Tuesday, 4 March 2014

အခေါက်ခံလိုက်ရသော ကြက်ဥတစ်လုံး



          လူတိုင်းက သူ့ကိုကြောင်သည်ဟု ဆိုကြသည်။ တချို့ကလည်း ရူးသွပ်လွန်းသည် ဟုဆိုကြသည်။ သူကတော့ သူ့ကိုသူ ကြောင်လည်း မကြောင်၊ ရူးလည်း မရူးဟု ခိုင်မြဲစွာ ယုံကြည်ပါသည်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ရှာသည်မှာ ရူးသွပ်မှုတဲ့လား။ အများက လိုချင်ကြသည့် အခွင့်အရေးတစ်ခုကို သူရထားပါလျက် လွယ်လွယ်ပင် လွှတ်ချပစ်ခဲ့ချင် သောကြောင့်တဲ့လား။ ဒါပေမယ့် ဒီအခွင့်အရေးသည်ပဲ သူ့ဘ၀၏ အနှစ်လေလား၊ အကာလေလား။  ဘ၀ကို ကြက်ဥတစ်လုံးလို ခွဲပြရလျှင်တော့ အနှစ်ကို ရှာခဲ့သော သူ့ကို ဘယ်သူမျှ အပြစ်မတင်သင့်ပါ။ ဒါပေမယ့် အပြစ်တင်သံတို့ကို ပြန်လည် မဖြေရှင်းခင်မှာပင် လန့်နိုးလာခဲ့သော သူ့အဖြစ်ကတော့ ဘယ်တော့မှ ဖြေရှင်းခွင့်ရလိမ့်မည် မဟုတ်။
xxx
          အခုတလော အင်တာနက်မှ မြန်မာပြည် သတင်းများကို မကြာခဏ ကြည့်တတ်နေပြီး ကျွန်တော် အတွေးထဲမှာ မျောနေတတ်သည်။ မိန်းမကပင် သတိထားမိနေတတ်ပြီး ဘာတွေစဉ်းစားနေတာလဲဟု မေးနေတတ်သည်။ ဒီလိုပါပဲ မြန်မာပြည် အခြေအနေကို စဉ်းစားနေတာပါဟု မယုတ်မလွန်ဖြေသော်လည်း မိန်းမက တခါတလေ မယုံသော အကြည့်နှင့် ကြည့်သည်ကို လျစ်လျူရှုနေလိုက်တော့သည်။
          နေသာသော တစ်နေ့မှာ ငါတို့ မြန်မာပြည်ပြန်ရအောင် ဟူသော စကားကိုလေးပင်စွာ ဆိုမိ၏။ ဒီစကားကို ပြောဖို့ ကျွန်တော် ချီတုံချတုံစဉ်းစားနေသည်မှာ ကြာလေပြီ။ မိန်းမက ပထမတော့ ပြန်မယ်လေ…ဒီနွေ ရှင်ရော ကျွန်မပါ ခွင့်ရရင် ပြန်ကြတာပေါ့…ဟုဆိုသည်။ နောက်တော့ ကျွန်တော့် မျက်နှာကိုကြည့်ကာ ဆိုလိုရင်းကို သဘောပေါက်သွားသည်။ ပထမ ကျွန်တော့်ကိုကြည့်၍ ရယ်၏။ ဒုတိယ ဘာစိတ်ကူးပေါက်တာလဲ…ဟုဆို၏။ တတိယ ကျွန်မတို့ မြန်မာပြည်ပြန်ရင် ဘာလုပ်စားကြမလဲဟူသော မေးခွန်းကို မေး၏။
          မေးခွန်းအားလုံးအတွက် ကျွန်တော့်မှာ အဖြေမရှိ။ သို့ပေမယ့် ကျွန်တော် ပြန်ချင်နေတာကိုသာ သိ၏။ ထိုနေ့ကမူ မိန်းမနှင့် အတူလိုက်ရယ်ကာ ဒီလိုပဲ စိတ်ကူးကြည့်တာပါ…ဟုအလွယ်တကူ ပြီးလိုက်၏။
          သို့ပေမယ့် ထိုအတွေးကတော့ ကျွန်တော့် ခေါင်းထဲက ထွက်မသွားခဲ့။ နိုင်ငံခြားဟု အလွယ်တကူခေါ်ကြသော သူတပါးနိုင်ငံမှာ နေလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ ဒီနိုင်ငံကို ရောက်လာဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသော အချိန်များကို သတိရမိ၏။ နိုင်ငံကူးလက်မှတ် မရမှာ စိတ်ပူတာကို သတိရ၏။ နိုင်ငံဝင်ခွင့် မရမှာ စိတ်ပူတာကို သတိရ၏။ အဖေနဲ့အမေတို့၏ ကားလေးရောင်းရတာကို သတိရ၏။ အတွေ့အကြုံသစ်ကို ကြိုတွေးကာ စိတ်လှုပ်ရှားခဲ့တာကို သတိရ၏။ ယခုတော့ ထိုစိတ်လှုပ်ရှားမှုတို့ ဘယ်ဆီသို့ ရောက်လေသည် မသိ။
          အသက်အရွယ်ကလည်း စကားပြောလာသည်လားဟု ကျွန်တော်စဉ်းစားမိသည်။ မနက်မိုးလင်းလျှင် မြည်နေသော နှိုးစက်သံကို မုန်း၏။ အိပ်ယာက အလူးအလဲထကာ အေးခဲနေသော မနက်ခင်းမှာ အပြေးအလွှား အလုပ်သွားရတာကို မုန်း၏။ ဖိစီးမှုများနှင့် အပြီးသတ်လုပ်ရမည့် ရာဇသံ ရက်များကို မုန်း၏။ အိပ်ချိန်မှ လွဲ၍ အလုပ်အကြောင်းကို စဉ်းစားနေရသည်၊ စဉ်းစားနေမိသည်ကို မုန်း၏။ မိန်းမနှင့် တစ်အိမ်တည်း နေသော်လည်း တစ်ပတ်နှစ်ရက်ခန့်သာ ကောင်းကောင်း မျက်နှာချင်းဆိုင်ရသည်ကို မုန်း၏။ ထက်မြက်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ အလုပ်လုပ်ရသည်ကိုလည်း ကျွန်တော် မုန်း၏။ သို့သော်လည်း ဒီစက်ရုပ်တစ်ရုပ် အဖြစ်ကိုရဖို့ ရင်းခဲ့ရသော အချိန်တွေနှင့် အလုပ်တွေကို မနိုင်မနင်းထမ်းပိုးခဲ့သော ကိုယ့်ကိုယ်ကိုလည်း မုန်းချင်သလိုလို။ စိတ်ပညာရှင် မဟုတ်တော့လည်း ခွဲခြမ်းစိတ်ဖြာ၍ ကျွန်တော် မမုန်းတတ်။
          နွေဦးလွန်၍ သစ်ရွက်တို့ အရောင်ပြောင်းစ ပြုချင်သော လရောက်လျှင် ကျွန်တော် ဒီနိုင်ငံတွင် နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပြည့်ပေတော့မည်။ မောင်နှမတွေ အနက်မှာ အကြီးဆုံးလည်း ဖြစ်ကာ ကျန်သည့် ညီနှင့် ညီမတွေ၏ ရှေ့ရေးကိုပါကြည့်သည့် အနေဖြင့် မိဘတွေက ကျွန်တော့်ကို အရဲစွန့်၍ နိုင်ငံခြားသို့လွှတ်ခဲ့သည်။ မရှားသော်လည်း မလျှံပယ်သော အဖေတို့၏ ကားလေးနှင့် တိုက်ခန်းလေးတစ်ခန်း ကျွန်တော့် ကျောင်းစရိတ်ဖြစ်ခဲ့သည်။ ကျောင်းပြီးသည့်နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကာ မိဘတွေ အသက်ရှူချောင်နိုင်ခဲ့သည်ကိုပင် ကျေးဇူးတင်ရမလို။ ယခုတော့လည်း ညီရော၊ ညီမပါ သူတို့ လျှောက်ရမည့် လမ်းကြောင်းတစ်ခုစီ ပေါ်သို့ရောက်ခဲ့ပြီ ဖြစ်၍ တစ်မျိုးတော့ စိတ်အေးရပေ၏။ သို့ပေမယ့် မိဘတွေက အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့နေရဆဲမို့ ဖြစ်နိုင်လျှင် အများက ပြောနေကြသော ဂဏန်းခြောက်လုံးနှင့် အလုပ်တစ်ခုကိုသာ ပြေး၍ လုပ်လိုက်ချင်၏။ သို့ပေမယ့် ပြေးချင်တိုင်းလည်း ပြေးလမ်းက မျဉ်းဖြောင့်မဟုတ်သည်မို့ ကွေ့ကောက်သော လမ်းအတိုင်းသာ လျှောက်နေရသည်။
          လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မက်ထဲမှာ ပြန်တွေ့လျှင် ဘာလုပ်ချင်သည်ကို ပြန်မေးရမည်ဟု စိတ်ထဲမှာ တေးထားလိုက်သည်။ ယခုအချိန်မှာတော့ ဘာလုပ်ချင်ပါသလဲလို့ တစ်ယောက်ယောက်ကများ မေးလာလျှင် ၀င်ငွေကောင်းသော အလုပ်တစ်ခုကို ချက်ချင်းအလိုရှိပါသည်ဟု မဆိုင်းမတွ ဖြေဖြစ်လိမ့်မည် ထင်၏။ ဘဏ်ထဲမှာ ရှိနေသော ငွေလေးနှင့် မြန်မာပြည်သို့ ယခုပင်ပြန်သွားပါက ဆင်ခြေဖုံးရပ်ကွက်က ခုနစ်လွှာ သို့မဟုတ် ရှစ်လွှာမှာ တိုက်ခန်းလေးတစ်ခန်း ရကောင်းရပေမည်။ အဲဒီမှာတင် လက်ထဲကငွေအားလုံး ကုန်သွားပေမည်။ ဒါတောင်မှ လေယာဉ်လက်မှတ် စရိတ်၊ ပြောင်းရွေ့ စရိတ်များ နှုတ်ရလျှင် ငွေနည်းနည်းပင် လိုနေနိုင်သေး၏။ လောလောဆယ်မှာတော့ အကြွေးမတင်ဘဲ နေနိုင်စားနိုင် နေသေးသည်ကို ကျေးဇူးတင်နေရ၏။ ကျွန်တော်နှင့် ကျောင်းအတူတူတက်ခဲ့သော အတန်းဖော် အတော်တော်များမှာ ကျောင်းစရိတ်ပြန်ဆပ်ရန် အတွက် အကြွေးတနင့်တပိုး တင်နေကြသည်။
          မြန်မာပြည်က အသိုင်းအ၀ိုင်းကတော့ နိုင်ငံခြားပြန်ကြီး ဆိုလျှင် ဟန်ကျနေပြီဟု ရိုးသားစွာ အထင်ကြီး နေကြပေမည်။ တကယ်တော့ ကျောင်းပြီးပြီးနောက်မှာ ကျွန်တော့်လက်ထဲမှာ ငွေလေးရာသာနှင့် အကြွေးတစ်ထောင်လောက် ရှိနေခဲ့သည်။ ဒီအလုပ်လေး ရပြီးမှသာ အသက်ရှူချောင်ခဲ့သည်။ ကျွန်တော်တို့  လက်ထပ်ပြီးသည့်နောက်မှာလည်း ကိုယ့်ဆိုင်ရာ မိသားစုကို တတ်နိုင်သမျှ ထောက်ပံ့ခဲ့ကြသည်။ ဟိုတုန်းကတော့ ကျွန်တော်ကြားဖူးသည်မှာ မပြည့်စုံသေးဘဲနှင့် အိမ်ထောင်မပြုသင့်ပါတဲ့။ မိသားစုတာဝန်ကို ကျေပွန်သင့်သည်တဲ့။ အလုပ်အကိုင် အတည်တကျ ရှိသင့်သည်တဲ့။ ဒီလိုသာ ဆိုကြကြေးဆိုလျှင် ကျွန်တော်တို့လည်း ဘိုးဘွားရိပ်သာရောက်မှသာ လက်ထပ်ဖြစ်မည် ထင်၏။ တကယ်တော့လည်း ကျွန်တော် ကြားဖူးသည်နှင့် ပြောင်းပြန်ပင် ဖြစ်နေတော့၏။
          ကျွန်တော်တို့နှစ်ယောက် လက်ထပ်လိုက်သည့် အတွက် အိမ်လခ သက်သာသွား၏။ မိန်းမက ချက်တတ်ပြုတ်တတ်သောကြောင့် စားစရိတ်လည်း အတန်အသင့် သက်သာ၏။ ဒီတော့ မပြည့်စုံခင်မှာပင် လက်ထပ်တာ ဟုတ်သလိုလိုချည်း။ ပြီးတော့ မိသားစု ရှားပါးသော သူတပါးနိုင်ငံမှာ လင်နှင့်မယား တစ်ယောက်နှင့် တစ်ယောက်သာ မှီခို၍ နေနေရသည်။ သို့ပေမယ့် ကလေးယူဖို့ စိတ်မကူးရဲသေး။ ကလေးမွေးပြီးလျှင် ခွင့်ယူရန်အတွက် ယူဖို့ မသင့်သေးသော မိန်းမ၏ အလုပ် အခြေအနေအပြင် မွေးလာမည့် ကလေးအတွက် စရိတ်ကို မစဉ်းစားရဲသေး။ တကယ်တမ်းကျတော့ကြွေးဟောင်းပင် မဆပ်နိုင်သေးသော ကျွန်တော် ကြွေးသစ်ချဖို့ရန်ကို လက်ရွံ့နေမိ၏။
          ထို့ကြောင့်ပင် မြန်မာပြည်ပြန်မည်ဟု စဉ်းစားမိတိုင်း  မိဘတွေ မျက်နှာကို မြင်ယောင်၏။ ညီနှင့်ညီမ မျက်နှာကို မြင်ယောင်၏။ မမွေးရသေးသော ကလေးမျက်နှာကို စိတ်မှန်းနှင့် မြင်ယောင်၏။
xxx
          “ရီလေးက မွန်နဲ့ အတူ ယောဂ လိုက်တက်ပါလား။ မွန်ကတော့ တစ်ပတ်ကို သုံးရက်သွားတယ်။ ရီလေးကတော့ တစ်ပတ်ကို တစ်ရက်ပဲ လိုက်တက်ကြည့်ဦးပေါ့။ ကြိုက်ရင် သုံးရက်လုံး လိုက်တက်လေ။”
          ကိုသူရရဲ့ အမျိုးသမီး မွန်မွန်မြတ်က ကျွန်တော့် အမျိုးသမီးကို သူနှင့် သင်တန်း လိုက်တက်ရန်ဆွယ်နေ၏။ သူတို့ အမျိုးသမီးနှစ်ယောက် ပြောနေသော စကားကို ကျွန်တော်က ၀င်ရောက်မစွက်ဖက်သော်လည်း ရီလေးများ ဘယ်ပြန်ပြောလေမည်လဲ ဟူ၍တော့ ကျွန်တော် စိုးရိမ်နေမိသည်။ ယောဂသင်တန်းက တစ်တန်းကို ဒေါ်လာ ၂၀လောက်တော့ အသာလေး ကျမည်ထင်သည်။ ကိုသူရတို့လင်မယားနှင့် ကျွန်တော်တို့ ၀င်ငွေ မတိမ်းမယိမ်းဆိုသော်လည်း သူတို့ကတော့ ပေါ့ပေါ့ပါးပါးပင်။ အလုပ်ကို ကြိုးစားလုပ်၊ ရှာလို့ရသမျှသုံး၊ ပျော်ပျော်ပါးပါးပင် ဘ၀ကို ဖြတ်သန်းကြသူများ။ သားလေးတစ်ယောက်စရိတ် ကပင် သူတို့ကို  အသုံးအစွဲ မပျက်စေခဲ့။ စုငွေအတွက် အထူးတလည် မစဉ်းစား။
          “အလုပ်ကလည်း မအားပါဘူး မွန်ရယ်။ စနေတနင်္ဂနွေကျတော့လည်း အိမ်အလုပ်တွေ လုပ်နေရတာနဲ့ ပြီးနေတာပဲ။ ပြီးတော့ ရီလေးက သိပ်အပင်ပန်း မခံနိုင်ဘူး။”
          ရီလေးက အလိမ္မာနှင့် ငြင်းနေတော့မှပင် ကျွန်တော်သက်ပြင်းချနိုင်တော့သည်။ အိမ်ရောက်မှပင် ရီလေးကို ကျေးဇူးတင်စကား ပြောမည်ဟု စိတ်ထဲမှာ တေးထားလိုက်၏။
          “မောင်ရေ တနင်္ဂနွေနေ့ကျရင် မိုက်ကယ်လ်တို့ လင်မယားက ခေါ်ထားတယ်။ သားနဲ့ အေမီလေး ပလေးဒိတ် (playdate) တဲ့။”
          မွန်မြတ်က သူ့ယောက်ျားကို လှမ်း၍ သတိပေးလျက်က ရီလေးကိုလည်း ဈေးဝယ်ထွက်ရန် အဖော်ခေါ်နေသေး၏။ ဒီတစ်ခေါက်တော့ ကျွန်တော့်မိန်းမလည်း မငြင်းနိုင်တော့။ ၅၀ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း လျှော့ဈေးဟူသော စကားလုံးများကြားမှာ သူလည်း မျောပါသွားလေ၏။ တန်လျှင် ၀ယ်သော ယဉ်ကျေးမှုတစ်ခုက ကျွန်တော်တို့ကို ကြီးစိုးဆဲ။
ကိုသူရတို့ အတွက်တော့ ဒီနေရာဒီပတ်ဝန်းကျင်မှာ အားလုံးက နေသားတကျပင်။ အလုပ်ကို ဇယ်ဆက်သလိုလုပ်ရသော သောကြာညနေရောက်မှပင် အသက်ရှူနိုင်သော နိုင်ငံကြီးသားတို့၏ ထုံးစံအတိုင်း ပိတ်ရက်ကို သူတို့ အစွမ်းကုန် အသုံးချကြသည်။ အလည်အပတ် အစားအသောက်နှင့် ဈေးဝယ်ထွက်ခြင်းကို သူတို့ နှစ်သက်ကြသည်။ Happy hour ဟူသော အရက်ကို လျှော့ဈေးနှင့် ရောင်းချိန်ကိုလည်း သူတို့တစ်လ တစ်ခါလောက်တော့ သားလေးထိန်းခ အကုန်ခံကာ၊ သို့မဟုတ်လျှင်လည်း ကျွန်တော်တို့အိမ်ပို့ကာ အပျင်းပြေသွားစမြဲ။
ဒီနိုင်ငံက ပြောနေကြသော စကားရှိသည်။ ဟင်းပေါင်းအိုး ယဉ်ကျေးမှု(melting pot) တဲ့၊ လက်သုတ်စုံ ယဉ်ကျေးမှု(salad bowl) တဲ့။ နိုင်ငံတကာက လူတွေ စုပြီး နေကြသော ဒီနိုင်ငံဟာ အရသာတွေ အကုန်ရောနှောပြီး အရသာသစ်တစ်ခု ဖြစ်လာမယ့် ဟင်းလေးအိုးကြီးပဲလား၊ တစ်ခုချင်းစီ အနေဖြင့် အရသာ ရှိနေမယ့် အသုတ်စုံပဲလား။ အိုးလည်း မဖြစ်နိုင်၊ လက်သုတ်စုံလည်း မဖြစ်နိုင်သော ကျွန်တော်တို့လို လူမျိုးတွေအတွက်ရော ဘယ်လို အသုံးအနှုန်းများ ရှိပါလိမ့်။ ဒါပေမယ့် အောင်ငြိမ်းတို့လို လူတွေ အတွက်ရော…။
