Sunday 20 October 2013

ဇရာ



        ဘယ်တော့မှ မ၀င်တော့ပြီဟု ထင်ရသော ဈေးဆိုင်တန်းသို့ ၀င်ရပ်မိလေပြီ။ ခုတလော မှန်ကြည့်ဖြစ်လျှင် မျက်စိအောက်က နေရာကိုသာ မကြည့်ဘဲ မနေနိုင်။ ဘယ်အချိန် ဘယ်ကာလကစ၍ ပေါ်လာသည် မသိသော အရေးအကြောင်း တချို့ကို မှန်နားကပ်လျက် ဘယ်ဖက်လှည့်ကာ၊ ညာဖက်လှည့်ကာ ကြည့်၏။ အရေးအကြောင်းတို့က ယခုလို ကိုယ်ထင်ပြလာတော့လည်း မေသီတစ်ယောက် ပြင်ပအကူအညီယူရတော့မည်ရယ်လို့ ဆုံးဖြတ်လိုက်ရတော့သည်။
          ထို့ကြောင့်ပင် ဈေးဆိုင်၏ ထိုနေရာသို့ ရောက်လာရလေပြီ။ တကယ်တော့ တစ်သက်လုံးက သနပ်ခါးနှင့် အသားမပတ်ရုံ မျက်နှာလိမ်းဆေးရည်သာ လိမ်းခဲ့သည်မို့ ဘယ်ကစ၍ ဘာကိုဝယ်ရမည် မသိ။ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကတော့  anti-wrinkle, anti-oxidant လို့ဆိုသည်ပဲ။ ပုလင်းသေးသေးနှင့် ကြီးလှသော ဈေးများက ဘာမှမဟုတ်သလိုပင် ၀ယ်သူတွေကတော့ ၀ယ်နေကြ၏။ ဒီအချိန်ကို ဘယ်လိုရောက်ခဲ့သည်ရယ်လို့ မေသီ မမှတ်မိ။ လွန်ခဲ့သော ဆယ့်ငါးနှစ်ဆိုသည်မှာ ကြိုးပြတ်သွားသည့် စွန်လေးတစ်ကောင်လို မျက်စိရှေ့ကနေ ဝေးဝေးသွားခဲ့ပြီ။
          အာရှတိုက်သားများက နုပျိုလှသည်ဟု မေသီ့ ဘေးပတ်ဝန်းကျင်မှ နိုင်ငံခြားသားအများစုက အထင်ရောက်ပြီးသားပင်။ လူကောင်ထွားထွား အနောက်နိုင်ငံသားများကြား သည်လို အထင်ခံရသည်မှာလည်း မဆန်းလှ။ နှစ်အစိတ်ကျော်လို့ သုံးဆယ်ဖက်ဦးတည်သည့် အချိန်တုန်းကပင် မေသီ့ကို ကောလိပ်ကျောင်းသူနှင့် မှားလားမှားရဲ့။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လို့ ဆိုလာသူများကိုတော့ ပိုလွန်းပြီဟု ငြင်းဆန်သော်လည်း စိတ်ထဲက ကျိတ်၍ကျေနပ်စမြဲ။ အသက်အမှန်ကို ဆိုလျှင်ပင် ညာနေတာပါလို့ စချင်သည့် သူများကလည်း ရှိသေးသည်။ တကယ်တော့ မေသီက အသက်အမှန် ဖွင့်ပြောရသည်ကို ၀န်လေးနေမည့် မိန်းမတော့ မဟုတ်။ အသက်အမှန်ကို ပြောခြင်းဖြင့် သူဘယ်လောက်နုကြောင်းကို မော်ကြွားချင်သည်လည်း ပါမည်ပေါ့ရယ်လို့တော့ မေသီ့ကို အပြစ်မဆိုသာ။
