Friday, 4 October 2013

အသံတွေ



အပူအပင်ကင်းတဲ့… ကလေးလေးဘ၀သာ…တခါပြန်ပြီး ရချင်သေးတယ်။ အပြစ်မသိသေးတဲ့…ကလေးလေးဘ၀ကို… တခါပြန်ပြီး ရချင်သေးတယ်။၁
“အူဝဲ….အူဝဲ….အူဝဲ…”
“သားလေးက အမေနဲ့ တူလိုက်တာ။ ချစ်စရာကြီး။”
“သားရေ…ကဗျာလေး ဆိုပြလိုက်ပါဦး။ ကဗျာဆိုပြရင် အန်တီက မုန့်ကျွေးမယ်တဲ့။ ဆိုပြလိုက်လေ…။”
        “မမ ၀၀ ထထ က။ အကပထမ။ ကပါ ကပါ မမရာ။ ညည လသာသာ။”
        “သားရေ အိပ်ဖို့ အချိန်တန်ပြီ။ ကစားစရာတွေ သိမ်းတော့လေ။ မနက်ဖြန် ကျောင်းသွားရမှာ။ စောစောအိပ်တော့။”
        “စောစောအိပ် စောစောထ သွားတိုက် ရေချိုး။”
        “သားရေ ညီမလေးကို နေ့လည်မုန့်စားကျောင်းဆင်းရင် သွားကြည့်လိုက်ဦးနော်။ ညီမလေး ထမင်းစားရဲ့လားလို့။”
        “မေမေကလည်း ရှက်စရာကြီး။ သားသနပ်ခါး မလိမ်းချင်တော့ဘူး။ ငါးတန်းတောင် ရောက်နေပြီ။ ယောက်ျားလေး ဖြစ်ပြီး သနပ်ခါးလိမ်းတော့ သူငယ်ချင်းတွေက ၀ိုင်းစကြရော။”
        “သား ညီမလေးကို စက်ဘီးစီးသင်ပေးရင်းနဲ့ စက်ဘီးပေါ်က ပြုတ်ကျတာ။ ဒူးနည်းနည်းပြဲ သွားတယ်။ မငိုနဲ့…မငိုနဲ့။ ညီမလေးကလည်း မငိုပါနဲ့တော့ တိတ်တိတ်။”
        “သား ၀တ္ထုတွေချည်းပဲ ဖတ်မနေနဲ့နော်။ စာလည်းဖတ်ဦး။ စာမေးပွဲနီးနေပြီ။ ဒီနှစ်တော့ အတန်းထဲမှာ ပထမရအောင် ကြိုးစားပါဦး။”
        “မေမေရေ… အဲ ဒကာမကြီးရေ… ကိုယ်တော် ပုဇွန်ဆီပြန်နဲ့ ပဲဟင်းလေးစားချင်လို့ ချက်ပေးပါဦးနော်။ ကိုယ်တော် ညကျရင် ဗိုက်သိပ်ဆာတာပဲ။ လိမ္မော်ရည်လေး ထပ်ယူလာပေးပါဦး။”
        “သားအတွက်… ဒီမှာ… ဦးထုပ်။ ဒါမှ ကတုံးကို ကောင်မလေးတွေ ၀ိုင်းမစရအောင်။”
        “ဖေဖေ ကျွန်တော့် ကွန်ပျူတာလေး အလုပ်မလုပ်တော့လို့ ကြည့်ပေးပါဦး။ ကျွန်တော့် သီချင်းတွေနဲ့ ဂိမ်းတွေတော့ ပျောက်ကုန်ပြီလား မသိဘူး။ စိတ်ညစ်ပါတယ်။”
xxx   
ရည်မှန်းချက်အတွက်…ကြင်နာသူကို…တကယ်စွန့်တဲ့…သူရဲကောင်းတွေ…ရှိခဲ့လဲကွယ်…ငယ်ရွယ်သူမို့…အချစ်ဖက်ကို…အလေးသာပေးခဲ့တာ…အမှန်ဆုံးပါပဲ။၂
        “မေမေကလည်း ဘောင်းဘီလေး တစ်ထည်ဝယ်ပေးဖို့ကို မျက်နှာငယ်လိုက်တာ။ အဲဒီ brand ကို သားလိုချင်နေတာ ကြာပြီ။ မေမေမ၀ယ်ပေးရင် ဖေဖေ့ကိုပဲ ပူဆာတော့မယ်။”
        “ရွှတ်... ရွှတ်…။ သိပ်လှတာပဲ။ တို့ကို နှောင့်ယှက်ခွင့် ပြုပါ။ စကားလေးနည်းနည်း ပြောခွင့်ပြုပါ။”
        “မင်းရုပ်ကြီးမှ အားမနာ။ အဲဒီကောင်မလေးကို လိုက်ရတယ်လို့။ နာမည်လေးက ၀တ်ရည်တဲ့။ နာမည်နဲ့လိုက်အောင် ချိုနေမှာပဲ။”
        “အနီရောင်လေးနဲ့ သူ့အသားက ၀င်းနေတာပဲ။ ဆံပင်ရှည်တာကို သဘောကျတာကွ။ ရိုးရိုးလေးနဲ့ ယဉ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာကွ။”
        “မင်း လက်ဖက်ရည်ဆိုင် ထိုင်တာလဲ ထိုင်ပေါ့။ ဒါပေမယ့် အဲဒီမှာချည်းမှာ အချိန်ကုန်မနေနဲ့။ စာလဲကျက်ဦးကွာ။ စာမေးပွဲက နီးလာပြီ။”
        “ကိုယ် တကယ်ပဲ မိုးကို ချစ်တာပါ။ ကိုယ့်ကို မငြင်းလိုက်ပါနဲ့နော်…မိုး။ မိုးမရှိရင် ကိုယ် ဘာဖြစ်သွားမလဲ မသိဘူး။”
        “ကိုယ်ညက သီချင်းလာဆိုတာ ကြားရဲ့လား မိုး။ မိုးရယ် အဖြေပေးပါတော့။ ကိုယ်အိပ်လို့လဲ မပျော်ဘူး။”
        “မောင်ကလည်း နောက်ကျလိုက်တာ…။ မိုးစောင့်နေတာ ကြာလှပြီ။ နောက်တခါ နောက်ကျရင်တော့ မတွေ့ရတော့ဘူး မှတ်…။”
        “မိုးကို ဘယ်တွေ့မလဲ…။ မိုးကနေ ကျော်ပြီး ဆောင်းကို မျှော်နေတာကိုး။ ဆောင်းသဇင်နဲ့ ဆိုရင် မောင်တလောကလုံးကိုများ မေ့နေသလား…။”
        “မိုးကလွဲရင် အားလုံး ဖွဲနဲ့ ဆန်ကွဲပဲ။ မိုးရယ်…မောင့်ကို စကားမပြောဘဲ မနေပါနဲ့။ စိတ်မကောက်နဲ့တော့နော်။”
        “အိမ်နဲ့ လိုက်တွေ့မယ့်ရက်ကို မောင်ပဲ ရွေးလေ။ မေမေက အိမ်မှာ နေ့လည်စာစားဖို့ စီစဉ်ထားလိုက်မယ်တဲ့။”
        “ညီမကို ဒီလောက်ပဲ တွန့်တိုရသလား…မောင်ရယ်။ သတို့သမီး အရံလုပ်ရင်တော့ သတို့သားအရံနဲ့ တွဲရမှာပေါ့။”
        “မောင်တော့ ဒီနေ့ သိပ်ပျော်တာပဲ မိုးရာ….။”
xxx
        လမ်းများက ကိုယ့်ကိုသယ်ဆောင်…ရှေ့မှာ ဘာတွေ ဖြစ်မလဲ မသိဘူး။ နှစ်များက ကိုယ့်ကို စည်းတား သွားချင်တိုင်းလဲ မသွားခဲ့ရဘူး။ ငယ်ရွယ်တဲ့သူတွေရဲ့စိတ်…ဘာပဲပြောပြော နားမ၀င်နိုင်ဘူး။ အမုန်းနဲ့ အပြုံးတစ်လှည့်စီ ထိတွေ့ ဘာကိုမှလေ သိပ်ဂရုမစိုက်ဘူး။၃
        “ကျွန်တော်တော့ ဒီခွင်ကို မကြိုက်ဘူးဗျ။ အရင်းအနှီးတွေအားလုံးကို ဒီတစ်နေရာထဲမှာ ပုံအောရလောက်အောင် မဟန်ဘူး ထင်တယ်။”
        “မောင်ရေ သမီးကြီးကို ၀င်ကြိုဖို့ မမေ့နဲ့ဦးနော်။ ဒီနေ့သူတို့ ကျောင်းကား ပျက်နေတယ်။ သမီးငယ်ကိုတော့ မိုးရုံးကအပြန်ဝင်ခေါ်လိုက်မယ်။”
        “ဒီတိုက်ခန်းက ဈေးကြီးတာ နေရာကောင်းတာကိုး။ ဈေးနဲ့နီး ကျောင်းနဲ့နီးတဲ့ အပြင် နှစ်လမ်းလောက် လျှောက်လိုက်ရင်ပဲ ကားဂိတ်ကို ရောက်ရော။”
        “မေမေ့မြေးကို သိပ်အလိုမလိုက်နဲ့။ မေမေပေးတဲ့ မုန့်ဖိုးတွေမှန်သမျှ အကုန်သုံးနေတာ တစ်လတစ်လ ငါးတန်းကျောင်းသူနဲ့တောင် မလိုက်ဘူး။ တော်တော် သုံးနိုင်တယ်။”
        “တောက်….တော်တော် လူပါးဝတဲ့ ကောင်တွေ။ မင်းတို့ထက်သာလို့ ငါဆရာကြီးလုပ်နေတာကွ။ မနေ့တစ်နေ့ကမှ စီးပွားရေး စလုပ်တဲ့ကောင်တွေကများ…။”
        “မိုးရေ မောင်တို့ ၀ယ်လိုက်တဲ့ မြေကွက်ဈေးတက်လို့ ပြန်ရောင်းလိုက်တာ တော်တော်မြတ်တယ်ကွ။ အဲဒီအထိမ်းအမှတ်နဲ့ ညနေစာ သွားစားကြရအောင်။ ကလေးတွေကိုလဲ ခေါ်လိုက်ဦး။”
“ကျွန်တော်တို့ နေရာက အကွက်အကွင်းကောင်းတယ်။ သူတို့ထက် သာမှာပါ။ အရင်းအနှီးကောင်းကောင်း ရှိရင် ဘာမဆိုလုပ်နိုင်တာပဲ။ ကျွန်တော်ပြောသားပဲ။”   
“သမီးတို့ရေ ဖွားဖွားနဲ့ ဖိုးဖိုးကို သွားကန်တော့ကြမယ်။ ဟိုနေ့က မေမေ၀ယ်လာတဲ့ ပစ္စည်းတွေ သွားယူလာပါဦး။ အေး…ဟုတ်တယ်…အဲဒီဟာ ဖွားဖွားတို့ကို ကန်တော့ဖို့။”
xxx
        ပါးစပ်ပိတ်…ခေါင်းညိတ်…ကြိတ်မှိတ်…ငါနားလည်ပေးမယ်။ ဖြည်း… ဖြည်း… ဖြည်းဖြည်းပြော…နားနားပြီးပြော…မောမယ်။ တိုး…တိုး…တိုးတိုးလေးပြော…အားလုံးလည်း ကြားပါတယ်။၎
“သမီးကို ဖေဖေဘာပြောထားလဲ။ ဒီကောင်လေးနဲ့ မတွဲပါနဲ့လို့ အကြိမ်ကြိမ် သတိပေးထားတယ်နော်။ နောက်တခါတွေ့ရရင်တော့ မလွယ်ဘူးမှတ်။”
“ခင်ဗျားတို့ထက် ကျုပ်နားလည်လို့ ပြောနေတာဗျ။ ကျုပ်ကို ဆရာလာမလုပ်နဲ့။ ကျုပ်သဘောနဲ့ ကျုပ် ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်။”
“မိုး…မင်းကိုငါ ဘယ်နှစ်ခါပြောရမလဲ။ ဒီမိန်းမကို ပိုက်ဆံ မချေးပါနဲ့လို့ ငါအကြိမ်ကြိမ် ပြောခဲ့တယ်နော်။ မင်းက သနားပေမယ့် ငါကတော့ မသနားနိုင်ဘူး။ ပိုက်ဆံဆိုတာ အပင်ပေါ်ကခူး ယူလို့ ရတာမဟုတ်ဘူး။ တွင်းထဲကနေ နှိုက်ယူလို့ ရတာမဟုတ်ဘူး။”