“ငါတို့ လက်မှတ်ဝယ်ပြီးပြီ မင်းမင်း။ သမီးနဲ့ ခင်လတ်ကတော့ နောက်တစ်လလောက် နေမှ လိုက်လာမယ်။ သူအလုပ်ထွက်ပြီး သမီး ကျောင်းအပြီးကို စောင့်မလို့။ အတော်ပါပဲ ငါက ဟိုမှာ ပြန်နှင့်ပြီး နေဖို့ အိမ်ကို နေရာချ၊ စီစဉ်စရာရှိတာ တချို့ စီစဉ်ပေါ့။ ခုပြန်ဖို့ သေချာသွားပြီဆိုတော့ တနင်္ဂနွေနေ့ကျရင် သူငယ်ချင်းအားလုံးကို နှုတ်ဆက်ပွဲလေး လုပ်ချင်လို့။ မင်းတို့ ဆက်ဆက်လာခဲ့။ ရီလေးကိုလည်း ပြောလိုက်ပါဦး။”
အောင်ငြိမ်းတို့ မိသားစုပြန်တော့မည် ဆိုတော့ ကျွန်တော်တို့ အားလုံးအံ့သြ ကြရသည်။ အောင်ငြိမ်းသည် နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ နေရာကောင်းကောင်း ရထားလျက် တက်လမ်းလည်း ရှိသူ ဖြစ်သည်။ သေသေသပ်သပ် အိမ်တစ်လုံးကို အရစ်ကျပေးဝယ်နိုင်လျက်က သမီးလေးကို ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ ထားနိုင်သော သူတို့လင်မယားသည် ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ အခြေအနေအကောင်းဆုံးဟု ဆိုရပေမည်။  သို့ပေမယ့် သူဘယ်လောက် ပင်ပန်းသည်၊ စိတ်ဖိစီးမှု များသည်ကိုတော့ ကျွန်တော် ကောင်းကောင်း သိပါသည်။
“ဒီနိုင်ငံမှာ နေရတဲ့ စိတ်ဖိစီးမှု ဒဏ်ကို မခံနိုင်တော့ဘူးကွာ။ ကိုယ့်နိုင်ငံကိုယ်ပြန် နေတော့မယ်။ နောက်ပြီး ဒီမှာ ဘယ်လောက်ကြာကြာ ငါတို့အတွက် တစ်ခုခုကတော့ အမြဲတမ်းဟာ နေသလိုပဲ။ အံမ၀င်တာလား၊ နေသားမကျတာလား မသိပါဘူး။”
အောင်ငြိမ်းက ရိုးရိုးနှင့် ရှင်းရှင်းပင် ပြောသည်။ အောင်ငြိမ်း၏ အမျိုးသမီး မလတ်ကလည်း မကန့်ကွက်ပေ။ မလတ်၏ မိသားစုနှင့် ညီအစ်ကိုမောင်နှမ အားလုံးက ရန်ကုန်မှာ နေသည်မို့ သူကိုယ်တိုင်ကလည်း ပြန်ချင်ရှာပေမည်။ မသေချာသော အခြေအနေတစ်ခုသို့ ပြန်လည် တိုးဝင်ရဲသော အောင်ငြိမ်းတို့ မိသားစု၏ သတ္တိကို ချီးကျူးရပေမည်။ ကိုယ့်နိုင်ငံကိုယ်ပြန်တာပဲ ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရသလဲဟု မေးငေါ့ချင်လည်း ငေါ့ကြမည်ပေါ့။ ဒါပေမယ့် လက်တွေ့ကျကျ စဉ်းစားရလျှင်တော့ ဦးနှောက်ခြောက်စရာတွေ များသား။ အောင်ငြိမ်းတို့ မိသားစု မြို့ပြင်မှာ အိမ်ခပ်သေးသေး တစ်လုံး ၀ယ်ထားသည်ဆို၏။ သူစုထားဆောင်းထားသော လခက ကောင်းလေတော့ ၀င်းနှင့်ခြံနှင့် ရလေသည်။ သူနှင့် ကျွန်တော်က ရင်းနှီးသူတွေ ဖြစ်လေတော့ ဘာအလုပ် လုပ်မှာလဲဟူသော မေးခွန်းကို သူက ပွင့်ပွင့်လင်းလင်းသာ ဖြေသည်။
“ငါ ပထမ သုံးလေးလလောက်တော့ ထိုင်စားရမှာကွ။ ငါ့အဖေရဲ့ အသိတစ်ယောက်က သူနဲ့ ရင်းနှီးတဲ့ ဆေးကုမ္ပဏီ ပိုင်ရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်။ အသိရဲ့ အသိဆိုတော့လည်း သိပ်တော့ မသေချာပါဘူးကွာ။ ခင်လတ်ကတော့ ကော်ဖီဆိုင်ဖွင့်မယ် ဆိုပြီး နေရာ အကွက်အကွင်း လိုက်ရှာဖို့ သူ့ညီမကို လိုက်ကြည့်ခိုင်းထားတယ်။ နောက်ဆုံး မရရင်တော့ ငါ့ယောက္ခမ ကုမ္ပဏီမှာ ၀င်လုပ်မယ်ကွာ။ ဒါမှမဟုတ်ရင်လည်း နိုင်ငံခြားသွားချင်တဲ့ လူငယ်တွေကို ကူညီတဲ့ အေဂျင်စီ ဖွင့်မယ်လို့ ကျူရှင်သင်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ထားတယ်။”
“ရတဲ့ လခကတော့ ဒီမှာ နေတာထက် နည်းမှာအမှန်ပဲ။ အင်တာနက် မကောင်းတာတို့၊ မီးမမှန်တာတို့နဲ့ ပြန်ပြီး နေသားကျအောင် လေ့ကျင့်ရဦးမယ်။ သမီးကတော့ ငယ်သေးတော့ အချိန်သိပ်ယူစရာ မလိုဘဲ နေသားကျသွားမှာပါ။ ငါတို့ မြန်မာပြည်ပြန်ဖို့ စဉ်းစားတာ သမီးကြောင့်မို့လို့လဲ ပါတယ်။ ရန်ကုန်အိမ်မှာ အခုထိ အင်တာနက် မတတ်ရသေးဘူး။ တခါတလေ အင်တာနက် ကောင်းတဲ့အခါ မင်းကို ငါ Skype ကနေခေါ်လိုက်မယ်လေ။”
နှုတ်ဆက်ပွဲနေ့မှာ သူတို့အတွက် အမှတ်တရ အနေဖြင့် အားလုံးက အနောက်တိုင်းစာများ စီစဉ်လာကြသည်။ ပီဇာ၊ အီတလီ ခေါက်ဆွဲ၊ ဟင်းရွက်စိမ်းသုတ်၊ အသားညှပ်ပေါင်မုန့်၊ အာလူးချောင်းကြော်နှင့် ကိတ်မုန့်များ။ အောင်ငြိမ်းကတော့ ပီဇာတော့ မလွမ်းလောက်ပါဘူးကွာဟု ကျွန်တော့်နားကပ်ကာ တိုးတိုးပြောဆဲကပင် လက်က ပီဇာတစ်ချပ်ကို ပန်းကန်ထဲ လှမ်းထည့်လေ၏။ ပန်းကန်ထဲတွင် မရောနှောသော အရွက်သုတ်လေးများက အစီအရီ။
xxx
          ကြက်ဥတစ်လုံးမှာ အကာနှင့်အနှစ်က သတ်သတ်စီဟု ဆိုကြသော်လည်း အကြေကြော်မည် ဆိုလျှင်တော့ နာနာခေါက်ရသည်ပဲ။ ဒီလိုဆိုတော့လည်း ဘယ်ဟာ အကာ ဘယ်ဟာ အနှစ်ဆိုသည်ကို ပြန်လည်ခွဲပြဖို့ ခက်ပေတော့မည်။
          အခုတလောတော့ ကြက်ဥအကြေကြော်စားရမလား၊ အလုံးအတိုင်းကြော်စားရမလားဆိုတာကို သူဝေခွဲရခက်နေတော့၏။

Women's World Journal
Feb 26, 2013

Fe

Monday, 24 February 2014

မာယာများနဲ့ နှင်း

          ငွေရောင်တလက်လက်နဲ့ တောက်ပနေတဲ့ နှင်းထုကြီးကို မြင်ဖူးသူတိုင်း နှင်းဟာ လှတယ်လို့ ၀န်ခံရမှာပဲ။ ၀န်မခံတဲ့လူဟာ လိမ်နေတာပဲ ဖြစ်လိမ့်မယ်။ အရိုးပြိုင်းပြိုင်းနဲ့ သစ်ကိုင်းတွေပေါ်မှာ၊ ရေခဲနေပြီဖြစ်တဲ့ ရေကန်ကြီးပေါ်မှာ၊ မီးခိုးခေါင်းတိုင်လေးနဲ့ အိမ်ရဲ့ ခေါင်မိုးပေါ်မှာ၊ အိမ်ရှေ့က အဖီလေးရဲ့ လက်ရန်းပေါ်မှာ၊ ခပ်သုတ်သုတ် လမ်းလျှောက်သွားကြတဲ့ လမ်းပေါ်က လူတစ်ယောက်၊ နှစ်ယောက်ရဲ့ ဖိနပ်တွေ အောက်မှာ၊ မီးထိုးပြီး ခပ်ဖြေးဖြေးမောင်းလာတဲ့ ကားဘီးရဲ့ အောက်မှာ၊ ဓာတ်မီးတိုင်အောက်က မြက်ခင်းပြင်ကြီး ထက်မှာ။ အို…ပြောရရင် နေရာတကာမှာပဲ။ တစ်လောကလုံး နှင်းတွေ ပြည့်လို့နေတယ်။
