Monday, 7 December 2009

ရုပ်တုရုပ်မှန် (ဇာတ်သိမ်း)

၁၉၉၈

ဘ၀ဆိုတာ မမျှော်လင့်တာတွေ ဖြစ်တတ်သည်ဟု ခိုင် တခါမှ နက်နက်နဲနဲ မတွေးမိသော်လည်း အခုတော့ မကြာခဏ တွေးဖြစ်ခဲ့သည်။ ဘယ်လိုမှ ထင်မထားခဲ့သော်လည်း အခုအချိန်မှာ ခိုင်သည် အခြားနိုင်ငံ တစ်ခုကို ရောက်နေခဲ့သည်။ မျက်လုံးပြာပြာ၊ အရပ်မြင့်မြင့်တို့ကြားထဲမှာ၊ မရင်းနှီးသော ဘာသာစကားတို့ အလယ်မှာ၊ အေးခဲ နေသော လေထုထဲမှာ ခိုင်တယောက် ပြေးလွှားကာ နေသားကျဖို့ ကြိုးစားနေခဲ့သည်။ မပြီးသေးသော ပညာရေးကို ဆက်နိုင်ဖို့၊ အသက်မွေး ၀မ်းကျောင်းမှုအတွက် ဘွဲ့တစ်ခု ရဖို့အတွက် ခိုင်ရပ်ဝေးကို ရောက်ခဲ့ရသည်။

ခုတော့လည်း ပတ်ဝန်းကျင်အသစ်သည် ခိုင့်ကို စိမ်းစိမ်းကားကားပင် ဆီးကြိုလျက်။ ခိုင့်အတွက် ဘာစံနှုန်းတွေ ထားမည်လဲဟု ခိုင်မသေချာ။ ထိုစံနှုန်းတွေနှင့်ရော ခိုင်က ကိုက်ညီအောင် နေနိုင်မှာလား။ သေချာတာကတော့ ဒီနိုင်ငံမှာ ခိုင်သည် ခိုင်သာမက မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်နေခြင်းပင်။

“ဒီနှစ် နိုင်ငံတကာယဉ်ကျေးမှုပွဲမှာ ခိုင် ၀င်နွှဲပါလား။ မြန်မာပြည်က ကျောင်းသားဆိုတာ မင်းပထမဆုံးပဲဆိုတော့လေ။”

“ဟုတ်ကဲ့ ကြိုးစားပါ့မယ်။”

ပြောလာခဲ့ပြီးမှ ကိုယ့်မြန်မာပြည်ကို ကိုယ်စားပြုမည့် ဖျော်ဖြေမှုမျိုးကို ခိုင် အပြေးအလွှား စဉ်းစားရသည်။ မြန်မာအ၀တ်အစားများ ပါလာသော်လည်း မြန်မာအကကို ကတတ်ဖို့ မဆိုနှင့် လက်ပင် မချိုးတတ်။ အ၀တ်အစားဝတ်ကာ လမ်းလျှောက်ရုံလောက်တော့ ဖြစ်နိုင်သေးသည်။ မြန်မာသီချင်း နောက်ခံ ဖွင့်ရမည်မို့ သင့်တော်မည့် မြန်မာသီချင်းတွေ လိုက်ရှာဖြစ်သည်။ ခုတော့လည်း မြန်မာဆန်ရမည် ဆိုတော့ တကယ့် မြန်မာသံကိုမှ လိုက်ရှာရမည်လား။ ခေတ်ပေါ်သီချင်းများတော့ သေချာပေါက် မဖြစ်နိုင်။ ကိုယ်ကြိုက်တာကတော့ ကြိုက်သည်ပဲ။

ဘာသီချင်းရွေးရမည် မသိသည့်နောက်မှတော့ ခိုင့်မှာ အားကိုးရမည့်သူက တစ်ယောက်ပဲ ရှိသည်ဆိုတာ ခိုင်သိသည်။ ကိုအောင်…။ ခိုင်နှင့် ဘ၀အကျိုးပေး တူသည်ဟု ဆိုရမည်လား။ ကိုအောင်က ခိုင့်ထက်အရင် နှစ်နှစ်ခန့်စောပြီး ဒီနိုင်ငံကို ရောက်နေခဲ့သည်။ ငယ်ငယ်ကတည်းက ခိုင်အထင်ကြီးခဲ့သူမို့ အရေးရှိတိုင်း ကိုအောင့်ကို သတိရတတ်သည်မှာ မဆန်းတော့။

“ကိုအောင်ဆီမှာ မြန်မာသီချင်းတွေများ ရှိမလားလို့။ ခိုင်တို့ ကျောင်းမှာ ယဉ်ကျေးမှုပွဲ ဆိုတာ ရှိတယ်။ အဲဒါ ခိုင်က မြန်မာ နိုင်ငံကို ကိုယ်စားပြု ရမှာဆိုတော့ မြန်မာ အ၀တ်အစားနဲ့ပဲ မြန်မာသီချင်းဖွင့်ပြီး လမ်းလျှောက်မယ်လို့ စဉ်းစားတာ…။”

“ဘယ်လို မြန်မာသီချင်းမျိုးလိုချင်လဲ ခိုင်။”

ကိုအောင်ကတော့ သူ့အကျင့် အတိုင်း သူသိတာကို မပြောဘဲ သူများသိတာကိုသာ အရင်မေးတတ်မြဲ။ အထူးသဖြင့် ခိုင့်ကို ကိုယ်တိုင်ဆုံးဖြတ် စေချင်သည်။

“ခိုင်လည်း လမ်းလျှောက်လို့ ကောင်းမယ့် သီချင်းမျိုး၊ မြန်မာလည်း ဆန်မယ့် သီချင်းမျိုးပေါ့။ အမှန်အတိုင်း ပြောရရင် ခိုင်က မြန်မာသီချင်းစစ်စစ်တွေ အကြောင်းသိပ်မသိဘူး။ အဲဒါခက်တာပဲ။”

“ခိုင်က ဘယ်လို သီချင်းမျိုးတွေ နားထောင်လဲ။”

“ခိုင်က မျိုးကျော့မြိုင်ကြိုက်တယ်။ ထူးအိမ်သင်၊ ပြီးတော့ လေးဖြူ။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတချို့လည်း နားထောင်တယ်။ အဲဒါတွေက မြန်မာသီချင်းတွေပဲပေါ့။ ဒါပေမယ့် မြန်မာ့ ရိုးရာကိုဖော်ပြဖို့ကျတော့ မလုံလောက်ဘူး ထင်လို့။”

“ဒီသီချင်းတွေကလည်း မြန်မာတွေရဲ့ တပိုင်းတစပဲပေါ့။ ဟုတ်တယ် မဟုတ်လား ခိုင်။ မြန်မာတွေက ကြိုက်ပြီး မြန်မာတွေက ဖန်တီးတဲ့ အနုပညာပဲပေါ့။ ခက်တာက အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးတယ်၊ ဘာတယ် ဆိုပြီး လူတွေက ထင်ကြတယ်။ မြန်မာ့ယဉ်ကျေးမှု စစ်စစ်ရယ် မဟုတ်ဘူးပေါ့။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှု ဆိုတာကရော ဘာလဲ ခိုင်။ ယိုးဒယားကနေ ဆင်းသက်လာတဲ့ အဆိုတွေ အကတွေလား။ လူတွေရဲ့ ကိုယ်ပိုင်ပုံရိပ်၊ ကိုယ်ပိုင် သရုပ်လိုပဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ သရုပ်သကန် ဆိုတာလဲ ရောယှက် ပြောင်းလဲနေတာပဲ။”

“ကိုအောင်ကတော့ လုပ်ပြီ။ သီချင်းလေး တစ်ပုဒ်တောင်းမိတာ တရားဟောခံရတော့တာပဲ။”

ခိုင်က နှုတ်ခမ်းစူချင်သော်လည်း ကိုအောင်ပြောတာကို ခိုင် တလေးတစား နားထောင်ချင်ပါသည်။ ကိုအောင့်မှာ ခိုင်အတွက် စိတ်ဝင်စားစရာ အတွေးအခေါ်တွေ အများကြီး ရှိသည်။ ကိုအောင့်ဆီမှာ ခပ်ရှက်ရှက် ရယ်သံတစ်ခု ကြားလိုက်ရသည် ထင်၏။

“ဟုတ်ပါ့ ခိုင်ရယ်။ ကိုအောင်ကလည်း အကျင့်ကြီးကို ပါလို့။ ခိုင်လိုချင်တဲ့ သီချင်းကို ကိုအောင်ပို့ပေးလိုက်မယ်နော်။ ဒါနဲ့ အတန်းတွေက အဆင်ပြေလား။ စာတွေ လိုက်နိုင်ရဲ့လား။”

ခုတော့လည်း ကိုအောင်က ခိုင့်ကိုညီမလေး တစ်ယောက်လို မေးနေပြန်ပါသည်။ ခိုင် ဖုံးချပြီးတော့ email ထဲမှာ ကိုအောင့်ဆီက သီချင်းက ရောက်နှင့်နေပြီ။ သီချင်းကို ဖွင့်နားထောင်ရင်း ကိုအောင် ပြောသလို မြန်မာဖြစ်တယ် ဆိုတာ ဘာကိုခေါ်တာလဲ ဟုခိုင်တွေးနေမိသည်။

ခိုင်ဒီနိုင်ငံကို ရောက်ကတည်းက ခိုင့်အပေါ်မှာ ဘာမျှော်လင့်ချက်တွေ ရှိသလဲ ဆိုတာကို ခိုင်မကြာခဏ စဉ်းစားမိသည်။ မျက်လုံးပြာနှင့် အခန်းဖော်ရှိနေလျှင် ခိုင်ကြိုက်သော မြန်မာသီချင်းတချို့ကို မဖွင့်ဝံ့သော ခိုင်။ မြန်မာ့သမိုင်းကြောင်းကို မေးလာလျှင်လည်း မေ့ခဲ့ပြီ ဖြစ်သော ကျောင်းသင်ခန်းစာမှ တစွန်းတစကိုသာ ဖြေနိုင်သော ခိုင်။ မြန်မာ့စာပေ အကြောင်းမေးလာလျှင်တော့ ခိုင်နည်းနည်းကျဉ်းကျဉ်း ဖြေနိုင်ပေမယ့် မြန်မာ့ဂီတ အကြောင်း မေးလာလျှင်တော့ ရှက်ရွံ့လျက် ခေါင်းခါရသော ခိုင်။ ဒီလို အကြောင်းအရာတွေကို မသိလျှင် ခိုင်သည် မြန်မာ မပီသတော့ပြီလား။ ခိုင်ဖြစ်စေချင်သော မြန်မာတစ်ဦး ပီသချင်သော်လည်း ခိုင်က ခိုင်ဖြစ်စေချင်သူ မဟုတ်ခဲ့ပါ။ မြန်မာမလေး တစ်ဦးဖြစ်သော ခိုင်ဆိုတာကော ဘာကို ခေါ်တာလဲ။ ကြောက်တတ်သော၊ သူများအလိုကို လိုက်တတ်သော၊ လိမ္မာသော၊ မိဘစကားနားထောင်သော စသည့် နာမ၀ိသေသနများစွာနှင့် ကောင်မလေးက ခိုင်လား။ ပုံစံခွက်ထဲက ရုန်းထွက်ခဲ့သော ကောင်မလေးက ခိုင်လား။ အလှကြိုက်သော်လည်း ပတ်ဝန်းကျင်က ငြိုငြင်မှာ စိုး၍ ရိုးရိုးကုတ်ကုတ်နေခဲ့သော ကောင်မလေးက ခိုင်လား။

တခုတော့ ခိုင်သိခဲ့ပြီဟု ထင်သည်။ ဘယ်လောက်ပင် သတ္တိရှိသည် ထင်ကြသော်လည်း ခိုင်သည် ကြောက်တတ်သော ကောင်မလေးဖြစ်နေဦးမည်။ Rock သီချင်းတွေကို နှစ်သက်သော်လည်း ငါးပိရည်နှင့် ထမင်းပူပူကို နှစ်နှစ်သက်သက် စွဲလန်းနေဦးမည်။ အတွေးအခေါ်တွေ နက်နဲချင်လျက်က အချစ်ဝတ္ထုများနှင့် စိတ်ကူးယဉ်နေဦးမည်။ ပတ်ဝန်းကျင်က ဘယ်လို မျှော်လင့်သော်လည်း အဲဒီ ပုံရိပ်တို့သည် ခိုင်အတုများသာ။ တကယ်တော့ ခိုင်အစစ်သည် မပြည့်စုံခြင်းများနှင့် ပြည့်စုံသော ခိုင်သာ ဖြစ်တော့သည်။

Monday, 9 November 2009

ရုပ်တုရုပ်မှန် (၃)

၁၉၉၆

လူအုပ်ကြီးရဲ့ အလယ်မှာ ခိုင်သေးငယ်သလို ခံစားရသည်။ ရန်ကုန်မြို့ကြီးက ကျယ်ပြောလှသည်။ ရန်ကုန်မြို့ကြီးနှင့် စာတော့ ခိုင်က မပြောပလောက်သည့် လူတစ်ယောက်။ ဆေး(၂)မှာ တက်ဖို့ ခိုင် ရန်ကုန် ရောက်ခဲ့ရပြီ။ မြို့လေးမှ ခိုင်သည် မရှိတော့။ ရန်ကုန်ရောက် ခိုင်သည် အရဲစွန့်ကာ တောင်ကြီးသူ၊ မော်လမြိုင်သူလေးများနှင့် မိတ်ဖွဲ့သည်။ အထပ်ထပ်များ ပါသော အင်္ကျီကို မ၀တ်ဖြစ်သော်လည်း အရောင်လွင်လွင်နှင့် အပေါ်အောက် ဆင်တူလေးများ ၀တ်သည်။ မိတ်ကပ်ကို ခပ်ပါးပါးလိမ်းသည်။ နှုတ်ခမ်းနီ အရောင် ဖျော့ဖျော့ဆိုးသည်။ ဒီတော့လည်း ဘယ်သူမှ ခိုင့်ကို ၀ိုင်းမကြည့်ကြ။ ဘယ်လိုဖြစ်လာတာလဲဟု မေးမည့်သူ မရှိ။ ခိုင့်ပတ်ဝန်းကျင် အသစ်တွင် သတ်မှတ်ထားပြီးသား ခိုင်ဆိုတာ မရှိ။ ခိုင့် အတွက် ဒီပတ်ဝန်းကျင်က ဆန်းသစ်လှသည်။

တောင်ကြီးသူလေးက ချို၊ မော်လမြိုင် သူလေးက မော် ဟုသိရသည်။ ပြီးတော့ ခိုင့်အဆောင်နေ အခန်းဖော် နွယ်လည်း ပါလာသည်။ သူကတော့ ပုသိမ်ကဟု ဆိုသည်။ ခိုင်တို့ အဖွဲ့ဖွဲ့ကာ ရန်ကုန်မြို့ကြီးကို စူးစမ်းကြသည်။ ဒီလိုဆိုတော့လည်း ခိုင် ပြောင်းလဲဖို့ အားရှိလာသည်။ အရင်က စကားမပွင့်တပွင့် ပြောသော ခိုင်တစ်ယောက် စကားပြောလို့ မပြီး ဖြစ်နေသည်။ ရုပ်တည်ကြီးနှင့် နေခဲ့သော ခိုင် ခုတော့လည်း ရယ်ကာမောကာ နောက်ပြောင် တတ်လာပြီ။ အတန်းထဲမှာ အမြဲ ဗိုလ်စွဲခဲ့သော ခိုင် အခုတော့လည်း အများထဲက တစ်ယောက် ဖြစ်လာ၏။ အဲဒါကိုပဲ ခိုင်ပျော်သလိုလို။ ပုံစံခွက်ကလေး ကွဲသွားခဲ့ပြီ။ ကွဲသွားမှတော့ ပြန်ဆက်လဲ အရင်အတိုင်း မဖြစ်တော့ပြီ။

ကျောင်းပိတ်ရက်မှာ ချိုတို့နှင့် အတူ မြို့ထဲထွက်ကာ လည်ကြသည်။ လမ်းဘေးဆိုင်မှာ မုန့်ဝင်စားသည်။ အင်းလျားကန်ဘောင်လည်း ရောက်ဖူးချင်သည်ဟု တစ်ယောက်က အဆိုပြုလျှင် ကျန်လူများက မဆိုင်းမတွ ထောက်ခံကာ ဘူးသီးကြော် စားဖို့ စိုင်းပြင်းနေကြ၏။ ဗိုလ်ချုပ်ဈေးထဲမှာလည်း ခိုင် အထည်စ ရွေးတတ်လာသည်။ ဒီအရောင်နှင့် ဟိုအရောင်၊ ဒီအပွင့်နှင့် ဟိုအခက် လိုက်သည် မလိုက်ဘူးဟု နွယ်က ဆိုလျှင် ခိုင်လည်း လိုက်လံ သင်ယူရ၏။ နွယ်က အရောင် သိပ်ရွေးတတ်တာပဲဟုလည်း ချီးကျူး နေမိပြန်သည်။ ချိုက သီချင်းခွေတွေယူလာကာ သီချင်းနားထောင်ကြတော့ သီချင်းအကြောင်းတွေ ပြောဖြစ်ကြပြန်သည်။ မော်ကြိုက်တတ်သော ၀တ္ထုများကိုလည်း လိုက်ဖတ်ဖြစ်သေးသည်။ မော်က ခိုင်နှင့်တူကာ စိတ်ကူးယဉ် ခံစားတတ်သည့် ၀တ္ထုများကို ကြိုက်သည်။ ထူးဆန်းစွာပဲ တချိန်ထဲမှာ လက်တွေ့ဆန်သော၊ သရုပ်ဖော်ဆန်သော ၀တ္ထုတွေကိုလည်း ဖတ်ပြန်သေးသည်။ ခုတော့ ခိုင်လည်း မြသန်းတင့် စာအုပ်များကို ဖတ်ဖူးခဲ့ပြီ။ ကိုအောင့်ကိုပင် သတိရနေမိသေးသည်။ စာမေးပွဲ နီးတော့လည်း အားလုံးအခန်းအောင်းကာ ဇောချွေးပြန်ပြီး စာကျက်ကြပြန်သည်။ ကျောင်းစာတွေက စိတ်ဝင်စားစရာ ကောင်းသည်ထက် ပတ်ဝန်းကျင်အသစ်က ခိုင့်အတွက် သင်ယူစရာတွေချည်း ဖြစ်နေသည်။ ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက်၊ ဒီလိုနှင့် တစ်နှစ်ကုန်ဆုံးသွားခဲ့သည်။

ကျောင်းပိတ်ရက် အိမ်ပြန်တော့ ခိုင် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။ လှလာသည်ဟုလည်း ဆိုကြသည်။ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပြီမို့ အပြောင်းအလဲကို မျှော်လင့် ထားကြသည်လား မဆိုနိုင်။ ပတ်ဝန်းကျင်ကို အရင်ကလောက် ခိုင် ဂရုမစိုက်တတ်တော့ပြီ။

(ဆက်ရန်)

Sunday, 25 October 2009

ရုပ်တုရုပ်မှန် (၂)

“ခိုင်က သီချင်းတွေ သိသားပဲနော်။ တချိန်လုံးစာချည်းကျက်နေတယ်လို့ ထင်ရတာ။”

သီချင်းကို စိတ်ပါလက်ပါ ငြီးနေရာမှ နောက်က ရုတ်တရက်ရောက်လာသော ကိုအောင့် အသံကြောင့် ခိုင် လန့်သွားသည်။

“ခိုင်က သီချင်းလည်း ၀ါသနာပါပါတယ်။”

“မသိဘူးလေ။ ခိုင့်ကို တွေ့လိုက်ရင် စာအုပ်နဲ့ချည်း ဆိုတော့ သီချင်းနားထောင်တာတို့၊ ၀တ္ထု ဖတ်တာတို့၊ ရုပ်ရှင်ကြည့်တာတို့ မလုပ်ဘူး မှတ်လို့။”

ကိုအောင်ကလည်း ခိုင့်ကို စာဂျပိုး တစ်ယောက်ထက် ပိုမမြင်ဘူး ထင်ပါရဲ့။ ကိုအောင်က ခိုင်တို့ အိမ်နီးချင်း ဖြစ်သည်။ ကိုလတ်ရဲ့ သူငယ်ချင်းလည်း ဖြစ်ပြန်သည်။ အိမ်ကို လာပြီး ကိုကြီး၊ ကိုလတ်တို့နှင့် ဂစ်တာတီးကာ သီချင်းဆိုကြသည်။ စာအုပ်တွေ အကြောင်း၊ သဘောထား ရေးရာတွေ အကြောင်း ဆွေးနွေးကြသည်။ တခါတလေတော့လည်း ကောင်မလေးတွေ အကြောင်း ပြောနေကြပြန်သည်။ ခိုင်ကတော့ သူတို့ ပြောသမျှကို အားကျစွာနဲ့ စိတ်ဝင်စားစွာနဲ့ စာကျက်ချင်ယောင်ဆောင်ပြီး နားထောင် စမြဲပါပဲ။

တခါတလေတော့လည်း ကိုအောင် အပါအ၀င် လူတွေအားလုံးက ခိုင့်ကို မြင်ကြသည့် အမြင်မှာ ဘယ်လိုများ နေပါလိမ့်လို့ တွေးကြည့်မိသည်။ သူတို့ မြင်သည့် ခိုင်နှင့် တကယ့် ရှိရင်းစွဲခိုင်က ဘယ်လောက်ကွာပါသလဲဟု ခိုင်သိချင်သည်။ လူတွေ ဘယ်လိုမြင်တာကို ခိုင်က ဂရုစိုက်လွန်းတာလား။ အနည်းဆုံးတော့ ကိုအောင် ခိုင့်ကို ဘယ်လိုမြင်လဲ ဆိုတာကို ခိုင်ဂရုစိုက်ချင်သည်။

ခိုင့်ကို အပြင်စာ ဘာစာတွေဖတ်လဲလို့ ကိုအောင် တခါက မေးဖူးသည်။ အဲဒီတုန်းကလည်း ဘာဖြေလို့ ဖြေရမည်မသိ။ ခိုင်က အချစ်ဝတ္ထုတွေ ကြိုက်သည်။ ခံစားချင်သူ၊ ခံစားလွယ်သူလည်း ဖြစ်လိမ့်မည် ထင်သည်။ ဒါပေမယ့် ခိုင့်ကို စိတ်ကူးယဉ်တတ်သော ကောင်မလေး၊ ခံစားချက်ကို ဦးစားပေးလွန်းသော မိန်းကလေးဟု မထင်စေလိုပါ။ ကိုအောင်က လက်တွေ့ကျသူဟု ကိုလတ်က ဆိုဖူးသည်။ သူကိုယ်တိုင်လည်း အချစ်ဝတ္ထု မဖတ်ဟု ပြောဖူးသည်။ အဲဒီတော့ အယောင် အမှားမှားနှင့် မြသန်းတင့်၊ ရွှေဥဒေါင်း၊ မောင်ထင်ဟု ရေရွတ်မိသည်။ တကယ်တော့ အဲဒီ စာရေးဆရာတွေကို ခိုင် မဖတ်ဖူးပါ။ ဖေဖေ့ စာအုပ်စင်ပေါ်မှာ မြင်မိသော နာမည်တွေကို ရွတ်မိသည်ပဲ။ ကိုအောင်နှင့် ဆွေးနွေးနိုင်ရန် တနေ့နေ့တော့ ဖတ်မည်ဟု တေးထားလိုက်သည်။

ခိုင်သည် ခိုင်ပဲ ဖြစ်ပေမယ့်လည်း တခါတလေတော့လည်း ခိုင်သည် ဘယ်လို ခိုင်မျိုးဖြစ်သည် ဆိုတာကိုတော့ ပြင်ဆင်ကြည့်ချင်သေးသည်။

xxx
၁၉၉၄

“ခိုင်က တော်လိုက်တာ။ ဂုဏ်ထူး ငါးခုတောင် ဆိုတော့ ဆေးကျောင်းရ မှာပဲ။”

“ခိုင်က ဆရာဝန်မကြီး ဖြစ်တော့မှာပေါ့။ လိမ္မာလိုက်တာ၊ စာလည်း တော်လိုက်တာကွယ်။”

“ခိုင့်ကို အားကျစမ်းပါ သမီးရယ်။ သမီးမမခိုင်လို ဆရာဝန်မကြီး မဖြစ်ချင်ဘူးလား။ အနေအထိုင်လည်း ရိုးရိုးအေးအေးနဲ့ စာလည်း ကြိုးစားတယ်။”

အောင်စာရင်းတွေ ထွက်ပြီဆိုတာနှင့် ခိုင့်နံဘေးမှာ ချီးကျူးသံတွေ ဝေဆာလို့နေသည်။ ခိုင်တို့ မြို့လေးမှာ သေးငယ်ပြီး ရန်ကုန်မြို့ကြီးလို မဟုတ်၍ ဂုဏ်ထူး ငါးခုထွက်သည့် ကျောင်းသား ခိုင် တစ်ယောက်သာ ရှိပါသည်။ မေမေတို့ကတော့ ပြုံး၍ မဆုံးပြီ။ သူငယ်ချင်းတွေကို ဖိတ်၍ အိမ်မှာ မုန့်ကျွေးသည်။ ခိုင်လည်း ပျော်ပါသည်။ မပျော်ဘူးဟု ဆိုလျှင် ညာရာ ကျမည်ပေါ့။ ဒါပေမယ့် ပျော်တာလည်း ခဏတာပါပဲ။ ခိုင့်အတွက် အရမ်း အရေးမကြီးလှဘူးဟု သိလာရသည်။

ကျောင်းတွေ မဖွင့်ခင် ဘာလုပ်ရမည်လဲ ဟုသာ ခိုင် စဉ်းစားမိသည်။ ဂုဏ်ထူးတွေ အများကြီးပါတော့လည်း အများနည်းတူ ဆယ်တန်းနည်းပြ လုပ်ဖြစ်သည်။ ကိုယ်နှင့် အသက် သိပ်မကွာလှသော ကျောင်းသားတွေက ကိုယ့်ကို လေးစားအောင် ခိုင် ခပ်တည်တည် နေဖြစ်သည်။ စကားကို ပြတ်ပြတ်ပြောသည်။ အင်္ကျီ အရောင်တွေထဲကပင် ခပ်မှိုင်းမှိုင်းဝတ်ကာ လုံချည်ရှည်ရှည်နှင့် ဆံပင်ကို တင်းတင်းစည်းထားသော ခိုင့်ကို လူကြီးလေးဟု ဆိုကြပြန်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခိုင့်ရဲ့ ဆယ်တန်းကျောင်းသားများကတော့ ခိုင့်ကို ရှိန်ကြသည်။ ကောင်းသည်လား၊ မကောင်းသည်လားတော့ ခိုင်ကိုယ်တိုင်လည်း သေချာ မစဉ်းစားမိပါ။ ဒါပေမယ့် သူငယ်ချင်းတွေနှင့် လျှောက်လည်ကြသည့် အခါ ခိုင်လည်း မိတ်ကပ်လိမ်းချင်သည်။ နှုတ်ခမ်းနီ ဆိုးကြည့်ချင်သည်။ ဆံပင်ချချင်သည်။ အတွန့်တွန့်နှင့် အထပ်ထပ်လေးများ ပါသော အင်္ကျီကို ၀တ်ချင်သည်။ ခိုင့်အသက်က ၁၇နှစ် သာသာ ရှိသေးသည်ပဲ။ လုပ်နေကျ မဟုတ်သော အလုပ်တခုကို လုပ်ရသည်မို့ ခိုင့်ကိုယ်ခိုင် မှန်ထဲမှာ ပြန်ကြည့်တော့ ရယ်ချင်သည်။ တခါက အရဲစွန့်ပြီး ၀တ်သွားတော့လည်း မိခိုင် ဘယ်လို ဖြစ်လာတာလဲဟု ၀ိုင်းမေးကြ၊ ပြောကြ ရယ်ကြတော့လည်း နဂိုကပင် ယုံကြည်ချက် မရှိသည်မို့ လွယ်လွယ်ပင် လက်လျော့ ဖြစ်လေသည်။

တခါတလေတော့လည်း အများသတ်မှတ်သော ခိုင်ကို ကိုယ်တိုင် မလွန်ဆန်နိုင်၍ ခိုင်လည်း အများဖြစ်စေချင်သည့် ခိုင်သာ ဖြစ်နေလေတော့သည်။

(ဆက်ရန်)

Monday, 12 October 2009

ရုပ်တုရုပ်မှန် (၁)

၁၉၉၀

“နှင်းဆီနဲ့ စံပယ်။”

“နှင်းဆီ”

“ဟာ…ဒါဖြင့်ရင် သက်သက်က ငါတို့အသင်းမှာ ပါမှာပေါ့။ ဟေးးးးး”

သက်သက်၏ မျက်နှာလေးမှာ ချွေးစက်တွေနှင့်။ သက်သက်ကို ကြည့်လိုက်လျှင် ဘယ်တော့မှ မမောဘဲ အမြဲတက်ကြွနေသည်။ ခိုင် လက်ထဲမှစာအုပ်ကို ချ၍ သူတို့ကို မသိမသာ ခိုးကြည့်မိသည်။ သက်သက်ကို ခိုင်ခိုး၍ အားကျနေမိတာတော့ အမှန်ပင်။ သက်သက်က သွက်လက်၍ အမြဲ ဦးဆောင်တတ်သူ။ ခိုင်တို့ အတန်းထဲမှာလည်း အတန်းခေါင်းဆောင်။ လူချစ်လူခင်များသည်။ ပြောရဲဆိုရဲ၍ သတ္တိလည်း ရှိသည်ဟု ခိုင်ထင်သည်။ ခိုင့်လို လူကြောက်၍ အရာရာကို ရှက်ရွံ့တွန့်ဆုတ်နေသူ မဟုတ်။ ဒါပေမယ့် သက်သက်က စာမတော်ရှာ။ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်ပေမယ့် သာမန်အဆင့်နှင့် နှစ်သိမ့်ကျေနပ်မြဲ။ သူအဆင့် မကောင်းသည့် အတွက်လည်း စိတ်မကောင်း ဖြစ်ပုံမရ။

“ဟေး…. ခိုင်ရေ… ခိုင်….။ ငါတို့နဲ့ လာကစားပါလား။’

အိမ်ရှေ့မှာ စာအုပ်ကိုင်ပြီး ငေးနေသော ခိုင့်ကို သက်သက်တွေ့သွားပုံ ရ၏။ လမ်းပေါ်မှနေ အော်ခေါ်နေပြန်သည်။ ခိုင် အိမ်ပေါ်မှ အော်မပြောချင်၍ အိမ်အောက်ကို ဆင်းလာခဲ့သည်။

“ငါ မကစားတော့ပါဘူးဟာ။ စာဖတ်နေလို့။”

ပြောပြောဆိုဆိုနဲ့ လက်ထဲက စာအုပ်ကို ထောင်ပြမိသည်။

“ခိုင်ကလည်း အမြဲတမ်း စာဖတ်နေတာပဲ။ နင်က အဲဒါကြောင့် စာဂျပိုးလေး ဖြစ်နေတာ။ ကျောင်းပိတ်တုန်း ကစားပါလား။ နင့်ကို ကြည့်ရတာ ပျင်းစရာကြီး။”

“မကစားတော့ပါဘူးဟာ။ ကစားလည်း မကစားတတ်ဘူး။ နင်တို့ ကစားတာပဲ ကြည့်မယ်လေ။”

ခိုင့်ကို စည်းရုံး၍ မရသည့်အဆုံး ရယ်မောရင်း ခေါင်းခါရင်း သက်သက် ကစားဝိုင်းထဲ ပြန်ရောက်သွားခဲ့သည်။

တကယ်တော့ ခိုင်ကစားချင်ပါသည်။ ဒါပေမယ့် ခိုင့်ကို အကစားမက်နေသည့် စာမကျက်ချင်သည့် ကောင်မလေးဟု အများက မထင်စေလို။ ခိုင်က သိပ်ထိန်းချုပ်လွန်းသည် ဆိုရမလား။ ကိုလတ်ကတော့ ပြောသည်။ နင်က တောင့်တောင့်ကြီးနဲ့ စိတ်လျော့လက်လျော့ နေစမ်းပါ။ အေးဆေးပေါ့ တဲ့။ သူ့ထုံးစံ အတိုင်းရယ်ကာမောကာနှင့် စတတ်သည်။

နောက်ပြီး မကစားတတ်တော့ ပေါက်ကရတွေ လုပ်မှာ စိုးသည်။ အဲဒီလိုဆိုလျှင် ကျန်သည့် ကစားဖော်များက ငြိုငြင်မှာ စိုးသည်။ မကောင်းသည့် အကျင့်ဟု ဆိုရမည်လား။ ခိုင်သည် သူတပါး ငြိုငြင်မှာကို သိပ်ကြောက်တတ်သော မိန်းကလေး ဖြစ်၏။ အိမ်မှာလည်း အိမ်သားများ၏ ဆန္ဒ အကြိုက်ကို အလွယ်တကူ လိုက်လျောတတ်သည်။ ခိုင့်ဆန္ဒကို ထုတ်ပြောခဲလှသည်။ ဒါကြောင့်ပဲ ခိုင်က စိတ်ပျော့လိုက်တာဟု ကိုကိုကြီးက ဆိုလေသလား။ တကယ်ဆို ခိုင်စိတ်ပျော့သူ မဖြစ်ချင်ပါ။

ခိုင်တို့မှာ မောင်နှမ လေးယောက်ရှိသည့် အနက် ခိုင်က တတိယ သမီး။ ကိုကိုကြီးနဲ့ ကိုကိုလတ်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်လည်း ဖြစ်၊ ယောက်ျားလေးချင်းလည်း ဖြစ်ကြ၍ တတွဲတွဲ။ ခိုင့်ထက် အငယ် ညီမလေးက ခိုင်နှင့် အသက်ကိုးနှစ်ခန့်ကွာ၍ အခုမှ လေးနှစ်သမီးသာ ရှိသေးသည်မို့ ခိုင်နှင့်တွဲလို့ မဖြစ်နိုင်ပါ။ ကိုကြီးတို့ ကိုလတ်တို့က သူတို့နှင့်အပြင်သွားရန် လိုက်ဖို့ ခေါ်ပေမယ့် မုန့်စားဖို့က လွဲ၍ ခိုင်မလိုက်ဖြစ်တာ များပါသည်။ ထို့ကြောင့် ခိုင်လည်း စာအုပ်တွေသာ အဖော်လုပ်၍ နေသည်မှာ မဆန်းလှပါ။

xxx
၁၉၉၃

ဒီနှစ် ဆယ်တန်းမို့ အရေးကြီးသည်ဟု မေမေက တဖွဖွ ပြောပါသည်။ တကယ်တော့လည်း မေမေ သတိပေးစရာ မလိုလှပါ။ ခိုင်တယောက် စာအုပ်နှင့် မျက်နှာ မခွာဘဲ စာကျက်နေသည်ကို တအိမ်သားလုံး သိပြီးသားပဲ။ ကိုကိုကြီးနဲ့ ကိုကိုလတ်က ယောက်ျားလေးတွေမို့ ခိုင့်လောက် စာမကျက်ကြ။ နင်ပဲ မေမေ့ အတွက် ကြိုးစားပေးလိုက်။ ငါတို့က နင့်လောက် စာမကျက်နိုင်ဘူးဟ…ဟု ကိုလတ်ပြောဖူးတာကို ခိုင် သတိရမိသည်။ အားလုံး အမြင်မှာတော့ ခိုင်သည် စာဂျပိုး။ အမှန်တော့ ခိုင်က မေမေတို့ ဖေဖေတို့ အတွက် တာဝန်ကျေသော သမီးကောင်း တစ်ယောက် ဖြစ်ချင်တာနှင့် ခိုင့်တာဝန် ကျေချင်တာ သက်သက်ပါပဲ။ ဂုဏ်ထူးတွေ အများကြီးနှင့် အောင်တာ မအောင်တာကို ခိုင် သိပ်ဂရုမစိုက်ပါ။

ဆယ်တန်းပြီးလျှင် ဘာလုပ်ရမည်လဲ ဆိုတာ ခိုင်ကိုယ်တိုင်လည်း မသိပါ။ မေမေ့ အလိုအရတော့ ဆေးကျောင်းတက်ရမည်ပေါ့။ ဆေးကျောင်းတက် ဆိုတော့လည်း တက်လိုက်ရုံပေါ့ကွယ်။ ကံကောင်းစွာနှင့် ၀ီရိယ ကောင်းသော၊ ဥာဏ်လေးလည်း မဆိုးလှသော ခိုင့် အတွက် သိပ်မခက်ခဲလှပါဘူး။

အဲ… ခက်ခဲတာကတော့ ပညာရေးကလွဲလို့ ခိုင်ကိုယ့်ဟာကိုယ် ယုံကြည်ချက် မရှိတာဘဲ။ ဒါကြောင့် ခိုင့်ဘ၀မှာ လုံခြုံမှု တခု၊ သေချာမှု တခု၊ ကျေနပ်မှုတခု ပေးနိုင်တဲ့ ကျောင်းစာကို ကြိုးစားတာ မဆန်းလှပါဘူး။ တကယ်တော့ သီချင်းလေး တအေးအေးနှင့် အချိန်တန်တော့လည်း ထိပ်ဆုံးက မဟုတ်တောင် အဆင့်ကောင်းကောင်းလေးနှင့် အောင်သော ကိုကြီးကို ခိုင်အားကျသည်။ ကျွန်တော်ကတော့ အင်ဂျင်နီယာ ဖြစ်ချင်တယ်ဟု ဆိုကာ ဖေဖေ့ရေဒီယိုနှင့် ကက်ဆက်တွေကို ကလိတတ်သော ကိုလတ်လို ကိုယ်ဘာလုပ်ချင်လည်း ဆိုတာ သိချင်သည်။ အများအမြင်မှာတော့ ခိုင်က အဟုတ်ကြီးပဲ။ ဒါပေမယ့် တကယ်ခိုင့်ကိုခိုင် မကျေနပ်ပါ။

“သမီးရေ မိခိုင်… ရေနွေးကြမ်းနဲ့ လက်ဖက်လေး ယူခဲ့ပါကွယ်။ ဒေါ်လေးမေ လာတယ်။”

စာအုပ်ရှေ့ချပြီး တခါတရံ တွေးနေတာက ခိုင့်အကျင့်။ မေမေ့ အသံကြားတော့မှပင် ကပျာကယာ ထလာမိ၏။ မီးဖိုထဲမှာ လက်ဖက်သုပ်ရင်း သီချင်းလေးအေးအေး ညည်းနေဖြစ်သည်။ ဒေါ်လေးမေက မေမေ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်။ အသက်သိပ် မကွာလှ သဖြင့် သူငယ်ချင်းလိုလည်း ခင်ကြသည်။ သူ့မှာလည်း ခိုင့်အရွယ် သမီးတစ်ယောက် ရှိသည်။

“မိခိုင်တို့က လိမ္မာတယ် မမခင်ရဲ့။ စာဆိုလည်းတော်။ ကြည့်လိုက်ရင် အမြဲ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ခိုင်းလို့လဲ ရတယ်။”

“အော်… ခိုင်းလို့ ရတာက အခု လက်ဖက်သုပ်ရုံ၊ ရေနွေးတည်ရုံလေးပါ မေကြည်ရယ်။ အိမ်မှုကိစ္စတော့ စာကျက်နေလို့ စာကျက်နေလို့ ဆိုပြီး ခိုင်းလို့ မဖြစ်ပါဘူး။ ကျွန်မကလည်း စာကျက်ဖြစ်ပါစေ ဆိုပြီး မခိုင်း ဖြစ်ပါဘူး။”

မေမေက ရယ်မောပြီး ခိုင့်အကြောင်း ပြောနေပြန်ပါပြီ။

“အမယ်လေး အိမ်က မမ၊ သီတာတို့များ အဲဒီလောက်တောင် အားမကိုးရပါဘူး။ သီချင်းလေးနားထောင်လိုက်၊ ကာတွန်းစာအုပ်လေး ဖတ်လိုက်၊ ၀တ္ထုစာအုပ်လေး ကိုင်လိုက်နဲ့ စာကျက်တယ်လို့ကို မမြင်ရဘူး။ ဆယ်တန်းကျောင်းသူနဲ့ကို မတူပါဘူး။”

ခိုင်ရေနွေးဗန်းနှင့် လက်ဖက်ကိုသယ်ပြီး အိမ်ရှေ့ရောက်လာတော့ ဒေါ်လေးမေက ပြုံး၍ ခိုင့်ကို ကြည့်သည်။

“မိခိုင် ပိန်သွားတယ်။ စာတွေ သိပ်ကြိုးစားနေလို့ ထင်တယ်။ စာတော်တော်ရရောပေါ့။”

ခိုင်က ဘာမျှ မပြောဘဲ ရယ်ကျဲကျဲလုပ်ကာ အခန်းထဲ ပြန်ဝင်လာခဲ့သည်။ တကယ်တော့ ခိုင်က စာအုပ်နဲ့ မျက်နှာ မခွာတဲ့ ကောင်မလေးတော့ မဟုတ်ပါ။

(ဆက်ရန်)

Sunday, 27 September 2009

အရှိန်ယူခြင်း

နေရောင်က ကန့်လန့်ကာ ကြားထဲက တိုးဝင်ပြီမို့ မနက်မိုးလင်းပြီမှန်း သိလိုက်ပါသည်။ သို့သော်လည်း အေးအေးစိမ့်စိမ့် တနင်္ဂနွေ မနက်ခင်း တစ်ခုမှာ ဆက်ပြီးတော့ ကွေးချင်နေသေးသည်။ ဒီလိုနှင့် စောင်ကို ခေါင်းမြီးခြုံ၍ တဖက်လှည့်ကာ ဆက်ကွေးနေလိုက်သည်။ ထိုအချိန်မှာ

“ဒေါက်……”

အိပ်ယာဘေးက ပြတင်းပေါက်နားကို တစ်ခုခု ကျလာဟန်တူသည်။ ကိုယ့်အိပ်ယာက ပြတင်းပေါက်နှင့် ကပ်နေတော့ အကျယ်ကြီး ကြားရသည်။ ပြတင်းပေါက်နားမှာ သစ်ပင်ကြီး တစ်ပင် ရှိသည်။ ထုံးစံ အတိုင်း ရှဥ့်များနှင့် ငှက်များ၏ စံပျော်ရာ။ တခါတလေလည်း ရှဥ့်အော်သံလို့ ပြောရမည်လား။ တကျွတ်ကျွတ်နှင့် အသံကြားရတတ်သည်။ ငှက်ကလေးတွေ စိုးစီစိုးစီ လုပ်သည့် အသံကိုတော့ ကိုယ်မမှုပါ။ ရှဥ့်တွေကိုတော့ မမုန်းပေမယ့် မေတ္တာသိပ်မရှိ လှပါ။ အဲ…ဒေါက် ဟူသော အသံက သစ်ကိုင်း ကျိုးကျလို့ ဖြစ်နိုင်သည်။ ဒီလိုပဲ တခါတလေ ကြားရတတ်သည်မို့ ကိုယ့်အတွက် ရိုးနေပါပြီ။ ဟိုတွေးဒီတွေး လုပ်ပြီး ပြန်အိပ်ဖို့ ကြိုးစား၏။

“ဒေါက်……”

မျက်စိမှိတ်ပြီး အိပ်ပျော်သလိုလို ဖြစ်မှ အသံက ထပ်ကြားရပြန်သည်။ ကဲ…ရှိစေတော့ ဒီမနက် စောစောထဖို့ အကြောင်းက ဖန်လာပြီ။ အိပ်ရေးလည်း ၀ပြီပဲ။ တကယ်တော့ မနက်စောစော ထရသည်ကို ကိုယ်နှစ်သက်ပါသည်။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လျက်။ စိတ်လည်း ကြည်လင်သည်။

ရေချိုးခန်းဝင် မျက်နှာသစ်ပြီး ကော်ဖီ တစ်အိုးတည်ပြီး စာရေးချင်စိတ်လေး ပေါ်လာရသည်။ ကော်ဖီကို ခပ်ကျကျနှစ်ခွက်စာမျှ ဖျော်လိုက်သည်။ ထမင်းပူပူလေးနှင့် ငါးခြောက်ဖုတ်လေး စားချင်စိတ်ပေါက်မိသည်။ ထို့ကြောင့် ထမင်းအိုးကောက်တည် လိုက်သည်။

အဆင်သင့် ဖြစ်တော့ ကော်ဖီတစ်ခွက်ကို ခုံပေါ်ချရင်း ကွန်ပျူတာကို ဖွင့်သည်။ စက်စနေတုန်းမှာ ဘာရေးရကောင်းမလဲ ကော်ဖီသောက်ရင်း စဉ်းစားသည်။ ဟိုတစ ဒီတစ အတွေးစတွေကတော့ များသား။ စာတစ်ပုဒ်ဖြစ်ဖို့တော့ အားထုတ်မှု လိုသည်။ စာရေးဖို့ စာမျက်နှာ အသစ်ကို ဖွင့်သည်။ သိပ်စဉ်းစားနေလျှင် မရေးဖြစ်ဘဲ နေတော့မည်။ မထူးပါဘူး။ သိပ်စဉ်းစား မနေနဲ့ဟု ကိုယ့်ကိုယ်ကို ပြောသည်။ ပြီးတော့ စာကြောင်းတွေကို ကောက်ရေးဖြစ်သည်။ မရေးတာကြာတော့ စာရိုက်ရတာ တမျိုးပဲဟု တွေးသည်။ သီချင်းတစ်ပုဒ် ကောက်ဖွင့်လိုက်သည်။ ရေးရတာ ပိုသွက်လာသည်။ တီထွင် ဖန်တီးတတ်သည့် ဥာဏ်တွေသုံးခွင့် မရသည့် ဘ၀မှာ ကိုယ့်ဟာကိုယ် ကြိုးစားယူမှ။

ကဲ…လာလေရော့။ ဆားချက်သည်ပဲ ဆိုဆို စာတစ်ပုဒ်တော့ ဖြစ်သွားပေပြီ။

(ဒီစာလေးရေးပြီး အရှိန်ယူပါသည်။ အသစ်တွေ ရေးပါမည်။ အားထုတ်မှုတစ်ခုနှင့် ဖန်တီးပါမည်။)


Friday, 21 August 2009

ခုတလော….

မတန်ခူးရေ နောက်ကျသွားပြန်ပြီ။

တွေးနေမိတာက…
ဒေါသတွေကို လျှော့ရမယ်။ စိတ်ကို ရှင်းရဦးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
တော်တော် စိတ်ဓာတ် ညံ့ဖျင်းသေးတာပဲ

ကျန်းမာရေး...
ဒီလိုပါပဲ

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
Bottom Billions

ရောက်ဖြစ်နေတာက…
အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်

ရေးဖြစ်နေတာက…
စိတ်ထဲမှာ….ချတော့ ရေးဦးမယ်…

နားထောင်ဖြစ်နေတာက…
အများကြီးပဲ….

ရွတ်နေမိတဲ့ ကဗျာက…
မရွတ်ဖြစ်ပါဘူး…

ဖြစ်ချင်နေတာက…
အသုံးဝင်တဲ့သူ…

စားဖြစ်နေတတ်တာက…
အချဉ်ထုပ်

သနားနေမိတာက…
တရားမရှိသောသူတွေ

လွမ်းနေမိတာက…
သူ...

မေ့လျော့ပစ်နေမိတာက…
နာကျင်မှုတွေ

ခါးသက်နေမိတာက…
မရောင်ရာ ဆီလူးနေရတဲ့ ကိုယ့်ဘ၀ကြီး

တမ်းတနေမိတာက…
ရောက်လာမယ့် အနာဂတ်ကို

ကြိတ်ပြီးချီးကျူးနေမိတာက…
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
တရားမဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ပြောကို မပြောချင်ဘူး....

ဆန္ဒရှိနေတဲ့ကိစ္စ…
တိတ်ဆိတ်သော နေရာ….။ အားလုံးကို မေ့ထားချင်တယ်။

မုန်းတီးနေမိတာက…
နိုင်ထက်စီးနင်း၊ တရားမဲ့သူတွေ…

ချစ်နေတာက…
သူ...

စိတ်ပျက်နေမိတာက…
လက်ရှိ အခြေအနေ...

စွဲလမ်းနေမိတာက…
စွဲပြီးတဲ့နောက် မလမ်း တော့ပါဘူး…

လိုအပ်နေတာက…
ငြိမ်းချမ်းသော စိတ်

တောင်းနေမိတဲ့ဆု…
အားလုံး မြန်မြန်ပြီးသွားပါစေတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အရွဲ့တိုက်ချင်နေတယ်……အရွဲ့တိုက်ချင်နေတယ်

ဝန်ခံချင်တာက
ကိုယ့်ကိုယ်ကို အားမရဘူး။ အမြင်ကပ်တယ်။

Wednesday, 22 July 2009

ငှက်တစ်ကောင်၊ ကြောင်နှစ်ကောင်နှင့် လူတစ်ယောက်

ဇာတ်လမ်းကတော့ ငှက်ကလေး တစ်ကောင်နဲ့ စတာပါပဲ။

မနက်စောစော သူအိမ်က ထွက်ခဲ့တော့ ခြောက်နာရီခွဲလောက်ပဲ ရှိဦးမယ် ထင်ရဲ့။ နေတော့ထွက်နေပြီပေါ့။ အိမ်ကနေ ဖြည်းဖြည်း လမ်းလျှောက်လာခဲ့တယ်။ နွေဆိုပေမယ့် မနက်စောစော နေမပြင်းလှသေးတာမို့ ရာသီဥတုကလည်း အေးအေးချမ်းချမ်းပဲ။ လမ်းသွားလမ်းလာတွေလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်တဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က လွဲလို့ပေါ့။ မနက်ခင်းက တိတ်ဆိတ်အေးချမ်းလို့၊ ငှက်ကလေးတွေ စိုးစိုးစီစီ မြည်လို့နဲ့လေ

ငှက်ဆိုမှ သူငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နားမှာ ငှက်သေးသေးလေး တစ်ကောင်ကို မြင်လိုက်ရတယ်။ ငှက်ကလေးက ဒဏ်ရာ ရထားပုံရတယ်။ အသက်တော့ ရှိနေသေးတယ်။ သစ်ပင်ပေါ်ကများ ပြုတ်ကျသလားလို့ ဆိုပြီး ငှက်ကလေး ကျနေတဲ့ တ၀ိုက်က သစ်ပင်တွေကို လိုက်ပြီး မော့ကြည့်ဖြစ်တယ်။ အနီးအနားက ရှိတဲ့ သစ်ပင်တွေက ခပ်နိမ့်နိမ့်၊ ခပ်သေးသေးမို့ ငှက်သိုက်တော့ မရှိလောက်ဘူးလို့ တွေးမိတယ်။ တကယ်လည်း သူလိုက်ကြည့်တော့ ယိုင်နဲ့နဲ့ သစ်ပင်ပေါ်မှာ ငှက်သိုက်ရယ်လို့ မတွေ့ရပါဘူး။

ငှက်ကလေးက အသိုက်ပေါ်က ပြုတ်ကျတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒဏ်ရာရပြီး မပျံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ခြေထောက်တွေ လှုပ်ပြီး ရွေ့နေနိုင်သေးတယ်။ ဒါပေမယ့် ဘေးတိုက်ကလေး လဲနေရှာတယ်။ သေးတာမှ လက်သီးဆုပ်တစ်ဝက်စာတောင် ရှိမယ် မထင်လှဘူး။

သူ ငှက်ကလေးကို သေချာကြည့်နေလိုက်တာ ဘယ်အချိန်ကမှန်း မသိဘူး၊ သူ့ခြေထောက်နားကို ကြောင်ဖြူကြီး တစ်ကောင် ရောက်လာတယ်။ အမွေးဖွားဖွားနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ကြောင်ကြီး တစ်ကောင်ပေါ့။ ကြောင်ကြီးက သူ့ခြေထောက်ကို ပွတ်ကာသီကာနဲ့ လှည့်ပတ်နေသေးတယ်။ အမှန်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ ငှက်သေးသေးလေးကို စိတ်ဝင်စားတာ နေမှာ။ အဲဒီအချိန်မှာ ဘယ်ကမှန်း မသိ နောက်ကြောင်တစ်ကောင် ရောက်လာပြန်တယ်။ သူကလည်း အဖြူပဲ။ ဒါပေမယ့် လည်ပင်းမှာ အညိုရစ် ကလေး ပါတယ်။ ကြောင်လည်ရစ်က မိန့်မိန့်ကြီးထိုင်လို့ ကြောင်ဖြူ၊ ငှက်သေးလေးနဲ့ သူ့ကို လေ့လာနေတဲ့ ပုံပဲ။

သူလည်း နည်းနည်း ပြာသွားတယ်။ ဒီငှက်ကလေးတော့ ကြောင်ပါးစပ်ထဲ ရောက်တော့မှာပဲပေါ့။ ကြောင်ဖြူ သို့မဟုတ် ကြောင်လည်ရစ်။ သူတို့က ကြောင်ယဉ်ကျေးတွေ ဖြစ်ပုံရတယ်။ လူကို အကဲခတ်နေပြီး ငှက်ကလေးကို အတင်းကာရော ၀င်ဆွဲတာမျိုးတော့ မလုပ်ဘူး။

ကဲ သူ့ထိုက်နဲ့ သူ့ကံပဲပေါ့လို့ စိတ်လျှော့ပြီး ထွက်လာတော့မယ် လုပ်ပြီးမှ ခြေလှမ်း သုံးလေးလှမ်းလောက် လှမ်းပြီးနောက်တော့ သူပြန်လှည့် လာဖြစ်တယ်။ စိတ်ထဲမှာ ရှင်းမှာ မဟုတ်ဘူးလေ။ တနေ့လုံး ဒီအဖြစ်အပျက်ကို သတိရနေရော့မယ်။ အခုမှတော့ မမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်လို့ မရတော့ဘူးလေ။ အဓိက ကတော့ ကိုယ့်စိတ်ကိုယ် ရှင်းချင်တာဖြစ်ပေမယ့် ငှက်ကလေးကို သနားတာလည်း ပါတာပေါ့ လို့ကိုယ့်ကိုယ်ကို ညှာတွေးလိုက်တယ်။

ပထမ ငှက်ကလေးကို လက်ခုပ်ထဲ ထည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ငှက်ကလေးက ကြောက်ပြီး အတင်းရုန်းတော့ ပြန်ပြန်ပြီး ပြုတ်ကျတယ်။ ဒီလိုနဲ့ လက်နဲ့ အသာမယူလိုက် ပြန်ကျလိုက်နဲ့ သုံးလေးခါ ဖြစ်ပြီးတဲ့နောက် သူလက်လျော့လိုက်တယ်။ ဒီနည်းနဲ့ မဟန်သေးဘူးပေါ့။

ဟိုကြည့်ဒီကြည့် လိုက်ရှာကြည့်တော့ သစ်ရွက်ခြောက် ခပ်ရွယ်ရွယ်လေး နှစ်ရွက်တွေ့တယ်။ ဒါနဲ့ သစ်ရွက်ခြောက်လေး နှစ်ရွက်နဲ့ ညှပ်ပြီး ငှက်ကလေးကို မြေကြီးပေါ်ကနေ မယူလိုက်တယ်။

ပြီးတော့ ဘယ်နားမှာ ထားရမလဲလို့ စဉ်းစားရင်း လက်ထဲမှာ ကိုင်ထားရင်း ဘေးဘီ ပတ်ဝန်းကျင်မှာ လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အဲ ကြောင်ဖြူက သိတဲ့ ပုံစံနဲ့ သူ့နောက်က ဆက်လိုက်လာတယ်။

အဲဒီ အချိန်မှာပဲ လျောကနဲဆို ငှက်ကလေးက သစ်ရွက်ပေါ်ကနေ သူရပ်နေတဲ့နားက ပန်းရုံထဲကို ပြုတ်ကျသွားပါတော့တယ်။ မြေကြီးပေါ်ရောက်တယ် ဆိုတာနဲ့ ပန်းတွေကြားထဲ အတင်း ပြေးဝင်သွားတာပါပဲ။ ကြောင်ဖြူကလည်း သိလိုက်တယ်။ ပန်းရုံထဲကို လှမ်းကြည့်လို့။ သူက အတင်းမောင်းထုတ်ပေမယ့် မသွားဘဲ ပေကပ်ပြီး ယောင်လည်လည် လုပ်နေပြန်တယ်။

ပန်းရုံထဲ ရောက်သွားတဲ့ ငှက်ကို ရှာလို့ မတွေ့မယ့် အတူတူ သူပန်းရုံနားက ခွာခဲ့တယ်။ ကိုယ်ဆက်စရာ ရှိတဲ့ ခရီးကို ဆက်လျှောက်လာရင်း နောက်ပြန် လှည့်ကြည့်ဖြစ်သေးတယ်။ ကြောင်ဖြူက ပန်းရုံကို မွှေနေလေရဲ့။ ကြောင်လည်ရစ်ကတော့ မိန့်မိန့်ကြီး ထိုင်ပြီး ကြည့်နေဆဲ။

စိတ်ထဲမှာတော့ ငှက်ကလေးကို ကြောင်ဖြူ ရှာတွေ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့ရဲ့ အရှုပ်အထွေး တွေကြားထဲမှာ လည်ပတ်ရင်း သူ ငှက်ကလေး အကြောင်းကို မေ့သွားခဲ့တယ်။ ပြန်သတိရတဲ့ အချိန်ကျတော့ ညနေစောင်းရောပေါ့။ ပန်းရုံလေးနားကိုတော့ သူသွားမကြည့်ဖြစ်တော့ဘူး။ နောက်တစ်နေ့ မနက်မှာ သူ့ အိပ်ခန်းပြတင်းပေါက်နား လာနားမယ့် ငှက်ကလေးဟာ အဲဒီ ကြောင်ပါးစပ်က လွတ်သွားတဲ့ ငှက်သေးသေးလေးလို့ ဇွတ်မှိတ် ယုံပစ်လိုက်တော့မယ်။