“နာမည်က စုနော်။
စု…စု ဆိုတော့…။”
“ဟုတ်ပါတယ်။ အဲဒီ စာလုံးက တူတူပါပဲ။”
“မြန်မာ နာမည်တွေထဲမှာ လူပေးများတဲ့ နာမည်များလား။”
“ဆိုပါတော့လေ…။”
“ကိုယ့်နာမည်က နိုင်ဂျာ။”
“ဘယ်လိုရယ်….နင်ဂျာ ဟုတ်လား။”
“နိုင်ဂျာပါ။ အာဖရိက ကနိုင်ငံတစ်ခုနဲ့ နာမည်
တူတူပဲ။”
“စိတ်မကောင်းပါဘူး။ ကိုယ် တကယ့်ကို မကြားလိုက်လို့ပါ။”
“မင်းက မြန်မာပြည်ကနေ ဘာလို့ ထွက်လာတာလဲ။”
“ဒီလိုပါပဲ။ ဒီနိုင်ငံမှာ ကျောင်းတက်ဖို့
အခွင့်အရေး ရလို့ ဆိုပါတော့။”
“နိုင်ငံရေး အခြေအနေကြောင့်လား။ ကျောင်းတွေလည်းပိတ်သွားသေးတယ်
နော်။”
“ဆိုပါတော့။ အဲဒီ အကြောင်းပြချက်လည်း ပါမှာပေါ့လေ။”
“ပြောရေး ဆိုခွင့် လွတ်လပ်မှု မရှိဘူးလား။
အဲဒီ အချက်က မင်းအတွက်များ အရေးပါသလား။”
“အင်းလေ…လွတ်လပ်တာ ကောင်းသားပဲ။ လူတိုင်း
လွတ်လပ်တာကို ကြိုက်တာပေါ့။ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရလို့ လိုက်ပိတ်ပင်တာ ဘယ်ကြိုက်မလဲနော်။”
“မင်းက ကျောင်းသားတစ်ယောက် အနေနဲ့ လှုပ်ရှားမှုတွေဘာတွေမှာ
ဝင်ပါခဲ့သေးလား။ ဆန္ဒပြတာတွေ ဘာတွေရော။ ဒီလိုအကြောင်းအရာတွေကြောင့် မို့လို့ နိုင်ငံထဲကနေ
ထွက်လာတာများလား။”
“ကိုယ် ရှင်းရှင်း ပြောရမလား။ ဟန်မဆောင်ဘဲနဲ့
ပြောရမလား။”
“ပြောလေ…။ နားထောင်နေပါတယ်။”
“ကိုယ်ဟာ လှုံ့ဆော်သူ တစ်ယောက်လည်း မဟုတ်ဘူး။
မင်းမျှော်လင့်သလို ကိုယ် သိပ်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒါတွေ တစ်ခုမှ ကိုယ်ဝင်မလုပ်ခဲ့ဖူးဘူး။
ကိုယ်ဒီနိုင်ငံကို ရောက်လာရတဲ့ အကြောင်းကလည်း အင်မတန် ရိုးရှင်းပါတယ်။ အိမ်မှာ မနေချင်လို့
အိမ်နဲ့ ဝေးတဲ့ နေရာကို ထွက်လာတာပဲ။”
အံ့သြတကြီး ငေးကြည့်ကာ ကျန်ခဲ့သော နိုင်ဂျားကို
ကျောခိုင်းလျက်က ရယ်ချင်စိတ်ကို မျိုသိပ်ပစ်လိုက်သည်။ စုကတော့ ကိုယ်ဘာလုပ်ချင်သလဲ ဆိုတာကို
ကိုယ်သိသည်။ ကိုယ်ဘာပြောချင်လဲ ဆိုတာ ကိုယ်သိသည်။ သူတပါးက ကိုယ့်ကို ဘာပြောစေချင်သလဲ
ဆိုတာတော့ (အဲဒီအချိန်တုန်းက) သင်ယူဆဲ ရှိသေး၏။ သည်နေရာ၊ သည်ဒေသက လာလျှင် သည်လို စကားမျိုး၊
သည်လို နောက်ခံမျိုး ရှိစေချင်သည်မှာ လူတွေ၏ မျှော်လင့်ချက်လား။ အားနည်းချက်လား။ ထိုအတွေးက
စု ရောက်လာပြီး နှစ်နှစ်လောက်ကြာမှ တဖြည်းဖြည်း လက်ခံလာသည့် အတွေးမျိုး။