          ကျွန်မ ဖတ်လက်စ စာအုပ်ကို လက်ထဲက ချပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ နှင်းထုက တော်တော်ထူနေပြီ။ လွန်ခဲ့တဲ့ နှစ်ရက်လုံး နည်းနည်း တစ်လှည့်၊ များများ တစ်လှည့် ကျနေခဲ့တဲ့ နှင်းတွေလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မဖတ်နေတဲ့ ၀တ္ထုက (ဆရာမ) ဂျူးရဲ့ နှင်း ဆိုတဲ့ ၀တ္ထုတို။ တကယ်ပါ။ ကျွန်မ အဲဒီ ၀တ္ထုတိုကို တမင်တကာ ရှာပြီး ဖတ်တာ မဟုတ်ပါဘူး။ ဂျူးရဲ့ ၀တ္ထုတိုတွေကို ပြန်ဖတ်ချင်စိတ် ပေါ်လာတာနဲ့ ပြန်ရှာ ဖတ်ရင်း ဒီဝတ္ထုကို ရှာတွေ့ခဲ့တာပဲ။ အရင်က ဖတ်ဖူးမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် အခုတော့ အသစ်တစ်ပုဒ်ကို ပြန်ဖတ်ရသလိုပဲ။ တိုက်ဆိုင်လွန်းစွာပဲ ဆရာမ ရေးထားတဲ့ နှင်းသရုပ်ဖော်ကို ကျွန်မစာဖတ်နေရာက တစ်လက်မ မရွေ့ဘဲ မျက်ဝါးထင်ထင် တွေ့နေရတယ် မဟုတ်လား။ ခံစားမှုတွေ တိုက်ဆိုင်ရင် စာတစ်ပုဒ် ရေးချင်တာမို့ နှင်းကို အကြောင်းပြုပြီး စာရေးဖို့ ကြံမိတယ်။          မျက်စိကို ဝေ့ကြည့်လိုက်တယ် ဆိုရင် ကုန်ကြမ်းကတော့ အများကြီးပဲ ဆိုတာ တွေ့ရတယ်။ အိမ်ရှေ့ လှေကားထစ်တွေကနေ လှည်းချရတယ်။ ကားမှန်တွေပေါ်ကနေ ခြစ်ကော်ပစ် ရတယ်။ အိမ်ရှေ့ လူသွားလမ်းလေးမှာ လျှောက်လို့ ရအောင် ဂေါ်ပြားနဲ့ တူးဖော် ထုတ်ရတယ်။ အခုဆို မြေကြီးပေါ်မှာ ခြောက်လက်မလောက် ရှိပြီ ထင်တယ်။ ဆောင်းမကုန်သရွေ့တော့ သူဘယ်ကိုမှ မသွားဘူး။ သွားမှာ မဟုတ်ဘူး။ အေးစက်စွာ၊ ခေါင်းမာစွာနဲ့ပဲ လောကကြီးကို ဖုံးလွှမ်းထားဦးမှာပဲ။
          ဆရာမဂျူးကတော့ ခမ်းနားလှပသော နှင်းတဲ့။ နှင်းကျတဲ့ မြင်ကွင်းကို နှင်းဖြူဖြူပွင့်ဖတ်များဖြင့် ဖောက်ရက်ထားသော ဇာပ၀ါတစ်ခုတဲ့။ ကိုစောညိန်းရဲ့ “ချစ်နှင်းမှုန်”ကို သတိရစေတဲ့ နှင်းတွေတဲ့။ ကျွန်မဖတ်ရင်းနဲ့ လွမ်းသလိုလို၊ ကြည်နူးသလိုလို။ ဆရာမရဲ့ ၀တ္ထုဟာ ကျွန်မမေ့လုမေ့ခင် ဖြစ်နေတတ်တဲ့ နှင်းအကြောင်းကို သတိပေးလိုက်တာပဲ။ ဟိုးတစ်ချိန်တုန်းက နှင်းနဲ့ ကျွန်မစတွေ့ကြတဲ့ အချိန်ဆီ ပြန်ရောက်သွားခဲ့တယ်။
xxx
          မထူးဆန်းဘူးလား။ ကျွန်မနာမည်ကလည်း နှင်း လေ။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ ကြီးတဲ့ နှင်းဆိုတဲ့ ကျွန်မဟာ နှင်းဆိုတာကို မြင်ဖူးဖို့ ခက်ခဲလှပါဘိ။ ငယ်ငယ်တုန်းက နိုင်ငံခြား ပြက္ခဒိန်တွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ နှင်းဖုံးနေတဲ့ တောင်တွေ၊ နှင်းဖုံးနေတဲ့ လမ်းလေးနဲ့ နှင်းဖုံးနေတဲ့ တောအုပ်ထဲက စမ်းချောင်းလေး စသည်ဖြင့် တွေ့ရင် သိပ်ကို သဘောကျမိတယ်။ အဲဒီနေရာကို ငါသွားကြည့်ချင်လိုက်တာ၊ နှင်းတွေက ၀ါဂွမ်းလို နူးညံ့ပြီး ဖွေးဥနေမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါကြောင့် နှင်းတွေကျတတ်တဲ့ နိုင်ငံကို သွားရဖို့ အခွင့်အရေး ကြုံလာရတော့ ကျွန်မ ၀န်ခံပါတယ်၊  စိတ်လှုပ်ရှားမိတာ အမှန်ပဲ။
          ဆောင်းဦးကို ရောက်ပြီဆိုကတည်းက ကျွန်မနှင်းကို မျှော်နေခဲ့တယ်။ ပထမဆုံး ကျွန်မရဲ့နှင်းက ကဗျာဆန်လှတယ်။ နိုဝင်ဘာရဲ့ ညတစ်ညမှာ လမ်းလျှောက်နေရင်းနဲ့ ကောင်းကင်ကနေ နှင်းပွင့်လေးတွေ ခုန်ဆင်းလို့ လာခဲ့တယ်။ နည်းနည်းနဲ့ ကျဲကျဲကနေ သည်းသည်းမည်းမည်း။ ရုတ်တရက်ပဲ ကျွန်မဟာ နှင်းတွေကြားထဲကို ရောက်သွားခဲ့တယ်။ အိပ်မက်မက် နေသလိုလို။ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာကိုမော့ပြီး လက်နှစ်ဖက်နဲ့ နှင်းမှုန်လေးတွေ ခံယူမိတယ် ထင်ရဲ့။ အသံတောင် ထွက်ပြီး ရယ်လိုက်မိသေးတယ်။ အဲဒီအချိန်တုန်း ရိုးလွန်းလှတဲ့ အဲဒီအပျော်တွေကို မျှဝေဖို့ အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
          ဒါပေမယ့် အဲဒီကြည်နူးမှုတွေဟာ ဘယ်လောက်မှ မခံခဲ့ပါဘူး။ ရင့်လာတဲ့ ဆောင်းနဲ့ အတူ မြေကြီးပေါ်မှာလည်း နှင်းထုဟာ ထူလာခဲ့တယ်။ အိမ်ထဲကနေ ကြည့်ရင် အင်မတန်ပဲ လှပေမယ့် လူသွားလမ်းတွေပေါ်မှာ နှင်းတွေအလွှာလိုက် ထပ်လာခဲ့တော့ လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်လာတယ်။ သေချာမရှင်းထားတဲ့ အချို့ လူသွားလမ်းတွေမှာ နှင်းတွေဟာ ခြေသလုံးတစ်ဝက်လောက် နီးနီးနက်ချင်တယ်။ အပူပိုင်းနိုင်ငံက ရောက်လာကာစ မအူမလည် ကျွန်မဟာ လည်ရှည်ဖိနပ် ၀တ်ရကောင်းမှန်းပဲ မသိခဲ့တာလား၊ ပိုက်ဆံနှမြောတာပဲလားတော့ မသိဘူး။ ရိုးရိုး လမ်းလျှောက်ဖိနပ်နဲ့သာ တစ်ဆောင်းလုံး တောင့်ခံခဲ့တယ်။ အဲဒီတော့ အချို့ အချိန်တွေမှာ ရေစိုမခံတဲ့ ဖိနပ်ဟာ နှင်းတွေနစ်လို့၊ ကျွန်မခြေထောက်တွေလည်း ထုံကျင်အေးခဲ နေခဲ့ဖူးတယ်။ နှင်းအဖြစ်ကနေ ရေခဲအသွင်ကို ပြောင်းတဲ့ အခါမှာတော့ ခြေကုပ်မကောင်းတဲ့ ဖိနပ်နဲ့ လမ်းလျှောက်ရင်းက ကျွန်မဖင်ထိုင်ရက် လဲခဲ့ဖူးတယ်။ တခါတလေမှာ ရေခဲပြင်ပေါ် လမ်းလျှောက်ရတဲ့ အတိုင်း အသည်းတယားယားနဲ့။ အင်မတန် သတိကြီးကြီး ထားရတယ်။
          ဒီ့အပြင် ဆောင်းရဲ့ အအေးဒဏ်ဟာ အပူပိုင်းက လာတဲ့ လူတစ်ယောက်အတွက်တော့ ရက်စက်လွန်းလှပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ဆောင်းရဲ့ အပူချိန်ဟာ ရေခဲရိုက်ခန်းရဲ့ အပူချိန်သာသာ၊ သို့မဟုတ်ရင်လည်း အဲဒီထက်တောင် နိမ့်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ တစ်ဆောင်းလုံး အပြင်ထွက်ပြီ ဆိုရင် နေရာမလပ်အောင် ထုတ်ပိုးရတယ်။ မျက်စိနဲ့ နှာခေါင်းလောက်ပဲ ဖော်နိုင်တယ်။ အထူးသဖြင့် ကားမရှိဘဲ နေရာတကာကို လမ်းလျှောက်ပြီး သွားတတ်တဲ့ ကျွန်မအတွက် ဒီလိုမှ မ၀တ်ရင် အေးခဲပြီး သေသွားနိုင်လောက်တယ်။
