Sunday, 27 September 2009

အရှိန်ယူခြင်း

နေရောင်က ကန့်လန့်ကာ ကြားထဲက တိုးဝင်ပြီမို့ မနက်မိုးလင်းပြီမှန်း သိလိုက်ပါသည်။ သို့သော်လည်း အေးအေးစိမ့်စိမ့် တနင်္ဂနွေ မနက်ခင်း တစ်ခုမှာ ဆက်ပြီးတော့ ကွေးချင်နေသေးသည်။ ဒီလိုနှင့် စောင်ကို ခေါင်းမြီးခြုံ၍ တဖက်လှည့်ကာ ဆက်ကွေးနေလိုက်သည်။ ထိုအချိန်မှာ

“ဒေါက်……”

အိပ်ယာဘေးက ပြတင်းပေါက်နားကို တစ်ခုခု ကျလာဟန်တူသည်။ ကိုယ့်အိပ်ယာက ပြတင်းပေါက်နှင့် ကပ်နေတော့ အကျယ်ကြီး ကြားရသည်။ ပြတင်းပေါက်နားမှာ သစ်ပင်ကြီး တစ်ပင် ရှိသည်။ ထုံးစံ အတိုင်း ရှဥ့်များနှင့် ငှက်များ၏ စံပျော်ရာ။ တခါတလေလည်း ရှဥ့်အော်သံလို့ ပြောရမည်လား။ တကျွတ်ကျွတ်နှင့် အသံကြားရတတ်သည်။ ငှက်ကလေးတွေ စိုးစီစိုးစီ လုပ်သည့် အသံကိုတော့ ကိုယ်မမှုပါ။ ရှဥ့်တွေကိုတော့ မမုန်းပေမယ့် မေတ္တာသိပ်မရှိ လှပါ။ အဲ…ဒေါက် ဟူသော အသံက သစ်ကိုင်း ကျိုးကျလို့ ဖြစ်နိုင်သည်။ ဒီလိုပဲ တခါတလေ ကြားရတတ်သည်မို့ ကိုယ့်အတွက် ရိုးနေပါပြီ။ ဟိုတွေးဒီတွေး လုပ်ပြီး ပြန်အိပ်ဖို့ ကြိုးစား၏။

“ဒေါက်……”

မျက်စိမှိတ်ပြီး အိပ်ပျော်သလိုလို ဖြစ်မှ အသံက ထပ်ကြားရပြန်သည်။ ကဲ…ရှိစေတော့ ဒီမနက် စောစောထဖို့ အကြောင်းက ဖန်လာပြီ။ အိပ်ရေးလည်း ၀ပြီပဲ။ တကယ်တော့ မနက်စောစော ထရသည်ကို ကိုယ်နှစ်သက်ပါသည်။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လျက်။ စိတ်လည်း ကြည်လင်သည်။

ရေချိုးခန်းဝင် မျက်နှာသစ်ပြီး ကော်ဖီ တစ်အိုးတည်ပြီး စာရေးချင်စိတ်လေး ပေါ်လာရသည်။ ကော်ဖီကို ခပ်ကျကျနှစ်ခွက်စာမျှ ဖျော်လိုက်သည်။ ထမင်းပူပူလေးနှင့် ငါးခြောက်ဖုတ်လေး စားချင်စိတ်ပေါက်မိသည်။ ထို့ကြောင့် ထမင်းအိုးကောက်တည် လိုက်သည်။

အဆင်သင့် ဖြစ်တော့ ကော်ဖီတစ်ခွက်ကို ခုံပေါ်ချရင်း ကွန်ပျူတာကို ဖွင့်သည်။ စက်စနေတုန်းမှာ ဘာရေးရကောင်းမလဲ ကော်ဖီသောက်ရင်း စဉ်းစားသည်။ ဟိုတစ ဒီတစ အတွေးစတွေကတော့ များသား။ စာတစ်ပုဒ်ဖြစ်ဖို့တော့ အားထုတ်မှု လိုသည်။ စာရေးဖို့ စာမျက်နှာ အသစ်ကို ဖွင့်သည်။ သိပ်စဉ်းစားနေလျှင် မရေးဖြစ်ဘဲ နေတော့မည်။ မထူးပါဘူး။ သိပ်စဉ်းစား မနေနဲ့ဟု ကိုယ့်ကိုယ်ကို ပြောသည်။ ပြီးတော့ စာကြောင်းတွေကို ကောက်ရေးဖြစ်သည်။ မရေးတာကြာတော့ စာရိုက်ရတာ တမျိုးပဲဟု တွေးသည်။ သီချင်းတစ်ပုဒ် ကောက်ဖွင့်လိုက်သည်။ ရေးရတာ ပိုသွက်လာသည်။ တီထွင် ဖန်တီးတတ်သည့် ဥာဏ်တွေသုံးခွင့် မရသည့် ဘ၀မှာ ကိုယ့်ဟာကိုယ် ကြိုးစားယူမှ။

ကဲ…လာလေရော့။ ဆားချက်သည်ပဲ ဆိုဆို စာတစ်ပုဒ်တော့ ဖြစ်သွားပေပြီ။

(ဒီစာလေးရေးပြီး အရှိန်ယူပါသည်။ အသစ်တွေ ရေးပါမည်။ အားထုတ်မှုတစ်ခုနှင့် ဖန်တီးပါမည်။)


Friday, 21 August 2009

ခုတလော….

မတန်ခူးရေ နောက်ကျသွားပြန်ပြီ။

တွေးနေမိတာက…
ဒေါသတွေကို လျှော့ရမယ်။ စိတ်ကို ရှင်းရဦးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
တော်တော် စိတ်ဓာတ် ညံ့ဖျင်းသေးတာပဲ

ကျန်းမာရေး...
ဒီလိုပါပဲ

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
Bottom Billions

ရောက်ဖြစ်နေတာက…
အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်

ရေးဖြစ်နေတာက…
စိတ်ထဲမှာ….ချတော့ ရေးဦးမယ်…

နားထောင်ဖြစ်နေတာက…
အများကြီးပဲ….

ရွတ်နေမိတဲ့ ကဗျာက…
မရွတ်ဖြစ်ပါဘူး…

ဖြစ်ချင်နေတာက…
အသုံးဝင်တဲ့သူ…

စားဖြစ်နေတတ်တာက…
အချဉ်ထုပ်

သနားနေမိတာက…
တရားမရှိသောသူတွေ

လွမ်းနေမိတာက…
သူ...

မေ့လျော့ပစ်နေမိတာက…
နာကျင်မှုတွေ

ခါးသက်နေမိတာက…
မရောင်ရာ ဆီလူးနေရတဲ့ ကိုယ့်ဘ၀ကြီး

တမ်းတနေမိတာက…
ရောက်လာမယ့် အနာဂတ်ကို

ကြိတ်ပြီးချီးကျူးနေမိတာက…
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
တရားမဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ပြောကို မပြောချင်ဘူး....

ဆန္ဒရှိနေတဲ့ကိစ္စ…
တိတ်ဆိတ်သော နေရာ….။ အားလုံးကို မေ့ထားချင်တယ်။

မုန်းတီးနေမိတာက…
နိုင်ထက်စီးနင်း၊ တရားမဲ့သူတွေ…

ချစ်နေတာက…
သူ...

စိတ်ပျက်နေမိတာက…
လက်ရှိ အခြေအနေ...

စွဲလမ်းနေမိတာက…
စွဲပြီးတဲ့နောက် မလမ်း တော့ပါဘူး…

လိုအပ်နေတာက…
ငြိမ်းချမ်းသော စိတ်

တောင်းနေမိတဲ့ဆု…
အားလုံး မြန်မြန်ပြီးသွားပါစေတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အရွဲ့တိုက်ချင်နေတယ်……အရွဲ့တိုက်ချင်နေတယ်

ဝန်ခံချင်တာက
ကိုယ့်ကိုယ်ကို အားမရဘူး။ အမြင်ကပ်တယ်။

Wednesday, 22 July 2009

ငှက်တစ်ကောင်၊ ကြောင်နှစ်ကောင်နှင့် လူတစ်ယောက်

ဇာတ်လမ်းကတော့ ငှက်ကလေး တစ်ကောင်နဲ့ စတာပါပဲ။

မနက်စောစော သူအိမ်က ထွက်ခဲ့တော့ ခြောက်နာရီခွဲလောက်ပဲ ရှိဦးမယ် ထင်ရဲ့။ နေတော့ထွက်နေပြီပေါ့။ အိမ်ကနေ ဖြည်းဖြည်း လမ်းလျှောက်လာခဲ့တယ်။ နွေဆိုပေမယ့် မနက်စောစော နေမပြင်းလှသေးတာမို့ ရာသီဥတုကလည်း အေးအေးချမ်းချမ်းပဲ။ လမ်းသွားလမ်းလာတွေလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်တဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က လွဲလို့ပေါ့။ မနက်ခင်းက တိတ်ဆိတ်အေးချမ်းလို့၊ ငှက်ကလေးတွေ စိုးစိုးစီစီ မြည်လို့နဲ့လေ

ငှက်ဆိုမှ သူငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နားမှာ ငှက်သေးသေးလေး တစ်ကောင်ကို မြင်လိုက်ရတယ်။ ငှက်ကလေးက ဒဏ်ရာ ရထားပုံရတယ်။ အသက်တော့ ရှိနေသေးတယ်။ သစ်ပင်ပေါ်ကများ ပြုတ်ကျသလားလို့ ဆိုပြီး ငှက်ကလေး ကျနေတဲ့ တ၀ိုက်က သစ်ပင်တွေကို လိုက်ပြီး မော့ကြည့်ဖြစ်တယ်။ အနီးအနားက ရှိတဲ့ သစ်ပင်တွေက ခပ်နိမ့်နိမ့်၊ ခပ်သေးသေးမို့ ငှက်သိုက်တော့ မရှိလောက်ဘူးလို့ တွေးမိတယ်။ တကယ်လည်း သူလိုက်ကြည့်တော့ ယိုင်နဲ့နဲ့ သစ်ပင်ပေါ်မှာ ငှက်သိုက်ရယ်လို့ မတွေ့ရပါဘူး။

ငှက်ကလေးက အသိုက်ပေါ်က ပြုတ်ကျတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒဏ်ရာရပြီး မပျံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ခြေထောက်တွေ လှုပ်ပြီး ရွေ့နေနိုင်သေးတယ်။ ဒါပေမယ့် ဘေးတိုက်ကလေး လဲနေရှာတယ်။ သေးတာမှ လက်သီးဆုပ်တစ်ဝက်စာတောင် ရှိမယ် မထင်လှဘူး။

သူ ငှက်ကလေးကို သေချာကြည့်နေလိုက်တာ ဘယ်အချိန်ကမှန်း မသိဘူး၊ သူ့ခြေထောက်နားကို ကြောင်ဖြူကြီး တစ်ကောင် ရောက်လာတယ်။ အမွေးဖွားဖွားနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ကြောင်ကြီး တစ်ကောင်ပေါ့။ ကြောင်ကြီးက သူ့ခြေထောက်ကို ပွတ်ကာသီကာနဲ့ လှည့်ပတ်နေသေးတယ်။ အမှန်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ ငှက်သေးသေးလေးကို စိတ်ဝင်စားတာ နေမှာ။ အဲဒီအချိန်မှာ ဘယ်ကမှန်း မသိ နောက်ကြောင်တစ်ကောင် ရောက်လာပြန်တယ်။ သူကလည်း အဖြူပဲ။ ဒါပေမယ့် လည်ပင်းမှာ အညိုရစ် ကလေး ပါတယ်။ ကြောင်လည်ရစ်က မိန့်မိန့်ကြီးထိုင်လို့ ကြောင်ဖြူ၊ ငှက်သေးလေးနဲ့ သူ့ကို လေ့လာနေတဲ့ ပုံပဲ။

သူလည်း နည်းနည်း ပြာသွားတယ်။ ဒီငှက်ကလေးတော့ ကြောင်ပါးစပ်ထဲ ရောက်တော့မှာပဲပေါ့။ ကြောင်ဖြူ သို့မဟုတ် ကြောင်လည်ရစ်။ သူတို့က ကြောင်ယဉ်ကျေးတွေ ဖြစ်ပုံရတယ်။ လူကို အကဲခတ်နေပြီး ငှက်ကလေးကို အတင်းကာရော ၀င်ဆွဲတာမျိုးတော့ မလုပ်ဘူး။

ကဲ သူ့ထိုက်နဲ့ သူ့ကံပဲပေါ့လို့ စိတ်လျှော့ပြီး ထွက်လာတော့မယ် လုပ်ပြီးမှ ခြေလှမ်း သုံးလေးလှမ်းလောက် လှမ်းပြီးနောက်တော့ သူပြန်လှည့် လာဖြစ်တယ်။ စိတ်ထဲမှာ ရှင်းမှာ မဟုတ်ဘူးလေ။ တနေ့လုံး ဒီအဖြစ်အပျက်ကို သတိရနေရော့မယ်။ အခုမှတော့ မမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်လို့ မရတော့ဘူးလေ။ အဓိက ကတော့ ကိုယ့်စိတ်ကိုယ် ရှင်းချင်တာဖြစ်ပေမယ့် ငှက်ကလေးကို သနားတာလည်း ပါတာပေါ့ လို့ကိုယ့်ကိုယ်ကို ညှာတွေးလိုက်တယ်။

ပထမ ငှက်ကလေးကို လက်ခုပ်ထဲ ထည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ငှက်ကလေးက ကြောက်ပြီး အတင်းရုန်းတော့ ပြန်ပြန်ပြီး ပြုတ်ကျတယ်။ ဒီလိုနဲ့ လက်နဲ့ အသာမယူလိုက် ပြန်ကျလိုက်နဲ့ သုံးလေးခါ ဖြစ်ပြီးတဲ့နောက် သူလက်လျော့လိုက်တယ်။ ဒီနည်းနဲ့ မဟန်သေးဘူးပေါ့။