“ငါအသက်ကြီးပေမယ့်လဲ မနားနိုင်သေးဘူး။ ဒီအလုပ်တွေကို ငါမှ မလုပ်ရင် ဘယ်သူလုပ်မလဲ။”
“စိတ်လျှော့ မောင်…စိတ်လျှော့…။ ဒေါသတွေ သိပ်မကြီးပါနဲ့။ ရှင့်ကို ကြည့်ရင်းနဲ့တောင် ကြောက်လာပြီ။”
“မင်းတို့ အားလုံးတစ်ယောက်မှ အသုံးမကျဘူး။ ဒီတာဝန်လောက်ကိုမှ မယူနိုင်ရင် အလုပ်ဆက်မလုပ်နဲ့တော့။ ငါသေသေချာချာ ပြောထားရဲ့သားနဲ့ကွာ…။ ငါ့ရှေ့က အားလုံး ထွက်သွားကြ…။ သွားကြကွာ…..။”
“တောက်…..ငါ့ပြိုင်ဖက်ကိုမှ အရှုံးပေးလိုက်ရတယ်လို့။ ငါ့ရာဇ၀င်မှာ ဒါမျိုး မရှိဘူး။ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်…။ ဘယ်ကောင်မှ ငါ့ကို ကြောလို့ မရဘူးကွ။”
“တပည့်တော် ဆင်ခြင်ပါ့မယ် ဘုရား။ ဒေါသတွေ သိပ်ကြီးပြီးတော့ သွေးတက်တယ် ဆိုတာလဲ ဟုတ်ပါတယ်။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ ဖိစီးမှုတွေ သိပ်များလို့လဲ ပါတာပေါ့ ဘုရား။”
“ဒီလောက် မိုက်တဲ့ သမီး သူ့ထိုက်နဲ့ သူ့ကံပဲ ဆိုပြီး ပစ်ထားတာ။ ကြိုက်စရာလူ ဒီလောက်ရှားသလား။ ဒီကောင့်ကို ငါနည်းနည်းမှ ကြည့်လို့ကို မရဘူး။ အုတ်ကြားမြက်ပေါက်…ကလေက၀ကောင်။ ငါ့သမီးနဲ့ နည်းနည်းမှ မတန်ဘူး။”
“ဒီနေ့ လှူလိုက်ရတာ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ သီလယူလိုက်ရတော့ စိတ်ကြည်လင်သွားတယ် မိန်းမရယ်။ ဒီထက်ပိုပြီး ကောင်းမှု ကုသိုလ်လုပ်ဖို့တော့ ကြိုးစားရဦးမယ်။ ကိုယ့်မှာ တစ်နေ့တစ်နေ့ အလုပ်ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတာကိုး။”
xxx
ကြမ်းပြင်ပေါ်မှာ…မူးမိုက်လဲကျ…ဘယ်လိုလှုပ်လို့ မရ…သိပ်လေးလံတဲ့ ငါ့ခန္ဓာ…။ ….အော်သံခေါ်သံတွေ ခေါ်သံတွေကြား…အော်သံခေါ်သံတွေ ခေါ်သံအော်သံတွေလား…။ ငါမမြင်နိုင်ဘူး…ဒီအမှောင်ထုထဲမှာ…။ ငါမခေါ်နိုင်ဘူး… အသံတွေ မထွက်တော့ပါ…။၅
“မေမေကလည်း ရှက်စရာကြီး…….သားသနပ်ခါး မလိမ်းချင်တော့ဘူး……မမ ၀၀ ထထ က…...နာမည်လေးက ၀တ်ရည်တဲ့……အိမ်နဲ့ လိုက်တွေ့မယ့်ရက်ကို မောင်ပဲ ရွေးလေ……မောင်တော့ ဒီနေ့ သိပ်ပျော်တာပဲ မိုးရာ……ငါ့ရာဇ၀င်မှာ ဒါမျိုး မရှိဘူး……ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်……ငါ့သမီးနဲ့ နည်းနည်းမှ မတန်ဘူး……ဒီထက်ပိုပြီး ကောင်းမှု ကုသိုလ်လုပ်ဖို့တော့ ကြိုးစားရဦးမယ်……ပိုက်ဆံဆိုတာ အပင်ပေါ်ကခူး ယူလို့ ရတာမဟုတ်ဘူး……ကိုယ် တကယ်ပဲ မိုးကို ချစ်တာပါ……ကျုပ်သဘောနဲ့ ကျုပ် ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်……ဘယ်ကောင်မှ ငါ့ကို ကြောလို့ မရဘူးကွ……”
“မောင်…မောင်…သတိထားပါ။ တရားမမေ့ပါနဲ့။”
“ဖေဖေ…ဖေဖေ…သမီးတို့ကို ပစ်သွားပြီလား။”
နောက်ဆုံးကြားလိုက်ရသည်မှာ ငိုသံများ။ အသံတွေနဲ့ ၀င်လာပြီး အသံတွေနဲ့ပင် ပြန်ထွက်သွားရသော ပြဇာတ်တစ်ပုဒ် ကားလိပ်အချ။ နောက်တော့….
 “………”
xxx
မှတ်ချက်။ ။အောက်ပါ သီချင်းများကို ၀တ္ထုထဲတွင် ယူသုံးပါသည်။
၁ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
 တေးဆို-စိုင်းထီးဆိုင်၊ တေးရေး- စိုင်းခမ်းလိတ်
၂အချစ်ကို ဦးစားပေးခဲ့သူ
        တေးဆို- စိုင်းထီးဆိုင်၊ တေးရေး- စိုင်းခမ်းလိတ်
၃လူဖြစ်ရတဲ့ ဒုက္ခ
        တေးဆို/တေးရေး- မျိုးကျော့မြိုင်
၎နားနားပြီးပြော
        တေးဆို- မျိုးကြီး၊ တေးရေး- မောင်မောင်ဇော်လတ်
၅သတိမေ့သွားတဲ့ည
        တေးဆို- လေးဖြူ၊ တေးရေး- မောင်မောင်ဇော်လတ်


Thursday, 26 September 2013

အသက်ကြီးပြီ (၂)



         “ဟင်…အစောကြီး နိုးနေပါလား။”
          “ဟုတ်တယ်…။ မအိပ်ချင်တော့လို့။ ညည်းကတော့ လှုပ်တောင် မလှုပ်ဘူး။”
          “အံမယ်…ညည်းကပဲ ပြန်ပြောရတယ် ရှိသေး။ ခါတိုင်းတော့ ညည်းပဲ နေဖင်ထိုးအောင် အိပ်ပြီးတော့။”
          “အသက်ကြီးလာလို့လား မသိဘူး။ အရင်ကလောက် ကြာကြာမအိပ်နိုင်တော့ဘူး မိန်းမရဲ့။”
          “မနက်စာ စားရအောင်။ ဘာစားကြရင် ကောင်းမလဲ။ ယောက်ျား စောစောထတာ တစ်ခုခု မလုပ်ထားဘူးလား။”
          “ကျောင်းအစ်မ ထလာရင် သောက်ရအောင် ကော်ဖီက အသင့်ဖျော်ပြီးသားပါ ခင်ဗျ။ အစားအသောက်ကတော့ ကျုပ်လည်း မစီစဉ်တတ်ဘူး။”
          “အလကားနောက်တာ။ မနေ့က ကျုပ် ခရိုဆွန့် ၀ယ်လာတယ်။”
          “ဟား…ကောင်းတယ်။ အတော်ပဲ။ ကျုပ်စားချင်နေတာ ညည်းက ဘယ်လိုသိ။”
          “အမြဲတမ်း စားချင်နေတာပဲ မဟုတ်လား။ မှန်းရတာ မခက်ပါဘူး။”
          “အဲဒါလည်း ဟုတ်တာပဲ။ စကားမများနဲ့တော့ ကော်ဖီသောက် မုန့်စားရအောင်။ ဗိုက်ဆာပြီ။ ညည်းမနိုးသေးလို့ ကျုပ်ကစောင့်နေတာ။”
          “နွားနို့တွေ သိပ်မထည့်နဲ့နော်။ အဆီတက်တယ်။”
          “ပဲများလိုက်တာ။ သောက်မှာသာ သောက်စမ်းပါ။”
          “အသက်ကလေး နည်းနည်း ရလာရင် ၀ိတ်တက်တာ မြန်တယ် ယောက်ျားရ။  အစားအသောက် ဆင်ခြင်မှ။”
          “ဟုတ်ပါပြီ ဟုတ်ပါပြီ။”
          “ဒီနေ့ ပိတ်ရက် ဆိုတော့ ဘယ်သွားချင်လဲ။”
          “ဘယ်မှ မသွားချင်ဘူး။ အိမ်မှာပဲ အေးဆေး နေကြတာပေါ့။ ညည်းသွားချင်တဲ့ နေရာရှိရင်တော့ သွားမယ်လေ။”
          “ကျုပ်ကလည်း သွားချင်ပါဘူး။ အိမ်မှာ အေးဆေး စာအုပ်လေး ဖတ်၊ သီချင်းလေး နားထောင်။ ဟင်းချက်စား အဲဒါပဲ ကောင်းတယ်။ ညနေကျတော့ လမ်းလျှောက်ထွက်မယ်လေ။”
          “ကောင်းတယ်။ အဲဒီအကြံ။”
          “မနေ့က ဟိုကလေး လင်မယားကတော့ ခေါ်သား။ သူတို့ ဒီနားမှာ လှေလှော်သွားမလို့တဲ့။”
          “ညည်းလိုက်သွားချင်ရင် ပြောရောပေါ့။”
          “မလိုက်ချင်ပါဘူး။ ပိတ်ရက်ကျရင် အေးအေးဆေးဆေး အနားယူချင်တယ်။ ဟိုသွားဒီသွားက ပျော်တော့ ပျော်ပါရဲ့။ ငယ်တုန်းကလောက်တော့ စိတ်အားမထက်သန်တော့ဘူး။ လူပင်ပန်းတယ်။”
          “ညည်း အဲဒါကြောင့်မို့လို့ ဖက်တီးမ ဖြစ်နေတာပေါ့။”
          “အောင်မယ်…။ညည်းကျတော့ သုံးလဗိုက်လောက် ရှိတာများ။ လာမယှဉ်စမ်းပါနဲ့။”
          “အသက်ကြီးပြီ မိန်းမရ…။ ဗိုက်ကလေးလည်း စပြီး ရွှဲလာပြီလေ။”
          “စကားမစပ်…ဒီနေ့ ဘာနေ့လဲ သိလား။”
          “ဘာနေ့လဲ ဟုတ်လား။ စနေနေ့ပေါ့။ ဘာဖြစ်လို့လဲ။”
          “တကယ်….သတိမရဘူးလား။”
          “ဟင့်အင်း။ ဘာနေ့ မို့လို့လဲ။”
          “ရေခဲသေတ္တာထဲမှာ သွားကြည့်။”
          “အင်…ရေခဲသေတ္တာထဲမှာ…။”
          “ကြည့်မှာ ဆို…သွားကြည့်စမ်းပါ။”
          “ဟင်…ကိတ်မုန့်…။ ဟာ….အေး…ဟုတ်သားပဲ။”
          “အသက်မကြီးချင်လို့ မေ့ထားတယ်ပေါ့ ဟုတ်လား။”
          “တကယ့်ကို သတိမရတာ မိန်းမရဲ့။ အသက်ကြီး ပြီလေ။”

Tuesday, 24 September 2013

အသက်ကြီးပြီ (၁)

      စာဖတ်နေသောကိုယ့် နားထဲကို သီချင်းသံက မသဲမကွဲ ၀င်လာသည်။ မသဲမကွဲကနေ တဖြည်းဖြည်းနှင့် ပီပြင်လာ၏။ ပီပြင်ရာမှ စာအုပ်ထဲသို့ ရောက်လာသည်။ ၀ါကျအချို့ ဗလုံးဗထွေး ဖြစ်ကုန်သည်။ နေပါဦး… နေပါဦး….စာပိုဒ်အစက ပြန်ဖတ်မှ။ တစ်ကြောင်း…နှစ်ကြောင်း….သုံးကြောင်း…..။ ဖတ်ထားသည့် အကြောင်းအရာများ စိတ်ထဲ မရောက်။ ဆွဲငင်၍ အရှိန်တက်လာပြီ ဖြစ်သော သီချင်းအလယ်ကို နားစွင့်လိုက်မိသည်။ ဖတ်လက်စ စာအုပ်က လက်ထဲမှာ ကိုင်လျက်။ ရောက်ရာစာမျက်နှာမှာ လက်ညှိုးနှင့် ထိုး၍ညှပ်ရင်းက ထိုင်ပြီး စဉ်းစားစ ပြုမိ၏။ ငါ သီချင်းဆက်နားထောင်ရင် ကောင်းမလား၊ စာဆက်ဖတ်ရင် ကောင်းမလား…။ တစ်ယောက်တည်းရှိသော အိမ်မှာ သီချင်းဖွင့်ထားသူကလည်း ကိုယ်၊ စာအုပ်ကိုင်သူကလည်း ကိုယ် ဖြစ်သည်မို့ ဘယ်သူကမှ ကိုယ့်ကို အနှောင့်အယှက်ပေးသည်ဟု မဆိုသာ။
          ကိုယ့်ကိုယ်ကို အံ့သြနေမိသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ကိုယ်သည် အာရုံများစွာကို တပြိုင်နက်သုံးတတ်သူ။ သီချင်းနားထောင်ရင်း အိမ်စာလုပ်တတ်သည်မှာ ကိုယ့်အကျင့်။ သင်္ချာတွက်ရင်း သင်္ချာပုစ္ဆာများကို စဉ်းစားရင်းဖြင့် သီချင်းလိုက်ညီး ရသည့်အရသာကို  ကိုယ်နှစ်သက်သည်။ တခါတလေ စာကျက်ရင်းနှင့်ပင် နောက်ခံတီးလုံးကို ခပ်တိုးတိုး ဖွင့်ထားမိသေးသည်။ သည်လိုနှင့်ပင် စာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်ခဲ့သေး၏။ တက္ကသိုလ်ရောက်တော့ အိမ်စာလုပ်ရင်း သီချင်းနားထောင်သည့် အကျင့်သာမက အွန်လိုင်းက သူငယ်ချင်းများနှင့် စကားစမြည် ပြောတတ်သည့် အကျင့်ပါ ရလာသည်။  နှစ်ဖက်စလုံးတွင် စာပြိုင်ရိုက်တတ်သောကိုယ်။ “Alt” နှင့် “Tab” အတွဲက ကိုယ့်အဖော်။ Word ပြတင်းနှင့် Yahoo ပြတင်းနှစ်ခုလုံးတွင် ကိုယ်က ကျွမ်းကျင်စွာ လှည့်ပတ်နေသူ။ သည်လိုနှင့် ကိုယ် တစ်တန်းတစ်တန်းကို ချောမောစွာ ဖြတ်သန်းခဲ့သည်။ အာရုံများစွာနှင့် အလုပ်လုပ်ရသည်ကို အခက်အခဲ မရှိ။ ဒါကိုပဲ ကိုယ်က နှစ်သက်နေလိုက်သေးသည်။
          ငယ်ငယ်ကတည်းက အချိန်ကို အကျိုးရှိရှိ အသုံးချရန် အလေ့အကျင့်လုပ်ပေးခြင်း ခံထားရသော ကလေးတစ်ယောက်မို့ ကိုယ့်နေ့စဉ် ဘ၀မှာ အလုပ်နှစ်ခုကို တပြိုင်နက် လုပ်သည့် အမူအကျင့်က အများသားပင်။ မနက်စာစားရင်း စာဖတ်။ အိမ်သာတက်ရင်း စာဖတ်။ လမ်းလျှောက်ရင်း သီချင်းနားထောင်။ စာရေးရန်အတွက် စိတ်၏ စေစားရာကိုရှာ၊ ဇာတ်လမ်းအတွက် အကြံထုတ်။ လမ်းလျှောက်ရင်း ဖုံးပြော။ စဉ်းစားကြည့်လျှင် ကိုယ်တပြိုင်နက် လုပ်တတ်သည့် အလုပ်တွေက များသား။ စာရေးလျှင်လည်း သီချင်းဖွင့်ထားတတ်သေးသည်။ စိတ်ကို ကိုယ်မမျှော်လင့်သည့် ကမ္ဘာတစ်ခုဆီသို့ ဆွဲခေါ်သွားသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ခုတလောတော့ စာသားမပါသော သီချင်းတွေကိုသာ ဖွင့်၍ စာရေးလို့ရကြောင်း ကိုယ့်ကိုယ်ကို သတိထားမိနေ၏။
          အခုတော့ စာပဲ ဆက်ဖတ်ရကောင်းမလား၊ သီချင်းပဲ ဆက်နားထောင်ရ ကောင်းမလားဟူသော မေးခွန်းကို ထူးဆန်းစွာပင် ကိုယ့်ကိုယ်ကို မေးရတော့မည်။ နှစ်တို့၏ တိုက်စားမှုနှင့်ပင် ကိုယ့်ဘ၀မှာ အလုပ်များစွာ၊ အရာများစွာကို တပြိုင်နက် မလုပ်နိုင်တော့ပြီလားဟု ပထမဆုံး အကြိမ် သံသယ ၀င်လေသည်။ အာရုံစူးစိုက်မှုတို့ လျော့နည်းလာပြီလား။ ကိုယ့်စိတ်တွေ အရင်ကလောက် စူးရှမှု မရှိတော့ပြီ။ ခုတလောတော့ ဘယ်အရာက ပိုအရေးကြီးသည်လည်းဟူသော မေးခွန်းနှင့် ဘယ်အရာကို လုပ်သင့်သလဲဟူသော မေးခွန်း နှစ်ခုကို တပြိုက်နက် မေးနေတတ်သေးသည်။ အသက်တွေ ကြီးပြီပဲ….။
(ဆက်ရန်)

