအားလုံးဟာ ချစ်စရာချည်း ပါပဲ။ လူတစ်ယောက်ရဲ့ ပတ်ပတ်လည် သက်ရှိ သက်မဲ့ လောက အရာမှန်သမျှမှာ ချစ်တတ်ရင် ချစ်စရာတွေချည်း ပဲ။ ဒါပေမယ့် အဲဒီ အချစ်ရဲ့ ရှေ့မှာ နာမ၀ိသေသန မျိုးစုံ ပါလာတတ်တယ်။

ထူးအိမ်သင် ကတော့ အကြောင်းပြချက်များ မလိုဘူးတဲ့။ စိုင်းထီးဆိုင် ကတော့ ချစ်၍ စွန့်သွားတဲ့ မင်းကို စွန့်၍ ချစ်သွားမယ် တဲ့။ အဲဒီထဲမှာ (ဒေါ်)ကြည်အေး ပြောတဲ့ စာကြောင်းလေးကို အစွဲဆုံးပဲ။ အချစ်၌ အတ္တများစွာ ပါလေသည် တဲ့။ အတ္တကြီးတဲ့ အချစ်နဲ့ အတ္တသေးတဲ့ အချစ်ရယ်လို့ပဲ ကွဲမှာပေါ့။ အချစ်ဆိုရင် အတ္တပါလေတယ်လို့တော့ ပုံရိပ် အတွေ့အကြုံ အရ ဆိုရမှာပါ။ ပုံရိပ် မသိသေးတဲ့ အချစ်တွေလည်း ရှိဦးမှာ ပေါ့လေ။ အဲဒီတော့ ပုံရိပ်လည်း မပြောတတ်တော့ဘူး… မပြောအပ်တော့ဘူး…..။ မတန်ခူးက tag လာတယ် အချစ်အကြောင်း ဆိုလို့အရင်ကတည်း ရေးထားခဲ့ဖူးတဲ့ ၀တ္ထုလေးတစ်ပုဒ်ကို ကိုက်ညီမယ်ထင်ပြီး တင်လိုက်ပါတယ်။ ပြောတော့ဘူးနော်။ ကိုယ်တိုင် ခံစားကြည့်ကြပါကုန်….။ ရေးစရာမရှိတုန်း ရေးစရာ အကြောင်းအရာ ရှာပေးတဲ့ မတန်ခူးကို ကျေးဇူးပါ။

xxx

နှင်းတို့ ဝေနေသည်။ ၀ိုးတ၀ါးသာ မြင်နေရသော်လည်း ဆယ့်ရှစ်နှစ်ကြာ လျှောက်ခဲ့သောလမ်းကို မမှားချင်တော့ပါ။ တိတ်ဆိတ်လွန်းသည်မို့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရသည်။ သီ့နားထဲမှာ နောက်ခြေသံတစ်ခု လိုနေသေးသလို။ မီးခိုးနံ့သင်းလာပြီမို့ အကြော်ဆိုင်နှင့်နီးပြီဟု သီသိလိုက်သည်။ အကြော်ဖိုမှ မီးတောက်သံကိုလည်း ကြားနေရပြီ။

“အဒေါ် ဘူးသီးကြော် တစ်ပွဲပေးပါနော်။”

“အေး…အေး ရမယ်။”

အသင့်ချထသော ခုံပုလေးများမှာ နှင်းများစိုနေနှင့်ပြီ။ နှင်းစက်တွေကို သုတ်ရန် အ၀တ်တစ်ခု တောင်းရပေဦးမည်။ သီပြန်ရောက်တော့…

“ဟင်…..ဖိုးညီ”

သီထိုင်မည့်ခုံမှာ အရင်တုန်းကလို ခြောက်သွေ့သန့်ရှင်းလျက်။ ပြီးတော့ သီနှင့် မျက်နှာချင်းဆိုင်မှာ ရပ်လျက်။ ဖိုးညီ….။ နှင်းများ ပိတ်ဆိုင်းနေသော်လည်း သီမြင်နိုင်ပါသည်။ သူ့မျက်လုံးများကို သီမြင်ရသည်။ အံ့သြခြင်းလား၊ ၀မ်းသာခြင်းလား၊ ၀မ်းနည်းခြင်းလား။ ဒါမှမဟုတ် အားလုံးကိုလား။ သီမြင်နေရသည်။

“ထိုင်လေ… သီ။ ငါသုတ်ပေး ထားတယ်။”

သူ့လက်ထဲမှာ လက်ကိုင်ပ၀ါ အကွက်လေးတစ်ထည်။ ဟိုတုန်းကလိုပဲ။ ခုနစ်နှစ်။ ခုနစ်နှစ်ဆိုသည့် အချိန်က လူတစ်ယောက်ကို မေ့နိုင်လောက်အောင် ကြာခဲ့ပြီလာ့း…။ ဖိုးညီ…။ သီ အိပ်မက်မက်နေသူ တစ်ယောက်လို ထိုင်ချလိုက်သည်။

“နောက်တစ်ပွဲချ ပေးရဦး မလား တူမကြီး။”

အကြော်သည် အဒေါ်ကြီးက လာမေးသည်ကို လက်ကာပြလိုက် ရသည်။

“မတွေ့တာ ကြာပြီနော်၊ နေကောင်းလား သီ။”

သူ့ရဲ့ အူကြောင်ကြောင် စကားအဆုံးမှာ သီ ခေါင်းညိတ်လိုက်သည်။ မတွေ့တာ ကြာပြီတဲ့လား။ ငါ့ဘ၀ထဲမှာ နင်မရှိတော့အောင်ကို မတွေ့တာ ကြာပြီနော်။ မတွေ့အောင်ရှောင်ခဲ့တဲ့သူက မတွေ့တာ ကြာပြီနော်လို့ နှုတ်ဆက်တာ ငါဘာပြန်ပြောရမလဲ။

ဟိုးခုနစ်နှစ်ဆီတုန်းက နင်တိတ်တိတ်လေး ငါ့ဘ၀ထဲက ထွက်သွားတော့ ခုလို အချိန်ပဲ။ တိုက်ဆိုင်လိုက်တာ။ ရန်ကုန်ကို မနေ့ကပဲ ထွက်သွားတယ်လေ…. သမီးကို နှုတ်ဆက် မသွားဘူးလား….ဆိုတဲ့ နင့်အမေရဲ့ ပြောစကားကြောင့်ပဲ နင်ဘယ်မှာ ရှိနေတယ် ဆိုတာကို သိခဲ့တာပါ။ နှုတ်တောင်ဆက် မသွားတဲ့ လူတစ်ယောက်ရဲ့ လိပ်စာကို ငါလိုချင် ပေမယ့် မတောင်းခဲ့ဘူး သိလား။ တချိန်တုန်းက ဆယ့်ရှစ်နှစ် အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဒေါသတွေဟာ ခုတော့လည်း ရယ်စရာပါ။

“နင့်ကို ငါလာရှာတာ သီ။”

“ဘာရယ်… ဘာအတွက်လဲ။”

စကားပလ္လင် ခံခြင်းမရှိသော သူ့စကားကြောင့် သီ မျှော်လင့်ထားသလို ပျော်ရွှင်သွားခြင်း မရှိခဲ့ပါ။

“နင် ငါ့ကို မတွေ့ချင် တော့ဘူးလား သီ။”

“တွေ့ချင်ပါတယ်။ ငါ ဆယ့်ရှစ်နှစ်လုံး ပေါင်းလာ ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကို ဘာကြောင့် မတွေ့ချင် ရမှာလဲ။ ငါ့ကို သက်သက်လာရှာတယ် ဆိုတာကိုသာ ထူးဆန်းနေတယ်။”

“ဟုတ်တယ် နင့်ကိုငါ သက်သက်လာရှာတာပဲ။”

သူ့မျက်လုံးများကို ကြည့်ရင်း သီတစ်ခုခုကို သိလိုက်သလို…။ ဟင့်အင်း…သူပြောမည့် စကားများကို သီမကြားရဲပါ။ သူလည်း မပြောသင့်တော့ပါ။ သီ့တစ်ကိုယ်လုံး ခွန်အားတွေ မရှိတော့ သလိုပဲ။ ရှိတဲ့ အင်အားအကုန်စု၍ သူ့ကိုမော့ကြည့်လိုက်သည်။

“ငါ လက်ထပ်တော့မယ် ဖိုးညီ။”

တိုးတိုးသာ ရေရွတ်မိသော်လည်း သီ့စကားက သူ့ကိုတုန်လှုပ်သွားစေသည်။ သူ့မျက်ဝန်းများ ချက်ချင်း အရောင်ပြောင်းသွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်သေး၏။ ဟုတ်တယ် ဖိုးညီ။ ငါလက်ထပ်တော့မယ်။ အဲဒီစကားကို ကြားရင် နင့်မျက်နှာ ဘယ်လိုနေမလဲလို့ ငါခဏခဏ တွေးကြည့်ခဲ့ဖူးတယ်။ ခုတော့ ငါတွေ့နေရ ပြီလေ။ နင့်မျက်နှာ ဘယ်လိုနေလဲ။ ငါတွေ့နေ ရပြီ။ စိတ်ထဲကနေ သီဆက်ပြောနေမိသော်လည်း တကယ်တော့ ထင်သလောက် ပျော်ရွှင်ထိရှ သွားခြင်း မရှိခဲ့ပါ။ ကိုယ့်ကိုယ်ကို အံ့သြမိသည်။ မောင်…. မောင့်ကိုပဲ သီချစ်ခဲ့တာပါ။

သီ့ဆန္ဒကို အမြဲ ဦးစားပေးခဲ့တဲ့မောင်၊ နူးညံ့ပြီး လိုက်လျော အလျော့ ပေးခဲ့တဲ့ မောင်။ တခါတရံမာကြောတတ်တဲ့ သီ့ရဲ့ မာနတွေ အရည်ပျော်ကျ ရသည်အထိ မာနမရှိတဲ့ မောင်။ ငါဟာ မောင့်ကို သူများတွေနဲ့ ယှဉ်လို့ ရွေးချယ်ခဲ့တာလား ဆိုတာတော့ ငါမသိဘူး ဖိုးညီ။ ဒါပေမယ့် ငါ့ဘ၀မှာ မောင့်ရဲ့ အချစ်က ငြိမ်းချမ်းစေတယ်။ မောင့်လက်ကို ဆုပ်ကိုင်ရတဲ့ အခါ လုံခြုံမှုတစ်ခုကို ခံစားရတယ်။ အဲဒါကိုပဲ ငါမက်မော သလားတော့ မသိဘူး။ အချစ်ဆိုတာ ကိုယ်ရှာတာ ကိုယ်ရတတ်တဲ့ အမျိုးပဲလား ဖိုးညီ။

စက္ကန့်ပေါင်းများစွာ ကြာသွားခဲ့သည်။ ဖိုးညီ နှုတ်ဆိတ်နေတာကို သီမကြည့်ရက် သလိုဖြစ်လာသည်။ တကယ်တမ်း သီသူ့ကို နာကျင်စေလိုခြင်း မရှိပါလား။ သီတို့ နှစ်ဦးကြားမှာ ရှိနေသည့် ဘူးသီးကြော် ပန်းကန်ကိုသာ သီ အဓိပ္ပာယ်မဲ့ ထိတို့ကစားနေခဲ့သည်။

“နင် တကယ်သေချာ ရဲ့လား သီ။”

သီ့ ဒေါသတို့ ချက်ချင်း ဆူဝေလာပြန်သည်။ နင့်ကိုယ်နင် သိပ်အထင်မကြီး ပါနဲ့ ဖိုးညီ။ မာနတို့ ခေါင်းထောင်လာသည်။ သီ့ ဒေါသကို သူမသိစေရ။ တောင်းပန်သော မျက်လုံးများကို လွှဲဖယ်၍ ထားလိုက်ပြီ။

“နင် ငါ့ဆုံးဖြတ်ချက်ကို မယုံတာလား။ ဝေဖန်ချင်တာလား။”

“နင့်ကိုငါ မမှားစေချင်တာပါ။”

“မမှားစေချင်တာ….ဟုတ်လား။ နင် ငါ့အကြောင်းကို မသိဘဲနဲ့ မဝေဖန်ချင် စမ်းပါနဲ့။”

