Wednesday, 16 January 2008

ကျွန်မနှင့် သစ်ပင်လေးများ

အပင်များကို ကြည့်၍ ကျွန်မ ရူးဖူးပါသည်။ တမျိုးမထင်စေ လိုပါ။ စာအုပ်ရူး ရူးကြသလို၊ ပန်းချီရူး ရူးကြသလို ကျွန်မလည်း အပင်ရူးရူးဖူး ပါသည်။ မြေပဒေသာကျွန်းတွင် နှစ်တိုင်း လိုလို ရှိတတ်သော ပန်းပြပွဲ သွားတိုင်း ကျွန်မ နှင်းဆီပင်များကို အလွန်အမင်း လိုချင်ခဲ့ဖူးသည်။ မေမေ့ကို ပူဆာတော့ မေမေက နှင်းဆီပင်ဆိုတာ စိုက်ရခက်တယ်၊ ၀ယ်ပြီး မကြာခင် သေမှာပဲ ဟုကန့်ကွက်ခဲ့သည်။ နောက်တော့ ကျောက်နှင်းဆီ ဆိုလား၊ အပင်ငယ်လေးများကို တွေ့ပြန်သည်။ ဒါပေမယ့် အဲဒီတုန်းက မေမေက ဘယ်အပင်မှ ၀ယ်မပေး။ သမီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဟု ဆိုတော့ ကျွန်မမှာ မကျေမနပ် ဖြစ်သော်လည်း ငြိမ်နေလိုက်ရသည်။

ပထမဆုံး ကျွန်မ ပိုင်ဆိုင်ဖူးသော သစ်ပင်လေးကို မှတ်မိနေပါသည်။ cactus ဟုအင်္ဂလိပ်လို ခေါ်သော ကန္တာရပင်လေး ဖြစ်သည်။ အပင်အရွယ်မှာ သေးငယ်ပြီး အမြင့်မှာလည်း နှစ်လက်မ သာသာမျှသာ။ ထိုအပင်လေးကို ဖေဖေနှင့်မေမေ က၀ယ်ပေးသည်ဟု မှတ်မိနေပါသည်။ ကျွန်မစာမေးပွဲတွင် အဆင့်ကောင်းကောင်း ဖြင့်အောင်၍ ထင်သည်။ ကျွန်မအပင်များကို ချစ်၍ အပင်တစ်ပင်လိုချင် နေတာ ကြာပြီမို့ ထိုအပင်လေးကို ရတော့ အလွန်ပျော်သွားခဲ့သည်။ အဲဒီတုန်းက ကျွန်မ ခြောက်တန်းဖြစ်မည်ထင်၏။

အပင်ရပြီး ကာစမှစ၍ ကျွန်မ အပင်လေးကို အရိပ်တကြည့်ကြည့်လုပ် ရသည်မှာ အမော။ ဆူးသေးသေးလေး များပါပြီး ပြန့်ကားတုတ်ခိုင်သော အခက်အလက်များကို ကြည့်ရသည်နှင့်ပင် ပျော်နေမိသည်။ ကျွန်မ အခန်းမှာ နေရောင်ဝင်သော ပြတင်းပေါက်ပေါင် ပေါ်တွင် အပင်လေးကို တင်ထားလိုက်သည်။ ထို့နောက် မနက်တစ်ခါ ညတစ်ခါ ရေမှန်မှန်လောင်း ပေးသည်။ ကျွန်မ မိဘများကလည်း အပင်ကို ဘယ်လို ဂရုစိုက်ရမည် ဟူ၍ မပြောပြ။ မကြာခင်မှာပင် ထိုအပင်လေး သေသွားခဲ့သည်။ ထိုအခါမှ မေမေကို ပြောပြတော့ မေမေက ရေအလောင်းလွန်တာ ဖြစ်မှာပေါ့ဟု မှတ်ချက်ချသည်။ ကန္တာရပင် ရေအများကြီး မလိုအပ်သည်ကို ခပ်ချာချာ ခြောက်တန်း ကျောင်းသူကျွန်မက မသိ။ မေမေ ပြောတာ မှန်ပါလိမ့်မည်။ အမြစ်ကလေးများ ပုပ်၍ပင်နေသည်။ ကျွန်မကတော့ အပင်သေလေးကို ကြည့်ကာ နှမြောမဆုံး။

ဒုတိယ အပင်ကတော့ ငရုတ်ပင်ကလေး တစ်ပင်။ ကျွန်မတို့အိမ် မြို့ထဲ တိုက်ခန်းမှာမို့ အပင်များ အတွက် နေရာ မရှိလှ။ ဒါပေမယ့် အိမ်ရှေ့ပန်းအိုး ထဲမှာ ငရုတ်ပင်လေးတစ်ပင် စိုက်ထား၏။ ကျွန်မ အဖွားလေးက စိုက်ခဲ့သည် ထင်သည်။ နောက်တော့ ကျွန်မကို တာဝန်ပေးလိုက်သည်။ တခါတရံ ငရုတ်သီးများ သီးလျှင် ခူး၍မေမေ့ကို ဟင်းချက်ဖို့ ပေးရသည်။ ထို့နောက် ထမင်းပွဲတွင် ဒါသမီး အပင်ကသီးတဲ့ ငရုတ်သီးဟု ကြွားနေမိတော့သည်။ ဒီလိုနှင့် အပင်လေးတော်တော် ကြီးလာပြီးနောက် စာကလေးများဆိတ်၍ သေသွားခဲ့သည်။

တတိယ အပင်ကတော့ နွယ်ပင်လေးတစ်ပင်။ ကျွန်မ မွေးနေ့မှာ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မက အလွန်အလုပ်များ နေပြီမို့ အပင်တစ်ပင်လောက် လိုချင်သော်ငြားလည်း ဂရုမစိုက်နိုင်မှာမို့ မ၀ယ်ဖြစ်ခဲ့။ သူငယ်ချင်းက လက်ဆောင်အဖြစ် ပေးလာတော့လည်း ၀မ်းသာအားရပင် လက်ခံမိပါသည်။ နွယ်ပင်လေးက ခပ်ငယ်ငယ်ပင်။ အစိမ်းရောင်အရွက် အပြောက်လေးများ နွယ်၍ကျနေသော်လည်း နွယ်ကဖြင့် မရှည်လှသေးပါ။ ကျွန်မစာကြည့်စားပွဲပေါ်မှာ ချိတ်ထားလိုက်တော့ ရေလောင်းပေးဖို့ သတိရတတ်ပါသည်။ ကျွန်မအခန်းက နေရောင်မ၀င်လှသည်မို့ နေသာသော ရက်များတွင် သူ့ကို အပြင်ထုတ်ပေးရသည်။ တခါတရံ မေ့နေလျှင် အပင်က သိသိသာသာ ညိုး၍သွားတော့သည်။ ဒီလိုနှင့်ပင် သူ့ခမျာ ကျွန်မလက်ထဲမှာ သက်ဆိုးရှည်မည် ကြံကာမှ ကျွန်မခရီးရှည်တစ်ခု သွားဖို့က ဖန်လာသည်။ ရေလောင်းမည့်သူ မရှိမှာမို့ သူငယ်ချင်းတစ်ယောက်ကို သူ့အား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သည်။ ကျွန်မကိုယ်တိုင်ပင် သူငယ်ချင်းအခန်းက နေရောင်ကောင်းကောင်း ရသော နေရာကိုရွေးကာ အပင်လေးကို ချိတ်ပေးခဲ့သည်။ ရေမှန်မှန်လောင်း ဖို့လည်းမှာရသည်။

ကျွန်မခရီးကနေ ပြန်ရောက်တော့ သူငယ်ချင်းဆီက အပင်သွားပြန်တောင်းသည့် အခါ သေသွားပြီတဲ့။ ကျွန်မစိတ်တော်တော် ညစ်သွားသည်။ ရေမှန်မှန်မလောင်းဘူးလား ဟုသူ့ကို မေးတော့ သူက အခန်းပြောင်းရင်း အထုပ်အပိုးများနှင့် တိုက်မိကာ ပန်းအိုးပြုတ်ကျပြီး ကွဲသွားခဲ့သည်တဲ့။ အဲဒီနောက်တော့ အပင်ပါသေသွားခဲ့သည်တဲ့။ သူငယ်ချင်းက သူပြန်ဝယ်ပေး ပါရစေလို့ ဆိုတော့ နေပါစေတော့ဟုသာ ငြင်းခဲ့ရသည်။ ကျွန်မလက်ထဲမှာ အပင်တစ်ပင်မှ အသက်မရှည်နိုင် ပါလား။

မကြာခင်ကပင် ကျွန်မအတွက် အပင်တစ်ပင် လက်ဆောင်ရလာပြန်သည်။ မမျှော်လင့်ပဲ ရောက်လာသော လက်ဆောင်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ အပင်တစ်ပင်ကို တွေ့ရ၏။ ပိုပြီးအံ့သြရ ပြန်သည်။ အပင်လေးမှာ ပျိုးကာစပင် ဖြစ်မည်ထင်၏။ အိမ်တွင်းစိုက် အပင် အမျိုးအစား ဖြစ်ပြီး အရွက်အနည်းငယ်သာ ထွက်သေးသည်။ ကျောက်စရစ်ခဲများနှင့် ပန်းအိုးကျကျနန ပါတော့ စာရေးစားပွဲပေါ်မှာ လှလှပပတောင် စိုက်လို့ရ၏။ စက္ကူဘူးခွံထဲမှ ထိုအပင်လေးကို ထုတ်ပြီး ကျွန်မစားပွဲပေါ်သို့ တင်ထားလိုက်သည်။ ဒီတခါတော့ ရေအလောင်းလည်း မလွန်စေရတော့၊ နည်းလည်းမနည်း စေရတော့။ နေရောင်ကောင်းကောင်း ရဖို့လည်း သတိထားရမည်။ အိမ်တွင်းမှာ စိုက်မည်ဆိုတော့ ဆိတ်နိုင်မည့် စာကလေးရန်ကိုလည်း မပူရ။ တိုက်ချပြီး ပန်းအိုးကို ခွဲမပစ်ဖို့တော့ သတိထားရမည်။ အင်း……အပင်တစ်ပင် ရှင်ဖို့ဆိုတာ အကျိုးအကြောင်း ညီညွတ်တိုက်ဆိုင်မှ၊ နေရေလေ မျှတမှ ပါတကား။

6 comments:

pandora said...

သစ်ပင်လေး တိတ်တိတ် စိုက်ထားသကိုး
ရေလာလောင်းသွားတယ်
ပြူတင်းတံခါးလေး ဖွင့်လိုက်ဦး နေရောင်ခြည် မရပဲ နေဦးမယ်

ပုံရိပ် / Pon Yate said...

မပန် ရေအလောင်း မလွန်စေနဲ့ နော်

layma said...

လေးမလည်း သစ်ပင်စိုက်ရတာ သိပ်ကြိုက်တယ်..။ အထူးသဖြင့် indoor လေးတွေ စိုက်ရတာကြိုက်တယ်..။ catus က ရေမကြိုက်ဘူး..။ လေးမ ခရီးသွားတုန်း အိမ်က ကောင်မလေးက ရေတွေတအားလောင်းလို့သေသွားတယ်..။

ပုံရိပ် / Pon Yate said...

ပုံရိပ်နဲ့ ၀ါသနာ တူပေါ့ :)

ဂျစ်တူး - gyit_tu said...

ပုံရိပ်ရေ .. အမလည်း cactus ကို အလုပ်မှာထားဖူးတာ .. ရောင်စုံလေးတွေ .. အစိမ်းရောင် .. ပန်းရောင် .. အနီရောင်..

၃ခါလောက် သေသွားလို့ ၀မ်းနည်းပြီး ၊ မထားတော့ဘူး ။ ပထမတခါက ရေများလို့သေတာဆိုပြီး ၊ နောက်တခါကျ ရေနည်း၂ပဲလောင်းတယ် ။ ဒါလည်း သေတာပဲ ။ cactus လို ရေမလိုတဲ့ဟာတောင် သေအောင်လုပ်တယ်ဆိုပြီး ၊ ကိုယ့်ဘာသာစိတ်ပျက်ပြီး နောက်ပိုင်း ဘာအပင်မှမ၀ယ်တော့ဘူး ။

ပုံရိပ် / Pon Yate said...

မဂျစ် ပုံရိပ်လည်း ဘာပင်မှ မ၀ယ်တော့ဘူး။ သူများ လာပေးမှပြဲ......