Sunday, 8 September 2013

ဘလောက်ဂ်ဂင်းနှင့် စပ်လျဉ်း၍



ဒီစာကို ရေးမလို့ စဉ်းစားတာတော့ ပြီးခဲ့တဲ့ တစ်ပတ်ထဲကပါပဲ။ ဒါပေမယ့် ရာသီဥတုကလည်း မကောင်း၊ ရာသီဥတုက ကောင်းတော့လည်း အခြေအနေက မပေးဖြစ်နေတာနဲ့ပဲ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ဘလောက်ဂ်များနေ့ အမှတ်တရနဲ့ တပါတည်း ကိုယ်ပြောချင်တာလေးတွေ ဟိုရောက်ဒီရောက် ပြောဖို့ ရေးဖြစ်တာပါ။  
ဘလောက်ဂ်ကို စဖြစ်တဲ့ အချိန်က အရေးကြီးတဲ့ လှေကားတစ်ဆင့်ကို တက်ဖို့ ကြိုးစားနေချိန်ပါ။ ဒါပေမယ့် လုပ်စရာတွေ အင်မတန် များနေတဲ့ထဲကပဲ စိတ်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဘလောက်ဂ်ကို စခဲ့တယ်။ တစ်ခါတစ်လေ လုပ်စရာအလုပ်တွေကို ဘေးနားမှာ ပုံထားပြီး စာတွေရေးနေမိတဲ့ အထိ ဘလောက်ဂ်ရေးခြင်းကို စွဲခဲ့ပါတယ်။ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အရာလေးတစ်ချို့ဆိုလည်း စာထဲထည့်ရေးလိုက်ဦးမှ ဆိုပြီး အမြဲစဉ်းစားဖြစ်တယ်။ ပုံရိပ် ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ပုံရိပ်ယောင် ကမ္ဘာမှာ ပျော်နေတော့တာပဲ။
ပုံရိပ်ယောင် ကမ္ဘာက ပုံရိပ်မှာ စိတ်ဖိစီးမှုတွေ မရှိဘူး။ စိတ်ပူစရာ၊ စိတ်ရှုပ်ထွေးစရာတွေ မရှိဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ နှစ်သက်မှု အပြည့်ပဲ။ ဘ၀ရပ်တည်ရေး အတွက် မဟုတ်ပေမယ့်လည်း ပုံရိပ်ယောင် လောကမှာ ပျော်ရွှင်မှု ရှိတယ်။ ကျေနပ်မှု ရှိတယ်။ ဒါပေမယ့် ပုံရိပ်ရဲ့ အားနည်းချက်ကတော့ စာရေးကျဲခြင်းနဲ့ ဘလောက်ဂ်လောကကြီးနဲ့ ကောင်းကောင်း မရင်းနှီးခြင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျဲကျဲနဲ့ မှန်မှန်ပဲ ဘလောက်ဂ်လေးက ဆက်ပြီး တည်ရှိနေခဲ့တယ်။ ဘာလိုလိုနဲ့ စိတ်ကူးပုံရိပ်ရဲ့ သက်တမ်းဟာ ခြောက်နှစ်ရှိခဲ့ပါပြီ။
ဘလောက်ဂ်ရေးခြင်းရဲ့ ကောင်းခြင်းကတော့ ကိုယ့်စာကို လွတ်လပ်စွာ နှောင့်နှေးခြင်း မရှိ အများနဲ့ မျှဝေနိုင်ခြင်းပါပဲ။ စိတ်ထဲရှိတဲ့ အကြောင်းအရာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပြောနိုင်တယ်။ ပုံရိပ်ယောင် ကမ္ဘာမှာ အရောင်စုံ၊ အသွေးစုံပဲ။ တကယ် စဉ်းစားကြည့်မယ် ဆိုရင် အံ့သြ၀မ်းသာ စရာဟာ အချို့ ဘလောက်ဂ်ရောင်းရင်းတွေနဲ့ ခင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုတာပဲ။ ဘလောက်ဂ်ရောင်းရင်း အချို့လည်း တဖြည်းဖြည်းနဲ့ ပျောက်ကုန်ကြတယ်။ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းနဲ့ စီးပွားရေး၊ ကြီးပွားရေး၊ မိသားစုရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ လောကကြီးမှာ နေနေရတဲ့ ဘလောက်ဂ်တွေ ဆိုတော့လည်း ပျောက်ကုန်ကြတာ အပြစ်မဆိုသာပါဘူး။ သူတို့ကိုတော့ တစ်ခါတစ်လေ လွမ်းမိပါတယ်။
စရေးစကတော့ ကိုယ်ရေးတာလေး ကိုယ့်ဘလောက်ဂ်ပေါ်မှာပဲ တင်ဖြစ်ခဲ့တယ်။ နောက်တော့ အွန်လိုင်းမဂ္ဂဇင်းတွေကို ကိုယ့်စာအချို့ ပို့ဖို့ အကြံရလာတယ်။ ကိုယ်ရေးတဲ့ စာဆိုတော့ ပရိတ်သတ်များနိုင်သမျှ များအောင် ရည်ရွယ်တာ အမှန်ပဲ။ ဒီလိုနဲ့ ရေးတဲ့စာတွေကိုလည်း ပိုပြီး အရည်အသွေးကောင်းအောင် ကြိုးစားလာရတယ်။ (ပိုကောင်းလာသလားတော့ မသိဘူးပေါ့။ ဒါပေမယ့် စာရေးတဲ့ အလေ့အကျင့်လေး ပိုရလာပါတယ်။) မရေးဖူးတဲ့ အကြောင်းအရာအချို့ကို ရေးကြည့်ဖို့ ကြိုးစားဖြစ်တယ်။ မရေးဖူးတဲ့ဟန် အချို့ စမ်းသပ်ကြည့်ချင်တယ်။ စာတစ်အုပ်ဖတ်ရင်း ကိုယ်ကြိုက်တဲ့ ဟန်ပန်အချို့တွေ့ရင် ကိုယ်လည်း ဒီလိုဖန်တီးလို့ ရပါလားလို့ ခေါင်းထဲ အတွေးဝင်လာတတ်တယ်။ အဲဒီ အတွေးကနေ ဆင့်ပွားပြီး ရေးမယ့် အကြောင်းအရာကို ဆက်ပြီး စဉ်းစားနေတတ်တယ်။ အဲဒီလို စဉ်းစားရတာကိုက ပျော်စရာပါပဲ။
တကယ့်လောကမှာ စိတ်ညစ်စရာတွေများလာရင် ပုံရိပ်ယောင်ကမ္ဘာထဲ ပြေး..ပြေးဝင်မိတော့တယ်။ အပြင်လောကက ပုံရိပ်စစ်နဲ့ ဘလောက်ဂ်လောကက ပုံရိပ်ယောင်ကို ခွဲခြားထားမိတယ်။ ဒါကြောင့်လည်း ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ မရေးဖြစ်မိသလောက်ပဲ။ ပုံရိပ်စစ်ဟာ ဘယ်သူဆိုတာကို စာဖတ်သူအနေနဲ့ တွဲမမြင်စေချင်ဘူး။ တွဲမြင်နေရင် ဖတ်တဲ့စာအပေါ်မှာ လွှမ်းမိုးမှုများ ရှိနေမလားလို့။  တကယ်တော့လည်း ပုံရိပ်စစ်ဟာ အရေးမကြီးလှပါဘူး။ ကိုယ်ကြိုက်တာတွေရော မကြိုက်တာတွေပါ ရောနှောနေတဲ့ ပုံရိပ်တစ်ခုပါ။ ပုံရိပ်ယောင် လောကမှာတော့ ကိုယ်ကိုယ့်ကို (အတိုင်းအတာတစ်ခု အထိ) ဖန်တီးယူလို့ ရတယ် မဟုတ်လား။ ကြာတော့လည်း ဘယ်လောကမှာ ကိုယ်နေတယ်ဆိုတာ မကွဲပြားချင်တော့ဘူး။ သိပ္ပံစိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ် ဆိုရင်တော့ အပြိုင်လောက (parallel universe) တစ်ခုပေါ့။  
(ကိုရန်အောင်…နောက်နှစ်အတွက် ကြိုပြီး ရေးထားလိုက်ပြီ။)

