Friday 4 October 2013

အသံတွေ



အပူအပင်ကင်းတဲ့… ကလေးလေးဘ၀သာ…တခါပြန်ပြီး ရချင်သေးတယ်။ အပြစ်မသိသေးတဲ့…ကလေးလေးဘ၀ကို… တခါပြန်ပြီး ရချင်သေးတယ်။
“အူဝဲ….အူဝဲ….အူဝဲ…”
“သားလေးက အမေနဲ့ တူလိုက်တာ။ ချစ်စရာကြီး။”
“သားရေ…ကဗျာလေး ဆိုပြလိုက်ပါဦး။ ကဗျာဆိုပြရင် အန်တီက မုန့်ကျွေးမယ်တဲ့။ ဆိုပြလိုက်လေ…။”
        “မမ ၀၀ ထထ က။ အကပထမ။ ကပါ ကပါ မမရာ။ ညည လသာသာ။”
        “သားရေ အိပ်ဖို့ အချိန်တန်ပြီ။ ကစားစရာတွေ သိမ်းတော့လေ။ မနက်ဖြန် ကျောင်းသွားရမှာ။ စောစောအိပ်တော့။”
        “စောစောအိပ် စောစောထ သွားတိုက် ရေချိုး။”
        “သားရေ ညီမလေးကို နေ့လည်မုန့်စားကျောင်းဆင်းရင် သွားကြည့်လိုက်ဦးနော်။ ညီမလေး ထမင်းစားရဲ့လားလို့။”
        “မေမေကလည်း ရှက်စရာကြီး။ သားသနပ်ခါး မလိမ်းချင်တော့ဘူး။ ငါးတန်းတောင် ရောက်နေပြီ။ ယောက်ျားလေး ဖြစ်ပြီး သနပ်ခါးလိမ်းတော့ သူငယ်ချင်းတွေက ၀ိုင်းစကြရော။”
        “သား ညီမလေးကို စက်ဘီးစီးသင်ပေးရင်းနဲ့ စက်ဘီးပေါ်က ပြုတ်ကျတာ။ ဒူးနည်းနည်းပြဲ သွားတယ်။ မငိုနဲ့…မငိုနဲ့။ ညီမလေးကလည်း မငိုပါနဲ့တော့ တိတ်တိတ်။”
        “သား ၀တ္ထုတွေချည်းပဲ ဖတ်မနေနဲ့နော်။ စာလည်းဖတ်ဦး။ စာမေးပွဲနီးနေပြီ။ ဒီနှစ်တော့ အတန်းထဲမှာ ပထမရအောင် ကြိုးစားပါဦး။”
        “မေမေရေ… အဲ ဒကာမကြီးရေ… ကိုယ်တော် ပုဇွန်ဆီပြန်နဲ့ ပဲဟင်းလေးစားချင်လို့ ချက်ပေးပါဦးနော်။ ကိုယ်တော် ညကျရင် ဗိုက်သိပ်ဆာတာပဲ။ လိမ္မော်ရည်လေး ထပ်ယူလာပေးပါဦး။”
        “သားအတွက်… ဒီမှာ… ဦးထုပ်။ ဒါမှ ကတုံးကို ကောင်မလေးတွေ ၀ိုင်းမစရအောင်။”
        “ဖေဖေ ကျွန်တော့် ကွန်ပျူတာလေး အလုပ်မလုပ်တော့လို့ ကြည့်ပေးပါဦး။ ကျွန်တော့် သီချင်းတွေနဲ့ ဂိမ်းတွေတော့ ပျောက်ကုန်ပြီလား မသိဘူး။ စိတ်ညစ်ပါတယ်။”
xxx   
ရည်မှန်းချက်အတွက်…ကြင်နာသူကို…တကယ်စွန့်တဲ့…သူရဲကောင်းတွေ…ရှိခဲ့လဲကွယ်…ငယ်ရွယ်သူမို့…အချစ်ဖက်ကို…အလေးသာပေးခဲ့တာ…အမှန်ဆုံးပါပဲ။
        “မေမေကလည်း ဘောင်းဘီလေး တစ်ထည်ဝယ်ပေးဖို့ကို မျက်နှာငယ်လိုက်တာ။ အဲဒီ brand ကို သားလိုချင်နေတာ ကြာပြီ။ မေမေမ၀ယ်ပေးရင် ဖေဖေ့ကိုပဲ ပူဆာတော့မယ်။”
        “ရွှတ်... ရွှတ်…။ သိပ်လှတာပဲ။ တို့ကို နှောင့်ယှက်ခွင့် ပြုပါ။ စကားလေးနည်းနည်း ပြောခွင့်ပြုပါ။”
        “မင်းရုပ်ကြီးမှ အားမနာ။ အဲဒီကောင်မလေးကို လိုက်ရတယ်လို့။ နာမည်လေးက ၀တ်ရည်တဲ့။ နာမည်နဲ့လိုက်အောင် ချိုနေမှာပဲ။”
        “အနီရောင်လေးနဲ့ သူ့အသားက ၀င်းနေတာပဲ။ ဆံပင်ရှည်တာကို သဘောကျတာကွ။ ရိုးရိုးလေးနဲ့ ယဉ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာကွ။”
        “မင်း လက်ဖက်ရည်ဆိုင် ထိုင်တာလဲ ထိုင်ပေါ့။ ဒါပေမယ့် အဲဒီမှာချည်းမှာ အချိန်ကုန်မနေနဲ့။ စာလဲကျက်ဦးကွာ။ စာမေးပွဲက နီးလာပြီ။”
        “ကိုယ် တကယ်ပဲ မိုးကို ချစ်တာပါ။ ကိုယ့်ကို မငြင်းလိုက်ပါနဲ့နော်…မိုး။ မိုးမရှိရင် ကိုယ် ဘာဖြစ်သွားမလဲ မသိဘူး။”
        “ကိုယ်ညက သီချင်းလာဆိုတာ ကြားရဲ့လား မိုး။ မိုးရယ် အဖြေပေးပါတော့။ ကိုယ်အိပ်လို့လဲ မပျော်ဘူး။”
        “မောင်ကလည်း နောက်ကျလိုက်တာ…။ မိုးစောင့်နေတာ ကြာလှပြီ။ နောက်တခါ နောက်ကျရင်တော့ မတွေ့ရတော့ဘူး မှတ်…။”
        “မိုးကို ဘယ်တွေ့မလဲ…။ မိုးကနေ ကျော်ပြီး ဆောင်းကို မျှော်နေတာကိုး။ ဆောင်းသဇင်နဲ့ ဆိုရင် မောင်တလောကလုံးကိုများ မေ့နေသလား…။”
        “မိုးကလွဲရင် အားလုံး ဖွဲနဲ့ ဆန်ကွဲပဲ။ မိုးရယ်…မောင့်ကို စကားမပြောဘဲ မနေပါနဲ့။ စိတ်မကောက်နဲ့တော့နော်။”
        “အိမ်နဲ့ လိုက်တွေ့မယ့်ရက်ကို မောင်ပဲ ရွေးလေ။ မေမေက အိမ်မှာ နေ့လည်စာစားဖို့ စီစဉ်ထားလိုက်မယ်တဲ့။”
        “ညီမကို ဒီလောက်ပဲ တွန့်တိုရသလား…မောင်ရယ်။ သတို့သမီး အရံလုပ်ရင်တော့ သတို့သားအရံနဲ့ တွဲရမှာပေါ့။”
        “မောင်တော့ ဒီနေ့ သိပ်ပျော်တာပဲ မိုးရာ….။”
xxx
        လမ်းများက ကိုယ့်ကိုသယ်ဆောင်…ရှေ့မှာ ဘာတွေ ဖြစ်မလဲ မသိဘူး။ နှစ်များက ကိုယ့်ကို စည်းတား သွားချင်တိုင်းလဲ မသွားခဲ့ရဘူး။ ငယ်ရွယ်တဲ့သူတွေရဲ့စိတ်…ဘာပဲပြောပြော နားမ၀င်နိုင်ဘူး။ အမုန်းနဲ့ အပြုံးတစ်လှည့်စီ ထိတွေ့ ဘာကိုမှလေ သိပ်ဂရုမစိုက်ဘူး။
        “ကျွန်တော်တော့ ဒီခွင်ကို မကြိုက်ဘူးဗျ။ အရင်းအနှီးတွေအားလုံးကို ဒီတစ်နေရာထဲမှာ ပုံအောရလောက်အောင် မဟန်ဘူး ထင်တယ်။”
        “မောင်ရေ သမီးကြီးကို ၀င်ကြိုဖို့ မမေ့နဲ့ဦးနော်။ ဒီနေ့သူတို့ ကျောင်းကား ပျက်နေတယ်။ သမီးငယ်ကိုတော့ မိုးရုံးကအပြန်ဝင်ခေါ်လိုက်မယ်။”
        “ဒီတိုက်ခန်းက ဈေးကြီးတာ နေရာကောင်းတာကိုး။ ဈေးနဲ့နီး ကျောင်းနဲ့နီးတဲ့ အပြင် နှစ်လမ်းလောက် လျှောက်လိုက်ရင်ပဲ ကားဂိတ်ကို ရောက်ရော။”
        “မေမေ့မြေးကို သိပ်အလိုမလိုက်နဲ့။ မေမေပေးတဲ့ မုန့်ဖိုးတွေမှန်သမျှ အကုန်သုံးနေတာ တစ်လတစ်လ ငါးတန်းကျောင်းသူနဲ့တောင် မလိုက်ဘူး။ တော်တော် သုံးနိုင်တယ်။”
        “တောက်….တော်တော် လူပါးဝတဲ့ ကောင်တွေ။ မင်းတို့ထက်သာလို့ ငါဆရာကြီးလုပ်နေတာကွ။ မနေ့တစ်နေ့ကမှ စီးပွားရေး စလုပ်တဲ့ကောင်တွေကများ…။”
        “မိုးရေ မောင်တို့ ၀ယ်လိုက်တဲ့ မြေကွက်ဈေးတက်လို့ ပြန်ရောင်းလိုက်တာ တော်တော်မြတ်တယ်ကွ။ အဲဒီအထိမ်းအမှတ်နဲ့ ညနေစာ သွားစားကြရအောင်။ ကလေးတွေကိုလဲ ခေါ်လိုက်ဦး။”
“ကျွန်တော်တို့ နေရာက အကွက်အကွင်းကောင်းတယ်။ သူတို့ထက် သာမှာပါ။ အရင်းအနှီးကောင်းကောင်း ရှိရင် ဘာမဆိုလုပ်နိုင်တာပဲ။ ကျွန်တော်ပြောသားပဲ။”   
“သမီးတို့ရေ ဖွားဖွားနဲ့ ဖိုးဖိုးကို သွားကန်တော့ကြမယ်။ ဟိုနေ့က မေမေ၀ယ်လာတဲ့ ပစ္စည်းတွေ သွားယူလာပါဦး။ အေး…ဟုတ်တယ်…အဲဒီဟာ ဖွားဖွားတို့ကို ကန်တော့ဖို့။”
xxx
        ပါးစပ်ပိတ်…ခေါင်းညိတ်…ကြိတ်မှိတ်…ငါနားလည်ပေးမယ်။ ဖြည်း… ဖြည်း… ဖြည်းဖြည်းပြော…နားနားပြီးပြော…မောမယ်။ တိုး…တိုး…တိုးတိုးလေးပြော…အားလုံးလည်း ကြားပါတယ်။
“သမီးကို ဖေဖေဘာပြောထားလဲ။ ဒီကောင်လေးနဲ့ မတွဲပါနဲ့လို့ အကြိမ်ကြိမ် သတိပေးထားတယ်နော်။ နောက်တခါတွေ့ရရင်တော့ မလွယ်ဘူးမှတ်။”
“ခင်ဗျားတို့ထက် ကျုပ်နားလည်လို့ ပြောနေတာဗျ။ ကျုပ်ကို ဆရာလာမလုပ်နဲ့။ ကျုပ်သဘောနဲ့ ကျုပ် ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်။”
“မိုး…မင်းကိုငါ ဘယ်နှစ်ခါပြောရမလဲ။ ဒီမိန်းမကို ပိုက်ဆံ မချေးပါနဲ့လို့ ငါအကြိမ်ကြိမ် ပြောခဲ့တယ်နော်။ မင်းက သနားပေမယ့် ငါကတော့ မသနားနိုင်ဘူး။ ပိုက်ဆံဆိုတာ အပင်ပေါ်ကခူး ယူလို့ ရတာမဟုတ်ဘူး။ တွင်းထဲကနေ နှိုက်ယူလို့ ရတာမဟုတ်ဘူး။”
“ငါအသက်ကြီးပေမယ့်လဲ မနားနိုင်သေးဘူး။ ဒီအလုပ်တွေကို ငါမှ မလုပ်ရင် ဘယ်သူလုပ်မလဲ။”
“စိတ်လျှော့ မောင်…စိတ်လျှော့…။ ဒေါသတွေ သိပ်မကြီးပါနဲ့။ ရှင့်ကို ကြည့်ရင်းနဲ့တောင် ကြောက်လာပြီ။”
“မင်းတို့ အားလုံးတစ်ယောက်မှ အသုံးမကျဘူး။ ဒီတာဝန်လောက်ကိုမှ မယူနိုင်ရင် အလုပ်ဆက်မလုပ်နဲ့တော့။ ငါသေသေချာချာ ပြောထားရဲ့သားနဲ့ကွာ…။ ငါ့ရှေ့က အားလုံး ထွက်သွားကြ…။ သွားကြကွာ…..။”
“တောက်…..ငါ့ပြိုင်ဖက်ကိုမှ အရှုံးပေးလိုက်ရတယ်လို့။ ငါ့ရာဇ၀င်မှာ ဒါမျိုး မရှိဘူး။ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်…။ ဘယ်ကောင်မှ ငါ့ကို ကြောလို့ မရဘူးကွ။”
“တပည့်တော် ဆင်ခြင်ပါ့မယ် ဘုရား။ ဒေါသတွေ သိပ်ကြီးပြီးတော့ သွေးတက်တယ် ဆိုတာလဲ ဟုတ်ပါတယ်။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ ဖိစီးမှုတွေ သိပ်များလို့လဲ ပါတာပေါ့ ဘုရား။”
“ဒီလောက် မိုက်တဲ့ သမီး သူ့ထိုက်နဲ့ သူ့ကံပဲ ဆိုပြီး ပစ်ထားတာ။ ကြိုက်စရာလူ ဒီလောက်ရှားသလား။ ဒီကောင့်ကို ငါနည်းနည်းမှ ကြည့်လို့ကို မရဘူး။ အုတ်ကြားမြက်ပေါက်…ကလေက၀ကောင်။ ငါ့သမီးနဲ့ နည်းနည်းမှ မတန်ဘူး။”
“ဒီနေ့ လှူလိုက်ရတာ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ သီလယူလိုက်ရတော့ စိတ်ကြည်လင်သွားတယ် မိန်းမရယ်။ ဒီထက်ပိုပြီး ကောင်းမှု ကုသိုလ်လုပ်ဖို့တော့ ကြိုးစားရဦးမယ်။ ကိုယ့်မှာ တစ်နေ့တစ်နေ့ အလုပ်ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတာကိုး။”
xxx
ကြမ်းပြင်ပေါ်မှာ…မူးမိုက်လဲကျ…ဘယ်လိုလှုပ်လို့ မရ…သိပ်လေးလံတဲ့ ငါ့ခန္ဓာ…။ ….အော်သံခေါ်သံတွေ ခေါ်သံတွေကြား…အော်သံခေါ်သံတွေ ခေါ်သံအော်သံတွေလား…။ ငါမမြင်နိုင်ဘူး…ဒီအမှောင်ထုထဲမှာ…။ ငါမခေါ်နိုင်ဘူး… အသံတွေ မထွက်တော့ပါ…။
“မေမေကလည်း ရှက်စရာကြီး…….သားသနပ်ခါး မလိမ်းချင်တော့ဘူး……မမ ၀၀ ထထ က…...နာမည်လေးက ၀တ်ရည်တဲ့……အိမ်နဲ့ လိုက်တွေ့မယ့်ရက်ကို မောင်ပဲ ရွေးလေ……မောင်တော့ ဒီနေ့ သိပ်ပျော်တာပဲ မိုးရာ……ငါ့ရာဇ၀င်မှာ ဒါမျိုး မရှိဘူး……ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်……ငါ့သမီးနဲ့ နည်းနည်းမှ မတန်ဘူး……ဒီထက်ပိုပြီး ကောင်းမှု ကုသိုလ်လုပ်ဖို့တော့ ကြိုးစားရဦးမယ်……ပိုက်ဆံဆိုတာ အပင်ပေါ်ကခူး ယူလို့ ရတာမဟုတ်ဘူး……ကိုယ် တကယ်ပဲ မိုးကို ချစ်တာပါ……ကျုပ်သဘောနဲ့ ကျုပ် ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်……ဘယ်ကောင်မှ ငါ့ကို ကြောလို့ မရဘူးကွ……”
“မောင်…မောင်…သတိထားပါ။ တရားမမေ့ပါနဲ့။”
“ဖေဖေ…ဖေဖေ…သမီးတို့ကို ပစ်သွားပြီလား။”
နောက်ဆုံးကြားလိုက်ရသည်မှာ ငိုသံများ။ အသံတွေနဲ့ ၀င်လာပြီး အသံတွေနဲ့ပင် ပြန်ထွက်သွားရသော ပြဇာတ်တစ်ပုဒ် ကားလိပ်အချ။ နောက်တော့….
 “………”
xxx
မှတ်ချက်။ ။အောက်ပါ သီချင်းများကို ၀တ္ထုထဲတွင် ယူသုံးပါသည်။
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
 တေးဆို-စိုင်းထီးဆိုင်၊ တေးရေး- စိုင်းခမ်းလိတ်
အချစ်ကို ဦးစားပေးခဲ့သူ
        တေးဆို- စိုင်းထီးဆိုင်၊ တေးရေး- စိုင်းခမ်းလိတ်
လူဖြစ်ရတဲ့ ဒုက္ခ
        တေးဆို/တေးရေး- မျိုးကျော့မြိုင်
နားနားပြီးပြော
        တေးဆို- မျိုးကြီး၊ တေးရေး- မောင်မောင်ဇော်လတ်
သတိမေ့သွားတဲ့ည
        တေးဆို- လေးဖြူ၊ တေးရေး- မောင်မောင်ဇော်လတ်


4 comments:

Anonymous said...

တော်သေးတယ်စာအုပ်တွေလိုမဖော်ခိုင်းလို့

ponyate said...

ဟဲ…ဟဲ…။

တန်ခူး said...

မောဟနဲ့ လွင့်မျောနေတဲ့ဘာဝတွေကို အသံတွေနဲ့ ပါးပါးလေးဆုံးမသွားတာ လှလိုက်တာညီမရေ

ponyate said...

အစ်မ အနှစ်ချုပ်ပြောသွားတာ ကောင်းလိုက်တာ။