Monday, 3 June 2013

အိပ်မက်သူရဲ့ လမ်းကလေး

        နွေဦးရဲ့ သစ်ရွက်ကလေးတွေနဲ့ အတူ အေးခဲဖြူဆွတ်နေသော လမ်းကလေးမှာလည်း နွေးထွေး အရည်ပျော်လာခဲ့သည်။ လွန်ခဲ့သော တစ်လခန့်ကပင် ဆွတ်ဆွတ်ဖြူသော နှင်းတို့ဖုံးလွှမ်းနေခဲ့သော ဒီလမ်းလေးမှာ အခုမှပင် ပြန်၍ရုပ်လုံးပေါ်လာလေတော့သည်။ အရိုးပြိုင်းပြိုင်းနှင့် ဖွေးဖွေးလှုပ်နေခဲ့သော သစ်ကိုင်းသစ်ခက်တို့သည်လည်း အညွှန့်အဖူး တလူလူနှင့် စိမ်းမြစိုပြေစ ပြုလာနေပေပြီ။ အပြိုင်အဆိုင် ထိုးထွက်လာသော ရွက်ဖူးလေးတို့နှင့်အတူ မြို့သူမြို့သားတို့လည်း လမ်းပေါ်သို့ လွတ်ထွက်လာကြသည်။  ဟိုဟိုသည်သည် ကြည့်လိုက်လျှင်ပဲ ကျန်းမာရေးအတွက် ပြေးသည့်လူ၊ ခွေးကျောင်းသည့်လူ၊ လမ်းလျှောက်ထွက်လာသည့် လူ၊ မြက်ခင်းပေါ်မှာ လဲလျောင်းလျက် နေပူစာလုံနေသူတို့ဖြင့် လမ်းကလေးမှာ ပြည့်လျှံလို့နေသည်။
          မနက်စောစော နေရောင်အောက်က လမ်းကလေးမှာ ကျောင်းသားလူငယ်အချို့ကို တွေ့ရမည်။ စားသောက်ဆိုင်ရှေ့ တံမြက်စည်းလှည်း နေသောအလုပ်သမား အချို့ကို တွေ့ရမည်။ အလုပ်သွားဖို့ ထွက်လာသူ အချို့ကိုလည်း တွေ့ရမည်။ ကိုယ်လည်း ထိုလူတန်းစားထဲမှာ ပါဝင်မည်ပေါ့။ နှင်းတစ်ထပ်၊ ရေခဲတစ်ထပ် ဖြစ်မနေသော ပလက်ဖောင်းကို အားရအောင် နင်း၍ လမ်းလျှောက်မည်။ အဆီးအတားမရှိ ကျလာသော နေရောင်အောက်မှာ လမ်းလျှောက်မည်။ ဆောင်းတွင်းမှာ တစ်ကိုယ်လုံး နေရာလပ်မရှိအောင် ထုပ်ပိုးပြီး ခေါင်းမဖော်နိုင်ဘဲ နားရွက်ကုတ်ပြီး ခပ်သုတ်သုတ်သွားခဲ့ရသော လမ်းကလေးမှာ အခုတော့လည်း လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ငေးမောကာ သွားလာနိုင်ပေပြီ။ ဖြာကျလာသော နေရောင်ကို ခံယူလျက်က ပြာလွန်းလှသော ကောင်းကင်ကြီးကို မမြင်ဖူးသလို ခေါင်းမော့၍ကြည့်မိသည်မှာ အခါခါ။ တစ်ဆောင်းတွင်းလုံး ပုန်းနေကြသော ငှက်ကလေးတို့လည်း သစ်ပင်ပေါ်မှာ ကျီကျီကျာကျာ ဆိုမြည်နေကြလေပြီ။
          မြက်ခင်းဘေးမှာ ပန်းဝါ၀ါလေးတို့က ဟိုတစ်စသည်တစ်စ ကျဲပက်ထားသလို ပေါက်နေကြသည်။ ကမ္ဗလာခြုံထည်ထဲ ရွှေဝါရောင်ထည့်ရက်ထားသလိုပေါ့ဟု ကဗျာဆန်ဆန်တွေးချင်သည်။ မြက်ခင်းပေါ်မှာ အသားညိုချင်ရှာသော အသားဖြူ ကလေးမတစ်ယောက်မဟုတ် တစ်ယောက်ကို တွေ့ရမည်။ တစ်ယောက်ထက်မကလည်း ဖြစ်နိုင်သေး၏။ အသားမည်းမှာစိုးရိမ်၍ အင်္ကျီလက်ရှည် ၀တ်ရသော ကိုယ်ကတော့ သူတို့ကို ကြည့်ကာ ကျိတ်၍ရယ်မည်။
ညနေခင်းတွင်တော့ မတွေ့တာကြာပြီ ဖြစ်သော ခြေသလုံးအိမ်တိုင် အဖိုးအိုကို ပြန်တွေ့ရပြန်သည်။ သူ၏ ဂစ်တာသံမှာ ချိုလှသည်။ သူ့ရှေ့မှာ ချထားသော ခွက်ကလေးသည်လည်း ကျပ်တန်တို့ဖြင့် ဝေဆာနေသည်။ ခြေသလုံးအိမ်တိုင် လူရွယ်ကတော့ စားသောက်ဆိုင် တစ်ခုဘေးမှာ ထိုင်လို့နေ၏။ သူ့ဘေးမှာတော့ ကျန်းမာခန့်ညားသော ခွေးကြီးတစ်ကောင်။ စားသောက်ဆိုင်ရှေ့ ပလက်ဖောင်းမှာ စားပွဲကုလားထိုင်တို့ချထားလျက် ညနေစာစားသူများဖြင့် ပြည့်လို့နေသည်။ ၀တ်ကောင်းစားလှနှင့် ကျကျနန စားနေသူတို့၏ ပန်းကန်ထဲ လှမ်းကြည့်လျှင် ဒေါ်လာနှစ်ဆယ်ထက် မနည်းသော ညနေစာတစ်ခွက်ကို ၀ိုင်တစ်ခွက်နှင့် တွေ့ရမည်သာ။ အရှေ့အလယ်ပိုင်းစာ ရောင်းသော ဆိုင်တစ်ဆိုင်ရှေ့မှာတော့ သံပုရာခြမ်းဦးထုပ်နှင့် လူငယ်သည် နံပြား (သို့မဟုတ်) ချာပါတီကို လက်နှင့် နှိုက်ကာ အားရပါးရစားနေ၏။  ဇွန်းခက်ရင်းနှင့် ဟန်ကျပန်ကျသူများကြား လက်နှင့်စားသူကို တွေ့တော့ ကိုယ်ပြုံးမိသည်။ စာအုပ်အဟောင်းရောင်းသော ဆိုင်ရှေ့မှာတော့ တစ်ဒေါ်လာတန်စာအုပ်များကို အပြင်ထုတ်ထားသည်။ အပယ်ခံနီးပါး ဖြစ်နေရှာသော စာအုပ်တို့မှာ သူတို့ကို တန်ဖိုးထားမည့်သူများအား စောင့်မျှော်ရသည်။
          လမ်းကလေးက ဖြတ်လျှောက်သွားလျှင် အနံ့ကလည်း စုံလင်လှသေးသည်။ တစ်ခါတစ်ရံ ပန်းရနံ့တစ်မျိုးသင်းပျံ့လာ သလို၊ တစ်ချက်တစ်ချက်မှာလည်း တရုတ်ဆိုင်မှ အသားကင်နံ့လို၊ ခေါက်ဆွဲကြော်နံ့လို အနံ့မျိုးက လေထုထဲမှာ ဝေ့နေတတ်သည်။ ပန်းရနံ့၊ လတ်ဆတ်သော သစ်ပင်နံ့တို့က စိတ်ကို လန်းဆန်းစေသလို၊ အလုပ်မှ အိမ်အပြန်လမ်းတွင်လည်း ဗိုက်ဆာဆာနှင့် ဟင်းနံ့တို့ကို နှစ်ခြိုက်စွာ ရှုရှိုက်မိစမြဲ။ ဒီလိုအေးချမ်းသာယာသော လမ်းကလေးမှာပင် တန်ဖိုးမထားတတ်သူ အချို့က အမှိုက်သရှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်ချင်ကြသေးသည်။ ကိုယ်မကြိုက်ဆုံးအနံ့ကတော့ ပြည့်လျှံနေသော လမ်းဘေးအမှိုက်ပုံးက အနံ့ပင်။ တစ်ခါတစ်ရံလည်း လမ်းဘေးမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားသော ဘီယာပုလင်းအကွဲအစများကို စိတ်အနှောင့်အယှက်ဖြစ်စွာနှင့်ပင် ရှောင်ရှားရသေး၏။
          ခုတလောမှာတော့ အုပ်ဆိုင်းဆိုင်း သစ်ရိပ်ဝါးရိပ်နှင့် ထိုလမ်းကလေးကို လျှောက်မိလျှင်ပင် ဆိုင်းသံဗုံသံ ကြားနေမိသည်။ ပြိုးပြိုးပြက်ပြက်နှင့် ၀တ်ကောင်းစားလှတို့ ပြည့်သော၊ သင်္ကန်း ပရိက္ခရာ စုံလင်သော မောင်ရင်လောင်း လှည့်ပွဲကိုလည်း မြင်၏။ မောင်ရင်လောင်းစီးလာသော မြင်းတစ်ကောင်ပင် ပါလိုက်သေးသည်။ နောက်ပြီး သစ်ပင်ပေါ်တွင် ၀ါဝါမြင်တိုင်း ပိတောက်ဟုလည်း ထင်လိုက်သေးသည်။ တူးပို့တူးပို့အသံကို ကြားချင်နေသည်။ ရွှဲရွဲစိုသော မိန်းမပျိုနှင့် စိုအောင်ပက်သော ကာလသားကို မြင်ယောင်နေသည်။ ကိုယ့်ကိုယ်ကို စိတ်မှကောင်းသေးရဲ့လားဟုလည်း တွေးထင်နေချင်ပြန်ပါသည်။
          လမ်းကလေးကို အလျားလိုက် လျှောက်သူက လျှောက်၏။ ဒေါင်လိုက် ဖြတ်လျှောက်သူတို့လည်း ရှိ၏။ လမ်းကလေးက သစ္စာရှိသလောက် လမ်းလျှောက်သူတို့က မယုံရ။
သစ်ပင်ရိပ်အောက်က ကားမီးခိုးငွေ့များဖြင့်  လမ်းကလေး။ အိပ်မက်သူရဲ့ လမ်းကလေး။ အလုပ်ကို သွားဖို့ လမ်းကလေး။ ပေါက်ပြဲနေတဲ့ လမ်းကလေး။ သစ်လွင်နေတဲ့ လမ်းကလေး။ ဖြူဖွေးအေးစက်သော လမ်းကလေး။ စိမ်းမြ၀ါရွှေသော လမ်းကလေး။ လူချမ်းသာတို့ရဲ့ လမ်းကလေး။ ခြေသလုံးအိမ်တိုင်တို့ရဲ့ လမ်းကလေး။ စာဖတ်သူတို့ရဲ့ လမ်းကလေး။ စာမတတ်သူတို့ရဲ့ လမ်းကလေး။ ဆူညံမှုတို့နှင့် တိတ်ဆိတ်နေသည့် လမ်းကလေး။ ဆာလောင်သူတို့၏ လမ်းကလေး။ လျှံပယ်သူတို့၏ လမ်းကလေး။ အိမ်ပြန်သူတို့၏ လမ်းကလေး။ အိမ်မပြန်နိုင်သူတို့၏ လမ်းကလေး။ နာမ၀ိသေသနတို့ မည်သို့ပင် ပြောင်းစေဦးတော့ ဒီလမ်းကလေးသည် ကိုယ်ရွေးချယ်ခဲ့သော လမ်းပေမို့ ခရီးဆုံးထိ လျှောက်ရမည်သာ။

Saturday, 1 June 2013

ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ



         ငြိမ်းချမ်းတိတ်ဆိတ်သော နံနက်ခင်း တစ်ခုမှာပင် ဖြစ်စေ၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နေ့လည်ခင်း တစ်ခုမှာပင် ဖြစ်စေ၊ ညိုမြ ရီမှိုင်းသော ညနေခင်းတစ်ခုမှာပင် ဖြစ်စေ မေ ရွေးထိုင်တတ်သော ထိုကော်ဖီဆိုင်ထဲမှ နေရာမှာ ပြတင်းပေါက် တစ်ခုနားက နှစ်ယောက်ထိုင်စားပွဲသာ ဖြစ်သည်။ ထိုပြတင်းပေါက်မှ ဆိုင်ပြင်က လူများစွာကို ငေးမော ကြည့်ခဲ့ဖူးသည်။ သွက်လက်၍ အမြဲပျော်ရွှင်နေပုံရသော မိန်းကလေးများ၊ လောကကြီးကို မေ့နေသော စုံတွဲများ၊ ဦးတည်ရာမဲ့ သွားလာနေသော အိမ်မဲ့ယာမဲ့တစ်ယောက်၊ coach လက်ပွေ့အိတ်နှင့် နေကာမျက်မှန်နှင့် ဟန်ကျပန်ကျ ကော်ဖီတစ်ခွက်ကိုင်ထားသော အမျိုးသမီး၊ ဖိုသီဖတ်သီ ပြေးလွှားနေသော ကလေး အမေ၊ ကြည်နူးနေသော အဖေနှင့် လမ်းလျှောက်တတ်ခါစ သမီးလေး၊ စသည်ဖြင့် မြင်ကွင်းက စုံလှသည်။
          ယနေ့တော့ ထိုခုံမှ မရလျှင် မထိုင်တော့ဟူသော စိတ်ဖြင့် ကော်ဖီဆိုင်ကို ၀င်လာခဲ့သော်လည်း ပြတင်းပေါက်နားက ခုံမှာ ထိုင်နေသော လူဆီ မေ့အကြည့်က မထင်မှတ်ဘဲ ရောက်သွားခဲ့သည်။ နည်းနည်းမှပင် မစဉ်းစားဘဲ ကျွန်မကို ဒီမှာ ထိုင်ခွင့်ပြုပါဟူသော ခွင့်တောင်းစကားက အလိုလိုပင် ထွက်သွားခဲ့သည်။  တကယ်ပဲ ကော်ဖီဆိုင်ထဲမှာ လူပြည့် နေပြန်သည်။ မေ့လက်ထဲက ကော်ဖီခွက်ကို တစ်ချက်မော့ကြည့်ပြီး ရပါတယ်ဟု ပြောကာ သူ့လက်ထဲမှာ ရှိနေသော စာအုပ်ကို ဆက်၍ ငုံ့ဖတ်နေ၏။ သူဖတ်နေသော စာအုပ်ကို မေ ကြည့်ဖြစ်အောင် ခိုးကြည့်လိုက်သေးသည်။ Camus ၏ The plague။ ဒီတော့ မေကိုယ်တိုင်လည်း အိတ်ထဲမှာ ပါလာသော စာအုပ်ကို ထုတ်ဖတ်နေလိုက်မည်ပေါ့။
          “ဒီနေရာက နေရာကောင်းပါတယ်ဗျ။ ပြတင်းပေါက်ရယ်၊ iron man ရယ်၊ အခု ရေဒီယိုက လာနေတဲ့ အော်ပရာရယ်ပေါ့။”
          ထူးခြားသော စကားကြောင့် မေ မော့ကြည့်တော့ ကိုထူးဆန်းက မေ့ကို စကားစနေခြင်း ပေပဲ။ သူပြောသည့် အတိုင်းပင် ပြတင်းပေါက်မှန်တွင် Iron Man ပုံကို ဆီဆေးနှင့် ကျကျနန ပန်းချီဆွဲထားသည်။ ဒေသခံ ပန်းချီဆရာတစ်ယောက်ယောက်က သူ၏ လက်ရာကို အမှန်တကယ်ချပြ ချင်သည့် သဘောဖြင့် မှန်ပြတင်းမှာ အခကြေးငွေ မယူဘဲ လာဆွဲသွားပုံရသည်။ ရုပ်ရှင်ရုံမှာ Iron Man III တင်နေသည်ကို မေ သတိရ၏။ ကိုထူးဆန်း၏ စကားကို အံ့သြသလို စိတ်လည်း ၀င်စားမိသည်။
          “ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ ဟုတ်လား။ ရှင့်စကားက တော်တော် ထူးဆန်းတာပဲ။ ရှင်မို့လို့ ကြံကြံဖန်ဖန် မြင်တတ်တယ်။”
          “ဟုတ်တယ်လေဗျ။ ပြတင်းပေါက် အကြီးကြီးကနေ လူတွေကို အပျင်းပြေ ကြည့်လို့ ရတယ်။ ပြီးတော့  ရထားတွဲကိုလည်း ရေလို့ ရတယ်။ ခဏနေလို့ ရှိရင် ရထား ဖြတ်လိမ့်မယ်ဗျ။ Iron man ပန်းချီကလည်း မိုက်တယ်။ အော်ပရာကလည်း ကောင်းနေတယ် ဆိုတော့ အားလုံး ဆုံသွားတာကို သတိထားမိလို့ ပြောလိုက်တာပါ။”
          “ရှင်က ရယ်ရတယ်။”
          “ဟော ပြောရင်းဆိုရင်း ရထားလာနေပြီဗျ။ ခင်ဗျားနဲ့ ကျွန်တော် ရထားတွဲ အရေအတွက် လောင်းမလားဗျ။ ကော်ဖီတစ်ခွက်ကြေးလေ။”
          “ကျွန်မ ရထားတွဲတွေ အကုန်လုံး လိုက်မရေနိုင်ဘူး ရှင့်။”
          “မှန်းခြေနံပါတ်လောက် ပါပဲ။ လုပ်ပါဗျ။ ခင်ဗျားနိုင်ရင် ကျွန်တော် ကော်ဖီဝယ်တိုက်မယ်။ ခင်ဗျားရှုံးရင် ကျွန်တော့်ကို ဘာမှ ၀ယ်တိုက်စရာ မလိုပါဘူး။”
          “ကျွန်မက ကော်ဖီဝယ်တိုက်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ကဲ…ကဲ လောင်းကြတာပေါ့။ ရှင့်ကို စကား ပြောနေရတာ ရထားတွဲတွေ လွတ်ကုန်ပြီ။ ကျွန်မက တွဲတစ်ရာ လောင်းမယ်။”
          “ဒါဆို ကျွန်တော်က တစ်ရာ့ငါးဆယ်ဗျာ။”
          မေ တို့ရထားတွဲတွေကို စတင်ရေတွက်ကြသည်။ ဂျုံးဂျုံး ဂျက်ဂျက်အသံသည် ပြတင်းပေါက်မှ မှန်တို့ကို ကျော်ဖြတ်လျက် မေ တို့ ထိုင်နေသော စားပွဲလေးကို တုန်ခါစေ၏။ တရိပ်ရိပ်ဖြတ်သွားသော ရထားတစ်တွဲဆီကို လိုက်ကြည့်ရင်းမှ ငယ်ငယ်တုန်းက လယ်ကွင်းစိမ်းတွေကို ကျော်ဖြတ်ပြီး သွားခဲ့သော နွေရထား ခရီးစဉ်ကို အမှတ်ရမိသည်။
          “ကိုးဆယ့်ကိုး၊ တစ်ရာ၊ တစ်ရာ့တစ်၊ တစ်ရာ့နှစ်…ဟောပြီးတော့မယ်ဗျ။ တစ်ရာ့သုံး။ ခင်ဗျားနိုင်ပါတယ်ဗျာ။”
          ယခုအချိန်အထိ မေ့နာမည်ကို မမေး၊ သူ့နာမည်ကိုလည်း မသိရသေးသော ကိုထူးဆန်းကို မေ လှည့်ကြည့်မိသည်။
          “ကဲ…ကျွန်မကို ကော်ဖီဝယ်တိုက်ပေတော့။ အခုတော့ မဟုတ်သေးဘူး။ ကျွန်မလက်ထဲက တစ်ခွက်တောင် မကုန်သေးဘူး။”
          “ခင်ဗျားသတိထားမိလားဗျ။ ဒီကော်ဖီဆိုင်မှာ နာရီ ဆယ့်နှစ်လုံး ရှိတယ် ဆိုတာ။”
          “တကယ်…။ ကျွန်မဖြင့် ဒီကိုလာတာ ခဏခဏရှိပြီ။ သတိမထားမိပါဘူး။ ကျွန်မရေကြည့်လိုက်ဦးမယ်။ နေဦး။”
          တကယ်ပင် နာရီ ဆယ့်နှစ်လုံးရှိသည်ကို သတိမထားမိသော ကိုယ့်ကိုယ်ကို မေအံ့သြနေမိတော့သည်။ ဟုတ်ပါရဲ့။ သူပြောသလိုပင် နာရီဆယ့်နှစ်လုံးက လည်ပတ် နေကြသည်။
          “အဲဒီထဲကမှ ကျွန်တော့် အသည်းစွဲနာရီကတော့ မဟော်ဂနီရောင် အ၀ိုင်းလေးဗျ။ ဆန်းလည်းမဆန်းဘူး။ ရိုးလည်းမရိုးဘူး။ သူလိုငါလိုပဲ။”
          “ရှင်က သူလိုငါလို ၀တ္ထုတွေကို ကြိုက်တတ်တယ်ပေါ့။ ဒီလိုလား။”
          “သူလိုငါလို ၀တ္ထုတွေက မထူးခြားတာကိုက ထူးခြားနေတာပေါ့ဗျ။ အများထက်ထူးခြားချင်ရင် သဘာဝလွန်တတ်တယ်လေ။ ကျွန်တော် သဘာဝကျတဲ့ အရာတွေကိုပဲ သဘောကျတတ်တာပါ။”
          “ဒါဖြင့်ရင် ရှင်က အော်ပရာလည်း ကြိုက်လိုက်တာပဲလား။ ကျွန်မတော့ အော်ပရာကို ကောင်းကောင်းနားထောင်လို့ မရသေးဘူး။”
          “နားထောင်လို့ ရတယ်မရဘူးရယ်လို့ မဟုတ်ပါဘူး။ နားထောင်ရင်း ခင်ဗျားတွေးချင်တာကို သီချင်းနဲ့လိုက်ပြီး ဆွဲတွေးလိုက်ရင် ခင်ဗျား ခံစားလို့ ရလာလိမ့်မယ်လေ။”
          “ဟုတ်ပါပြီ။ ကဲ ကျွန်မကို နောက်အပတ်ဒီအချိန်မှာ ကော်ဖီတစ်ခွက် ၀ယ်တိုက်ပေတော့။ ခုတော့ ကျွန်မကို သွားခွင့်ပြုပါဦး။”
          မေ ဆိုင်မှ ထွက်လာတော့ သဘာဝကိုချစ်သော၊ အော်ပရာကို ချစ်သော၊ ရထားတွဲတွေကို ချစ်သော ကိုထူးဆန်းအကြောင်းကိုတွေးရင်း သီချင်းတစ်ပုဒ်နားထောင် နေလိုက်သည်။ ဘယ်သီချင်း ဖြစ်သည်ကို မမှတ်မိတော့သော်လည်း ဂီတမှာ နားဝင်ချိုနေလေတော့သည်။
         