Tuesday, 3 September 2013

ရှိတာ သွန်ပစ် စက်တင်ဘာနှစ်



အိတ်ထဲမှာ…

၁) လောကကြီးကို ခလုတ်နှိပ် ပိတ်ပစ်လိုက်ဖို့ သီချင်း တစ်ပုဒ်ရှိတယ်။
၂) ကိုယ့်မျက်ချေး ကိုယ်မြင်အောင် ကြည့်ပစ်လိုက်ဖို့ (ဖုန်တက်နေတဲ့) မှန်တစ်ချပ်ရှိတယ်။
၃) အရှုပ်တွေကို ရှင်းပစ်လိုက်ဖို့ ဘီးတစ်ချောင်း ရှိတယ်။
၎) မတော်တဆ ထိခိုက်မှုလေးတွေကို ပြင်ဆင်လိုက်ဖို့ အတွက် ပလာစတာလေးတွေ ရှိတယ်။
၅) လိုတရ အကုန်သုံး (နောက်ဆုံးမှ အကြွေးများနဲ့ ကိုယ့်ကိုထားခဲ့မယ့်) ကဒ်သုံးလေးငါး…ခြောက်…ခုနစ်….(အဟမ်း) ကဒ် ရှိတယ်။
၆) ဟိုဖွင့် ဒီဖွင့် ဖွင့်ဖို့ သော့လေးငါးစုံ ရှိတယ်။ (တစ်ခါတစ်လေ တံခါးတွေကို မမှတ်မိတတ်ဘူး။)
၇) တာဝန်ရှိသူလို့ အဓိပ္ပာယ်ရတဲ့ ကဒ်တစ်ကဒ်ရှိတယ်။ (ဘာတာဝန်လဲ ဆိုတာတော့ ကိုယ်သာ အသိဆုံး။)
၈) အထက်ကို တက်ဖို့၊ အောက်ကို ဆင်းဖို့၊ ပိတ်ထားတဲ့ တံခါးတွေဖို့ ကဒ်တစ်ကဒ်ရှိတယ်။
၉) အမုန်းတွေကို ဖိနှိပ်ပြီး ထည့်ထားတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ လိုရင် ထုတ်သုံးတယ်။ မလိုရင် ခေါက်ပြီး သိမ်းထားလိုက်မယ်။
၁၀) ရေမရောတဲ့ အပြုံးတစ်ပွင့် ရှိတယ်။ (သုံးရတဲ့ အကြိမ် နည်းများနည်းလာသလား။)
၁၁)ေ၀၀ါးနေတဲ့ လောကကြီးကို အကူကြည့်ဖို့ မျက်မှန်တစ်စုံရှိတယ်။
၁၂) ပြီးတော့….အေးအေးဆေးဆေး ၀င်ခွေနေတဲ့ မြွေတစ်ကောင် ရှိတယ်။ (အောင်မလေး)

(မသက်ဝေ ရေ အိတ်ထဲကို နှိုက်ကြည့်လိုက်ပြီနော်။)

Saturday, 24 August 2013

စာအုပ်ဟောင်းလေးများ အကြောင်း

     စာအုပ်တွေ ရောက်လာပြီဆိုကတည်းက သူပျော်နေခဲ့ပါသည်။ စာပို့သမား လက်ထဲက လက်ကမ်းယူလိုက်သော အထုပ်ကလေးသည် သူ့လက်ထဲမှာ စေးပိုင်စွာကျန်ရစ်သည်။
သူ့စိတ်ရွှင်လာပြီး လေလေးများပင် ချွန်လိုက်သေးသည်။ စာအုပ်ထုပ်ကို လက်ထဲမှာ
ချိန်ဆရင်း အိမ်ထဲဝင်လာခဲ့သည်။

     ကလေးတစ်ယောက်လို သိချင်ဇောနှင့် အထုပ်ကို ဖွင့်နေမိသည်။ ရုတ်တရက်
အထုပ်ကို ဖွင့်ရန်အတွက် ကတ်ကြေးရှာမတွေ့သည်ကိုပဲ စိတ်တိုနေမိသေး၏။
တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်းနေသောသူ့ဆီ ဖေဖေနှင့်မေမေက
အစားအသောက်များ အပြင် သတိတရ အမြဲပို့သည်က မြန်မာစာအုပ်လေးများ ဖြစ်သည်။
အခုတစ်ခါမှာတော့ စာအုပ်အဟောင်းများ ပို့ပေးလိုက်သည်ဟု ဆိုသည်။
 ရသကမ်းခြေ လပွတ္တာအွန်လိုင်း မဂ္ဂဇင်းမှ "စာအုပ်ဟောင်းလေးများ အကြောင်း" ကိုဒီနေရာတွင် ဆက်လက်အားပေး နိုင်ပါသည်။ 
http://www.lptmagazine.net/2013/08/blog-post_23.html

Monday, 3 June 2013

အိပ်မက်သူရဲ့ လမ်းကလေး

        နွေဦးရဲ့ သစ်ရွက်ကလေးတွေနဲ့ အတူ အေးခဲဖြူဆွတ်နေသော လမ်းကလေးမှာလည်း နွေးထွေး အရည်ပျော်လာခဲ့သည်။ လွန်ခဲ့သော တစ်လခန့်ကပင် ဆွတ်ဆွတ်ဖြူသော နှင်းတို့ဖုံးလွှမ်းနေခဲ့သော ဒီလမ်းလေးမှာ အခုမှပင် ပြန်၍ရုပ်လုံးပေါ်လာလေတော့သည်။ အရိုးပြိုင်းပြိုင်းနှင့် ဖွေးဖွေးလှုပ်နေခဲ့သော သစ်ကိုင်းသစ်ခက်တို့သည်လည်း အညွှန့်အဖူး တလူလူနှင့် စိမ်းမြစိုပြေစ ပြုလာနေပေပြီ။ အပြိုင်အဆိုင် ထိုးထွက်လာသော ရွက်ဖူးလေးတို့နှင့်အတူ မြို့သူမြို့သားတို့လည်း လမ်းပေါ်သို့ လွတ်ထွက်လာကြသည်။  ဟိုဟိုသည်သည် ကြည့်လိုက်လျှင်ပဲ ကျန်းမာရေးအတွက် ပြေးသည့်လူ၊ ခွေးကျောင်းသည့်လူ၊ လမ်းလျှောက်ထွက်လာသည့် လူ၊ မြက်ခင်းပေါ်မှာ လဲလျောင်းလျက် နေပူစာလုံနေသူတို့ဖြင့် လမ်းကလေးမှာ ပြည့်လျှံလို့နေသည်။
          မနက်စောစော နေရောင်အောက်က လမ်းကလေးမှာ ကျောင်းသားလူငယ်အချို့ကို တွေ့ရမည်။ စားသောက်ဆိုင်ရှေ့ တံမြက်စည်းလှည်း နေသောအလုပ်သမား အချို့ကို တွေ့ရမည်။ အလုပ်သွားဖို့ ထွက်လာသူ အချို့ကိုလည်း တွေ့ရမည်။ ကိုယ်လည်း ထိုလူတန်းစားထဲမှာ ပါဝင်မည်ပေါ့။ နှင်းတစ်ထပ်၊ ရေခဲတစ်ထပ် ဖြစ်မနေသော ပလက်ဖောင်းကို အားရအောင် နင်း၍ လမ်းလျှောက်မည်။ အဆီးအတားမရှိ ကျလာသော နေရောင်အောက်မှာ လမ်းလျှောက်မည်။ ဆောင်းတွင်းမှာ တစ်ကိုယ်လုံး နေရာလပ်မရှိအောင် ထုပ်ပိုးပြီး ခေါင်းမဖော်နိုင်ဘဲ နားရွက်ကုတ်ပြီး ခပ်သုတ်သုတ်သွားခဲ့ရသော လမ်းကလေးမှာ အခုတော့လည်း လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ငေးမောကာ သွားလာနိုင်ပေပြီ။ ဖြာကျလာသော နေရောင်ကို ခံယူလျက်က ပြာလွန်းလှသော ကောင်းကင်ကြီးကို မမြင်ဖူးသလို ခေါင်းမော့၍ကြည့်မိသည်မှာ အခါခါ။ တစ်ဆောင်းတွင်းလုံး ပုန်းနေကြသော ငှက်ကလေးတို့လည်း သစ်ပင်ပေါ်မှာ ကျီကျီကျာကျာ ဆိုမြည်နေကြလေပြီ။