          ကားတစ်စင်းဝယ်ဖို့ မဖြစ်မနေ အခြေအနေက ဖန်လာတဲ့ အခါမှာ နှင်းဟာ ကျွန်မအတွက် နောက်ဒုက္ခတစ်မျိုး အနေနဲ့ ကိုယ်ထင်ပြလာခဲ့တယ်။ ကားပိုင်ပြီးတဲ့ ပထမဆုံးဆောင်းမှာ ကျွန်မကားမောင်းဖို့ကို စိတ်လေးနေခဲ့တယ်။ ဒါပေမယ့် ဖန်လာတဲ့ အခြေအနေအရ ကားမမောင်းလို့ မဖြစ်ပြန်ဘူး။ နှင်းတွေ မြေကြီးပေါ် စတင်တဲ့ အချိန်မှာ ကားမောင်းရင် စိတ်ဖိစီးမှု ဒီရေက တရိပ်ရိပ်။ မနက်မိုးလင်းလို့ အလုပ်သွားကာနီး ဆိုရင် ကားပေါ်မှာတင်နေတဲ့ နှင်းထုကြီးကို ရှင်းလင်းရတယ်။ ကံမကောင်းရင် ကားမှန်ပေါ်မှာ ခေါင်းမာစွာ အေးခဲနေတဲ့ ရေခဲတွေကို ခြစ်ပစ်ရတယ်။ ဒီထက် ကံမကောင်းရင် ရေခဲအောက်မှာ နစ်နေတဲ့ ကားဘီးကို တူးထုတ်ရတတ်တယ်။ တစ်ခါတုန်းက ရပ်ထားတဲ့ ကားဟာ ရှေ့ကကာထားတဲ့ နှင်းထုကြီးကိုလည်း မလွန်ဆန်နိုင်၊ နောက်ကို ဆုတ်ဖို့ရာ ရေခဲပြင်ကိုလည်း မကျော်နိုင် ဖြစ်လို့ နေရာက ထွက်ဖို့တင် ကျွန်မတစ်နာရီလောက် ချွေးပြန်ခဲ့ရဖူးတယ်။
မှတ်မှတ်ရရ မြို့ရဲ့ နှင်းရှင်းတဲ့ ကားတွေတောင် မနိုင်လောက်အောင် နှင်းမုန်တိုင်းကျနေတဲ့ နေ့တစ်နေ့မှာ ကျွန်မကားဟာ လမ်းလယ်ကြီးမှာ နှင်းတွေကြားထဲ နစ်နေခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ဂေါ်ပြားလေးနဲ့ လူနှစ်ယောက် ပြေးလာပြီး ကျွန်မကားကို နှင်းတွေကြားထဲကနေ တူးထုတ်ပေးတယ်။ နှင်းမရှင်းရသေးတဲ့ ကားရပ်ဖို့ နေရာကုန်းလေးဆီကို တက်လို့ မရဘဲ တ၀ဲလည်လည် ဖြစ်နေတဲ့ ကျွန်မကားကို ဖြတ်သွားဖြတ်လာ အမျိုးသမီးတစ်ယောက်က ကူညီမောင်းပေးခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မ အင်မတန်စိတ်ညစ်ပြီး နှင်းတွေကျတဲ့ မြို့လေးကနေ ထွက်ပြေးချင်စိတ် ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နှင်းတွေကြောင့် သူစိမ်းသာသာ လူတွေရဲ့ နွေးထွေးမှုကို ရခဲ့တယ်လို့ ကျွန်မ ပြန်တွေးမိပါရဲ့။
ဒီထက်ပိုပြီး ထိတ်လန့်စရာ ကောင်းတဲ့ ဒုက္ခက နှင်းကြောင့် လမ်းတွေချော်တတ်တဲ့ အဖြစ်ပဲ။ မမောင်းမဖြစ် နှင်းမုန်တိုင်းကြားထဲ ကားမောင်းရတဲ့ အချိန်မှာ ဘရိတ်အုပ်နည်းနည်းမြန်သွားတဲ့ ကျွန်မကားဟာ အနည်းဆုံး လေးဆယ့်ငါး ဒီဂရီလောက် လည်သွားခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ဘာမှ လုပ်လို့မရဘဲ ကားအလည်ရပ်သွားမယ့် အချိန်ကိုပဲ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတယ်။ စတီးရင်းဘီးကို ဆန့်ကျင်ဖက်လားရာကို လှည့်ရင်း ကားဟာ သင်္ဘောတစ်စင်း ရေလည်မှာ လူးသလိုပဲလို့ တွေးနေခဲ့မိတယ်။ ကံကောင်းထောက်မစွာပဲ ကျွန်မကားဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
နောက် နှင်းက ပေးတဲ့ အမှတ်တရ တစ်ခုက ကျွန်မတို့ နေတဲ့ တိုက်ခန်းက ပြတင်းပေါက်လေး ကွဲသွားတဲ့ နေ့ပဲ။ အဲဒီတုန်းက လက်ပူတိုက်ထားတဲ့ ခပ်ပေါပေါ တစ်ယောက်ခန်း တိုက်ခန်းကျဉ်းကျဉ်းလေး တစ်ခုမှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် အတူတူနေနေတဲ့ အချိန်။ ဆောင်းလယ်ရဲ့ မနက်ခင်းတစ်ခုမှာ မီးဖိုထဲက ပြတင်းပေါက်က မှန်ဟာ အပူအအေးဒဏ်ကို အရှုံးပေးပြီး ကွဲသွားခဲ့တယ်။ အဲဒီတော့ အပြင်မှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေဟာ ကျွန်မတို့ တိုက်ခန်းထဲကို ခုန်ဝင်လာတော့တယ်။ လေတစ်ချက်ဝေ့လိုက်တယ် ဆိုရင်ပဲ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့လို့ ကျွန်မတို့ နှစ်ယောက် မီးဖိုပေါ်မှာ ရေနွေးအိုးတွေတည်၊ မုန့်ဖုတ်တဲ့ မီးဖိုကိုဖွင့်၊ ရှိတဲ့ လက်အိတ်တွေ၊ ခြေအိတ်တွေစွပ်၊ စောင်ကြီးတွေ ခြုံရင်း ပြင်မယ့် လူအလာကို စောင့်နေခဲ့ရတယ်။ အခုပြန်တွေးရင်တော့ ရယ်ချင်စရာပေမယ့် အဲဒီတုန်းကတော့ ငိုချင်နေခဲ့တယ်။ ငိုရင်လည်း မျက်ရည်တွေ ခဲသွားမှာမို့ မငိုဖြစ်ခဲ့ပါဘူး။ ကဲ…ဒီလိုဆိုတော့ နှင်းက ဘယ်မှာ စိတ်ကူးယဉ်ဖို့ ကောင်းလို့လဲ။
xxx
ကျွန်မ ရှေ့မှာ အဖြူရောင်ထုကြီးက မျက်စိတစ်ဆုံးပဲ။ ရေခဲဖြစ်သွားရှာတဲ့ ရေကန်ကြီးရဲ့ ညည်းတွားသံဟာ တဂျွတ်ဂျွတ်နဲ့။ ညည်းတွားသံတောင် မပီသခဲ့ပါဘူး။ ရေကန်ကြီးပေါ်မှာ လူနှစ်ယောက် ငါးမျှားနေကြတယ်။ ခဲနေတဲ့ ရေကန်မှာ အပေါက်ကလေး ဖောက်လို့ ရေခဲငါးမျှားနည်းလို့ ခေါ်ပါသတဲ့။ သူတို့ အနားမှာတော့ ကလေးနှစ်ယောက် ပြေးလွှားဆော့ကစား နေကြတာ အအေးဒဏ်ကိုတောင် သတိမထားမိသလိုပဲ။ သစ်ရွက်မရှိတော့တဲ့ သစ်ကိုင်းပေါ်မှာ နှင်းတွေတင်နေတာ အင်မတန်မှ ကြည့်ကောင်းနေခဲ့တယ်။ ရေကန်ပေါ်မှာ တင်နေတဲ့ နှင်းအလွှာကြီးအောက်မှာ သစ်ပင်အချို့ဟာ မြုပ်တစ်ဝက်၊ ပေါ်တစ်ဝက်။ ရေကန်ရဲ့ တစ်ဖက်က ပျပျလေး မြင်နေရတဲ့ အိမ်ကလေးတွေမှာ ခရစ်စမတ်မီးလုံးလေးတွေ ထွန်းထားတယ်။ ရေကန်ရဲ့ ဒီဖက်ကမ်းက တောင်ကုန်းလေးပေါ်မှာ ကလေးနှစ်ယောက် နှင်းလျှောစီးနေကြတာ သူတို့ရဲ့ ရယ်သံက ကျွန်မဆီကို ပျံ့လွှင့်လာခဲ့တယ်။ ဟိုးအဝေးမှာ ရေကန်ထဲ အထိထိုးထားတဲ့ တံတားလေးဟာလည်း အေးခဲနေခဲ့ပါတယ်။ ကျွန်မပြေးနေရာကနေ အဲဒီ မြင်ကွင်းတွေကို ရပ်ပြီးငေးကြည့်နေမိတယ်။