ဟိုကြည့်ဒီကြည့် လိုက်ရှာကြည့်တော့ သစ်ရွက်ခြောက် ခပ်ရွယ်ရွယ်လေး နှစ်ရွက်တွေ့တယ်။ ဒါနဲ့ သစ်ရွက်ခြောက်လေး နှစ်ရွက်နဲ့ ညှပ်ပြီး ငှက်ကလေးကို မြေကြီးပေါ်ကနေ မယူလိုက်တယ်။

ပြီးတော့ ဘယ်နားမှာ ထားရမလဲလို့ စဉ်းစားရင်း လက်ထဲမှာ ကိုင်ထားရင်း ဘေးဘီ ပတ်ဝန်းကျင်မှာ လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အဲ ကြောင်ဖြူက သိတဲ့ ပုံစံနဲ့ သူ့နောက်က ဆက်လိုက်လာတယ်။

အဲဒီ အချိန်မှာပဲ လျောကနဲဆို ငှက်ကလေးက သစ်ရွက်ပေါ်ကနေ သူရပ်နေတဲ့နားက ပန်းရုံထဲကို ပြုတ်ကျသွားပါတော့တယ်။ မြေကြီးပေါ်ရောက်တယ် ဆိုတာနဲ့ ပန်းတွေကြားထဲ အတင်း ပြေးဝင်သွားတာပါပဲ။ ကြောင်ဖြူကလည်း သိလိုက်တယ်။ ပန်းရုံထဲကို လှမ်းကြည့်လို့။ သူက အတင်းမောင်းထုတ်ပေမယ့် မသွားဘဲ ပေကပ်ပြီး ယောင်လည်လည် လုပ်နေပြန်တယ်။

ပန်းရုံထဲ ရောက်သွားတဲ့ ငှက်ကို ရှာလို့ မတွေ့မယ့် အတူတူ သူပန်းရုံနားက ခွာခဲ့တယ်။ ကိုယ်ဆက်စရာ ရှိတဲ့ ခရီးကို ဆက်လျှောက်လာရင်း နောက်ပြန် လှည့်ကြည့်ဖြစ်သေးတယ်။ ကြောင်ဖြူက ပန်းရုံကို မွှေနေလေရဲ့။ ကြောင်လည်ရစ်ကတော့ မိန့်မိန့်ကြီး ထိုင်ပြီး ကြည့်နေဆဲ။

စိတ်ထဲမှာတော့ ငှက်ကလေးကို ကြောင်ဖြူ ရှာတွေ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့ရဲ့ အရှုပ်အထွေး တွေကြားထဲမှာ လည်ပတ်ရင်း သူ ငှက်ကလေး အကြောင်းကို မေ့သွားခဲ့တယ်။ ပြန်သတိရတဲ့ အချိန်ကျတော့ ညနေစောင်းရောပေါ့။ ပန်းရုံလေးနားကိုတော့ သူသွားမကြည့်ဖြစ်တော့ဘူး။ နောက်တစ်နေ့ မနက်မှာ သူ့ အိပ်ခန်းပြတင်းပေါက်နား လာနားမယ့် ငှက်ကလေးဟာ အဲဒီ ကြောင်ပါးစပ်က လွတ်သွားတဲ့ ငှက်သေးသေးလေးလို့ ဇွတ်မှိတ် ယုံပစ်လိုက်တော့မယ်။

Friday, 26 June 2009

အပေါင်း/အနှုတ် နှစ်ဆယ်

ပန်းကလေးတွေကို စိမ်း ချစ်သည်။ ခြံထဲကိုဆင်းရတာကိုပဲ ပျော်နေမိသည်။ ကျောင်းတက်ရတာ ပျင်းလှပြီ။ ဒီနေ့လို နွေကျောင်းပိတ်ရက်တွေကို မျှော်မိတာ မဆန်းပါ။ ဒီနေ့တော့ ခြံထဲကို ဆင်းလိုက်ဦးမည်။ စာကျက်ဖို့ သတိပေးသော မေမေ့အော်သံကိုလည်း ကြားရမည် မဟုတ်။ မနေ့ကစလို့ ကျောင်းတွေ ပိတ်ပြီမို့ မေမေက လွတ်လပ်ရေး ပေးထားလိုက်သည်။ ထွက်ကာစ နေရောင်က မပြင်းလှသေး။ ခပ်ဖျော့ဖျော့သာ သစ်ပင်တို့ကြားမှာ ဝေ့၀ဲနေသည်။

ဂါဝန်အနားလေးတွေ ဝေ့နေအောင် ပြေးလျက် စိမ်းခြံထဲကို ပြေးလာခဲ့သည်။ ခြံထဲရောက်တော့ ဟိုဖက်အိမ်မှ အန်တီလေးကို လှမ်းပြုံးပြလိုက်သေးသည်။ အန်တီလေးက စိမ်းရေ သနပ်ခါးပန်းလေးတွေ ယူမလားရော့ ဟုဆိုကာ ပန်းလေးတွေ ပေးနေသေးသည်။ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးနေသော အန်တီလေးကို စိမ်းကကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသေးသည်။ ပြီးတော့ ပန်းတွေကို လက်လှမ်းယူပြီး သရက်ပင်ကြီးအောက်ကို ထွက်လာခဲ့သည်။ သစ်ပင်အောက်မှာ ထိုင်ကာ ငေးချင်သေးသည်။

စိမ်းက အိမ်မှာ တစ်ဦးတည်းသော သမီးမို့ တစ်ယောက်တည်း ပျင်းလှသည်။ မေမေနှင့် ဖေဖေကလည်း သူ့အလုပ်နှင့် သူရှုပ်နေကြသည်။ မေမေက တခါတရံ စိမ်းနှင့် အဖေါ်လုပ်သော်လည်း၊ ပုံပြင်တွေ ပြောပြတတ်သော်လည်း သူ့ခမျာလည်း မအားသည်က များသည်။ ဖေဖေကိုတော့ ညနေကျမှသာ တွေ့ရတတ်သည်။ ဖေဖေ့ခမျာလည်း စိမ်းလို ကျောင်းပိတ်ရက် မရရှာ။

သည်လိုနှင့် စိမ်းမှာ တစ်ယောက်တည်းသာ ဖြစ်ရသည်။ ခုလိုနွေကျောင်းပိတ်ရက်မှာ အပြင်ထွက်ပြီး လျှောက်လည်ပစ်လိုက် ချင်သည်။ မုန့်လည်း လျှောက်စားချင်သေးသည်။ မေမေကတော့ စိမ်း သိပ်ငယ်သေးသည် တဲ့။ မေမေတို့ လိုက်ပို့မှ သွားနိုင်မည်တဲ့။ အားတဲ့ အခါလိုက်ပို့ မှာပေါ့ ဆိုသော စကားကိုလည်း မေ့နေကြသည် ထင်၏။

ဟိုဖက်အိမ်က အန်တီလေးလို အသက်ကြီးချင်လှပြီ။ အန်တီလေးက အသက်သုံးဆယ်လောက် ရှိပြီဟု ဆိုသည်။ ပန်းတွေစိုက်တတ်သည်။ နှင်းဆီပင်တွေ အရောင်စုံလို့ နေသည်။ သနပ်ခါးပန်းတွေလည်း ဝေနေတတ်သည်။ ပြီးတော့ အန်တီလေးက ဆရာဝန်လည်းလုပ် သည်ဟု ဆိုပါသည်။

စိမ်းလည်း အသက်ကြီးလာလျှင် ဆရာဝန်လုပ်မည်၊ ပန်းတွေ စိုက်မည်ဟု တေးထားလိုက်သည်။ ပြီးတော့ တစ်ယောက်တည်း လျှောက်သွားလိုက်မည်။ တီဗွီထဲမှာ ကြည့်ရသော ဧရာဝတီမြစ်ကြီးကိုလည်း ကြည့်ချင်သည်။ ဘုရားတွေ အများကြီး ရှိသော ပုဂံဆိုတဲ့ မြို့ကိုလည်း သွားချင်သည်။ သဲတွေ အများကြီးနဲ့ ပင်လယ်ကြီးကို မြင်ရသော ချောင်းသာ ဆိုသည့် ရုပ်ရှင်တွေထဲ တွေ့ဖူးသည့် နေရာကိုလည်း သွားကြည့်ချင်သည်။ လေတွေတော်တော် တိုက်ကာ အေးနေမှာပဲဟု အတွေးထဲပေါ်လာရင်း ပခုံးတွန့်မိသည်။

နောက်ပြီးတော့ နိုင်ငံခြားဆိုသည့် နေရာကိုလည်း ရောက်ဖူးချင်သည်။ နှင်းတွေဖွေးကာ ၀က်ဝံဖြူဖြူကြီးတွေ ရှိသောနေရာကို သွားမည်။ စိမ်းရဲ့ အရုပ်ကြီးနဲ့ တူသောကြောင့် သိပ်ချစ်စရာကောင်းမည်ဟုသာ ထင်သည်။ ညဖက်မှာ မီးရောင်စုံလင်းနေသော မြို့ကြီးတွေဆီလည်း သွားမည်။ တခါမှ မစီးဖူးသော လေယာဉ်ပျံကြီး စီးကာ လျှောက်သွားချင်သည်။ စိမ်း အသက်နှစ်ဆယ်လောက် ကြီးလိုက်ချင်သည်။

အဲဒီတုန်းက ပန်းကလေးတွေ လိပ်ပြာလေးတွေ ကြားထဲမှ ဆယ်နှစ်အရွယ် ကလေးမလေးရဲ့ စိတ်ကူး အတွေးလေးတွေမျှ သာဖြစ်ပါသည်။

xxx

ဒီနေ့ စိမ်း အသက်ငါးဆယ်ပြည့် မွေးနေ့လုပ်သည်။ ဘယ်သူမှ မပါဘဲ မောင်နှင့် သမီးသာ ပါသော စိမ်းရဲ့ မွေးနေ့ပွဲက ကြည်နူးစရာ ကောင်းလှပါသည်။ သမီးလေး အသက်တောင် ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးက မွေးခဲ့သော သမီးတောင် ဒီအရွယ်ရောက်ခဲ့ပြီမှာ ပြန်စဉ်းစားကြည့်တော့ အံ့သြရသည်။

ဘ၀ အခြေတကျ ဖြစ်မှဟူသော အတွေးနှင့် ချီတုံချတုံ စဉ်းစားရင်း မောင်နှင့် စိမ်းတို့ သုံးဆယ့်နှစ်နှစ်မှ သမီးလေးကို ယူဖြစ်ခဲ့ကြသည်။ တကယ်တမ်းတော့ အဲဒီအချိန်မှာ စိမ်းတို့ ဘ၀က မရေမရာရှိ နေဆဲ။ အစနောက်ကျ ခဲ့သည်မို့ အဲဒီအချိန်ကျမှ စမ်းတ၀ါးဝါး သွားနေဆဲ။ မောင်ရော စိမ်းရော နှစ်ဖက်မိသားစုကို ပြန်ကြည့်နိုင်ရန် ကြိုးစားရင်း ကိုယ့်ဘ၀ကိုယ်လည်း အခြေခိုင်အောင် ကြိုးစားနေဆဲ။

အိမ်ခန်းကျဉ်းကျဉ်းထဲမှာ ငှားနေရသည်မို့ စိမ်းစိုက်ချင်သော ပန်းတွေလည်း မစိုက်နိုင်ခဲ့ပါ။ ပန်းအိုးလေးထဲမှာတော့ အပင်လေး လေးငါးပင် စိုက်ခဲ့သေးသည်။ ပန်းပွင့်တဲ့ အပင်ပွင့်ကာ၊ နေမရ ရေမရနှင့် သေသည့် အပင်များလည်း သေကုန်ရှာသည်။

ခရီးစရိတ် အကုန်မခံနိုင်၍လည်း ဘယ်ကိုမှ ခရီးမထွက်နိုင်ခဲ့။ ကျောင်းတက်နေတုန်းကသာ ပုဂံနှင့် ချောင်းသာကို ရောက်ဖြစ်အောင် သွားလိုက်သေးသည်။ အသက်သုံးဆယ် အရွယ်မှာ ခရီးထွက်ချင်စိတ်ကို ချိုးနှိမ်ကာ ရောက်ခဲ့ဖူးသော နေရာမှ ဓာတ်ပုံလေးတွေ ကြည့်၍ အလွမ်းဖြေနေလိုက်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ် ကလေးဘ၀က စိတ်ကူးတွေနှင့်တော့ လက်တွေ့ဘ၀က ကွာခြားနေခဲ့သည်။

အသက်သုံးဆယ်အရွယ်မှာ မောင်က အလုပ်အသစ်မှာ နေသားကျဖို့ ကြိုးစားနေရပြီး စိမ်းကတော့ မောင့်လုပ်စာထိုင်စားရင်း၊ အလုပ်အသစ်ရှာရင်း ရသမျှ ပိုက်ဆံလေးကို စုရင်း ရှိနေခဲ့သည်။ စိမ်းလုပ်ချင်သည် ဆိုသော ဆရာဝန်ဘ၀လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့။ အသက်သုံးဆယ်မှာ စိမ်းဟာ အလုပ်လက်မဲ့ တစ်ယောက်သာ ဖြစ်နေခဲ့သည်။ သင်ခဲ့ဖူးသော ပညာတွေကို သံသယ ၀င်ရင်း၊ ကိုယ့်ကိုယ်ကို အားမရ ဖြစ်ရင်း စိတ်တွေ ရှုပ်ထွေး နေခဲ့သည်။ လောကကြီးမှာ ဒုက္ခတွေ များလှချည်ရဲ့လို့ ညည်းချင်နေသည်။

တကယ်တော့ သမီးကို မွေးလာခြင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အတွင်း မောင်နဲ့ စိမ်းတို့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ အစကတော့ ဘ၀ရဲ့ ဒုက္ခတွေကို မခံစားစေချင်တဲ့ စေတနာနှင့် နောက်ဘ၀တစ်ခုကို လောကထဲ ခေါ်သွင်း မလာချင်ခဲ့။ ဒါပေမယ့်လည်း ဘ၀ရဲ့ အနှစ်သာရကို ခံစားစေချင်သော စိတ်ကလည်း တဖက်မှ ပြန်ပြီး လွန်ဆွဲ နေပြန်လေသည်။ ဒီလိုနှင့် သမီးကို စိမ်း သုံးဆယ့်နှစ်နှစ် အရွယ်မှာ မွေးခဲ့သည်။

သမီးက ငယ်ငယ်ထဲက အမေးအမြန်းထူသည်။ စူးစမ်းကာ အရာရာကို သိချင်နေတော့သည်။ သူ့မေးခွန်းတခုရဲ့ အဖြေကို ရလျှင် ၀ိုင်းသွားတတ်သော သမီး၏ မျက်လုံးလေးများကို မြင်တိုင်း၊ နားလည်သွားလျှင် ပြုံးကာ ခေါင်းလေးစောင်းပြီး စဉ်းစားနေတတ်သော မျက်နှာလေးကို မြင်တိုင်း၊ စိတ်ရော ကိုယ်ပါ သီချင်းလေး တအေးအေးငြီးနေတတ်သော အသံလေးကို ကြားရတိုင်း သမီး စိမ်းတို့ ဘ၀ထဲမှာ ရှိနေခြင်းကို ကျေးဇူး တင်နေမိသည်။

တိုက်ဆိုင်မှု တစ်ခုကတော့ သမီးက ဆရာဝန်လုပ်မည်ဟု စိမ်းရဲ့ တိုက်တွန်းမှု မပါဘဲ သူ့ဟာသူ ပြောလာခဲ့သည်။ ဒီလိုဆိုတော့လည်း စိမ်းမရခဲ့သော ဘ၀ကို သမီးဆီမှ တဆင့် ပြန်မြင်ခွင့်၊ ကြားခွင့် ရဦးမည်ပေါ့။

ဒီလိုနှင့် ရှုပ်ထွေးသော လောကထဲမှာ သမီးကို အောင်မြင်စွာ ကြီးပြင်းစေခဲ့သည်မှာ အနှစ်နှစ်ဆယ် နီးပါးရှိတော့မည်။

စိမ်း ပြတင်းပေါက်နံဘေးမှ ထလာခဲ့တော့ ညသန်းခေါင်တိုင်ရော့မည်။ လကို ငေးရင်း စဉ်းစားနေခဲ့သော အသက်ငါးဆယ် အရွယ် အမျိုးသမီးတစ်ယောက်၏ အတွေးများသာ…။ အနှစ်နှစ်ဆယ်ကို မျှော်မှန်းကာ ကြည့်ခဲ့ဖူးသလို သမင်လည်ပြန်လည်း ကြည့်ခဲ့ဖူးပြီ။ ဘာလိုသေးလို့လဲ။ ပြည့်စုံပြီပေါ့…။

(အစ်မတန်ခူးရေ ကြာသွားတာ ခွင့်လွှတ်ပါ။)

Monday, 11 May 2009

အပြောင်းအလဲ

“ဟေ့လူ… ကျုပ်ကားက ခင်ဗျားကားလို နှစ်ပဲခြောက်ပြားတန် မဟုတ်ဘူးဗျ။ သိန်းရာချီတန်တဲ့ မာစီးဒီးစ်။ အခု ခင်ဗျားကားခြစ်သွားတာ ဒီမှာ အစင်းရာကြီး ကျန်ခဲ့ပြီ။ ဘယ်လိုလုပ်မလဲ။ ခင်ဗျား လျော်ကော လျော်နိုင်လို့လား.. ဟင်။”

“ဒီမှာ ခင်ဗျားကားက လမ်းလယ်ခေါင်မှာ ပိတ်ရပ်ထားတာကိုး။ ခင်ဗျားဟာ ခင်ဗျား မာစီးဒီးစ် မကလို့ ဘာဒီးပဲ ဖြစ်ဖြစ်။ ဒါခင်ဗျားပိုင်တဲ့ လမ်းမ မဟုတ်ဘူး။ ဒီလောက် ကားတွေ ရှုပ်နေတဲ့ လမ်းမပေါ် ဒီလို ပိတ်ရက်ထားရင် ဒီလိုပဲ ဖြစ်မှာပဲ။ စည်းကမ်းမရှိရင် မရှိတဲ့ အကြောင်းပြော။ နှစ်ပဲ ခြောက်ပြားပဲတန်တန် ဘယ်လောက်ပဲ တန်တန် ကျုပ်က စည်းကမ်း အတိုင်းမောင်းတာ။”

လမ်းလယ်မှာ ကားနှစ်စီးနှင့် လူနှစ်ယောက်။ စကားများနေကြသည်။ အငြင်းပွားနေကြသည်။

“ကဲ ခင်ဗျား ပြန်လျော်ပေးပေတော့။ ကျုပ်ဝယ်ထားတာ လပိုင်းပဲ ရှိသေးတယ်။ ကျုပ်ကား အခုတော့ ခင်ဗျားကြောင့် အစင်းရာ ထင်သွားပြီ။”

“ဒါပေမယ့် ခင်ဗျား စည်းကမ်းမဲ့လို့ ကျုပ်က ပွတ်မိသွားတာပဲ။ ကျုပ် အပြစ်ချည်းပဲ မဟုတ်ဘူး။”

ဒီလိုနှင့် သူတို့ နှစ်ယောက် ဆက်ငြင်းကြသည်။ အတော်ကြာမှ မကျေမနပ်နှင့်ပင် ကျေနပ်လောက်သော သဘောတူညီမှု တခုရသွားကြသည်။ မာစီးဒီးစ်ကားပေါ်မှ လူလည်း ကားပေါ် တက်ကာ ၀ူးကနဲမောင်းထွက်သွားတော့ လေးဘီးကားလေးပေါ်မှ လူလည်း ဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားခဲ့သည်။

xxx

“ဟေ့…ဟေ့…ကလေးတွေ သရက်ပင်ပေါ်ကို တက်နေကြပြန်ပြီ။ ဆင်းစမ်း ဆင်းစမ်း။ မင်းတို့ သရက်သီး လာခိုးတာ မဟုတ်လား။”

“နှစ်လုံးတည်းပါ ဦးလေးရယ်။ ကျွန်တော်တို့ ကစားရင်း ဆာလို့ တက်ခူးမိတာပါ။”

သစ်ပင်ပေါ်မှ ကလေးနှစ်ယောက်ထဲက ပြန်ပြောရဲ ဆိုရဲ ရှိသော တစ်ယောက်က ပြောသည်။

“ဦးလေး မကြိုက်ရင် ပြန်ယူနိုင်ပါတယ်။ အများကြီးပဲ မို့လို့ တက်ခူး မိပါတယ်။ ကျွန်တော်တို့ အိမ်တွေကိုတော့ မတိုင်ပါနဲ့။”

