ငြိမ်းချမ်းတိတ်ဆိတ်သော နံနက်ခင်း တစ်ခုမှာပင် ဖြစ်စေ၊
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နေ့လည်ခင်း တစ်ခုမှာပင် ဖြစ်စေ၊ ညိုမြ ရီမှိုင်းသော ညနေခင်းတစ်ခုမှာပင်
ဖြစ်စေ မေ ရွေးထိုင်တတ်သော ထိုကော်ဖီဆိုင်ထဲမှ နေရာမှာ ပြတင်းပေါက် တစ်ခုနားက နှစ်ယောက်ထိုင်စားပွဲသာ
ဖြစ်သည်။ ထိုပြတင်းပေါက်မှ ဆိုင်ပြင်က လူများစွာကို ငေးမော ကြည့်ခဲ့ဖူးသည်။ သွက်လက်၍
အမြဲပျော်ရွှင်နေပုံရသော မိန်းကလေးများ၊ လောကကြီးကို မေ့နေသော စုံတွဲများ၊ ဦးတည်ရာမဲ့
သွားလာနေသော အိမ်မဲ့ယာမဲ့တစ်ယောက်၊ coach လက်ပွေ့အိတ်နှင့် နေကာမျက်မှန်နှင့် ဟန်ကျပန်ကျ
ကော်ဖီတစ်ခွက်ကိုင်ထားသော အမျိုးသမီး၊ ဖိုသီဖတ်သီ ပြေးလွှားနေသော ကလေး အမေ၊ ကြည်နူးနေသော
အဖေနှင့် လမ်းလျှောက်တတ်ခါစ သမီးလေး၊ စသည်ဖြင့် မြင်ကွင်းက စုံလှသည်။
ယနေ့တော့
ထိုခုံမှ မရလျှင် မထိုင်တော့ဟူသော စိတ်ဖြင့် ကော်ဖီဆိုင်ကို ၀င်လာခဲ့သော်လည်း ပြတင်းပေါက်နားက
ခုံမှာ ထိုင်နေသော လူဆီ မေ့အကြည့်က မထင်မှတ်ဘဲ ရောက်သွားခဲ့သည်။ နည်းနည်းမှပင် မစဉ်းစားဘဲ
ကျွန်မကို ဒီမှာ ထိုင်ခွင့်ပြုပါဟူသော ခွင့်တောင်းစကားက အလိုလိုပင် ထွက်သွားခဲ့သည်။
တကယ်ပဲ ကော်ဖီဆိုင်ထဲမှာ လူပြည့် နေပြန်သည်။
မေ့လက်ထဲက ကော်ဖီခွက်ကို တစ်ချက်မော့ကြည့်ပြီး ရပါတယ်ဟု ပြောကာ သူ့လက်ထဲမှာ ရှိနေသော
စာအုပ်ကို ဆက်၍ ငုံ့ဖတ်နေ၏။ သူဖတ်နေသော စာအုပ်ကို မေ ကြည့်ဖြစ်အောင် ခိုးကြည့်လိုက်သေးသည်။
Camus ၏ The plague။ ဒီတော့ မေကိုယ်တိုင်လည်း အိတ်ထဲမှာ ပါလာသော စာအုပ်ကို ထုတ်ဖတ်နေလိုက်မည်ပေါ့။
“ဒီနေရာက
နေရာကောင်းပါတယ်ဗျ။ ပြတင်းပေါက်ရယ်၊ iron man ရယ်၊ အခု ရေဒီယိုက လာနေတဲ့ အော်ပရာရယ်ပေါ့။”
ထူးခြားသော
စကားကြောင့် မေ မော့ကြည့်တော့ ကိုထူးဆန်းက မေ့ကို စကားစနေခြင်း ပေပဲ။ သူပြောသည့် အတိုင်းပင်
ပြတင်းပေါက်မှန်တွင် Iron Man ပုံကို ဆီဆေးနှင့် ကျကျနန ပန်းချီဆွဲထားသည်။ ဒေသခံ ပန်းချီဆရာတစ်ယောက်ယောက်က