သံသရာတစ်ပတ်လည်တော့ ခုနစ်နှစ် အကြာမှာ နှင်းနဲ့ ရေစက်မကုန်တဲ့ ကျွန်မဟာ ဒီနိုင်ငံက အအေးဆုံးလို့ ဆိုကြတဲ့ မြို့မှာ နေရပြန်တယ်။ အခုတော့လည်း ကျွန်မဟာ နှင်းတွေဖုံးနေတဲ့ ပြေးလမ်းပေါ်မှာ အင်္ကျီထူ မပါဘဲ ပြေးနိုင်ခဲ့ပြီ။ အရင်တုန်းက ဒီလမ်းတွေပေါ်မှာ ခေါင်းမဖော်နိုင်အောင် ခိုက်ခိုက်တုန်နေခဲ့တဲ့ ကျွန်မလေ။ လက်အိတ်ဝတ်ထားတဲ့ လက်ဖျားတွေက အေးချင်လာတော့ အိတ်ထဲကို လက်ထည့်လိုက်တယ်။ အေးလွန်းလို့ အလုပ်ကောင်းကောင်း မလုပ်တဲ့ ipod လေးကို ဘောင်းဘီအိတ်ထဲ ပြောင်းထည့်လိုက်တယ်။ ကိုယ်ငွေ့နဲ့ နွေးလာလို၊ နွေးလာငြားပေါ့။ ရေဒီယိုက လာနေတဲ့ Tchaikovsky ရဲ့ တေးသွားဟာ ပတ်ဝန်းကျင်နဲ့ အံကိုက်ပဲ။ တစ်လောကလုံး ဘယ်နေရာကို ကြည့်ကြည့် နှင်းတွေ ဖုံးနေတယ်။ နှင်းမလိုင်ဖုံးနေတဲ့ အိမ်ခေါင်မိုးတွေဟာ ကဗျာဆန်နေခဲ့တယ်။ ကျွန်မကိုယ် ကျွန်မ ပန်းချီကား တစ်ချပ်ထဲ ရောက်နေသလို ခံစားရတယ်။ Sisley ရဲ့ ပန်းချီကားတစ်ချပ်ကို သတိရနေခဲ့တယ်။ မှုံမှိုင်းနေတဲ့ ကောင်းကင်ကြီးအောက် နှင်းတွေဖုံးနေတဲ့ လမ်းကလေးမှာ လျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံ။ ပြေးတာကို ရပ်လိုက်တော့ နည်းနည်းတော့ အေးစိမ့်လာခဲ့တယ်။ ဂျူးရဲ့ ၀တ္ထုထဲက ဇာတ်ကောင်လို ရေခဲနေတဲ့ ရေကန်ပေါ် လမ်းလျှောက်ချင်စိတ် ပေါ်လာပါရဲ့။ ဒါပေမယ့် ဒီနေ့တော့ မရဲသေးဘူး။ တစ်နေ့နေ့ပေါ့။ အေးခဲနေတဲ့ နေ့တွေဟာ အလွယ်တကူ ထွက်သွားဦးမှာ မဟုတ်ဘူးလေ။
အနည်းဆုံးတော့ စိတ်အဆာပြေ ရေကန်နားမှာ ရပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေ စကျလာခဲ့တယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်ပါပဲ။ နှင်းပွင့်ဖတ်တွေက တော်တော်လေးကြီးတယ်။ ကျွန်မ အင်္ကျီပေါ်မှာ လာတင်နေတဲ့ နှင်းပွင့်လေးတစ်ပွင့်ကို သေချာ ကြည့်မိတယ်။ ခြောက်ထောင့်နဲ့ အင်မတန် အံ့သြဖို့ ကောင်းလောက်အောင်ပဲ လှတယ်ဆိုတာကို ကျွန်မထပ်ပြီး ခံစားရပြန်တယ်။ ကြည့်စမ်း…ဒီလောက်အသေးစိတ်ပြီး အချိုးကျလှပတဲ့ သဏ္ဍာန်ဟာ သဘာဝရဲ့ ကုန်စည်တစ်ခုတဲ့။ အိမ်ရောက်ရင် နှင်းပွင့်လေးတွေ ဘာကြောင့် ဒီသဏ္ဍာန်နဲ့ ဖြစ်တည်ရတယ် ဆိုတာကို ရှာကြည့်ဖို့ စိတ်ထဲ မှတ်ထားလိုက်တယ်။ အေးလွန်းတော့ သူတော်တော်နဲ့ အရည်ပျော်မှာ မဟုတ်ဘူး။ ထင်းရှုးပင်တွေပေါ်မှာ နှင်းတွေ ထပ်ပြီး တင်လာပြန်တယ်။ ဖြူဖွေးပြီး သန့်စင်နေတဲ့ ရေကန်ကြီးဘေးမှာ နှင်းမလိုင်ဖုံးနေတဲ့ ထင်းရှုးပင်လေးတွေ၊ အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်ခြောက်တွေဟာ ကဗျာမဆန်ဘူးလား။ စိတ်ထဲမှာ ပျော်လာပြီး မြေကြီးပေါ်က နှင်းတစ်ဆုပ်ကို ကောက်ကိုင်လိုက်တယ်။ နောက်တော့ ဟိုးအဝေးကို လွှဲပစ်လိုက်လို့ နှင်းမှုန်တွေ ကျွန်မဆီကို ပြန်လွှင့်လာတာကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါတယ်။ အိမ်ရောက်ရင် ကိုစောညိန်းရဲ့ “ချစ်နှင်းမှုန်” သီချင်းကို ရှာပြီး နားထောင်ရဦးမယ်။ ယနေ့မှာ ကျွန်မနှင်းဟာ နှင်းနဲ့ ပြန်လည်သင့်မြတ်ခဲ့ပါတယ်။
အဝေးကကြည့်ရင် ဆွတ်ပျံ့ကြည်နူးစရာ ကောင်းတဲ့ အရာတချို့ဟာ အနီးကပ်ခံစားကြည့်တဲ့ အခါမှာ အေးခဲရက်စက်နေလိမ့်မယ် ဆိုတာကို ကျွန်မသိခဲ့ဖို့ ကောင်းတာပေါ့။ အဲဒီ သင်ခန်းစာဟာ ကျွန်မကို နှင်းက သင်ကြားပေးခဲ့တာပဲ။ အေးခဲရက်စက်မှုကိုပါ လက်ခံလာနိုင်တဲ့ တစ်နေ့မှာ နှင်းဟာလည်း ပြန်လည် ကြည်နူးစရာ ကောင်းလာတယ်။ သေချာတာကတော့ နှင်းက မာယာများတာ မဟုတ်ဘူး။ လူတွေက မျှော်လင့်မှု မှားတာပါ။

Friday, 1 November 2013

မိုး (၁)



          နေရောင်က ဖျော့ဖျော့လေးသာ ကျနေသည်။ အားပြိုင်လာသော တိမ်တိုက်များကို မကြာမီ အလျော့ပေးရတော့မည် ဆိုသည်ကို သိသော်လည်း လွယ်လွယ်နှင့် အရှုံးမပေးလိုက်ချင်။ နောက်ဆုံးထွက်သက်အထိ တိမ်ထုကြီးကို ထိုးဖောက်ပစ်လိုက်ချင်သေး၏။ ထို့ကြောင့်လည်း ခဲသားရောင် တိမ်အထပ်ထပ်အောက်မှ နေခြည်မျှင်လေးများက ဟိုတစ်စ သည်တစ်စ။
          ဖြတ်တိုက်လာသော လေညှင်းလေးထဲတွင် မိုးငွေ့အချို့ ပါလာသည်။ မုန်တိုင်းမထန်ခင် ငြိမ်သက် နူးညံ့နေသော ရှုခင်းက သူ့ကိုလှည့်စားလေ၏။ မိုးမရွာခင်တော့ ပြတင်းပေါက်ကို ဖွင့်ထားလိုက်ချင်သေးသည်။ လေပြေလေးက တိုးတိုးသာသာ ပြောသော စကားသံကို သူနားထောင်ချင်သေး၏။ အိမ်ရှေ့သစ်ပင်တွင် ခေါင်းကိုငဲ့ကာငဲ့ကာဖြင့် နားနေသော ငှက်ကလေးကို သူငေးကြည့်နေမိသည်။ နွဲ့နွဲ့လေး တိုက်နေသော လေညှင်းက သစ်ရွက်လေးများကို လှုပ်ခတ်စေသည် ဆိုရုံလေးမျှသာ။ ကြည့်နေရင်းပင် သစ်ရွက်ပေါ်သို့ မိုးပေါက်ကလေးများ ကျလာသည်။ တစ်ပေါက်…နှစ်ပေါက်…သုံးပေါက်….။ သူဆက်၍ မရေတွက်နိုင်တော့။ မိုးပေါက်များကို ရေကြည့်ရန် ကြိုးစားသော သူသည် အရူးတစ်ယောက်သာ ဖြစ်ချေတော့မည်။
          ခပ်ကျဲကျဲနှင့် မှန်မှန်လေး ဖွဲဖွဲ ကျရာမှ ထုကြီးထည်ကြီးသို့ ပြောင်းချင်လာသည်။ စိပ်လာသော မိုးပေါက်တို့သည် သစ်ရွက်လေးများကို အညှိုးတကြီး ပင် မှန်မှန် ရိုက်ခတ်နေတော့၏။ မိုးပေါက်တို့သည် သွက်လက်စွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ အပူအပင်မဲ့စွာပင် မြေကြီးပေါ်သို့ ခုန်ဆင်းလာကြသည်။ ကောင်းကင်နှင့် မြေကြီးတို့ကြား အဆီးအတား မဲ့လှသည်။ ငှက်ကလေးသည်လည်း ဘယ်ဆီသို့ ပျံပြေးသည် မသိ။ မိုက်မဲလှသော မိုးပေါက်တို့သည် မြေကြီးပေါ်ရောက်သည်နှင့် ဗွက်အိုင်၊ ရေအိုင်တို့ထဲ ရောနှော ပျောက်ကွယ်ရလေပြီ။ ကံကောင်းသော မိုးပေါက်အချို့ကတော့ ကြီးမားကျယ်ပြန့်သော ရေကန်ကြီး၏ ရင်ခွင်သို့ ၀င်ခွင့်ရကြလေသည်။ မည်သို့ပင် ဖြစ်စေ သူတို့၏ ဖြစ်တည်မှုက တိုတောင်းလွန်းလှပါသည်။
          မကွယ်ပျောက်သွားမီတော့လည်း သူတို့၏ အစွမ်းကို ပြခဲ့ချင်သေးဟန် တူ၏။ ကန်ရေပြင်တွင်တော့ ၀ဲဂယက် ထင်စေခဲ့သေးသည်။ သွပ်ပြားပေါ်မှာ၊ ပြတင်းပေါက်မှန်မှာ…။ မိုးပေါက်တစ်ပေါက်ချင်းစီ၏ အဆုံးသတ်ကို သူကြားရသည်။ ဖျော့တော့ရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။ တစ်ပေါက်ချင်းစီ၏ ရိုက်ခတ်မှုသည် တေးသွားတစ်ပုဒ်၏ နရီလို၊ စည်းလို မှန်မှန်နှင့် မြန်မြန်လာသည်။ မြန်ရာမှ ထန်လာသည်။  တဖြောင်းဖြောင်းနှင့် ကြောက်မက်ဖွယ်ကောင်းအောင်ပင် ပီသလာသည်။ စစ်ချီသံတွေလိုလား၊ မြင်းခွာသံတွေလိုလား။ ဒေါသကြီး၏။ ခက်ထန်၏။ အညှာအတာမဲ့ပြန်လေ၏။ တစ်ချီတစ်ချီမှာတော့ အားမတန်၍ မာန်လျော့ လေရသော ဟန်ဖြင့် တိုးညှင်းသွားပြန်သည်။ သို့ပေမယ့်လည်း မကုန်သေးသော အင်အားဖြင့် အစဉ်တစိုက် သွန်ချနေဆဲ။
          တခဏလွန်မြောက် ပြန်လျှင်တော့ မတည်မြဲသော နိယာမအတိုင်းပင် မိုးစက်တို့လည်း ဝေးလွင့်ရလေပြီ။ ကောင်းကင်ကြီးသည် အငိုတိတ်စ ကလေးတစ်ယောက်လို ရှိုက်ကာ ငင်ကာဖြင့် နောက်ဆုံး မျက်ရည်စက်တို့ကို ကြိုးစား၍ ထိန်းနေရှာ၏။ အငို၏ နောက်မှ အပြုံး၊ အမှောင်၏ နောက်မှအလင်း၊ ၀ဲဂယက်များ၏ နောက်မှ ငြိမ်သက်ခြင်း။ ရှိုက်ရင်း ရှိုက်ရင်းနှင့်ပင် အငိုတိတ်ရပေတော့မည်။
          ကောင်းကင်သည် တဖြည်းဖြည်း ပြန်၍ ပြုံးလာ၏။ ရေမစို့တစိုနှင့် လောကသည် ကပိုကရို လှနေတော့သည်။
(Chopin ၏ Raindrop (Prelude Op. 28, No. 15) ကိုခံစား၍ ရေးပါသည်။)

Sunday, 20 October 2013

ဇရာ



        ဘယ်တော့မှ မ၀င်တော့ပြီဟု ထင်ရသော ဈေးဆိုင်တန်းသို့ ၀င်ရပ်မိလေပြီ။ ခုတလော မှန်ကြည့်ဖြစ်လျှင် မျက်စိအောက်က နေရာကိုသာ မကြည့်ဘဲ မနေနိုင်။ ဘယ်အချိန် ဘယ်ကာလကစ၍ ပေါ်လာသည် မသိသော အရေးအကြောင်း တချို့ကို မှန်နားကပ်လျက် ဘယ်ဖက်လှည့်ကာ၊ ညာဖက်လှည့်ကာ ကြည့်၏။ အရေးအကြောင်းတို့က ယခုလို ကိုယ်ထင်ပြလာတော့လည်း မေသီတစ်ယောက် ပြင်ပအကူအညီယူရတော့မည်ရယ်လို့ ဆုံးဖြတ်လိုက်ရတော့သည်။
          ထို့ကြောင့်ပင် ဈေးဆိုင်၏ ထိုနေရာသို့ ရောက်လာရလေပြီ။ တကယ်တော့ တစ်သက်လုံးက သနပ်ခါးနှင့် အသားမပတ်ရုံ မျက်နှာလိမ်းဆေးရည်သာ လိမ်းခဲ့သည်မို့ ဘယ်ကစ၍ ဘာကိုဝယ်ရမည် မသိ။ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကတော့  anti-wrinkle, anti-oxidant လို့ဆိုသည်ပဲ။ ပုလင်းသေးသေးနှင့် ကြီးလှသော ဈေးများက ဘာမှမဟုတ်သလိုပင် ၀ယ်သူတွေကတော့ ၀ယ်နေကြ၏။ ဒီအချိန်ကို ဘယ်လိုရောက်ခဲ့သည်ရယ်လို့ မေသီ မမှတ်မိ။ လွန်ခဲ့သော ဆယ့်ငါးနှစ်ဆိုသည်မှာ ကြိုးပြတ်သွားသည့် စွန်လေးတစ်ကောင်လို မျက်စိရှေ့ကနေ ဝေးဝေးသွားခဲ့ပြီ။
          အာရှတိုက်သားများက နုပျိုလှသည်ဟု မေသီ့ ဘေးပတ်ဝန်းကျင်မှ နိုင်ငံခြားသားအများစုက အထင်ရောက်ပြီးသားပင်။ လူကောင်ထွားထွား အနောက်နိုင်ငံသားများကြား သည်လို အထင်ခံရသည်မှာလည်း မဆန်းလှ။ နှစ်အစိတ်ကျော်လို့ သုံးဆယ်ဖက်ဦးတည်သည့် အချိန်တုန်းကပင် မေသီ့ကို ကောလိပ်ကျောင်းသူနှင့် မှားလားမှားရဲ့။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လို့ ဆိုလာသူများကိုတော့ ပိုလွန်းပြီဟု ငြင်းဆန်သော်လည်း စိတ်ထဲက ကျိတ်၍ကျေနပ်စမြဲ။ အသက်အမှန်ကို ဆိုလျှင်ပင် ညာနေတာပါလို့ စချင်သည့် သူများကလည်း ရှိသေးသည်။ တကယ်တော့ မေသီက အသက်အမှန် ဖွင့်ပြောရသည်ကို ၀န်လေးနေမည့် မိန်းမတော့ မဟုတ်။ အသက်အမှန်ကို ပြောခြင်းဖြင့် သူဘယ်လောက်နုကြောင်းကို မော်ကြွားချင်သည်လည်း ပါမည်ပေါ့ရယ်လို့တော့ မေသီ့ကို အပြစ်မဆိုသာ။
          ခုတော့ စိတ်ကြီးဝင်နေသော မေသီ့ကို ဘယ်အချိန်ကမသိ ၀င်လာသော ဇရာက ကိုယ်ထင်ပြလာလေပြီ။ အခုတလော ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ကလေးတွေ၏ အန်တီဟူသော ခေါ်သံက နားထဲကို ကန့်လန့်ဝင်တတ်လေသည်။ ခုနှစ်နှစ်လောက်သာ ငယ်သော မောင်လေး၏ သူငယ်ချင်းက ဖုန်းပေါ်မှာ အန်တီလို့ ခေါ်လိုက်သည့်အခါမှာတော့ စိတ်တို၍ မဆုံး။ အခုတလော အရောင်ရင့်ရင့်တွေဝတ်တာကို ရှောင်နေလိုက်သည်။ အရောင်ရင့်တွေက လူကို ရင့်စေသည်ဟု ဆိုကြသည်။ ဒီနေ့တော့ ရောက်တတ်ရာရာ စဉ်းစားရင်း လမ်းလျှောက်လာသည်မှာ ဘဏ်ကိုပင်ရောက်လာတော့သည်။ စာရေးမလေးက ငွေထုတ်ဖို့ ကူညီနေတုန်း ဖော်ဖော်ရွေရွေပင် စကားပြော၏။
          “စာမေးပွဲတွေ နီးလာပြီနော်။ စာသင်နှစ်လည်း ကုန်တော့မယ် ဆိုတော့ ကျောင်းပိတ်တော့မှာပေါ့။”
          “ရှင်…သြော် ကျွန်မက တက္ကသိုလ် ကျောင်းသူ မဟုတ်တော့ဘူး ရှင့်။”
          မေသီ အံသြကျေနပ်စွာနှင့်ပင် ပြန်ဖြေ၏။
          “ဟုတ်လား။ အစ်မကို ကြည့်ရတာ တက္ကသိုလ်ကျောင်းသူလေး မှတ်လို့။ မှားသွားတာ။”
          “ရပါတယ်။ အမှားကောင်း လို့ပဲ ယူဆလိုက်ပါမယ် ဟင်း…ဟင်း။”
          မှန်တံခါးကို တွန်းပြီးထွက်လာတော့ ကိုယ့်အရိပ်ကိုယ်ပြန်မြင်ရသည်။ ဆံပင်အလွှာပုံ၊ နားဆွဲ မျှင်မျှင်၊ ချည်သားလက်တို ဂါဝန်ကို ခါးပတ်သေးသေးလေးနှင့် ၀တ်ထားသော မေသီ့ကို ဘယ်သူက အသက်သုံးဆယ်နှစ်နှစ်လို့ ထင်မည်လဲလေ။ ဒီလိုဆိုတော့လည်း လောကကြီးက လှပလို့နေသည်။
xxx
