Monday, 26 January 2009

နံရံတို့ အကြောင်း (ဇာတ်သိမ်း)



ဒီလိုနှင့် အနှစ်သုံးဆယ် ကြာခဲ့သည်။ မြို့လေးက ကျောင်းမှာ ထိုနှစ်က မှတ်မှတ်ရရ ဆရာကန်တော့ပွဲ လုပ်ဖြစ်ကြသည်။ ကျောင်းသူကျောင်းသား တော်တော်များများက မြို့ကလေးကို စွန့်ခွာခဲ့ပြီမို့ အားလုံး ပြန်ဆုံခဲလှသည်။ ပြန်ဆုံရန်လည်း စိတ်အားထက်သန် နေကြသည်။ ထိုပွဲသို့ ဦးထွန်းဦးလည်း အရောက်လာခဲ့သည်။ မြို့လေးမှ ထွက်သွားသည်မှာ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သော်လည်း သူကျင်လည်ခဲ့သော နေရာများကို မှတ်မိနေသည်။ ကျန်ခဲ့သော သူငယ်ချင်းဟောင်းများကို သတိရသည်။ ထိုသူငယ်ချင်းဟောင်းများ ထဲတွင် ဦးငြိမ်းအောင်ကို သူအမှတ်ထင်ထင် တွေ့ချင် နေမိသည်။ ဦးငြိမ်းအောင်သည် မြို့လေးမှာပဲ နေထိုင်ရင်း နာမည် အသင့်အတင့်ရှိသော စာရေးဆရာ တစ်ယောက် ဖြစ်နေပြီတဲ့။

ထိုညနေက သူငယ်ချင်းများ ဆုံသော ထမင်းဝိုင်းလေးတွင် စကားသံတို့ ဆူညံနေသည်။ တစ်ယောက်အကြောင်း တစ်ယောက်လုမေးရသည်နှင့် ထမင်းပင် ကောင်းကောင်း မစားနိုင်။ တချိန်က သေးသေးသွယ်သွယ် မိန်းကလေးတို့သည် ဒေါင်းတည်မောင်းတည်နှင့် မိန်းမကြီးများ ဖြစ်လာကြသည်။ ယောက်ျားလေး သူငယ်ချင်းများသည်လည်း ထိပ်ပြောင်၊ ဗိုက်ရွှဲများ ဖြစ်လာကြသည်။ ကလေးဘယ်နှစ်ယောက်နှင့် ဘယ်မြို့မှာ အခြေကျနေသည် စသည်ဖြင့် ပြောကြဆိုကြသည်။ ဟိုအရင်က အရိုက်ကြမ်းသည့် ဆရာကြီးများ အကြောင်း၊ ကျောင်းပြေးသည့် အကြောင်း၊ စာမရသည့် အကြောင်းများကို စမြုံ့ပြန်မဆုံးအောင် ရှိနေကြသည်။ လူအုပ်ထဲတွင် ဦးထွန်းဦးနှင့် ဦးငြိမ်းအောင်တို့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ကြသည်။ သို့ပေမယ့် စကားမဆိုဖြစ်ကြ။

ညဥ့်နက်လာတော့ လူအုပ်လည်း စဲခဲ့ပြီ။ အချို့သာ ကိုယ့်အုပ်စုလေးနှင့်ကိုယ် စကားဝိုင်းဖွဲ့ ပြောလျက် ရှိကြသည်။ ဒီလိုနှင့် ပန်းကန်တွေ သိမ်းနေသော ဦးငြိမ်းအောင် အနားသို့ ဦးထွန်းဦး ရောက်လာခဲ့သည်။

“ကိုငြိမ်းအောင် ကျွန်တော်တို့ ငယ်ငယ်က ဆုမှားပေးလိုက်တာ သတိရလားဗျ။”

ရတာပေါ့ဗျာ ဟုဆိုကာ ဦးငြိမ်းအောင်က ရယ်နေလေသည်။ ထို့နောက် ကျုပ်လည်း ခင်ဗျားကို မေးမလို့ပဲဟု ဆက်၍ ပြောသည်။

ထိုအခါ ဦးထွန်းဦးလည်း အားတက်လာပြီး အဲဒီညက ကျွန်တော် စဉ်းစားမိတယ်ဗျ ဟုဆိုကာ စကား မဆက်သေးဘဲ ငြိမ်နေပြန်၏။ စက္ကန့် အနည်းငယ် ကြာလာတော့ ဦးငြိမ်းအောင် သည်းမခံနိုင်ဘဲ ဦးထွန်းဦး၏ စကားကို ဆက်ပေးလိုက်သည်။

“တကယ်လို့သာ ဒီဆုက အမှန်ပဲ ဆိုရင်….အဲဒီလို ခင်ဗျား စဉ်းစားတယ် ဟုတ်သလား။”

“ခင်ဗျား ဘယ်လိုလုပ် သိလဲဗျ။”

“ကျုပ်လည်း အဲလိုပဲ စဉ်းစား ခဲ့လို့ပေါ့။”

သူတို့ နှစ်ဦးလုံး အတွေးကိုယ်စီနှင့် ငြိမ်သွား ကြပြန်သည်။ ထို့နောက် ဦးထွန်းဦးက စကားစလာသည်။

“ခင်ဗျားက ကျွန်တော့်ရဲ့ မဖြစ်လိုက်ရတဲ့ ဘ၀တစ်ခုလိုပဲဗျ။ ခင်ဗျားကို ကျွန်တော် အားလည်း အားကျတယ်။ ဒါပေမယ့် ခင်ဗျားလိုမျိုးလည်း သတ္တိ မရှိဘူးဗျ။”

“ကျုပ်က အားကျဖို့လည်း ချန်ထား ပါဦးလေ။ ခင်ဗျားလို နိုင်ငံခြားပြန် အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဘ၀ကို ဘယ်သူမဆို လိုချင် ကြမှာပဲ။”

“အဲ.. ဘယ်သူ မဆိုတော့ မဟုတ်လောက်ဘူးဗျ။ ၀ါသနာပါတဲ့ လူပေါ့။ ကျွန်တော် တခါတလေ စဉ်းစားမိတယ်။ ကျွန်တော့်အလုပ်မှာ ကျွန်တော် ပျော်သလား။ ကျွန်တော်လုပ်နေ ရတာတွေကို ပျော်သလားလို့။ တကယ်တမ်းကျတော့ ကျွန်တော် ကိုယ့်အလုပ်ကို ကိုယ်ဝါသနာ မပါဘူးဗျ။ ကျွန်တော်ဟာ လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် သပ်သပ်ရပ်ရပ် လုပ်နေတယ်။ ပျော်တာတို့ မပျော်တာတို့ ထည့်မစဉ်းစား တော့ဘူး။ လူတွေကတော့ ပြောကြတယ်။ ကျွန်တော်ဟာ ကိုယ်လုပ်တဲ့ အလုပ်မှာ ထူးချွန်တယ်တဲ့။ ကျွန်တော့် အလုပ်ကို ကျွန်တော် သံယောဇဉ် ကြီးရှာတယ်တဲ့။ အမှန်တော့ အဲဒါ ကျွန်တော့် သံယောဇဉ် ကျွန်တော့် အာသီသ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ဘောင်တွေ။”

“ဘယ်လို ခင်ဗျားရဲ့ ဘောင်တွေ ဟုတ်လား။”

“ဟုတ်တယ်။ ကျွန်တော်ဟာ လုပ်ချင်တာကိုပဲ ဖြစ်စေ မလုပ်ချင်တာကိုပဲ ဖြစ်စေ၊ လုပ်သင့်တယ် ထင်လို့ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ကျွန်တော့် မိဘတွေ အတွက်၊ နောက်လူတွေရဲ့ အထင်ကြီး အားကျမှု အတွက်၊ နောက်တော့ ကျွန်တော့် မိန်းမအတွက်၊ သားသမီးတွေ အတွက် စုံလို့ပေါ့ဗျာ။ အဲဒါအတွက် ကျွန်တော် ကျေနပ်မှု တစ်ခုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် လုပ်သင့်တာတွေချည်း လုပ်ခဲ့တော့ ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာတောင် မမှတ်မိတော့ဘူး။ အဲဒါ ၀မ်းနည်း စရာပဲ။”

“ခင်ဗျားရဲ့ ဆန့်ကျင်ဖက်ကို ကြားချင်သလား ကိုထွန်းဦး။”

ဦးထွန်းဦးက ခေါင်းကို တွင်တွင်ငြိမ့်ကာ ဆိုပါဦးဟု ပြော၏။

“ကျုပ်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တဲ့ကောင် ဆိုတာ ခင်ဗျား သိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ အရာကို လုပ်သင့်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖို့ ကျုပ်မှာ ခွန်အား မရှိဘူး။ လုပ်ချင်စိတ်လည်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျုပ်ဘယ်တော့မှတော့ နောင်တမရခဲ့ဘူး။ ကံကောင်းလို့ပဲလား တကယ်ပဲ စိတ်ပါလက်ပါ လုပ်တဲ့ အကျိုးပဲလားတော့ မသိဘူး။ ကျုပ်လုပ်ချင်တဲ့ နေရာမှာ နာမည်လေး အသင့်အတင့် ရခဲ့တယ်။ စားဝတ်နေရေးလည်း စာမူခလေးနဲ့၊ ခြံစိုက်တာလေးနဲ့ လုံလောက်ခဲ့တယ်။ ကျုပ်ရွေးတဲ့ လမ်းက မပေါများဘူး ဆိုတာ သိလို့ ကျုပ်လေ ဒီနယ်မြို့လေးကနေ မပြောင်းခဲ့ဘူး။ ကျုပ်လက်တွဲမယ့်သူ ကိုလည်း သေချာဆွေးနွေး ပြောပြခဲ့တယ်။ ကျုပ်ကံကောင်း ပါတယ်။ ကျုပ်မိန်းမက ကျုပ်ရဲ့ဉာဉ်၊ ကျုပ်ရဲ့ ၀ါသနာကို ဘယ်တော့မှ မဝေဖန်ခဲ့ဘူး။ အမြဲပဲ တန်ဖိုးထားခဲ့တယ်။ ကျုပ်တို့မှာ သမီးလေး တစ်ယောက်ရှိတယ်ဗျ။ သူ့ကို မွေးလာတော့မှပဲ ကျုပ်လောဘ ဆိုတာ နားလည် သလိုလို ရှိလာခဲ့တယ်။ တခြား မိဘတွေလိုပဲ သူ့ကို အကောင်း ဆုံးကျောင်းတွေမှာ ထားချင်တယ်။ အကောင်းဆုံး အခွင့်အလမ်းတွေ ပေးချင်တယ်။ ဒီအချိန်မှာ လုပ်သင့်တာ တချို့ကို လုပ်ရတော့မယ်လို့ ကျုပ်စဉ်းစား မိလာတယ်။ ဒါပေမယ့် ကျုပ်မတတ်နိုင်ခဲ့ဘူး။ ကျုပ်တို့ ဘ၀လေးနဲ့ ကျုပ်တို့ ပျော်ပါတယ်။ တခါတလေ မှန်းဆပြီး အားကျမိတဲ့ စိတ်ကလေးတော့ ဖြစ်မိတယ် ဆိုတာ ၀န်ခံရမှာပေါ့။”

“လောကကြီးမှာ ခင်ဗျားလို လူတွေများလား၊ ကျွန်တော့်လို လူတွေများလားလို့ ကျွန်တော် တခါတလေ စဉ်းစားမိတယ် ကိုငြိမ်းအောင်။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲက လူတွေလည်း တွေ့ဖူး ပါရဲ့။ ပြီးတော့ လုပ်ချင်တာရော လုပ်သင့်တာပါ လုပ်နိုင်တဲ့လူ တွေ့ဖူးတယ်။ နောက် လူတမျိုးလည်း တွေ့ဖူးသေးတယ်ဗျ။ ကျွန်တော့် ဆေးရုံက ဆရာဝန်လေး တစ်ယောက်။ မင်းဘာဝါသနာ ပါလဲ ဆိုတော့ မသိဘူးတဲ့ဗျ။ ဒီဆရာဝန် အလုပ်ကိုရော ဆိုတော့ မသိပါဘူး ဆရာရယ်၊ အမေက လုပ်ခိုင်းလိုက်တော့လည်း လုပ်လိုက်တာပဲ တဲ့။ အဲ… အဲဒါလည်း ခပ်ကောင်းကောင်းပဲ ထင်တယ်။ ကိုယ်ချစ်တာ ဘယ်သူလဲ မသိတော့ မိဘပေးစားတာပဲ ယူလိုက်တဲ့ လူတွေလို ရည်းစားဟောင်းကိုလည်း လွမ်းနေစရာ မလိုတော့ဘူး ပေါ့ဗျ။”

သူတို့နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်။ ဦးထွန်းဦးက ရယ်ရင်းမှ

“အဲဒီတော့ ကျွန်တော့် သားသမီးတွေကို ဘာဆုံးမရမလဲ ဆိုတာကိုပဲ ကျွန်တော်တွေး နေမိတယ်။ မင်းတို့ ကိုယ်လုပ်ချင်တာကို ဦးစားပေးကြလို့ ပြောရမလား၊ လုပ်သင့်တာကိုပဲ ဦးစားပေးကြလို့ ပြောရမလား။”

အဲဒီညက သူတို့ အတော်ညဥ့်နက်တဲ့ အထိ စကားပြောဖြစ်ကြသည်။ အဖြေထုတ်ဖို့ မကြိုးစားသော်လည်း တစ်ယောက်စကားမှ တစ်ယောက် အဖြေကို ရှာဖြစ်ကြသည်။ နောက်နေ့ မနက်မှာတော့ ကိုယ့်ဘ၀ထဲသို့ ကိုယ်ပြန်ကြရလေသည်။

xxx

အဘက စကားပြောရမှာ မောလာသည့်ဟန်ဖြင့် ခဏရပ်၍ နေသည်။

“ပုံပြင်က ဒါပဲလား အဘ။”

သူအားမရ သလိုမေးတော့ အဘက သာသာလေးရယ် နေ၏။

“နေဦး အဲဒီထဲမှာ အဘ ကြိုက်တဲ့ စကားလေး တစ်ခွန်းရှိတယ် ကွဲ့။ အဲဒီ စကားကတော့ ဒီလို။ ဘ၀ဆိုတာ ကျဉ်းကျုတ်တဲ့ဘောင်တွေနဲ့ အခန်းငယ် တစ်ခု မဟုတ်သလို၊ အကန့်အသတ် မရှိတဲ့ အတားအဆီးမဲ့ လွင်ပြင်ကြီး တစ်ခုတော့လည်း မဟုတ်ဘူးပေါ့။ သွားရင်းနဲ့ တချိန်ချိန်မှာတော့ နံရံတွေကို ထိလာမယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီနံရံတွေကို ကိုယ်ကိုယ်တိုင်ကပဲ ဆောက်မှန်းမသိ ဆောက်ခဲ့တာပဲ။ တချို့နံရံတွေဟာ မြင့်မားစေတယ်။ တချို့နံရံတွေဟာ ကျယ်ပြန့်စေတယ်။ မြင့်ပြီး ကျယ်တဲ့ နံရံတချို့လည်း ရှိတာပဲ။ ရှားတော့ ရှားလိမ့်မယ် ထင်တယ်။ အရေးကြီးတာက ကိုယ်ဆောက်ထားတဲ့ နံရံတွေကြားမှာ ကိုယ်ပျော်ဖို့ပဲ။ ကိုယ်ဆောက်ခဲ့တဲ့ နံရံတွေကို ကိုယ်သိဖို့ပဲ။ ကိုယ်မပျော်တဲ့ တစ်နေ့မှာတော့ အဲဒီနံရံတွေဟာ အကျဉ်းထောင်တစ်ခု ဖြစ်လာလိမ့်မယ်။ အမှောင်တိုက် တစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ နံရံတွေကို ဖြိုဖျက်ရဲတဲ့ သတ္တိ ရှိဖို့ပါပဲ။”

“အဲဒီစကားကနေ ငါ့တူမ အဖြေတွေ့ကောင်းတွေ့မှာ ပေါ့လေ။ တွေ့မတွေ့ ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပေါ် မူတည်တာပါပဲ။”

အဘပြောသော စကားကို သူတွေးနေမိသည်။ မနက်ရောင်နီကို တွေ့နေရပြီဟု သူထင်သည်။ မကြာခင် ရထားဆိုက်တော့မည်။ ရထားမဆိုက်ခင် သူမေးချင်သော မေးခွန်းနှစ်ခုကိုတော့ မေးလိုက်မှ ဖြစ်မည်။

“အဲဒီစကားကို ဘယ်သူက ပြောတာလဲဟင်။ ပြီးတော့ အဘက ဦးငြိမ်းအောင်လား၊ ဦးထွန်းဦးလား ဟင်။”

သူ အလောတကြီး မေးလိုက်မိသည်။ အဘက ပြုံးနေရင်းမှ

“မင်းပဲ တွေးယူကြည့်လိုက်ပါတော့။ အခုအချိန်မှာတော့ ကိုယ်ဘယ်သူလဲဆိုတာ အဘကိုယ် အဘ ပြန်စဉ်းစား ကြည့်ရဦးမယ်။ ကဲ အဘ ရထားပေါ်က ဆင်းတော့မယ်။”

သူအဘ၏ ကျောပြင်ကို ကြည့်၍ ကျန်ရစ်သည်။ သူ့ဘ၀က နံရံတွေကို သူဘယ်နားမှာ ဆောက်ခဲ့သလဲ ဆိုတာကိုတော့ ပြန်ဆန်းစစ်ရပါဦးမည်။

Friday, 23 January 2009

နံရံတို့ အကြောင်း (ဒုတိယပိုင်း)

မြို့လေး တစ်မြို့မှာ ငြိမ်းအောင်နှင့် ထွန်းဦးဟူသော သူငယ်ချင်း နှစ်ယောက် ရှိကြသည်။ သူတို့နှစ်ဦးလုံးမှာ မြို့ကလေးက အထက်တန်းကျောင်းလေးတွင် ကျော်ကြားသူများ ဖြစ်ကြသည်။ ငြိမ်းအောင်ကို နံရံကပ် စာစောင်နှင့် စာစီစာကုံးပြိုင်ပွဲများနှင့် တွဲမြင်လေ့ ရှိကြပြီး ထွန်းဦးကတော့ အတန်းထဲမှာ အမြဲပင် ပထမစွဲသူ အဖြစ် ဆရာဆရာမများက ချီးကျူးကြသည်။ ဒီအထဲမှာ မြန်မာစာဆရာနှင့် သမိုင်းဆရာကြီးတို့ နှစ်ယောက်ကတော့ ငြိမ်းအောင်ကို ထူးခြားတဲ့ ကလေးဟု ဆိုကြသည်။ ဘယ်လိုထူးခြားသည် ကိုတော့ သူတို့က မပြော။ မနာလိုသူ အချို့ကတော့ အလကားပါကွာ ဟိုစပ်စပ် ဒီစပ်စပ်ပါတဲ့ ကောင်ဟု စကားတင်း ဆိုကြသည်။ နှစ်ယောက်လုံးကိုတော့ မွန်ရည်သော လူငယ်လေး နှစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထား ကြ၏။

မကြာခဏ ဆိုသလို ထွန်းဦးကို စာအုပ်နှင့် မျက်နှာမခွာဘဲ တွေ့ကြရပေမယ့် သူဟာ ငြိမ်းအောင်တို့ ကဗျာတွေ စာတွေရေးတဲ့ အခါမှာလည်း အားကျငေးကြည့် နေတတ်ပြန်၏။ ဒါပေမယ့် သူ့ကို ၀င်ပါပါလားဟု ဆိုကြတော့လည်း ငါစာကျက်ရဦးမယ်ကွာ ဆိုတဲ့ ဆင်ခြေကိုပဲ ပေးနေပြန်ပါသည်။ ငြိမ်းအောင်၏ မိဘများကတော့….ထွန်းဦးကို ကြည့်စမ်း ဘယ်လောက် တော်သလဲ၊ သူ့တ၀က်လောက် မင်းစာလုပ်ရင် ငါတို့ ကျေနပ်ပြီဟု အခွင့်အရေး ရတိုင်း ငြိမ်းအောင်ကို ဆုံးမတတ်ကြသည်။ အဖေနှင့်အမေတို့၏ ဆန္ဒကို လိုက်လျောချင်သော်လည်း လုပ်ချင်သော အရာမှ လွဲ၍ လုပ်သင့်သော အရာများကို ဖြည့်လုပ်နိုင်သော ခွန်အား ငြိမ်းအောင်တွင် မရှိ။

ဒီလိုနှင့် ထိုနှစ်က ငြိမ်းအောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရသည်။ ထွန်းဦးက စာမေးပွဲကြီးတွင် ပထမဆု ရသည်။ ဆုပေးပွဲ စဉ်ပေါ်မှ ဆင်းလာတော့ သူတို့လိုချင်သော ဆုကို ရခဲ့ပြီဟူသော အတွေးဖြင့် နှစ်ဦးလုံး ပျော်နေကြသည်။ ဒါပေမယ့် ကိုယ်မပိုင်သော ဆုကိုမှ ပိုက်ပြီး ပြန်ခဲ့သည်ကိုတော့ အိမ်ရောက်မှပင် သိကြသည်။

စာအုပ်များ ကြားတွင်တင်ထားသော ဆုကို ထွန်းဦး ကြည့်မိတော့ မောင်ငြိမ်းအောင် စာစီစာကုံး ပထမဆု ဟုထွင်းထားသော စာသားလေးကို တွေ့ရသည်။ ထိုအချိန်တွင် ငြိမ်းအောင်သည်လည်း သူ့ခေါင်းရင်းမှ မောင်ထွန်းဦး ဒသမတန်း ပထမဆု ဟူသော စာလုံးများကို ကြည့်ကာ တွေးနေပြန်သည်။ မတော်တဆပင် ဆုပေးပွဲ၌ သူတို့နှစ်ဦးအား ဆုမှားပေးလိုက် ဟန်ရှိသည်။ မနက်ကျမှ ပြန်လဲမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် အိပ်ယာဝင်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး ထိုညက ကောင်းကောင်းအိပ်မပျော်ကြ။

မနက်နေရောင်ကို တွေ့တော့ ခေါင်းရင်းတွင် တင်ထားသော ဆုကိုပိုက်ကာ တစ်ယောက်အိမ်သို့ တစ်ယောက် လျှောက်လာကြသည်။ လမ်းတ၀က်မှာ သူတို့နှစ်ဦး ဆုံသည်။ တစ်ယောက်လက်ထဲမှ ဆုကို တစ်ယောက်တွေ့တော့ ဘာမျှ မပြောနိုင်ဘဲ ပြုံးမိကြသည်။ ထို့နောက် လက်ထဲက ဆုချင်း လဲလှယ်လိုက်ကြသည်။ လဲလိုက်ချိန်မှာ လမ်းတ၀က်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တွေးနေကြပြန်သည်။

နောက်ဆုံးတော့လည်း လူဆိုသည်မှာ အကျင့်ဟောင်းရဲ့ သားကောင်တွေပဲ ဖြစ်ပါသည်။ ထွန်းဦးရော ငြိမ်းအောင်ပါ ၁၈၀ ဒီဂရီ လှည့်၍ လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

(ဆက်ရန်)

Sunday, 18 January 2009

နံရံတို့ အကြောင်း (ပထမပိုင်း)

ရထားတစ်စင်းပေါ်မှာ သူဒီအကြောင်းကို ဆွေးနွေးရလိမ့်မယ်ရယ်လို့ မတွေးခဲ့ဖူးပါ။ ခုတော့ သူခုမှ တွေ့ဖူးသော သူစိမ်းတစ်ယောက်နှင့် သူ့စိတ်ထဲမှာ အရေးတကြီး တွေးမိသော ကိစ္စကို ပြောမိလျက်သား ဖြစ်လို့နေသည်။ ရထားက တညလုံး ဆက်၍ သွားဦးမည်။ လိုဏ်ခေါင်းတွေကို ဖြတ်နေသော်လည်း သူတို့အတွက်တော့ အားလုံးဟာ အမြဲ မှောင်မိုက်နေတာပါပဲလေ။

