Sunday, 29 March 2009

ဆားချက်ခြင်း

တနေ့က ကိုနတ်ဆိုးရဲ့ ဘလောက်မှာ ဘလောက်ရေးခြင်း အကြောင်းလေးနဲ့ ဆက်စပ်ပြီး ပြောချင်တာလေးပါ။ မှတ်ချက်ရှည်ကြီး ဆိုပါတော့။ သူ့ပို့စ်မှာ အရှည်ကြီး မရေးချင်တာရော၊ ဆားချက်ချင်တာရောကြောင့် ပို့စ်အနေနဲ့ တင်လိုက်တယ်။ ကျွန်မပြောချင်တာလေးတွေပါပဲ။ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။

ဘလောက်စရေးဖြစ်တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ။ သူများရေးတဲ့ စာတွေ ဖတ်ရင်း၊ မြန်မာစာကို လွမ်းရင်း၊ စာရေးတာကို ၀ါသနာ ပါရင်းကနေ ဘလောက်ရေးဖို့ ဖြစ်လာပါတယ်။ ကျွန်မအတွက်ကတော့ ဘလောက်ရေးခြင်း ဆိုတာ နှစ်ပေါင်းများစွာ လုပ်ချင်ခဲ့တဲ့ အလုပ်တခုကို လုပ်ရသလိုပါပဲ။ အဲဒါကတော့ စာရေးခြင်းပေါ့။

အရင်တုန်းက စာတိုပေစလေးတွေ ရေးဖူးပါတယ်။ ဒါပေမယ့် အတော်များများဟာ အဖတ်တင် မကျန်ရစ်ပါဘူး။ အဓိက အကြောင်းရင်းကတော့ ဖတ်မယ့်သူ မရှိလို့ ကောင်းကောင်း မရေးဖြစ်တာရယ်၊ ကောင်းကောင်း မရေးဖြစ်တော့ စိတ်ပျက်ပြီး အမှုမဲ့ အမှတ်မဲ့ ချောင်ထိုးထား ဖြစ်လိုက်တာရယ် ကြောင့်ပါ။ နောက်ပြီးတော့ မရေးချင်တဲ့ အခါလည်း ရေးနေရင်း တန်းလန်းကနေ တပိုင်းတစ ပစ်ထားလိုက်တာပါပဲ။ အဲဒီလိုနဲ့ ကျွန်မမှာ စာပိုင်းစာစတွေတော့ အများကြီးပေါ့။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ရေးဖြစ်တာက လက်ချိုးရေရင် လက်တစ်ဖက်တောင် ပြည့်မယ် မထင်ပါဘူး။

တိုတိုပြောရရင် ဒီစိတ်ကူးပုံရိပ်ဆိုတဲ့ ဘလောက်ကို စရေးဖြစ်ပါတယ်။ စိတ်ကူးမှာ ထင်လာတဲ့ ပုံရိပ်တွေကို ထင်ဟပ်စေသော နေရာဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ စရေးတော့မယ် ဆိုတော့ ရေးပြီးသားရှိတဲ့ စာလေးတချို့နဲ့ စဖြစ်ပါတယ်။ အနှစ်နှစ်အလလက ဖတ်မယ့်သူ မရှိခဲ့တဲ့စာလေးတွေကို ဖတ်ကြ မှတ်ချက်တွေ ရေးကြတော့ ပျော်တာပေါ့။

ဒီလိုနဲ့ စာရေးဖို့ ပိုပြီး အားထုတ်ဖြစ်ပါတယ်။ အရင်က သေချာ မစဉ်းစား၊ အားစိုက် မထုတ်ခဲ့တာ အခုတော့ သေချာ အချိန်ပေးပြီး ရေးဖြစ်ခဲ့တယ်။ ရေးလိုက်၊ မှတ်ချက်တွေ ရလိုက်နဲ့ ဆိုတော့ ရေးရတာလည်း ပိုအားရှိလာပါတယ်။ တကယ်စခဲ့တုန်းကတော့ မှတ်ချက်နည်းနည်း၊ လာဖတ်သူ နည်းနည်းနဲ့ပဲ စခဲ့တာပါ။ (ခုထိလည်း တခြားဘလောက်တွေနဲ့ ယှဉ်ရင် နည်းပါသေးတယ်။ ဒါပေမယ့် ကိုယ့်ကို အမြဲ အားပေးနေတဲ့ ပင်တိုင် ပရိတ်သတ် ရှိနေလို့ ကျေနပ်နေပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။) မရေးဖူးတဲ့ ပုံစံတချို့လည်း ရေးဖြစ်ခဲ့တယ်။ ရေးမယ်လို့ မစဉ်းစားခဲ့ဖူးတဲ့ အကြောင်းအရာတွေလည်း ရေးဖြစ်ပါတယ်။

ဘေးထွက် ကောင်းကျိုးတခုကတော့ မြန်မာစာကို ပိုပြီးနိုင်နိုင်နင်းနင်း ရေးနိုင်လာတာပါပဲ။ အရေးအသား အများကြီး တိုးတက်လာတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်တုန်းက မြန်မာစာ စာလုံးပေါင်းတခုကို နှစ်စက္ကန့်လောက် စဉ်းစားရတာ အခုတော့ သိပ်မစဉ်းစား ရတော့ဘူး။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မြန်မာလို ပြောနေပေမယ့် ပျင်းတာနဲ့ မြန်မာလိုက သိပ်မရေးဖြစ် သလောက်ပါပဲ။

နောက်ရေးဖြစ်တဲ့ အကြောင်းရင်း တခုကတော့ အင်္ဂလိပ်စာကို ငြီးငွေ့ခြင်းပါပဲ။ ကိုယ့်ဘာသာစကား မဟုတ်တဲ့ အတွက် အားထုတ်မှု တခုနဲ့ ဖတ်နေရသလိုပဲ။ အင်္ဂလိပ်စကားသုံး နိုင်ငံမှာ နေနေသရွေ့တော့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖတ်နေမှတ်နေရဦးမှာပဲ။ ဒါပေမယ့်လည်း တခါတလေ မြန်မာစာ သိပ်ဖတ်၊ သိပ်ရေးချင်ပါတယ်။ ဒါကြောင့် ဘလောက်လုပ်ဖြစ်တော့ ဟန်သွားတာပဲ။

ခုတော့ ဘလောက်က သူ့ဟာနဲ့ သူတော့ လည်ပတ်နေပါပြီ။ (ပို့စ်တင် ကျဲတတ်တာလေး တခုပါပဲ။) ဒါကတော့ ရေးခြင်း အပိုင်းပေါ့။

မြန်မာဘလောက် တော်တော်များများကိုလည်း လိုက်ဖတ်ဖြစ်ပါတယ်။ မြန်မာစာငတ်နေတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။ ဘလောက် မိတ်ဆွေတွေလည်း တိုးလာပါတယ်။ တယောက်နဲ့ တယောက် အပြင်မှာ မသိကြပေမယ့် ဘလောက်တွေက အဲဒီ ဘလောက်ဂါရဲ့ ပုံရိပ်တွေ ဖြစ်လာပါတယ်။ မြန်မာစာနဲ့ ပိုအလှမ်းနီးလာတယ်။ မြန်မာတွေရဲ့ အငွေ့အသက်လည်း ပိုပြီး ခံစားရပါတယ်။ စာရေးနေသူ တယောက်ဆိုတဲ့ ဖြစ်တည်ခြင်းကိုလည်း လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်ဘူး။ (စာရေးသူလို့ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ် ညွှန်းခြင်း မဟုတ်ပါ။) ဒါကြောင့် ကျွန်မ ဘလောက်ရေးခြင်း ဖတ်ခြင်းကို တော်တော်နဲ့ စွန့်ဖြစ်မယ် မထင်ပါဘူး။ တချိန်ချိန်မှာ အရမ်းကြီး ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးလေ။

အဲ… ပြောစရာရှိတာကတော့ ဘလောက်ဂါတိုင်း သတိထားမိကြတဲ့ အချိန်… အချိန်ပဲ။ ဘလောက်ရေးခြင်း ဖတ်ခြင်းက အချိန်တော်တော်များများကို ၀ါးမျိုသွားသတဲ့။ လုပ်စရာရှိတဲ့ အလုပ်တချို့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တချို့ မလုပ်ဖြစ်ဘူး။ အိမ်အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်ဘူး တဲ့။ (ဖတ်ဖူး ကြားဖူးတာပဲ နော်။)

ဒါပေမယ့် ကျွန်မကတော့ ဘလောက်ရေးချင်တဲ့ဘက်က ဆင်ခြေလေး ပေးကြည့်ပါဦးမယ်။ ဘ၀နဲ့ ချီပြီး ပြောရရင် (အဲ… လုပ်တော့မယ်…) ဘ၀ဆိုတာ လုပ်သင့်တာတွေ လုပ်ထိုက်တာတွေချည်း လုပ်နေဖို့လားလို့ မေးမိတယ်။ လုပ်ချင်တာလေးလည်း လုပ်ရဦးမှာပေါ့လို့ ဆင်ခြေတက်ချင်တယ်။ အဲဒါကြောင့် ကျဲကျဲနဲ့ မှန်မှန်ရေးဖြစ်နေမယ် ထင်တာပါပဲလေ။

18 comments:

Nu Thwe said...

ရေးချင်စိတ် ရှိနေသမျှ ရေးသာ ရေးပါ။ ဖြစ်တည်မှုကို ဖက်တွယ်မိတာ တစ်ယောက်တည်း မဟုတ်ပါဘူးး)

အောင်သာငယ် said...

အားလုံးအတူတူပါပဲဗျာ... ရေးချင်နေသမျှ ရေးနိုင်နေသမျှရေးပြီး မရေးနိုင်သေးရင်လည်း နားနားပြီး ဘလော့ပေါ့... အားလုံးကနားလည်ကြပါတယ်...း)

JuneOne said...

ရေးတာလေးတွေ အကုန်ဖတ်လို့ကောင်းလို့ အားကျနေတာ။

pandora said...

ကျဲပေမယ့် ရေးသမျှလေးတွေကို အရည်အသွေးကောင်းကောင်းဖြစ်အောင် ဂရုတစိုက်ရေးတတ်တဲ့ ပုံရိပ်ကို အမြဲအားပေးနေတယ်နော်။

မဇနိ said...

ဒေါ်ပုံရိပ် ဖြေးဖြေးမှန်မှန် အချိန်ပိုတဲ့အခါ ရေးပါ။ အားပေးနေမယ်နော်။ ဖတ်လို့ကောင်းတာလေးတွေချည်းပါ။

nu-san said...

ပုံရိပ်ရေ.. အဆင်ပြေသလို အချိန်ရသလို Blog ရတာကို နားလည်ပါတယ်.. ပုံရိပ်က စာရေးကောင်းလို့ အမြဲအားပေးနေမှာပါ... :)

masumon said...

ဟုတ်တယ်ကွယ့်
အလုပ်မှာ စိတ်ပင်ပမ်းတဲ့အချိန် လူမူရေး စီးပွားရေး နိုင်ငံရေး ဘာရေး ညာရေးတွေဆိုမှာ စိတ်နွမ်းတဲ့အချိန် ဘလော့လေးကို ဖွင့်ပြီး ရှိရှိသမျ အပူတွေ အကုန် အန်ချမိတယ် သူပဲ မညီးမညူ ဒဏ်ခံပေးတယ် ကျွန်မကတော့ ဘလော့လေးကို ကျွန်မ ဘ၀ရဲ့ အစစ်မှန်ဆုံး လက်တွဲဖော် ရဲဘော်လေးလို့ ခံယူထားတယ် လက်ချောင်းလေးတွေရော နှလုံးသားတွေရော နာကျင်ရတဲ့တိုင်အောင် ဆက်ရေးပါလို့...

Moe Cho Thinn said...

စာရေးဝါသနာပါလို့ ရေးချင်တာလေးတွေ ရေးနေရရင် စိတ်ချမ်းသာနေတတ်တာ မဟုတ်လား။ ပုံရိပ်လေး ပြောပုံဆို မြန်မာစာတောင် အတော်အရေးသွက်နေပြီ ဆိုတော့ ဘလော့ဂ်ရေးတဲ့အတွက် ကောင်းကျိုးတွေ အတော်ရနေပါပြီ။
စာကောင်းလေးတွေ ဖတ်ရလို့ ပို့စ်တင်တာ ကြာပင် ကြာသော်လည်း စောင့်ရကျိုး နပ်ပါတယ်လေ။ အမြဲ အားပေးနေပါတယ်။

Welcome said...

ဘလောဂ့်ဖတ်တာ၊ ဘလောဂ့် ရေးတာလည်း ဆေးစွဲသလို ပါပဲ။ မဖတ်ဖြစ် မရေးဖြစ်ရင် တစ်ခုခုလိုနေသလို ခံစားမိပါတယ်။ နက်မကောင်းလို့ အိမ်ပေါက်စေ့ လိုက်မနှုတ်ဆက် နိုင်ရင်လည်း စိတ်မကောင်း ဖြစ်ရတယ်။ ဘာဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရလို့ ကျေနပ်ပါတယ်။ အစ်မလည်း ပျော်ရွှင်စွာနဲ့ blogging နိုင်ပါစေလို့ ...

လေးစားလျက်

တေးမွန် (ah nai) -- the Star behind the Sky said...