          မြက်ခင်းဘေးမှာ ပန်းဝါ၀ါလေးတို့က ဟိုတစ်စသည်တစ်စ ကျဲပက်ထားသလို ပေါက်နေကြသည်။ ကမ္ဗလာခြုံထည်ထဲ ရွှေဝါရောင်ထည့်ရက်ထားသလိုပေါ့ဟု ကဗျာဆန်ဆန်တွေးချင်သည်။ မြက်ခင်းပေါ်မှာ အသားညိုချင်ရှာသော အသားဖြူ ကလေးမတစ်ယောက်မဟုတ် တစ်ယောက်ကို တွေ့ရမည်။ တစ်ယောက်ထက်မကလည်း ဖြစ်နိုင်သေး၏။ အသားမည်းမှာစိုးရိမ်၍ အင်္ကျီလက်ရှည် ၀တ်ရသော ကိုယ်ကတော့ သူတို့ကို ကြည့်ကာ ကျိတ်၍ရယ်မည်။
ညနေခင်းတွင်တော့ မတွေ့တာကြာပြီ ဖြစ်သော ခြေသလုံးအိမ်တိုင် အဖိုးအိုကို ပြန်တွေ့ရပြန်သည်။ သူ၏ ဂစ်တာသံမှာ ချိုလှသည်။ သူ့ရှေ့မှာ ချထားသော ခွက်ကလေးသည်လည်း ကျပ်တန်တို့ဖြင့် ဝေဆာနေသည်။ ခြေသလုံးအိမ်တိုင် လူရွယ်ကတော့ စားသောက်ဆိုင် တစ်ခုဘေးမှာ ထိုင်လို့နေ၏။ သူ့ဘေးမှာတော့ ကျန်းမာခန့်ညားသော ခွေးကြီးတစ်ကောင်။ စားသောက်ဆိုင်ရှေ့ ပလက်ဖောင်းမှာ စားပွဲကုလားထိုင်တို့ချထားလျက် ညနေစာစားသူများဖြင့် ပြည့်လို့နေသည်။ ၀တ်ကောင်းစားလှနှင့် ကျကျနန စားနေသူတို့၏ ပန်းကန်ထဲ လှမ်းကြည့်လျှင် ဒေါ်လာနှစ်ဆယ်ထက် မနည်းသော ညနေစာတစ်ခွက်ကို ၀ိုင်တစ်ခွက်နှင့် တွေ့ရမည်သာ။ အရှေ့အလယ်ပိုင်းစာ ရောင်းသော ဆိုင်တစ်ဆိုင်ရှေ့မှာတော့ သံပုရာခြမ်းဦးထုပ်နှင့် လူငယ်သည် နံပြား (သို့မဟုတ်) ချာပါတီကို လက်နှင့် နှိုက်ကာ အားရပါးရစားနေ၏။  ဇွန်းခက်ရင်းနှင့် ဟန်ကျပန်ကျသူများကြား လက်နှင့်စားသူကို တွေ့တော့ ကိုယ်ပြုံးမိသည်။ စာအုပ်အဟောင်းရောင်းသော ဆိုင်ရှေ့မှာတော့ တစ်ဒေါ်လာတန်စာအုပ်များကို အပြင်ထုတ်ထားသည်။ အပယ်ခံနီးပါး ဖြစ်နေရှာသော စာအုပ်တို့မှာ သူတို့ကို တန်ဖိုးထားမည့်သူများအား စောင့်မျှော်ရသည်။
          လမ်းကလေးက ဖြတ်လျှောက်သွားလျှင် အနံ့ကလည်း စုံလင်လှသေးသည်။ တစ်ခါတစ်ရံ ပန်းရနံ့တစ်မျိုးသင်းပျံ့လာ သလို၊ တစ်ချက်တစ်ချက်မှာလည်း တရုတ်ဆိုင်မှ အသားကင်နံ့လို၊ ခေါက်ဆွဲကြော်နံ့လို အနံ့မျိုးက လေထုထဲမှာ ဝေ့နေတတ်သည်။ ပန်းရနံ့၊ လတ်ဆတ်သော သစ်ပင်နံ့တို့က စိတ်ကို လန်းဆန်းစေသလို၊ အလုပ်မှ အိမ်အပြန်လမ်းတွင်လည်း ဗိုက်ဆာဆာနှင့် ဟင်းနံ့တို့ကို နှစ်ခြိုက်စွာ ရှုရှိုက်မိစမြဲ။ ဒီလိုအေးချမ်းသာယာသော