“ကဲ ဆက်ပါဦးလေ။ မင်းက ဘယ်လို ထင်တာတုန်း။”

အမှောင်ထဲမှပင် ထွက်ပေါ်လာနေသော မျက်နှာချင်းဆိုင် ခုံမှ အဘ၏ အသံသည် အဝေးကြီးမှ လာနေသလို သူထင်နေမိသည်။

“ကျွန်မကတော့ ဘ၀မှာ ပျော်တာလုပ်၊ ကိုယ့်ဘ၀ ကိုယ်ကျေနပ်နေရင် ပြီးတာပဲလို့ ထင်တာပဲ။ လူဆိုတာ ကိုယ်ရှာတာ ကိုယ်ရတဲ့ အမျိုးပဲ အဘရယ်။ ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတယ် ထင်တာပဲ။ အဲ… ရွေးပြီးရင်တော့ နောင်တ မရကြေးပေါ့။”

“အင်း… မင်းပြောတာကို အဘ သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုကို နောင်တရတဲ့ တစ်နေ့မှာရော…၊ ဘာလုပ်မယ် ထင်သလဲ။”

အဘရဲ့ မေးခွန်းကို သူချက်ချင်း ပြန်မဖြေနိုင်ပါ။ စဉ်းစားနေသောသူ့ကို အဘက အလိုက်တသိ တိတ်ဆိတ်စွာပဲ စောင့်နေသည်။ ရထားဖြတ်သွားတိုင်း လမ်းမီးတိုင်၏ အရိပ်တို့က နောက်မှာ ကျန်ခဲ့သည်။ အဘကို လှမ်းကြည့်တော့ အမှောင်ထုထဲကို ငေးရင်း တစုံတခုကို တွေးနေပုံရသည်။ သူမေးခဲ့သော မေးခွန်းကိုတောင် သတိရသေးရဲ့လား။

“ကျွန်မတော့ သတ္တိမွေးပြီး ကိုယ့်ရွေးချယ်မှုကို ကိုယ်ပြင်ဖို့ ကြိုးစား ဖြစ်မယ် ထင်တာပဲ။ နေသားတကျ ဖြစ်နေပြီးသားတွေကို စွန့်လွှတ်ဖို့တော့ သတ္တိတော်တော် ကောင်းရမှာပါလေ။ လက်ရှိဘ၀ကို မစွန့်နိုင်တော့လဲ ဖြစ်နေတဲ့ အနေအထားကို ရောင့်ရဲနိုင်တဲ့ စိတ်မွေးရမှာပေါ့။ ဟုတ်တယ် မဟုတ်လား အဘ။”

အဘဆီမှ ဘာအဖြေမှ ထွက်မလာပါ။ ဒါပေမယ့် အမှောင်ထဲမှာ ခေါင်းငြိမ့်နေသော အဘကို လရောင်ရိပ်ရိပ်မှာ မြင်နေရသည်။ သူ့မျက်နှာ ပြုံးနေသလား ဆိုတာတော့ အသေအချာ မမြင်ရ။ အတန်ကြာ သူတို့ နှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်နေကြသည်။ စကားပွဲက ပြီးဆုံးသွားခဲ့ပြီဟု သူနှမြောတသ တွေးမိချိန်မှာတော့ အဘထံမှ တိုးတိတ်စွာ စကားစလာသည်။

“ငါ့တူမ နားထောင်နိုင်သေးတယ် ဆိုရင် အဘ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။”

“ကျွန်မ နားထောင်နေပါတယ် အဘ။ ပြောပါ။”

ထိုညမှ လကသာနေသည်။

(ဆက်ရန်)

Monday, 29 December 2008

ကျွန်ုပ်နှင့် ဘလောက်

တနေ့သ၌ အကျွန်ုပ် ပုံရိပ်သည် ကွန်ပျူတာရှေ့၌ တကုပ်ကုပ် လုပ်နေလေ၏။ ထိုနေ့က နေသာ၍ ရာသီဥတုကလည်း ကြည်လင် နေသောကြောင့် ပုံရိပ်သည်လည်း စိတ်လက် ကြည်သာလျက် ရှိ၏။ ထို့ကြောင့်ပင် မုန့်တီ လုပ်စား လတ္တံ့ဟူသော အကြံဉာဏ် ဖြစ်ပြီး သကာလ ရေနွေးအိုးတစ်အိုး မီးဖိုပေါ် ကောက်တည်လျက် မုန့်ဖတ်ခြောက်များကို ထည့်ထား လိုက်လေသည်။ ထို့နောက် ဗိုက်မဆာသေးပါဘူး ဟူသော အကြောင်းပြချက်ဖြင့် မုန့်ဖတ်များကို ပြုတ်ထားဆဲ ကာလ၀ယ် ကွန်ပျူတာ ရှေ့သို့ ပြန်လာပြီး ဘလောက်များကို အားကြိုးမာန်တက် ကြိုးစားပမ်းစား အားပါးတရ စိတ်ဝင်စားစွာဖြင့် ဖတ်ရှုလျက် ရှိသည်။

ဘလောက်ထဲတွင် စိတ်ပါဝင်စားသွားသည်မှာ မည်မျှကြာသည် မသိ၊ တရှဲရှဲ အသံတို့ မြည်လာသော သကာလ၌ပင် မီးဖိုပေါ်မှ ခေါက်ဆွဲအိုးကို ရုတ်ချည်း သတိရလေတော့သည်။ လှမ်းကြည့်လိုက်သော အချိန်တွင် ခေါက်ဆွဲအိုးသည် ခပ်ဖြူဖြူ အမြှုပ်တို့ တဝေေ၀နှင့် ရှိနေချေတော့၏။ ထိုအခါမှ ပုံရိပ်သည်လည်း အလျင်စလို ကမန်းကတန်း ပြေးကာ ပါးစပ်ကလည်း အမြှုပ်တို့ကို မှုတ်လျက်၊ လက်ကလည်း မီးဖိုကို ပိတ်ရလေတော့၏။ ထိုအချိန်မှာပင် နောက်ကျသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ အကြောင်းမှာ… အင်မတန်ပင် အော်ချင်လှသော fire alarm သည်အလွန်တရာမှပင် ကျယ်လောင်လှစွာသော အသံဖြင့် အော်လျက် ရှိပြီး ဖြစ်နေသောကြောင့်တည်း။