          ခုတော့ စိတ်ကြီးဝင်နေသော မေသီ့ကို ဘယ်အချိန်ကမသိ ၀င်လာသော ဇရာက ကိုယ်ထင်ပြလာလေပြီ။ အခုတလော ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ကလေးတွေ၏ အန်တီဟူသော ခေါ်သံက နားထဲကို ကန့်လန့်ဝင်တတ်လေသည်။ ခုနှစ်နှစ်လောက်သာ ငယ်သော မောင်လေး၏ သူငယ်ချင်းက ဖုန်းပေါ်မှာ အန်တီလို့ ခေါ်လိုက်သည့်အခါမှာတော့ စိတ်တို၍ မဆုံး။ အခုတလော အရောင်ရင့်ရင့်တွေဝတ်တာကို ရှောင်နေလိုက်သည်။ အရောင်ရင့်တွေက လူကို ရင့်စေသည်ဟု ဆိုကြသည်။ ဒီနေ့တော့ ရောက်တတ်ရာရာ စဉ်းစားရင်း လမ်းလျှောက်လာသည်မှာ ဘဏ်ကိုပင်ရောက်လာတော့သည်။ စာရေးမလေးက ငွေထုတ်ဖို့ ကူညီနေတုန်း ဖော်ဖော်ရွေရွေပင် စကားပြော၏။
          “စာမေးပွဲတွေ နီးလာပြီနော်။ စာသင်နှစ်လည်း ကုန်တော့မယ် ဆိုတော့ ကျောင်းပိတ်တော့မှာပေါ့။”
          “ရှင်…သြော် ကျွန်မက တက္ကသိုလ် ကျောင်းသူ မဟုတ်တော့ဘူး ရှင့်။”
          မေသီ အံသြကျေနပ်စွာနှင့်ပင် ပြန်ဖြေ၏။
          “ဟုတ်လား။ အစ်မကို ကြည့်ရတာ တက္ကသိုလ်ကျောင်းသူလေး မှတ်လို့။ မှားသွားတာ။”
          “ရပါတယ်။ အမှားကောင်း လို့ပဲ ယူဆလိုက်ပါမယ် ဟင်း…ဟင်း။”
          မှန်တံခါးကို တွန်းပြီးထွက်လာတော့ ကိုယ့်အရိပ်ကိုယ်ပြန်မြင်ရသည်။ ဆံပင်အလွှာပုံ၊ နားဆွဲ မျှင်မျှင်၊ ချည်သားလက်တို ဂါဝန်ကို ခါးပတ်သေးသေးလေးနှင့် ၀တ်ထားသော မေသီ့ကို ဘယ်သူက အသက်သုံးဆယ်နှစ်နှစ်လို့ ထင်မည်လဲလေ။ ဒီလိုဆိုတော့လည်း လောကကြီးက လှပလို့နေသည်။
xxx
          သမားဆို အိုမှ ဆိုသည့် စကားကို ကြားဖူးသော်လည်း တစ်ခါမှ အလေးအနက် မစဉ်းစားဖူး။ သေချာစဉ်းစားကြည့်တော့လည်း မှန်သားဟု တွေးမိသည်။ ဒါပေမယ့် သမားအိုတို့ဟာလည်း တချိန်ကတော့ ပျိုခဲ့တာပါပဲလို့ စုသက် အထွန့်တက်ချင်ပါသည်။ အခုတော့ စုသက် ကြုံနေရသော အတွေ့အကြုံကို ပျိုရွယ်သော သမားတိုင်းကြုံရမည် ထင်၏။ သို့ပေမယ့် စုသက်အတွက် ပိုသော အတွေ့အကြုံကတော့ စုသက်သည် သက်တူရွယ်တူ အတော်များများထက် ပိုငယ်သည့်ပုံပေါ် နေခြင်းပါပဲ။ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းနှင့် စုသက်ကို မသိသူတော်တော်များများက အထက်တန်းကျောင်းသူဟု ထင်ကြသည်။ လူကောင်ကလည်း သေးကာ အရပ်လည်းပုသည်မို့ အားကိုးချင်စရာမရှိဟု သူငယ်ချင်းတွေက ၀ိုင်းစကြသေး၏။