လမ်းကလေးမှာပင် တန်ဖိုးမထားတတ်သူ အချို့က အမှိုက်သရှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်ချင်ကြသေးသည်။ ကိုယ်မကြိုက်ဆုံးအနံ့ကတော့ ပြည့်လျှံနေသော လမ်းဘေးအမှိုက်ပုံးက အနံ့ပင်။ တစ်ခါတစ်ရံလည်း လမ်းဘေးမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားသော ဘီယာပုလင်းအကွဲအစများကို စိတ်အနှောင့်အယှက်ဖြစ်စွာနှင့်ပင် ရှောင်ရှားရသေး၏။
          ခုတလောမှာတော့ အုပ်ဆိုင်းဆိုင်း သစ်ရိပ်ဝါးရိပ်နှင့် ထိုလမ်းကလေးကို လျှောက်မိလျှင်ပင် ဆိုင်းသံဗုံသံ ကြားနေမိသည်။ ပြိုးပြိုးပြက်ပြက်နှင့် ၀တ်ကောင်းစားလှတို့ ပြည့်သော၊ သင်္ကန်း ပရိက္ခရာ စုံလင်သော မောင်ရင်လောင်း လှည့်ပွဲကိုလည်း မြင်၏။ မောင်ရင်လောင်းစီးလာသော မြင်းတစ်ကောင်ပင် ပါလိုက်သေးသည်။ နောက်ပြီး သစ်ပင်ပေါ်တွင် ၀ါဝါမြင်တိုင်း ပိတောက်ဟုလည်း ထင်လိုက်သေးသည်။ တူးပို့တူးပို့အသံကို ကြားချင်နေသည်။ ရွှဲရွဲစိုသော မိန်းမပျိုနှင့် စိုအောင်ပက်သော ကာလသားကို မြင်ယောင်နေသည်။ ကိုယ့်ကိုယ်ကို စိတ်မှကောင်းသေးရဲ့လားဟုလည်း တွေးထင်နေချင်ပြန်ပါသည်။
          လမ်းကလေးကို အလျားလိုက် လျှောက်သူက လျှောက်၏။ ဒေါင်လိုက် ဖြတ်လျှောက်သူတို့လည်း ရှိ၏။ လမ်းကလေးက သစ္စာရှိသလောက် လမ်းလျှောက်သူတို့က မယုံရ။
သစ်ပင်ရိပ်အောက်က ကားမီးခိုးငွေ့များဖြင့်  လမ်းကလေး။ အိပ်မက်သူရဲ့ လမ်းကလေး။ အလုပ်ကို သွားဖို့ လမ်းကလေး။ ပေါက်ပြဲနေတဲ့ လမ်းကလေး။ သစ်လွင်နေတဲ့ လမ်းကလေး။ ဖြူဖွေးအေးစက်သော လမ်းကလေး။ စိမ်းမြ၀ါရွှေသော လမ်းကလေး။ လူချမ်းသာတို့ရဲ့ လမ်းကလေး။ ခြေသလုံးအိမ်တိုင်တို့ရဲ့ လမ်းကလေး။ စာဖတ်သူတို့ရဲ့ လမ်းကလေး။ စာမတတ်သူတို့ရဲ့ လမ်းကလေး။ ဆူညံမှုတို့နှင့် တိတ်ဆိတ်နေသည့် လမ်းကလေး။ ဆာလောင်သူတို့၏ လမ်းကလေး။ လျှံပယ်သူတို့၏ လမ်းကလေး။ အိမ်ပြန်သူတို့၏ လမ်းကလေး။ အိမ်မပြန်နိုင်သူတို့၏ လမ်းကလေး။ နာမ၀ိသေသနတို့ မည်သို့ပင် ပြောင်းစေဦးတော့ ဒီလမ်းကလေးသည် ကိုယ်ရွေးချယ်ခဲ့သော လမ်းပေမို့ ခရီးဆုံးထိ လျှောက်ရမည်သာ။