ထိုအခါ မီးဖိုနား ရောက်နေသော ပုံရိပ်သည်လည်း အရပ်ကို ခုံနှင့် ဆက်လျက် fire alarm ကို ပြေးပိတ်ရပြန်လေသည်။ ထိုအခါမှ၊ မပိတ်ချင် ပိတ်ချင်နှင့် alarm သည် တချက်တချက် အော်ချင်လျက်နှင့်ပင် ပိတ်သွားရရှာလေတော့သည်။

ထို့နောက် မီးခိုးတို့ အလျင်အမြန်ထွက်စေရန် အတွက် ပြတင်းပေါက်များကိုလည်း ပြေးဖွင့် ရပြန်လေသည်။ ထိုခဏ၌ပင် အပြင်မှ အလစ်ချောင်းနေသော လေအေးတို့သည် အိမ်ထဲသို့ အလုံးလိုက် အရင်းလိုက် ၀င်ရောက်လာလေတော့သည်။ ချမ်းလာသော ပုံရိပ်သည်လည်း ကပ်စေးနည်းကာ လျှော့ထားသော အပူပေးစက်၏ အပူချိန်ကို ပြေးမြှင့်ရပြန်၏။ ထိုအတောအတွင်း၌ အအေး သက်သာစေရန် အနွေးထည် တစ်ထည်ကိုလည်း ပြေးယူဝတ်လျက်၊ စောင်အပါး တစ်ထည်ကိုလည်း ဆွဲလျက် ကွန်ပျူတာ ရှိရာသို့ ပြန်လာခဲ့လေသည်။ ကွန်ပျူတာရှေ့၌ ဖတ်လက်စ ဘလောက်သည် ပွင့်မြဲပွင့်လျက်။ တမုဟုတ်ချင်းပင် အကျွန်ုပ် ပုံရိပ်သည်လည်း ဘလောက်တွင် ဈာန်ပြန်ဝင်စားလျက် စိတ်ပါလက်ပါပင် ဖတ်ရှုလျက် ရှိနေလေတော့သည်။

ဖတ်ပြီး ခဏအကြာတွင် ခေါက်ဆွဲ ကျက်မကျက် စမ်းသပ်ဖို့ရန် သတိရသွားလေ၏။ အိုးထဲမှ ခေါက်ဆွဲတို့သည် အပြုတ်ဒဏ်ကို အံတုလျက် မာမြဲမာဆဲ ဖြစ်ကြောင်း သိရသောအခါ အကျွန်ုပ် ပုံရိပ်သည် အိုးထဲသို့ ရေထပ်ထည့်လျက် မီးအေးအေးဖြင့် ခေါက်ဆွဲဆက်လက် ပြုတ်လေ၏။ ဖွင့်ထားသော ပြတင်းပေါက်တို့ကိုလည်း လိုက်ပိတ်ရ၏။ အနွေးပေးစက်ကိုလည်း ကပ်စေး အပူချိန်သို့ ပြန်လျှော့ရ၏။ နေသည်လည်း အိမ်ပြင်၌ သာမြဲသာလျက် ပင်တည်း။ အားလုံး ပိုနေမြဲ ကျားနေမြဲ ဖြစ်သော အခါ အကျွန်ုပ်သည်လည်း ပုံရိပ်နေမြဲ အတိုင်း ဆာလောင်ခြင်းကို အံတုလျက်၊ ခေါက်ဆွဲအိုးကို မေ့လျော့လျက် ဘလောက်ကမ္ဘာတွင် ဆက်လက် မွေ့လျော် နေလေတော့ သတည်း။

Sunday, 28 December 2008

လေယာဉ်ကွင်းမှာ

လေယာဉ်ကွင်း…။ လူတွေ ပျားပန်းခတ်မျှ များပြားနေသည်။ ပိတ်ရက်မို့ မိသားစုဆီ ပြန်လာကြသူများ၊ မိသားစုဆီ ပြန်သွားမည့်သူများ။ အိတ်ကြီးအိတ်ငယ်နှင့် ခပ်သုတ်သုတ် လျှောက်သွားကြသူများ။ ကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့်၊ အိတ်တွေ မနိုင်မနင်းနှင့် စုံတွဲတွေ။ ထိုင်နေရာမှ သူ လူတွေကို လိုက်ကြည့်နေဖြစ်သည်။ ချစ်သောသူ၏ လေယာဉ်က ဆိုက်မလာသေး။ လေယာဉ်ဆိုက်ရာ လိုဏ်ခေါင်းများမှ လူအတော်များများ လျှောက်လာနေကြသည်။ အေးသော ဒေသမှ လာခဲ့ဟန်တူသည်။ အားလုံး အနွေးထည်ထူထူ၊ ကုတ်အင်္ကျီလက်ကချိတ်လျက်…။

သူ့နံဘေးမှာ ထိုင်နေသော အဒေါ်ကြီး တစ်ယောက်ကတော့ သူ့သမီးကို လာကြိုသည်ဟု ပြော၏။ လေယာဉ်ကလည်း ကြာလိုက်တာနော်။ ဆိုက်သင့်နေပြီဟု စိတ်မရှည် လှစွာ ရေရွတ်နေသည်။ လေယာဉ်အခြေအနေကို ဖန်သားပြင်ပေါ်မှာ စစ်ကြည့်တော့ လေယာဉ်က စ၍ ဆင်းနေပြီတဲ့။ သူပျော်သွားသည်။ မကြာခင် လေယာဉ်ဆိုက်တော့မည်။

