Monday, 8 September 2014

ခေါင်းစဉ်မဲ့


အစ်မသက်ဝေ... ဘာရေးရမှန်း မသိလို့ နားထောင်နေတဲ့ သီချင်းတစ်ပုဒ် စာလုပ်၍ ရေးလိုက်ပါသည်။ အစ်မကြောင့် စာတစ်ပုဒ်ရေးဖြစ်သွားတာ ကျေးဇူးပါ။ 
 
ညိုမဲနေသော တိမ်တိုက်အချို့ကို ဆုပ်ကိုင်လိုက်ချိန်မှာ သူ့လက်ထဲတွင် မာကျောသော အတွေ့ကို မမျှော်လင့်ဘဲ ခံစားလိုက်ရသည်။ ထိတ်လန့်အံ့သြစွာဖြင့်ပင် လွှတ်ချလိုက်မည် ကြံတော့ အလွယ်တကူပင် မျှောပါသွားကြပြန်သည်။ ရှိစေတော့။ သူနားလည်ဖို့ မကြိုးစားမိ။ လေအတိုက်မှာ ပင်လယ်၏ ရနံ့ကို ရလေသည်။ ဒီလိုဆို သူပင်လယ် ကမ်းစပ်နားကို ရောက်နေပေါ့ဟု ရင်ခုန်လျက်က ပင်လယ်သံကို နားစွံ့ မိသည်။ ………။ အားလုံးက ငြိမ်သက်လျက်…..။ ထပ်မံ၍ ငြိမ်သက်သော အသံကို နားစွင့်ပြန်၏။ ……..။ ဒါဖြင့်လျှင် ပင်လယ်မရှိဘူးလား။ ဇဝေဇ၀ါ ဖြစ်သွားပြန်သည်။ သို့ပေမယ့် မြင်ကွင်းထဲကို ၀င်လာသော လှိုင်းတံပိုးတို့ကို မြင်တော့ သူဘာကို ယုံရမည်နည်း။ သူ့ အကြားအာရုံကိုလား၊ အမြင်အာရုံကိုလား၊ သို့မဟုတ် အနံ့အာရုံကိုလား။ ဒါမှမဟုတ် သည်အာရုံအားလုံးတို့ စုစည်းရာ ဦးနှောက်ကိုလား။ ရယ်စရာတော့ အကောင်းသား။ ကိုယ့်ကိုယ်ကို ယုံမည် ဆိုလျှင်တောင်မှ ခွဲခြားပြီး ယုံနေရသေးသည်။ ဟင့်အင်း…ဒီထက်ပိုပြီး ရယ်စရာ ကောင်းတာက သူကြားဖူးတဲ့ စကားပုံ တစ်ခုလေ။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရတဲ့။
ကစင့်ကလျားတွေထဲမှာ ရေရာမှု တစ်ခုခုကို ရှာမိသည်။ စနစ်တကျတည်ရှိနေတဲ့ စကြာဝဠာကြီးဟာ ကစင့်ကလျား ပေါက်ကွဲမှုတွေက အခြေခံသတဲ့။ ဟုတ်ပါ့မလား။ ဟုတ်လျှင်တော့ ဖရိုဖရဲတွေ ကြားထဲ မဲပြာရောင် ပုဆိုးတစ်ထည်ကို ရှာလို့ တွေ့နိုင်ပါလိမ့်မည်။ ပုဆိုးတစ်ထည်ကို ရှာမတွေ့ခင်မှာတော့ ရှုပ်ပွနေသော သူ့အခန်းကို ရှင်းရဦးမည်။ နေပါဦး…။ ဘယ့်နှယ့်ပါလိမ့်။ ဖရိုဖရဲကြားထဲ ပုