Sunday 23 September 2012

ကြိုးတန်းလန်းနဲ့လူ



မနက်မိုးလင်းကနေ စတော့တာပဲ။ ဖုန်းကနေမြည်တဲ့ ကျယ်လောင်တဲ့ အသံတခုဟာ နှိုးစက်သံပဲလို့ သိလိုက်တာနဲ့ အိပ်ယာကနေ လူးလဲပြီး ထရတယ်။ ခြေထောက်နှစ်ချောင်းကို ကြမ်းပြင်ပေါ်ချလိုက်ရင်ပဲ အိပ်ချင်နည်းနည်းပြေသွားတယ်လို့ ထင်မိတယ်။ မျက်စိနည်းနည်းကျယ် လာတယ်ဆိုရင်ပဲ အနားမှာ ရှိတဲ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။ မနေ့ညက ရထားတဲ့ ဖုန်းmessage တွေကို ကြည့်တယ်။ ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ သူငယ်ချင်းတယောက်က သောကြာနေ့ညနေမှာ ရုပ်ရှင်သွားကြည့်ရအောင်လို့ အကြံပြုထားတယ်။ ရေချိုးခန်းကို ဦးတည်ရင်းနဲ့ သူငယ်ချင်းဆီကို text ပြန်ရိုက်ဖြစ်တယ်။
          မနက်စာစားသောက်ဖို့ ပြင်ရင်း၊ ကော်ဖီဖျော်ရင်းနဲ့ ရေဒီယိုက သတင်းနားထောင်ဖြစ်တယ်။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရတာ တခါတခါတော့လည်း စိတ်ဓာတ်ကျစရာ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ မနက်စာစားရင်းနဲ့ ဖုန်းကနေတဆင့် သတင်းဖတ်ဖြစ်တယ်။ အဲ…ရာသီဥတုလည်း ကြည့်ရဦးမယ်။ ကန့်လန့်ကာလေး လှပ်ကြည့်မယ့် အစား အင်တာနက်ကနေကြည့်တာက ပိုပြီး ထိရောက်မယ်။ ဒီနေ့ ဘယ်လို အ၀တ်အစားမျိုး ၀တ်ရမလဲ ဆိုတာ ရာသီဥတုကြည့်ပြီး ဆုံးဖြတ်ရမယ်။ နေသာမယ်၊ နည်းနည်းတော့ အေးမယ်ဆိုတော့ ဆွယ်တာတော့ ၀တ်မှ ဖြစ်မယ်။
          အလုပ်သွားဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတော့ အိမ်သော့ လိုက်ရှာတယ်။ ရုတ်တရက် ရှာလို့ မတွေ့ဘူး။ မနေ့ညက ဘောင်းဘီအိတ်ထဲက မထုတ်ဖြစ်လို့ ဘောင်းဘီအိတ်ထဲမှာပဲ ရှိနေသေးတယ်။ အလုပ်ကို လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတော့ ipod နားကြပ်ကို နားထဲထည့်တယ်။ မြူးမြူးကြွကြွ တေးသွားတခု နားထဲရောက်လာတယ်။ ဒါဆို အလုပ်ကို သွားဖို့ အဆင်သင့်ဖြစ်ပြီ။ တလမ်းလုံး သီချင်းနားထောင် ဖြစ်တာ နောက်ကနေ အနားရောက်လာတဲ့ စက်ဘီးကိုတောင် သတိမထားမိဘူး။ ၀င်တိုက်မလို ဖြစ်သွားတော့ စက်ဘီးသမားကို တိုးတိုးလေး ကျိန်ဆဲလိုက်သေးတယ်။ လမ်းဖြတ်ကူးရင်း text လုပ်နေတဲ့ ကောင်လေးတယောက်နဲ့လဲ ၀င်တိုက်မလို ဖြစ်သေးတယ်။ အခုခေတ်လူငယ်တွေက မျက်နှာနဲ့ ဖုန်းနဲ့ကို မခွာဘူး။ တချိန်လုံး text လုပ်နေကြတာပဲ။
          အလုပ်ရောက်တော့ ကွန်ပျူတာကို ဖွင့်တယ်။ သီချင်းက ကောင်းနေသေးတာနဲ့ ဆက်ပြီး နားထောင်နေလိုက်သေးတယ်။ ရုံးခန်းတူ အစ်မကြီးတယောက်က လှမ်းနှုတ်ဆက်တာ မကြားဘူး။ ပခုံးကို လှမ်းပုတ်မှပဲ ကြားတော့တယ်။ အားနာနာနဲ့ သူ့ကို ပြုံးပြပြီး နားကြပ်ကို ဆွဲဖြုတ်လိုက်ရတယ်။ ကွန်ပျူတာစပြီ ဆိုတာနဲ့ပဲ လုပ်စရာ အလုပ်တွေ စလုပ်ဖြစ်တယ်။ email တွေ ပြန်စရာရှိတာပြန်၊ ဖတ်စရာရှိတာ ဖတ်။ အမြီးရှည်ရှည်နဲ့ ကြွက်ကိုဆွဲလို့ ဟိုကလစ်ဒီကလစ်လုပ်။ ကော်ဖီလေး တငုံနှစ်ငုံလောက် သောက်လိုက်၊ ကြွက်လေးခေါက်လိုက်နဲ့ ထမင်းစားချိန်တောင် ရောက်သွားတယ်။
          နေ့လည်စာစားရင်းနဲ့ ဖုန်းနဲ့ ဖတ်လက်စ ၀တ္ထုကို ဆက်ဖတ်ဖြစ်တယ်။ မနေ့က ကောင်းခန်းရောက်နေတော့ ဒီနေ့ နေ့လည်စာစားချိန်ကို မျှော်နေမိတာ အမှန်ပဲ။ ဖုန်းထဲကနေ ဖတ်ရတာ စာအုပ်ထဲကနေ ဖတ်ရသလောက်တော့ အားမရလှဘူး။ ဒါပေမယ့် ဖုန်းက စာအုပ်ထက်သယ်ရတာ လွယ်တယ်။ ကိုယ့်ရှေ့က ထိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း လက်ထဲမှာ ဖုန်းလေးတလုံးနဲ့။ အင်တာနက် ပေါ်လျှောက်လည်နေတာလား၊ စာဖတ်နေတာလားတော့ မသိဘူး။ ကိုယ့်ကို ယဉ်ယဉ်ကျေးကျေး၊ တိတ်တိတ်ဆိတ်ဆိတ် ပြုံးပြတယ်။ ပြီးတော့ သူ့ဖုန်းဆီ မျက်လုံးတွေ ပြန်ရောက်သွားရော။ ကိုယ်ကလည်း စကားပြောရ သက်သာတယ်လို့ပဲ အောက်မေ့မိတယ်။ ကိုယ့်စာအုပ်ကလည်း ကောင်းနေတယ် မဟုတ်လား။
          ဒီလိုနဲ့ တနေ့ခင်းလုံး ကွန်ပျူတာပေါ်မှာ အလုပ်ဆက်လုပ် ဖြစ်တယ်။ နေ့လည်သုံးနာရီမှာ အစည်းအဝေးရှိတော့ ဖုန်းက အချက်ပေးလာတယ်။ ပျင်းစရာကောင်းတဲ့ အစည်းအဝေးတွေ တက်ရဦးမယ်။ အစည်းအဝေးပြီးတော့ ဘာတွေရှိသေးလဲလို့ ဖုန်းပေါ်က အချိန်ဇယားမှာ ကြည့်ဖြစ်တယ်။ ဘာမှ မရှိလို့ တော်သေးတယ်။ မနက်ဖြန် သူငယ်ချင်းတယောက်ရဲ့ မွေးနေ့ဆိုတာ ဖုန်းက အချက်ပေးတယ်။ မနက်ဖြန်ကျရင် message ပို့ရမယ်။
          အိမ်အပြန်လမ်းမှာ အိတ်ထဲက ipod ကိုထုတ်တယ်။ သီချင်းဆက်နားထောင် ဖြစ်တယ်။ ငှက်ကလေးတွေ အိပ်တန်းတက်ချိန်မို့လို့ အုပ်စုလိုက် ပြန်သွားကြတယ်။ နေ၀င်တိမ်တောက်တဲ့ အလှကို ခံစားမိတယ်။ သစ်ရွက်တွေ လေတိုးလို့ လှုပ်ခတ်သွားကြတယ်။ အားလုံးကို Norah Jones ရဲ့သီချင်းနောက်ခံနဲ့ ခံစားဖြစ်ခဲ့တယ်။ ကိုယ့်ဘေးနားကနေ ကျန်းမာရေးအတွက် အပြေးလေ့ကျင့်တဲ့ လူတွေ တယောက်ပြီး တယောက် ဖြတ်သွားကြတယ်။ အားလုံး ipod ကိုယ်စီနဲ့။ လမ်းဘေးမှာ ဂစ်တာနဲ့ လူကြီးတယောက် သီချင်းဆိုနေတယ်။ ဘာတွေဆိုနေလည်း ဆိုတာ ကိုယ်တော့ မကြားမိဘူး။ ဘယ်နှစ်ယောက်ကြားလဲ မသိဘူးလို့ ကြံကြံဖန်ဖန် တွေးမိသေးတယ်။