သူ၏ လက်ရာကို အမှန်တကယ်ချပြ ချင်သည့် သဘောဖြင့် မှန်ပြတင်းမှာ အခကြေးငွေ မယူဘဲ လာဆွဲသွားပုံရသည်။
ရုပ်ရှင်ရုံမှာ Iron Man III တင်နေသည်ကို မေ သတိရ၏။ ကိုထူးဆန်း၏ စကားကို အံ့သြသလို
စိတ်လည်း ၀င်စားမိသည်။
“ပြတင်းပေါက်၊
Iron man နဲ့ အော်ပရာ ဟုတ်လား။ ရှင့်စကားက တော်တော် ထူးဆန်းတာပဲ။ ရှင်မို့လို့ ကြံကြံဖန်ဖန်
မြင်တတ်တယ်။”
“ဟုတ်တယ်လေဗျ။
ပြတင်းပေါက် အကြီးကြီးကနေ လူတွေကို အပျင်းပြေ ကြည့်လို့ ရတယ်။ ပြီးတော့ ရထားတွဲကိုလည်း ရေလို့ ရတယ်။ ခဏနေလို့ ရှိရင် ရထား
ဖြတ်လိမ့်မယ်ဗျ။ Iron man ပန်းချီကလည်း မိုက်တယ်။ အော်ပရာကလည်း ကောင်းနေတယ် ဆိုတော့
အားလုံး ဆုံသွားတာကို သတိထားမိလို့ ပြောလိုက်တာပါ။”
“ရှင်က
ရယ်ရတယ်။”
“ဟော ပြောရင်းဆိုရင်း
ရထားလာနေပြီဗျ။ ခင်ဗျားနဲ့ ကျွန်တော် ရထားတွဲ အရေအတွက် လောင်းမလားဗျ။ ကော်ဖီတစ်ခွက်ကြေးလေ။”
“ကျွန်မ
ရထားတွဲတွေ အကုန်လုံး လိုက်မရေနိုင်ဘူး ရှင့်။”
“မှန်းခြေနံပါတ်လောက်
ပါပဲ။ လုပ်ပါဗျ။ ခင်ဗျားနိုင်ရင် ကျွန်တော် ကော်ဖီဝယ်တိုက်မယ်။ ခင်ဗျားရှုံးရင် ကျွန်တော့်ကို
ဘာမှ ၀ယ်တိုက်စရာ မလိုပါဘူး။”
“ကျွန်မက
ကော်ဖီဝယ်တိုက်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ကဲ…ကဲ လောင်းကြတာပေါ့။ ရှင့်ကို စကား ပြောနေရတာ
ရထားတွဲတွေ လွတ်ကုန်ပြီ။ ကျွန်မက တွဲတစ်ရာ လောင်းမယ်။”
“ဒါဆို
ကျွန်တော်က တစ်ရာ့ငါးဆယ်ဗျာ။”
မေ တို့ရထားတွဲတွေကို
စတင်ရေတွက်ကြသည်။ ဂျုံးဂျုံး ဂျက်ဂျက်အသံသည် ပြတင်းပေါက်မှ မှန်တို့ကို ကျော်ဖြတ်လျက်
မေ တို့ ထိုင်နေသော စားပွဲလေးကို တုန်ခါစေ၏။ တရိပ်ရိပ်ဖြတ်သွားသော ရထားတစ်တွဲဆီကို
လိုက်ကြည့်ရင်းမှ ငယ်ငယ်တုန်းက လယ်ကွင်းစိမ်းတွေကို ကျော်ဖြတ်ပြီး သွားခဲ့သော နွေရထား
ခရီးစဉ်ကို အမှတ်ရမိသည်။
“ကိုးဆယ့်ကိုး၊
တစ်ရာ၊ တစ်ရာ့တစ်၊ တစ်ရာ့နှစ်…ဟောပြီးတော့မယ်ဗျ။ တစ်ရာ့သုံး။ ခင်ဗျားနိုင်ပါတယ်ဗျာ။”
ယခုအချိန်အထိ
