Sunday, 13 April 2014

အိပ်မက်မြူ(၁)



          ဘုရားရေ…။ ဘာတွေ ဖြစ်ကုန်ပြီလဲ…။ အာရုံတွေ အားလုံးစုစည်းဖို့ အတွက် စု နားထောင်နေသည့် သီချင်းသံကို တဖြည်းဖြည်းနှင့် တိုးလိုက်ရသည်။ အမှတ်တမဲ့ လာနေသော လင်ဒါရွမ်းဆတက်ဒ်၏ သီချင်းသည်ပင် စုကို မဆွဲဆောင်နိုင်တော့။ ရန်ကုန်သည် နိုင်ငံတကာ သတင်းထဲတွင် နေရာအများကြီး ရနေကျမဟုတ်ဘူးလေ။ ခုတော့ ခေါင်းစီးထဲမှာ ပါလာတယ်ဆိုတော့။
          “အမျိုးအမည်မသိသော မြူထုကြီးသည် အရှေ့တောင် အာရှကို လွှမ်းမိုးတော့မည်လား” ဆိုပါလား။ မောက်စ်ကို သွက်သွက်ရွှေ့ရင်းနှင့် သတင်းတစ်ပုဒ်က ဆုံးသွားလေသည်။ ဘာမှ ရေရေရာရာ မသိရ။ အကျဉ်းချုပ်တော့ တောင်တရုတ်ပင်လယ်ဖက်မှ ဘာကြောင့်မှန်းမသိ မြူတွေတက်လာသည်တဲ့။ တစ်ရက်အတွင်းမှာပင် ဗီယက်နမ်နှင့် လောနိုင်ငံတို့၏ အစိတ်အပိုင်းတချို့ကို လွှမ်းမိုးသွားခဲ့ပြီ။ ပြီးတော့ အနောက်ဖက်ကို ဆက်၍ ရွေ့လျားနေသည်တဲ့။ ထို့ကြောင့်ပင် ရက်အနည်းငယ်အတွင်း ယိုးဒယားနှင့် မြန်မာနိုင်ငံတောင်ပိုင်းသည်လည်း မြူတွေဆိုင်းသွားနိုင်သည်ဟု ဟောချက်ထုတ်ထားပြန်၏။ ယခုအချိန်အထိတော့ မြူဆိုင်းနေသော နိုင်ငံမှ လူအများ ခရီးသွားလာရေး ခက်ခဲသည်မှ အပ ဘာမှထိခိုက်မှု မရှိဟု ဆိုထား၍ စု တမျိုးတော့ စိတ်အေးရသည်။ သို့ပေမယ့် ရန်ကုန်မြို့နေ နှင့် ဘန်ကောက်မြို့နေ လူအချို့ကတော့ ခေတ္တခဏဖြစ်ဖြစ် ပြောင်းပြေးရန် စီစဉ်နေကြသည်။
          စု ချက်ချင်းဖုံးကို ကောက်ကိုင်လိုက်၏။
          “မေမေ…။”
          “စုလား…။ သမီး ဘာဖြစ်လို့လဲ။”
          “ဘာမှ မဖြစ်ဘူး မေမေ။ မေမေတို့ကို စိတ်ပူလို့ ဆက်လိုက်တာ။ သတင်းတွေ စုတွေ့တယ်။ ရန်ကုန်ရဲ့ အခြေအနေ ဘယ်လိုလဲ။”
          “သြော်…ဒါလား။ စိတ်မပူပါနဲ့။ မေမေတို့လည်း သတင်းတွေ စောင့်ကြည့်နေပါတယ်။”
          “မေမေတို့ မန္တလေးက ကြီးကြီးတို့ဆီ ဖြစ်ဖြစ်ခဏ ရှောင်နေလိုက်ပါလား။ အားလုံး အေးအေးဆေးဆေး ဖြစ်မှ ပြန်လာပေါ့။”
          “မဖြစ်သေးပါဘူး သမီးရယ်။ ဒီမှာ ရှိနေတဲ့ ဆိုင်က မေမေ မရှိရင် မဖြစ်ဘူး။ ပြီးတော့ အခုအထိလည်း ဘာမှ အန္တရာယ်ရှိတယ် ရယ်လို့မှ မကြားသေးဘဲ။”
          ခေါင်းမာလှသော မေမေ့ကို ပြောလို့ ရမည်မဟုတ်သည်ကို စု သိသော်လည်း စိတ်ပူလို့ ပြောမိသည်သာ။ ဖေဖေ့ကိုတော့ သတိရသား။ ဖုန်းဆက်လျှင် ကောင်းမည် ထင်ပါရဲ့လို့ စိတ်ထဲတွေးသော်လည်း ဟိုမိန်းမကြီးနှင့် တိုးနေဦးမည်ဟူသော အတွေးက ချက်ချင်းပင် အဆိုပြုချက်ကို ပယ်ချလိုက်သည်။ မယားငယ် ဆိုသော အသုံးအနှုန်းဖြင့် ရင့်ရင့်သီးသီးပင် စိတ်ထဲက အော်ပစ်လိုက်သည်။ တရိပ်ရိပ်တက်လာသော မုန်းတီးစိတ်တို့ကို မျိုချပစ်လိုက်သည်။ မြို့ထဲနှင့် စမ်းချောင်း၏ အခြေအနေက ပြောပလောက်အောင် ကွာခြားမည်မှ မဟုတ်ဘဲ။ မေမေ့ဆီက တစ်ဆင့်သာ အခြေအနေကို နားထောင်လိုက်တော့မည်။        
          စာတိုက်ပုံး ခိုအိမ်လေးတွေထဲကို စာတွေ ထည့်သော အလုပ်ကို စု လုပ်ခဲ့ဖူးသည်။ စာတိုက်ပုံးနံပါတ်နှင့် နာမည်ကိုစစ်၍ စာတွေကို မှန်မှန်ကန်ကန် ပုံးထဲထည့်။ စစ်လိုက်၊ ထည့်လိုက်နှင့် စာပုံကြီးကို ရှင်းနေလျက်ကနေ စာတွေက ထပ်ရောက်လာပြန်ကာ လျော့၍ မသွားနိုင်သော စာပုံကြီးကို ကြည့်၍ စိတ်ညစ်ခဲ့ရသည့် အရသာကို စု ခံစားခဲ့ဖူးသည်။ အခုလည်း စု ဘ၀က သည်လိုပါပဲ။ တဇတ်ဇတ်နှင့် နေ့စဉ် နိစ္စဒူဝတွေကိုရှင်းနေလျက်က လျော့မသွားဘဲ လုပ်စရာတွေက ထပ်နေမြဲ။ သည်လိုသာ လည်ပတ်နေသော စုရဲ့ တစ်နေ့တာ အတွက်တော့ ဒီနေ့မှာ တမူထူးခြားသွားခဲ့သည်။ ဘာတွေ ဆက်ဖြစ်လာမည် ဆိုတာတော့ စောင့်ကြည့်ရဦးမည်။ ဒါပေမယ့် သည်လို အခြေအနေတွေ ကြုံရပြီ ဆိုလျှင် သဘာဝအတိုင်း စုတွေးမိလေသည်။ ငါ ဒီအခြေအနေကို ဘယ်လို ရောက်လာတာပါလိမ့်။

No comments: