Monday 29 December 2008

ကျွန်ုပ်နှင့် ဘလောက်

တနေ့သ၌ အကျွန်ုပ် ပုံရိပ်သည် ကွန်ပျူတာရှေ့၌ တကုပ်ကုပ် လုပ်နေလေ၏။ ထိုနေ့က နေသာ၍ ရာသီဥတုကလည်း ကြည်လင် နေသောကြောင့် ပုံရိပ်သည်လည်း စိတ်လက် ကြည်သာလျက် ရှိ၏။ ထို့ကြောင့်ပင် မုန့်တီ လုပ်စား လတ္တံ့ဟူသော အကြံဉာဏ် ဖြစ်ပြီး သကာလ ရေနွေးအိုးတစ်အိုး မီးဖိုပေါ် ကောက်တည်လျက် မုန့်ဖတ်ခြောက်များကို ထည့်ထား လိုက်လေသည်။ ထို့နောက် ဗိုက်မဆာသေးပါဘူး ဟူသော အကြောင်းပြချက်ဖြင့် မုန့်ဖတ်များကို ပြုတ်ထားဆဲ ကာလ၀ယ် ကွန်ပျူတာ ရှေ့သို့ ပြန်လာပြီး ဘလောက်များကို အားကြိုးမာန်တက် ကြိုးစားပမ်းစား အားပါးတရ စိတ်ဝင်စားစွာဖြင့် ဖတ်ရှုလျက် ရှိသည်။

ဘလောက်ထဲတွင် စိတ်ပါဝင်စားသွားသည်မှာ မည်မျှကြာသည် မသိ၊ တရှဲရှဲ အသံတို့ မြည်လာသော သကာလ၌ပင် မီးဖိုပေါ်မှ ခေါက်ဆွဲအိုးကို ရုတ်ချည်း သတိရလေတော့သည်။ လှမ်းကြည့်လိုက်သော အချိန်တွင် ခေါက်ဆွဲအိုးသည် ခပ်ဖြူဖြူ အမြှုပ်တို့ တဝေေ၀နှင့် ရှိနေချေတော့၏။ ထိုအခါမှ ပုံရိပ်သည်လည်း အလျင်စလို ကမန်းကတန်း ပြေးကာ ပါးစပ်ကလည်း အမြှုပ်တို့ကို မှုတ်လျက်၊ လက်ကလည်း မီးဖိုကို ပိတ်ရလေတော့၏။ ထိုအချိန်မှာပင် နောက်ကျသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ အကြောင်းမှာ… အင်မတန်ပင် အော်ချင်လှသော fire alarm သည်အလွန်တရာမှပင် ကျယ်လောင်လှစွာသော အသံဖြင့် အော်လျက် ရှိပြီး ဖြစ်နေသောကြောင့်တည်း။

ထိုအခါ မီးဖိုနား ရောက်နေသော ပုံရိပ်သည်လည်း အရပ်ကို ခုံနှင့် ဆက်လျက် fire alarm ကို ပြေးပိတ်ရပြန်လေသည်။ ထိုအခါမှ၊ မပိတ်ချင် ပိတ်ချင်နှင့် alarm သည် တချက်တချက် အော်ချင်လျက်နှင့်ပင် ပိတ်သွားရရှာလေတော့သည်။

ထို့နောက် မီးခိုးတို့ အလျင်အမြန်ထွက်စေရန် အတွက် ပြတင်းပေါက်များကိုလည်း ပြေးဖွင့် ရပြန်လေသည်။ ထိုခဏ၌ပင် အပြင်မှ အလစ်ချောင်းနေသော လေအေးတို့သည် အိမ်ထဲသို့ အလုံးလိုက် အရင်းလိုက် ၀င်ရောက်လာလေတော့သည်။ ချမ်းလာသော ပုံရိပ်သည်လည်း ကပ်စေးနည်းကာ လျှော့ထားသော အပူပေးစက်၏ အပူချိန်ကို ပြေးမြှင့်ရပြန်၏။ ထိုအတောအတွင်း၌ အအေး သက်သာစေရန် အနွေးထည် တစ်ထည်ကိုလည်း ပြေးယူဝတ်လျက်၊ စောင်အပါး တစ်ထည်ကိုလည်း ဆွဲလျက် ကွန်ပျူတာ ရှိရာသို့ ပြန်လာခဲ့လေသည်။ ကွန်ပျူတာရှေ့၌ ဖတ်လက်စ ဘလောက်သည် ပွင့်မြဲပွင့်လျက်။ တမုဟုတ်ချင်းပင် အကျွန်ုပ် ပုံရိပ်သည်လည်း ဘလောက်တွင် ဈာန်ပြန်ဝင်စားလျက် စိတ်ပါလက်ပါပင် ဖတ်ရှုလျက် ရှိနေလေတော့သည်။

ဖတ်ပြီး ခဏအကြာတွင် ခေါက်ဆွဲ ကျက်မကျက် စမ်းသပ်ဖို့ရန် သတိရသွားလေ၏။ အိုးထဲမှ ခေါက်ဆွဲတို့သည် အပြုတ်ဒဏ်ကို အံတုလျက် မာမြဲမာဆဲ ဖြစ်ကြောင်း သိရသောအခါ အကျွန်ုပ် ပုံရိပ်သည် အိုးထဲသို့ ရေထပ်ထည့်လျက် မီးအေးအေးဖြင့် ခေါက်ဆွဲဆက်လက် ပြုတ်လေ၏။ ဖွင့်ထားသော ပြတင်းပေါက်တို့ကိုလည်း လိုက်ပိတ်ရ၏။ အနွေးပေးစက်ကိုလည်း ကပ်စေး အပူချိန်သို့ ပြန်လျှော့ရ၏။ နေသည်လည်း အိမ်ပြင်၌ သာမြဲသာလျက် ပင်တည်း။ အားလုံး ပိုနေမြဲ ကျားနေမြဲ ဖြစ်သော အခါ အကျွန်ုပ်သည်လည်း ပုံရိပ်နေမြဲ အတိုင်း ဆာလောင်ခြင်းကို အံတုလျက်၊ ခေါက်ဆွဲအိုးကို မေ့လျော့လျက် ဘလောက်ကမ္ဘာတွင် ဆက်လက် မွေ့လျော် နေလေတော့ သတည်း။

Sunday 28 December 2008

လေယာဉ်ကွင်းမှာ

လေယာဉ်ကွင်း…။ လူတွေ ပျားပန်းခတ်မျှ များပြားနေသည်။ ပိတ်ရက်မို့ မိသားစုဆီ ပြန်လာကြသူများ၊ မိသားစုဆီ ပြန်သွားမည့်သူများ။ အိတ်ကြီးအိတ်ငယ်နှင့် ခပ်သုတ်သုတ် လျှောက်သွားကြသူများ။ ကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့်၊ အိတ်တွေ မနိုင်မနင်းနှင့် စုံတွဲတွေ။ ထိုင်နေရာမှ သူ လူတွေကို လိုက်ကြည့်နေဖြစ်သည်။ ချစ်သောသူ၏ လေယာဉ်က ဆိုက်မလာသေး။ လေယာဉ်ဆိုက်ရာ လိုဏ်ခေါင်းများမှ လူအတော်များများ လျှောက်လာနေကြသည်။ အေးသော ဒေသမှ လာခဲ့ဟန်တူသည်။ အားလုံး အနွေးထည်ထူထူ၊ ကုတ်အင်္ကျီလက်ကချိတ်လျက်…။

သူ့နံဘေးမှာ ထိုင်နေသော အဒေါ်ကြီး တစ်ယောက်ကတော့ သူ့သမီးကို လာကြိုသည်ဟု ပြော၏။ လေယာဉ်ကလည်း ကြာလိုက်တာနော်။ ဆိုက်သင့်နေပြီဟု စိတ်မရှည် လှစွာ ရေရွတ်နေသည်။ လေယာဉ်အခြေအနေကို ဖန်သားပြင်ပေါ်မှာ စစ်ကြည့်တော့ လေယာဉ်က စ၍ ဆင်းနေပြီတဲ့။ သူပျော်သွားသည်။ မကြာခင် လေယာဉ်ဆိုက်တော့မည်။

သူ့ရှေ့မှာ မိသားစုတစ်စု ဖြစ်ဟန်တူသော လူတစ်စု ရပ်နေကြသည်။ အမျိုးသမီးက လူလတ်ပိုင်း အရွယ်။ ၁၃နှစ် ၁၄နှစ် အရွယ် ကောင်လေး တစ်ယောက်လည်း ပါသည်။ အသက်နှစ်ဆယ် အရွယ်ခန့် အမျိုးသား တစ်ယောက်လဲ ပါသည်။ သူတို့လက်ထဲတွင် “အိမ်အပြန်ကို ကြိုဆို ပါတယ် အစ်ကိုရွိုင်ယင်” ဟု ရေးထားသော ကဒ်ထူပြားတစ်ပြား ကိုင်ထားသည်။ သူတို့အားလုံး ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေကြသည်။ ကောင်လေးက အပေါက်ဝဘက်ကို မျှော်ကြည့်လိုက်၊ ကဒ်ပြားကို ထောင်လိုက်နှင့်။ ထိုအချိန်မှာ ပြောက်ကျား ၀တ်စုံနှင့် စစ်သားတစ်ယောက် ထွက်လာသည်။ အမျိုးသမီးက ထိုစစ်သားကို လှမ်း၍ မေးသည်။ ရှင်တို့ ဘယ်လေယာဉ်နဲ့ လာကြတာလဲတဲ့။ စစ်သားက ပြန်ဖြေသည်။ အမျိုးသမီးက သူ့ အစ်ကို (သို့မဟုတ် မောင်) ကိုလာကြိုသည်တဲ့။ ကျွန်မ အစ်ကို (မောင်)လဲ အဲဒီလို စစ်ဝတ်စုံမျိုး ၀တ်ထားတာ ဟုပြောနေသော သူ့အသံမှာ တက်ကြွနေသည်။ သူတို့ ပြောတာကို နားထောင်ရင်း ကိုယ်ပါ လိုက်ပျော်နေမိသည်။

အနီးအနားမှာ ထိုင်နေသော အမျိုးသမီး တစ်ယောက်က သူ့ညီမကို လာကြိုသည်တဲ့။ လေယာဉ်ကွင်းနှင့် သူ့အိမ်က တစ်နာရီလောက် ကားမောင်းရတာမို့ လေယာဉ်ဆိုက်ဖို့ကို စိတ်စော၍ နေ၏။ ရာသီဥတုက ဒီနေ့ သိပ်မဆိုး၍ တော်သေးသည်ဟု ပြောနေသေးသည်။ သူတို့အိမ်က ရေကန်လေးတစ်ကန် နံဘေးမှာ ရှိသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် နေလို့ ကောင်းသော်လည်း အရာရာနှင့် ဝေးသည်မို့ မြို့ထဲ တခါထွက်ဖို့ အရေး ကားအကြာကြီး မောင်းရသည်ဟု ညည်းနေသေးသည်။

ချစ်သောသူကို လာကြိုသော သူကရော….။ သူကတော့ ချစ်သောသူကို တွေ့ရမည့် အတွက် ရင်ခုန်၏။ မျှော်ရတာကို ပျော်ပါသည်။ ဟုတ်တယ်လေ။ နှုတ်ဆက်ရတာထက် စာလျှင် မတွေ့ခင် မျှော်လင့်ရတာကို သူကြိုက်ပါသည်။

ခရီးသည် နောက်တသုတ် ခပ်သွက်သွက် လမ်းလျှောက်လာနေသည်။ အားလုံးက လိုရာခရီးကို ရောက်စေချင် နေကြသည့် အသွင်။ ဟော.. တွေ့ပါပြီ။ လူအများကြားထဲမှ သူမျှော်နေသော သူ။ ထိုင်ရာမှ ထလိုက်သည်။ ရပ်နေရာမှ မရွှေ့မိဘဲ ပြုံးပြနေမိသည်။ အနီးကပ်လာတော့ သူ့ကို လှမ်းဖက်၍ နှုတ်ဆက်သည်။ သူတို့ နံဘေးမှ စစ်သားလူငယ်ကို ကြိုနေသော လူစုမှာ ကြွက်စီ ကြွက်စီ ညံ၍ နေသည်။ သူတို့နှစ်ဦး စကားတပြောပြောနှင့် ကားဆီကို လျှောက်လာကြသည်။

ကြိုဆိုပြီးလျှင်တော့ ခွဲခွာရဦးမည်။ လေယာဉ်ကွင်း၌ ကြိုကြသည်။ လေယာဉ်ကွင်း၌ ငိုကြသည်။ လေယာဉ်ကွင်း၌ မျှော်ကြသည်။ လေယာဉ်ကွင်း၌ ပျော်ကြသည်။ နှစ်တစ်နှစ်လိုပါပဲ။ ကြိုပြီးလျှင် နှုတ်ဆက်ရမည်။ လေယာဉ်ကွင်းကတော့ သူ့တာဝန်သူ ထမ်းဆောင် နေပေလိမ့်မည်။ နှုတ်ဆက်ခြင်း အကြောင်းကို မသိကျိုးကျွံ ပြု၍ ဒီညတော့ သူပျော်လိုက်ဦးမည်။

Monday 15 December 2008

ထွက်ပြေးသူရဲ့ အရိပ်

ရေးဖို့ အကြောင်းအရာ ခေါင်းထဲမှာ မယ်မယ်ရရ စဉ်းစားလို့ မရဖြစ်နေတယ်။ ဘာမှ မတင်ဖြစ်တာ ကြာတော့ မျက်နှာပူ လာတယ်။ (ဘလောက် ငရဲမင်းနဲ့လဲ ထပ်မတွေ့ချင်ပါ။) ဒါနဲ့ပဲ ကဗျာလေး တစ်ပုဒ်လိုပဲ အလွယ်တကူ ချရေးလိုက်ပါတယ်။ ကဗျာလို့ပဲ သည်းခံပြီး ဖတ်ပါနော်။

xxx

အရိပ်
ကိုယ့်နောက်က ကပ်ပါလာမြဲ
အရိပ်
ကမ္ဘာတခြမ်းဝေးတောင်
ထွက်မပြေးနိုင်ခဲ့
အရိပ်
နာမည်တွေ အလီလီပြောင်းခဲ့လဲ
အရိပ်
မျက်နှာဖုံးများစွာ တပ်ဖူးခဲ့ပါတယ်
အရိပ်
ဘယ်လောက်ပင် ဖုံးကွယ်ထားပေမယ့်
အရိပ်
ကိုယ့်အရိပ်ဟာ
ကိုယ်ကိုတိုင်ပါပဲ။

Wednesday 3 December 2008

ချွေတာရေး

အား… အခုမှပဲ နွေးသွားတော့သည်။ ဖျော်ထားသော လက်ဖက်ရည် တစ်ငုံပါးစပ်ထဲ ရောက်မှပဲ ချမ်းနေတာ ပြေသွားတော့သည်။ ခုတလော ရာသီဥတုက အေးလာပြီ။ အနွေးစက်ကို ဖွင့်သော်လည်း အမြဲတမ်းသာ ဖွင့်နေရလျှင် မလွယ်ပါ။ လကုန်တွင် လာမည့် အနွေးပေးခကို သူကြောက်မိ၏။ အင်း ချွေတာမှ။

ရေခဲသေတ္တာ ဖွင့်ကြည့်တော့ စားစရာတွေကတော့ အများကြီးပင်။ ဒါပေမယ့် တခုမှ မစားချင်တာ ခက်သား။ ခုအချိန်တွင် စားချင်သည့် အစာက အိမ်မှာ မရှိ။ ဒီလိုနဲ့ ၀ယ်ပြီး မစားဖြစ်သော အစာအချို့ အမှိုက်ပုံးထဲသို့ရောက် ကုန်သည်။ ပြီးခဲ့တဲ့ အပတ်ကလည်း သုံးသည့် ဈေးဖိုးမှာ လိုတာထက် ပိုများသွားခဲ့သည်။ ပြီးတော့လည်း စားစရာ မရှိဟု သူပဲ ငြီးငြူ တတ်ပြန်ပါသည်။ သူများတွေတော့ စားစရာ တကယ် မရှိလို့ ဒုက္ခရောက်နေ ရတဲ့ အချိန်မှာ ငါက ဖြစ်တာနဲ့ စားတတ်ရမှာပေါ့ဟု ကိုယ့်ကိုယ်ကို ဆုံးမသည်။ အသင့်စား ခေါက်ဆွဲ တစ်ထုပ်ကို ဖောက်ကာ အရွက်များများနှင့် စားပစ်လိုက်တော့လည်း ညနေစာ တစ်နပ် ပြီးသွားသည်ပဲ။

ရေမိုးချိုး အင်္ကျီလဲပြီးတော့ လျှော်ပြီးစ ဆံပင်ကို ဘီးနှင့်ဖြီးသည်။ ဘီးက ကျိုးလုကျိုးခင်မို့ ဘီးအသစ်တစ်ချောင်း ၀ယ်ရန် စဉ်းစားမိသည်။ ဒါပေမယ့်လည်း ဖြီးလို့ ရနေတာပဲလေ။ ဘာလို့များ အသစ် လိုချင်နေရသေးတာလဲဟု ကိုယ့်ကိုယ်ကို ဆန်းစစ်တော့ အသစ်လိုချင် နေသောစိတ် လျော့ကျသွားသည်။

အေးအေးရှိသည်မို့ အနွေးထည် ထူထူတစ်ထည် လိုက်ရှာမိသည်။ စုတ်သော်လည်း ထူသော အနွေးထည် တစ်ထည် ဗီရိုအောက်ဆုံးထပ်မှ ထွက်လာသည်။ အထက်တန်းလောက် ကတည်းက ၀တ်ခဲ့သော ကိုယ့်အကြိုက်ဆုံး အနွေးထည် တစ်ထည် ဆိုတာ သတိရသွားပြန်သည်။ ချွေတာရေး လုပ်ပြီး အ၀တ်အစား မ၀ယ်ဘဲ နေဖို့ ကြိုးစားခဲ့သည်မှာ ကြာပြီ။ အောင်မြင်သင့် သလောက် အောင်မြင်သော်လည်း စိတ်လွတ်သွားသည့် အခါမှာတော့ တစ်ထည်လောက် ၀ယ်ဖြစ်တတ်သည်။ လျော့ဈေးချတိုင်း မ၀ယ်နှင့်၊ တန်တယ် ထင်တိုင်း မ၀ယ်နှင့်။ မလိုဘဲနှင့် မ၀ယ်နှင့်။ ဒီလို သတိထားမိလျှင် ကိုင်ပြီးသော အကျီင်္ ပြန်ချဖြစ်သွားသည်။ အင်း ဒီလိုတော့လည်း ဟုတ်နေသား။

ထိုင်ခုံပေါ်ထိုင်ရင်း စောင်မထူမပါး တစ်ထည်ကိုလည်း ဆွဲခြုံမိသည်။ နိုဗယ်ဆု ရသွားသော သမ္မတဟောင်း ဂျင်မီကာတာတောင် အိမ်ထဲမှာ နေလျှင် အနွေးထည် တစ်ထည် အမြဲ ၀တ်ထားသည်ဆိုပဲ။ အနွေးပေးရ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာအောင်၊ စသည်ဖြင့် ကြားဖူးတာပဲ။ သမ္မတတောင် အနွေးထည် ၀တ်နေတယ် ဆိုတော့ ကိုယ်ကလည်း အားကျမခံ အနွေးထည်ရော၊ စောင်ပါ ခြုံနေလိုက်မည်။ ဒီလိုဆို ချွေတာရေးလည်း ဖြစ်ရာကျ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညှာတာရာ ကျပေမပေါ့။

ရှေ့မှာ မြင်နေရသော ကွန်ပျူတာကို ဖွင့်မည်လုပ်သည်။ အလုပ်မှ ပြန်လာကတည်းက အိပ်ချိန်အထိ ကွန်ပျူတာရှေ့ ထိုင်တတ်သည်မှာ ကိုယ့်အကျင့်လို ဖြစ်နေပြီ။ ဘလောက်တွေ လိုက်ဖတ်သည်။ ပို့စ်အသစ် ရေးဖို့ ကြိုးစားသည်။ ကွန်ပျူတာသုံးချိန် နည်းနည်းလျော့လျှင် ကိုယ့်ချွေတာရေး အစီအစဉ်လေးကို အထောက်အကူ ဖြစ်နိုင်သည်။ ဒါပေမယ့်….အင်း…. အင်း…. ဘယ်လောက်များ စုမိသွားမှာ မို့လို့လဲ။ ဒါတော့ လာမပြောနဲ့။ ချွေတာနိုင်ဘူး။

Wednesday 26 November 2008

အိပ်မပျော်သောည

အိပ်မပျော်တော့ သီချင်းနားထောင်ရင်း စိတ်ကူးပေါက်ရာ လျှောက်ရေးပါသည်။

xxx

မီးခလုတ်ကို ပိတ်လိုက်မိပြီ ဖြစ်ပေမယ့် မအိပ်ချင်သေး။ တယောသံ ခပ်နွဲ့နွဲ့ပါသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်မိသည်။ ခပ်တိုးတိုးပေမယ့် သူလိုက်ညည်းနေမိသည်။ အိပ်ယာနံဘေးက နိုးစက်နာရီကို တွေ့တော့ ကြည်နူးနေသော စိတ်ကလေး ပျောက်သွားရသည်။ မနက်ဖြန် အလုပ်သွားရဦးမည်။ နိုးစက်ပေး ထားမှ။ ဒါပေမယ့် သူမအိပ်ချင်သေးပါ။

စိတ်ရှုပ်ရှုပ်နှင့် စောင်ကို မေးစေ့အထိ တင်းတင်းဆွဲကာ ခြုံလိုက်၏။ အိပ်ယာထဲမှာ လှဲလိုက်တော့ သာနေသော လကို ပြတင်းပေါက်မှ တဆင့် မြင်ရ၏။ လရောင်၏ ဖြားယောင်းမှု ဟူသော စကားကို သူနည်းနည်း သဘောပေါက် သလိုရှိမိ၏။ ဖြာနေသော အလင်းရောင်သည် ငြိမ်သက်စွာ သူ့အခန်းထဲသို့ ကျနေသည်။ ဆိတ်ငြိမ်သောညနှင့် လသည် အလွန်လိုက်ဖက် လှပါလား ဟုသူတွေးမိပြန်၏။ ခပ်တိုးတိုး သီချင်းသံကြောင့် ပိုပြီးခံစား၍ ရသယောင်။ စိတ်ကူး၍ နေချင်သေး၏။ ဘာအကြောင်းတွေး ရမည်မသိသော်လည်း စိတ်ကူးနှင့် အတွေးနှင့် အေးအေးလေး နေချင်သေးသည်။ ညကို အိပ်ပစ်ရမည်မှာ နှမြောစရာဟု သူထင်လာသည်။ သူမအိပ်ချင်သေးပါ။

ငွေလမှာ ဆုံကြသော ချစ်သူနှစ်ဦး၏ အကြည့်အကြောင်း သူကြားဖူးသည်ကို မှတ်မှတ်ရရပင်။ လရောင်ကြောင့် ၀င်းနေသော စကားဝါပင်ကို သူလွမ်းရင်း ငိုချင်လာသည်။ လရောင်အောက်မှာ ပွင့်နေသော ပန်းတွေနှင့် ထုံအီသော ရနံ့ တစ်ခုကို သတိရလာ၏။ အထပ်ထပ် ကြားနေရသော်လည်း နှစ်မျောနေချင်သေးသော၊ မဆုံးစေချင်သေးသော တေးသွားကို ကျော့၍ ဖွင့်နေပြန်၏။ တယောသံအောက်မှာ ဒီအတိုင်း နေချင်သေးသည်။ မဆုံးစေချင်သော အခြေအနေ တရပ်ကို အထပ်ထပ် ဖန်တီးလို့ ရသရွေ့တော့ ဖန်တီးပေဦးမည်။ သူမအိပ်ချင်သေးပါ။

တခါတရံ ရပ်တန့်ထားလို့ မရသော အချိန်ကာလများ အကြောင်း တွေးမိသည်။ ဆွဲထား၍ မရသော အချိန်များ၊ သိမ်းထားချင်သော တဒင်္ဂများ၊ သီချင်း တစ်ပုဒ်လို မဆုံးစေချင်သော တခဏများ၊ ပြန်ကာပြန်ကာ ထပ်နေစေချင်သော ပြကွက်များ။ ဖန်တီးချင်စိတ်ကို နေသားတကျ ဖြစ်စေလိုသောစိတ်နှင့် မဖျက်ဆီး ပါနှင့်တော့။ ရှိပါစေတော့လေ။ မျောနေသော အတွေး အတိုင်းသာ ထားလိုက်ပါဟု သူ့ကိုယ်ကို ပြောနေမိသည်။ သူမအိပ်ချင်သေးပါ။

တရွေ့ရွေ့ လာနေသော တိမ်တတိုက်က လကို ဖုံးသွားသည်ကို ကြည့်ရင်း ၀မ်းနည်း မိ၏။ သာပြီးလျှင် ကွယ်ရမြဲ။ ကွယ်ပြီးလျှင် သာရမြဲ။ ကွယ်ပြီးပြီမို့ တိမ်ကင်းစင်မည့် အချိန်ကို သူစောင့်နေမိသည်။ အတက်အကျနှေးရာမှ မြန်လာသော တေးသွားတစ်ပိုဒ်ကို သူကြားလိုက်သည်။ သို့ပေမယ့် လက ပြန်မသာလာသေး။ လပြန်ထွက်သည့် အချိန်ကို စောင့်ချင်သေး၏။ သူမအိပ်ချင်သေးပါ။

ဘာကြောင့်ရယ် မသိ ၀မ်းနည်းလာသော စိတ်ကို ငြင်းပယ်ရန် ကြိုးစားဖို့ သူသီချင်းတစ်ပုဒ် ပြောင်းဖွင့် လိုက်သည်။ သို့ပေမယ့် အချိုးမညီ မလိုက်ဖက်သော သီချင်းသည် တာရှည် မခံ။ ဆွေးမြေ့သော တယောသံကို သူပြန်ကြားချင်ပြန်၏။ လူဆိုတာ ခက်သားလား။ လွမ်းနေရတာကိုပဲ အရသာခံ၍ ကြိုက်တတ်လေ သလား။ ထိုသို့ ဆိုလျှင်လည်း ထိုအလွမ်းကို တစိမ့်စိမ့် ခံစားဖို့ အတွက် သူမအိပ်ချင်သေးပါ။

တိုးသွားလိုက် ကျယ်လာလိုက်နှင့် တယောသံကို သူကြားနေရဆဲ။ သူ့မျက်ခွံများ လေးလံလာသည် ကို ငြင်းပယ်နေမိ၏။ မရပ်ပစ်လိုက်ပါနဲ့။ ခံစားနှစ်သက်ဆဲ အချိန်လေး တစ်ခုကို မဆုံးရှုံး ချင်သေးပါ။ လုပ်သင့်တာနှင့် စိတ်၏စေရာ တို့ကြား သူလွန်ဆွဲနေဆဲ။ သူတယောကို မြင်နေရသည်။ အို…. သူ့လက်ထဲကို တယောတစ်လက် ရောက်နေပါရောလား။ အံ့သြဖွယ်ရာပဲ။ သူ့လက်များက တေးသွားကို တီးခတ်နေကြသည်။ သူ….မအိပ်ချင်သေးပါ။

အိပ်စက်ခြင်း၏ နောက်တဖက်မှာ လင်းလက်သော နေရောင် တစ်ခု။ သူတာဝန်ယူ ထားသော ဘ၀တစ်ခု။

သူ တကယ် မအိပ်ချင်သေးပါ။

Sunday 16 November 2008

ပုံရိပ်နှင့်ဘလောက် ငရဲ

“ဟေ့ ပုံရိပ် ဆိုတာ ရှိလား။”

ကြောက်ကြောက်နဲ့ အမှောင် ထဲက ထွက်လာခဲ့သည်။ ကိုယ်ဘယ်ရောက် နေလဲဆိုတာလဲ သေချာ မသိ။ သိသလိုလိုတော့ ရှိသည်။ ဒါပေမယ့် မသိချင်တော့ မသိချင်ယောင်သာ ဆောင်လို့ နေမိသည်။ အခန်း တစ်ခုလုံးက ခပ်မှောင်မှောင်။ စားပွဲမှာ ထိုင်နေသူ အကြီးအကဲနှင့် သူ့တပည့်များ တ၀ိုက်တွင်သာ မီးထွန်း၍ ထားသည်။

“ဟေ့ ရှိရင် ထွက်ခဲ့လေ။”

လူတွေ ကြားထဲမှာ ယောင်လည်လည် လုပ်နေသောပုံရိပ်ကို မြင်ဟန် မတူသေး။

“ဘလောက် ရေးတယ်ဆို။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု ဘလောက်ကို ပစ်ထားတယ် မဟုတ်လား။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု မင်းဘယ်ရောက် နေလဲ သိလား။”

“ဟုတ်..ဟုတ်ကဲ့။ အဲ… မဟုတ်။ မသိပါဘူး။”

“အခု ငရဲ ရောက်နေတာဟေ့။ ဘလောက် ငရဲ။”

“ရှင်…..။”

ရှင် တစ်လုံးသာ တမိသည်။ ကိုယ့်ကိုယ်ကို ငရဲ ရောက်တယ်ဆိုတာ မယုံချင်သေး။ ကိုယ်က လူကောင်းလေး ပဲဥစ္စာဟု ပွစိပွစိနဲ့ တွေးနေမိသေးသည်။ ကိုယ့်အတွေးကို ယမမင်း… အဲ ယမမင်းလို့ ခေါ်လေမည်လား။ ဘလောက်ငရဲက ယမမင်းဆိုတော့ အင်း… ယမမင်း (ခေတ္တ ဘလောက်ငရဲ) အဲဒီလိုလား မသိနိုင်။ အဲ ဘာတွေတွေး နေပါလိမ့်…။ ထားပါတော့ အဲဒီ ဘလောက် ငရဲမင်းက သိသွားပုံ ရသည်။

“ဟေ့ ဒီကို ရောက်လာတာ မင်းဟာမင်း ကောင်းကောင်း၊ ဆိုးဆိုး၊ တို့ဂရုမစိုက်ဘူး။ မင်းဘလောက်ဂါ လုပ်ချင်တယ် ဆိုပြီး တာဝန် မကျေဘူး။ ဘလောက်ကို ရက်ပေါင်း များစွာ ပစ်ထားတယ်။ ကော်မန့်တွေကို မပြန်ဘူး။ ဆီဗုံး အဲလေ…. ဆီဘောက်စ်မှာလဲ ဘလောက် ရောင်းရင်းတွေရဲ့ စကားကို မပြန်ဘူး။ ယုတ်စွဆုံး နှစ်ရက်တိတိ ဘလောက်တွေတောင် လိုက်မဖတ်ဘူး။ အဲဒါကြောင့် အသိတရားရအောင် ဒီကို ခေါ်လာတာပဲ။”

အင်း အမှန်တရားတွေတော့ ပြောနေပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး ဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်သည်။

“ကဲ ကြာတယ် ကြာတယ်…။ နောက်က လူတွေ စောင့်နေတာ ရှိသေးတယ်။ မင်းအပြစ်ဒဏ်ကို ပြောမယ်။”

“ဟုတ်။”

“ဟိုမှာတွေ့လား ကွန်ပျူတာတွေ။”

အင်း အပြစ်ပေးမယ် ဆိုပြီး ဘယ်နှယ့် ကွန်ပျူတာတွေ ပြနေရပါလိမ့်။

“အေး အဲဒီ ကွန်ပျူတာသုံးပြီး တစ်နေ့ကို ဘလောက်ပို့စ် တစ်ခု ရေးရမယ်။ ပြီးရင် ဘလောက်ပေါ်မှာ တင်ရမယ်။ အင်း…. တင်ရမှာက အနှေးဆုံး ကော်နက်ရှင်နဲ့။ ဒီကြားထဲမှာ အနှောက်အယှက်တွေ ၀င်မယ်။ မီးက ပျက်မယ်။ ကော်နက်ရှင် ပြတ်မယ်။ အဲဒီ အခက်အခဲတွေကို ကျော်ပြီး တစ်နေ့ကို ပို့စ်တစ်ခု တင်ရမယ်။ ပြီးတော့ ဘလောက်ဆယ်ခုက ပို့စ်ဆယ်ခုကို ဖတ်ပြီး ငါ့ဆီကို နှစ်ရက်တစ်ခါ အကျဉ်းချုပ်တင်ရမယ်။ သူတို့ ဘာအကြောင်း ရေးထားလဲ။ ဘာကို ဆိုလိုချင်တာလဲ စသည်ဖြင့်ပေါ့။ အင်း…. အဲဒီကိစ္စတွေကို တစ်နေ့တည်း ပြီးအောင် မလုပ်နိုင်ရင်တော့…. ဟိုမှာ တွေ့လား ဒယ်အိုး။ ကဲဒါပဲ သွားတော့။”

ပြီးတော့ သူ့ဟာသူ ရေရွတ်သလို ကိုယ့်ကိုပဲ ဆုံးမချင်သလိုနဲ့ ဆက်ပြီး ပြောနေလေရဲ့။

“ဘယ်နှယ့်ဗျာ ဘလောက်ရေးဖို့ အခွင့်အရေး ကောင်းကောင်း ရှိနေရဲ့နဲ့၊ ကောင်းကောင်းမရေးဘူး။ တန်ဖိုးကို မထားတတ်ဘူး။ တန်ဖိုးနည်းနည်း သိအောင် ရေးကြည့်။”

သူပြောတဲ့ စကားကြားရင်း ငိုချင်လာသည်။ တန်ဖိုးကိုသိပါတယ်။ အလုပ်မအားလို့ပါ။ နိစ္စဓူဝ ဟိုကိစ္စ၊ ဒီကိစ္စ … ကိစ္စပေါင်းများစွာကို အကြောင်းပြမိရင်း ဘလောက်နဲ့ ဝေးကွာ သွားတာပါ။ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ချွေးပြန်လာသည်။ ကော်နက်ရှင် မပြောနဲ့။ စာရေးဖို့ ပြတင်းပေါက် (Window) ကို ဖွင့်တာ အခုထိ တက်မလာသေး။ ငါးမိနစ်လောက် ကြာသွားပြီ ထင်သည်။ ဘိုးတော် ဘုရားလက်ထက်က ကွန်ပျူတာတွေ ထင်တယ်။ ကျွန်မ မှားပါပြီဟု အော်ပြီး ငိုချင်လာသည်။ မှားပါပြီ… မှားပါပြီ….။ ပြတင်းပေါက်ရယ် ပွင့်ပါတော့….။ ပွင့်ပါတော့…။ ပွင့်ပါတော့…။

ပွင့်ပါတော့…။ ပွင့်ပါတော့….။ ဟင် ငါဘာတွေ အော်နေပါလိမ့်။ ကိုယ့်ရှေ့မှာ ကွန်ပျူတာလဲ မရှိ။ အိပ်မက်မက်နေတာဟု သိတော့မှပင် စိတ်အေးသွားသည်။ အင်း မနက်ကျရင်တော့ ပို့စ်တင် ဦးမှ။

Monday 27 October 2008

သီချင်း တစ်ပုဒ်ကို ခံစားခြင်း

ကျုပ်ရှေ့မှာ မြစ်တစ်စင်း ဖြတ်စီးဆင်း နေတယ်။ ကမ်းပါးပေါ်မှာ ရပ်ရင်းနဲ့ ကျုပ်ငေးကြည့်နေမိတယ်။ မြစ်ဟာ ငြိမ်ငြိမ်လေး ငြိမ့်ငြိမ့်လေး စီးနေလေရဲ့။ မြစ်ရေပြင်ပေါ်မှာ စိမ်းစိုနေတဲ့ သစ်ပင်တစ်ချို့ အရိပ်တွေ၊ အရိပ်တွေ….။ အို…. ငြိမ်းချမ်းလိုက်တာ….။ ဒီအချိန်မှာ ကျုပ်စိတ်ထဲ စိတ်ရိုင်းတွေ ၀င်လာတယ်။ မြစ်ကို လှိုင်းတံပိုးတွေ ထန်လာအောင် အမိန့်ပေးချင်လာတယ်။ ကျုပ်စိတ်တွေ ဆူဝေလာတယ်။ ကျုပ်ရဲ့ ဆန္ဒအတိုင်း ဘာမဆို ဖြစ်ရမယ်။ ဖြစ်ကို ဖြစ်ရမယ်။ ကျုပ် အမိန့်တွေ ပေးလိုက်တယ်။ မြစ်ရေပြင်မှာ လှိုင်းတွေ ထန်စေ…………။ လှိုင်းတွေ ထန်စေ…..။ လှိုင်းတွေ ထန်စေ……..။ အမိန့်ပေးရင်းနဲ့ ကျုပ်မောဟိုက် လာတယ်။ အို…..မြစ်ကတော့ ငြိမ်နေဆဲ ပါလား။ သစ်ရွက်တွေကတော့ သာသာလေးပဲ လှုပ်ခတ်နေလေရဲ့။ ငြိမ်းချမ်းနေတဲ့ ပတ်ဝန်းကျင်ကို မြင်လေ၊ ကျုပ် ဒေါသထွက်လေပဲ။ နောက်ထပ် တစ်ခါ၊ နှစ်ခါ၊ သုံးခါ….. ကြိုးစား ကြည့်တယ်။ နောက်ဆုံး ကျုပ်မြစ်ကမ်းဘေးမှာ ထိုင်ချလိုက်တယ်။ ကျုပ် ငိုမိတယ် ထင်တယ်။ ရှိုက်ရှိုက်ပြီး ငိုမိတယ် ထင်တယ်။

အင်း…. ကျုပ်ဟာ တစ်ချိန်က ပင်လယ်တွေကိုတောင် အမိန့်ပေးခဲ့တဲ့ တန်ခိုးရှင်ပဲ။ ကျုပ်ရဲ့ ခြေဖ၀ါးအောက်မှာ လိမ့်လိမ့်ပြီး တက်လာတဲ့ လှိုင်းလုံးတွေကို ကြည့်ပြီး ကျေနပ်ခဲ့ဖူးတယ်။ လှိုင်းလုံးတွေဟာ အိမ်တွေကို၊ သစ်ပင်တွေကို၊ လှေတွေကို ၀ါးမျိုသွားခဲ့တယ်။ ဒါတွေကို ကြည့်ပြီး ကျုပ်အမိန့်ရဲ့ စွမ်းအားကို ကျုပ်ကျေနပ် ခဲ့ဖူးတယ်။ ကျုပ်ရယ်သံတွေ လွှမ်းခဲ့ဖူးတယ်။ လောကကြီးမှာ ကျုပ်ရဲ့ အမိန့်တည်စေရမယ်….။ အဲသလို ကြွေးကြော်ဖူးခဲ့တယ်။

ခုတော့… ကျုပ်ကို လူတွေက အရူးတဲ့။ ကျုပ်အကြောင်းကို ပြန်ပြောပြရင် တချို့ကလည်း ရယ်ပြီး ထွက်သွားကြတယ်။ တချို့ကလည်း ကျုပ်ကို ပြန်ပြောသွားကြတယ်။ တံမြက်စည်းလှည်း မှာသာ လှည်းစမ်း ပါဗျာ တဲ့။ ကျုပ်ဟာ ခုတော့လည်း လမ်းတွေပေါ်မှာ တံမြက်စည်းလှည်းတဲ့ လူကြီးပေါ့။ ဒီလမ်းတွေကို တချိန်က ကျုပ်ပိုင်ဖူးခဲ့တယ် ဆိုတာကို ကျုပ်ကျိန်တွယ် ပြောလည်း မယုံဘူး။

ဒီလမ်းတွေပေါ်မှာ ကျုပ်က မှောင်စေချင်တယ်ဆို မှောင်ရတယ်။ လင်းစေချင်တယ်ဆို လင်းရတယ်။ နေ့တွေ ညတွေကို ကျုပ်ဖန်တီးတယ်။ ဒီလမ်းတွေပေါ်မှာ လျှောက်စေချင်တဲ့ လူတွေသာ လျှောက်ရမယ်။ မလျှောက်စေချင်တဲ့ သူများဟာ အရိပ်တောင် သီခွင့်မရှိဘူး။ ကျုပ်သေဆိုသေ ရှင်ဆိုရှင်ပဲ။

လူတွေက ပြောကြတယ်….။ ကျုပ်ဒီအာဏာတွေကို ရဖို့အတွက် အတားအဆီးတွေ အားလုံးကို ဖျက်ဆီးခဲ့တယ်။ တံခါးတွေကို ရိုက်ချိုးခဲ့ရတယ်။ အဲ…စည်းတွေ အားလုံးကိုလည်း ချိုးဖောက်ခဲ့ရတယ်။ မျက်ရည်တွေ၊ ငိုသံတွေကို နင်းခြေပြီး ကျုပ်တက်ခဲ့တယ်။ လှေကားတွေကို တစ်လှမ်းချင်း တက်ခဲ့တယ်။ အမြင့်ကို ကျုပ်မက်မော လာတယ်။ မြင့်လေ မက်မောလေပဲ။ မြင့်လေ… ငိုသံတွေကို မကြားရတော့လေပဲ။ မကြားချင်ဘူး။ အဲဒီအကြောင်းတွေ မကြားချင်ဘူး။ ကျုပ်အတွက် ကျုပ်ဖန်တီးခဲ့တဲ့ တန်ခိုး အာဏာတွေကို ဘာနဲ့ပဲ လဲရလဲရ။

ပိုးဖဲ ကတ္တီပါတွေ ရှိတယ်။ ကျောက်သံ ပတ္တမြားတွေ ရှိတယ်။ ၀တ်ကောင်းစားလှတွေ ရှိတယ်။ အစားအသောက်ကောင်းတွေ ရှိတယ်။ ကျုပ်မျက်နှာကို အားလုံးဟာ မော်မကြည့်ရဲဘူး။ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ ဆိုတဲ့ စကားဟာ ကျုပ်နားမှာ ချိုမြလို့။ ကျုပ်ရဲ့ ရန်သူမှန်သမျှ ရှင်းလင်းခဲ့တယ်။ ကျုပ်စကားတစ်လုံးနဲ့ သူတို့ဟာ ကွယ်ပျောက် ကုန်ကြတယ်။ လူတွေဟာ ကျုပ်ကို ပိုပြီး ရွံ့လာကြတယ်။

ဘာသာရေးကို နာမည်တပ်လို့ ကျုပ်အာဏာကို ဖြန့်ကျက်ခဲ့တယ်။ ငရဲရောက်မယ့် လူတွေကို ကယ်တင်ဖို့ အတွက် လူ့အသက်အချို့ ကျုပ်အမိန့်နဲ့ သတ်ခဲ့တယ်။ ကျုပ်စကား တစ်ခွန်းအောက်မှာ စစ်မီးတွေ လောင်ခဲ့တယ်။ မဆုံးနိုင်အောင် လောင်မြိုက်ခဲ့တယ်။ ငရဲကျမယ့် လူတွေရဲ့ ကယ်တင်ရှင်ကြီး ကျုပ်ဟာ နတ်ပြည်တော့ ရောက်လိမ့်မယ် မထင်ဘူးတဲ့ အချို့ လူတွေက ဝေဖန်ကြတယ်။

ကျုပ်မေ့ထား ခဲ့တယ်။ မတည်မြဲခြင်းတွေကို မေ့ထားခဲ့တယ်။ အလှည့် အပြောင်းတွေကို မေ့ထားခဲ့တယ်။

ခုတော့လည်း….

မဆုံးနိုင်တဲ့ နေ့တွေထဲ တစ်ယောက်တည်း နှိုးထလာရင်း…..

တချိန်က ပိုင်ခဲ့ဖူးတဲ့ လမ်းများကို လှည်းကျင်း သုတ်သင်ရင်း…

သဲပေါ်ဆောက်ထားတဲ့ ကျုပ်ရဲ့ ရဲတိုက်ကြီးကို ငေးရင်း….

နတ်ပြည်က တံခါးမှူးရဲ့ ခေါ်သံကို (မမျှော်လင့်ရဲ သော်လည်း) တောင့်တရင်း…..

သစ္စာတရား၊ အမှန်တရား မရှိခဲ့တဲ့ ကျုပ်ရဲ့ခေတ်…..ခေတ်ကို လွမ်းမောနေမိနေလေရဲ့။ ကျုပ်ကို မေ့သွားကြ ပြီလား။ ကျုပ်ရဲ့ အရေးပါမှုကို မေ့သွားကြပြီလား။ သက်တော်ရာကျော်ရှည် ပါစေတဲ့လား…..။ ခုတော့ အဆုံးမရှိခြင်းဟာ ဆုတောင်းပြည့်မှု တစ်ခုလား၊ ဒုက္ခတစ်ခုလား။

မြစ်ကတော့ ငြိမ်နေဆဲ။ စီးဆင်းနေဆဲ။ အားလုံးကို မသိကျိုးကျွန် ပြုလျက် စီးဆင်းနေဆဲ…..။

(Cold Play ရဲ့ Viva la Vida ဆိုတဲ့သီချင်းကို ခံစားပြီး စိတ်ကူးနဲ့ ရေးပါသည်။)

Tuesday 14 October 2008

အချစ်ဇာတ်လမ်း


သစ်ရွက်လေး တစ်ရွက်ကြွေတယ်…

ပန်းလေး တစ်ပွင့်ပွင့်တယ်…

လေညှင်းလေး တစ်ချက် သုတ်သွားတယ်…

ရင်အုပ် အနီလေးနဲ့ ငှက်ကလေးတစ်ကောင် ကိုတွေ့တယ်…

ဒါတွေအားလုံးဟာ ချစ်စရာချည်း ပါပဲ။ လူတစ်ယောက်ရဲ့ ပတ်ပတ်လည် သက်ရှိ သက်မဲ့ လောက အရာမှန်သမျှမှာ ချစ်တတ်ရင် ချစ်စရာတွေချည်း ပဲ။ ဒါပေမယ့် အဲဒီ အချစ်ရဲ့ ရှေ့မှာ နာမ၀ိသေသန မျိုးစုံ ပါလာတတ်တယ်။

ထူးအိမ်သင် ကတော့ အကြောင်းပြချက်များ မလိုဘူးတဲ့။ စိုင်းထီးဆိုင် ကတော့ ချစ်၍ စွန့်သွားတဲ့ မင်းကို စွန့်၍ ချစ်သွားမယ် တဲ့။ အဲဒီထဲမှာ (ဒေါ်)ကြည်အေး ပြောတဲ့ စာကြောင်းလေးကို အစွဲဆုံးပဲ။ အချစ်၌ အတ္တများစွာ ပါလေသည် တဲ့။ အတ္တကြီးတဲ့ အချစ်နဲ့ အတ္တသေးတဲ့ အချစ်ရယ်လို့ပဲ ကွဲမှာပေါ့။ အချစ်ဆိုရင် အတ္တပါလေတယ်လို့တော့ ပုံရိပ် အတွေ့အကြုံ အရ ဆိုရမှာပါ။ ပုံရိပ် မသိသေးတဲ့ အချစ်တွေလည်း ရှိဦးမှာ ပေါ့လေ။ အဲဒီတော့ ပုံရိပ်လည်း မပြောတတ်တော့ဘူး… မပြောအပ်တော့ဘူး…..။ မတန်ခူးက tag လာတယ် အချစ်အကြောင်း ဆိုလို့အရင်ကတည်း ရေးထားခဲ့ဖူးတဲ့ ၀တ္ထုလေးတစ်ပုဒ်ကို ကိုက်ညီမယ်ထင်ပြီး တင်လိုက်ပါတယ်။ ပြောတော့ဘူးနော်။ ကိုယ်တိုင် ခံစားကြည့်ကြပါကုန်….။ ရေးစရာမရှိတုန်း ရေးစရာ အကြောင်းအရာ ရှာပေးတဲ့ မတန်ခူးကို ကျေးဇူးပါ။

xxx

နှင်းတို့ ဝေနေသည်။ ၀ိုးတ၀ါးသာ မြင်နေရသော်လည်း ဆယ့်ရှစ်နှစ်ကြာ လျှောက်ခဲ့သောလမ်းကို မမှားချင်တော့ပါ။ တိတ်ဆိတ်လွန်းသည်မို့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရသည်။ သီ့နားထဲမှာ နောက်ခြေသံတစ်ခု လိုနေသေးသလို။ မီးခိုးနံ့သင်းလာပြီမို့ အကြော်ဆိုင်နှင့်နီးပြီဟု သီသိလိုက်သည်။ အကြော်ဖိုမှ မီးတောက်သံကိုလည်း ကြားနေရပြီ။

“အဒေါ် ဘူးသီးကြော် တစ်ပွဲပေးပါနော်။”

“အေး…အေး ရမယ်။”

အသင့်ချထသော ခုံပုလေးများမှာ နှင်းများစိုနေနှင့်ပြီ။ နှင်းစက်တွေကို သုတ်ရန် အ၀တ်တစ်ခု တောင်းရပေဦးမည်။ သီပြန်ရောက်တော့…

“ဟင်…..ဖိုးညီ”

သီထိုင်မည့်ခုံမှာ အရင်တုန်းကလို ခြောက်သွေ့သန့်ရှင်းလျက်။ ပြီးတော့ သီနှင့် မျက်နှာချင်းဆိုင်မှာ ရပ်လျက်။ ဖိုးညီ….။ နှင်းများ ပိတ်ဆိုင်းနေသော်လည်း သီမြင်နိုင်ပါသည်။ သူ့မျက်လုံးများကို သီမြင်ရသည်။ အံ့သြခြင်းလား၊ ၀မ်းသာခြင်းလား၊ ၀မ်းနည်းခြင်းလား။ ဒါမှမဟုတ် အားလုံးကိုလား။ သီမြင်နေရသည်။

“ထိုင်လေ… သီ။ ငါသုတ်ပေး ထားတယ်။”

သူ့လက်ထဲမှာ လက်ကိုင်ပ၀ါ အကွက်လေးတစ်ထည်။ ဟိုတုန်းကလိုပဲ။ ခုနစ်နှစ်။ ခုနစ်နှစ်ဆိုသည့် အချိန်က လူတစ်ယောက်ကို မေ့နိုင်လောက်အောင် ကြာခဲ့ပြီလာ့း…။ ဖိုးညီ…။ သီ အိပ်မက်မက်နေသူ တစ်ယောက်လို ထိုင်ချလိုက်သည်။

“နောက်တစ်ပွဲချ ပေးရဦး မလား တူမကြီး။”

အကြော်သည် အဒေါ်ကြီးက လာမေးသည်ကို လက်ကာပြလိုက် ရသည်။

“မတွေ့တာ ကြာပြီနော်၊ နေကောင်းလား သီ။”

သူ့ရဲ့ အူကြောင်ကြောင် စကားအဆုံးမှာ သီ ခေါင်းညိတ်လိုက်သည်။ မတွေ့တာ ကြာပြီတဲ့လား။ ငါ့ဘ၀ထဲမှာ နင်မရှိတော့အောင်ကို မတွေ့တာ ကြာပြီနော်။ မတွေ့အောင်ရှောင်ခဲ့တဲ့သူက မတွေ့တာ ကြာပြီနော်လို့ နှုတ်ဆက်တာ ငါဘာပြန်ပြောရမလဲ။

ဟိုးခုနစ်နှစ်ဆီတုန်းက နင်တိတ်တိတ်လေး ငါ့ဘ၀ထဲက ထွက်သွားတော့ ခုလို အချိန်ပဲ။ တိုက်ဆိုင်လိုက်တာ။ ရန်ကုန်ကို မနေ့ကပဲ ထွက်သွားတယ်လေ…. သမီးကို နှုတ်ဆက် မသွားဘူးလား….ဆိုတဲ့ နင့်အမေရဲ့ ပြောစကားကြောင့်ပဲ နင်ဘယ်မှာ ရှိနေတယ် ဆိုတာကို သိခဲ့တာပါ။ နှုတ်တောင်ဆက် မသွားတဲ့ လူတစ်ယောက်ရဲ့ လိပ်စာကို ငါလိုချင် ပေမယ့် မတောင်းခဲ့ဘူး သိလား။ တချိန်တုန်းက ဆယ့်ရှစ်နှစ် အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဒေါသတွေဟာ ခုတော့လည်း ရယ်စရာပါ။

“နင့်ကို ငါလာရှာတာ သီ။”

“ဘာရယ်… ဘာအတွက်လဲ။”

စကားပလ္လင် ခံခြင်းမရှိသော သူ့စကားကြောင့် သီ မျှော်လင့်ထားသလို ပျော်ရွှင်သွားခြင်း မရှိခဲ့ပါ။

“နင် ငါ့ကို မတွေ့ချင် တော့ဘူးလား သီ။”

“တွေ့ချင်ပါတယ်။ ငါ ဆယ့်ရှစ်နှစ်လုံး ပေါင်းလာ ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကို ဘာကြောင့် မတွေ့ချင် ရမှာလဲ။ ငါ့ကို သက်သက်လာရှာတယ် ဆိုတာကိုသာ ထူးဆန်းနေတယ်။”

“ဟုတ်တယ် နင့်ကိုငါ သက်သက်လာရှာတာပဲ။”

သူ့မျက်လုံးများကို ကြည့်ရင်း သီတစ်ခုခုကို သိလိုက်သလို…။ ဟင့်အင်း…သူပြောမည့် စကားများကို သီမကြားရဲပါ။ သူလည်း မပြောသင့်တော့ပါ။ သီ့တစ်ကိုယ်လုံး ခွန်အားတွေ မရှိတော့ သလိုပဲ။ ရှိတဲ့ အင်အားအကုန်စု၍ သူ့ကိုမော့ကြည့်လိုက်သည်။

“ငါ လက်ထပ်တော့မယ် ဖိုးညီ။”

တိုးတိုးသာ ရေရွတ်မိသော်လည်း သီ့စကားက သူ့ကိုတုန်လှုပ်သွားစေသည်။ သူ့မျက်ဝန်းများ ချက်ချင်း အရောင်ပြောင်းသွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်သေး၏။ ဟုတ်တယ် ဖိုးညီ။ ငါလက်ထပ်တော့မယ်။ အဲဒီစကားကို ကြားရင် နင့်မျက်နှာ ဘယ်လိုနေမလဲလို့ ငါခဏခဏ တွေးကြည့်ခဲ့ဖူးတယ်။ ခုတော့ ငါတွေ့နေရ ပြီလေ။ နင့်မျက်နှာ ဘယ်လိုနေလဲ။ ငါတွေ့နေ ရပြီ။ စိတ်ထဲကနေ သီဆက်ပြောနေမိသော်လည်း တကယ်တော့ ထင်သလောက် ပျော်ရွှင်ထိရှ သွားခြင်း မရှိခဲ့ပါ။ ကိုယ့်ကိုယ်ကို အံ့သြမိသည်။ မောင်…. မောင့်ကိုပဲ သီချစ်ခဲ့တာပါ။

သီ့ဆန္ဒကို အမြဲ ဦးစားပေးခဲ့တဲ့မောင်၊ နူးညံ့ပြီး လိုက်လျော အလျော့ ပေးခဲ့တဲ့ မောင်။ တခါတရံမာကြောတတ်တဲ့ သီ့ရဲ့ မာနတွေ အရည်ပျော်ကျ ရသည်အထိ မာနမရှိတဲ့ မောင်။ ငါဟာ မောင့်ကို သူများတွေနဲ့ ယှဉ်လို့ ရွေးချယ်ခဲ့တာလား ဆိုတာတော့ ငါမသိဘူး ဖိုးညီ။ ဒါပေမယ့် ငါ့ဘ၀မှာ မောင့်ရဲ့ အချစ်က ငြိမ်းချမ်းစေတယ်။ မောင့်လက်ကို ဆုပ်ကိုင်ရတဲ့ အခါ လုံခြုံမှုတစ်ခုကို ခံစားရတယ်။ အဲဒါကိုပဲ ငါမက်မော သလားတော့ မသိဘူး။ အချစ်ဆိုတာ ကိုယ်ရှာတာ ကိုယ်ရတတ်တဲ့ အမျိုးပဲလား ဖိုးညီ။

စက္ကန့်ပေါင်းများစွာ ကြာသွားခဲ့သည်။ ဖိုးညီ နှုတ်ဆိတ်နေတာကို သီမကြည့်ရက် သလိုဖြစ်လာသည်။ တကယ်တမ်း သီသူ့ကို နာကျင်စေလိုခြင်း မရှိပါလား။ သီတို့ နှစ်ဦးကြားမှာ ရှိနေသည့် ဘူးသီးကြော် ပန်းကန်ကိုသာ သီ အဓိပ္ပာယ်မဲ့ ထိတို့ကစားနေခဲ့သည်။

“နင် တကယ်သေချာ ရဲ့လား သီ။”

သီ့ ဒေါသတို့ ချက်ချင်း ဆူဝေလာပြန်သည်။ နင့်ကိုယ်နင် သိပ်အထင်မကြီး ပါနဲ့ ဖိုးညီ။ မာနတို့ ခေါင်းထောင်လာသည်။ သီ့ ဒေါသကို သူမသိစေရ။ တောင်းပန်သော မျက်လုံးများကို လွှဲဖယ်၍ ထားလိုက်ပြီ။

“နင် ငါ့ဆုံးဖြတ်ချက်ကို မယုံတာလား။ ဝေဖန်ချင်တာလား။”

“နင့်ကိုငါ မမှားစေချင်တာပါ။”

“မမှားစေချင်တာ….ဟုတ်လား။ နင် ငါ့အကြောင်းကို မသိဘဲနဲ့ မဝေဖန်ချင် စမ်းပါနဲ့။”

သီလှောင်ရယ် ရယ်လိုက်မိသည် ထင်၏။ ငါ့ကို မမေးတော့ဘူးလား ဖိုးညီ။ ငါလက်ထပ်မယ့်သူဟာ ဘယ်သူလဲဆိုတာ…။ နင်တကယ်ပဲ မသိချင်ဘူးလား။ ဒါမှမဟုတ် သိရမှာကို ကြောက်နေတာလား။ ငါဟာ အရင်တုန်းက သီ မဟုတ်တော့ဘူး။ စိတ်ကူးယဉ်တတ်တဲ့ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူး။ ငယ်သူငယ်ချင်းက အကြောင်းမကြားဘဲ ခွဲသွားရင် ၀မ်းပန်းတနည်း ငိုကြွေးတော့မယ့် မိန်းကလေး မဟုတ်တော့ဘူး။ ခုနစ်ဆိုတဲ့ အချိန်ဟာ လူတစ်ယောက်ကို ကြီးပြင်းစေခဲ့ပြီ ဆိုတာ နင်သတိမထား မိတာလား၊ ဒါမှမဟုတ် မယုံချင် တာလား။

“အိမ်ထောင်ရေးမှာ အချစ်ဆိုတဲ့ အရာကို ယုံကြည်လား သီ။ နင်တခြား တစ်ယောက်ကို မချစ်ခဲ့ဖူးဘူး ဆိုတာ သေချာလား။”

“ငါ ဘယ်သူ့ကိုပဲ စိတ်ကူးယဉ်ခဲ့ဖူးဖူး၊ ငါ့အချစ်ဟာ ငါလက်ထပ်မဲ့ သူဆီမှာပဲ ရှိတယ်။”

“နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ သံယောဇဉ်ကို အချစ်လို့ မခေါ်နိုင် ဘူးလား သီ။”

သူ့အသံမှာ သူ့ကိုယ်သူပြန်မေးနေ သလိုပဲဟု သီထင်ချင်သည်။ သီ့စိတ်ထဲမှာ နှစ်ရှည်လများ သိမ်းဆည်းထားသော စကားတို့ တိုးထွက်လာကြသည်။

“အချစ်… ဟုတ်လား။ နင်က အချစ်အကြောင်းကို ဘယ်လောက်များ သိလို့လဲ။ အင်းလေ….လူတိုင်းမှာ သူတို့ နားလည်တဲ့ ပုံစံတိုင်းနဲ့ အချစ်ရှိနေမှာပါ။ ငါ့အတွက်လည်း ငါ့ဖွင့်ဆိုချက်နဲ့ ငါပေါ့။ ဒီမှာ ဖိုးညီ…။ အချစ်ဆိုတာ သစ်ပင်တစ်ပင်ကို နှုတ်သလို ဆွဲနှုတ်ပစ်လို့ ရတဲ့ အရာမဟုတ်ပေမယ့် သစ်ပင်တစ်ပင်လို မပျိုးဘဲ ထားရင်သေသွား တတ်တယ်။ အချစ်မှာ ပေးဆပ်လေးနက်ခြင်းတွေ ပါတယ်။ သည်းခံနားလည်မှုတွေ ပါတယ်။ ကိုယ့်မာနကို ထိန်းချုပ်ခြင်းတွေ ပါတယ်။ တစ်ဖက်လူရဲ့ မာနကို တန်ဖိုးထားခြင်း တွေလည်း ပါတယ်။ နောက်ဆုံးမှာ ချစ်သူနှစ်ဦးရဲ့ အတ္တနဲ့မာနနှစ်ခုလုံး ပေါင်းဆုံသွားတာပဲ။ တနေ့မှာ အိပ်ယာက နှိုးလာပြီး ချစ်ဖို့သတိရရုံနဲ့ အချစ်ဖြစ်မလာဘူး။”

ထူးဆန်းစွာပင် သီ့ အသံက ငြိမ်သက်လွန်းနေသည်။ သီ ထိုင်ရာမှ ဖြည်းညင်းစွာ ထသည်။

“နင့်ကိုငါ ဖိတ်စာ ပို့လိုက်မယ် ဖိုးညီ။”

အပြန်လမ်းမှာ နှင်းတို့ကွဲလုပြီ။ လင်းကျင်းသော လမ်းကို မြင်နေရသည်။ သီ့စိတ်ထဲမှာ ဘာမှ မရှိတော့။

Friday 26 September 2008

ပထမဆုံးများ

ပထမဆုံးဆိုတာ မတွေ့ဖူးသေးတဲ့ အတွေ့အကြုံတစ်ခုကို စမိတဲ့ အချိန်ပါပဲ။ တွေးကြည့်မယ် ဆိုရင် ပထမဆုံးတွေက များသောအားဖြင့် ကလေးဘ၀မှာ များတာပေါ့။ ကျွန်မ ငယ်ငယ်ကတည်းက ပုံပြောဝါသနာ ပါတယ်။ အဲဒီတော့ ပထမဆုံးတက်ရတဲ့ မူကြိုကျောင်းလေးမှာ ပထမဆုံး ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို ပထမဆုံး အကြိမ်လိမ်တော့ တာပဲ။ ပုံပြင်လုပ်ပြီး၊ ဇာတ်လမ်းဆင်ပြီး သူ့ကို ပုံပြောပြတာလေ။ သူကတော့ ပါးစပ်လေး အဟောင်းသားနဲ့ အကောင်းမှတ်ပြီး နားထောင် တာပေါ့။

ဒီလိုနဲ့ အဲဒီကျောင်းလေးမှာပဲ ကျွန်မ ပုံပြောပြိုင်ပွဲမှာ ပထမဦးဆုံးဆု ရခဲ့ဖူးပါတယ်။ ရတာကလည်း ပထမဆုပါပဲ။ သြော် အဲဒီကျောင်းလေးမှာပဲ ပထမဆုံး သူငယ်ချင်း ကောင်လေးနဲ့ ခင်ခဲ့ပါတယ်။ သူ့နာမည်တော့ မမှတ်မိတော့ပေမယ့် ကတုံးလေး ဆိုတာကိုတော့ မှတ်မိနေပါတယ်။ အဲဒီကျောင်းက ပထမဆုံး ဆရာမလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ နာမည်တော့ မမှတ်မိတော့ ပါဘူး။ ရုပ်ကိုတော့ မှတ်မိနေတယ်။ ဒီပထမဆုံးတွေက ကျွန်မရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် သူတို့နဲ့ ပတ်သက်ရင် မှတ်မိနေတာဟာ ကြည်နူးစရာ မို့လို့ထင်ပါရဲ့။

အချို့ ပထမဆုံးတွေကိုတော့ ရွေးချယ်ခွင့် မရှိပေမယ့် အချို့ ပထမဆုံးတွေကတော့ ရွေးချယ်လို့ ရနေတယ် မဟုတ်လား။ ဒါကြောင့် ကျွန်မရဲ့ ပထမဆုံး ဖတ်ဖူးတဲ့ စာပေထဲမှာ ရွှေသွေးနဲ့ တေဇက ထိပ်ဆုံးကပဲ။ နောက်တော့ ရွှေဥဒေါင်းရေးတဲ့ ဦးစံရှားဝတ္ထုတွေကို သဲကြီးမဲကြီး ဖတ်တယ်။ စာအုပ်က လေးတော့ ကြမ်းပြင်ပေါ် ချပြီး ၀မ်းလျားမှောက် ဖတ်တာ မထတမ်းပဲ။

စာဖတ်ရာကနေ စာလေးတွေ ရေးဖြစ်တယ်။ အပိုင်းပိုင်း အစစနဲ့ မမှတ်မိတော့တာ များပါတယ်။ စိတ်ကူးထဲမှာ ရေးဖြစ်တာလည်း များတယ်။ အဖတ်တင်ကျန်ခဲ့ တာကတော့ ကျောင်းမှာ ရေးရတဲ့ စာစီစာကုံးလေးတွေပဲ။ ကျွန်မက ဟုတ်ဟုတ် မဟုတ်ဟုတ် စာစီစာကုံးကို အပတ်တကုတ် ရေးပါတယ်။ ခုတော့ ဘလောက်ဂ်လေး ရှိလာမှပဲ စာတွေ ခြေရာထင် ကျန်ပါတော့တယ်။ ကျွန်မရဲ့ ပထမဆုံး အဖတ်တင် ကျန်ခဲ့တဲ့ ၀တ္ထုကို ပြပါဆို မိုးရွာချိန် ဆိုတဲ့ ၀တ္ထုတိုလေးကို ပြရမှာပဲ။ ပထမဆုံး ကျန်ခဲ့တဲ့ ကဗျာလေးကလည်း ဘလောက်ဂ်ပေါ်က ပတ်ချာလည် ဆိုတဲ့ ကဗျာလေးပေါ့။ လာလည်တဲ့ သူတွေထဲမှာ မဂျစ် (ဂျစ်တူး) နဲ့ မပန် (ပန်ဒိုရာ) က ပထမဆုံး ထင်တယ်။ (မှားရင် ချိတ်မချိုး ပါနဲ့ကွယ်။)

အချို့ ပထမဆုံးတွေကို ကိုယ်ကိုတိုင် ကြိုက်ချင်လည်း ကြိုက်မယ်၊ ကြိုက်ချင်မှလည်း ကြိုက်မယ်။ အဲ…. ပထမဆုံး အကြိမ် အရိုက်ခံရတာကိုတော့ ဘယ်သူက ကြိုက်မှာလဲလေ။ ပထမဆုံး အရိုက်ခံရတာ ငယ်ငယ်က ကလေးချင်း ရန်ဖြစ်လို့ပေါ့။ ဘာကြောင့်မှန်း မမှတ်မိတော့ပေမယ့် အမေက ကောင်းကောင်းဆော်လိုက်တာ နောက်ရန်မဖြစ်ရဲတော့ ပါဘူး။ နောက်ပြီးတော့ ပထမဆုံး ၀င်ငွေရှာဖူးတဲ့ အလုပ်ကိုလည်း မကြိုက်ဘူး။ အမေတို့ အဖေတို့ကို ဆံပင်ဖြူနုတ်ပေးရတာလေ။ တစ်ချောင်းကို ငါးပြားလား မသိဘူး ရတယ်။ ဒါပေမယ့် ဆံပင်ဖြူနုတ်ရတာ လက်ဝင်လွန်းလို့ မကြိုက်ဘူး။ အဲ…. အပိုကြေးလေးကိုတော့ ကြိုက်တယ်။ အမေတို့က ဆယ်ချောင်းဆိုလည်း တစ်ကျပ်ပြည့်အောင် ဖြည့်ပြီး ပေးလိုက်တာပဲ။ (အဲဒီလို အပိုကြေးမျိုး အလုပ်မှာ အမြဲရရင် ဘယ်လောက် ကောင်းမလဲ နော်။)

အချို့ ပထမဆုံးတွေ ကတော့ နောင်ထပ်ဖြစ်လာ စရာ အကြောင်း မရှိလို့ ပထမဆုံးလို့ပဲ ခေါ်ရမှာလား၊ ပထမဆုံးနဲ့ နောက်ဆုံးလို့ ပြောရမှာလား တွေးစရာပါ။ ကျွန်မမှာ အဲဒီလိုမျိုး ပထမဆုံး ရှားရှားပါးပါး တခုပဲ ရှိတယ်။ (ပြောတော့ ပါဘူး။)

ဒီလိုနဲ့ အသက်တွေကြီးလာတော့ ပထမဆုံးတွေ ရှိပြီးသား များလာသလို ပထမဆုံးတွေနဲ့ မကြုံရတော့ သလောက် ဖြစ်လာတယ်။ နိစ္စဓူဝ ဒါတွေက ဒါတွေချည်းပဲ။ ပထမဆုံးတွေကို မှတ်မိသလို နောက်ဆုံးတွေကိုရော သိနိုင်မလား ဆိုတာကိုလည်း မရေမရာ တွေးမိတယ်။

မပန်ရေ ရေးလိုက်ပြီနော်။

Thursday 25 September 2008

ကောင်းကောင်းလေး ရွေးကြမယ်

အောက်ပါ အဖြေများမှ အဖြေမှန်တစ်ခုကို ရွေးပါ။

မေးခွန်းအောက်တွင် က၊ခ၊ဂ စသည်ဖြင့် အဖြေများကို ပေးထားသည်။ စာကျေသော သူ့အတွက် ရွေးရမည့် အဖြေမှန်မှာ မခဲယဉ်းလှပါ။ အဖြေမှန် အားလုံးကို သူရွေးချယ်နိုင် ခဲ့သည်။ ထိုအချိန်တုန်းကတော့ ရွေးချယ်ရတာဟာ လွယ်ကူလှလေခြင်း။

xxx

ဒီနိုင်ငံကို စရောက်ကတည်းကဗျာ၊ ရွေးလိုက်ရတာ၊ ရွေးလိုက်ရတာ….။ လက်ဖက်ရည်လေး တစ်ခွက် သောက်ဖို့ အရေး ဘာအနံ့အရသာနဲ့လည်း၊ အအေးလား အပူလားနဲ့။ ရလာတော့လည်း မြန်မာပြည်က လက်ဖက်ရည်လိုလဲ မဟုတ်ဘူး။ အဲ ရှိသေးတယ်… အသားညှပ်ပေါင်မုန့်တွေ ရောင်းတဲ့ ဟိုဆိုင်ဗျာ။ ဘာပေါင်မုန့် စားမလဲက အစ၊ ဘာအရွက်တွေ ထည့်မလဲက အဆုံး၊ အကုန်လျှောက်မေးတာ။ ပေါင်မုန့်ပဲဗျာ ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်ပေါ့။ ရှုပ်မှရှုပ်။ တခါတလေ ရွေးရမှာ ကြောက်လွန်းလို့ အဲဒီဆိုင် ဝေးဝေးက ရှောင်တယ်။ ဒီနိုင်ငံသားတွေ ကတော့ ရယ်ကြတာပေါ့။ ခင်ဗျားနှယ်…. ကိုယ့်အကြိုက် အတိုင်း ကိုယ်ရွေးစားနိုင်တဲ့ဟာ မကောင်းဘူးလား ပေါ့။

အဲ ဈေးဝယ်တော့လည်း အဲဒီလိုပဲ ခင်ဗျ။ ကျုပ်မဒီနဲ့ ကျုပ် လက်ချင်းချိတ်လို့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ဈေးသွားကြတာပေါ့။ ဈေးဆိုင်ရောက်တော့လည်း စကားလေး ပြောပြောနဲ့။ အစကတော့ ကောင်းနေသေးတယ်။ ဟင်းသီးဟင်းရွက်လေးတွေ ၀ယ်တာပေါ့။ ကျုပ်မဒီကတောင် ပြောနေသေး။ မောင်ရေ… ဟင်းသီးဟင်းရွက်တွေက သိပ်ရွေးစရာ မလိုဘူးနော် တဲ့။ အားလုံးလိုလိုက အတူတူ တွေချည်းပဲတဲ့။ သဘောကျနေတာ။ ဒါပေမယ့် ဇာတ်လမ်းက စလာပါလေရော။ ပေါင်မုန့်ဝယ်မယ်လုပ်တော့ ပေါင်မုန့်တန်းမှာ လိုက်ကြည့်ကြတာ၊ နာရီဝက်လောက် ကြာလာရော။ ဘယ်ဟာ ၀ယ်ရမယ် မသိဘူး။ ပေါင်မုန့်အဖြူ၊ အနှံနဲ့ လုပ်တဲ့ ပေါင်မုန့်၊ ကစီဓာတ်နည်းတဲ့ ပေါင်မုန့်၊ အနံ့အရသာ တမျိုးစီ ပါတဲ့ ပေါင်မုန့်၊ အနံ့အရသာ နှစ်မျိုးသုံးမျိုး ရောထားတဲ့ ပေါင်မုန့်….။ အာ…. စုံနေတာပဲ။ ကျုပ်က စိတ်တိုလာပြီး ဈေးအပေါဆုံး၊ ကျုပ်တို့ မြန်မာပြည်က ပေါင်မုန့်နဲ့ အတူဆုံး ပေါင်မုန့် တစ်ထုပ် ကောက်ကိုင် လိုက်တယ်။ သွားမယ်ပေါ့ ဆိုပြီး မဒီကို မျက်ရိပ်ပြတော့ သူက ရွေးလို့ မပြီးသေး။ နေပါဦး မောင်ကလည်း ပိုက်ဆံပေးပြီး ၀ယ်ရမှာ ကောင်းကောင်းလေး စားရအောင် ရွေးဦးမှပေါ့ တဲ့။ ကျုပ်က စောင့်ရတာ ကြာလို့ စိတ်တိုနေပြီ။

ပေါင်မုန့်ကို စိမ်ပြေနပြေ ရွေးပြီးတော့ ကျုပ်တို့ သွားတိုက်ဆေး ၀ယ်တဲ့ နေရာ ရောက်လာကြတယ်ဗျ။ အဲဒီမှာလည်း မူးလို့ပဲ။ ကျုပ်ကတော့ သိလိုက်တယ်။ နောက်ထပ် တစ်နာရီပဲလို့။ ဘယ်နှယ့်ဗျာ သွားတိုက်ဆေးကိုများ အနံ့တွေ အရသာတွေ ထည့်လို့။ ကျုပ်တို့တော့ သွားတိုက်ဆေးဆို ခပ်ရှိန်းရှိန်းပဲ သိတယ်။ ကျုပ်မဒီကတော့ တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တော့ သူ့လက်ထဲမှာ သုံးလေးဘူးလောက် ကိုင်လာပြီး ရပ်ကြည့်နေတဲ့ ကျုပ်ကို မျက်နှာငယ်လေးနဲ့ လာမေးတယ်။ မောင်… ဘယ်ဟာ ယူရမလဲဟင်…တဲ့။ ကျုပ်က စိတ်တိုနေတော့ ကြိုက်တာယူ သွားမယ် ဆိုပြီး လှည့်ထွက်ခဲ့တယ်။ အပြန်လမ်းကျတော့ ကျုပ်တို့ နှစ်ယောက် လက်လဲ မတွဲ ဖြစ်တော့ဘူးဗျ။ မဒီကလည်း စိတ်ကောက်သွားတာပေါ့။ ကျုပ်တို့က ရွေးနေကျမှ မဟုတ်တာကိုး။

ဒီထက် ခက်တာတွေ ရှိသေးတယ်ဗျ။ ဒီကိုရောက်ပြီး သိပ်မကြာဘူး။ မိတ်ဆွေတွေက ပြောတယ်၊ ခင်ဗျားတို့ ကျန်းမာရေး အာမခံဝယ်နော်၊ အာမခံမရှိရင် မလွယ်ဘူးတဲ့။ ကျုပ်တို့ မြန်မာပြည်မှာတော့ဗျာ… နေမကောင်းဖြစ်ရင် ရပ်ကွက်ထဲက ဆရာဝန်လေးဆီ ပြေးလိုက်ရုံပဲ။ အာမခံဆိုတာ ဘယ်သူမှတောင် ခေါင်းထဲ ရှိကြမယ် မထင်ပေါင်။ ဒီမှာတော့ ကျန်းမာရေး စရိတ်က ဈေးအရမ်းကြီး ဆိုပဲ။ အာမခံရှိ မှပေါ့။ ၀ယ်ဆိုတော့လည်း ၀ယ်ပေါ့ဗျား။

ဒါနဲ့ပဲ သိတဲ့ မိတ်ဆွေတချို့ လိုက်မေး၊ အင်တာနက်မှာ ရှာနဲ့ ခေါင်းကို မူးနေတာပဲ။ မိန်းမကိုလည်း ပြောထားရတယ်။ ဒီရက်ပိုင်းအတွင်းတော့ နေမကောင်း မဖြစ်နဲ့ဦး၊ အာမခံရတဲ့ အထိတော့ စောင့်ဦးပေါ့။ မိန်းမရဲ့ မျက်စောင်းလှလှကြီးကို ရတာပေါ့ဗျာ… ဟဲဟဲ။

ရှာရင်းနဲ့ ကိုယ်ဝယ်နိုင်လောက်တဲ့ ဈေးမျိုးနဲ့ အာမခံ သုံးလေးခု တွေ့တယ်။ အဲဒီမှာ ရွေးရပြန်ပြီပေါ့ဗျာ။ စာလုံးသေးသေးလေးတွေ ဖတ်ပြီးတော့ ရွေးရတာပေါ့။ သူတို့မူတွေ ရေးထားတဲ့ စာတွေလေ။ ဆရာဝန် တစ်ခါ သွားပြရင်ဖြင့် သူတို့ကတော့ ဘယ်လောက် ပေးမယ်၊ ကိုယ်ကတော့ ဘယ်လောက် ပေးရမယ်။ ဆေးကုသမှုအတွက် ဘယ်လောက် အတိုင်းအတာ အထိ သူတို့ပေးမယ်…စသည်ဖြင့်ပေါ့ဗျာ။ ဒီတစ်ခါက အရွေးမှားရင် ကိုယ်တကယ် ခံရမှာကိုး။ ပစ္စည်းဝယ် သလို မဟုတ်ဘူးလေ။ စဉ်းစားရတာပေါ့။ ရွေးရတာ တာဝန်ကြီး တယ်ဗျ။ အကျင့်ပဲလားတော့ မသိဘူး။ ရွေးခွင့်ကို ကြိုက်တာနဲ့ အမျှ ကြောက်လည်း ကြောက်တယ်ဗျ။ မသိဘဲနဲ့လဲ ရွေးလို့ မဖြစ်ဘူးလေ။ ရွေးတယ်ဆိုတာ လေ့လာပြီးမှလဲ ရွေးလို့ရတာကိုး။

သြော်… နောက်ပြီးတော့ ဒီမှာနေတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးတစ်ယောက်ဆီက ကြားရတာ ရှိသေးတယ်။ သူက တက္ကသိုလ် တက်ဖို့ အတွက် လုပ်နေပြီလေ။ ဒါနဲ့ သူလည်း ကျောင်းရွေး နေတယ်တဲ့။ ကျုပ်ကလည်း နေရာတကာ စိတ်ဝင်စားတတ်တယ် ဆိုတော့ ကျောင်းရွေးတယ် ဆိုတာ ဘယ်လိုလဲပေါ့။ သူတို့အိမ်နားက ကျောင်းက မကောင်းဘူးလား ပေါ့။

ဒါနဲ့ ကောင်မလေးက ကျောင်းရွေးတဲ့ အကြောင်း ရှင်းပြလိုက်တာ ကျုပ်တောင် မောသွားတာပဲ။ ဘာသာရပ်အလိုက်၊ ဆရာကျောင်းသား အချိုး အလိုက် ကျောင်းတွေကို အစဉ်လိုက် စီထားပေးတယ် ဆိုပဲ။ ဒီကျောင်းက ဒီဘာသာရပ်မှာ နာမည်ကြီးတယ်၊ ဟိုကျောင်း ကတော့ဖြင့် ဆရာဆရာမ တစ်ယောက်ကို ကျောင်းသား ဆယ်ယောက်နှုန်းနဲ့ သင်နိုင်တယ်၊ အဲဒီလိုပေါ့။ စာကြည့်တိုက်တို့ စာအုပ်စာတမ်းတို့ ဘယ်လောက် ပြည့်စုံသလဲ ဆိုတာကိုလဲ ကြည့်သေးတယ်တဲ့ ခင်ဗျ။ နောက်ပြီး ကျောင်းရဲ့ မတည်ငွေ ဘယ်လောက်ရှိတယ် ဆိုတာကိုလဲ စဉ်းစားသေးတယ်တဲ့။

ကျုပ်တို့များတော့ တက္ကသိုလ်တက်တုန်းက အဲဒီလို မဟုတ်ပါဗျာ။ ရွေးစရာ သိပ်မရှိပါဘူးဗျ။ ဆေးကျောင်း၊ စက်မှု နဲ့ အခြား ဆိုပြီး ဖြစ်နေတာကိုး။ ဆရာဆရာမနဲ့ ကျောင်းသား အချိုးကတော့ ဟဲ..ဟဲ…။ ပြောတော့ပါဘူးဗျ။ စာကြည့်တိုက်ကတော့ ရွေးနေစရာတောင် မလိုပါဘူး ဟုတ်တယ် မဟုတ်လား။

အဲဒီတော့ ကျုပ်တို့ ဘယ်လောက် နေရခက်တယ် ဆိုတာ စဉ်းစားကြည့်ဗျ။ အရာရာရွေးချယ် နေရတာကိုး။ ငယ်ငယ်တုန်းကလို မှန်ရာရွေးပါဆိုတဲ့ မေးခွန်းကို ဖြေသလို အဖြေမှန် သိရင်လည်း ကောင်းသားဗျ။ ဘယ်သူကမှလည်း အဖြေမှန်ကို လာသင်ပေးမှာ မဟုတ်ဘူးလေ။ ကိုယ်အရွေးမှားရင် ကိုယ်ခံပဲ။

အင်း…. တကယ်တွေးကြည့်တော့ အနှစ်သုံးဆယ်လောက် အရိုးစွဲလာတဲ့ အကျင့်ကို ပြင်ရတာ ခက်တာပါပဲလေ…..။

Wednesday 27 August 2008

လမ်းခွဲ (ဇာတ်သိမ်း)

ပြဿနာသည် လှိုင်တို့ တတိယနှစ်ကုန် ကာနီးလောက်မှာ စခဲ့သည်ဟု ဆိုရပေမည်။

“မောင်… ငါ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်မယ်လို့ စဉ်းစားနေတယ် သိလား။”

လှိုင့်ကို အိပ်မက်မက်သူ တစ်ယောက်လို သူလှည့်၍ ကြည့်သည်။

“လှိုင်ရယ်… နင်က သိပ်စိတ်ကူးယဉ် တာပဲနော်။ ဒီကနေပဲ လုပ်စမ်းပါ။ မြန်မာပြည် အတွက်လုပ်စရာတွေ အများကြီး။”

“မောင်ကလည်း… ဒီမှာ လုပ်နေကြတဲ့သူတွေက အများကြီး။ မြန်မာပြည်ပြန်တဲ့ သူက နည်းနည်းလေး။ အဲဒီတော့ လိုတဲ့ နေရာမှာ ငါလုပ်ချင်တယ်။ ငါမရှိလို့လဲ ဘာမှ ဖြစ်မသွားမယ့် နေရာမှာ ငါမနေချင်ဘူး။ ငါ့လုပ်အားကို အသုံးမချချင်ဘူး။”

လှိုင် မြက်ခင်းပေါ် ၀မ်းလျား မှောက်နေရာမှ မောင်မောင့်ကို ကျောခိုင်းရင်း လှဲလိုက်သည်။ စိတ်ထဲမှာ သိပ်မကျေနပ်ချင်။ ဒီအကြောင်းကို ပြောလျှင် ဒီလိုဖြစ်လာမည်ဟု ရိပ်မိခဲ့သော်လည်း တကယ်ကြားရတော့ ပို၍ စိတ်ညစ်ရသည်။

“အေး… မြန်မာပြည်မှာရော နင်ရှိရင် ဘာပိုဖြစ်သွားမယ်လို့ ထင်သလဲ။ ဟိုဟာ လုပ်မရ၊ ဒီဟာ လုပ်မရနဲ့ မေတ္တာရှင်မ နင်ထိုင်နေ ရလိမ့်မယ်။”

“မောင်မောင်…နင်ငါ့ကို မလှောင်နဲ့။”

လှိုင် စိတ်ဆိုးလျှင် သူ့ကို မောင်မောင်ဟု ပြန်ခေါ်မိသည်။ လှိုင့် အသံနည်းနည်း ကျယ်သွားသည် ထင်၏။ နံဘေးမှ မြက်ခင်းပေါ် စာဖတ်နေသူ တစ်ယောက်က မသိမသာ အကဲခတ်သည်။ မောင်မောင့်ဆီမှ ဘာစကားသံမျှ မကြား။

မြက်ခင်းများက စိမ်းစို၍ နေသည်။ နွေဦးကာလမို့ အရွက်များက ထွက်စပြုရုံသာ။ လှိုင့်ရင်ထဲတွင် မစိမ်း။ မငြိမ်း။ လှိုင်တို့ နှစ်ယောက်ကြား အက်ကြောင်းက စခဲ့ပြီ်။
သိပ်ကြာသည် ထင်ရတော့မှ မောင်မောင့်ဆီမှ စကားသံကြား ရသည်။
“ကဲ ဒါတွေ မပြောကြ ပါစို့နဲ့ လှိုင်။ နင့်ကိုငါ ပြောမိတာတွေ မေ့လိုက်တော့။ လာ… ငါတို့ လမ်းလျှောက်ထွက် ရအောင်။”

ကမ်းပေးသော သူ့လက်များကို ဆုပ်ကိုင်လိုက်တော့လည်း လှိုင်အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်လာပြန်သည်။

xxx
စတုတ္ထနှစ် သို့မဟုတ် နောက်ဆုံးနှစ် အစမှာ လှိုင်တို့ အတွက် ဆုံးဖြတ်ရမည့် အချိန်ရောက်လာသည်။ ကျောင်းပြီးလျှင် ဘာလုပ်မည်ကို ရွေးချယ်ကြရတော့မည်။ မောင်မောင့်ကို လှိုင် မတိုင်ပင်ဖြစ်ဘဲ တစ်ယောက်တည်း မြန်မာပြည်မှ လူမှုရေး အဖွဲ့အစည်းများကို ဆက်သွယ်နေမိသည်။ မောင်မောင်သည်လည်း လှိုင့်ကို မပြောဘဲ သူလုပ်စရာ ရှိသည်ကို ဆက်လုပ်နေသည်ဟု လှိုင်သိနေပြန်သည်။ လှိုင်တို့ နှစ်ယောက် ထိုအကြောင်းကို ပြောဖို့ အတန်ကြာ တိတ်ဆိတ်စွာ ငြင်းဆန်ခဲ့ကြသည်။ ချစ်သူနှစ်ယောက်ကြား စိတ်ညစ်စရာ အကြောင်းကို ဘယ်သူက ပြောချင်မှာလည်းလေ။

စတုတ္ထနှစ်လယ်လောက်တွင် လှိုင်လိုချင်သော အခြေအနေနှင့် ကိုက်ညီသော အဖွဲ့အစည်း တစ်ခုထံမှ အဆက်အသွယ် ရသည်။ သူတို့လည်း စိတ်ဝင်စားသည်မို့ လှိုင်ထို အလုပ်ကို လေးလေးနက်နက် စဉ်းစားရပြီ။
“မောင်… ငါxxxx အဖွဲ့နဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေတယ်။”

အဲဒီတုန်းက လှိုင်တို့ နှစ်ယောက် စာကြည့်တိုက်ထဲတွင် ရှိနေကြသည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ် နေသည်။ အတန်ကြာ ဆုပ်ကိုင်ထားရသော ချိန်ကိုက်ဗုံး တစ်ခုကို လွှတ်ချလိုက် ရသလို လှိုင့်ရင်ထဲမှာ ထိတ်နေသည်။ မောင်မောင် ချက်ချင်း ဘာမှ ပြန်မပြော။ သူကိုင်ထားသော စာအုပ်ကို လက်ထဲမှ ဘောပင်နှင့် ထိတို့ရင်း ဆော့ကစား နေသည်။ သူလုပ်မိ လုပ်ရာလုပ်နေတာလား၊ လှိုင့်ကို ဘာပြောရမည်လည်းလို့ သေချာစဉ်းစား နေတာလား။

“လှိုင် ငါတို့ ဒီကိစ္စကို အေးအေးဆေးဆေး ပြောကြရအောင်။”

ထို့နောက် သူထပြီး ထွက်လာသည်။ လှိုင်လည်း ဘာမှ မစဉ်းစားမိဘဲ မောင်မောင့် နောက်ကိုသာ ထလိုက်လာမိသည်။ အပြင်မှာ လသာနေသည်။ စာကြည့်တိုက်နှင့် အနည်းငယ် လှမ်းသော ထိုင်ခုံတစ်ခုံတွင် သူဝင်၍ ထိုင်သည်နှင့် လှိုင်လိုက်ထိုင် မိ၏။

“လှိုင်… နင်ငါနဲ့ တသက်လုံး နေသွားဖို့ စိတ်ကူး မရှိဘူးလား။”

“ရှိတယ်လေ။”

အလန့်တကြား လှိုင်ဖြေရှင်းတော့ သူသက်ပြင်းချသည်။ မရှိဘူး ဆိုသော အဖြေကိုများ သူမျှော်လင့်ထား လေသလား။ ဒီလောက်တော့ ငါ့ကို နင်သိသင့်ပါတယ် မောင်ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

“ဘာလဲလှိုင်…။ ဘာပြောလိုက် တာလဲ။”

“ဟင့်အင်း ဘာမှ မဟုတ်ပါဘူး။ နင် ငါနဲ့ မြန်မာပြည်ကို လိုက်ပြန်ပါလား မောင်။ ငါအလုပ် ၀ိုင်းရှာပေးပါ့မယ်။”

“လှိုင်… မဖြစ်နိုင်တာဘဲဟာ။ ငါအခု ကျောင်းဆက်တက်ဖို့ ကျောင်းလျှောက်ထားတယ်။”

“အေး ငါရိပ်မိပါတယ်။ နင်မပြော ပေမယ့်။”

“နင်ကရော နင်အလုပ် လျှောက်တဲ့ ကိစ္စကို တိုင်ပင်ဖော် ရလို့လား လှိုင်။ နင်လည်း နင့်သဘောနဲ့ နင်လုပ်ခဲ့တာပဲ။”

“နင်ငါနဲ့ အတူ ပြန်လိုက်ခဲ့ပါ မောင်။”

လှိုင် သူ့မျက်နှာကို အကြာကြီး ဆက်ငေးကြည့် နေမိသည်။ သူကတော့ ဟိုးအဝေးကို ငေးကြည့်ဆဲ။ လှိုင့်ကို သူမကြည့်ဘဲနှင့်သာ သူကြာရှည်စွာ စဉ်းစား စီစဉ်ခဲ့ရသော စကားများကို ဖြေးဖြေးလေးလေး ပြောနေသည်။

“ငါတို့ နှစ်ယောက်ရှေ့ရေး ရှိသေးတယ် လှိုင်။ နင်ရော ငါရောမြန်မာပြည်မှာ ဆက်နေရင် ငါတို့နှစ်ယောက် ရှေ့ရေးအတွက် လုံလောက်တဲ့ ငွေရှာနိုင် မှာလား။ ငါတို့မှာ ကလေးတွေ ရှိလာပါပြီတဲ့။ သူတို့ကိုရော ဘယ်လိုလုပ် မလဲ။ ပြီးတော့ မိဘတွေကို ပြန်ကြည့်ရဦးမယ်။ သူတို့လဲ အသက်တွေ ကြီးလာပြီ။ နင်က လေထဲမှာ တိုက်အိမ်ဆောက်ချင်တဲ့သူပဲ လှိုင်။ သိပ်ပြီး စိတ်ကူး မယဉ်ချင်စမ်းပါနဲ့။ လက်တွေ့ကျစမ်းပါ။ ကိုယ့်အတွက် ကိုယ်လုပ်ရင်း ဒီနိုင်ငံကနေပြီး ငါတို့ နိုင်ငံအတွက် လုပ်ပေးနိုင်တာတွေပဲ လုပ်ပေးကြရအောင်။”

“အေး နင်ကတော့ ပြီးစလွယ် ပြီးရောတဲဆောက် နေတာပဲ။ မယောင်ရာ ဆီလူး၊ လွယ်တဲ့ နေရာလေးတွေကိုပဲ လိုက်ပြီး ဖာမယ်ထေးမယ်။ ခဏတဖြုတ် ဖြေရှင်းလို့ ရတဲ့နည်းလေးနဲ့ နင့်ကိုနင် လှည့်စားမယ်။ နင့်ရဲ့ ပညာရှိသိစိတ်လေးကို ဖြေသိမ့်မယ်။ နင်ဟာ ကိုယ့်နိုင်ငံက လူတွေအတွက် သိပ်ပြီး လျစ်လျူရှု လွန်းတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လွန်းတယ်။ နင့်လိုသာ တွေးနေကြမယ် ဆိုရင် မြန်မာပြည်ဟာ ဒီအခြေအနေကနေ တက်ဖို့ မရှိတော့ဘူး။ နင်ဟာ ပညာတွေ သင်ပြီး လိုအပ်တဲ့ လူတွေ အတွက် အသုံးချရဲတာမှ မဟုတ်ဘဲ။ တွေဝေတယ်။ တကိုယ်ကောင်းဆန်တယ်။”

လှိုင့်စကားလွန် သွားပြီဟု သိလိုက်ရသည့် အချိန်မှာ မောင်မောင့်ဆီမှ စူးရဲသော အကြည့်တစ်ချက်ကို ရခဲ့ပြီ။

“ကိုယ့်ဘ၀ အတွက် ကိုယ့်မိသားစု အတွက် သမာအာဇီဝ နည်းနဲ့ကြိုးစားတာ တကိုယ်ကောင်းဆန်တာလား လှိုင်။ ငါစိတ်ဝင်စားတဲ့ ပညာတခုကို လိုက်စားဖို့ကြိုးစားတာ ငါသိပ်ပြီး တကိုယ်ကောင်းဆန် နေသလား။ မြန်မာပြည်က လာလို့ ငါစိတ်ဝင်စားတာ ကိုတောင် လေ့လာခွင့် ဖန်တီးခွင့် မရှိတော့ဘူးလား။”

မောင်မောင့် အသံမှာ ချက်ချင်းမာထန် လာသည်။

“ဒီမှာ လှိုင်…။ နင်လည်း ဖတ်ဖူးသားပဲ။ Fountainhead ဆိုတဲ့ ၀တ္ထုထဲမှာ။ လူတွေကို ကူညီချင်တယ် ဆိုရင် အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ဖြစ်ဖို့ အတွက် နင်လုပ်တဲ့ အလုပ်ကို နင်ချစ်ရမယ်။ လူတွေကို ချစ်ရမှာ မဟုတ်ဘူးတဲ့။ ငါနင်နဲ့ အတူလိုက်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ၀ါသနာ မပါဘူး လှိုင်။ ဒီလုပ်ငန်းဟာ ငါ့ရဲ့ အသက်မွေး ၀မ်းကျောင်းမှု ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီစကားဟာ အင်မတန် ရင့်သီးတယ်လို့ နင်ထင်လိမ့်မယ်။ ဒါပေမယ့် ဒါအမှန်တရားပဲ လှိုင်။ ငါ့မှာလည်း ကိုယ့်နိုင်ငံအတွက်တော့ စေတနာ ရှိပါတယ်။ အေး… နင့်လောက်တော့ မပြင်းထန်ဘူး ပေါ့လေ။ နင့် စေတနာကို ငါချီးကျူးတယ်။ တန်ဖိုးလည်း ထားတယ်။ ဒါပေမယ့် နင့်အတိုင်း လူတိုင်းက လိုက်တွေးလိမ့်မယ် လို့တော့ မမျှော်လင့် သင့်ဘူး။”
ထိုနေ့က လှိုင်တို့ နှစ်ယောက်ကြား အဖြေမရခဲ့။ အခြေအနေတွေ အားလုံးကောင်းလာရင် ဟူသော ကယောင်ကတမ်း အတွေးကိုလည်း လှိုင်တွေးနေမိသည်။

xxx
လူတွေကြားထဲမှ ထိုင်ခုံတစ်ခုံမှာ ထိုင်ရင်း လှိုင်အသံတိတ်ငို နေမိသည်။ လေယာဉ်ကွင်းကို လိုက်ပို့ရန် သူ့ကို လှိုင်မတောင်းဆိုခဲ့။ သူကလည်း မမေး။ ဒါပေမယ့် သူငယ်ချင်းများမှ တဆင့်လှိုင်ပြန်မည့်ရက်ကို သူသိနေသည် ဆိုတာတော့ သေချာသည်။ လှိုင်တို့၏ နောက်ဆုံး ရက်များမှာ အေးစက်စိမ်းကား နေခဲ့ကြသည်။

“လှိုင်…”

လှိုင်အလွန်ရင်းနှီးသော အသံမို့ မော့မကြည့်ရဘဲနှင့် သိနေခဲ့သည်။
“မောင်… နင်လိုက်လာတယ်နော်။ ငါနင့်ကို မျှော်နေတာ။”

လှိုင့်မာန အားလုံး အရည်ပျော်ကျ သွားပြီ ထင်သည်။ မဖြစ်နိုင်မှန်း သိသော်လည်း မောင်မောင့်လက်ထဲနှင့် နံဘေးမှာ အထုပ်အပိုးများကို ရှာမိသေးသည်။ သို့သော် သူ့လွယ်နေကျ ကျောပိုးအိတ် ခပ်ပါးပါးမှ လွဲ၍ ဘာမျှ မတွေ့။

“နင့်ကို လာနှုတ်ဆက်တာ။ ငါအဲဒီလောက် မရက်စက်နိုင် ပါဘူးဟာ။”

မောင်မောင် လှိုင့်နံဘေးမှ ခုံမှာ ၀င်၍ထိုင်သည်။

“လေယာဉ်ချိန် လိုပါသေးတယ်။ နင်လေယာဉ်ထွက်တဲ့ အထိငါ အတူနေပေးမယ်နော်။”

ငါ့လေယာဉ်ထွက်ရင် တခါတည်း လိုက်လာပါတော့လား မောင်ရယ်။ သတိလက်လွတ် လှိုင်မျက်ရည် ကျမိသည်။

“ရော့ မျက်ရည်တွေသုတ်လိုက်ဦး လှိုင်။”

သူကမ်းပေးသော လက်ကိုင်ပ၀ါကို လှိုင်မငြင်းမိ။

“လှိုင် ငါ့ကို ကြည့်ပါဦး။ ငါပြောတာ သေချာ နားထောင်နော်။ ငါနင်နဲ့ မခွဲနိုင်ဘူး။ အဲဒီတော့ နင်နဲ့ နီးစပ်နိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်။ ဒါပေမယ့် ငါ့ကို နှစ်နှစ်လောက်တော့ အချိန်ပေး။ ငါတို့ နှစ်နှစ်လောက်တော့ ခွဲနေကြရမှာပေါ့။ ပြီးရင် ငါနင့်နောက်ကို လိုက်လာမယ်လေ။ နင်လည်း ငါ့နောက်ကို လိုက်နေနိုင်ဖို့ စဉ်းစားကြည့်ပါ။ နင်လုပ်ချင်တဲ့ အလုပ်တွေကို အပြင်ကနေ လုပ်ဖို့ စဉ်းစားကြည့်ပါ။ ငါတို့ ငယ်ငယ်တုန်းက ကစားကြသလိုပေါ့။ စိတ်ကောက်နေရင် ပျင်းစရာကောင်းတယ်။ တစ်ယောက်ရဲ့ အလိုကို နောက်တစ်ယောက်က လိုက်ကြရအောင်။”

လှိုင်မျက်ရည်များ ကြားက ပြုံးမိပြန်သည်။ ဘာမှ ပြန်မပြောဖြစ်သော်လည်း သူ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင် ထားမိသည်။ လှိုင်သူ့စကားတွေကို နားထောင်မယ် ဆိုတာ မောင်နားလည် တန်ကောင်းပါရဲ့။

လေယာဉ်ချိန်နီးတော့ လုံခြုံရေးဂိတ်ကို ဖြတ်ရတော့မည်။ မောင်မောင့်ကို တင်းကြပ်စွာ ပွေ့ဖက်နှုတ်ဆက်မိသည်။ မျှော်လင့်ချက်ဆိုတာ ထားကောင်းပါတယ် မောင်။ ငါတို့ ငယ်ငယ်က တစ်ယောက် အကြိုက် တစ်ယောက်လိုက်ပြီး ကစားကြသလောက် လွယ်ရင် သိပ်ကောင်းမှာ ပါပဲ။ ငါ့ကို နှစ်သိမ့်နေတဲ့ နင့်မျက်လုံးထဲမှာလည်း သံသယတွေကို မြင်နေရတယ် မောင်။ ဒါပေမယ့် အဲဒီ မသေချာတဲ့ မနက်ဖြန်တွေကိုပဲ ငါကျေနပ်စွာ စောင့်နေမှာပါ မောင်။

Monday 25 August 2008

လမ်းခွဲ (၁)

အမှာ

အောက်ပါ ၀တ္ထုတွင် ပါဝင်သော ဇာတ်ကောင်များသည် ပုံရိပ်၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ဖြစ်တတ်သော၊ တွေးမိသော အကြောင်းအရာကို အကောင်းအဆိုး မဝေဖန်လိုဘဲ အရှိကို အရှိအတိုင်း ချပြလိုစိတ်သာ ရှိပါသည်။ တစုံတဦးကို ထိခိုက်မှုရှိပါက ကြိုတင်၍ အနူးအညွှတ် တောင်းပန်အပ်ပါသည်။

xxx

တံခါးအဖွင့်မှာ လေယာဉ်ကွင်း၏ အေးစိမ့်သော လေကဆံပင်တို့ကို တိုးဝှေ့၍ သွားသည်။ လေအေးစက်ကြောင့် တကိုယ်လုံး အေးသွားသော်လည်း ရင်ထဲမှာ ပူနေဆဲ။ တကယ်ခွဲရတော့မည် ဆိုတော့လည်း လှိုင် သတ္တိမရှိချင်တော့။ လှိုင့်ဆုံးဖြတ်ချက် မှားလေပြီလား။ လှိုင်ဟာ ယုံကြည်ချက်ကို ချစ်သူနှင့်လဲ ရဲလောက်သော သတ္တိရှိပါသလား။ လှိုင်သည် တကယ်ပဲ တကိုယ်ကောင်းဆန်သူလား။ ဒါမှမဟုတ် မောင်စွပ်စွဲ သလို စိတ်ကူးယဉ်ဆန်သူ ပဲလား။ သူများတွေကတော့ လှိုင်ဟာ ဆုံးဖြတ်ချက် သိပ်ပြတ်သားတာပဲလို့ ဆိုကြတယ်။ ဒါပေမယ့် အခုတော့ လှိုင်တစ်ယောက် တွေဝေနေတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။

xxx

“မောင်မောင်… ငါ့စာအုပ် လာပြန်ပေးဦး။ ငါစာကျက် ရဦးမယ်။”

“အေးပါဟာ… နင်ကလည်း ငါမနက်ဖြန် ပြန်လာပေး မှာပေါ့။”

“ဟာ… ဒီနေ့လာပေးဟာ။ ယူတုန်းကတော့ ယူသွားပြီးတော့။”

“အေး… အေး။ ဖုန်းပေါ်ကနေ ပူညံပူညံ မလုပ်နဲ့။ ခုပဲ ကျွန်တော်မျိုးကြီး စက်ဘီးစီးပြီး လာပေးပါ့မယ် ခင်ဗျ။”

ဖုန်းခွက်ကို ဖြည်းဖြည်းပြန်ချရင်း လှိုင်လစ်ကနဲ ပြုံးမိသည်။ လှိုင်နိုင်သမျှ၊ ဆိုးသမျှကို သည်းခံရှာသော မောင်မောင်။ လှိုင်နှင့်မောင်မောင်တို့ မွေးစကတည်းက သိခဲ့ခင်ခဲ့ကြသည်ဟု အခြားသူငယ်ချင်းများကို ပြောလျှင် ပိုသည်ဟု ဆိုကြ၏။ တကယ်ပဲ မွေးစကတည်းက သိခဲ့ကြတာပါပဲ။

လှိုင့်ကို မွေးပြီးတော့ ဖေဖေသည် နယ်မြို့တမြို့သို့ အရေးတကြီး ခရီးရက်ရှည် ထွက်ရသည်။ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတော့ မွေးကာစ သမီးနှင့် ဇနီးကို နယ်သို့ခေါ်မသွားချင်။ ထို့ကြောင့် သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သော မောင်မောင်တို့မိသားစုထံ အပ်နှံခဲ့သည်။ ဒီလိုနှင့် မေမေနှင့် မေမေထား (မောင်မောင့်မေမေ) သည်လည်း အလွန်ခင်သော သူငယ်ချင်းများ ဖြစ်လာကြသည်။ လှိုင်နှင့် မောင်မောင်ကတော့ တအိမ်ထဲ အတူနေသော၊ ကစားစရာ လုကြသော ကလေးနှစ်ယောက် ဖြစ်လာကြသည်။ မောင်မောင်သည် လှိုင့်ထက် ခြောက်လခန့် ကြီးသော်လည်း ငယ်ငယ်ကတည်းက မောင်မောင်ဟုပင် လှိုင်နှုတ်ကျိုးနေခဲ့သည်။

ငယ်ငယ်ကတည်း လှိုင်က မောင်မောင့်ကို အနိုင်ယူခဲ့သည်ချည်းပင်။ လှိုင်ဟာ ငါးနှစ်ခြောက်နှစ် သမီးအရွယ် ကပင် စိတ်ကူးယဉ်တတ် ခဲ့သည်ဟု မောင်မောင်ကတော့ ဆိုပေမည်။

“မောင်မောင်…လှိုင်တို့ စာသင်တမ်း ကစားမယ်။ မောင်မောင်က ကျောင်းသား၊ လှိုင်က ဆရာမ။”

“အာ… ကစားချင်ဘူး။ သရေကွင်း ပစ်တမ်း ကစားမယ်လေ။”

“ဟင့်အင်း…အဲဒါကြီး ကစားချင်ပါဘူး။”

“ငါလည်း နင့်စာသင်တမ်းကြီး ကစားချင်ဘူး။”

ပထမတော့ လှိုင်တို့ နှစ်ယောက် စိတ်ကောက်ကြသည်။ မောင်မောင်က လှိုင်ကစားချင်တာ သူလိုက် မကစားချင်။ လှိုင်ကလည်း အလျော့ မပေး။ နောက်တော့ လှိုင် သစ်ပင်ရိပ်မှာ ထိုင်ရင်း သစ်ကိုင်းခြောက် ကလေးကိုင်ကာ ပျင်းလာသည်။ မောင်မောင်သည်လည်း သရေကွင်းများကို ပစ်ရင်း တစ်ယောက်တည်း ပျင်းလာပြန်၏။

“ဟေ့ လှိုင် နင်စာသင်တမ်း လည်းငါ ကစားမယ်။ နင်လည်း ငါနဲ့ လိုက်ကစားဟာ။”

“အေး ဟုတ်ပြီ။ အဲဒါဆို ငါ့ဟာ အရင်ကစားမယ်။”

မောင်မောင်က တချက် ဘုကြည့်ကြည့်ပြီး အေး..အေး ဟု ပြောတော့ လှိုင်တို့ နှစ်ယောက် ငြိမ်းချမ်းရေး ရသွားကြသည်။ ဒီလိုနှင့်ပဲ မောင်မောင်နှင့် လှိုင်တို့ ကစားနည်း နှစ်မျိုးကို တလှည့်စီ ကစားကြသည်။

ခုတော့လည်း လှိုင်တို့ နှစ်ယောက်သည် အိမ်နီးချင်း အတန်းဖော်များ။ အိမ်ချင်း ကပ်လျက်မနေသော်လည်း နှစ်လမ်းသာ ခြားသည်မို့ လှိုင်တို့ နှစ်အိမ်ကြား ချောင်းပေါက်တော့မည်ဟု ဖေဖေက တခါတလေ နောက်ပြောင်ကာ ပြောတတ်သည်။ လှိုင်ကျောင်းသွားလျှင် မောင်မောင်က လာဝင်ခေါ်မြဲ။ ထို့နောက် လှိုင်တို့ ကျောင်းသို့ အတူတူ လမ်းလျှောက်သွားကြသည်။

မိသားစုချင်း နီးစပ်၍လား မသိ။ လှိုင်တို့ နှစ်ယောက်သည် ၀ါသနာချင်းပါ တူကြပြန်သည်။ အပြင်စာအုပ်များ လဲလှယ်၍ ဖတ်ကြသလို၊ ရုပ်ရှင်ကောင်းကောင်း ကြည့်မိလျှင်လည်း တစ်ယောက်ကို တစ်ယောက် သတိရတတ်ကြသည်။ ၀တ္ထုကောင်းကောင်း ဆိုလျှင်လည်း နှစ်ယောက်လုံး မလွတ်စတမ်း။ ဒီလိုနှင့် တခါတရံမှာ လှိုင်သည် မောင်မောင့်ကို ယောက်ျာလေး တစ်ယောက်အဖြစ် မေ့နေတတ်ပြီး လှိုင့်အချစ်ဆုံး သူငယ်ချင်း တစ်ယောက်အဖြစ်သာ မြင်မိသည်။ မေမေထားက တခါတရံ ချွေးမတော်ချင်သည် ဗျောင်ကြီး ဖွင့်ပြောလာမှသာ လှိုင်ရှက်သလိုလို ဖြစ်နေတတ်ပြန်သည်။

Xxx

စာသင်ခန်းဟု ဆိုသော နေရာလေးမှာ ရိုးစင်းလှချေသည်။ ကျောက်သင်ပုန်းအကြီး တစ်ချပ်မှ လွဲ၍ စာသင်ခန်းနှင့် တူသည့် အရာမရှိဟု လှိုင်တွေးနေမိသည်။ ဆယ်တန်းအပြီးမှာတော့ ခံယူချက်တူသော သူငယ်ချင်းအချို့နှင့် တွဲမိရင်း ဒီလုပ်အားပေး ကျောင်းလေးသို့ ရောက်လာခဲ့သည်။ လာတက်ကြသော ကလေးများမှာ လက်လုပ်လက်စား မိသားစုမှာ ဆင်းသက်လာသူ အများစု။ ကျူရှင်ဆိုသည့် ပြင်ပသင်တန်းများ အတွက် အပိုဝင်ငွေလည်း မတတ်နိုင်၊ မိဘများကလည်း စာပြပေးရန် အချိန်မရှိ၊ အခြေအနေ မရှိသော ကလေးများ အတွက် ဖြစ်သည်။

ဆယ်တန်းပြီးကာစ အကျိုးရှိသော အလုပ်တခုခုကို လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လှိုင့်သူငယ်ချင်း တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဒီသင်တန်းကလေးကို ရှာတွေ့ခဲ့သည်။ စလုပ်ကာစက သွားရေးလာရေး အဆင်မပြေသည်က တကြောင်း၊ ညစ်ပတ်ဆူညံသော ကလေးများကို မယဉ်ပါးသေးသည်က တကြောင်း လှိုင်မပျော်ခဲ့။ တစ်လခန့် ကြာတော့ ထိုသင်တန်းလေးသည် လှိုင့်အတွက် အဓိပ္ပာယ်ရှိလာခဲ့သည်။ အိမ်စာလုပ်ရမည့် အစား အိမ်တွင်ကလေးထိန်း နေရသော ကလေးများကို သနားတတ်လာ ခဲ့သည်။ ကျောင်းမသွားဘဲ မိဘနှင့် အတူဈေးလိုက်ရောင်း ပေးနေရသော ကလေးများကို ကူညီချင်လာသည်။ ဒီလိုနှင့်ပင် မောင်မောင့်ကိုပါ ဆွယ်တရား ဟောမိပြန်သည်။

“မောင်မောင် နင်ငါနဲ့လိုက်ပြီး စာလိုက်သင် ပါလား။ ကလေးတွေ သနားပါတယ်။”

“ငါစာမှ မသင်တတ်ဘဲ လှိုင်ရယ်။”

“ကလေးတွေကို ကူရုံပါဘဲဟာ။ တကယ်စာသင်တာမှ မဟုတ်ဘဲ။ မခက်ပါဘူး။ ပြီးတော့ အများစုက မူလတန်းလေးတွေ။ နင်လည်း အားနေတာပဲ။ ငါလည်း အဖော်ရတာပေါ့။”

လှိုင်ပြောလွန်းတော့လည်း သူလှိုင့်အလိုကို လိုက်ခဲ့သည်။ သူကလေးများနှင့် လုံးပမ်းနေတာကို ကြည့်ရင်း ဒီလိုတော့လည်း ဟုတ်နေသားဟု လှိုင်ပြုံးမိပြန်၏။ ဒါပေမယ့် ထိုအချိန်ကတည်းက လှိုင်တို့နှစ်ယောက်၏ ကွာခြားချက်ကို လှိုင်သိဖို့ ကောင်းခဲ့သည်။ ဒါပေမယ့် လျစ်လျူရှုခဲ့သည်မှာ လှိုင့်အပြစ်ပဲလား။ မသိချင်သောကြောင့်ပင် မသိချင်ယောင်ဆောင်ခဲ့သည်လား။ လှိုင်နောင်တ မရချင်တော့ပါ။

xxx

ဆယ်တန်းအပြီး တစ်နှစ်အကြာမှာ လှိုင်တို့ နှစ်ယောက်လုံး နိုင်ငံခြားတွင် ကျောင်းဆက်တက်ရန် အခွင့်အရေးပေါ်လာခဲ့သည်။ တကျောင်းတည်းတွင် တက်ရမည်မို့ လှိုင့်အိမ်ကရော၊ မောင်မောင့်အိမ်ကပါ ၀မ်းသာအားရရှိ နေကြသည်။

“နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ဖော် ရတာပေါ့။ ရန်လည်း ဖြစ်မနေကြနဲ့ဦး။ မောင်မောင် မဟုတ်တာလုပ်ရင် မေမေထားတို့ကို ပြန်တိုင်နော် လှိုင်။”

လေယာဉ်ပေါ် တက်ကာနီး မောင်မောင့် အမေက မှာနေသေးတော့ နှစ်ယောက်လုံး ရယ်ကျဲကျဲ လုပ်နေကြသေးသည်။

ပတ်ဝန်းကျင် အသစ်နှင့် နေသားကျအောင် ကြိုးစားရင်း၊ လွတ်လပ်မှုနှင့် တာဝန်သိမှုကို ချိန်ထိုးရင်းနှင့်ပင် လှိုင်တို့ တစ်ယောက်ကို တစ်ယောက် အားပေးကူညီခဲ့ကြသည်။ မဆန်းသော်လည်း မရိုးနိုင်သော ဇာတ်လမ်းလေး တစ်ပုဒ် အတိုင်း တက္ကသိုလ် ပထမနှစ် အဆုံးမှာ လှိုင်တို့နှစ်ယောက် တရားဝင် ရည်းစားများ ဖြစ်လာကြသည်။ နည်းနည်းလေးမှ ရင်ခုန်ဖွယ်ရာ မကောင်းသော်လည်း လှိုင်ကတော့ ထိုအကြောင်းအရာလေးကို ပြန်တွေးတိုင်း စိတ်ထဲတွင် နွေးထွေးလာမြဲ။

“လှိုင်… နင့်ကို ငါချစ်နေတာ ကြာလှပြီ။”

လှိုင်တနေ့တွင် ဒီစကားကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူပြောလာသော အချိန်နှင့်နေရာတွင်တော့ မျှော်လင့်မထား။ အဲဒီအချိန်တုန်းက အလုပ်ဆင်းချိန် ကျောင်းဆင်းချိန် လူကျပ်သော ရထားတစ်စင်းပေါ်တွင် လှိုင်တို့ နှစ်ယောက် ရှိနေကြသည်။ မိန်းကလေးတို့ ထုံးစံအတိုင်း လှိုင်ရှက်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း မောင်မောင့်ကို လက်ထဲတွင် ကိုင်ထားသောစာအုပ်နှင့် ရိုက်ဖို့သာ သတိရခဲ့သည်။

“ဟဲ့… ဒီအချိန်ကြီးမှာ ငါ့ကို ရည်းစားစကား ပြောရသလား။ ဒီလောက်လူတွေ အများကြီးကို။”

“အို…သူတို့မှ ဗမာစကား နားမလည်ဘဲ။ အရေးမကြီး ပါဘူး။ ဒီစကားက နင်နဲ့ငါနဲ့ပဲ နားလည်တယ်။ အဲဒီတော့ လူတွေကြားထဲ ပြောပြော၊ နှစ်ယောက်ရှိမှ ပြောပြော တူတူပဲပေါ့။”

သူပြောသော စကားကို စဉ်းစားကြည့်တော့လည်း ဟုတ်သယောင်ယောင်။ အဲဒီတော့မှ လှိုင်ရှက်ပြုံးပြုံးရန် သတိရသည်။

“ငါ့ကို အဖြေပေးဦးလေ။”

“နင်ပဲ အဖြေသိပြီးသားဆို။ သိရင်လည်း ပြီးရောပေါ့။”

“ဟာ နင်ပြောတာကို ကြားချင်တယ်။”

ထိုအချိန်တွင် ရထားက ဘူတာရုံတွင် ဆိုက်သွားသည်။

“ကဲ ရထားဆိုက်ပြီ။ ဆင်းရအောင်။ နောက်မှ အဖြေတောင်း။”

“အဖြေ အရင်ပေး။”

ပေကတ်ကတ်နှင့် ထိုင်နေသော မောင်မောင့်ကို ကြည့်ကာ လှိုင်ပြန်ညစ်ချင်လာသည်။

“အေး… နင်မဆင်းချင်လည်း လိုက်သွား။ ငါတော့ ဆင်းပြီ။”

လွယ်အိတ်ကို ပိုက်ကာ ထလာတော့ မောင်မောင်လက်လျော့ လိုက်ရသည်။ လူများကို တိုးဝှေ့ကာ လှိုင်နောက်က အပြေးကလေးလိုက်လာရင်း လှမ်းပြောသည်။

“ကဲ ပေးတော့ အဖြေ။”

“အေး ချစ်တယ်။ ချစ်တယ်။ ဒါလေးတောင် မသိဘူးလား။ မေးနေရသေးလား။”

ထိုအချိန်မှာ ရထားနောက်တစ်စင်း ဖြတ်သွားသည်။ လှိုင့်အသံ အားလုံးကို ရထားသံက ဖုံးလွှမ်း၍ သွား၏။

“ငါ ဘာမှ မကြားရဘူး။ ပြန်ပြောဦး။”

“တခါပဲ ပြောတယ်။ နှစ်ခါ မပြောဘူး။”

လှိုင့်စကားကို မကြားသော်လည်း လှိုင့် အပြုံးကို ကြည့်၍ သူဖတ်နိုင်မည်ကို လှိုင် အကြွင်းမဲ့ ယုံကြည်ပါသည်။

xxx

ဒုတိယနှစ်တွင် လှိုင်တို့ အလွန်ပျော်ခဲ့ကြသည်။ အစကတည်းက အလွန်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်သည်မို့ ဘာပြဿနာမှ မရှိခဲ့။ လှိုင်တို့ နှစ်ဖက်မိဘများကိုလည်း အသိပေးခဲ့ကြပြီ။ သူတို့၏ သဘောတူညီချက်ကိုလည်း ရသည်မို့ လှိုင်တို့ နှစ်ယောက်ကြားတွင် ဘာမျှ အခက်အခဲ မရှိသယောင်။

ဒီလိုနှင့် မောင်မောင့်ကို လှိုင်နာမည် တလုံးလျော့ ခေါ်ခဲ့သည်မှ အပ အရာရာသည် သမားရိုးကျ အတိုင်း ဆက်လက် ဖြစ်ပျက်နေခဲ့သည်။ ဒုတိယနှစ်တလျှောက် မောင်မောင်က ကွန်ပျူတာ သိပ္ပံနှင့်ပတ်သက်သော အတန်းများကို ယူနေခဲ့သည့် အချိန်မှာ လှိုင်ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြောင်း၊ လူ့အရင်းအမြစ် ဖွံဖြိုးမှု အကြောင်း၊ လူမှုရေးဗေဒ အကြောင်းများကို လောဘတကြီး လေ့လာ နေခဲ့သည်။ မောင်မောင်ကတော့ လှိုင့်စိတ်ဝင်စားမှုကို ၀င်ရောက်ဆွေးနွေး ရုံမှအပ ဘေးလူ တစ်ယောက် အဖြစ်သာ နေခဲ့သည်။

“မောင်… ဒီစာအုပ်ထဲမှာ ကိုလိုနီစနစ် မရှိတော့လို့ နိုင်ငံတချို့ မတိုးတက်ဘူး လို့ဆိုထားတယ်။ ကိုလိုနီနိုင်ငံတွေက ကလေးတွေလိုပေါ့။ လွတ်လပ်ရေး လိုချင်ပါတယ်၊ လိုချင်ပါတယ်နဲ့ တောင်းနေ လို့သာ ပေးလိုက်ရပေမယ့်၊ လွတ်လပ်ရေး အတွက် အဆင်သင့် မဖြစ်သေးလို့ ခုလိုမျိုး မတိုးတက်ရတာတဲ့။ နင်လက်ခံလား။ ငါတော့ မထင်ဘူး။ ကိုလိုနီ အစိုးရ ရှိနေလည်း သူတို့ လက်အောက်ခံ နိုင်ငံတွေ အပေါ်မှာ ဂုပ်သွေးစုပ်နေဦးမှာပဲ။ ဒီလိုနဲ့ပဲ တိုးတက်ဦးမှာ မဟုတ်ပါဘူး။”

“အေးလေ… ဒါကတော့ ကိုလိုနီ စနစ်ကို လိုလားတဲ့ လူတချို့က ပေးတဲ့ ဆင်ခြေပေါ့ဟာ။ သူတို့ပြောတဲ့ တိုးတက်မှု ဆိုတာ စီးပွားရေး တိုးတက်မှုကို အဓိကထားတာ ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ့်နိုင်ငံမဟုတ်ရင် ဘယ်သူကတော့ ယဉ်ကျေးမှုတို့၊ ဘာသာစကားတို့ကို အားပေးမှာလဲ။”