မေ့နာမည်ကို မမေး၊ သူ့နာမည်ကိုလည်း မသိရသေးသော ကိုထူးဆန်းကို မေ လှည့်ကြည့်မိသည်။
“ကဲ…ကျွန်မကို
ကော်ဖီဝယ်တိုက်ပေတော့။ အခုတော့ မဟုတ်သေးဘူး။ ကျွန်မလက်ထဲက တစ်ခွက်တောင် မကုန်သေးဘူး။”
“ခင်ဗျားသတိထားမိလားဗျ။
ဒီကော်ဖီဆိုင်မှာ နာရီ ဆယ့်နှစ်လုံး ရှိတယ် ဆိုတာ။”
“တကယ်…။
ကျွန်မဖြင့် ဒီကိုလာတာ ခဏခဏရှိပြီ။ သတိမထားမိပါဘူး။ ကျွန်မရေကြည့်လိုက်ဦးမယ်။ နေဦး။”
တကယ်ပင်
နာရီ ဆယ့်နှစ်လုံးရှိသည်ကို သတိမထားမိသော ကိုယ့်ကိုယ်ကို မေအံ့သြနေမိတော့သည်။ ဟုတ်ပါရဲ့။
သူပြောသလိုပင် နာရီဆယ့်နှစ်လုံးက လည်ပတ် နေကြသည်။
“အဲဒီထဲကမှ
ကျွန်တော့် အသည်းစွဲနာရီကတော့ မဟော်ဂနီရောင် အ၀ိုင်းလေးဗျ။ ဆန်းလည်းမဆန်းဘူး။ ရိုးလည်းမရိုးဘူး။
သူလိုငါလိုပဲ။”
“ရှင်က
သူလိုငါလို ၀တ္ထုတွေကို ကြိုက်တတ်တယ်ပေါ့။ ဒီလိုလား။”
“သူလိုငါလို
ဝတ္ထုတွေက မထူးခြားတာကိုက ထူးခြားနေတာပေါ့ဗျ။ အများထက်ထူးခြားချင်ရင် သဘာဝလွန်တတ်တယ်လေ။
ကျွန်တော် သဘာဝကျတဲ့ အရာတွေကိုပဲ သဘောကျတတ်တာပါ။”
“ဒါဖြင့်ရင်
ရှင်က အော်ပရာလည်း ကြိုက်လိုက်တာပဲလား။ ကျွန်မတော့ အော်ပရာကို ကောင်းကောင်းနားထောင်လို့
မရသေးဘူး။”
“နားထောင်လို့
ရတယ်မရဘူးရယ်လို့ မဟုတ်ပါဘူး။ နားထောင်ရင်း ခင်ဗျားတွေးချင်တာကို သီချင်းနဲ့လိုက်ပြီး
ဆွဲတွေးလိုက်ရင် ခင်ဗျား ခံစားလို့ ရလာလိမ့်မယ်လေ။”
“ဟုတ်ပါပြီ။
ကဲ ကျွန်မကို နောက်အပတ်ဒီအချိန်မှာ ကော်ဖီတစ်ခွက် ၀ယ်တိုက်ပေတော့။ ခုတော့ ကျွန်မကို
သွားခွင့်ပြုပါဦး။”
မေ ဆိုင်မှ
ထွက်လာတော့ သဘာဝကိုချစ်သော၊ အော်ပရာကို ချစ်သော၊ ရထားတွဲတွေကို ချစ်သော ကိုထူးဆန်းအကြောင်းကိုတွေးရင်း
သီချင်းတစ်ပုဒ်နားထောင် နေလိုက်သည်။ ဘယ်သီချင်း ဖြစ်သည်ကို မမှတ်မိတော့သော်လည်း ဂီတမှာ
နားဝင်ချိုနေလေတော့သည်။
(မှတ်ချက်။ ။"ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ" ခေါင်းစဉ်ကို ပေးသော ကိုထူးဆန်းအား ကျေးဇူးတင်ပါသည်။)
No comments:
Post a Comment