ဟဲ..ဟဲ..
..ဟဲ..ဟဲ ပါပဲဗျာ..
မတ်လက လျှောက်မလည်ဘူးလို့ တွေးထားလို့.. ဒီနေ့မှ ရောက်လာတယ်.. ရေးပါ..
ကျွန်တော်က အချိန်ဖြုန်းတာများလို့ ကိုယ်ဟာကိုယ်ထိန်းသိမ်းကြည့်တာပါ။ ပုံရိတ်ပြောတာလည်း မှန်တာပဲ။ ပုံရိတ်စာတွေလည်းဖတ်လို့ကောင်းတယ်။

ကလိုစေးထူး said...

ကျနော်လဲ အားပေးနေတာပဲဗျို့။ :)

ပုံရိပ် / Pon Yate said...

မနုသွဲ့ အဖော်ရလို့ ၀မ်းသာပါတယ်။ :)

ကိုအောင်သာငယ် မောတဲ့ အခါ နားနားပြီး ဘလော့ပါ့မယ် :D။

မကျော့ (နာမည် သိသွားပြီ)၊ မပန်၊ မနိနဲ့ မနုစံရေ အဲဂလို များများ မြှောက်ပေးပါ။ :D နောက်တာပါ။ အားပေးတာ ကျေးဇူးတင်ပါတယ်။

မဆုမွန် ပြောတာ ဟုတ်ပါတယ်။ ကိုယ်စဉ်းစားမိတဲ့ အကြောင်းတွေကို ဝေမျှဖို့ နေရာပေါ့။

မချိုသင်းရေ ရေးရတာနဲ့ တင်ပျော်ပါတယ်။ ကောင်းတာတခုက ဘလောက်မှာ ချက်ချင်း စာဖတ်သူရဲ့ တုံပြန်ချက် ရတယ်။

ကိုဝင်းဇော် ဟုတ်တယ် နေ့တိုင်းနီးပါး ဘလောက်ဖတ်ရမှ။

ကိုနတ်ဆိုးက စည်းကမ်းကြီးတာကိုး။ အာပတ်လွတ် ဧပရယ်လမှာမှ ရောက်လာတာပေါ့။ ဟဲဟဲ။

ကိုစေးထူး ကျေးဇူးပါ။ အားပေးတဲ့ လူတွေ ရှိလို့သာ ပိုရေးဖြစ်ပါတယ်။

sonata-cantata said...

ပုံရိပ်ရေ
တူတူပဲ တူတူပဲ
လေးနက်စွာဖြင့် နှစ်ခါထပ်ပြောသွားသည်။

သက်ဝေ said...

ပုံရိပ်ရေ
ကိုယ် ဝါသနာပါတာလေး လုပ်ရတာမို့ ပျော်စရာ ကောင်းပါတယ်လေ... အချိန်ရသလောက်၊ ရေးနိုင်သလောက်တော့ ရေးကြတာပေါ့နော်...

အိမ့်ချမ်းမြေ့ said...

မလေး အမြဲရောက်ပါတယ်... ဟိုးလွန်ခဲ့တဲ့ ၂နှစ်လောက်ထဲက ပုံရိပ်ရဲ့ ရေးဟန်ကိုကြိုက်ခဲ့လို့ အမြဲအားပေးတာ ဆက်လဲဖတ်နေဦးမှာပါ.. နားနားရေးပါ... မလေးလဲ တပတ်တခါတောင် မနည်းတင်နေရတယ်..

ပုံရိပ် / Pon Yate said...

မသီတာ/ကိုဧရာ အားလုံးက တူတူပဲ ထင်တယ် နော်။

မသက်ဝေလည်း ဆက်ရေးမယ်လို့ မျှော်လင့်ပါတယ်။

ဟုတ်တယ် မလေးရေ။ ပုံရိပ်တော့ တစ်လတစ်ပုဒ် ဖြစ်နေလား မသိဘူး။

တန်ခူး said...

ပုံရိပ်ရေ… ဒီပလောင်မလေး တောင်တက်နှေးပေမယ့် လဘက်လေးက အလွန်ကောင်းတော့ စိတ်ရှည်ရှည်သာ စောင့်စားတာပေါ့… ရေးဟန်လေးတွေ တင်ပြပုံလေးတွေ အမြဲဆန်းသစ်အောင် ကြိုးစားနေတတ်တဲ့ ပုံရိပ်ရဲ့ စိတ်ကူးပုံရိပ်လေးက အစဉ်သစ်လွင်လှပနေပါတယ်…

ပုံရိပ် / Pon Yate said...

မတန်ခူးရေ ဒီလက်ဖက်က ဆိုးဆေးမပါဘူးနော်။ စတာပါ။ အမြဲစောင့်စား အဲလေ စောင့်ဖတ်တဲ့ အစ်မတို့လို ဘလောက်ရေးဖော်တွေ ရှိတာ ကျေးဇူး တင်မိတယ်။