“နှစ်လုံးလဲ နှစ်လုံးပေါ့။ ဈေးထဲမှာ သွားဝယ်ရင် ဘယ်လောက်ပေးရမယ် မှတ်သလဲ။”

ပြောပြောဆိုဆိုနှင့် ဦးလေးကြီးက ကလေးလက်ထဲမှ သရက်သီး နှစ်လုံးကို လှမ်းယူသည်။ ကလေးတို့ အုပ်စုလည်း ကုပ်ကုပ်ချောင်းချောင်းနှင့် ထွက်လာခဲ့သည်။ ထိုအချိန်မှာ မကျေနပ်သော ကလေးတစ်ယောက်က တိုးတိုးလေး ရေရွတ်သည်ကို ဦးလေးကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ကပ်စေးနဲကြီး” တဲ့။

“ဟေ့… ငါ့ဟာငါ ကပ်စေးနည်းတာ ဘာဖြစ်သလဲ။ ဒါငါ့အပင်ကွ။ ဒီလိုပဲ ဟိုဖက်အိမ်က မိန်းမကလဲ ငါ့အပင်က သရက်သီးကို အချောင်လိုချင်သေး။ ငါကတော့ စိုက်ရပျိုးရပြီး သူတို့က အသီးခူးစားချင်ကြတာကိုး။”

ထိုအချိန်မှာ ဟိုဖက်အိမ်က ခြံထဲရောက်နေသော အပျိုကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ဒီမှာ ဒီမှာ။ ရှင့်သရက်သီးက ကျွန်မခြံထဲကို ကျလာလို့ ကျွန်မကောက်ထားမိတယ်။ အဲဒါကိုပဲ ပြောလို့ မပြီးနိုင်ဘူးလား။ ကျွန်မ မကောက်စေချင်ရင် ရှင့် သရက်ကိုင်းကို ကျွန်မခြံထဲ မကျူးကျော်စေနဲ့။”

လူကြီးနှစ်ယောက်ရဲ့ ရန်ပွဲစပြီမို့ ကလေးတို့လည်း ထွက်ပြေးလာကြသည်။ မနီးမဝေးသစ်ပင် တစ်ပင်အောက်ရောက်မှသာ ပြန်လှည့်ကာ ကြည့်ကြသည်။ ဦးလေးကြီးနှင့် အဒေါ်ကြီးတို့ တခွန်းချီ တခွန်းချဖြင့် ငြင်းခုံနေကြသည်။ သရက်ပင်လေး အောက်၌ပင် ငြင်းခုံနေကြသည်။ ကလေးတို့လည်း လွတ်ပြီဟူသော အသိဖြင့် ဆက်ပြေးထွက်လာကြတော့သည်။

xxx

ထိုညက မိုးတွေရွာသည်။ သည်းသည်းမည်းမည်းကို ရွာသည်။ လေပါပါလာတော့ မိုးစက်တို့ အပြေးအလွှားခုန်ဆင်းရာမှ လေနှင့် လွင့်ပါကြရသည်။ တဟီးဟီး တိုက်နေသော လေပြင်းအောက်မှာ သက်ကယ်မိုး တဲအိမ်လေးတို့ ယိမ်းခါလာသည်။ လေပြင်းကို မမှုသော တိုက်အိမ်ပေါ်မှ လူအချို့လည်း တုန်လှုပ်စ ပြုလာပြီ။ ရှိသမျှ တံခါးတွေကို ဆွဲပိတ်ကြသည်။ ပိတ်စရာ တံခါးမရှိသူများ အဖို့တော့ ထိုင်ကြည့်ကာ ဘုရားစာ ရွတ်နေရုံမှ တပါး ဘာမျှ မတတ်နိုင်ကြ။

လေသည် ကြမ်းရာမှ ထန်လာသည်။ ထန်ရာမှ အညှာအတာ ကင်းမဲ့လာသည်။ မကောင်းဆိုးဝါးတို့ အော်သံလို တိုက်ခတ်နေသော လေပြင်းကို ဘယ်သူမှ အံမတုနိုင်။ လမ်းသွားလမ်းလာ အားလုံး နီးစပ်ရာ အကာအကွယ်အောက် ၀င်ခိုကြရသည်။ ဆောင်းထားသော ထီးတို့လည်း လှန်ထွက်ကာ ခမောက်၊မိုးကာတို့ လွင့်စင် မတတ်ဖြစ်ကုန်ကြသည်။ ခွေးတို့ ကြောင်တို့မကျန် အားလုံး လုံခြုံရာကို ပြေးခို ပုန်းဝင်နေကြသည်။ ခွေးရှင် ကြောင်ရှင်တို့လည်း အောင်နက်၊ ရွှေဝါဟုပင် မရှာနိုင်ဘဲ အိမ်ထဲကို ပြေးဝင်ကုန်ကြသည်။

လေပြင်းကျသံ၏ နောက်ကွယ်တွင်ဝုန်းကနဲ ပြိုလဲသံများ။ ထိတ်လန့်တကြား အော်ဟစ်သံများ၊ ဘုရားတသံများ၊ ကလေးတို့ လန့်၍ ငိုသော အသံများ၊ သားရေ သမီးရေ အော်ခေါ်သံများ။ အသံများအားလုံး လေနှင့် မိုးအောက်မှာသာ ပျောက်သွားရသည်။ အားလုံး၏ ဆုတောင်းမှာ ဒီညကို လွန်ပါစေတော့ဟုသာ…။

xxx

မနက်မိုးလင်းတော့ ကောင်းကင်ကြီးသည် ကြည်လင်လျက်။ မိုးရိပ်တို့ ကင်းစင်လျက်။ မုန်တိုင်းသည် မျက်နှာတမျိုးဖြင့် ဖယ်ခွာခဲ့ပြီ။

လမ်းပေါ်မှာတော့ သစ်ပင်တို့ ဖရိုဖရဲ။ မားမားမတ်မတ် ရပ်ခဲ့သော သစ်ပင်တို့သည် မြေပေါ်မှာ လဲလျောင်းလျက်။ သစ်ကိုင်းတို့ကို မြေကြီးပေါ်မှာ ဆန့်တန်းကာ ငိုကြွေးနေကြသယောင်။ သစ်ပင်အောက်မှာတော့ မာစီးဒီးစ်ကား တစ်စင်း ပိပြားလျက်။ ခေါင်မိုးသည် ချိုင့်ဝင်ကာ မှန်တို့ ကွဲကြေလျက်။ ဒီလိုဆိုတော့လည်း သူ့တွင်ရှိသော ခြစ်ရာသည် မပြောပလောက် သလိုပင်။