ဆေးကျောင်းဆင်းကာစ ဆရာဝန်ပေါက်စဘ၀သည် ကျောင်းသူဘ၀ ပြန်ရောက်သွားသလိုပင်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံမှအမှုထမ်း အတော်များများက ကိုယ့်ထက် အတွေ့အကြုံများကြသူတွေချည်းသာ။ House surgeon ဆင်းကာစက လူနာတွေရှေ့ရောက်လျှင်ပဲ ပေါက်ကရမလုပ်မပြော ရအောင် သတိထားနေရ၏။ ဒီကြားထဲမှာ အချို့လူနာတွေက စုသက်ကို ဆရာဝန်လို့ပင် မထင်ကြ။ ဆေးရုံမှာ လာစောင့်သော လူနာတစ်ယောက်ယောက်၏ သမီးလို့ ထင်လိုထင်။ ဆရာဝန်၊ ဆရာမတို့နှင့် လိုက်လာသော ကလေးမတစ်ယောက်လို့ ထင်လိုထင်။ ကသိကအောက် နိုင်လှသည်။ ကိုယ့်ထက် အတန်းငယ်သူများကလည်း စုသက်ကို သူတို့နှင့် အတန်းတူလို့သာ ယူဆကြ၏။
ထို့ကြောင့်ပင် ကိုယ်လုပ်နိုင်သည့် အပိုင်းဖြစ်သော အ၀တ်အစား အပြင်အဆင်ကို ဂရုစိုက်ရပေ၏။ အရင်တုန်းက ၀တ်လေ့ရှိသော တီရှပ်အရောင်စုံလေးများအစား လူကြီးဆန်သော ဘလောက်စ်အင်္ကျီ၊ ရင်စေ့အင်္ကျီဝမ်းဆက်များကိုသာ ၀တ်ဖြစ်တော့၏။ အရောင်ကိုလည်း ခပ်မှိုင်းမှိုင်း ခပ်ရင့်ရင့်များသာ ရွေးချယ်ဖြစ်သည်။ ဆံပင်ရှည်ကိုလည်း ထုံးရပြန်၏။ ဒီလိုဆိုတော့လည်း လူရိုသေ ရှင်ရိုသေ ပုံစံလောက်တော့ ဖြစ်လာ၏။ ပြီးတော့ နည်းနည်းထူသော ကတ္တီပါဖိနပ်ကိုစီးကာ လူကြီးဂိုက်ဖမ်းနေလိုက်သည်။
“ဆရာမ ကျွန်မအမေ မောနေလို့ လာကြည့်ပေးပါဦး။”
မိန်းကလေးတစ်ယောက်က ဆေးရုံထဲမှာလှည့်နေသော စုသက်ကို အပြေးအလွှားလာခေါ် ရှာ၏။ မိန်းကလေးနောက်ကို အပြေးလိုက်လာရင်း လူနာကို စမ်းသပ်ပေးရင်းနှင့် တစ်နေ့လည်လုံး အလုပ်ရှုပ်နေတော့၏။ အခုလိုလူနာတွေက အားကိုးတကြီး အထင်တကြီးရှိသည် ဆိုလျှင် အဖွားကြီး ပုံပေါက်မည်ဆိုလည်း ပေါက်ပါစေတော့။ စုသက်ကျေနပ် နေမည်သာ။
xxx
“ဖွားစောက နုတယ်နော်။ အသက်ခြောက်ဆယ်လောက်ပဲ ထင်ရတာ။”
ရှစ်ဆယ်နားနီးပြီ ဖြစ်သော်လည်း ဖွားစောဆံပင်အချို့က နက်မှောင်နေဆဲ။ သွားတို့က ခိုင်မာဆဲ။ ဇရာကို မလွန်ဆန်နိုင်သော လူတို့၏ သဘောသဘာဝ အတိုင်းမျက်နှာမှာ အရေးအကြောင်းတို့က ထင်နေပြီဖြစ်သော်လည်း အသက်အရွယ်နှင့် စာလျှင် တိမ်လှသည်ဟု ဆိုရပေမည်။ ငယ်ငယ်ကပင် အသားအရေ စိုပြည်ပြီး လှပသူမို့ ယခုအသက်ကြီးသည် အထိလည်း ကြည့်ကောင်းနေဆဲ။ သပ်သပ်ရပ်ရပ်လည်း နေတတ်သူမို့ လူတိုင်းက ဒေါ်စောကို ခုနှစ်ဆယ်ကျော်ဟု မထင်ကြ။ အကြောင်းသိပ်မသိသည့် လူအချို့က ဆိုလျှင် ဒေါ်စော၏ သမီးကြီးကို ဒေါ်စောနှင့် ညီအစ်မတော်သည်ဟု ဆိုကြသေးသည်။
“ဖွားဖွားက သိပ်နုတာပဲ။ ဘာတွေလုပ်၊ ဘာတွေစားလို့လဲဟင်။ လျှို့ဝှက်ချက်လေး ဘာလေး ပြောပြပါဦး။”