“အင်း… ဒါဖြင့်ရင် သူများလူမျိုး လက်အောက်မှာ ကျွန်ဖြစ်ရတာတဲ့ စာရင် ကိုယ့်လူမျိုး လက်အောက်မှာ ကျွန်ဖြစ် ရတာက ပိုကောင်း မှာပေါ့နော်။”

“နင်ကလည်း ငါ့ကို အငေါ်မတူး စမ်းပါနဲ့။ ဖြစ်ပြီးတဲ့ ကိစ္စတွေက ပြီးနေပြီ။ ကိုလိုနီ ပြန်ဖြစ်ချင်ရင်တောင် ဖြစ်လို့ မရတော့ဘူး။ ရှေ့ဆက် ဘာလုပ်လို့ ရလည်းဆိုတဲ့ စာအုပ်မျိုးပဲ ဖတ်စမ်းပါ။”

“အေးပါဟယ်။ မောင်ကလည်း စိတ်ချည်းပဲ။ ငါက စိတ်ထဲစဉ်းစားမိတာ ပြောပြတာပါ။ ကိုလိုနီစနစ်ကိုလည်း ငါက အားမပေးပါဘူး။”

လှိုင်မျက်စောင်းထိုးပြီး ပြောတော့လည်း မောင်မောင်က ပြုံး၍ နေသည်ကို ကြည့်ရင်း အမြဲတမ်းသာ လှိုင်တို့ နှစ်ယောက် ဒီလိုငြင်းခုန်ခွင့် ရနေလျှင် ကောင်းမှာပဲဟု တွေးနေမိပြန်သည်။

(ဆက်ရန်)

Saturday 23 August 2008

ဆင်ခြေ

ခုတလော အလုပ်က များတာမို့ ညနေ အိမ်ပြန်ရောက်တဲ့ အချိန်တွေမှာလည်း လူကတော်တော့်ကို မောနေပါပြီ။ ရေမိုးချိုး၊ စားစရာရှိတာ စားပြီးရင် စာအုပ်တစ်အုပ်နဲ့ ကွေးချင်စိတ်ကပဲ များနေပါတယ်။ ဒီလိုနဲ့ တဖန်ရောက်ခဲ့ ပြန်ပါပြီ သောကြာနေ့ညကို။ သောကြာနေ့ညနေတွေကို ပုံရိပ် အကြိုက်ဆုံးပါပဲ။ မြန်ဆန်လွန်းတဲ့ နေ့တွေ ခေတ္တရပ်ဆိုင်းပြီး နောက်တနေ့မှာလည်း အလုပ်သွားစရာ မလိုတာမို့ စိတ်လွတ်လက်လွတ် နေလို့ရပါတယ်။ အဲဒါနဲ့ စားချင်တာစားပြီး ကွန်ပျူတာရှေ့ ထိုင်ပါတယ်။ ရေးလက်စလေး ဆက်ရေးမယ်ပေါ့။ ရေးလက်စက ရှိပေမယ့် ရေးနေကြ မဟုတ်တဲ့ အချစ်ဇာတ်လမ်း ဆိုတော့ ရေးရတာ သိပ်မသွားပါဘူး။ (ကြော်ငြာ ၀င်ထားတာ။) ပြောချင်တဲ့ အကြောင်းအရာကလည်း လိုရှင်း မရောက်ခင် တန်ဆာပလာလေးတွေ ထည့်နေရတော့ ခါတိုင်း ရေးတဲ့ ပို့စ်တွေထက် ပိုရှည်နေပါတယ်။ မနက်ကတော့ အလုပ်အသွားမှာ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ဟုတ်လို့ပဲ။ ရေးချင်စိတ်လေး ပြင်းထန်နေတယ်။ အခုတော့ ရေးရမှာ လက်တွန့်နေပြန်ရော။

ဒါနဲ့ ပျင်းပျင်းနဲ့ စဉ်းစားရင်း ခေါင်းကိုမော့လိုက်တော့ လား…လား…။ မျက်နှာကြက်ပေါ်မှာ ပိုးဟပ်တစ်ကောင်။ ပိုးဟပ်မှ အမိမြန်မာပြည်က ပိုးဟပ်နှင့် ဆွေမျိုးတော်ဟန်တူတဲ့ ပိုးဟပ်။ ဒီမှာက တချို့ပိုးဟပ်ကလေးတွေက သေးပါတယ်။ တော်တော်လေးသေးတယ်လို့ ဆိုရမှာပါ။ ပိုးဟပ်ဆို ကြီးကြီးသေးသေး ပုံရိပ် အလွန်မုန်းပါတယ်။ အိမ်ကို တပ်နိုင်သလောက် သန့်သန့်ရှင်းရှင်း ထား၊ စားကြွင်းစားကျန်တွေ သပ်သပ်ရပ်ရပ် သိမ်းတာတောင်မှ ဒီပိုးဟပ်က ဘယ်ကရောက် လာတာလဲပေါ့။ (ဖြေရှင်းချက် ပေးကြည့်တာ။)

ခက်တာက သူက မီးဖိုထဲမှာ မဟုတ်ဘဲ အိပ်ခန်းထဲ ရောက်နေတာ။ ဒါနဲ့ မဖြစ်ဘူး ဆိုပြီး ခုံတစ်လုံးနဲ့ မျက်နှာကြက်ကို မီအောင် လုပ်ရပါတယ်။ ပြီးတော့ ကပ်ထူစက္ကူ အလိပ်တစ်လိပ်နဲ့ ပိုးဟပ်လိုက်ရိုက် ပါတော့တယ်။ ပိုးဟပ်ကလည်း သိပ်လျင်ပါတယ်။ ခုံအောက်ကနေ စားပွဲအောက်ရောက်။ ဗီရိုနားရောက်။ နောက်တော့ ရှာမတွေ့တော့ ပါဘူး။ ကိုယ့်ကိုယ်ပေါ်များ ရောက်နေလားဆိုပြီး လိုက်ရှာကြည့် ရသေးတယ်။ တစ်ယောက်တည်း ရှုပ်နေတာပေါ့။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကြာရှာ ကြည့်ပါသေးတယ်။ နောက်တော့ ရှာမတွေ့တဲ့ အဆုံး လက်လျော့လိုက် ရပါတော့တယ်။

ခုံမှာ ပြန်ထိုင်တော့ ရေးလက်စ၊ စဉ်းစားလက်စ ဇာတ်လမ်းလေးလည်း ဘယ်ရောက်သွားတယ် မသိ။ မျက်စိကလည်း ဘယ်နားမှာများ ပိုးဟပ်ပုန်းနေ မလဲ ဆိုပြီး ဟိုကြည့်ဒီကြည့်။

နောက်ဆုံး မီးမှိတ် အိပ်ယာဝင်တဲ့ အထိ ပိုးဟပ်ကိုလည်း မတွေ့ပါဘူး။ စာမျက်နှာပေါ်မှာလည်း ဘာမှ မရေးဖြစ်လိုက် ပါဘူး။

(ပြီးကာနီး ပါပြီ။ ဒီပိတ်ရက်မှာ ပြီးအောင် ရေးမယ်။ ကြွေးကြော်ထားတာ။)

Thursday 31 July 2008

ငါးပိကြော်၊ ထမင်းကြမ်းနှင့် ပေါင်မုန့်

တံခါးအဖွင့်မှာ အရာရာသည် တိတ်ဆိတ်လျက်။ အားလုံးနေသား တကျရှိနေသော အိမ်ကို ဝေ့ကာကြည့်ရင်း ဒီနေ့ညနေ ဘာစားရပါ့ဟု အစောတလျင် တွေးမိသည်။ တကြုတ်ကြုတ်နှင့် ဆာလှပြီ ဖြစ်သော ဗိုက်ကို ရေတစ်ခွက်နှင့် နှစ်သိမ့်ရင်း ရေခဲသေတ္တာကို ဖွင့်သည်။ ဗီရိုများကို ဖွင့်သည်။ တနေ့က လူကြုံပို့လိုက်သော ငါးပိကြော် တစ်ထုပ်က ရေခဲသေတ္တာထဲမှာ ဆီများခဲကာ လဲလျောင်းလျက်။ ထမင်းအိုးထဲမှာ ထမင်းကြမ်း တချို့ကျန်သေးသည်။ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းကို အနည်းငယ်မျှ အပူပေးကာ ငါးပိကြော်နှင့် အားရပါးရနယ်စားမိသည်။

xxx

လက်ဖက်ရည် ဆိုင်သည် အရင်လိုပင် ဆူညံလှုပ်ရှား ရုန်းကန်လျက်။ စားပွဲထိုးလေး များသည် တ၀ိုင်းမှ တ၀ိုင်း လူးလာ ခေါက်တုံ့။ သူတို့ကို ကြည့်ရသည်မှာ ပျော်လာသလိုလို၊ မောလာသလိုလို။ သူနာရီကို မော့ကြည့်မိတော့ ဆယ်နာရီထိုးတော့မည်။ လက်ပတ်နာရီ မပတ်ဖြစ်တာ အတော်ကြာခဲ့ပြီ။ အချိန်တွေက သူ့ကို အမြဲတုပ်နှောင်သည်ဟု ထင်သည့်နေ့မှ စ၍ သူနာရီ မပတ်ဖြစ်တော့။ ရောက်တတ်ရာရာ တွေးရင်း သူငယ်ချင်းများ အလာကို စောင့်နေမိသည်။ မြန်မာပြည်ကို ပြန်ရောက်ပြီး ကတည်းက သူငယ်ချင်းများနှင့် မတွေ့ရသေး၍ စိတ်လှုပ်ရှား နေမိဆဲ။

` မကြာခင် လက်ဖက်ရည်ဆိုင်မှာ ပိုပြီး အသက်ဝင်လာ သလို။

“ဟဲ့…. နင်က အရင်က ရုပ်အတိုင်းပဲ။ ငါက မှတ်မှ မှတ်မိပါ့မလားလို့။”

“ကြည့်စမ်း။ မိန်းမ နင်က ၀လာတာပဲ။ ရည်းစားတွေ ဘာတွေများရနေပြီလား။”

“နင်က ငါ့တို့ဆီကို စာတောင် မရေးဘူး။ ဘာတွေ မအားဖြစ်နေ သလဲ။”

အရင်ကလိုပင် သူတို့အားလုံး စကားလုပြောလို့ မပြီး။ သူတို့ဆီမှ ယနေ့မြန်မာပြည်၏ အတင်း၊ သတင်းမျိုးစုံကို ကြားရသည်။ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရန် သူတို့ဆီမှ ပြန်လည် သင်ယူရသည်။ ဘယ်ကြော်ငြာကတော့ ဘယ်လိုရယ်စရာ ကောင်းသည်၊ ဘယ်သီချင်းက ပေါက်သွားသည် စသည်ဖြင့်။ နှစ်နာရီခန့်ကြာသွား သည်ထင်သည်။ အားလုံးပြန်ကြမည်ဟု ထိုင်ရာမှ ထတော့သူ့အ၀တ်အစားကို ၀ိုင်း၍ သြဘာပေးကြသည်။

“ထမီတွေဘာတွေ နဲ့လား နိုင်ငံခြားပြန် ကြီးရဲ့။”

“အမယ်… မမ ပဲများနေတယ်ပေါ့၊ မြန်မာ အ၀တ်အစားတွေ ၀တ်လို့။”

“သြော်… ဖိနပ်ကလည်း ကတ္တီပါ ဖိနပ်နဲ့ကိုး။ အလှူသွားမှာကျ နေတာပဲ။”

“ဟယ်…နင်တို့ကလည်း သူကတခါတလေ မြန်မာပြည်ပြန်လာမှ ဒီအ၀တ်အစား ၀တ်ရတာ သူဝတ်ချင်မှာပေါ့။”

“အေးလေ…နင်တို့လို အမေကျော် ဒွေးတော်လွမ်း၊ စကပ်တဖားဖားနှင့် မဟုတ်ဘူး။ ကြည့်… ငါ့သူငယ်ချင်းက ဘယ်လောက် မြန်မာဆန် သလဲ။”

သူစိတ်နည်းနည်း တိုသွားသည်။ အရင်ကတည်းက သူမြန်မာအင်္ကျီနှင့် လုံချည်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်တတ်တာ သူတို့ သတိမရတော့ ပြီလား။ ဒါမှမဟုတ် နိုင်ငံခြားမှ ပြန်လာသူများသည် မြန်မာ အ၀တ်အစား မ၀တ်တော့ဟူသော ပညတ်ချက် ရှိပါလေသလား။ သူ့မှာ မျိုးချစ်စိတ် ဆိုတာလည်း မပြင်းထန်ပါ။ နိုင်ငံခြားပြန်မို့ မြန်မာဆန် ပြလိုခြင်းလည်း မဟုတ်ပါ။ သေချာတာ ကတော့ သူ့မှာ ဘာမှ ပြန်လည်ချေပ စရာ မရှိ။

Xxx

“အကြီးမက အခုနိုင်ငံခြားက ပြန်လာပြီးမှ အချိုးတမျိုး ပြောင်းနေတယ် မမရေ။”

အမေ့အသံကို သူအိပ်ခန်းထဲမှ ကြားတော့ ကြီးတော်ထံ အမေတိုင်နေပြီဟု ချက်ချင်း သိလိုက်သည်။

“အခုသူ့ အခန်းထဲကို အငယ်မက ၀င်မွှေရင် မကြိုက်ဘူး။ ကျွန်မ ၀င်ရှင်းပေးရင်လည်း မရှင်းနဲ့။ သူ့ဟာသူ လုပ်မတဲ့။ သူ့အခန်းတံခါးကိုလည်း ခေါက်ပြီးမှ ၀င်ပါတဲ့။ ကြီးကျယ် လာပုံများ။”

သူစာတိုပေစ လေးများ ရေးတတ်သည်မို့ သူ့အခန်းထဲမှာ သူမပြချင်သော စာများ သူတပါးမြင်လျှင် မကြိုက်။ နိုင်ငံခြားနှင့် ဘာမျှ မဆိုင်ပါ မေမေဟု အော်ပြောချင် စမ်းလှသည်။

“ဟိုတနေ့က ကျွန်မဆီကို စာတစောင်လာလို့ ဟဲ့ ဘာရေးထားလဲလို့ မေးတော့၊ မေမေ့စာဆိုတော့ သမီးလည်း မသိဘူးလေတဲ့။ ကျွန်မက ဟဲ့ ဖောက်ဖတ်လိုက် ပါလားလို့ ပြောတော့မှ ဖတ်တယ်။ သီးသန့်ဆန် လာတာလေ။ အမေနဲ့ သမီးတောင် ဒီလောက် ခွဲခြားနေရ သလား။ နိုင်ငြံခားမှာ အနေကြာလို့ အဲဒီက အကျင့်တွေ ကူးလာတယ် ထင်ပါရဲ့။”

လူဆိုတာ ကိုယ့်ကိုယ်ရေး ကိုယ်တာ ရှိရမှာပေါ့၊ မေမေရဲ့။ သူမကျေမနပ်နှင့် အခန်းထဲမှ ဆက်နားထောင်သည်။

“နောက်ပြီး ကျွန်မကိုများ ဆရာလုပ်လိုက်သေး။ သူ့ဦးလေးကိစ္စကို ကျွန်မက ၀င်ပြောမိလို့ မေမေရယ် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေပါတဲ့။ သူများကိစ္စ ၀င်မပါပါနဲ့တဲ့။ ကိုယ့်ဦးလေး အရင်းခေါက်ခေါက် ကြီးကိုများ သူများတဲ့။”

ဟုတ်တယ်လေ… မေမေတို့ပဲ အဲဒီကိစ္စတွေနဲ့ စကားများကြ၊ စိတ်ဆိုးကြနဲ့။ ရှင်းရှင်းနေတော့ မကောင်းဘူးလား။ သူတိုးတိုး ရေရွတ်ပြန်သည်။

“သြော်..ကော်ဖီဆိုရင်လည်း အခုခါးခါးမှ ကြိုက်တယ်တဲ့။ ဘလက်ကော်ဖီပေါ့။ ကော်ဖီမစ်တို့ ဘာတို့မရတော့ဘူး။ ဘိုမက…။”

မေမေကလည်း မနက်ကျရင် ပဲပြုတ်နဲ့ ထမင်းကြော်ကို ကော်ဖီနဲ့စားတာ တော့မပြောဘဲနဲ့ဟု သူတွေးမိပြန်သည်။

“အင်း သူအပြင်ထွက်သွားတယ် ထင်တယ်။ ဟဲ့ အငယ်မ.. နင့်အမ အပြင်ထွက် သွားတယ် မဟုတ်ဘူးလား။ ဟင်…အခန်းထဲမှာ…။ ကြည့်စမ်း… အခန်းထဲမှာ ရှိနေတာတောင် ကိုယ့်ကြီးတော် လာတာ ထွက်မတွေ့ဘူး။ နိုင်ငံခြားရောက် ပြီးမှ အကျင့်က…။”

xxx

ရှေ့က စာအုပ်ကို ပိတ်ကာ ခြေဆန့်လက်ဆန့်လုပ်မိတော့ ညဆယ်နာရီခန့် ရှိနေပေပြီ။ စာဖတ်ရင်း ညဖက်မှာ ဆာလာတတ်သော အကျင့်ကို သူဘယ်တော့မှ ဖျောက်နိုင်မည် မသိ။ မီးဖိုချောင်ထဲမှာ ရှိနေသော အစားအစာများကို လိုက်ကြည့်မိသည်။ ဒီညတော့ ထမင်းမစား ချင်တော့။ သူ့ဖေဖေကတော့ ငါ့သမီးဟာ ဘိုမပဲ၊ ပေါင်မုန့်ဆို သိပ်ကြိုက်တယ်ဟု ပြောဖူးသည်။ ဘိုမ ဟုတ်မဟုတ်တော့ မသိ၊ အလွယ်တကူ စားလို့ရသော ပေါင်မုန့်ကို သူကြိုက်မိတာ အမှန်ပင်။ ဘိုဆန်ချင်၍ ပေါင်မုန့်စားခြင်း မဟုတ်သည်ကိုတော့ ဖေဖေ သိစေချင် ပါသည်။

ပုလင်းထဲသို့ ရောက်ခဲ့ပြီဖြစ်သော ငါးပိကြော်ကို မျက်စောင်းထိုး ကြည့်သည်။ ပေါင်မုန့်ဆိုသည်မှာ အမြဲတမ်းထောပတ်နှင့် ဒိန်ခဲနှင့်မှ စားရသည်ဟု မည်သူက သတ်မှတ်ထား ပါသနည်း။ ဒီနေ့တော့ ပေါင်မုန့်ကို ငါးပိကြော်နှင့် စားရမည်။ အနောက်နှင့်အရှေ့စာကို ပေါင်းစားတယ် ဆိုပေမယ့်လည်း စားကောင်းရင် ပြီးတာပဲ။ အချိန်အခါ အရ တခါတလေမှာ ငါးပိကြော်နှင့် ထမင်းကြမ်းက လိုက်ဖက်သလို၊ ငါးပိကြော်နှင့် ပေါင်မုန့်ကလည်း စားလို့ကောင်းသည်ပဲ။

Monday 21 July 2008

အိမ်ပျောက်သူ


“အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ….”

သူသီချင်းကို အသံမကြား ရတော့တဲ့ အထိ တိုးပစ်လိုက်သည်။ အိမ်ပြန်ချင်တဲ့ အလွမ်းတွေ တဲ့။ အိမ်… အိမ်ဆိုတာကို သူလွမ်းပါသေး သလား။ မရှိတော့တဲ့ အရာတစ်ခုကို လွမ်းလို့ ရပါသလား။ ဒါမှမဟုတ် မရှိတော့သည့် အရာတစ်ခု မို့ပဲ လွမ်းလာလေသလား။

သူလွန်ခဲ့သော ဆယ်စုနှစ် အတွင်း အိမ်များစွာ ပြောင်းခဲ့ရသည်။ ပထမဆုံး အိမ်က အိမ် မမြည်လှသည့် အခန်းကျဉ်းလေး တစ်ခု။ စာရေးစားပွဲ တစ်လုံး၊ ကုတင်တစ်လုံးနှင့် စာကြည့်မီးတိုင် တစ်ခု။ သူအခန်း ခြေရင်းတွင် သူပိုင်ဆိုင် သမျှ အ၀တ်အစား အားလုံးကို စုထည့်ထားသော သေတ္တာတစ်လုံး ရှိနေသည်။ အိပ်ယာဘေးတွင် သူသိပ်ကြိုက်သော အဆိုတော်၏ပုံ အကြီးကြီး တစ်ပုံ။ ခေါင်းရင်းတွင် အမေထည့်ပေး လိုက်သော ဘုရားပုံတစ်ပုံ။ သူ့အခန်းမှာ အဆောင်အယောင် ကင်းမဲ့လွန်းလှ ပါသည်။ ရိုးစင်းမှုကို သူမမှုသော်လည်း ခြောက်သွေ့မှုကို သူမုန်းမိသည်။ သူ့တနေ့တာ ကုန်ဆုံးချိန်၌ အခန်းသည် ခြောက်သွေ့စွာ သူ့ကို ဆီးကြိုလျက်။ အခန်းထဲသို့ ၀ယ်လာသော ထမင်းနှင့်ဟင်းမှာ အေးစက်ကာ နေပြီ။ တချို့ညများမှာ သူလက်ဖက်ရည် တစ်ခွက်၊ ကော်ဖီတစ်ခွက်ကိုသာ ကျိုက်ရင်း အိမ်တစ်လုံး အကြောင်းကို စဉ်းစားကာ နေမိတော့သည်။

ဒုတိယနေရာသည် ပထမနေရာထက် ပိုကောင်းသည်ဟု သူထင်သည်။ သူ့တောင့်တသည့် အတိုင်း အတန်ငယ် ကျယ်ဝန်းသော တိုက်ခန်းလေး တစ်ခုကို သူရခဲ့သည်။ အိပ်ခန်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်း အားလုံးပါသည်။ ဧည့်ခန်းမပါသော်လည်း သူ့အတွက် အရေးမကြီး။ သူ့မှာ ဧည့်သည် များများစားစား ရှိတာမှ မဟုတ်တာပဲ။ ရှိသော ဧည့်သည်များကလည်း ထမင်းစားခန်းနှင့် မီးဖိုချောင်မှာပင် ကျေနပ်နေကြသည်။ ခက်တာက ရေချိုးခန်း။ ထိုအိမ်ခန်းအတူ ပါလာသော ရေချိုးခန်းတွင် သူဘယ်တော့မှ နေသားမကျခဲ့။ အုတ်ကန်ကြီး တစ်ခုတွင် ဘေးအခန်းမှ လူများနှင့် မျှချိုးရသောကြောင့် ဖြစ်သည်။ ယောက်ျားလေး တစ်ယောက် အနေနှင့် ဇီဇာကြောင်လွန်းသည်ပဲ ဆိုဆို သူကတော့ ရေချိုးလျှင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိုးရမှ။ ကိုယ့်အတွေးနှင့်ကိုယ်၊ ကိုယ့်သီချင်းနှင့်ကိုယ်။ သည်ရေချိုးခန်းကြောင့်ပဲလား၊ တယောက်တည်း နေရ၍ပဲလား မသိ၊ ထိုအခန်းလေးကို သူ့အိမ်ဟု အပြည့် သဘောမထား နိုင်ခဲ့။

သူ့ရဲ့ ယာယီအိမ်ကို….. အိမ်ဟု သဘောထားနိုင်ခဲ့သော အိမ်။ ချစ်သူ….။ သူ့အိမ်ကို အိမ်နှင့်တူအောင် ဖန်တီးပေးခဲ့သော ချစ်သူ။ သူတို့ အားလပ်ရက်တိုင်း သူ့အိမ်ကို ချစ်သူ ရောက်လာကာ ထမင်းနှင့်ဟင်းကို စိတ်ပါလက်ပါ ချက်ပေးခဲ့သည့် မီးဖိုချောင်။ သူ့မီးဖိုချောင်လေးမှာ ကျဉ်းသောကြောင့် သူတို့နှစ်ယောက် တိုက်မိကြတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြသော အချိန်ကာလများ။ သူတို့နှစ်ဦး နှစ်သက်စွာ သီချင်းတွေ အတူနားထောင် ခဲ့ကြသည့် ကက်ဆက်ကလေး။ ချစ်သူကိုယ်တိုင် ရွေးချယ်ပေး၍ သူ့အခန်းတွင် ချိတ်ပေးခဲ့သည့် ပန်းချီကားလေး တစ်ချပ်။ ဒီအငွေ့အသက်တွေနှင့် နေရသည့် အခန်းလေးမို့ သူထိုအိမ်မှာ ပျော်ပိုက်တာ တကယ်တော့ မဆန်းလှပါ။ သို့ပေမယ့် ကံကြမ္မာက အခြေအနေ မပေးသောကြောင့် သူတို့နှစ်ယောက် လမ်းခွဲခဲ့ရသည့် အခါမှာလည်း သူအလွမ်းတွေနှင့် ထိုအိမ်ကလေးကို တွယ်တာ နေမိ၏။ အိမ်ကတော့ သူ့အိမ်မဟုတ်ခဲ့ပါ။