Saturday, 1 June 2013

ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ



         ငြိမ်းချမ်းတိတ်ဆိတ်သော နံနက်ခင်း တစ်ခုမှာပင် ဖြစ်စေ၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နေ့လည်ခင်း တစ်ခုမှာပင် ဖြစ်စေ၊ ညိုမြ ရီမှိုင်းသော ညနေခင်းတစ်ခုမှာပင် ဖြစ်စေ မေ ရွေးထိုင်တတ်သော ထိုကော်ဖီဆိုင်ထဲမှ နေရာမှာ ပြတင်းပေါက် တစ်ခုနားက နှစ်ယောက်ထိုင်စားပွဲသာ ဖြစ်သည်။ ထိုပြတင်းပေါက်မှ ဆိုင်ပြင်က လူများစွာကို ငေးမော ကြည့်ခဲ့ဖူးသည်။ သွက်လက်၍ အမြဲပျော်ရွှင်နေပုံရသော မိန်းကလေးများ၊ လောကကြီးကို မေ့နေသော စုံတွဲများ၊ ဦးတည်ရာမဲ့ သွားလာနေသော အိမ်မဲ့ယာမဲ့တစ်ယောက်၊ coach လက်ပွေ့အိတ်နှင့် နေကာမျက်မှန်နှင့် ဟန်ကျပန်ကျ ကော်ဖီတစ်ခွက်ကိုင်ထားသော အမျိုးသမီး၊ ဖိုသီဖတ်သီ ပြေးလွှားနေသော ကလေး အမေ၊ ကြည်နူးနေသော အဖေနှင့် လမ်းလျှောက်တတ်ခါစ သမီးလေး၊ စသည်ဖြင့် မြင်ကွင်းက စုံလှသည်။
          ယနေ့တော့ ထိုခုံမှ မရလျှင် မထိုင်တော့ဟူသော စိတ်ဖြင့် ကော်ဖီဆိုင်ကို ၀င်လာခဲ့သော်လည်း ပြတင်းပေါက်နားက ခုံမှာ ထိုင်နေသော လူဆီ မေ့အကြည့်က မထင်မှတ်ဘဲ ရောက်သွားခဲ့သည်။ နည်းနည်းမှပင် မစဉ်းစားဘဲ ကျွန်မကို ဒီမှာ ထိုင်ခွင့်ပြုပါဟူသော ခွင့်တောင်းစကားက အလိုလိုပင် ထွက်သွားခဲ့သည်။  တကယ်ပဲ ကော်ဖီဆိုင်ထဲမှာ လူပြည့် နေပြန်သည်။ မေ့လက်ထဲက ကော်ဖီခွက်ကို တစ်ချက်မော့ကြည့်ပြီး ရပါတယ်ဟု ပြောကာ သူ့လက်ထဲမှာ ရှိနေသော စာအုပ်ကို ဆက်၍ ငုံ့ဖတ်နေ၏။ သူဖတ်နေသော စာအုပ်ကို မေ ကြည့်ဖြစ်အောင် ခိုးကြည့်လိုက်သေးသည်။ Camus ၏ The plague။ ဒီတော့ မေကိုယ်တိုင်လည်း အိတ်ထဲမှာ ပါလာသော စာအုပ်ကို ထုတ်ဖတ်နေလိုက်မည်ပေါ့။
          “ဒီနေရာက နေရာကောင်းပါတယ်ဗျ။ ပြတင်းပေါက်ရယ်၊ iron man ရယ်၊ အခု ရေဒီယိုက လာနေတဲ့ အော်ပရာရယ်ပေါ့။”
          ထူးခြားသော စကားကြောင့် မေ မော့ကြည့်တော့ ကိုထူးဆန်းက မေ့ကို စကားစနေခြင်း ပေပဲ။ သူပြောသည့် အတိုင်းပင် ပြတင်းပေါက်မှန်တွင် Iron Man ပုံကို ဆီဆေးနှင့် ကျကျနန ပန်းချီဆွဲထားသည်။ ဒေသခံ ပန်းချီဆရာတစ်ယောက်ယောက်က သူ၏ လက်ရာကို အမှန်တကယ်ချပြ ချင်သည့် သဘောဖြင့် မှန်ပြတင်းမှာ အခကြေးငွေ မယူဘဲ လာဆွဲသွားပုံရသည်။ ရုပ်ရှင်ရုံမှာ Iron Man III တင်နေသည်ကို မေ သတိရ၏။ ကိုထူးဆန်း၏ စကားကို အံ့သြသလို စိတ်လည်း ၀င်စားမိသည်။
          “ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ ဟုတ်လား။ ရှင့်စကားက တော်တော် ထူးဆန်းတာပဲ။ ရှင်မို့လို့ ကြံကြံဖန်ဖန် မြင်တတ်တယ်။”
          “ဟုတ်တယ်လေဗျ။ ပြတင်းပေါက် အကြီးကြီးကနေ လူတွေကို အပျင်းပြေ ကြည့်လို့ ရတယ်။ ပြီးတော့  ရထားတွဲကိုလည်း ရေလို့ ရတယ်။ ခဏနေလို့ ရှိရင် ရထား ဖြတ်လိမ့်မယ်ဗျ။ Iron man ပန်းချီကလည်း မိုက်တယ်။ အော်ပရာကလည်း ကောင်းနေတယ် ဆိုတော့ အားလုံး ဆုံသွားတာကို သတိထားမိလို့ ပြောလိုက်တာပါ။”
          “ရှင်က ရယ်ရတယ်။”
          “ဟော ပြောရင်းဆိုရင်း ရထားလာနေပြီဗျ။ ခင်ဗျားနဲ့ ကျွန်တော် ရထားတွဲ အရေအတွက် လောင်းမလားဗျ။ ကော်ဖီတစ်ခွက်ကြေးလေ။”
          “ကျွန်မ ရထားတွဲတွေ အကုန်လုံး လိုက်မရေနိုင်ဘူး ရှင့်။”