သမီးကြီးမှ မွေးသော မြေးမအကြီးဆုံးမြိုင်က စိတ်ကူးပေါက်လျှင် အနားကပ်ကာ မေးတတ်သော မေးခွန်းဖြစ်၏။ မြိုင်ဆိုလျှင်ပင် အသက်သုံးဆယ်နားသို့ ဦးတည်နေပေပြီ။ ဒီလိုဆိုတော့ ဖွားစော ဖြတ်သန်းခဲ့ရသော နှစ်ပေါင်းက မနည်းတော့ဟု ကိုယ့်ဟာကိုယ် တခါတလေ ဆင်ခြင်မိသည်။ ဂျပန်ခေတ်၊ လွတ်လပ်ပြီးခေတ်တို့ကနေပြီး အင်တာနက်ခေတ်၊ chatting ခေတ်ကိုရောက်လာသည်မှာ တွေးကြည့်တော့လည်း အံ့သြစရာပင်။ ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေ အမျိုးမျိုးအထွေထွေကို ကြုံခဲ့ပြီးပြီ။ သမီးတို့အဖေကြီးကတော့ အဖွားလောက် ကုသိုလ်ကံမကောင်းဘူးလို့ပင် ဆိုရမည်လား။ အသက် ခြောက်ဆယ်နားနီးချိန်မှာပင် ဆုံးသွားခဲ့သည်။ အိုခြင်း၏ ဒုက္ခတွေကို ကြာရှာမခံစားရဘူးဟုသာ အဖွား တခါတလေတော့လည်း ဖြေတွေးတွေးချင်သည်။
အခုတော့ အဖွားမှာ ရောဂါကြီးကြီးမားမား မရှိလှသော်လည်း ဇရာဆိုသည်ကတော့ လူတို့ကို အနိုင်ယူစမြဲ။ အသက်ငယ်တုန်းက ယောက်ျားနှင့် ရင်ဘောင်တန်း၍ စီးပွားရှာခဲ့သော မစော၊ လုပ်စရာရှိလျှင် စိတ်မြန်လက်မြန်နှင့် လုပ်တတ်သော မစော၊ သွက်လက်ချက်ချာ၍ စိတ်ထက်လှပါသည်ဟု အများက သတ်မှတ်ကြသော မစော။ အခုတော့ ထိုင်ရာက ထဖို့၊ ပစ္စည်းလေးတစ်ခုယူဖို့ အတွက်ပဲ မြေးမတွေကို အားကိုးနေရ၏။ အရင်က အားလပ်ချိန်တိုင်း စာဖတ်ခဲ့သလို အခုကောင်းကောင်း မဖတ်နိုင်တော့။ မျက်စိက မကောင်းတော့သလို အာရုံလည်း ကြာကြာ မစိုက်နိုင်။ အိမ်ထဲမှာ လျှောက်နိုင်သွားနိုင်နေသော်လည်း အရင်ကလို မသွက်လက်တော့။ ဖွားဖွားကလည်း မြန်မြန်လျှောက်ပါဟု အလိုက်မသိတတ်သော မြေးမ အငယ်လှိုင်က တခါတလေ ဆိုတတ်သေးသည်။ နင်တို့ အသက်ကြီးတော့ သိလိမ့်မယ်ဟု အဖွားကဆိုမှပင် သမီးကြီးက လှိုင့်ကို တိတ်တိတ်ကြိတ်၍ ဆူတော့သည်။
            အဖွားနုလှပါသည်ဟု ဘယ်သူတွေ ဘာပြောပြော အဖွားကတော့  မှန်မကြည့်ဖြစ်တာပင် ကြာပေပြီ။ အသက်ရှစ်ဆယ်နားနီးမှတော့ ပိုနုလျှင်လည်း ဘာထူးတော့မည်နည်း။ အရေပြားတစ်ထောက်စာ အလှဆိုသည်ကို အဖွားနားလည် ပေပြီ။ သေမင်းအတွက် အဖွားက လှနေဖို့ လိုသေးလို့လားဟု စိတ်ပေါက်လျှင် တွေးမိပြီ။ အခုအချိန်မှာသာ ဖြစ်နိုင်မည်ဆိုလျှင် သူတစ်ပါးကို အားမကိုးရဘဲနှင့် သွားလာလုပ်ကိုင်ရခြင်းကို အဖွား၏ နုပျိုသောရုပ်ရည်နှင့် လဲလှယ်ဖြစ်လိမ့်မည်မှာ သေချာနေတော့၏။

ရိပ်မွန်
Women's World Journal Vol. 2 Issue 40

2 comments:

Anonymous said...

ကောင်း၏

ပုံရိပ် / Pon Yate said...

ဟုတ်၏။ :p