အိမ်…။ သူအရင်တုန်းက နေခဲ့သည့်အိမ်။ မွေးကတည်းက နေခဲ့သည့် အိမ်ကရော။ နှစ်ပေါင်းများစွာ အိမ်မှထွက်လာပြီးနောက် အိမ်ပြန်ရမည့် အချိန်ကို သူပျော်ရွှင်စွာ မျှော်လင့် နေခဲ့သည်။ အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရ တော့မည် တဲ့လား။ မိသားစုနှင့် သူငယ်ချင်းတွေ၊ မိတ်ဆွေများ အတွက် လက်ဆောင် ပစ္စည်းများကို စုဆောင်းရင်း စိတ်လှုပ်ရှားစွာ အိမ်ပြန်ချိန်ကို စောင့်စားခဲ့သည်။

အိမ်ကိုရောက်တော့၊ သူမျှော်လင့်ခဲ့သော အိမ်ကို ရောက်တော့….။ သူနှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော ကြမ်းပြင်တို့သည် အချိန်၏ တိုက်စားမှုဖြင့် မှေးမှိန်ခဲ့ပြီ။ ညနေတိုင်း သူထိုင်ကာ စာဖတ်ခဲ့သော တံခါးပေါင်ကို လက်ဖြင့် အသာ ပွတ်တိုက်ရင်း အရင်က ထိုင်ခဲ့သော တံခါးပေါင်ကလေးကို သူလွမ်းဆွတ် နေမိသည်။ သူငယ်စဉ်က မိုးရွာတိုင်း ရေငွေ့တို့ဖြင့် ရေးဆော့ခဲ့သည့် ပြတင်းမှန်တို့သည် ခုတော့ အသစ်ဖြစ်ခဲ့ပြီ။ သူသိပ်ကြိုက် ခဲ့သော ကက်ဆက်လေး၏ နေရာတွင် သူ့ညီလေး ၀ယ်ထားသော နောက်ဆုံးပေါ် ကက်ဆက် အသစ်တစ်လုံး ရောက်၍ နေသည်။ သူဂစ်တာထိုင်တီး ခဲ့သော အိမ်ရှေ့မှ အုတ်ခုံလေးသည် မိုးရေတိုက်စားမှု ဖြင့်ပြိုယွင်း နေပြီ။

ဟောင်းသော်လည်း အရင်အတိုင်း မဖြစ်ပြီ။ သစ်တိုင်းလည်း မကောင်းခဲ့ပြီ။ သူဘယ်သူ့ကို အပြစ်တင်ရမည် မသိ။ အရင်က အိမ်သည် မရှိတော့ပြီ။ အမေနှင့် အဖေသည် သူပြန်လာသည့် အတွက် ၀မ်းသာ၍ မဆုံး။ အမေသည် သူကြိုက်သော ဟင်းများကို တစ်မျိုးပြီး တစ်မျိုးပြီး ချက်ကျွေးရင်း ပျော်နေတော့သည်။ သူပြန်လာရသည်ကို ပျော်သော်လည်း သူသည် အိမ်သို့ပြန်မရောက် ခဲ့တော့ပြီ။ အရင်က သူတွယ်တာခဲ့သော အိမ်ကို ဘယ်တော့မှ ပြန်မရောက်နိုင်ပြီကို သူရေးရေး နားလည်လာသလို။ အတိတ်ကို ပြန်မရနိုင် သလို၊ သူ့ငယ်ဘ၀ကို ပြန်မရနိုင် သလို၊ သူ့စိတ်တွင်းမှ အိမ်ကလေးသည် ဟိုးအဝေးမှာ ကျန်ခဲ့ပြီ။ သူသည် အိမ်ကလေးနှင့် အတူ ပြောင်းလဲခဲ့ခြင်း မဟုတ်။ သူ၏ အပြောင်းအလဲ များကိုလည်း အိမ်ကလေးက မသိခဲ့။ ထို့ကြောင့် သူနှင့် အိမ်ကလေးသည် ဝေးကွာခဲ့ပြီ။

အဇ္ဇျတ္တတွင် စွဲငြိမှု မရှိတော့ပြီမို့ သူ့တွင်အိမ်မရှိ တော့ပြီလား။ ဒီလိုနဲ့ပဲ သူ့မှာ ကိုယ်ပိုင်အိမ်မရှိကြောင်း တဖြည်းဖြည်း သဘောပေါက် လာခဲ့သည်။

Saturday 19 July 2008

ပြန်လည် ဆန်းသစ်ခြင်း

ဆားချက်သည်ဟု မထင်စေလိုပါ။ ပုံရိပ်တစ်ယောက်ကတော့ ငပျင်းပဲဟုလည်း မထင်စေလိုပါ။ (ပျင်းတာတော့ ပျင်းတာပေါ့လေ။) အာဇာနည်နေ့ရောက် ပြီမို့ တခုခုတင်ချင် လှပါတယ်။ ဒါပေမယ့် ရေးရင်လည်း ပြီးခဲ့တဲ့နှစ်က ရေးခဲ့တဲ့ စာလောက် စိတ်ကျေနပ်မှာ မဟုတ်တဲ့ အတွက် ပြီးခဲ့တဲ့နှစ်ကစာ ကိုပဲ ပြန်လည်ဆန်းသစ် ပါရစေ။ ဖတ်ပြီးတဲ့ ဘလောက်ဂါ သူငယ်ချင်းများရေ... တောင်းပန်ပါတယ်။ ဒါပြီးရင် အသစ်တင်ပါ့မယ်။

Wednesday 11 June 2008

အစားတစ်လုတ်

သူငယ်ငယ်က အစားအသောက်ကျွေး ရခက်လှသည်ဟု အမေက ငြီးငြူဖူးသည်။ ထမင်းစစားတတ် ကာစက ထမင်းကျွေးလျှင် လျှောက်၍ ပြေးသည်။ ပါးစပ်ထဲရောက် လာသော ထမင်းလုတ်ကို ထွေးပစ်တတ်သည်တဲ့။ သူမစားစားအောင် အမေက ကြံဖန်၍ ကျွေးရတတ်သည်တဲ့။ အသားအမျိုးမျိုးကို ကြော်၍တမျိုး၊ လှော်၍ တမျိုး မရိုးရအောင် လုပ်ကျွေးရှာသည်။ ထိုအချိန်က ဆန်ဈေးဆီဈေးမှာ အခုလောက် မတက်သေး။

သူဆယ်ကျော်သက် အရွယ်ရောက်တော့ အမေက တမျိုးပြောင်း၍ ငြီးသည်။ စားလွန်လွန်း၍ တဲ့။ ကိုယ်ခန္ဓာဖွံ့ဖြိုးဆဲမို့ စားနိုင်သောက်နိုင် လာတာကို အမေ မသိမဟုတ်။ နင်ဟာ မရှိအစားကြီးဟု တခါတလေတော့ အမေဆိုမိသည်။ တခါတလေတော့လည်း ငါ့သားဟာ ရှားပါးတဲ့ ကာလမှာမှ လာကြီးရလေခြင်းဟု အမေ ကရုဏာသက်သည်။ မည်သို့ဆိုစေ သူစားသလောက်ကိုတော့ အဖေရော အမေရောကပါ ဖြည့်ဆည်းပေးခဲ့သည်။

လူဆိုတာ အသက်ကြီးလာတာနှင့် အမျှ အစားတစ်လုတ် အပေါ် မက်မောစိတ် ကြီးထွားလာတတ်တာ ပေပဲ။ သူ့အသက်လည်း လေးဆယ်ကျော် ခဲ့ပြီ။ အစားတစ်လုတ် အတွက်တာဝန် များလည်း ပိုခဲ့ပြီ။ အသက်သည် အစားနှင့် တိုက်ရိုက် အချိုးကျသည် ဆိုလျှင် ငါ့ကျတော့ ဘယ်လိုလုပ်မလဲဟု အသက်ခုနစ်ဆယ် အရွယ်အမေက ပြန်အငေါ်တူး တတ်သည်။ ဒါကတော့ အမေက အမေကိုး၊ အမေလို မဟုတ်တဲ့ သူတွေကို အများကြီးဟု သူကပြန်ပြောမိသည်။

တနေ့နဲ့တနေ့ အစားတစ်လုတ် အတွက် လူတွေဟာ ဘယ်လောက် အလုပ်ရှုပ်ကြ သလဲဟု အမေက ထောက်ပြလျှင် သူကတော့ ရယ်နေတတ်သည်။ မစားလို့ အသက်ဘယ်ရှင် မလဲ အမေရယ်… အဲဒီတော့ အသက်ရှင်ဖို့ အတွက် အလုပ်ရှုပ် နေကြတာ မဆန်းပါဘူးဟု သူက ဆင်ခြေပြန်ပေးမည်။ အဲဒီလို ပြောလျှင်တော့ အမေမှာလည်း ပြန်လည် ချေပရန် စကားရှိသည်ပဲ။ ဟဲ့… နင်တို့ဟာက အသက်ရှင်ဖို့စား နေကြတာ မဟုတ်တော့ဘူး။ အဲဒီအဆင့်ထက် အများကြီး ကျော်နေပြီ။ စားဖို့ အသက်ရှင်နေ ကြတဲ့ င၀ါးတွေပဲဟု ချက်ကျလက်ကျ ပြန်ပြောလျှင်တော့ သူရယ်ကျဲကျဲ လုပ်မိရုံသာ။

ကံကြမ္မာဆိုတာ သူကြိုမမြင် ရတော့လည်း ခက်သားပင်။ ထိုနေ့က ၀င်လာသော မုန်တိုင်းကို သူကြိုသိခွင့် မရခဲ့။ မိသားစုကို လက်ဆွဲကာ လွတ်ရာကို ပြေးသင့်ပြီဟု အသိဝင်သည့် အချိန်မှာ အိမ်မှာရှိသော ပုဆိုးစုတ်တစ်ထည်တောင် ယူခွင့်မရတော့။ အသက်နှင့် ခန္ဓာမြဲရန် ဇောသာ ရှိနေခဲ့သည်။

အားလုံးပြီးဆုံး သွားသည့် အချိန်မှာ သူ့လက်ထဲမှာ ဘာဆိုဘာမှ မရှိတော့။ သားပျောက်၊ မယားပျောက် သည့်လူတွေကို ကြည့်ရင်းနှင့်သာ မသေမပျောက် အားလုံးရှိနေသည် ကိုပင် ကျေးဇူးတင် နေရတော့သည်။

မုန်တိုင်းသတ်၍ မသေခဲ့သော အသက်သည် အချိန်တန်တော့လည်း အစားတစ်လုတ်ကို တောင်းတလာ ပေသည်။ သူနဲ့အတူ ပါလာသော ပါးစပ်ပေါက် ငါးပေါက်ကိုလည်း ကျွေးဖို့ကြံ ရပေဦးမည်။ သူ့လက်ထဲ၌ ဘာဆိုဘာမျှ ပါမလာခဲ့။ တကယ့်ကို လက်ချည်းသက်သက်သာ။ အမေသည် သစ်ပင်တစ်ပင်အောက်မှာ မှိန်းနေလျက်။ ကလေးတို့သည် နွမ်းနယ်စွာ ထိုင်နေလျက်။ မိန်းမသည်လည်း မျက်နှာမကောင်း။ တခါတရံတော့လည်း အသက်ရှင်ရခြင်းသည် ပို၍ ခက်ခဲလေသလားဟု သူတွေးမိသည်။

Xxx

ဒီနေ့အလှူရှင်များက စားစရာဝေနေသည်ဟု အတူနေ ဒုက္ခသည် တစ်ယောက်က သတင်းပေး လာသည်။ ရေနဲ့မုန့်တွေ ဝေနေသတဲ့။ သူဝမ်းသာ အားရနှင့် အလှူပေးသော နေရာသို့ အပြေးလာခဲ့သည်။

သူ့ရှေ့မှာ မြင်နေရသော လူအုပ်ကြီးကို တိုးပေါက်နိုင်ပါ့ မလားဟု တွေးရင်း အတင်းသာ ရှေ့သို့တိုးခဲ့သည်။ ကမ်းနေသော၊ လှမ်းနေသောလက်တွေထက် ယူနေသော လက်တွေက များစွာ… များစွာ။ သူ့လက်တစ်ဖက် ပိုလာသောကြောင့် သူအခြားလက်တစ်ဖက်ကို ပုတ်ချလိုက် သလိုခံစား ရသည်။ အို… ဘာပဲဖြစ်ဖြစ် သူ့မိသားစုအတွက် သူမှ မလုပ်ရင် ဘယ်သူကများ လာလုပ်ပေး မှာလဲ။

မလျှော့တမ်း တိုးဝှေ့နေကြသော လူအုပ်ကြီးထဲမှ တိုးထွက်လာတော့ သူ့လက်ထဲမှာ စားစရာတချို့နှင့် ရေဘူးသုံးဘူး ပါလာသည်။ သူ့မိသားစု ရှိနေသော သစ်ရိပ်အောက်ရောက်တော့ လူအုပ်ကြီးက တိုးနေဆဲ။ သူ့လက်ထဲမှ စားစရာကိုမြင်တော့ ကလေးတို့က ၀မ်းသာအားရ ပြေးလာကြသည်။ ကလေးတို့သည် မုန့်ကို အလုအယက် စားသောက်ရင်း ရွှင်လန်းလာကြသည်။ သြော်… သူ့ကလေးများသည် ရှားပါးသည့်ခေတ်တွင် မက၊ လုစားရသည့် ခေတ်တွင်မှ လူလာဖြစ်ရလေခြင်း။

သူသစ်ပင် အရိပ်အောက်မှာ ထိုင်ရင်း မိန်းမက ကမ်းပေးလာသော ခေါက်ဆွဲခြောက်ထုပ် တ၀က်ကို ၀ါးနေမိသည်။ အသက်ဆက်ဖို့ အစားတစ်လုတ် အတွက် တိုးဝှေ့နေကြသော လူအုပ်ကြီးကို ကြည့်ရင်း သူမနက်ဖြန်ကို ကြောက်လာသည်။ မနက်ဖြန် အတွက် အစားတစ်လုတ်ကို ဖန်တီး ရဦးမည်။ အစားတစ်လုတ်နှင့် အသက်ရှင် ရဦးမည်။ အစားတစ်လုတ် အတွက် အသက်ရှင် ရဦးမည်။ အစားတစ်လုတ် အပေါ်တွင် အသက်ရှင် ရဦးမည်။ အစားတစ်လုတ်ကြောင့်….. အသက်သေ ရဦးမည်။ အစားတစ်လုတ်ကို မက်၍ အသက်ပေါင်းများစွာ သေရဦးမည်။ အစားတစ်လုတ်ကို မက်သူတွေကြောင့် အသက်ပေါင်းများစွာ…. ဘ၀ပေါင်းများစွာ….။ အစားတစ်လုတ်….. အစားတစ်လုတ်…..

Monday 12 May 2008

မုန်တိုင်း

မုန်တိုင်းကြောင့် ထိခိုက်ကြရသူများ အားလုံးသို့......

မုန်တိုင်း…..

အရိုင်းဆင်ကာ

နာနာပြင်းပြင်း

ထင်းထင်းပြက်ပြက်

နင်းခတ်ရက်သည်။

ပြားအိမ်ဝပ်ဝပ်

ငိုသံအော်သံ

ဆူညံလွင့်ပါး

ထိုးထွက်ကြားသည်။

အပျက်အစီး

ထီးထီးမကျန်

ချုံးချုံးဘဝ

ခြွတ်ခြုံကျကာ

ကြာခဲ့ပြီလေ………

ကြာလေပြီပဲ

လျှပ်တပြက်လား…

တသက်မက တော့ပြီလား….။

Friday 21 March 2008

ဇာတ်ရုပ်

နေရာ။ ။ အိမ်ခန်းတစ်ခန်း

အချိန်။ ။နံနက်ရှစ်နာရီခန့်

‘တီ…တီ…တီ’

သူအိပ်ချင်မူးတူးနှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ပြန်ချမလို့ စဉ်းစားပြီးမှ ညီမလေးဆီမှ ဖုန်းဖြစ်နိုင်မှန်း တွေးမိပြန်သည်။ ထင်သည့် အတိုင်း ညီမလေးနံပါတ်။

‘အေး…အငယ်မ။ ပြော…’

‘မမ…မမ…အင့် ဟင့်…..’

ဖုန်းထဲမှ တဆင့်ငိုသံကြားရ၍ သူအိပ်ချင်စိတ် အားလုံးပြေသွားသည်။

‘အငယ်မ….မငိုနဲ့လေ။ ဘာဖြစ်လို့လဲ။ တိတ်…တိတ်…။ ဘာဖြစ်လဲ…။’

ခဏကြာငိုနေလိုက်သေး၏။ အတင်းကြီး မေးတော့မှ အိမ်လွမ်းလို့တဲ့။ အဲဒီတော့မှ သူလည်း သက်ပြင်းချနိုင်သည်။ သူတပါးနိုင်ငံကို ရောက်ကာစ၊ အိမ်မှာ ကလေးလုပ်၍ နေလာသော ညီမအငယ်ဆုံးမို့ ဒီလောက်တော့ ရှိပေမည်ပေါ့။ အတင်းချော့မော့ကာ စကားလမ်းကြောင်းလွှဲမှ အငိုတိတ်သွားတော့သည်။ နှစ်နာရီကျော်ကြာ စကားပြောပြီး နောက်မှ၊ စိတ်ချရလောက်သော အခြေအနေရှိမှ ဖုန်းချနိုင်၏။ စိတ်ညစ်လာလျှင် အချိန်မရွေး ခေါ်ဖို့ရန်လည်း မှာရသေးသည်။ ကိုယ်ရောက်စက လည်းဒီလိုပါပဲလေ။ ညီမလေးလိုတော့ စကားပြောရမည့် အဖော်မရှိခဲ့။ အိမ်ကို ဖုန်းမကြာမကြာ ဆက်ဖို့ရန်လည်း စရိတ်မတတ်နိုင်။ ကြာလာတော့လည်း နေသားကျသွားသည်ပဲလေ။ ခုတော့ နေသား အကျလွန်၍ တခါတလေ အမေကတောင် ဖုန်းဆက်ကြဲလွန်းလို့ ဆူနေသေးသည်။

ဒါပေမယ့် အခု ညီမလေးရောက်လာပြီးမှ အိမ်ကို ဖုန်းပြန်ဆက် မှန်လာရသည်။ ကိုယ့်အကြောင်း ပြောဖြစ်တာထက် ညီမအကြောင်း သတင်းပို့ရတာ များပါသည်။ အမေကတောင် ချီးကျူးနေသေးသည်။ ငါ့သမီးကြီး အစ်မကောင်း ပြီသပါပေတယ် တဲ့…။ အစ်မနေရာကတော့ သူတာဝန်ကျေကောင်း ပါသည်။

xxxx

နေရာ။ ။ရုံးခန်းကျဉ်းကျဉ်းတစ်ခန်း

အချိန်။ ။တနင်္လာနေ့

‘မင်္ဂလာ နံနက်ခင်းပါ’

‘အို ဟယ်လို။ မင်္ဂလာပါ။’

တနင်္လာနေ့။ သံသရာ တစ်ပတ်စပေဦးမည်။ ဒီနေ့မနက် ခြောက်နာရီ အိပ်ရာမှ ထလာရသော နံနက်ခင်းသည် အဘယ်ကဲ့သို့ မင်္ဂလာရှိနိုင် ပါမည်နည်း။ အကျင့်ပါနေသော ပါးစပ်က နှုတ်ခွန်းဆက် စကားထွက်ပြီးမှ မရေမရာ တွေးနေမိသေးသည်။ ဖြစ်နိုင်ရင်တော့ တနင်္လာနေ့ မနက်တွေကို မုန်းလိုက်တာဟု အော်လိုက်ချင်သည်ပေါ့။

ဆယ့်နှစ်နာရီ ထိုးတော့ လုပ်ဖော်ကိုင်ဖက်များက နေ့လယ်စာ အတူလိုက်စားရန် ခေါ်နေသေးသည်။ အပြုံးတ၀က်နှင့်သာ ငြင်းလိုက်ရတော့မည်။ သူတို့နှင့်သာ နေ့တိုင်း အပြင်ထွက်စား ရလျှင် ရသည့်လခလေး ကုန်ရချည်ရဲ့။ တော်တော်လည်း သုံးနိုင်ကြတဲ့ လူတွေဟု စဉ်းစားရင်း အိမ်ကသုတ်သီးသုတ်ပြာ ပြင်လာသော ထမင်းဘူးကို ဖွင့်သည်။ ထမင်းဘူးထဲမှာ အမေပို့ပေးသော ငါးပိကြော်နှင့် သူကိုယ်တိုင် ကြော်လာသော ကြက်ဥကြော် တစ်လုံး။ ဘေးဘီကို ကြည့်ပြီးနောက် ဘယ်သူမှ မရှိမှန်း သေချာသည့် အခါ ထမင်းဘူးကို မိုက်ကရိုဝေ့ဖ်ထဲ ထည့်နွှေးလိုက်သည်။ ငါးပိကြော်က အနံ့သင်း၍ လာသည်ကို ရှူရှိုက်ရင်း ဘယ်သူ့ကိုမျှ ဂရုမစိုက်တော့။ မနက်စာ လွတ်ခဲ့သော ဗိုက်က ဆာလှပြီ။

အချိန်ကို စောင့်လျှင်ကုန်ခဲလှသည်။ ကျောင်းမှာ သင်ခဲ့သော စကားပုံတချို့ ကိုတောင် ပြန်သတိရ ချင်လာသည်။ ဘာတဲ့…. ထမင်းကို စောင့်က အကျက်နှေး၊ ရေကို စောင့်က အတက်နှေး တဲ့…။ အခုလည်း ငါးနာရီကိုစောင့်က နာရီနှေး။

တစ်ခါကြည့် ငါးမိနစ်နှင့် နောက်ဆုံးတော့လည်း ငါးနာရီထိုးသွား ခဲ့ပြီ။ နေ့လည်စာစားချိန်မှ ငါးနာရီခန့်လွန်ခဲ့ ပြီမို့ ဗိုက်လည်း ဆာလှပြီ။ လေးနာရီခွဲ ကတည်းက ပြန်သည့်လူများ ပြန်သွားကြပြီမို့ အလုပ်ခန်းက ရှင်းစပြုနေပြီ။

‘သြော်…ဒါနဲ့ မင်းကို အကောင်းဆုံး လုပ်သားဆုပေးဖို့ ငါရွေးချယ်ပေးထားတယ်။’

ကြီးကြပ်သူက ပြောလာတော့ သူစိတ်ထဲမှာ ချက်ချင်းတွေး မိသည်။ ဆုငွေဘယ်လောက် ပေးမှာလဲ မသိဘူး ဟူ၍…။ ဒါပေမယ့်လည်း ပါးစပ်ကတော့ ကျေးဇူးတင် ပါတယ်။ အားလုံးရဲ့ ကူညီမှုကြောင့် ဒီလိုလုပ်နိုင် တာပါပေါ့။ အင်း….ဆုငွေလေး လောက်လောက်လားလား ပေးရင် ဒီလအတွက် ငွေပိုလေး စုနိုင်ကောင်း ပါရဲ့။

ဒီလိုဆိုတော့လည်း သူဟာ အလုပ်သမားကောင်း တစ်ယောက်အဖြစ် အများအမြင်မှာ ရှိနေသည်ပေါ့။ အချိန်မှန်၊ တာဝန်သိ၊ ရိုးသားတဲ့ အလုပ်သမားလေး တစ်ယောက်ပေါ့။ သူ တိတ်တိတ်ပြုံးလိုက်သည်။

xxx

နေရာ။ ။ရထားတွဲ

အချိန်။ ။ငါးနာရီ ငါးဆယ့်ငါး မိနစ်

ရထားပေါ် ရောက်တော့ ညနေခြောက်နာရီထိုး တော့မည်။ နေ့တစ်နေ့၏ နိဂုံးအဆုံးသတ်ချိန်ကို သူအမျှော်လင့်ဆုံး။ ပစ္စည်းအားလုံးကို မငြီးမငြူ သယ်ဆောင်ပေးသော သူ၏အိတ်ကို ဖွင့်လိုက်သည်။ အိတ်အပေါ်ဆုံးမှာ ကုန်နေပြီဖြစ်သော ထမင်းဘူး။ ပြီးတော့ စာအုပ်များ။ စာအုပ်များ၏ အောက်မှာမှ သူရှာနေသော ခရီးဆောင် သီချင်းစက်နဲ့ နားကျပ်။ ဘယ်ညာ မမှားအောင် ကြည့်၍ နားကျပ်ကို တပ်လိုက်သည်။ ခပ်ပြင်းပြင်း သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တော့ သူဘာလဲဆိုတာ ခဏမေ့သွားသည်။ ဒီအချိန် တဒင်္ဂမှာ သူဘာမှ ဖြစ်စရာ မလိုပါ။