သည်နိုင်ငံကို စရောက်လာကာစက စု တစ်ယောက်
ကိုယ့်ကိုယ်ကို အလွန် သနားတတ်ခဲ့သည်။ လူပြက်များ ပြောသလိုပဲ။ ရာသီဥတုက မကောင်း၊ ရာသီဥတုက
ကောင်းတော့ အခြေအနေက မပေး။ သည်လိုနှင့် ဆင်ခြေတွေများခဲ့သည်။ သိမ်ငယ် တတ်သည်။ အလွယ်တကူ
အားလျော့တတ်သည်။ မျက်ရည်ကျတတ်သည်။ ဒေါသထွက်တတ်သည်။ ဒါပေမယ့်လည်း ဘေးနားပတ်ဝန်းကျင်ကို
ကြည့်လိုက်တော့ ဇင်ဘာဘွေမှ အန်ဒရီရာသည် ငွေကြေးဖောင်းပွမှုနှင့် မူဂါဘေ အကြောင်းတို့ကို
ညည်းညူလျက်ရှိသည်။ ကွန်ဂိုမှ မာရီရာတာသည် ပြည်တွင်းစစ်အကြောင်းကို စုတို့အား စီကာပတ်ကုံး
ပြောပြလေသည်။ ပြီးတော့ မက်ဆီကိုသား မခ်ဂယ်လ်ထံမှ မူးယစ်ဆေးဝါးတိုက်ပွဲများ အကြောင်း၊
နီပေါသား နန္ဒဆီမှ ရှားပါးခြင်းများ အကြောင်း။ ကမ္ဘာကြီးတွင် ကောင်းမှုထက် မကောင်းမှုတို့က
လွှမ်းမိုးလေသလား။ တတိယနိုင်ငံတွေပဲလားဟု ဆိုမည်လုပ်တော့ ဟောလိဝုဒ်၏ မြို့တော် လော့စ်အိန်ဂျယ်လ်လစ်စ်
ဆင်းရဲသား ရပ်ကွက်မှ လာသော မာရီယာနှင့် ချီကာဂိုမှ မိုက်ကယ်လ်တို့ သည် သူတို့ရပ်ကွက်ထဲမှ
ဆေးဂိုဏ်းသားများနှင့် သေနတ်များ အကြောင်းပြောပြလေ၏။ ရုပ်ရှင်ထဲမှာလို ပြည်သူ့ရဲများ
ဝိုင်းရုံမျှနှင့် မဖြိုဖျက်နိုင်သော ဒုစရိုက်မှုနှင့် ရက်စက်မှုတို့သည် လူမျိုးမရွေး၊
ကိုးကွယ်ရာ ဘာသာ မရွေး နေရာတကာ၌ လွှမ်းမိုးလေသည်ဟု စု ၀မ်းနည်းစွာ ယုံကြည် လက်ခံရလေတော့သည်။
ပြီးတော့ စု၏ အခန်းဖော် လူမည်းမလေးထံမှ၊
အတန်းဖော် အခြောက်ကောင်လေးထံမှ မပြီးသေးသော အခွင့်အရေးတိုက်ပွဲများ အကြောင်းကို သင်ယူရသေး၏။
သည်လိုဆိုတော့ ဘာကြောင့် မိကျောင်းမျက်ရည်*တို့ အလွယ်တကူ မကျတတ်သည်ကို ရေးတေးတေး သဘောပေါက်ချင်လာ၏။
ဟင့်အင်း…စုကတော့ အားရအောင် ငိုလိုက်မည်။ ကိုယ့်အတွက်လည်း ငိုမည်။ အန်ဒရီရာတို့…၊ မာရီရာတာတို့…၊
မာရီယာတို့…အားလုံးအတွက်လည်း ငိုမည်။ မျက်ရည်တွေ ခမ်းခြောက်သွားချင် သွားပါစေ။ ထိုခဏ၌
မျက်ရည်တို့သည် မြစ်ဖြစ်ကာ စုလည်း မိကျောင်းဖြစ်သွားလေသည်ကို အံ့သြစွာတွေ့ရလေသည်။
*crocodile tear= ဟန်ဆောင်မျက်ရည်
(ဆက်ရန်)
2 comments:
အပိုင်း ၁ ၂ ၃ အကုန်ဖတ်လိုက်တယ်. စု ဘဝ ခပ်ခါးခါး နိဒါန်းက ဆွဲခေါ်သွားတယ်. စု အကြောင်းတွေ ထပ်ပြောပြပါဦး ညီမရေ
စု အကြောင်း ဆက်ပြီး စဉ်းစား နေပါတယ် အစ်မရေ။
Post a Comment