သူ့ရှေ့မှာ မိသားစုတစ်စု ဖြစ်ဟန်တူသော လူတစ်စု ရပ်နေကြသည်။ အမျိုးသမီးက လူလတ်ပိုင်း အရွယ်။ ၁၃နှစ် ၁၄နှစ် အရွယ် ကောင်လေး တစ်ယောက်လည်း ပါသည်။ အသက်နှစ်ဆယ် အရွယ်ခန့် အမျိုးသား တစ်ယောက်လဲ ပါသည်။ သူတို့လက်ထဲတွင် “အိမ်အပြန်ကို ကြိုဆို ပါတယ် အစ်ကိုရွိုင်ယင်” ဟု ရေးထားသော ကဒ်ထူပြားတစ်ပြား ကိုင်ထားသည်။ သူတို့အားလုံး ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေကြသည်။ ကောင်လေးက အပေါက်ဝဘက်ကို မျှော်ကြည့်လိုက်၊ ကဒ်ပြားကို ထောင်လိုက်နှင့်။ ထိုအချိန်မှာ ပြောက်ကျား ၀တ်စုံနှင့် စစ်သားတစ်ယောက် ထွက်လာသည်။ အမျိုးသမီးက ထိုစစ်သားကို လှမ်း၍ မေးသည်။ ရှင်တို့ ဘယ်လေယာဉ်နဲ့ လာကြတာလဲတဲ့။ စစ်သားက ပြန်ဖြေသည်။ အမျိုးသမီးက သူ့ အစ်ကို (သို့မဟုတ် မောင်) ကိုလာကြိုသည်တဲ့။ ကျွန်မ အစ်ကို (မောင်)လဲ အဲဒီလို စစ်ဝတ်စုံမျိုး ၀တ်ထားတာ ဟုပြောနေသော သူ့အသံမှာ တက်ကြွနေသည်။ သူတို့ ပြောတာကို နားထောင်ရင်း ကိုယ်ပါ လိုက်ပျော်နေမိသည်။

အနီးအနားမှာ ထိုင်နေသော အမျိုးသမီး တစ်ယောက်က သူ့ညီမကို လာကြိုသည်တဲ့။ လေယာဉ်ကွင်းနှင့် သူ့အိမ်က တစ်နာရီလောက် ကားမောင်းရတာမို့ လေယာဉ်ဆိုက်ဖို့ကို စိတ်စော၍ နေ၏။ ရာသီဥတုက ဒီနေ့ သိပ်မဆိုး၍ တော်သေးသည်ဟု ပြောနေသေးသည်။ သူတို့အိမ်က ရေကန်လေးတစ်ကန် နံဘေးမှာ ရှိသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် နေလို့ ကောင်းသော်လည်း အရာရာနှင့် ဝေးသည်မို့ မြို့ထဲ တခါထွက်ဖို့ အရေး ကားအကြာကြီး မောင်းရသည်ဟု ညည်းနေသေးသည်။

ချစ်သောသူကို လာကြိုသော သူကရော….။ သူကတော့ ချစ်သောသူကို တွေ့ရမည့် အတွက် ရင်ခုန်၏။ မျှော်ရတာကို ပျော်ပါသည်။ ဟုတ်တယ်လေ။ နှုတ်ဆက်ရတာထက် စာလျှင် မတွေ့ခင် မျှော်လင့်ရတာကို သူကြိုက်ပါသည်။

ခရီးသည် နောက်တသုတ် ခပ်သွက်သွက် လမ်းလျှောက်လာနေသည်။ အားလုံးက လိုရာခရီးကို ရောက်စေချင် နေကြသည့် အသွင်။ ဟော.. တွေ့ပါပြီ။ လူအများကြားထဲမှ သူမျှော်နေသော သူ။ ထိုင်ရာမှ ထလိုက်သည်။ ရပ်နေရာမှ မရွှေ့မိဘဲ ပြုံးပြနေမိသည်။ အနီးကပ်လာတော့ သူ့ကို လှမ်းဖက်၍ နှုတ်ဆက်သည်။ သူတို့ နံဘေးမှ စစ်သားလူငယ်ကို ကြိုနေသော လူစုမှာ ကြွက်စီ ကြွက်စီ ညံ၍ နေသည်။ သူတို့နှစ်ဦး စကားတပြောပြောနှင့် ကားဆီကို လျှောက်လာကြသည်။

ကြိုဆိုပြီးလျှင်တော့ ခွဲခွာရဦးမည်။ လေယာဉ်ကွင်း၌ ကြိုကြသည်။ လေယာဉ်ကွင်း၌ ငိုကြသည်။ လေယာဉ်ကွင်း၌ မျှော်ကြသည်။ လေယာဉ်ကွင်း၌ ပျော်ကြသည်။ နှစ်တစ်နှစ်လိုပါပဲ။ ကြိုပြီးလျှင် နှုတ်ဆက်ရမည်။ လေယာဉ်ကွင်းကတော့ သူ့တာဝန်သူ ထမ်းဆောင် နေပေလိမ့်မည်။ နှုတ်ဆက်ခြင်း အကြောင်းကို မသိကျိုးကျွံ ပြု၍ ဒီညတော့ သူပျော်လိုက်ဦးမည်။

Monday, 15 December 2008

ထွက်ပြေးသူရဲ့ အရိပ်

ရေးဖို့ အကြောင်းအရာ ခေါင်းထဲမှာ မယ်မယ်ရရ စဉ်းစားလို့ မရဖြစ်နေတယ်။ ဘာမှ မတင်ဖြစ်တာ ကြာတော့ မျက်နှာပူ လာတယ်။ (ဘလောက် ငရဲမင်းနဲ့လဲ ထပ်မတွေ့ချင်ပါ။) ဒါနဲ့ပဲ ကဗျာလေး တစ်ပုဒ်လိုပဲ အလွယ်တကူ ချရေးလိုက်ပါတယ်။ ကဗျာလို့ပဲ သည်းခံပြီး ဖတ်ပါနော်။

xxx

အရိပ်
ကိုယ့်နောက်က ကပ်ပါလာမြဲ
အရိပ်
ကမ္ဘာတခြမ်းဝေးတောင်
ထွက်မပြေးနိုင်ခဲ့
အရိပ်
နာမည်တွေ အလီလီပြောင်းခဲ့လဲ
အရိပ်
မျက်နှာဖုံးများစွာ တပ်ဖူးခဲ့ပါတယ်
အရိပ်
ဘယ်လောက်ပင် ဖုံးကွယ်ထားပေမယ့်
အရိပ်
ကိုယ့်အရိပ်ဟာ
ကိုယ်ကိုတိုင်ပါပဲ။

Wednesday, 3 December 2008

ချွေတာရေး

အား… အခုမှပဲ နွေးသွားတော့သည်။ ဖျော်ထားသော လက်ဖက်ရည် တစ်ငုံပါးစပ်ထဲ ရောက်မှပဲ ချမ်းနေတာ ပြေသွားတော့သည်။ ခုတလော ရာသီဥတုက အေးလာပြီ။ အနွေးစက်ကို ဖွင့်သော်လည်း အမြဲတမ်းသာ ဖွင့်နေရလျှင် မလွယ်ပါ။ လကုန်တွင် လာမည့် အနွေးပေးခကို သူကြောက်မိ၏။ အင်း ချွေတာမှ။

ရေခဲသေတ္တာ ဖွင့်ကြည့်တော့ စားစရာတွေကတော့ အများကြီးပင်။ ဒါပေမယ့် တခုမှ မစားချင်တာ ခက်သား။ ခုအချိန်တွင် စားချင်သည့် အစာက အိမ်မှာ မရှိ။ ဒီလိုနဲ့ ၀ယ်ပြီး မစားဖြစ်သော အစာအချို့ အမှိုက်ပုံးထဲသို့ရောက် ကုန်သည်။ ပြီးခဲ့တဲ့ အပတ်ကလည်း သုံးသည့် ဈေးဖိုးမှာ လိုတာထက် ပိုများသွားခဲ့သည်။ ပြီးတော့လည်း စားစရာ မရှိဟု သူပဲ ငြီးငြူ တတ်ပြန်ပါသည်။ သူများတွေတော့ စားစရာ တကယ် မရှိလို့ ဒုက္ခရောက်နေ ရတဲ့ အချိန်မှာ ငါက ဖြစ်တာနဲ့ စားတတ်ရမှာပေါ့ဟု ကိုယ့်ကိုယ်ကို ဆုံးမသည်။ အသင့်စား ခေါက်ဆွဲ တစ်ထုပ်ကို ဖောက်ကာ အရွက်များများနှင့် စားပစ်လိုက်တော့လည်း ညနေစာ တစ်နပ် ပြီးသွားသည်ပဲ။

ရေမိုးချိုး အင်္ကျီလဲပြီးတော့ လျှော်ပြီးစ ဆံပင်ကို ဘီးနှင့်ဖြီးသည်။ ဘီးက ကျိုးလုကျိုးခင်မို့ ဘီးအသစ်တစ်ချောင်း ၀ယ်ရန် စဉ်းစားမိသည်။ ဒါပေမယ့်လည်း ဖြီးလို့ ရနေတာပဲလေ။ ဘာလို့များ အသစ် လိုချင်နေရသေးတာလဲဟု ကိုယ့်ကိုယ်ကို ဆန်းစစ်တော့ အသစ်လိုချင် နေသောစိတ် လျော့ကျသွားသည်။

အေးအေးရှိသည်မို့ အနွေးထည် ထူထူတစ်ထည် လိုက်ရှာမိသည်။ စုတ်သော်လည်း ထူသော အနွေးထည် တစ်ထည် ဗီရိုအောက်ဆုံးထပ်မှ ထွက်လာသည်။ အထက်တန်းလောက် ကတည်းက ၀တ်ခဲ့သော ကိုယ့်အကြိုက်ဆုံး အနွေးထည် တစ်ထည် ဆိုတာ သတိရသွားပြန်သည်။ ချွေတာရေး လုပ်ပြီး အ၀တ်အစား မ၀ယ်ဘဲ နေဖို့ ကြိုးစားခဲ့သည်မှာ ကြာပြီ။ အောင်မြင်သင့် သလောက် အောင်မြင်သော်လည်း စိတ်လွတ်သွားသည့် အခါမှာတော့ တစ်ထည်လောက် ၀ယ်ဖြစ်တတ်သည်။ လျော့ဈေးချတိုင်း မ၀ယ်နှင့်၊ တန်တယ် ထင်တိုင်း မ၀ယ်နှင့်။ မလိုဘဲနှင့် မ၀ယ်နှင့်။ ဒီလို သတိထားမိလျှင် ကိုင်ပြီးသော အကျီင်္ ပြန်ချဖြစ်သွားသည်။ အင်း ဒီလိုတော့လည်း ဟုတ်နေသား။

ထိုင်ခုံပေါ်ထိုင်ရင်း စောင်မထူမပါး တစ်ထည်ကိုလည်း ဆွဲခြုံမိသည်။ နိုဗယ်ဆု ရသွားသော သမ္မတဟောင်း ဂျင်မီကာတာတောင် အိမ်ထဲမှာ နေလျှင် အနွေးထည် တစ်ထည် အမြဲ ၀တ်ထားသည်ဆိုပဲ။ အနွေးပေးရ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာအောင်၊ စသည်ဖြင့် ကြားဖူးတာပဲ။ သမ္မတတောင် အနွေးထည် ၀တ်နေတယ် ဆိုတော့ ကိုယ်ကလည်း အားကျမခံ အနွေးထည်ရော၊ စောင်ပါ ခြုံနေလိုက်မည်။ ဒီလိုဆို ချွေတာရေးလည်း ဖြစ်ရာကျ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညှာတာရာ ကျပေမပေါ့။

ရှေ့မှာ မြင်နေရသော ကွန်ပျူတာကို ဖွင့်မည်လုပ်သည်။ အလုပ်မှ ပြန်လာကတည်းက အိပ်ချိန်အထိ ကွန်ပျူတာရှေ့ ထိုင်တတ်သည်မှာ ကိုယ့်အကျင့်လို ဖြစ်နေပြီ။ ဘလောက်တွေ လိုက်ဖတ်သည်။ ပို့စ်အသစ် ရေးဖို့ ကြိုးစားသည်။ ကွန်ပျူတာသုံးချိန် နည်းနည်းလျော့လျှင် ကိုယ့်ချွေတာရေး အစီအစဉ်လေးကို အထောက်အကူ ဖြစ်နိုင်သည်။ ဒါပေမယ့်….အင်း…. အင်း…. ဘယ်လောက်များ စုမိသွားမှာ မို့လို့လဲ။ ဒါတော့ လာမပြောနဲ့။ ချွေတာနိုင်ဘူး။