ရထားဆိုက်တော့ လမ်းမီးများ ထွန်းစပြုပြီ။ နေ၀င်သွားသည်ကို သူမမီလိုက်ပါ။ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ညီးဆိုရင်း ရောက်တတ်ရာရာ စဉ်းစားရင်း လျှောက်နေကျလမ်း အတိုင်းလျှောက်ခဲ့သည်။ မနေ့က အတန်းအကြောင်း သတိရသည်။ သူမသင်ချင်သော စာတချို့ကို ကြိုးစားပမ်းစား အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ကျက်မှတ်လေ့လာ ဆည်းပူး ပြီးနောက် အတန်းထဲတွင် သူအမှတ်အများဆုံး ရခဲ့သည်။ ကိုယ့်ကိုယ်ကို အထင်ကြီးချင် သလို။ ဟုတ်သည်လေ…။ ကိုယ်မကြိုက်သော အရာတစ်ခုမှာ တော်အောင် ကြိုးစားရတာ လွယ်တာမှတ်လို့။

တိုက်ခန်းတံခါးဝကို လှမ်းမြင်ရတော့ ဘေးအိတ်ထဲမှ သော့ကို စမ်းမိသည်။ သူအမျှော်လင့်ဆုံး အချိန်ကို ရောက်တော့မည်။

Xxx

နေရာ။ ။တိုက်ခန်းတစ်ခန်း

အချိန်။ ။ခုနစ်နာရီ ဆယ်မိနစ်

ထမင်းအိုးထဲမှာ ထမင်းရှိနေသည်။ သူပျော်သွားသည်။ ဒါဆို ထမင်းချက် စရာမလိုတော့။ တနေ့ညက ၀ယ်ထားသော ခပ်ပေါပေါ တရုတ်ဟင်း တစ်ခွက်ကို မိုက်ကရိုဝေ့ဖ်ထဲမှာ နွှေးပြီးနောက် ညနေစာတစ်ခွက် ရပြီ။

ထမင်းစားပွဲပေါ်မှာ အသင့်နေရာယူ ထားပြီးသော ခရီးဆောင် ကွန်ပျူတာကို ဖွင့်သည်။ Microsoft Word ကိုဖွင့်သည်။ ဗမာစာရိုက်ရန် Font တစ်ခုကို ရွေးပြီးနောက် သူထမင်းသာ ဆက်စားဖြစ်သည်။ ဖန်သားပြင် ဖြူဖြူကို ကြည့်ရင်းသာ ထမင်းဝါးနေမိ၏။ သူဆုပ်ကိုင် ခြယ်လှယ်နိုင်သော အချိန်ကို ရောက်ပြီ။ သူ့ဇာတ်လမ်းကို သူရေးနိုင်သည်။ သူလိုချင်သည်ကို ဖန်တီးနိုင်သည်။ သူဖြစ်စေချင် အတိုင်းဖြစ်လို့ ရမည်။ ပုံသွင်းထားသော ဇာတ်ကွက်တစ်ခု မဟုတ်။ နေရာ ချထားပြီးသော အစီအစဉ် တစ်ခုမဟုတ်။ မလုပ်ချင်သော အပိုင်းကို လုပ်စရာ မလို။ မသိချင်သော အရာကို မှတ်စရာ မလို။ ဒီအချိန်မှာ သူသည် ဇာတ်ရုပ်တစ်ရုပ် မဟုတ်။

ဒါပေမယ့်………..။ ဒီဇာတ်ကို သူနိုင်မှာလား။ ဒီကကွက်ကို သူမသိ။ အချိန်အတန်ကြာ သူဘာမှ မရေးမိ။ ပြင်ပကမ္ဘာကို သူရောက်နေတာလား။ သူ…………..အဆုံးကို မရေးမိတော့…။


Wednesday 5 March 2008

ငပျင်း ပုံရိပ်

အားလုံးသိကြတဲ့ အတိုင်း ပုံရိပ်တစ်ယောက် အသစ်မတင်တာ ကြာနေပြီ။ အလုပ်တွေများလို့ပါလို့ ဆိုချင်ပေမယ့် အလုပ်မများနေတဲ့ အခါရော ဘာလုပ်နေပါသလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ အလုပ်အားတဲ့ အခါ စာရေးရတာထက် လွယ်ကူတဲ့ အလုပ်ကို လုပ်နေတာကိုး။ ဒါလည်း ထည့်ပြောဦးမှပေါ့လေလို့ ကိုယ့်ကိုယ်ကို ဆုံးမမိပါတယ်။ စာဖတ်ရတာက စာရေးရတာထက် လွယ်တယ် မဟုတ်လား။ သူတပါး ဖန်တီးထားတဲ့ အရာကို ခံစားနားလည် ရတာက ကိုယ်ကိုယ်တိုင် ဖန်တီးရတာထက် လွယ်တာပေါ့။ အားတဲ့အခါ ရုပ်ရှင်လေးကြည့်လိုက်၊ စာလေးဖတ်လိုက်နဲ့ ပုံရိပ်စိတ်ကူးထဲမှာ ရှိနေတဲ့ စကားလုံးတွေ မှိန်မှိန်သွားပါတော့တယ်။ တခါတလေတော့လည်း ရေးချင်စိတ်ပေါ်လာမိသား။ အဲ….ရေးချင်စိတ် သည်းထန်တဲ့ အချိန်ကတော့ မအားတဲ့ အချိန်ပေါ့။

ဆင်ခြေတွေ ပေးတာ များပြီ။ ပို့စ်သာ တင်ပါတော့လို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း ဒီစာတိုလေးကို ရေးလိုက်ပါတယ်။ စာရှည်တစ်ပုဒ်ကတော့…… ဟဲ...ဟဲ... ခေါင်းထဲမှာ ပဲရှိသေးတယ်....။

Monday 28 January 2008

ပြတင်းပေါက်

Van Gogh's Room at Arles

သူ့အိမ်မှာ ပြတင်းပေါက်တွေသာ မရှိဘူးဆိုလျှင် အိမ်ထဲသို့ ပြန်ကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ။

ပြတင်းပေါက်များကို သူနှစ်သက်ပါသည်။ ငယ်ငယ်က နေဖူးသော အိမ်တိုင်းမှာ ပြတင်းပေါက်များစွာ ပါသည့်အတွက် မေမေ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ မေမေသည် သူ့နည်းတူ ပြတင်းများစွာ ပါသောအိမ်ကိုသာ ရွေးချယ်ခဲ့သည်ချည်း။ လေ၀င်လေထွက် ကောင်းသော၊ လင်းကျင်းသော၊ မှောင်ရိပ်များ နည်းသော အိမ်မျိုးတွင်သာ သူနေခဲ့ဖူးသည်။ အိမ်သုံးခါပြောင်းဖူးသည့် အနက် ဒုတိယအိမ် မှာမြစ်နှင့်နီးသည်။ ညနေစောင်းလျှင် မြစ်ကိုဖြတ်၍ တိုက်လာသော လေကို ပြတင်းပေါက်များမှ တဆင့်သူတို့ မောင်နှမတတွေ အားပါးတရ ရှုရှိုက်ခဲ့ဖူးသည်။ ဒီလိုမှ အသက်ရှုဝတာဟု မေမေက ကျေနပ်စွာ မကြာခဏ ပြောဖူးသည်။ ပြတင်းပေါက်များလျှင် လေကောင်းလေသန့် ရသည်ဟု သူမှတ်ချက်ချ ခဲ့မိသည်။

ထူးခြားစွာပဲ ထိုအိမ်၏ ပြတင်းပေါက်များမှာ လူတစ်ရပ်နီးပါးမျှ ရှည်လျားလေသည်။ ထိုပြတင်းပေါက်များနှင့် အပြိုင်ရှည်လျားသော အပြာနုရောင် ခန်းဆီးများကိုလည်း သူမှတ်မိနေသည်။ ထိုအချိန်ကတည်းက ပြတင်းပေါက်ဘောင်တွင် ထိုင်ကာ အပြင်ကိုငေးကြည့်ဖူးသည်။ ညနေခင်းတွင် ပြေးလွှား ကစားနေသော အိမ်နီးချင်း ကလေးငယ်များ၊ ထမင်းချိုင့် ခြင်းတောင်း ကိုယ်စီဖြင့် အလုပ်ပြန်လာသူ အချို့၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်အချို့။ ပြောင်းဖူးပြုတ်သည်၊ မုန့်စိမ်းပေါင်းသည် တို့ဖြစ်မည် ထင်သည်။ လမ်းထိပ်နားမှ ဗယာကြော်သည်နှင့် မုန့်ဟင်းခါးသည်တို့ ကိုလည်း လှမ်းမြင် နေရသည်။ မသဲကွဲသော်လည်း ခပ်နွမ်းနွမ်း အ၀တ်အစားနှင့် အသက်ငါးဆယ် အရွယ်ခန့် အမျိုးသမီးတစ်ယောက် မုန့်ဟင်းခါးရောင်းသည် ကိုမြင်နိုင်သည်။ မြင်ရဖန်များတော့ လမ်းမှာထိပ်တိုက်တွေ့လျှင်တောင် သူပြုံးပြမိသည်။ အမျိုးသမီးကြီးကတော့ သူ့ကို မသိ။

ဒီလိုနဲ့ သူကြီးပြင်းလာတော့၊ နေရာ အနှံ့ကိုပြောင်းရတော့ ပြတင်းပေါက်များစွာမှ ကြည့်ဖူးလာသည်။ ပျင်းရိဖွယ်နေသာသော နေ့လယ်ခင်းများ၊ အိမ်ခေါင်မိုးများ အငွေ့ထောင်းထောင်းထ လောက်အောင် ပူပြင်းသော နွေ၏နေ့ရက်များကို သူစောင့်ကြည့်ဖူးသည်။ မိုးစက်များ ဖွာကနဲ လွင့်စင်သွားအောင် ပြင်းထန်လှသော မိုးရာသီများကို ပြတင်းပေါက်မှ တဆင့်ဖြတ်ကျော် ခဲ့ဖူးသည်။ လရောင်အောက်မှာ တလက်လက်ထ နေသော နှင်းပြင်နှင်းလွှာကြီး ကိုလည်း သူ့အခန်းကျဉ်းကျဉ်း တစ်ခုတည်းသော ပြတင်းပေါက်မှ ငေးကြည့်ခဲ့ဖူးသည်။

အပြင်မှာ တည်ရှိနေသော သဘာဝကိုသာမကပါ။ ဖောက်ပြန်သော၊ ရိုးသားသော၊ သစ္စာရှိသော၊ ခိုးကြောင်ခိုးဝှက် နိုင်သော၊ ရဲရင့်သော၊ ဖြောင့်မတ်သော၊ ရင်ခုန်ဖွယ် ကောင်းသော၊ စိတ်ပျက်ဖွယ် ကောင်းသော စသည်စသည်ဖြင့် လူအမျိုးမျိုးတို့ကိုလည်း ပြတင်းပေါက်ကြောင့် သူကြည့်ခဲ့ဖူးပြီ။ မကြည့်ချင်သော်လည်း မြင်ခဲ့ဖူးပြီ။ လူတို့သည်လည်း ရာသီဥတု ပမာ၊ သဘာဝတရားကြီး ပမာ အမြဲပြောင်းလဲ နေပါလားဟု ပြတင်းမှ တဆင့် သူတွေးခဲ့ဖူးသည်။

တစ်နေ့တော့ သူမမြင်ဖူးသော မြင်ကွင်းကို သူ့ပြတင်းမှ တဆင့် မြင်တွေ့လိုက်ရသည်။ အဲဒီနေ့က သူ့အိပ်ခန်းပြတင်းပေါက် နားမှာ ရပ်၍ သူငယ်ချင်းတစ်ယောက် လာအကြိုကို စောင့်နေခဲ့သည်။ ထူးခြားတာကတော့ သူအဲဒီနေ့က အိမ်ထဲဖက်မှ အပြင်ကို ကြည့်ခြင်း မဟုတ်။ အိမ်ပြင်မှာ ရပ်လျက်က ပြတင်းပေါက်မှ အိမ်ထဲကို ကြည့်ခြင်း ဖြစ်သည်။

ဝါမှိုင်းမှိုင်း နံရံများဖြင့် အခန်းကျဉ်း တစ်ခန်း။ ထိုအခန်း၏ ညာဖက်တွင် အ၀တ်များဖြင့် တိုးလို့တွဲလောင်း ဖြစ်နေသော အ၀တ်ခြင်းတစ်ခြင်း။ မလှမ်းမကမ်းမှာ သောက်လက်စ ဖန်ခွက်များ၊ ကော်ဖီခွက်များ၊ ဆေးလိပ်တို အစများဖြင့်ပွနေသော စားပွဲတစ်လုံး။ ထိုစားပွဲဘေးမှာမှ ခပ်ကြေကြေဖြစ်နေသော၊ မခေါက်ရသေးသော စောင်နှစ်ထည်ဖြင့် အိပ်ယာတစ်ခု။ အိပ်ယာဘေး နံရံကို မြင်ရအောင် နေရာပြောင်း၍ ကြည့်တော့ နံရံပေါ်မှ ပိုစတာမှာ အနည်းငယ် စောင်းရွဲ့၍ နေသည်။ ပြတင်းပေါက်မှ မြင်ရသော သူ့အခန်းမှာ ကြည့်ချင်စဖွယ် သိပ်မရှိလှ။ ပြင်ရဦးမည်။ အမြင်မတော်သည်များကို ပြင်ရဦးမည်။ အပြင်ထွက်ကြည့်မှ မြင်ရသော အလွဲများနှင့် အခန်း။ အလွဲများဖြင့် နေနေသော်လည်း နိစ္စဒူဝ ကိစ္စများဖြင့် နေသားကျလျက် ရှိသောသူ။

ထိုအချိန်မှာ သူငယ်ချင်းရောက်လာသည်။ မပြင်ဆင်ရသေးသော သူ့အခန်းကို သူငယ်ချင်း မတွေ့ခင်မှာပင် ကတိုက်ကရိုက် ဆွဲခေါ်လာခဲ့ မိတော့သည်။

Wednesday 16 January 2008

ကျွန်မနှင့် သစ်ပင်လေးများ

အပင်များကို ကြည့်၍ ကျွန်မ ရူးဖူးပါသည်။ တမျိုးမထင်စေ လိုပါ။ စာအုပ်ရူး ရူးကြသလို၊ ပန်းချီရူး ရူးကြသလို ကျွန်မလည်း အပင်ရူးရူးဖူး ပါသည်။ မြေပဒေသာကျွန်းတွင် နှစ်တိုင်း လိုလို ရှိတတ်သော ပန်းပြပွဲ သွားတိုင်း ကျွန်မ နှင်းဆီပင်များကို အလွန်အမင်း လိုချင်ခဲ့ဖူးသည်။ မေမေ့ကို ပူဆာတော့ မေမေက နှင်းဆီပင်ဆိုတာ စိုက်ရခက်တယ်၊ ၀ယ်ပြီး မကြာခင် သေမှာပဲ ဟုကန့်ကွက်ခဲ့သည်။ နောက်တော့ ကျောက်နှင်းဆီ ဆိုလား၊ အပင်ငယ်လေးများကို တွေ့ပြန်သည်။ ဒါပေမယ့် အဲဒီတုန်းက မေမေက ဘယ်အပင်မှ ၀ယ်မပေး။ သမီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဟု ဆိုတော့ ကျွန်မမှာ မကျေမနပ် ဖြစ်သော်လည်း ငြိမ်နေလိုက်ရသည်။

ပထမဆုံး ကျွန်မ ပိုင်ဆိုင်ဖူးသော သစ်ပင်လေးကို မှတ်မိနေပါသည်။ cactus ဟုအင်္ဂလိပ်လို ခေါ်သော ကန္တာရပင်လေး ဖြစ်သည်။ အပင်အရွယ်မှာ သေးငယ်ပြီး အမြင့်မှာလည်း နှစ်လက်မ သာသာမျှသာ။ ထိုအပင်လေးကို ဖေဖေနှင့်မေမေ က၀ယ်ပေးသည်ဟု မှတ်မိနေပါသည်။ ကျွန်မစာမေးပွဲတွင် အဆင့်ကောင်းကောင်း ဖြင့်အောင်၍ ထင်သည်။ ကျွန်မအပင်များကို ချစ်၍ အပင်တစ်ပင်လိုချင် နေတာ ကြာပြီမို့ ထိုအပင်လေးကို ရတော့ အလွန်ပျော်သွားခဲ့သည်။ အဲဒီတုန်းက ကျွန်မ ခြောက်တန်းဖြစ်မည်ထင်၏။

အပင်ရပြီး ကာစမှစ၍ ကျွန်မ အပင်လေးကို အရိပ်တကြည့်ကြည့်လုပ် ရသည်မှာ အမော။ ဆူးသေးသေးလေး များပါပြီး ပြန့်ကားတုတ်ခိုင်သော အခက်အလက်များကို ကြည့်ရသည်နှင့်ပင် ပျော်နေမိသည်။ ကျွန်မ အခန်းမှာ နေရောင်ဝင်သော ပြတင်းပေါက်ပေါင် ပေါ်တွင် အပင်လေးကို တင်ထားလိုက်သည်။ ထို့နောက် မနက်တစ်ခါ ညတစ်ခါ ရေမှန်မှန်လောင်း ပေးသည်။ ကျွန်မ မိဘများကလည်း အပင်ကို ဘယ်လို ဂရုစိုက်ရမည် ဟူ၍ မပြောပြ။ မကြာခင်မှာပင် ထိုအပင်လေး သေသွားခဲ့သည်။ ထိုအခါမှ မေမေကို ပြောပြတော့ မေမေက ရေအလောင်းလွန်တာ ဖြစ်မှာပေါ့ဟု မှတ်ချက်ချသည်။ ကန္တာရပင် ရေအများကြီး မလိုအပ်သည်ကို ခပ်ချာချာ ခြောက်တန်း ကျောင်းသူကျွန်မက မသိ။ မေမေ ပြောတာ မှန်ပါလိမ့်မည်။ အမြစ်ကလေးများ ပုပ်၍ပင်နေသည်။ ကျွန်မကတော့ အပင်သေလေးကို ကြည့်ကာ နှမြောမဆုံး။

ဒုတိယ အပင်ကတော့ ငရုတ်ပင်ကလေး တစ်ပင်။ ကျွန်မတို့အိမ် မြို့ထဲ တိုက်ခန်းမှာမို့ အပင်များ အတွက် နေရာ မရှိလှ။ ဒါပေမယ့် အိမ်ရှေ့ပန်းအိုး ထဲမှာ ငရုတ်ပင်လေးတစ်ပင် စိုက်ထား၏။ ကျွန်မ အဖွားလေးက စိုက်ခဲ့သည် ထင်သည်။ နောက်တော့ ကျွန်မကို တာဝန်ပေးလိုက်သည်။ တခါတရံ ငရုတ်သီးများ သီးလျှင် ခူး၍မေမေ့ကို ဟင်းချက်ဖို့ ပေးရသည်။ ထို့နောက် ထမင်းပွဲတွင် ဒါသမီး အပင်ကသီးတဲ့ ငရုတ်သီးဟု ကြွားနေမိတော့သည်။ ဒီလိုနှင့် အပင်လေးတော်တော် ကြီးလာပြီးနောက် စာကလေးများဆိတ်၍ သေသွားခဲ့သည်။

တတိယ အပင်ကတော့ နွယ်ပင်လေးတစ်ပင်။ ကျွန်မ မွေးနေ့မှာ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မက အလွန်အလုပ်များ နေပြီမို့ အပင်တစ်ပင်လောက် လိုချင်သော်ငြားလည်း ဂရုမစိုက်နိုင်မှာမို့ မ၀ယ်ဖြစ်ခဲ့။ သူငယ်ချင်းက လက်ဆောင်အဖြစ် ပေးလာတော့လည်း ၀မ်းသာအားရပင် လက်ခံမိပါသည်။ နွယ်ပင်လေးက ခပ်ငယ်ငယ်ပင်။ အစိမ်းရောင်အရွက် အပြောက်လေးများ နွယ်၍ကျနေသော်လည်း နွယ်ကဖြင့် မရှည်လှသေးပါ။ ကျွန်မစာကြည့်စားပွဲပေါ်မှာ ချိတ်ထားလိုက်တော့ ရေလောင်းပေးဖို့ သတိရတတ်ပါသည်။ ကျွန်မအခန်းက နေရောင်မ၀င်လှသည်မို့ နေသာသော ရက်များတွင် သူ့ကို အပြင်ထုတ်ပေးရသည်။ တခါတရံ မေ့နေလျှင် အပင်က သိသိသာသာ ညိုး၍သွားတော့သည်။ ဒီလိုနှင့်ပင် သူ့ခမျာ ကျွန်မလက်ထဲမှာ သက်ဆိုးရှည်မည် ကြံကာမှ ကျွန်မခရီးရှည်တစ်ခု သွားဖို့က ဖန်လာသည်။ ရေလောင်းမည့်သူ မရှိမှာမို့ သူငယ်ချင်းတစ်ယောက်ကို သူ့အား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သည်။ ကျွန်မကိုယ်တိုင်ပင် သူငယ်ချင်းအခန်းက နေရောင်ကောင်းကောင်း ရသော နေရာကိုရွေးကာ အပင်လေးကို ချိတ်ပေးခဲ့သည်။ ရေမှန်မှန်လောင်း ဖို့လည်းမှာရသည်။

ကျွန်မခရီးကနေ ပြန်ရောက်တော့ သူငယ်ချင်းဆီက အပင်သွားပြန်တောင်းသည့် အခါ သေသွားပြီတဲ့။ ကျွန်မစိတ်တော်တော် ညစ်သွားသည်။ ရေမှန်မှန်မလောင်းဘူးလား ဟုသူ့ကို မေးတော့ သူက အခန်းပြောင်းရင်း အထုပ်အပိုးများနှင့် တိုက်မိကာ ပန်းအိုးပြုတ်ကျပြီး ကွဲသွားခဲ့သည်တဲ့။ အဲဒီနောက်တော့ အပင်ပါသေသွားခဲ့သည်တဲ့။ သူငယ်ချင်းက သူပြန်ဝယ်ပေး ပါရစေလို့ ဆိုတော့ နေပါစေတော့ဟုသာ ငြင်းခဲ့ရသည်။ ကျွန်မလက်ထဲမှာ အပင်တစ်ပင်မှ အသက်မရှည်နိုင် ပါလား။

မကြာခင်ကပင် ကျွန်မအတွက် အပင်တစ်ပင် လက်ဆောင်ရလာပြန်သည်။ မမျှော်လင့်ပဲ ရောက်လာသော လက်ဆောင်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ အပင်တစ်ပင်ကို တွေ့ရ၏။ ပိုပြီးအံ့သြရ ပြန်သည်။ အပင်လေးမှာ ပျိုးကာစပင် ဖြစ်မည်ထင်၏။ အိမ်တွင်းစိုက် အပင် အမျိုးအစား ဖြစ်ပြီး အရွက်အနည်းငယ်သာ ထွက်သေးသည်။ ကျောက်စရစ်ခဲများနှင့် ပန်းအိုးကျကျနန ပါတော့ စာရေးစားပွဲပေါ်မှာ လှလှပပတောင် စိုက်လို့ရ၏။ စက္ကူဘူးခွံထဲမှ ထိုအပင်လေးကို ထုတ်ပြီး ကျွန်မစားပွဲပေါ်သို့ တင်ထားလိုက်သည်။ ဒီတခါတော့ ရေအလောင်းလည်း မလွန်စေရတော့၊ နည်းလည်းမနည်း စေရတော့။ နေရောင်ကောင်းကောင်း ရဖို့လည်း သတိထားရမည်။ အိမ်တွင်းမှာ စိုက်မည်ဆိုတော့ ဆိတ်နိုင်မည့် စာကလေးရန်ကိုလည်း မပူရ။ တိုက်ချပြီး ပန်းအိုးကို ခွဲမပစ်ဖို့တော့ သတိထားရမည်။ အင်း……အပင်တစ်ပင် ရှင်ဖို့ဆိုတာ အကျိုးအကြောင်း ညီညွတ်တိုက်ဆိုင်မှ၊ နေရေလေ မျှတမှ ပါတကား။