မြေကြီးပေါ်မှာ သရက်သီးတို့ လွင့်စင်ကာ ပြန့်ကျဲနေကြသည်။ ဟိုတစ်လုံး ဒီတစ်လုံးနှင့် သရက်သီးတို့ ကောက်မည့်သူ မရှိ။ နေနည်းနည်း ထွက်လာတော့ ခြံထဲမှ လူတချို့ ထွက်လာကြသည်။ အံ့သြသော မျက်နှာ၊ ၀မ်းနည်းသော မျက်နှာ၊ ထိတ်လန့်သော မျက်နှာ စသည်ဖြင့် မျက်နှာအမျိုးစုံလင်လှသည်။

ခြံထဲမှ ဦးလေးကြီးသည် သူ့သရက်ပင်ကို ကြည့်လျက် တိုးတိုးလေး ရေရွတ်သည်။

“တော်သေးတာပေါ့။ ငါ့အိမ်ပေါ် မကျတာ။”

ထို့နောက်တော့ သူလည်း သရက်သီးတို့ကို လှည့်ပင် မကြည့်အားဘဲ အိမ်ထဲ ၀င်သွားလေသည်။

တဖက်ခြံမှာတော့ လူတစ်ဦးရပ်လျက် ထိုနည်းတူ ရေရွတ်လိုက်သည်။

“တော်သေးတာပေါ့။ ငါ ကားထဲမှာ မဟုတ်တာ။”

ထို့နောက်တော့ ပိပြားနေသော ကားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ခြစ်ရာကို သူ လုံးလုံး သတိမရတော့ပါ။

Tuesday, 21 April 2009

သံလွင်အိပ်မက်

ပုံရိပ်ရေးထားတဲ့ ၀တ္ထုတိုတစ်ပုဒ် သံလွင်အတွဲ(၃)၊ အမှတ်(၂) မှာပါလာပါတယ်။ ဖတ်ကြည့်ကြပါဦး။
ဒါကတော့ အမြည်းပေါ့။

xxx

ကျွန်မ သူ့ကိုစတွေ့စဉ် တစ်ယောက်တည်း ဖြစ်သည်။ မိုးအုံ့နေသော နေ့တစ်နေ့ဟု ကျွန်မမှတ်မိ နေပါသည်။ ရုံးဆင်းချိန်မို့ ကားမှတ်တိုင်မှာ လူတွေများ နေပေမယ့် ကျွန်မသူ့ကို ချက်ချင်းသတိထား မိသွား၏။ သူဝတ်ထားသော အဆင်ဆန်းဆန်းနဲ့ အင်္ကျီကိုယ်ကျပ်ကြောင့် များလား။ သူ့ရဲ့အသုံးအဆောင် ပစ္စည်းများက သစ်လွင်နေလို့လား။ ကျွန်မ အတိအကျ မမှတ်မိတော့ပါ။ ဒါပေမဲ့ သူ့အမူအရာက တည်ငြိမ်လွန်းသည်ဟု မှတ်မိနေပါသည်။ သေချာစဉ်းစားကြည့်တော့ သူ့အဆင်အပြင်နှင့် အမူအရာသည် ကွာဟလွန်းနေသည်ကိုး။

ကားများ တ၀ီဝီသွား နေကြသော လမ်းမပေါ်ကို သူငေး၍ ကြည့်နေသည်။ သူ့အကြည့်မှာ ၀မ်းနည်းဟန်မပါ၊ တည်ငြိမ်မှုနှင့် လေးနက်မှုတစ်ခု သာရှိပါသည်။ တော်တော်ကြည့်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပဲ။ တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် ဘွဲ့ရပြီးစ အလုပ်ဝင်စ မိန်းကလေး တစ်ယောက် ဖြစ်နိုင်သည်။ အလုပ်မရ သေး၍ ရှာနေသူလည်း ဖြစ်နိုင်တာပဲ။ ခုခေတ်စားနေသော ဘာသင်တန်း ညာသင်တန်းတွေ ချည်းပဲလိုက်တက် နေသူကော၊ ဖြစ်နိုင်သေးတာပဲ။ ၄၅ ကားလာတော့ သူပြေးတက်ကာ သွားသည်။

xxx

ကျန်တဲ့ အပိုင်းကို ဆက်ဖတ်ချင်ရင်တော့ ဒီကိုသွားနိုင်ပါတယ်။

Friday, 10 April 2009

နွေအလွမ်း

ခုတလော အားလုံးကနွေအကြောင်း ရေးနေကြတော့ လွမ်းလာပြီး ကိုယ်တိုင်လည်း ရေးကြည့်လိုက်ပါတယ်။ ပန်းချီလည်း ကြိုးစားပြီး ဆွဲကြည့်လိုက်တယ်။ သူကတော့ ပိုးကောင်တွယ်တက်နေတဲ့ သစ်ကိုင်းခြောက်ကြီးလားတဲ့။ (ခံစားတတ်တာလေ။) ပန်းပုံလို့ ကြိုပြီး ပြောထားချင်ပါတယ်။

xxx

သူနောက်ဆုံး အပုဒ်ကို ဖြေရန်ရောက်တော့ စဉ်းစားနေစရာ မလိုဘဲ နွေဦးကာလ ဟူသော စာစီစာကုံးကို ရွေးဖြေလိုက်သည်။ စိတ်ထဲမှာရော စာရွက်ပေါ်မှာပါ ရွက်ဝါလေးများ လွှင့်ပျံလာကြသည်။ ဥသြငှက်တို့ ချွဲနွဲ့ ချိုသာနေကြသည်။ ပျင်းစရာနွေ နေ့လည်ခင်းမှာ ဖုန်နံ့ သင်းသော လေကဝေ့လာသည်။ ကျဲကျဲတောက်သော နွေနေ့လည်နှင့် အေးစိမ့်သော သစ်ရိပ်တို့က သရုပ်ပေါ်လာကြသည်။ သစ်ပင်အောက်က သဲရေအိုးစင်ကလေးတို့ ပုံပေါ်လာသည်။ ငိုချင်သလိုလို လွမ်းချင်သလိုလို နွေပန်းချီကို မြင်ယောင်လာသည်။ ရိုးပြတ်ရွက်တောဟူသော အသုံးကို ရေးရင်း ပုံဖော်အောင် သူမြင်ကြည့်နေမိသည်။

စာမေးပွဲခန်း အပြင်ကို ငေးကြည့်ရင်း တကယ်နွေရောက်ပြီကို သူသတိထားမိ၏။ စာမေးပွဲခန်းတွင် အပ်ကျသံမျှ မကြားရ။ အပြင်မှာ ဥသြသံသဲ့သဲ့ကို ကြားရသည်။ ရုတ်တရက် ဘာကိုမှန်းမသိ လွမ်းလာသည်။ လွမ်းနေရသည့် အရသာကိုလည်း ကြိုက်နေလိုက်သေး၏။ စာစီစာကုံးကို အဆုံးသတ်လိုက်သည်။ ပြီးတော့ ဘောပင်ကို ချကာ သူငေးနေမိ၏။ မွန်းတည့်ချိန်တိုင်တော့မည်ပဲ။ နေက ပြင်းလှသည်။ ရွက်ဝါလေးတို့ ကြွေချင်နေကြပြီ။ လေလေး တချက်ဝေ့လိုက်ဖို့သာ လိုတော့သည်။ ငုပန်း စိန်ပန်းတို့ ပွင့်ပေတော့မည်။

အဖြေလွှာကို ဆရာမလက်ထဲ လျောလျောလျူလျူ ထိုးအပ်ခဲ့ပြီး သူလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အဖြေလွှာလုကာ အတင်းဆက်ရေးနေသော မိန်းကလေးကို ငဲ့စောင်း၍ ကြည့်ဖြစ်ခဲ့သေးသည်။ အပြန်လမ်းမှာ နေက ပြင်းလှသည်။ နောက်နေ့တွေမှာ အင်္ဂလိပ်စာ၊ သင်္ချာ စသည်ဖြင့် နောက်ဘာသာများ ဆက်ဖြေရဦးမည်။ သို့သော် သူ့မှာ အပူသောက သိပ်မရှိလှပါ။ နေပူကျဲကျဲ အောက်မှာ သူ့စိတ်တွေ အေးလှသည်။

တကယ်တော့ စာမေးပွဲကြီး ဖြေချိန်ကို သူမျှော်သည်။ ထိုအချိန်မှာ ပျော်သည်။ စာမေးပွဲကြီး ဖြေနေချိန်အတွင်း တခြားဘာမျှ စဉ်းစားရန် မလို။ အိမ်က သူ့ကို ဂရုစိုက်သည်။ စားချင်တာတွေ အကုန် ၀ယ်ကျွေးသည်။ ချက်ကျွေးသည်။ သတ်သတ်မှတ်မှတ် စာကျက်ရမည်။ ထိုတာဝန်ပြီးလျှင် သူ့အတွက် ပြီးပြီ။ အာရုံမထွေပြား။ စာမေးပွဲ ပြီးလျှင်တာဝန်တွေ ပေါ့သွားမည်ကို တွေးကာ ပျော်သည်။ သူချစ်သော နွေကို ဆီးကြိုရမည်။

နွေရာသီကျောင်းပိတ်ရက်သည် သူ့အတွက် လုပ်ချင်တာတွေကို စီတန်းထားသော အချိန်ဖြစ်သည်။ သူဖတ်ချင်သော ၀တ္ထုများ စာရင်းကို ပြုစုထားသည်မှာ ကြာပေပြီ။ အိမ်ရှေ့ကြမ်းပြင်ကို တံမြက်စည်း စင်စင်လှဲကာ ၀တ္ထုစာအုပ်များကို ၀မ်းလျားမှောက်၍ ဖတ်ရမည်။ ပြီးတော့ နွေဘွဲ့ကို ဖတ်ကာ ဘာကြောင့်မှန်းမသိ မျက်ရည်လည်ချင်သေးသည်။ ပေါ်နွေလလျှင်ဟုသာ စလိုက်လျှင် သူကလည်း အလိုလို ငိုချင်လာသလိုလို။ နေကုန်နေခန်း စာဖတ်ကာ စိတ်ကူးယဉ်ကာနှင့်သာ သူ့နွေရက်များကို ပျော်ပျော်ကုန်ဆုံးချင်လှသည်။ အိုက်စပ်သော နွေညများမှာလည်း စာအုပ်ကလေးကိုင်လျက် လေညှင်းကို မျှော်ကာ နေနေနိုင်သေးသည်။ ရေနှစ်ခါလောက် ချိုးပြီး သနပ်ခါးပါးပါး လိမ်းထားရသော၊ ချည်အင်္ကျီ ပါးပါးဝတ်ထားရသော အရသာကို သူနှစ်သက်သည်။ မီးပျက်ပြီ ဆိုလျှင်တော့ စာလည်း ဖတ်မရတော့။ ထိုအခါလည်း မီးရောင်မဲ့ အေးချမ်းသွားသော နွေည၏ တည်ငြိမ်မှုကို ခံစားနိုင်သေးသည်။ နွေမှာ သူ့စိတ်ကို လွှတ်၍ပျော်သည်။

သင်္ကြန်ကိုတော့ သူချစ်သော်လည်း ငေးရင်းသာ ချစ်ချင်သည်။ သူများတွေပျော်သည်ကို ကြည့်ကာသာ ပျော်လှသည်။ ပိတောက်ပန်းတွေ စပွင့်လျှင် သူပျော်နေတတ်သည်။ ပန်းကြိုက်လှသည် မဟုတ်သော်လည်း တနှစ်မှ တခါ ထူးခြားသည့် အချိန်မို့ တန်ဖိုးထားမိသည် ထင်၏။ ဈေးမှ ၀ယ်သူများ ပြန်လာလျှင် ခြင်းတောင်းထဲ ပိတောက်ပါလာသလားဟု လှမ်းကြည့်ရသည်မှာ အမော။ ပိတောက်ပန်းကို တွေ့လျှင်သူလည်း ဈေးကို ပြေးကာ အားရပါးရ ၀ယ်လိုက်ရမှ။ အိမ်ရှေ့မှာ၊ ရပ်ကွက်ထဲမှာ သစ်ပင်မရှိတော့လည်း သူ့ရဲ့ စိတ်လှုပ်ရှားစရာနေရာက ဈေးမှာပင်။ ၀ယ်လာပြန်ပြီးလျှင်လည်း ဘုရားတင်ပြီးနောက် ကျန်သည့်ပန်းကို ဘာလုပ်ရမည်မသိ။ ပန်လည်း မပန်တတ်တာမို့ တနေ့လုံးသာ တကိုင်ကိုင် လုပ်နေတော့သည်။ စာဖတ်ရာမှာလည်း ပန်းက ပါသည်။ ထမင်းစားတော့လည်း ထမင်းပန်းကန်ဘေးမှာ ပိတောက်တို့ ဝေလျက်။ နောက်ဆုံး အိပ်ယာထဲ ထည့်ကာ ခေါင်းအုံးဘေးမှ ပိတောက်သင်းသင်းကို ရှူရှိုက်နေရမှသာ စိတ်ငြိမ်း၍ အိပ်ပျော်သွားတော့သည်။

သူ့အတွက်တော့ နွေသည် တာဝန်တခုနှင့် တခုကြားက ထိုက်တန်သော ကာလလေးတခု။ စိတ်အလိုလိုက်စရာ ကာလလေးတခု။

ခုတော့ အေးစက်သော ပြတင်းမှ အပြင်ကိုသာ မျှော်နေမိသည်။ ဥသြသံကို ကြားရမလားဟု နားစိုက်ထောင်သော်လည်း အချည်းနှီးပါပဲ။ တာဝန်တခုနှင့် တခုကြားက ကာလဟူသည်မှာ ဟိုးဝေးဝေးက အတိတ်ပုံရိပ်သာသာ မျှသာ။ လွမ်းဆွတ်ဖို့ အချိန်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် လွမ်းနေနိုင်သေးသည်ကိုတော့ သူကျေနပ်နေသေးသည်လေ။