          ဒီညနေ မိတ်ဆွေတယောက် အိမ်မှာ ပစ္စည်းတခု သွားယူရတယ်။ သွားနေကျလမ်းတွေ မဟုတ်လို့ ဖုန်းကနေ တဆင့် GPS ကိုသုံးရတယ်။ GPS မမက ကိုယ့်ကို ညာကွေ့ဘယ်ကွေ့နဲ့ ပြောလိုက်တာ နောက်ဆုံးတော့ ပစ္စည်းယူရမယ့် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ အပြန်လမ်းမှာလည်း သူ့ကိုပဲ အားကိုးရတာပါပဲ။ GPS မပေါ်ခင်က ကိုယ့် အဖေတို့ဆို လမ်းတွေ စိတ်မှတ်နဲ့ သိနေတာကို စဉ်းစားကြည့်ရင် အံ့သြစရာကြီးပဲ။
          အိမ်ရောက်တော့ ညနေစာကို တီဗွီရှေ့မှာ စားဖြစ်တယ်။ ကိုယ်ကြည့်နေကျ ဇာတ်လမ်းတွဲလာတာမို့ တီဗွီရှေ့မှာ နှစ်နာရီလောက် ကြာသွားတယ်။ ကြော်ငြာတွေ လာတဲ့ခဏမှာ ရေထသောက်တယ်။ ဇာတ်လမ်းတွဲ ပြီးသွားတော့ ကိုယ့်ရဲ့ကွန်ပျူတာကို ဖွင့်တယ်။ blogတွေ လိုက်ဖတ်ဖြစ်တယ်။ ပြီးတော့ ကိုယ်မသိသေးတဲ့ စာလုံးတလုံးကို google မှာရှာတယ်။ ဒီပိတ်ရက်မှာ ရှမ်းခေါက်ဆွဲ ချက်စားမယ်လို့ တေးထားလို့ ရှမ်းခေါက်ဆွဲချက်နည်းကို google လုပ်ရသေးတယ်။ ဒါမှ ဘာတွေ ၀ယ်ရမလဲ ဆိုတာ သိမှာ။ ၀င်လာတဲ့ text တွေနဲ့ နာရီဝက်လောက် အလုပ်ရှုပ်နေလိုက်သေးတယ်။ တော်တော် နောက်တဲ့လူတွေ။ ကိုယ့်ကို ပို့လာတဲ့ ဓာတ်ပုံတွေလည်း ကြည့်ဖြစ်သေးတယ်။ သူတို့ဒီနေ့ သွားစားတဲ့ အစားအသောက်တွေကို ကြွားနေတာ။ နောက်တယောက်ကတော့ သီချင်း တပုဒ်ပို့လာတယ်။
          ဖုန်းကထမြည်လာပြန်တယ်။ ဘာအတွက်များ ပါလိမ့်။ သြော်…မနက်ဖြန် အမှိုက်ပစ်ရမယ့်နေ့။ အမှိုက်ကား မလာခင် အိမ်ထဲက အမှိုက်ကို ထုတ်ထားမှ။ အားလုံးပြီးတော့ ရေမိုးချိုး အိပ်ဖို့ ပြင်တော့ ညဆယ့်တစ်နာရီ ထိုးလုပြီ။ ဖုန်းက မြည်လာပြန်တယ်။ အိပ်ဖို့ သတိပေးတာ။ ကိုယ်က တခါတလေ စာဖတ်စာရေးနေရင် ညဥ့်နက်တတ်လို့ အိပ်ဖို့ကို နှိုးစက်ချထားရတယ်။ ဟုတ်ပါပြီ အိပ်ပါတော့မယ်။ မနက် ခြောက်နာရီထဖို့ နှိုးစက်ချထားတာ ထပ်စစ်ပြီးတော့ ဖုန်းကို အားသွင်းဖို့ ကြိုးတပ်တော့ ကြိုးတန်းလန်းက သူလား ကိုယ်လားဆိုတာတော့ စဉ်းစားမိသေး။

Thursday 23 August 2012

ကားမောင်းခြင်း


ဘီးခွေပေါ်လက်တင်
ရှေ့ကိုတည့်တည့်ကြည့်
ဘေးကို သိပ်မငေးနဲ့
အလျှော့ပေးတဲ့ အခါပေး
ကျော်တက်တဲ့ အခါတက်
ဘေးချပေးတဲ့ အခါပေး။
စုတ်တဲ့ကား
ချာတဲ့ကား
ဟောင်းတဲ့ကား
ပြောင်တဲ့ကား
မြန်တဲ့ကား
လှတဲ့ကား
ကြီးတဲ့ကား
မြင့်တဲ့ကား
ရှည်တဲ့ကား
ကိုယ့်ကားကရော
ဘာကားလဲ။

စည်းကမ်းဖောက်သူ
လိမ္မာသူ
မိုက်ရိုင်းသူ
မိုက်မဲသူ
အချက်မပြသူ
ညာဖက်က ကျော်တက်သူ
မြင်ကွင်းကွယ်မှာ နေသူ
ပြိုင်ချင်သူ
အလျှော့ပေးသူ
ကပ်လိုက်သူ
ကပ်ကျော်သူ
ကိုယ်ကရော
ဘာလူလဲ။

တဘီးခြင်းလှိမ့်
မိုင်နှုန်းကန့်သတ်ချက်တွေများ
တိမ်တွေဆီ ဦးတည်
လမ်းမပျောက်နဲ့
စည်းမဖောက်နဲ့
ချိုင့်ခွက်တွေရှောင်
လှည့်ကင်းကိုရှောင်
မီးရောင်မြင်ရင်
အရှိန်လျှော့
ဖြောင့်တဲ့ အခါဖြောင့်
ကွေ့တဲ့ အခါကွေ့
အနိမ့်အမြင့်
အဆင်းအတက်
ပျင်းတဲ့အခါလည်းပျင်း
သီချင်းညည်းရင်း
ကားမောင်းခြင်း။