Sunday, 8 September 2013

ဘလောက်ဂ်ဂင်းနှင့် စပ်လျဉ်း၍



ဒီစာကို ရေးမလို့ စဉ်းစားတာတော့ ပြီးခဲ့တဲ့ တစ်ပတ်ထဲကပါပဲ။ ဒါပေမယ့် ရာသီဥတုကလည်း မကောင်း၊ ရာသီဥတုက ကောင်းတော့လည်း အခြေအနေက မပေးဖြစ်နေတာနဲ့ပဲ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ဘလောက်ဂ်များနေ့ အမှတ်တရနဲ့ တပါတည်း ကိုယ်ပြောချင်တာလေးတွေ ဟိုရောက်ဒီရောက် ပြောဖို့ ရေးဖြစ်တာပါ။  
ဘလောက်ဂ်ကို စဖြစ်တဲ့ အချိန်က အရေးကြီးတဲ့ လှေကားတစ်ဆင့်ကို တက်ဖို့ ကြိုးစားနေချိန်ပါ။ ဒါပေမယ့် လုပ်စရာတွေ အင်မတန် များနေတဲ့ထဲကပဲ စိတ်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဘလောက်ဂ်ကို စခဲ့တယ်။ တစ်ခါတစ်လေ လုပ်စရာအလုပ်တွေကို ဘေးနားမှာ ပုံထားပြီး စာတွေရေးနေမိတဲ့ အထိ ဘလောက်ဂ်ရေးခြင်းကို စွဲခဲ့ပါတယ်။ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အရာလေးတစ်ချို့ဆိုလည်း စာထဲထည့်ရေးလိုက်ဦးမှ ဆိုပြီး အမြဲစဉ်းစားဖြစ်တယ်။ ပုံရိပ် ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ပုံရိပ်ယောင် ကမ္ဘာမှာ ပျော်နေတော့တာပဲ။
ပုံရိပ်ယောင် ကမ္ဘာက ပုံရိပ်မှာ စိတ်ဖိစီးမှုတွေ မရှိဘူး။ စိတ်ပူစရာ၊ စိတ်ရှုပ်ထွေးစရာတွေ မရှိဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ နှစ်သက်မှု အပြည့်ပဲ။ ဘ၀ရပ်တည်ရေး အတွက် မဟုတ်ပေမယ့်လည်း ပုံရိပ်ယောင် လောကမှာ ပျော်ရွှင်မှု ရှိတယ်။ ကျေနပ်မှု ရှိတယ်။ ဒါပေမယ့် ပုံရိပ်ရဲ့ အားနည်းချက်ကတော့ စာရေးကျဲခြင်းနဲ့ ဘလောက်ဂ်လောကကြီးနဲ့ ကောင်းကောင်း မရင်းနှီးခြင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျဲကျဲနဲ့ မှန်မှန်ပဲ ဘလောက်ဂ်လေးက ဆက်ပြီး တည်ရှိနေခဲ့တယ်။ ဘာလိုလိုနဲ့ စိတ်ကူးပုံရိပ်ရဲ့ သက်တမ်းဟာ ခြောက်နှစ်ရှိခဲ့ပါပြီ။
ဘလောက်ဂ်ရေးခြင်းရဲ့ ကောင်းခြင်းကတော့ ကိုယ့်စာကို လွတ်လပ်စွာ နှောင့်နှေးခြင်း မရှိ အများနဲ့ မျှဝေနိုင်ခြင်းပါပဲ။ စိတ်ထဲရှိတဲ့ အကြောင်းအရာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပြောနိုင်တယ်။ ပုံရိပ်ယောင် ကမ္ဘာမှာ အရောင်စုံ၊ အသွေးစုံပဲ။ တကယ် စဉ်းစားကြည့်မယ် ဆိုရင် အံ့သြ၀မ်းသာ စရာဟာ အချို့ ဘလောက်ဂ်ရောင်းရင်းတွေနဲ့ ခင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုတာပဲ။ ဘလောက်ဂ်ရောင်းရင်း အချို့လည်း တဖြည်းဖြည်းနဲ့ ပျောက်ကုန်ကြတယ်။ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းနဲ့ စီးပွားရေး၊ ကြီးပွားရေး၊ မိသားစုရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ လောကကြီးမှာ နေနေရတဲ့ ဘလောက်ဂ်တွေ ဆိုတော့လည်း ပျောက်ကုန်ကြတာ အပြစ်မဆိုသာပါဘူး။ သူတို့ကိုတော့ တစ်ခါတစ်လေ လွမ်းမိပါတယ်။
စရေးစကတော့ ကိုယ်ရေးတာလေး ကိုယ့်ဘလောက်ဂ်ပေါ်မှာပဲ တင်ဖြစ်ခဲ့တယ်။ နောက်တော့ အွန်လိုင်းမဂ္ဂဇင်းတွေကို ကိုယ့်စာအချို့ ပို့ဖို့ အကြံရလာတယ်။ ကိုယ်ရေးတဲ့ စာဆိုတော့ ပရိတ်သတ်များနိုင်သမျှ များအောင် ရည်ရွယ်တာ အမှန်ပဲ။ ဒီလိုနဲ့ ရေးတဲ့စာတွေကိုလည်း ပိုပြီး အရည်အသွေးကောင်းအောင် ကြိုးစားလာရတယ်။ (ပိုကောင်းလာသလားတော့ မသိဘူးပေါ့။ ဒါပေမယ့် စာရေးတဲ့ အလေ့အကျင့်လေး ပိုရလာပါတယ်။) မရေးဖူးတဲ့ အကြောင်းအရာအချို့ကို ရေးကြည့်ဖို့ ကြိုးစားဖြစ်တယ်။ မရေးဖူးတဲ့ဟန် အချို့ စမ်းသပ်ကြည့်ချင်တယ်။ စာတစ်အုပ်ဖတ်ရင်း ကိုယ်ကြိုက်တဲ့ ဟန်ပန်အချို့တွေ့ရင် ကိုယ်လည်း ဒီလိုဖန်တီးလို့ ရပါလားလို့ ခေါင်းထဲ အတွေးဝင်လာတတ်တယ်။ အဲဒီ အတွေးကနေ ဆင့်ပွားပြီး ရေးမယ့် အကြောင်းအရာကို ဆက်ပြီး စဉ်းစားနေတတ်တယ်။ အဲဒီလို စဉ်းစားရတာကိုက ပျော်စရာပါပဲ။
တကယ့်လောကမှာ စိတ်ညစ်စရာတွေများလာရင် ပုံရိပ်ယောင်ကမ္ဘာထဲ ပြေး..ပြေးဝင်မိတော့တယ်။ အပြင်လောကက ပုံရိပ်စစ်နဲ့ ဘလောက်ဂ်လောကက ပုံရိပ်ယောင်ကို ခွဲခြားထားမိတယ်။ ဒါကြောင့်လည်း ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ မရေးဖြစ်မိသလောက်ပဲ။ ပုံရိပ်စစ်ဟာ ဘယ်သူဆိုတာကို စာဖတ်သူအနေနဲ့ တွဲမမြင်စေချင်ဘူး။ တွဲမြင်နေရင် ဖတ်တဲ့စာအပေါ်မှာ လွှမ်းမိုးမှုများ ရှိနေမလားလို့။  တကယ်တော့လည်း ပုံရိပ်စစ်ဟာ အရေးမကြီးလှပါဘူး။ ကိုယ်ကြိုက်တာတွေရော မကြိုက်တာတွေပါ ရောနှောနေတဲ့ ပုံရိပ်တစ်ခုပါ။ ပုံရိပ်ယောင် လောကမှာတော့ ကိုယ်ကိုယ့်ကို (အတိုင်းအတာတစ်ခု အထိ) ဖန်တီးယူလို့ ရတယ် မဟုတ်လား။ ကြာတော့လည်း ဘယ်လောကမှာ ကိုယ်နေတယ်ဆိုတာ မကွဲပြားချင်တော့ဘူး။ သိပ္ပံစိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ် ဆိုရင်တော့ အပြိုင်လောက (parallel universe) တစ်ခုပေါ့။  
(ကိုရန်အောင်…နောက်နှစ်အတွက် ကြိုပြီး ရေးထားလိုက်ပြီ။)