(မှတ်ချက်။ ။"ပြတင်းပေါက်၊ Iron man နဲ့ အော်ပရာ" ခေါင်းစဉ်ကို ပေးသော ကိုထူးဆန်းအား ကျေးဇူးတင်ပါသည်။)

Saturday, 23 February 2013

သီချင်းရောင်ခြယ်

          ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက်….
          သုံးရက်လုံးကို မမေ့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကိုမေ့ထားခဲ့ပြီးတော့မှ ဆယ့်လေးရက်နေ့မှာ ပေါ်လာတဲ့ ရှေ့မီနောက်မီကြီးရဲ့ အတွေးလေ။
          ဒီနေ့တော့ အနီရောင်တွေက လွှမ်းမိုးလွန်းနေသည်ဟု ထင်သည်။ အနီရောင်ကြားမှာ ပန်းရောင်ကလည်း ပုန်းတ၀က် ကွယ်တ၀က်ပင်။ နှင်းဆီနီတွေ၊ စက္ကူနီတွေ၊ အနီရဲရဲ ကဒ်တွေ၊ ရဲရဲတောက်နေတဲ့ အသည်းတွေ၊ ပန်းနီသွေးပြေးနေတဲ့ ၀က်ဝံရုပ်လေးတွေ၊ နီတွတ်နေတဲ့ ချောကလက်ဘူးတွေ။ အို…မမြင်ချင်မှ အဆုံးပဲ။
          ဘေးနားက ဖြတ်လျှောက်သွားတဲ့ ကောင်မလေးနှစ်ယောက်က ချိန်းထားတဲ့ သူတို့ကောင်လေးတွေ အကြောင်းပြောရင်း ရယ်လို့မောလို့။ ကောင်လေးတစ်ယောက်ကတော့ နှင်းဆီနီနီတွေနဲ့ ပန်းစည်းကို ကိုင်ရင်း ခပ်သုတ်သုတ်လျှောက်သွားလေရဲ့။ ၀တ်ကောင်းစားလှတွေနဲ့လေ။ ရှေ့က လမ်းဖြတ်ကူးနေတဲ့ လူရွယ်ရဲ့ ကျောပိုးအိတ်ထဲမှာလည်း နီနီထွေးထွေး အထုပ်လေးတစ်ထုပ် လှမ်းတွေ့နေရတယ်။ ကော်ဖီဆိုင်မှာ ထိုင်နေတဲ့ အဖွားကြီးနှစ်ယောက်ကလည်း အနီရောင် လွှမ်းမိုးတဲ့ ပ၀ါခြုံထည် ကိုယ်စီနဲ့။
ကြည့်စမ်း…ဒီနေ့ကို အရောင်ခြယ်ဖို့ အစီအစဉ်မရှိတာ ကိုယ်တယောက်တည်းလား။ နေ့လည်ထမင်းစားချိန်မှာ ဒီနေ့ ဘာအစီအစဉ်ရှိလဲလို့ မေးလာတဲ့ မေးခွန်းကို ဂရုမစိုက်သလိုလုပ်ပြီး ဖြေခဲ့တာ သတိရတယ်။ ဘာဂရုစိုက်စရာ ရှိလို့လဲ။ မနေ့တနေ့ကလို နေ့တနေ့ပါပဲ။ လုပ်ဖော်ကိုင်ဖက်တချို့က စကားတောင် မပြောနိုင်ဘဲ စောစောပြန်မှာမို့ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ရမယ်လို့ လောဆော်နေကြတယ်။ တယောက်ကတော့ အိမ်မှာပဲ ချက်မတဲ့။ တယောက်ကတော့ ခြောက်နာရီမှာ ချိန်းထားသတဲ့။ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဆိုင်မှာ နေရာဦးထားရတယ် ဆိုပဲ။ တို့များတော့ ဒီလောက် မကြိုးစားဘူးလို့ မလိုတမာတွေးနေလိုက်တယ်။
“ဟယ်လို…။ ဟေ့…ငါပါ။”
“ဘယ်က ငါလဲ…။ မသိဘူး။”
အသံရှင်ကို သိသော်လည်း ဘုတောချင်သော စိတ်ကများနေ၏။
“မသိရင်လည်း ပြီးတာပဲ။ နင့်နာမည်နဲ့ သီချင်းတပုဒ် ရေဒီယိုမှာ ကြားလို့။ အဲဒါပြောပြမလို့။”
“ဟယ်….။ တကယ်….။”
လေသံချက်ချင်း ပြောင်းသွား၏။
“ဘယ်လိုင်းကလဲဟင်။”
“ဂန္ထ၀င်ဂီတ…။ ကဲ…မြန်မြန်နားထောင်။ မကြားလိုက်ဘဲ နေဦးမယ်။”
စကားမဆုံးခင်မှာပင် ရေဒီယိုကို လက်က ဖွင့်ပြီးနေပေပြီ။
“ကျေးဇူးပဲ သူငယ်ချင်း။ နောက်မှ ပြန်ခေါ်လိုက်မယ်နော်…။”
ရေဒီယိုက သီချင်းက ချိုမြစွာ…လွမ်းမောစွာ။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ သိနှင့်ပြီးပြီ။ တိတ်တိတ်လေး ကျိတ်ပြုံးရင်း သီချင်းကို နားထောင်၏။ 