သီလှောင်ရယ် ရယ်လိုက်မိသည် ထင်၏။ ငါ့ကို မမေးတော့ဘူးလား ဖိုးညီ။ ငါလက်ထပ်မယ့်သူဟာ ဘယ်သူလဲဆိုတာ…။ နင်တကယ်ပဲ မသိချင်ဘူးလား။ ဒါမှမဟုတ် သိရမှာကို ကြောက်နေတာလား။ ငါဟာ အရင်တုန်းက သီ မဟုတ်တော့ဘူး။ စိတ်ကူးယဉ်တတ်တဲ့ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူး။ ငယ်သူငယ်ချင်းက အကြောင်းမကြားဘဲ ခွဲသွားရင် ၀မ်းပန်းတနည်း ငိုကြွေးတော့မယ့် မိန်းကလေး မဟုတ်တော့ဘူး။ ခုနစ်ဆိုတဲ့ အချိန်ဟာ လူတစ်ယောက်ကို ကြီးပြင်းစေခဲ့ပြီ ဆိုတာ နင်သတိမထား မိတာလား၊ ဒါမှမဟုတ် မယုံချင် တာလား။

“အိမ်ထောင်ရေးမှာ အချစ်ဆိုတဲ့ အရာကို ယုံကြည်လား သီ။ နင်တခြား တစ်ယောက်ကို မချစ်ခဲ့ဖူးဘူး ဆိုတာ သေချာလား။”

“ငါ ဘယ်သူ့ကိုပဲ စိတ်ကူးယဉ်ခဲ့ဖူးဖူး၊ ငါ့အချစ်ဟာ ငါလက်ထပ်မဲ့ သူဆီမှာပဲ ရှိတယ်။”

“နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ သံယောဇဉ်ကို အချစ်လို့ မခေါ်နိုင် ဘူးလား သီ။”

သူ့အသံမှာ သူ့ကိုယ်သူပြန်မေးနေ သလိုပဲဟု သီထင်ချင်သည်။ သီ့စိတ်ထဲမှာ နှစ်ရှည်လများ သိမ်းဆည်းထားသော စကားတို့ တိုးထွက်လာကြသည်။

“အချစ်… ဟုတ်လား။ နင်က အချစ်အကြောင်းကို ဘယ်လောက်များ သိလို့လဲ။ အင်းလေ….လူတိုင်းမှာ သူတို့ နားလည်တဲ့ ပုံစံတိုင်းနဲ့ အချစ်ရှိနေမှာပါ။ ငါ့အတွက်လည်း ငါ့ဖွင့်ဆိုချက်နဲ့ ငါပေါ့။ ဒီမှာ ဖိုးညီ…။ အချစ်ဆိုတာ သစ်ပင်တစ်ပင်ကို နှုတ်သလို ဆွဲနှုတ်ပစ်လို့ ရတဲ့ အရာမဟုတ်ပေမယ့် သစ်ပင်တစ်ပင်လို မပျိုးဘဲ ထားရင်သေသွား တတ်တယ်။ အချစ်မှာ ပေးဆပ်လေးနက်ခြင်းတွေ ပါတယ်။ သည်းခံနားလည်မှုတွေ ပါတယ်။ ကိုယ့်မာနကို ထိန်းချုပ်ခြင်းတွေ ပါတယ်။ တစ်ဖက်လူရဲ့ မာနကို တန်ဖိုးထားခြင်း တွေလည်း ပါတယ်။ နောက်ဆုံးမှာ ချစ်သူနှစ်ဦးရဲ့ အတ္တနဲ့မာနနှစ်ခုလုံး ပေါင်းဆုံသွားတာပဲ။ တနေ့မှာ အိပ်ယာက နှိုးလာပြီး ချစ်ဖို့သတိရရုံနဲ့ အချစ်ဖြစ်မလာဘူး။”

ထူးဆန်းစွာပင် သီ့ အသံက ငြိမ်သက်လွန်းနေသည်။ သီ ထိုင်ရာမှ ဖြည်းညင်းစွာ ထသည်။

“နင့်ကိုငါ ဖိတ်စာ ပို့လိုက်မယ် ဖိုးညီ။”

အပြန်လမ်းမှာ နှင်းတို့ကွဲလုပြီ။ လင်းကျင်းသော လမ်းကို မြင်နေရသည်။ သီ့စိတ်ထဲမှာ ဘာမှ မရှိတော့။