Sunday 29 March 2009

ဆားချက်ခြင်း

တနေ့က ကိုနတ်ဆိုးရဲ့ ဘလောက်မှာ ဘလောက်ရေးခြင်း အကြောင်းလေးနဲ့ ဆက်စပ်ပြီး ပြောချင်တာလေးပါ။ မှတ်ချက်ရှည်ကြီး ဆိုပါတော့။ သူ့ပို့စ်မှာ အရှည်ကြီး မရေးချင်တာရော၊ ဆားချက်ချင်တာရောကြောင့် ပို့စ်အနေနဲ့ တင်လိုက်တယ်။ ကျွန်မပြောချင်တာလေးတွေပါပဲ။ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။

ဘလောက်စရေးဖြစ်တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ။ သူများရေးတဲ့ စာတွေ ဖတ်ရင်း၊ မြန်မာစာကို လွမ်းရင်း၊ စာရေးတာကို ၀ါသနာ ပါရင်းကနေ ဘလောက်ရေးဖို့ ဖြစ်လာပါတယ်။ ကျွန်မအတွက်ကတော့ ဘလောက်ရေးခြင်း ဆိုတာ နှစ်ပေါင်းများစွာ လုပ်ချင်ခဲ့တဲ့ အလုပ်တခုကို လုပ်ရသလိုပါပဲ။ အဲဒါကတော့ စာရေးခြင်းပေါ့။

အရင်တုန်းက စာတိုပေစလေးတွေ ရေးဖူးပါတယ်။ ဒါပေမယ့် အတော်များများဟာ အဖတ်တင် မကျန်ရစ်ပါဘူး။ အဓိက အကြောင်းရင်းကတော့ ဖတ်မယ့်သူ မရှိလို့ ကောင်းကောင်း မရေးဖြစ်တာရယ်၊ ကောင်းကောင်း မရေးဖြစ်တော့ စိတ်ပျက်ပြီး အမှုမဲ့ အမှတ်မဲ့ ချောင်ထိုးထား ဖြစ်လိုက်တာရယ် ကြောင့်ပါ။ နောက်ပြီးတော့ မရေးချင်တဲ့ အခါလည်း ရေးနေရင်း တန်းလန်းကနေ တပိုင်းတစ ပစ်ထားလိုက်တာပါပဲ။ အဲဒီလိုနဲ့ ကျွန်မမှာ စာပိုင်းစာစတွေတော့ အများကြီးပေါ့။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ရေးဖြစ်တာက လက်ချိုးရေရင် လက်တစ်ဖက်တောင် ပြည့်မယ် မထင်ပါဘူး။

တိုတိုပြောရရင် ဒီစိတ်ကူးပုံရိပ်ဆိုတဲ့ ဘလောက်ကို စရေးဖြစ်ပါတယ်။ စိတ်ကူးမှာ ထင်လာတဲ့ ပုံရိပ်တွေကို ထင်ဟပ်စေသော နေရာဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ စရေးတော့မယ် ဆိုတော့ ရေးပြီးသားရှိတဲ့ စာလေးတချို့နဲ့ စဖြစ်ပါတယ်။ အနှစ်နှစ်အလလက ဖတ်မယ့်သူ မရှိခဲ့တဲ့စာလေးတွေကို ဖတ်ကြ မှတ်ချက်တွေ ရေးကြတော့ ပျော်တာပေါ့။

ဒီလိုနဲ့ စာရေးဖို့ ပိုပြီး အားထုတ်ဖြစ်ပါတယ်။ အရင်က သေချာ မစဉ်းစား၊ အားစိုက် မထုတ်ခဲ့တာ အခုတော့ သေချာ အချိန်ပေးပြီး ရေးဖြစ်ခဲ့တယ်။ ရေးလိုက်၊ မှတ်ချက်တွေ ရလိုက်နဲ့ ဆိုတော့ ရေးရတာလည်း ပိုအားရှိလာပါတယ်။ တကယ်စခဲ့တုန်းကတော့ မှတ်ချက်နည်းနည်း၊ လာဖတ်သူ နည်းနည်းနဲ့ပဲ စခဲ့တာပါ။ (ခုထိလည်း တခြားဘလောက်တွေနဲ့ ယှဉ်ရင် နည်းပါသေးတယ်။ ဒါပေမယ့် ကိုယ့်ကို အမြဲ အားပေးနေတဲ့ ပင်တိုင် ပရိတ်သတ် ရှိနေလို့ ကျေနပ်နေပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။) မရေးဖူးတဲ့ ပုံစံတချို့လည်း ရေးဖြစ်ခဲ့တယ်။ ရေးမယ်လို့ မစဉ်းစားခဲ့ဖူးတဲ့ အကြောင်းအရာတွေလည်း ရေးဖြစ်ပါတယ်။

ဘေးထွက် ကောင်းကျိုးတခုကတော့ မြန်မာစာကို ပိုပြီးနိုင်နိုင်နင်းနင်း ရေးနိုင်လာတာပါပဲ။ အရေးအသား အများကြီး တိုးတက်လာတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်တုန်းက မြန်မာစာ စာလုံးပေါင်းတခုကို နှစ်စက္ကန့်လောက် စဉ်းစားရတာ အခုတော့ သိပ်မစဉ်းစား ရတော့ဘူး။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မြန်မာလို ပြောနေပေမယ့် ပျင်းတာနဲ့ မြန်မာလိုက သိပ်မရေးဖြစ် သလောက်ပါပဲ။

နောက်ရေးဖြစ်တဲ့ အကြောင်းရင်း တခုကတော့ အင်္ဂလိပ်စာကို ငြီးငွေ့ခြင်းပါပဲ။ ကိုယ့်ဘာသာစကား မဟုတ်တဲ့ အတွက် အားထုတ်မှု တခုနဲ့ ဖတ်နေရသလိုပဲ။ အင်္ဂလိပ်စကားသုံး နိုင်ငံမှာ နေနေသရွေ့တော့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖတ်နေမှတ်နေရဦးမှာပဲ။ ဒါပေမယ့်လည်း တခါတလေ မြန်မာစာ သိပ်ဖတ်၊ သိပ်ရေးချင်ပါတယ်။ ဒါကြောင့် ဘလောက်လုပ်ဖြစ်တော့ ဟန်သွားတာပဲ။

ခုတော့ ဘလောက်က သူ့ဟာနဲ့ သူတော့ လည်ပတ်နေပါပြီ။ (ပို့စ်တင် ကျဲတတ်တာလေး တခုပါပဲ။) ဒါကတော့ ရေးခြင်း အပိုင်းပေါ့။

မြန်မာဘလောက် တော်တော်များများကိုလည်း လိုက်ဖတ်ဖြစ်ပါတယ်။ မြန်မာစာငတ်နေတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။ ဘလောက် မိတ်ဆွေတွေလည်း တိုးလာပါတယ်။ တယောက်နဲ့ တယောက် အပြင်မှာ မသိကြပေမယ့် ဘလောက်တွေက အဲဒီ ဘလောက်ဂါရဲ့ ပုံရိပ်တွေ ဖြစ်လာပါတယ်။ မြန်မာစာနဲ့ ပိုအလှမ်းနီးလာတယ်။ မြန်မာတွေရဲ့ အငွေ့အသက်လည်း ပိုပြီး ခံစားရပါတယ်။ စာရေးနေသူ တယောက်ဆိုတဲ့ ဖြစ်တည်ခြင်းကိုလည်း လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်ဘူး။ (စာရေးသူလို့ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ် ညွှန်းခြင်း မဟုတ်ပါ။) ဒါကြောင့် ကျွန်မ ဘလောက်ရေးခြင်း ဖတ်ခြင်းကို တော်တော်နဲ့ စွန့်ဖြစ်မယ် မထင်ပါဘူး။ တချိန်ချိန်မှာ အရမ်းကြီး ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးလေ။

အဲ… ပြောစရာရှိတာကတော့ ဘလောက်ဂါတိုင်း သတိထားမိကြတဲ့ အချိန်… အချိန်ပဲ။ ဘလောက်ရေးခြင်း ဖတ်ခြင်းက အချိန်တော်တော်များများကို ၀ါးမျိုသွားသတဲ့။ လုပ်စရာရှိတဲ့ အလုပ်တချို့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တချို့ မလုပ်ဖြစ်ဘူး။ အိမ်အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်ဘူး တဲ့။ (ဖတ်ဖူး ကြားဖူးတာပဲ နော်။)

ဒါပေမယ့် ကျွန်မကတော့ ဘလောက်ရေးချင်တဲ့ဘက်က ဆင်ခြေလေး ပေးကြည့်ပါဦးမယ်။ ဘ၀နဲ့ ချီပြီး ပြောရရင် (အဲ… လုပ်တော့မယ်…) ဘ၀ဆိုတာ လုပ်သင့်တာတွေ လုပ်ထိုက်တာတွေချည်း လုပ်နေဖို့လားလို့ မေးမိတယ်။ လုပ်ချင်တာလေးလည်း လုပ်ရဦးမှာပေါ့လို့ ဆင်ခြေတက်ချင်တယ်။ အဲဒါကြောင့် ကျဲကျဲနဲ့ မှန်မှန်ရေးဖြစ်နေမယ် ထင်တာပါပဲလေ။

Wednesday 18 March 2009

အလွဲ


အစ်မတန်ခူးက tag ထားတာ ကြာပါပြီ။ ဆင်ခြေတွေပေးတော့ ပါဘူး။ မတန်ခူးရေ ရေးလိုက်ပြီ။ ကြာသွားတာ ခွင့်လွှတ်ပါ။ ၀တ္ထုတိုလေး တစ်ပုဒ်အနေနဲ့ ရေးထားပါတယ်။

xxx

မြ…မြ…ဟု သူအကြိမ်ကြိမ် ရေရွတ်နေမိသည်။ မော် ထိုင်နေရာမှ ထသည်။ ရေးလက်စ စာကို ငုံ့ကြည့်ရင်း လက်ထဲမှ ဘောပင်ကို ချသည်။ သူဒီဝတ္ထုကို ရေးမည် ကြံတော့ ဇာတ်ကောင်မိန်းကလေးနှင့် လိုက်ဖက်မည့် နာမည်ကို ပေးရမည်ဟု သေချာတွေးသည်။ မိန်းကလေးသည် သိမ်မွေ့သည်။ နူးညံ့သည်။ သို့ပေမယ့် ရဲရင့်ရမည်။ ထိုအရည်အချင်းများကို ပေါ်လွင်စေသော နာမည်ကို ပေးရမည်။ အမေတို့ ပေးထားခဲ့သော သူ့နာမည်ကတော့ တစ်လုံးတည်း။ မော်ဟူ၍မှ မော်တစ်လုံးတည်း။ သူကိုယ်တိုင်ကတော့ သိမ်မွေ့သလား၊ ရဲရင့်သလား ဟုမစဉ်းစားဖူးပါ။ မော်သည် မော်သာ ဖြစ်နေကာ မော်ဟူသော နာမည်၏ အနက်ကိုလည်း သေချာ မစဉ်းစားဖူးပါ။ လူ့ဘ၀မှာ အမြဲပဲ ခေါင်းမော် နေရအောင်လို့ မော်လို့ နာမည်ပေးခဲ့သည်လား။ အမေကတော့ ဘာမျှ ရှင်းမပြဖူးပါ။ မော်ကသာ ကိုယ်လိုရာကို ဆွဲယူကာ တွေးနေလိုက်သည်။

နာမည်ကို စိတ်တိုင်းကျတော့ ပြတင်းပေါက်နား လျှောက်လာခဲ့သည်။ သူစာရေးဆရာမ ဖြစ်ချင်သည်။ ဖြစ်ချင်တာမှ တပိုင်းကို သေနေလေ၏။ ငယ်ငယ်ကတည်းက စာရူးပေရူး ရူးခဲ့သည်။ ၀တ္ထုများကို အတိုရော အရှည်ရော ဖတ်သည်။ ကျောင်းပိတ်ရက်တွေမှာ ဘာမှ မလုပ်နိုင်ဘဲ စာအုပ်များနှင့် အချိန်ကုန်နေတော့သည်။ ဖတ်ပါများတော့ ရေးချင်လာသည်။ ဒီဝတ္ထုလေးကိုတော့ ငါဆိုရင် ဒီလိုရေးလိုက်မယ်၊ ဒီအဆုံးသတ်လေးတော့ ကြိုက်တယ်၊ ဒီအဆုံးသတ်လေးတော့ မကြိုက်ဘူး၊ ဒီလိုလေး ပြင်လိုက်ရင် ကောင်းမယ်ဟု ပြင်ပြီး စဉ်းစားတတ်လာသည်။ အိပ်ယာဝင် မီးမမှိတ်မီလည်း စာအုပ်တစ်အုပ် ခဲတံတစ်ချောင်းနှင့် ရေးခြစ်သည်။ အိပ်ယာဝင် မီးမှိတ်ပြီးတော့လည်း အမှောင်ထဲမှာ အိပ်ရင်းနဲ့မှ စဉ်းစားသည်။ အိပ်မက်ထဲမှာလည်း ဆက်၍ ရေးသည်။

ဒီလိုနှင့် သူ့ပတ်ဝန်းကျင်မှာ ရှိသောအဖြစ်အပျက်များကို ၀တ္ထုဇာတ်လမ်း အနေဖြင့် စဉ်းစားသည်။ သူ့ကျင်လည်ရသော အသိုင်းအ၀ိုင်းသည် သူ့အတွက် ဇာတ်ကောင်များ ဖြစ်လာသည်။

သူဖြစ်ဖြစ်မြောက်မြောက် ၀တ္ထုလေး တစ်ပုဒ်စရေးတော့ မဂ္ဂဇင်းတစ်ခုစီသို့ မ၀ံ့မရဲ ပို့ခဲ့သည်။ အရွေးမခံ ရဘူးဆိုတာ သိတော့ ငိုခဲ့ရသေးသည်။ ထမင်းတောင် မစားနိုင်။ ဒုတိယ၊ တတိယ၀တ္ထုတွေ အငြင်းခံရတော့ အရေထူသွားခဲ့ပြီ။ တစ်ပုဒ်အငြင်းခံရလျှင် နောက်တစ်ပုဒ်ပို့ရန်လည်း ၀န်မလေးတော့ပြီ။ မဂ္ဂဇင်းတစ်တိုက်မှ နောက်တစ်တိုက်ကို ပို့ရန်လည်း ၀န်မလေးတော့ပြီ။

ဇာတ်လိုက်မလေးများကိုလည်း အမျိုးမျိုး စိတ်ကူးယဉ်ကြည့်သည်။ မော့်ရဲ့ စံပြ ဇာတ်ကောင်လေးများမှာ မိန်းကလေး ပီသ၍ နူးညံ့ကြသည်။ တချိန်တည်းမှာပဲ ပြတ်သားသည်။ သတ္တိရှိသည်။ အမှန်တော့ မော်ဖြစ်ချင်သော ပုံစံကို ၀တ္ထုထဲမှာ ဖြစ်စေလိုက်သည်။

နောက်တစ်ပုဒ်မှာတော့ ကြောက်တတ်သော၊ အရာရာတွင် သူတပါးကိုမှ အားကိုးသော၊ လောကကြီးကို ရင်မဆိုင် ရဲသော မိန်းကလေးတစ်ယောက်ကို သူဖန်တီးသည်။ ထိုအခါ ထိုဇာတ်ကောင်နှင့် ကိုက်ညီအောင် သူ့နာမည်ကို ပေးရမည်ဟု တွေးမိပြန်သည်။ မိန်းကလေး၏ နာမည်သည် ထိလွယ်ရှလွယ်သော သဘောကို ဆောင်ရမည်။ သူ့ချစ်သူက ဖေးမစေလိုသော သဘောကို ဆောင်ရမည်။

ဒီလိုနှင့် မော့်ကမ္ဘာလေးထဲမှာ မော့်ဇာတ်ကောင်တွေနှင့် တွေ့သည်။ စကားပြောသည်။ သူတို့ကို ပြုပြင်သည်။ သူတို့နာမည်တွေကို ကိုယ်ကြိုက်သည့် စရိုက်နှင့် ကိုက်ညီအောင် ပေးသည်။ ကိုယ်ဖြစ်စေချင် သည့်ပုံစံကို အသွင်ဆောင် စေသည်။ ရေးနေရင်းမှ တ၀က်ရောက်သော်လည်း မကြိုက်လျှင် နာမည်များကို လိုက်ပြောင်းဖြစ်ပြန်သည်။

သြော်…ဇာတ်ကောင်များကို ဖန်တီးရတာသာ စိတ်တိုင်းကျသည်။ နာမည်များကိုလည်း ကိုယ်ပေးချင်တာ ပေးနိုင်သည်။ နှစ်မျိုးသုံးမျိုးလဲ ပေးကာ ကြိုက်သည့် နာမည် ပြောင်းနိုင်သည်။ တကယ်တော့လည်း မော့်ဇာတ်ကောင်များမှာ မော့်ရဲ့ သားသမီးတွေလို ပါပဲဟု တွေးနေမိသေးသည်။

ဒါပေမယ့် မော့် စိတ်ပြောင်းလဲ တတ်ပုံမျိုးနှင့် ကိုယ့်သားသမီးများကို ကိုယ်သာ ဒီလို နာမည်ပေးရလျှင်တော့ မဖြစ်။ ဒီနေ့ မြသဉ္ဇာ ဖြစ်ကာ နောက်နေ့ ကြွေဝတ်မှုန်လည်း ဖြစ်နေနိုင်သည် မဟုတ်။ ကလေး၏ နာမည်ကို ပေးတုန်းကတော့ ပေးပြီး ဆယ်နှစ်လောက်ကြာတော့မှ လိုက်ပြောင်းနိုင်မည် မဟုတ်။ ဇာတ်ကောင် တစ်ယောက်လို ဒီနေရာလေး နည်းနည်းပိုပြီး ဟိုနေရာလေး နည်းနည်း လျော့လို့ ရနိုင်မှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ဇာတ်ကောင် ဆိုလျှင် လူနှင့်တူအောင် ကောင်းတာရော ဆိုးတာပါ ဖန်တီး နိုင်သည်။ စိတ်ကို အမျိုးမျိုး ပြောင်းလဲနိုင်သည်။ တခါတရံမှာ တွေဝေ၍ တခါတရံမှာ ပြတ်သား ခိုင်းလိုက်မည်။

သို့ပေမယ့် ကိုယ်ကမွေးလာသော ကိုယ့်သားသမီးဆိုလျှင်တော့ ကောင်းတာလေး တွေသာ ရွေးဖြစ်စေချင်သည်။ သတ္တိရှိသူ၊ ရင်ဆိုင်ရဲသူ၊ ပြတ်သားသူ၊ ရင့်ကျက်သူ လေးတွေသာ ဖြစ်စေချင်သည်။ လိုလေသေး မရှိ ပြည့်စုံသူ ဖြစ်စေချင်သည်။ မော့် အတ္တဟုပဲ ဆိုရပေမည်။ ဒါကြောင့် စာရေးတာပဲကောင်းသည်။ ဇာတ်ကောင်တွေ ဖန်တီးတာပဲ ကောင်းသည်။ သားသမီးများထက် ဇာတ်ကောင်တွေ ပျိုးထောင်ရတာပဲ လွယ်သည်။

xxx

ဆယ်နှစ်ခန့်ကြာတော့ မော်သည် စိတ်ရောရုပ်ပါ ရင့်ကျက်သော အမျိုးသမီး တယောက် ဖြစ်ခဲ့ပြီ။ မိန်းမကြီး စာရင်းသို့ ၀င်လုဝင်ခင် ဖြစ်ခဲ့ပြီ။ ထိုကာလမှာ မော့်ဘ၀ထဲတွင် ဇာတ်ကောင်များထက် ကလေးက ပိုများနေခဲ့ပြီ။

မော်နှင့် မောင့်မှာ ကလေးလေးယောက်ရှိသည်။ အားလုံး မိန်းကလေးတွေချည်း ဖြစ်သည်။ မြဆည်းဆာ၊ မြနေကြာ၊ မြ၀တ်ရည် နှင့် မြနဒီဟု နာမည်တွေကို လှလှလေးတွေချည်း ရွေး၍ ပေးပစ်လိုက်သည်။ မော်၏ စိတ်တိုင်းကျမှုသည် ထိုမှာတွင်ပင် အဆုံးသတ်၏။ မြကလေး လေးယောက်မှာ မော် ဖြစ်စေချင်သည်နှင့် ဆန့်ကျင်ဖက်။ တစ်ယောက်က အိပ်ယာပေါ်တက်ကာ တဒိန်းဒိန်း ခုန်လျှင် နောက်သုံးယောက်က အိမ်မှာရှိသော ခွက်တွေပုံးတွေ ယူလာကာ သီချင်းဆိုတမ်း ကစားကြသည်။ တစ်ယောက်က သစ်ပင်တက်လျှင် နောက်သုံးယောက်ကလည်း လိုက်တက်မယ် တကဲကဲ လုပ်သည်။ မော်လိမ်းသော ပေါင်ဒါ မိတ်ကပ်များကိုလည်း လစ်လျှင် လစ်သလို ယူ၍ အသုံးချကာ အငြိမ့်ကတမ်း ကစားကြပြန်သည်။

ဒီလိုနှင့် မြကလေးတို့ နာမည်လှလှလေးများလည်း ပျောက်ရကာ ဘုတ်ဆုံ၊ မျောက်မူး၊ ပေတူး စသည်ဖြင့် နာမည်မျိုးစုံတွင်တော့သည်။ မော်သည်လည်း စာရေးဆရာမ မဖြစ်ဘဲ တာတေလေးများ၏ အမေလုံးလုံး လျားလျားဖြစ်လို့နေသည်။ သို့ပေမယ့် မော်သည် မောရင်းက ပျော်လျက်ပင်။ စာရေးဆရာမ ဖြစ်ချင်တယ်ဆိုဟု လာမေးသူများကို ဟင်…ဘယ်သူက ဖြစ်ချင်တာလဲဟု ပြန်မေးဖြစ်လိမ့်မည် ထင်၏။ ထိုသို့ဆိုလျှင် မော့်ဆန္ဒက လွဲတာလား၊ မော့်ဘ၀က လွဲတာလား။ တခုခုတော့ လွဲနေသည်။ အလွဲများကြား၌တော့ ချစ်၍ ဆက်ကာ မော်လွဲနေဦးမည် သာတည်း။

Monday 2 March 2009

အမြင်


ဒီလမ်းကို လျှောက်ခဲ့သည်မှာ အခါခါ ရှိပေပြီ။ လျှောက်သည့် အခါတိုင်းမှာလည်း မောဟိုက်၍ နေသည်။ နေကျနေပြီ ဖြစ်သော်လည်း အပူရှိန်က မသေသေး။ အလုပ်၌လည်း တနေကုန် မထိုင်ခဲ့ရသည်မို့ ခြေလက်ပင် မသယ်ချင်တော့။ ပူပြင်းသောနေရှိန်ကို ကြံ့ကြံ့ခံရင်းနှင့်ပင် ထိုလမ်းကို အကြိမ်ကြိမ် လျှောက်ခဲ့သည်။ ဒီနေ့တော့ ပို၍ မောသလို ခံစားရသည်။ ဒီလအဖို့ လက်ထဲတွင် ပိုက်ဆံက သိပ်မကျန်ချင်တော့။ လကလည်း မကုန်နိုင်သေး။ ပေးစရာရှိသည့် အကြွေးစာရင်းကို စိတ်ထဲမှာ တွက်လာရင်း လမ်းလျှောက်မိမှတော့ ပို၍ မောပေသေးသည်။ မနက်ကတည်းကစားခဲ့သော ထမင်းတစ်နပ်လည်း ခုတော့ ဗိုက်ထဲ၌ မရှိတော့သည်မှာ သေချာ၏။

မီးပွိုင့်မှာရပ်စောင့် ရတော့ လမ်းမပေါ်မှာ ပြေးလွှားနေသော ကားများကို လိုက်ကြည့်မိသည်။ အရွယ်စုံ၊ အရောင်စုံ…..။ ကိုယ့်ဘ၀ကို ကိုယ်အားမငယ်မိပေမယ့် ကားစီးနိုင်သော ဘ၀မျိုးတော့ တောင့်တမိသည်။ တွေးရင်းနှင့် လမ်းကို တစိုက်စိုက် ဖြတ်ကူးခဲ့သည်။

“ကျွိ………………”

ဘရိတ်အုပ်သံ ဆူညံသွားတော့ အတွေးစတစ်ချို့ လွင့်စင်သွားသည်။ သူနှင့် နီးကပ်သော အကွာအဝေး တစ်ခုမှာ ကားတစ်စင်း။ ဒေါသရောင်ဖြင့် ပြောင်လက်နေသော ကားတစ်စင်း။

“ဟေ့လူ ခင်ဗျား သေချင်နေလား။ ကားတစ်စင်းလုံး လာတာ မမြင်ဘူးလား။”

“ခင်ဗျားကရော လူတစ်ယောက်လုံး လာတာ မမြင်ဘူးလား။”

ဆောင့်အောင့်၍ မောင်းနှင်သွားသော ကားဆီမှ တောက်ခေါက်သံကြား လိုက်သည်ဟုထင်သည်။ ကားတွေများ အဲလေ လူတွေများ ပိုက်ဆံ ရှိတာနှင့် ထီမထင်ချင်ကြတော့။ လမ်းလျှောက်နေသော လူတွေကိုတောင် ဂရုမစိုက်ချင်ကြတော့။ လမ်းလျှောက်ရတဲ့ လူတွေ ဆိုတာ သူတို့လို ဇိမ်နဲ့ ကားထဲမှာ ထိုင်နေရတာမှ မဟုတ်တာ။ လျှောက်လိုက်ရတာလည်း ခြေတိုတော့မယ်။ သူတို့မှာတော့ လေအေးစက်ဖွင့်ထားတဲ့ ကားပေါ်ထိုင်ရင်း နေပူပူအောက်က လမ်းလျှောက်နေရတဲ့ လူတွေရဲ့ ဘ၀ကို ကိုယ်ချင်း မစာနိုင်ကြဘူး။ ဒီနေပူပူထဲက မြန်မြန်လွတ်အောင် ခြေလှမ်းသွက်သွက် လျှောက်နေတဲ့ လူတွေကိုများ အလျှော့ ပေးပါဦးတော့လား။

စိတ်ထဲမှ နာနာပြောရင်း အိတ်ထဲမှ ဆေးလိပ်ကို သူထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။

xxx

“တီ…….တီ………………..တီ”

အရှေ့မှ ကားတန်းရှည်ကို ဟွန်းတီးမိတော့လည်း စိတ်တိုနေသည်ကို ဖော်ပြခွင့်ရသည် မှလွဲ၍ ဘာမျှ မထူးခြား။ ကားတန်းရှည်သည် သူ့ဟွန်းသံကို ရှိလေတယ် လို့မျှ မထင်။

ဒီနေ့ အလုပ်မှာ အဆင်မပြေခဲ့။ သူ့ အတွင်းရေးမှုး မိန်းကလေးက အစီအစဉ်မရှိဘဲ ဗြုန်းစားကြီး အလုပ်ထွက်သွားသည်မို့ သူ့ရဲ့ အလုပ်အချိန်ဇယားတွေ ကသောင်းကနင်း ဖြစ်ရသည်။ အသေးအဖွဲ ကိစ္စလေးများကိုပါ လိုက်လုပ်ရရင်း အကြီးအမား ကိစ္စတချို့ လက်လွတ်ရသည်။ ဒေါသက တနေ့လုံး တဖြည်းဖြည်း စုလာနေလိုက်သည်မှာ အိမ်ပြန်သည် အထိ စိတ်ထဲမှာ မကြည်လင်။ အစိုင်အခဲနှင့် ကျန်ရစ်နေသေးသည်။

အရင်ကထက် ပိုပင်ပန်းလာသည့် နေ့တနေ့မို့ အိမ်အရောက် ပြန်ချင်နေကာမှ ကားတန်းက ရှည်ကာ တော်တော်နှင့် မရွေ့နိုင်။ အမှတ်တမဲ့ ဓာတ်ဆီဒိုင်ခွက်ကို ကြည့်တော့ မျှားက ကုန်တော့မည့် ဟန်ကို ပြနေသည်။ ဟုတ်သားပဲ ဓာတ်ဆီထည့်ဖို့ ရက်ရွေ့လာခဲ့သည်မှာ တစ်ပတ်လောက် ရှိတော့မည်။ ဟူး…အိမ်ပြန်ပြီး မြန်မြန်ပြန်နားချင်ပါတယ် ဆိုမှ ဓာတ်ဆီဆိုင် ၀င်ရပေဦးမည်။ နောက်အပတ်လောက် ကျလျှင်တော့ ကားကို ဆီလဲရမည်။ တာယာနှစ်လုံး အသစ်လဲ ရမည်။ မိတ်ဆွေတစ်ယောက်က နောက်နှစ်ပတ်ကျော်လျှင် ခရီးတိုလေး တစ်ခုကို လိုက်ပို့ပေးဖို့ အကူအညီ တောင်းထားသည်။

ကားတစ်စီးကို ပိုင်ဆိုင်ရသည်မှာလည်း မလွယ်လှ။ မိသားစုအတွက် လိုအပ်သည်က တကြောင်း၊ အလုပ်များလွန်းသော သူ့အတွက် သွားရေးလာရေး အဆင်ပြေအောင်ကသာ တကြောင်း၊ ထိုအကြောင်းကြောင်းများကြောင့်သာ ကားတစ်စင်း ၀ယ်ထားရသည်။ တကယ်တော့ စီးရသည်နှင့် မကာမိအောင် ထိန်းသိမ်းရသည်။ ကားမရှိသော မိတ်ဆွေများက အကူအညီတောင်းလျှင် လူမှုရေး အရအကူအညီ ပေးရသည်။ ကားမရှိတုန်းက သိပ်အဖက်မလုပ်ချင်ကြသော မိတ်ဆွေ အချို့ကလည်း အခုတော့ တောင်းလိုက်ကြသည့် အကူအညီတွေ။

ဒီလောက် ရှုပ်ထွေးလှသော မြို့ထဲမှာ ကားမောင်းရတာလည်း စိတ်ဖိစီးမှု များလွန်းလှသည်။ ကားတွေက တစီးနှင့်တစီး မစောင့်ချင်ကြ။ အပြိုင်မောင်းကြသည်။ ကျော်တက်ကြသည်။ အချက်မပြဘဲ ချိုးကြကွေ့ကြသည်။ ကားအချင်းချင်း ပွတ်မိလျှင်လည်း လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြသည်။ နည်းနည်းလေး ပွတ်မိထိမိလျှင်တောင် လျှော်ကြပေးကြရသည် မဟုတ်လား။ ကိုယ့်ကားလည်း တန်ဖိုးကျ ရသေးသည်။ အဲ… ဒီကြားထဲ လူတိုက်မိလျှင်တော့ အဆိုးဆုံးပေါ့။ မပြီးနိုင် မစီးနိုင်သော အမှုအခင်းတွေ ဖြစ်ကြမည်။ ရုံးရောက်ဂတ်ရောက်မည် ထင်သည်။

ကားတန်းကို လွန်လာ၍ တစ်နာရီ ဆယ်မိုင်နှုန်းထက် ပိုမောင်းနိုင်သော နေရာရောက်တော့ အိမ်ရောက်ချင်ဇောနှင့် ခပ်မြန်မြန် မောင်းထွက်ခဲ့သည်။

“ကျွိ…………..”

စိတ်ကတွေးချင်ရာတွေး မိသော်လည်း ဦးနှောက်နှင့် ခြေထောက်၏ ကောင်းမှုကြောင့် ကားက တုံ့ကနဲ ရပ်သွားသည်။ ဘရိတ်အုပ်သံ ဆူညံသွားတော့ သူ့ကို ဒေါသနှင့် ကြည့်နေသော လူတစ်ယောက်။

“ဟေ့လူ ခင်ဗျား လူတစ်ယောက်လုံး လမ်းလျှောက်လာနေတာ မမြင်ဘူးလား။”

“ခင်ဗျားကရော သေချင်နေသလား။ ကားတစ်စင်းလုံးကိုတောင် မမြင်ဘူးလား။”

ဆောင့်ကြီး အောင့်ကြီးနှင့် သူကားမောင်း ထွက်ခဲ့သည်။ လူတွေများ ကားကို မလေးစားချင်ကြတော့။ သူတို့မှာ ကားမောင်းသူတွေလို စိတ်ဖိစီးမှု မရှိ။ တွေးချင်ရာတွေးပြီး လျှောက်နေနိုင်သည်။ ဘေးဘီကိုပင် မကြည့်တော့။ သူတို့ကို ကားတွေက အမြဲပဲ အလျှော့ပေးလိမ့်မည် လို့များ ထင်နေသလား။ လမ်းတစ်လမ်းလုံးကို သူတို့ပိုင်သည်များ ထင်နေလေသလား။ တိုက်သွားဦးတော့ လျော်ကြေးမြက်မြက် ရလေမည်ဟုများ ထင်နေလေသလား။ သူတို့က အသားနာခံနိုင် ဦးတော့။ ကားမောင်းသည့်လူက ရုံးရောက် မခံနိုင်ပါ။

“တောက်…..”

သူဒေါသ ပြင်းပြင်းဖြင့် တောက်တချက် ခေါက်လိုက်သည်။ နောက် ဒေါသထွက်လျှင် သူလုပ်နေကျ အတိုင်း အိတ်ထဲမှ ဆေးလိပ်ကို ထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။