Saturday 3 March 2012

စာရေးချင်သူ တစ်ယောက်ရဲ့ မှတ်တမ်း

ညဥ့်က တော်တော်နက် နေပါပြီ။ အိပ်ရာဝင်ဖို့လည်း မီးပိတ်ပြီးပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား ကျွန်မ စာရေးချင်လာတယ်။ ခေါင်းရင်းမှာ ရှိနေတဲ့ မီးတိုင်လေးကို လှမ်းပြီး ဖွင့်လိုက်မိပြန်တယ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ အမြဲတင်ထားတတ်တဲ့ ခဲတံနဲ့ စာအုပ်တစ်အုပ်။ အဲဒီစာအုပ်ထဲမှာ ကျွန်မ စိတ်ထဲမှာ ပေါ်လာသမျှ အကြောင်းအရာတွေကို ချရေးထားလေ့ရှိတယ်။

အိပ်ချင်စိတ်လည်း ပျောက်သွားတာနဲ့ အမျှ စာမျက်နှာပေါ်က အကြောင်းအရာတွေလည်း ခေါင်းထဲကို ပြန်ပြေးဝင်လာကြတယ်။ တကယ်တော့ ဒီလိုစာအုပ်မျိုး ကျွန်မမှာ တစ်အုပ်မက ရှိပါတယ်။ သတိရတဲ့ အချိန်က စပြီး သိမ်းထားမိပေမယ့် တချို့တလေလည်း ပျောက်ပျက် ကုန်ကြပါပြီ။ ငယ်တုန်းကတော့ သိမ်းရကောင်းမှန်း မသိခဲ့ဘူး။

ကျွန်မက စာသိပ်ရေးချင်ပါတယ်။ မူကြိုကျောင်းလောက်ကတည်းက သူငယ်ချင်းမလေးကို အပြင်မှာ မဖြစ်ခဲ့တာတွေကို ဇာတ်လမ်းဆင်ပြီး စီကာပတ်ကုံး ပြောခဲ့တာ မှတ်မိတယ်။ သူငယ်ချင်းမလေးက မျက်လုံးလေး အ၀ိုင်းသားနဲ့ နားထောင်ပါတယ်။ အံ့သြလိုက်၊ ပျော်လိုက်၊ ရယ်လိုက်နဲ့ ဖြစ်သွားတဲ့ သူ့မျက်နှာကိုကြည့်ပြီး သဘောကျတာ ကလွဲရင် ကျွန်မကိုယ်တိုင်က ဇာတ်လမ်းကို စဉ်းစားပြီး ပြောပြရတာကို သဘောကျနေတတ်ပါတယ်။

စာစရေးချင်တဲ့ အချိန်ရောက်တော့ စာအုပ်တွေလည်း တော်တော်များများ ဖတ်ဖြစ်ခဲ့ပြီးပါပြီ။ မျက်မှန်လည်း တော်တော်ထူခဲ့ ပါပြီ။ နွေရာသီကျောင်းပိတ်ရက်မှာ ၀မ်းလျားမှောက်ပြီး စာအုပ်တွေ ဖတ်တတ်တဲ့ အဆင့်ကနေ တက်လာပြီး ကဗျာတိုလေးတွေ လျှောက်ရေးဖြစ်ပါတယ်။ နောက်တော့ စာအပိုင်းအစတွေ ရေးဖြစ်တယ်။ ကျွန်မရဲ့ အားနည်းချက်က ဘယ်တော့မှ အဆုံးသတ်အောင် မရေးတာပါပဲ။ ရေးရင်းနဲ့ မကြိုက်တော့ရင် ဖြစ်ဖြစ်၊ ပျင်းလာရင် ဖြစ်ဖြစ် အဲဒီနေရာမှာပဲ ရပ်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ အ၀တ်ဗီရိုလေးထဲမှာ စက္ကူစတွေ ပုံလာပါတယ်။

နောက်မှတ်မှတ်ရရ ရှိတာကတော့ ဆယ်တန်းနှစ်မှာ စာစီစာကုံးရေးရတာကို ပါပဲ။ စာစီစာကုံးရေးရတာကို ကျွန်မ သဘောကျတယ်။ အချိန်အကန့်အသတ်နဲ့ ရေးရတာကိုတော့ မကြိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဆရာမက အိမ်စာ ပေးလိုက်ရင် စာတိုပေစလေးတွေ ရှာဖတ်ပြီး ရေးရတာကို သိပ်သဘောကျမိတယ်။ တခါတလေ စာစီစာကုံးရေးဖို့ ကိုးကားရှာရာ ကနေပြီး စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်နေမိလို့ စာစီစာကုံး မပြီးတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကြီးမှာ မြန်မာစာကို ဂုဏ်ထူးမှတ်လေးပဲ ကပ်ရလို့ စိတ်ဆိုးမာန်ဆိုး ဖြစ်လိုက်သေးတယ်။ ဒါပေမယ့်လည်း ပြီးတော့လည်း ပြီးတာပါပဲလေ။

တက္ကသိုလ်ရောက်တော့ ပထမနှစ်မှာ မြန်မာစာ ဖြေရတဲ့ နေ့တစ်နေ့ကို မှတ်မိနေပါသေးတယ်။ စာစီစာကုံး တစ်ပုဒ်ကို ကျူတိုရီယယ် အနေနဲ့ ဖြေရပါတယ်။ ခေါင်းစဉ်က မမေ့နိုင်သော နေ့တစ်နေ့ တဲ့။ ကျွန်မဖတ်ဖူးတာတော့ မမေ့နိုင်သော နေ့ဆိုရင် စာမေးပွဲ အောင်တဲ့နေ့၊ ရှင်ပြုသောနေ့၊ အလှူ တစ်ခု အတွက် ပီတိဖြစ်ရသောနေ့ စသည်ဖြင့် ရေးတတ်ကြတာကို သတိရတယ်။ ဒါပေမယ့် ကျွန်မရေးလိုက်တာက ကျွန်မအတန်းထဲမှာ အဆင့် ဘိတ်ချေး ရတဲ့နေ့။ အဲဒီနေ့ဟာ ကျွန်မကို အရှုံးနဲ့ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သင်ပေးတယ်လို့ ရေးလိုက်တယ်။ အဲဒီ စာစီစာကုံးနဲ့ ကျွန်မ အမှတ် အများဆုံး ရပါတယ်။ တခြား ဘာသာတွေ ဘယ်လောက်ရတယ်တော့ မမှတ်မိဘူး။ စာစီစာကုံး အမှတ်အများဆုံး ရတဲ့ အတွက် ကျွန်မ ပျော်နေပါတော့တယ်။

တဖြည်းဖြည်းနဲ့ သိလာရတာကတော့ ကျွန်မ စာရေးသူ တစ်ယောက် ဖြစ်ချင်တယ် ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်း နည်းနည်းရှိလာပါတယ်။ တက္ကသိုလ် စတက်ချိန်လောက်မှာ ကျွန်မရေးထားတဲ့ စာတစ်ပုဒ် မဂ္ဂဇင်းမှာ ပါလာဖူးပါတယ်။ ပါလာတာကလည်း အကြောင်းတိုက်ဆိုင်မှုတွေ အားလုံးကြောင့်၊ ဆရာတစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မရေးထားတဲ့ စာကို ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ၀မ်းသာလိုက်တာမှ ပြောမပြတတ်အောင်ပဲ။

တကယ်တော့ အားတက်ပြီး ဆက်ရေးသင့်တဲ့ အချိန်မှာ ကျွန်မရဲ့ ဘ၀ရှေ့ရေးအတွက် လုပ်စရာတွေက ဖိစီးလာတဲ့ အတွက် စာကောင်းကောင်းရေးဖို့ ဝေးခဲ့ပါတယ်။ လုပ်စရာရှိတာတွေကို အလျင်စလို လုပ်နေခဲ့ရတဲ့ အချိန်များမှာတော့ ကျွန်မမှာ စာအုပ်ကလေးတွေ ပိုများလာပါတယ်။ ကျွန်မအိပ်ရာဘေးမှာ ကျွန်မရဲ့ မှတ်စုစာအုပ်နဲ့ ခဲတံ တစ်ချောင်း ထားလေ့ရှိတယ်။ ဒါပေမယ့် ငယ်ငယ်က အကျင့်ဆိုးအတိုင်းပဲ ဘယ်အရာကိုမှ ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ မှတ်မှတ်ရရ စာလေးနှစ်ပုဒ်သုံးပုဒ်တော့ ပြီးခဲ့တယ်။ အဲဒီထဲကမှ ၀တ္ထုတိုလေး တစ်ပုဒ်ကို နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုကို ပို့ခဲ့ဖူးပါတယ်။ ပါမလာပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မစာရေးခြင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတယ်။

ဆယ်ဂဏန်း တစ်ခုကနေ နောက်ဆယ်ဂဏန်း တစ်ခုကို ကူးပြောင်းရတော့မယ့် အချိန်မှာ ကျွန်မကိုယ် ကျွန်မမေးမိတယ်။ ဘာဖြစ်ချင်သလဲလို့။ ဖြစ်ချင်တာတွေ တော်တော်များများလည်း ဖြစ်ခွင့် မရသေးသလို၊ ဖြစ်ချင်တာတချို့လည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် စာရေးသူ ဖြစ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ အကောင်အထည် မဖော်ရသေးတာ သတိရပါတယ်။

တကယ်တော့ အသက်ငယ်တုန်းမှာ စာရေးတာ ပိုသွားမလားပဲလို့ စဉ်းစားမိတယ်။ အသက်ငယ်တုန်းမှာ ယုံကြည်မှု တစ်ခုဆိုလည်း ပြင်းပြင်းထန်ထန် စွဲစွဲမြဲမြဲ ယုံကြည်လိုက်တာပဲ။ ခံစားမှု ဆိုလည်း နင့်နင့်နဲနဲ ခံစားလိုက်တာပဲ မဟုတ်လား။ အဲဒီတော့ စာရေးရတာ ပိုပြီး သွက်လက်မယ်။ ပြောစရာတွေ ပိုရှိမယ်။ စာရေးသူဆိုတာ ခံစားချက်ပြင်းထန်မှ စာရေးလို့ကောင်းတယ်လို့ ထင်တာပါပဲ။ ဒါမှမဟုတ် ဘ၀ကို ထူးခြားတဲ့ အမြင်နဲ့ ကြည့်တတ်တဲ့သူ၊ နောက်ပြီးတော့ ဘ၀မှာ နာကြည်းချက်၊ ထိခိုက်ခံစားချက်များတဲ့ သူ တွေဆိုလည်း စာရေးကောင်းတယ် ထင်တာပဲ။ စာကောင်းရေးတာနဲ့ စာရေးကောင်းတာ နဲ့တောင် မတူဘူးလို့ ဆိုချင်ပါတယ်။ အတွေ့အကြုံ ဗဟုသုတနဲ့ ခံစားချက် ဆိုတဲ့ အဓိကအပိုင်းနှစ်ပိုင်းက စာတစ်ပုဒ်ပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ် မဟုတ်လား။ စာကောင်းရေးတဲ့လူတိုင်းဟာ စာရေး ကောင်းချင်မှကောင်းမှာပဲ။ အဲ…ပြောရင်းနဲ့ ရှုပ်ချင်လာပြီ။

ခုတော့ သုံး ဆိုတဲ့ ဆယ်စုနှစ်တစ်ခုကို ကပ်လာတဲ့ ကျွန်မမှာ စာရေးနိုင်တဲ့ စွမ်းရည်တွေ အရင်ကလောက် မသွက်တော့ဘူး။ တခုခုဆိုရင် ရေးလိုက်ဖို့ကို စဉ်းစားနေမိတယ်။ ဒီအကြောင်းအရာက သင့်တော်ပါ့မလား။ ဒီလိုရေးဖို့ ဆီလျော်ပါ့မလား စသည်ဖြင့် တွေးနေတာနဲ့ပဲ ခရီးမတွင်တော့ပါဘူး။ စက်ဘီးစီးသင်သလို၊ ရေကူးသင်သလိုပဲလို့ ဆိုရမလား မသိဘူး။ ချင့်ချိန်ဥာဏ်တွေက သိပ်ပြီး အလေးသာနေရင် ကြောက်စိတ်က ပိုများနေလို့ လွယ်လွယ်နဲ့ မတတ်တော့ဘူး။

ငယ်တုန်းကဆိုရင်တော့ သစ်ရွက်ကလေးတွေ ကြွေတာလည်း စာတစ်ပုဒ်ပဲ။ ပန်းကလေးတွေ ဝေနေတာလည်း စာတစ်ပုဒ်ပဲ။ ဆရာမ ဂျူးကတောင်မှာ စာပေဟောပြောပွဲ တစ်ခုမှာ သူ့ကိုယ်သူ ခွဲခြမ်းစိတ်ဖြာ ပြတာကတော့ ငယ်တုန်းက သူဟာ အချစ်အကြောင်းရေးတယ်တဲ့။ အမျိုးသမီး ရေးရာ အကြောင်းရေးတယ်တဲ့။ အသက်ကြီးလာတော့ အခုအချိန်မှာတော့ သူ အချစ်အကြောင်း မရေးနိုင်တော့ပါဘူးတဲ့။

ကျွန်မအခုတလော တွေးမိနေတာကတော့ လူတွေအကြောင်းပါပဲ။ စိတ်ပျက်တဲ့ အခါ၊ စိတ်ဆိုးတဲ့ အခါ ဖြစ်ပေါ်လာတဲ့ အတွေး။ ဒါမှမဟုတ်လည်း လမ်းသွားရင်း မြင်မိတဲ့ အကြောင်းအရာ၊ သတင်းတစ်ပုဒ်ထဲက ရလိုက်တဲ့ အတွေးတစ၊ သီချင်းတစ်ပုဒ်ထဲက ဖြတ်စီးသွားတဲ့ ခံစားမှု အပိုင်းအစ၊ ကိုယ့်ဘေးမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ထူးခြားတဲ့ မထူးခြားတဲ့ ဇာတ်လမ်း အတိုတစ်ပုဒ်…စသည်ဖြင့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တေးထားလိုက်တယ်။ ဒီအကြောင်းတွေကို ၀တ္ထုရေးဦးမှပဲလို့။ အဲဒီလို စိတ်ထဲတွေးလိုက်ရတာနဲ့တင် စာရေးချင်စိတ် ပြန်ပေါ်လာတတ်ပါတယ်။ ထစ်ကနဲဆို စာထဲထည့်ရေးလိုက်မယ် စိတ်ကူးတိုင်းသာ ရေးဖြစ်ရင် အခုလောက်ဆို ကျွန်မ စာတော်တော် ရေးဖြစ်နေပါပြီ။ ဒါပေမယ့် စားဝတ်နေရေးအတွက်၊ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုံးလည်ချာလည်လိုက်ရင်းနဲ့ပဲ ခေါင်းထဲက စာတွေ အရည်ပျော်ကုန်ကြတယ်။

ကဲ…အခုတော့ သုံးဆိုတဲ့ ဂဏန်းကိုလည်း မြင်နေရပြီ။ မရောက်ခင်တော့ စာတစ်ပုဒ်ကို တက်သုတ်ရိုက်ပြီးရေးလိုက်ဦးမှပါပဲ။ အသက်သုံးဆယ် အရွယ် စာရေးချင်သူတစ်ယောက်ရဲ့ မှတ်တမ်းတစ်ပုဒ်ပေါ့။