          “မှန်းခြေနံပါတ်လောက် ပါပဲ။ လုပ်ပါဗျ။ ခင်ဗျားနိုင်ရင် ကျွန်တော် ကော်ဖီဝယ်တိုက်မယ်။ ခင်ဗျားရှုံးရင် ကျွန်တော့်ကို ဘာမှ ၀ယ်တိုက်စရာ မလိုပါဘူး။”
          “ကျွန်မက ကော်ဖီဝယ်တိုက်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ကဲ…ကဲ လောင်းကြတာပေါ့။ ရှင့်ကို စကား ပြောနေရတာ ရထားတွဲတွေ လွတ်ကုန်ပြီ။ ကျွန်မက တွဲတစ်ရာ လောင်းမယ်။”
          “ဒါဆို ကျွန်တော်က တစ်ရာ့ငါးဆယ်ဗျာ။”
          မေ တို့ရထားတွဲတွေကို စတင်ရေတွက်ကြသည်။ ဂျုံးဂျုံး ဂျက်ဂျက်အသံသည် ပြတင်းပေါက်မှ မှန်တို့ကို ကျော်ဖြတ်လျက် မေ တို့ ထိုင်နေသော စားပွဲလေးကို တုန်ခါစေ၏။ တရိပ်ရိပ်ဖြတ်သွားသော ရထားတစ်တွဲဆီကို လိုက်ကြည့်ရင်းမှ ငယ်ငယ်တုန်းက လယ်ကွင်းစိမ်းတွေကို ကျော်ဖြတ်ပြီး သွားခဲ့သော နွေရထား ခရီးစဉ်ကို အမှတ်ရမိသည်။
          “ကိုးဆယ့်ကိုး၊ တစ်ရာ၊ တစ်ရာ့တစ်၊ တစ်ရာ့နှစ်…ဟောပြီးတော့မယ်ဗျ။ တစ်ရာ့သုံး။ ခင်ဗျားနိုင်ပါတယ်ဗျာ။”
          ယခုအချိန်အထိ မေ့နာမည်ကို မမေး၊ သူ့နာမည်ကိုလည်း မသိရသေးသော ကိုထူးဆန်းကို မေ လှည့်ကြည့်မိသည်။
          “ကဲ…ကျွန်မကို ကော်ဖီဝယ်တိုက်ပေတော့။ အခုတော့ မဟုတ်သေးဘူး။ ကျွန်မလက်ထဲက တစ်ခွက်တောင် မကုန်သေးဘူး။”
          “ခင်ဗျားသတိထားမိလားဗျ။ ဒီကော်ဖီဆိုင်မှာ နာရီ ဆယ့်နှစ်လုံး ရှိတယ် ဆိုတာ။”
          “တကယ်…။ ကျွန်မဖြင့် ဒီကိုလာတာ ခဏခဏရှိပြီ။ သတိမထားမိပါဘူး။ ကျွန်မရေကြည့်လိုက်ဦးမယ်။ နေဦး။”
          တကယ်ပင် နာရီ ဆယ့်နှစ်လုံးရှိသည်ကို သတိမထားမိသော ကိုယ့်ကိုယ်ကို မေအံ့သြနေမိတော့သည်။ ဟုတ်ပါရဲ့။ သူပြောသလိုပင် နာရီဆယ့်နှစ်လုံးက လည်ပတ် နေကြသည်။
          “အဲဒီထဲကမှ ကျွန်တော့် အသည်းစွဲနာရီကတော့ မဟော်ဂနီရောင် အ၀ိုင်းလေးဗျ။ ဆန်းလည်းမဆန်းဘူး။ ရိုးလည်းမရိုးဘူး။ သူလိုငါလိုပဲ။”
          “ရှင်က သူလိုငါလို ၀တ္ထုတွေကို ကြိုက်တတ်တယ်ပေါ့။ ဒီလိုလား။”
          “သူလိုငါလို ၀တ္ထုတွေက မထူးခြားတာကိုက ထူးခြားနေတာပေါ့ဗျ။ အများထက်ထူးခြားချင်ရင် သဘာဝလွန်တတ်တယ်လေ။ ကျွန်တော် သဘာဝကျတဲ့ အရာတွေကိုပဲ သဘောကျတတ်တာပါ။”
          “ဒါဖြင့်ရင် ရှင်က အော်ပရာလည်း ကြိုက်လိုက်တာပဲလား။ ကျွန်မတော့ အော်ပရာကို ကောင်းကောင်းနားထောင်လို့ မရသေးဘူး။”
          “နားထောင်လို့ ရတယ်မရဘူးရယ်လို့ မဟုတ်ပါဘူး။ နားထောင်ရင်း ခင်ဗျားတွေးချင်တာကို သီချင်းနဲ့လိုက်ပြီး ဆွဲတွေးလိုက်ရင် ခင်ဗျား ခံစားလို့ ရလာလိမ့်မယ်လေ။”
          “ဟုတ်ပါပြီ။ ကဲ ကျွန်မကို နောက်အပတ်ဒီအချိန်မှာ ကော်ဖီတစ်ခွက် ၀ယ်တိုက်ပေတော့။ ခုတော့ ကျွန်မကို သွားခွင့်ပြုပါဦး။”
          မေ ဆိုင်မှ ထွက်လာတော့ သဘာဝကိုချစ်သော၊ အော်ပရာကို ချစ်သော၊ ရထားတွဲတွေကို ချစ်သော ကိုထူးဆန်းအကြောင်းကိုတွေးရင်း သီချင်းတစ်ပုဒ်နားထောင် နေလိုက်သည်။ ဘယ်သီချင်း ဖြစ်သည်ကို မမှတ်မိတော့သော်လည်း ဂီတမှာ နားဝင်ချိုနေလေတော့သည်။
         
(မှတ်ချက်။ ။"ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ" ခေါင်းစဉ်ကို ပေးသော ကိုထူးဆန်းအား ကျေးဇူးတင်ပါသည်။)