Tuesday, 3 September 2013

ရှိတာ သွန်ပစ် စက်တင်ဘာနှစ်



အိတ်ထဲမှာ…

၁) လောကကြီးကို ခလုတ်နှိပ် ပိတ်ပစ်လိုက်ဖို့ သီချင်း တစ်ပုဒ်ရှိတယ်။
၂) ကိုယ့်မျက်ချေး ကိုယ်မြင်အောင် ကြည့်ပစ်လိုက်ဖို့ (ဖုန်တက်နေတဲ့) မှန်တစ်ချပ်ရှိတယ်။
၃) အရှုပ်တွေကို ရှင်းပစ်လိုက်ဖို့ ဘီးတစ်ချောင်း ရှိတယ်။
၎) မတော်တဆ ထိခိုက်မှုလေးတွေကို ပြင်ဆင်လိုက်ဖို့ အတွက် ပလာစတာလေးတွေ ရှိတယ်။
၅) လိုတရ အကုန်သုံး (နောက်ဆုံးမှ အကြွေးများနဲ့ ကိုယ့်ကိုထားခဲ့မယ့်) ကဒ်သုံးလေးငါး…ခြောက်…ခုနစ်….(အဟမ်း) ကဒ် ရှိတယ်။
၆) ဟိုဖွင့် ဒီဖွင့် ဖွင့်ဖို့ သော့လေးငါးစုံ ရှိတယ်။ (တစ်ခါတစ်လေ တံခါးတွေကို မမှတ်မိတတ်ဘူး။)
၇) တာဝန်ရှိသူလို့ အဓိပ္ပာယ်ရတဲ့ ကဒ်တစ်ကဒ်ရှိတယ်။ (ဘာတာဝန်လဲ ဆိုတာတော့ ကိုယ်သာ အသိဆုံး။)
၈) အထက်ကို တက်ဖို့၊ အောက်ကို ဆင်းဖို့၊ ပိတ်ထားတဲ့ တံခါးတွေဖို့ ကဒ်တစ်ကဒ်ရှိတယ်။
၉) အမုန်းတွေကို ဖိနှိပ်ပြီး ထည့်ထားတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ လိုရင် ထုတ်သုံးတယ်။ မလိုရင် ခေါက်ပြီး သိမ်းထားလိုက်မယ်။
၁၀) ရေမရောတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ (သုံးရတဲ့ အကြိမ် နည်းများနည်းလာသလား။)
၁၁)ေ၀၀ါးနေတဲ့ လောကကြီးကို အကူကြည့်ဖို့ မျက်မှန်တစ်စုံရှိတယ်။
၁၂) ပြီးတော့….အေးအေးဆေးဆေး ၀င်ခွေနေတဲ့ မြွေတစ်ကောင် ရှိတယ်။ (အောင်မလေး)

(မသက်ဝေ ရေ အိတ်ထဲကို နှိုက်ကြည့်လိုက်ပြီနော်။)

Saturday, 24 August 2013

စာအုပ်ဟောင်းလေးများ အကြောင်း

     စာအုပ်တွေ ရောက်လာပြီဆိုကတည်းက သူပျော်နေခဲ့ပါသည်။ စာပို့သမား လက်ထဲက လက်ကမ်းယူလိုက်သော အထုပ်ကလေးသည် သူ့လက်ထဲမှာ စေးပိုင်စွာကျန်ရစ်သည်။
သူ့စိတ်ရွှင်လာပြီး လေလေးများပင် ချွန်လိုက်သေးသည်။ စာအုပ်ထုပ်ကို လက်ထဲမှာ
ချိန်ဆရင်း အိမ်ထဲဝင်လာခဲ့သည်။

     ကလေးတစ်ယောက်လို သိချင်ဇောနှင့် အထုပ်ကို ဖွင့်နေမိသည်။ ရုတ်တရက်
အထုပ်ကို ဖွင့်ရန်အတွက် ကတ်ကြေးရှာမတွေ့သည်ကိုပဲ စိတ်တိုနေမိသေး၏။
တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်းနေသောသူ့ဆီ ဖေဖေနှင့်မေမေက
အစားအသောက်များ အပြင် သတိတရ အမြဲပို့သည်က မြန်မာစာအုပ်လေးများ ဖြစ်သည်။
အခုတစ်ခါမှာတော့ စာအုပ်အဟောင်းများ ပို့ပေးလိုက်သည်ဟု ဆိုသည်။
 ရသကမ်းခြေ လပွတ္တာအွန်လိုင်း မဂ္ဂဇင်းမှ "စာအုပ်ဟောင်းလေးများ အကြောင်း" ကိုဒီနေရာတွင် ဆက်လက်အားပေး နိုင်ပါသည်။ 
http://www.lptmagazine.net/2013/08/blog-post_23.html