“လစန္ဒာရယ်…ကိုယ့်ရဲ့ အလွမ်းတွေဟာ
ဖြေသိမ့်လို့ ရမှာ မဟုတ်။
ချစ်သူရှိတဲ့ အနာဂတ်ကို
ကိုယ်အမြဲ တောင့်တ မျှော်လင့်နေဆဲ။”

ဒီနေ့က အရောင်တွေစုံလို့ နေသည်။





Sunday, 13 January 2013

တဒင်္ဂ


          အစိတ်အပိုင်းလေးတွေကနေ ကြီးမားတဲ့ အရာတစ်ခုကို တည်ဆောက်လို့ ရတယ်ဆိုတဲ့ အမှန်တရားတခုကို သူကောင်းကောင်း သိပါလျက်နဲ့ ဘာကြောင့် မတွေးမိပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတယ်။ သစ်ပင်တစ်ပင်စီကိုပဲ မမြင်နဲ့၊ သစ်တောကို မြင်အောင်ကြည့်ပါတဲ့။ ကြားဖူးတာပါပဲ။ သစ်ပင်တစ်ပင်အောက်မှာ သစ်ကိုင်းပိနေတဲ့ လူတချို့ အတွက်များလား။

ပန်းချီကား တစ်ချပ်ကို ကြည့်ရင်တော့ လူအများစုက စုတ်ချက်တစ်ခုစီကို သတိမထား မိကြဘူးလေ။ ဒါပေမယ့် ပန်းချီကား တစ်ချပ်ဖြစ်ဖို့ ဆိုတာ စုတ်ချက်လေးပေါင်း ထောင်သောင်းချီပြီး စိတ်ရှည်လက်ရှည် ဆွဲရတာပဲ။ ငြီးငွေ့စရာအပိုင်းတွေလည်း ရှိမယ်။ တက်ကြွစရာ အပိုင်းတွေလည်း ရှိမယ်။ စိတ်မပါတော့တဲ့ အခါတွေလည်း ရှိမယ်။ ဆေးကုန်သွားတဲ့ အခါတွေလည်း ရှိမယ်။ စိတ်ရောကိုယ်ပါ နစ်မြုပ်သွားလို့ ပန်းချီကားနဲ့ ပန်းချီဆွဲသူတို့ တထပ်တည်းကျသွားတဲ့ အခါလည်း ရှိနိုင်မယ်။ ဒါပေမယ့် နောက်ဆုံး ပြီးသွားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်တဲ့ အခါ ဘယ်သူကများ ဒီတဒင်္ဂတွေကို မြင်လို့လဲ။ 
xxx

မရေးတာကြာပေမယ့်လဲ တဒင်္ဂတွေပျောက်ပျက်မသွားအောင် ရေးတော့ရေးဖြစ်နေပါတယ်။ သံလွင်ကို ပို့ထားတဲ့ ၀တ္ထုတိုလေးပါ။ ၀တ္ထုတစ်ပုဒ်လုံးကို ဒီနေရာမှာ ဆက်လက်အားပေးနိုင်ပါတယ်။