          သမားဆို အိုမှ ဆိုသည့် စကားကို ကြားဖူးသော်လည်း တစ်ခါမှ အလေးအနက် မစဉ်းစားဖူး။ သေချာစဉ်းစားကြည့်တော့လည်း မှန်သားဟု တွေးမိသည်။ ဒါပေမယ့် သမားအိုတို့ဟာလည်း တချိန်ကတော့ ပျိုခဲ့တာပါပဲလို့ စုသက် အထွန့်တက်ချင်ပါသည်။ အခုတော့ စုသက် ကြုံနေရသော အတွေ့အကြုံကို ပျိုရွယ်သော သမားတိုင်းကြုံရမည် ထင်၏။ သို့ပေမယ့် စုသက်အတွက် ပိုသော အတွေ့အကြုံကတော့ စုသက်သည် သက်တူရွယ်တူ အတော်များများထက် ပိုငယ်သည့်ပုံပေါ် နေခြင်းပါပဲ။ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းနှင့် စုသက်ကို မသိသူတော်တော်များများက အထက်တန်းကျောင်းသူဟု ထင်ကြသည်။ လူကောင်ကလည်း သေးကာ အရပ်လည်းပုသည်မို့ အားကိုးချင်စရာမရှိဟု သူငယ်ချင်းတွေက ၀ိုင်းစကြသေး၏။
ဆေးကျောင်းဆင်းကာစ ဆရာဝန်ပေါက်စဘ၀သည် ကျောင်းသူဘ၀ ပြန်ရောက်သွားသလိုပင်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံမှအမှုထမ်း အတော်များများက ကိုယ့်ထက် အတွေ့အကြုံများကြသူတွေချည်းသာ။ House surgeon ဆင်းကာစက လူနာတွေရှေ့ရောက်လျှင်ပဲ ပေါက်ကရမလုပ်မပြော ရအောင် သတိထားနေရ၏။ ဒီကြားထဲမှာ အချို့လူနာတွေက စုသက်ကို ဆရာဝန်လို့ပင် မထင်ကြ။ ဆေးရုံမှာ လာစောင့်သော လူနာတစ်ယောက်ယောက်၏ သမီးလို့ ထင်လိုထင်။ ဆရာဝန်၊ ဆရာမတို့နှင့် လိုက်လာသော ကလေးမတစ်ယောက်လို့ ထင်လိုထင်။ ကသိကအောက် နိုင်လှသည်။ ကိုယ့်ထက် အတန်းငယ်သူများကလည်း စုသက်ကို သူတို့နှင့် အတန်းတူလို့သာ ယူဆကြ၏။
ထို့ကြောင့်ပင် ကိုယ်လုပ်နိုင်သည့် အပိုင်းဖြစ်သော အ၀တ်အစား အပြင်အဆင်ကို ဂရုစိုက်ရပေ၏။ အရင်တုန်းက ၀တ်လေ့ရှိသော တီရှပ်အရောင်စုံလေးများအစား လူကြီးဆန်သော ဘလောက်စ်အင်္ကျီ၊ ရင်စေ့အင်္ကျီဝမ်းဆက်များကိုသာ ၀တ်ဖြစ်တော့၏။ အရောင်ကိုလည်း ခပ်မှိုင်းမှိုင်း ခပ်ရင့်ရင့်များသာ ရွေးချယ်ဖြစ်သည်။ ဆံပင်ရှည်ကိုလည်း ထုံးရပြန်၏။ ဒီလိုဆိုတော့လည်း လူရိုသေ ရှင်ရိုသေ ပုံစံလောက်တော့ ဖြစ်လာ၏။ ပြီးတော့ နည်းနည်းထူသော ကတ္တီပါဖိနပ်ကိုစီးကာ လူကြီးဂိုက်ဖမ်းနေလိုက်သည်။
“ဆရာမ ကျွန်မအမေ မောနေလို့ လာကြည့်ပေးပါဦး။”
မိန်းကလေးတစ်ယောက်က ဆေးရုံထဲမှာလှည့်နေသော စုသက်ကို အပြေးအလွှားလာခေါ် ရှာ၏။ မိန်းကလေးနောက်ကို အပြေးလိုက်လာရင်း လူနာကို စမ်းသပ်ပေးရင်းနှင့် တစ်နေ့လည်လုံး အလုပ်ရှုပ်နေတော့၏။ အခုလိုလူနာတွေက အားကိုးတကြီး အထင်တကြီးရှိသည် ဆိုလျှင် အဖွားကြီး ပုံပေါက်မည်ဆိုလည်း ပေါက်ပါစေတော့။ စုသက်ကျေနပ် နေမည်သာ။
xxx
“ဖွားစောက နုတယ်နော်။ အသက်ခြောက်ဆယ်လောက်ပဲ ထင်ရတာ။”
ရှစ်ဆယ်နားနီးပြီ ဖြစ်သော်လည်း ဖွားစောဆံပင်အချို့က နက်မှောင်နေဆဲ။ သွားတို့က ခိုင်မာဆဲ။ ဇရာကို မလွန်ဆန်နိုင်သော လူတို့၏ သဘောသဘာဝ အတိုင်းမျက်နှာမှာ အရေးအကြောင်းတို့က ထင်နေပြီဖြစ်သော်လည်း အသက်အရွယ်နှင့် စာလျှင် တိမ်လှသည်ဟု ဆိုရပေမည်။ ငယ်ငယ်ကပင် အသားအရေ စိုပြည်ပြီး လှပသူမို့ ယခုအသက်ကြီးသည် အထိလည်း ကြည့်ကောင်းနေဆဲ။ သပ်သပ်ရပ်ရပ်လည်း နေတတ်သူမို့ လူတိုင်းက ဒေါ်စောကို ခုနှစ်ဆယ်ကျော်ဟု မထင်ကြ။ အကြောင်းသိပ်မသိသည့် လူအချို့က ဆိုလျှင် ဒေါ်စော၏ သမီးကြီးကို ဒေါ်စောနှင့် ညီအစ်မတော်သည်ဟု ဆိုကြသေးသည်။
“ဖွားဖွားက သိပ်နုတာပဲ။ ဘာတွေလုပ်၊ ဘာတွေစားလို့လဲဟင်။ လျှို့ဝှက်ချက်လေး ဘာလေး ပြောပြပါဦး။”
သမီးကြီးမှ မွေးသော မြေးမအကြီးဆုံးမြိုင်က စိတ်ကူးပေါက်လျှင် အနားကပ်ကာ မေးတတ်သော မေးခွန်းဖြစ်၏။ မြိုင်ဆိုလျှင်ပင် အသက်သုံးဆယ်နားသို့ ဦးတည်နေပေပြီ။ ဒီလိုဆိုတော့ ဖွားစော ဖြတ်သန်းခဲ့ရသော နှစ်ပေါင်းက မနည်းတော့ဟု ကိုယ့်ဟာကိုယ် တခါတလေ ဆင်ခြင်မိသည်။ ဂျပန်ခေတ်၊ လွတ်လပ်ပြီးခေတ်တို့ကနေပြီး အင်တာနက်ခေတ်၊ chatting ခေတ်ကိုရောက်လာသည်မှာ တွေးကြည့်တော့လည်း အံ့သြစရာပင်။ ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေ အမျိုးမျိုးအထွေထွေကို ကြုံခဲ့ပြီးပြီ။ သမီးတို့အဖေကြီးကတော့ အဖွားလောက် ကုသိုလ်ကံမကောင်းဘူးလို့ပင် ဆိုရမည်လား။ အသက် ခြောက်ဆယ်နားနီးချိန်မှာပင် ဆုံးသွားခဲ့သည်။ အိုခြင်း၏ ဒုက္ခတွေကို ကြာရှာမခံစားရဘူးဟုသာ အဖွား တခါတလေတော့လည်း ဖြေတွေးတွေးချင်သည်။
အခုတော့ အဖွားမှာ ရောဂါကြီးကြီးမားမား မရှိလှသော်လည်း ဇရာဆိုသည်ကတော့ လူတို့ကို အနိုင်ယူစမြဲ။ အသက်ငယ်တုန်းက ယောက်ျားနှင့် ရင်ဘောင်တန်း၍ စီးပွားရှာခဲ့သော မစော၊ လုပ်စရာရှိလျှင် စိတ်မြန်လက်မြန်နှင့် လုပ်တတ်သော မစော၊ သွက်လက်ချက်ချာ၍ စိတ်ထက်လှပါသည်ဟု အများက သတ်မှတ်ကြသော မစော။ အခုတော့ ထိုင်ရာက ထဖို့၊ ပစ္စည်းလေးတစ်ခုယူဖို့ အတွက်ပဲ မြေးမတွေကို အားကိုးနေရ၏။ အရင်က အားလပ်ချိန်တိုင်း စာဖတ်ခဲ့သလို အခုကောင်းကောင်း မဖတ်နိုင်တော့။ မျက်စိက မကောင်းတော့သလို အာရုံလည်း ကြာကြာ မစိုက်နိုင်။ အိမ်ထဲမှာ လျှောက်နိုင်သွားနိုင်နေသော်လည်း အရင်ကလို မသွက်လက်တော့။ ဖွားဖွားကလည်း မြန်မြန်လျှောက်ပါဟု အလိုက်မသိတတ်သော မြေးမ အငယ်လှိုင်က တခါတလေ ဆိုတတ်သေးသည်။ နင်တို့ အသက်ကြီးတော့ သိလိမ့်မယ်ဟု အဖွားကဆိုမှပင် သမီးကြီးက လှိုင့်ကို တိတ်တိတ်ကြိတ်၍ ဆူတော့သည်။
            အဖွားနုလှပါသည်ဟု ဘယ်သူတွေ ဘာပြောပြော အဖွားကတော့  မှန်မကြည့်ဖြစ်တာပင် ကြာပေပြီ။ အသက်ရှစ်ဆယ်နားနီးမှတော့ ပိုနုလျှင်လည်း ဘာထူးတော့မည်နည်း။ အရေပြားတစ်ထောက်စာ အလှဆိုသည်ကို အဖွားနားလည် ပေပြီ။ သေမင်းအတွက် အဖွားက လှနေဖို့ လိုသေးလို့လားဟု စိတ်ပေါက်လျှင် တွေးမိပြီ။ အခုအချိန်မှာသာ ဖြစ်နိုင်မည်ဆိုလျှင် သူတစ်ပါးကို အားမကိုးရဘဲနှင့် သွားလာလုပ်ကိုင်ရခြင်းကို အဖွား၏ နုပျိုသောရုပ်ရည်နှင့် လဲလှယ်ဖြစ်လိမ့်မည်မှာ သေချာနေတော့၏။

ရိပ်မွန်
Women's World Journal Vol. 2 Issue 40