Wednesday 27 June 2007

ကျွန်မနှင့် မဟာဇနကဇာတ်တော်

ငယ်ငယ်က ဇာတ်ကြီးဆယ်ဘွဲ့ နားထောင်ရင်း၊ ပုံပြင်အနေနဲ့ ဖတ်ရင်း တွေးမိတာလေးတွေ ပြန်ရေးထား တာပါ။ ခုတော့ မဟာဇနက ဇာတ်တော်အကြောင်းပါ။ နောက်တစ်ပုဒ်လည်း ရေးမယ်လို့ စိတ်ကူးထားတာ ရှိပါတယ်။ ကျွန်မရေးတာ အမှားပါရင် ပြင်ပေးနိုင်ပါတယ်။

--------------------------------------

“မဟာဇနက မင်းသားက ဘုရားလောင်း ဘုန်းရှိတဲ့လူ ဆိုတော့ သူ့ဇွဲကိုသဘောကျပြီး မဏိမေခလာ နတ်သမီးက လာကယ်ရော။”

ထိုနေရာကို ရောက်တော့ စိတ်ပါလက်ပါနှင့် အားပါးတရ ပြောနေသော အဘွားပုံပြင်ကို နားထောင်ရင်း ကျွန်မမျက်မှောင်ကြုံ့မိသည်။ စိတ်ထဲမှာ မရှင်းမလင်း စနိုးစနောင့်နှင့်။

ဇာတ်တော်တွေကို နားထောင်တိုင်း ကျွန်မ မကျေမချမ်း ဖြစ်ရသည်မှာ ဇာတ်လမ်းထဲမှ အဓိကဇာတ်ကောင်များသည် ဘုရားအလောင်းတော် ဖြစ်နေခြင်းပင်။ ဘုရားလောင်း ဖြစ်သောကြောင့် ဘုန်းကံရှိပြီးဖြစ်၍ ကူညီမည့်သူ အသင့်။ ကောင်းသောကံ သည်အသင့်။ ကျွန်မစိတ်ထဲမှာ ထိုသို့မဖြစ်စေချင်။ ဖြေရှင်းနိုင်သည့် နည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းလိုက်သည် ဟုသာဖြစ်စေလိုသည်။ အခုတော့ ဇနကဇာတ်တော်တွင် မင်းသားသည် ဘုန်းတန်ခိုးကြောင့်သာ သေဘေးမှ လွတ်မြောက်သွားသည် ဟုမြင်နေပါသည်။ ဘုန်းရှိတဲ့လူ များကျတော့လည်း လာကယ်မည့်သူနှင့်၊ အကြိုတော်များနှင့် ပလ္လင်ပေါ်အရောက် ပို့ပေးမည့်သူနှင့် ဟုကျွန်မတွေးမိခဲ့ ပါသည်။ နတ်သမီး လာကယ်၍သာ ဇနကမင်းသား၏ ဇွဲလုံ့လ၊ ၀ီရိယကို စံတင်ရခြင်းလော။ အကယ်၍ လူသာမန်တစ်ဦး သာဆိုပါက ကယ်မည့်သူမရှိ ရေနှစ်၍သေရလျှင်ရော ထိုလုပ်ရပ်သည် တန်းတူစံတင်ခြင်း ခံရမည်လော။ (ရေနှစ်တဲ့လူ ကတော့ဒါတွေ စဉ်းစားနေမည် မထင်ပါ။ ပုံပြင်တစ်ခုရဲ့ အသွားအလာကို စဉ်းစားကြည့်တာပါ။) ပုံပြင်မှ ပေးချင်သော ဆိုလိုရင်းကို ကျွန်မထိုအချိန်က အပြည့်အ၀ မရခဲ့ပါ။ လေးလေးနက်နက် နားမလည်ခဲ့ပါ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်မဆရာတစ်ယောက်ထံမှ စာအုပ်တစ်အုပ်ကို ငှားဖတ်မိပါသည်။ (ဦးရွှေအောင်ရေးသော စာအုပ်ဟုထင်ပါသည်။) ထိုစာအုပ်တွင် ၀ီရိယပါရမီ အခန်း၌ ဥပမာအနေဖြင့် မဟာဇနကဇာတ်တော်ကို ထည့်သွင်းရေးသား ထားသည်ကို တွေ့ရပါသည်။ ကျွန်မဇာတ်လမ်းကို သိပြီးဖြစ်သော်လည်း မည်သို့ရေးထားသည်ကို သိလို၍ ဖတ်ကြည့်မိပါသည်။ ထိုအခါမှ ကျွန်မငယ်ငယ်က ခံယူသိမှတ်ခဲ့သော ဇနကနှင့် ယခုဇနက၏ ကွာခြားမှုကို ပြက်ပြက်ထင်ထင် တွေ.လိုက်ရပါသည်။

ဇနကမင်းသားက မဏိမေခလာနတ်သမီးကို ပြောသောစကားကို ကျွန်မအလွန် သဘောကျပါသည်။ (စာအတိအကျကို ကျွန်မ အသေအချာ မမှတ်မိတော့ပါ။) ဇွဲလုံ့လဆိုသည်မှာ ရလဒ်နှင့် တိုက်ရိုက်မသက်ဆိုင်။ မိမိ၏ စွမ်းရည်ကို အဆုံးအစွန်ထိ အသုံးချနိုင်ခြင်းနှင့်သာ သက်ဆိုင်သည် ဟူသော ပေးလိုရင်း ရည်ရွယ်ချက်ကို ကျွန်မလှိုက်လှိုက်လှဲလှဲ နာယူမိပါသည်။ ဇနက၏ ဘုန်းတန်ခိုး ဆိုသည့်အချက်သည် မှေးမှိန်သွားပြီး ဇနကမင်းသား၏ စိတ်ထား၊ ခံယူချက်တို့က ပို၍ပေါ်လွင်လာပါသည်။ သမုဒ္ဒရာ အလယ်တွင် ကြိုးစားနိုင်စွမ်း ရှိသေးသည်ကို မကြိုးစားပဲ လက်မြှောက် အရှုံးပေးသွားခြင်းထက် နောက်ဆုံးစက္ကန့်ထိ မိမိအစွမ်းရှိသလောက် တွန်းလှန်ရင်း ရှုံးသွားခြင်းက ပို၍တန်ဖိုးရှိကြောင်း မြင်လိုက်ရသည်။ ထိုရည်ရွယ်ချက်သည်သာ ဘုရားဟောဇာတ်တော်၏ အစစ်အမှန်ပေးလိုရင်း ဖြစ်ပါလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်…ကျွန်မတို့ ပုထုဇဉ် (ဘလောက်ဂါ ကိုပုနှင့် မဆိုင်ပါ) လူသားများသည် ကောင်းသောကံကိုချည်း အားကိုးနေ၍ မရ။ အရာရာကို စွမ်းဆောင်နိုင်သော ကျွန်မတို့၏ စိတ်ဝိညာဉ်ကို အင်အားများ ဖြည့်တင်းပေးနိုင်သည်မှာ ဘ၀အပေါ် အမြင်နှင့် ခံယူချက်များသာ မဟုတ်ပါလား။

No comments: