Friday, 10 April 2009

နွေအလွမ်း

ခုတလော အားလုံးကနွေအကြောင်း ရေးနေကြတော့ လွမ်းလာပြီး ကိုယ်တိုင်လည်း ရေးကြည့်လိုက်ပါတယ်။ ပန်းချီလည်း ကြိုးစားပြီး ဆွဲကြည့်လိုက်တယ်။ သူကတော့ ပိုးကောင်တွယ်တက်နေတဲ့ သစ်ကိုင်းခြောက်ကြီးလားတဲ့။ (ခံစားတတ်တာလေ။) ပန်းပုံလို့ ကြိုပြီး ပြောထားချင်ပါတယ်။

xxx

သူနောက်ဆုံး အပုဒ်ကို ဖြေရန်ရောက်တော့ စဉ်းစားနေစရာ မလိုဘဲ နွေဦးကာလ ဟူသော စာစီစာကုံးကို ရွေးဖြေလိုက်သည်။ စိတ်ထဲမှာရော စာရွက်ပေါ်မှာပါ ရွက်ဝါလေးများ လွှင့်ပျံလာကြသည်။ ဥသြငှက်တို့ ချွဲနွဲ့ ချိုသာနေကြသည်။ ပျင်းစရာနွေ နေ့လည်ခင်းမှာ ဖုန်နံ့ သင်းသော လေကဝေ့လာသည်။ ကျဲကျဲတောက်သော နွေနေ့လည်နှင့် အေးစိမ့်သော သစ်ရိပ်တို့က သရုပ်ပေါ်လာကြသည်။ သစ်ပင်အောက်က သဲရေအိုးစင်ကလေးတို့ ပုံပေါ်လာသည်။ ငိုချင်သလိုလို လွမ်းချင်သလိုလို နွေပန်းချီကို မြင်ယောင်လာသည်။ ရိုးပြတ်ရွက်တောဟူသော အသုံးကို ရေးရင်း ပုံဖော်အောင် သူမြင်ကြည့်နေမိသည်။

စာမေးပွဲခန်း အပြင်ကို ငေးကြည့်ရင်း တကယ်နွေရောက်ပြီကို သူသတိထားမိ၏။ စာမေးပွဲခန်းတွင် အပ်ကျသံမျှ မကြားရ။ အပြင်မှာ ဥသြသံသဲ့သဲ့ကို ကြားရသည်။ ရုတ်တရက် ဘာကိုမှန်းမသိ လွမ်းလာသည်။ လွမ်းနေရသည့် အရသာကိုလည်း ကြိုက်နေလိုက်သေး၏။ စာစီစာကုံးကို အဆုံးသတ်လိုက်သည်။ ပြီးတော့ ဘောပင်ကို ချကာ သူငေးနေမိ၏။ မွန်းတည့်ချိန်တိုင်တော့မည်ပဲ။ နေက ပြင်းလှသည်။ ရွက်ဝါလေးတို့ ကြွေချင်နေကြပြီ။ လေလေး တချက်ဝေ့လိုက်ဖို့သာ လိုတော့သည်။ ငုပန်း စိန်ပန်းတို့ ပွင့်ပေတော့မည်။

အဖြေလွှာကို ဆရာမလက်ထဲ လျောလျောလျူလျူ ထိုးအပ်ခဲ့ပြီး သူလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အဖြေလွှာလုကာ အတင်းဆက်ရေးနေသော မိန်းကလေးကို ငဲ့စောင်း၍ ကြည့်ဖြစ်ခဲ့သေးသည်။ အပြန်လမ်းမှာ နေက ပြင်းလှသည်။ နောက်နေ့တွေမှာ အင်္ဂလိပ်စာ၊ သင်္ချာ စသည်ဖြင့် နောက်ဘာသာများ ဆက်ဖြေရဦးမည်။ သို့သော် သူ့မှာ အပူသောက သိပ်မရှိလှပါ။ နေပူကျဲကျဲ အောက်မှာ သူ့စိတ်တွေ အေးလှသည်။

တကယ်တော့ စာမေးပွဲကြီး ဖြေချိန်ကို သူမျှော်သည်။ ထိုအချိန်မှာ ပျော်သည်။ စာမေးပွဲကြီး ဖြေနေချိန်အတွင်း တခြားဘာမျှ စဉ်းစားရန် မလို။ အိမ်က သူ့ကို ဂရုစိုက်သည်။ စားချင်တာတွေ အကုန် ၀ယ်ကျွေးသည်။ ချက်ကျွေးသည်။ သတ်သတ်မှတ်မှတ် စာကျက်ရမည်။ ထိုတာဝန်ပြီးလျှင် သူ့အတွက် ပြီးပြီ။ အာရုံမထွေပြား။ စာမေးပွဲ ပြီးလျှင်တာဝန်တွေ ပေါ့သွားမည်ကို တွေးကာ ပျော်သည်။ သူချစ်သော နွေကို ဆီးကြိုရမည်။

နွေရာသီကျောင်းပိတ်ရက်သည် သူ့အတွက် လုပ်ချင်တာတွေကို စီတန်းထားသော အချိန်ဖြစ်သည်။ သူဖတ်ချင်သော ၀တ္ထုများ စာရင်းကို ပြုစုထားသည်မှာ ကြာပေပြီ။ အိမ်ရှေ့ကြမ်းပြင်ကို တံမြက်စည်း စင်စင်လှဲကာ ၀တ္ထုစာအုပ်များကို ၀မ်းလျားမှောက်၍ ဖတ်ရမည်။ ပြီးတော့ နွေဘွဲ့ကို ဖတ်ကာ ဘာကြောင့်မှန်းမသိ မျက်ရည်လည်ချင်သေးသည်။ ပေါ်နွေလလျှင်ဟုသာ စလိုက်လျှင် သူကလည်း အလိုလို ငိုချင်လာသလိုလို။ နေကုန်နေခန်း စာဖတ်ကာ စိတ်ကူးယဉ်ကာနှင့်သာ သူ့နွေရက်များကို ပျော်ပျော်ကုန်ဆုံးချင်လှသည်။ အိုက်စပ်သော နွေညများမှာလည်း စာအုပ်ကလေးကိုင်လျက် လေညှင်းကို မျှော်ကာ နေနေနိုင်သေးသည်။ ရေနှစ်ခါလောက် ချိုးပြီး သနပ်ခါးပါးပါး လိမ်းထားရသော၊ ချည်အင်္ကျီ ပါးပါးဝတ်ထားရသော အရသာကို သူနှစ်သက်သည်။ မီးပျက်ပြီ ဆိုလျှင်တော့ စာလည်း ဖတ်မရတော့။ ထိုအခါလည်း မီးရောင်မဲ့ အေးချမ်းသွားသော နွေည၏ တည်ငြိမ်မှုကို ခံစားနိုင်သေးသည်။ နွေမှာ သူ့စိတ်ကို လွှတ်၍ပျော်သည်။

သင်္ကြန်ကိုတော့ သူချစ်သော်လည်း ငေးရင်းသာ ချစ်ချင်သည်။ သူများတွေပျော်သည်ကို ကြည့်ကာသာ ပျော်လှသည်။ ပိတောက်ပန်းတွေ စပွင့်လျှင် သူပျော်နေတတ်သည်။ ပန်းကြိုက်လှသည် မဟုတ်သော်လည်း တနှစ်မှ တခါ ထူးခြားသည့် အချိန်မို့ တန်ဖိုးထားမိသည် ထင်၏။ ဈေးမှ ၀ယ်သူများ ပြန်လာလျှင် ခြင်းတောင်းထဲ ပိတောက်ပါလာသလားဟု လှမ်းကြည့်ရသည်မှာ အမော။ ပိတောက်ပန်းကို တွေ့လျှင်သူလည်း ဈေးကို ပြေးကာ အားရပါးရ ၀ယ်လိုက်ရမှ။ အိမ်ရှေ့မှာ၊ ရပ်ကွက်ထဲမှာ သစ်ပင်မရှိတော့လည်း သူ့ရဲ့ စိတ်လှုပ်ရှားစရာနေရာက ဈေးမှာပင်။ ၀ယ်လာပြန်ပြီးလျှင်လည်း ဘုရားတင်ပြီးနောက် ကျန်သည့်ပန်းကို ဘာလုပ်ရမည်မသိ။ ပန်လည်း မပန်တတ်တာမို့ တနေ့လုံးသာ တကိုင်ကိုင် လုပ်နေတော့သည်။ စာဖတ်ရာမှာလည်း ပန်းက ပါသည်။ ထမင်းစားတော့လည်း ထမင်းပန်းကန်ဘေးမှာ ပိတောက်တို့ ဝေလျက်။ နောက်ဆုံး အိပ်ယာထဲ ထည့်ကာ ခေါင်းအုံးဘေးမှ ပိတောက်သင်းသင်းကို ရှူရှိုက်နေရမှသာ စိတ်ငြိမ်း၍ အိပ်ပျော်သွားတော့သည်။

သူ့အတွက်တော့ နွေသည် တာဝန်တခုနှင့် တခုကြားက ထိုက်တန်သော ကာလလေးတခု။ စိတ်အလိုလိုက်စရာ ကာလလေးတခု။

ခုတော့ အေးစက်သော ပြတင်းမှ အပြင်ကိုသာ မျှော်နေမိသည်။ ဥသြသံကို ကြားရမလားဟု နားစိုက်ထောင်သော်လည်း အချည်းနှီးပါပဲ။ တာဝန်တခုနှင့် တခုကြားက ကာလဟူသည်မှာ ဟိုးဝေးဝေးက အတိတ်ပုံရိပ်သာသာ မျှသာ။ လွမ်းဆွတ်ဖို့ အချိန်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် လွမ်းနေနိုင်သေးသည်ကိုတော့ သူကျေနပ်နေသေးသည်လေ။

14 comments:

မဇနိ said...

ဒေါ်ပုံရိပ် ပန်းချီလည်း ရတာပဲလား။ မဇနိကတော့ ပန်းချီမှာ ပါရမီနည်းတယ် (တခြားဟာလည်း ပါရမီမပါဘူးရယ်)။
ပန်းချီကို ဒေါ်ပုံရိပ်ရဲ့သူက ခံစားလွန်သွားတာဖြစ်မယ်။
နွေအလွမ်းက ဖတ်လို့ကောင်းလိုက်တာ။ အခုလည်း ကျောင်းခန်းအပြင်မှာ ဥသြသံမပါတဲ့ ခြောက်ကပ်ကပ်နွေနဲ့ ပျော်အောင်နေနေရတယ်။

Welcome said...

ကိုယ်တိုင်ဆွဲ ပန်းချီကားလေး ရှိုးသွားတယ်။
အရင်နှစ်တွေထက် ပိုပူပြင်းလာတဲ့
လွမ်းမောဖွယ်နွေနေ့ရက်တွေပါ
မီးမမှန်၊ ရေမလာတာကြောင့်
ပိုလို့ ရင်မောရတဲ့ နွေရက်တွေဖြစ်တယ်။

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံစေဖို့
ဆန္ဒပြုလိုက်ပါတယ်။

Nu Thwe said...

ပန်းချီလေးက တူပါတယ်။ ကိုယ်ဆို မြင်လိုက်တာနဲ့ ပိတောက် ပိတောက်ဆိုပြီး ချက်ချင်းကို ပြေးလာတာ ဟဲဟဲ။
ပုံရိပ် ပြောလိုက်မှ ငယ်ငယ်က (ဟိုးရှေးရှေးတုံးကပေါ့ကွယ်) နွေတွေကို လွမ်းသွားပြီ။

သက်ဝေ said...

ပုံရိပ်ရဲ့ နွေအလွမ်းလေးက နွေနေပူကျဲကျဲထဲမှာ အေးချမ်းနေလိုက်တာ...
အေးချမ်းတဲ့ နွေအလွမ်းလေးကို အတူတူခံစား လွမ်းဆွတ်သွားပါတယ်...
လွမ်းနေနိုင်သေးတာကပဲ ကျေနပ်စရာ မဟုတ်လား...

တန်ခူး said...

စိတ်အလိုလိုက်စရာကာလလေးတခုတဲ့လား ပုံရိပ်ရယ်… လှလိုက်တာ…

အောင်သာငယ် said...

သင်္ကြန်နဲ့ နွေဦးက လူတွေကို လွမ်းအောင် လုပ်တတ်တကိုးလေ...

ပန်းခရမ်းပြာ said...

နွေကို လွမ်းသွားပြီ။
ဒီမှာတော့ နေပူလိုက် မိုးရွာလိုက်နဲ့ပဲလေ။
ဥသြငှက်တွေကလည်း အော်ချင်တဲ့ အချိန် အော်နေကြတာပဲ။

(တေးမွန်) said...

ဟိ..ဟိ.. နာ့ပုံက ပိုလှဒယ်ကွ

pandora said...

ဒီပိတောက်လေးလည်း ချစ်စရာပါ

ပုံရိပ် / Pon Yate said...

မနိက စာရေးတာ ပါရမီ ပါပါတယ်။ ဥသြသံကို လွမ်းနေတာ။

ကိုဝင်းဇော် နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ မီးမလာတာကတော့ ထုံးစံပေါ့ နော်။

မနုသွဲ့ရေ ခုလိုအားပေးတာ ကျေးဇူး။ ပိတောက်နဲ့တော့ တူပါတယ် နော့်။

မသက်ဝေပြောသလိုပဲ အစက ဒီစာကို နွေအေးလို့ နာမည် ပေးမလို့။

ကျေးဇူး မတန်ခူး :)

ကိုအောင်သာငယ် လူတိုင်းက လွမ်းနေကြတယ်လေ။ ကိုယ်တွေ့ လတ်တလော မခံစားရပေမယ့် အတွေးထဲကို နွေကို လွမ်းနေကြတယ်။

မချို ဥသြငှက်သံ ကြားရရင်ပဲ မဆိုးပါဘူး။

ဟေ့ရောင် နတ်ချိုး ရန်လာစတာလားကွ။ ဒီဘလောက်မှာ ဒီပိတောက်ပုံ အလှဆုံးပဲ။ :p

ဟုတ်ပ မပန်ရယ်။ အဲဒီလို အားပေးတဲ့လူရှိမှ။ :D

nu-san said...

ပုံရိပ်ရေ..ပို့စ်ကို နောက်မှ လာဖတ်မယ်... အခု ရေလာလောင်းတာ... ဒီနေ့ သင်္ကြန်အတက်နေ့မို့.. ထွက်လာခဲ့နော်.. ပုန်းမနေနဲ့.. :D ဟဲ..ဟဲ.. ရေခဲရေ ကြိုက်သလား.. ရိုးရိုးရေ ကြိုက်သလား... :)

ရေလောင်းပြီးတော့ မြန်မာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးသွားတယ်.. :)

နောက်အိမ်တွေ လျှောက်လည်ပြီး ရေလိုက်ပက်လိုက်ဦးမယ်... :D

သက်ဝေ said...

ပုံရိပ်ရေ...
နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပါတယ်...။
နဲနဲတောင် နောက်ကျနေပြီ... အဟဲ...

P.Ti said...

အညာနွေကိုလွမ်းသည်။

တောင်လေရူးတိုက်တဲ့အခါ သစ်ရွက်တွေကြွေခါ တဖြုတ်ဖြုတ်နဲ့။
နွေရာသီကျောင်းပိတ်ဆို...
လေပူတိုက်၊ နေပူလိုက်ဖြစ်ပေမယ့် နေ့လည်နေ့ခင်း အရိပ်အောက်မှာ စာအုပ်ဖတ်ရတာလောက် အရသာရှိတာမရှိ။
စာအုပ်ဖတ်ပြီးတော့ တရေးတမောအိပ်၊ အိပ်ရာကထတော့ ရေးမိုးချိုးပြီး လက်ဖက်သုပ်စားတဲ့အခါစားရဲ့၊ မုန့်လက်ဆောင်းသောက်တဲ့အခါသောက်ရဲ့၊ မန်းကျည်းဖျော်ရည်သောက်တဲ့အခါသောက်ရဲ့။

ညအချိန်ဆို လသာခန်းမှာစုံတဲ့ မိသားစုစကားဝိုင်းက တော်တော်နဲ့သိမ်းမရလို့ အမြဲတန်း အိပ်ရာဝင်နောက်ကျနေကျပေါ့။

အညာနွေကိုတော့ တကယ်ကိုလွမ်းသည်။

ပုံရိပ် / Pon Yate said...

ကိုပီတိရေ လွမ်းပါတယ် ဆိုမှ ပိုလွမ်းအောင် လုပ်သွားပြန်ပြီ။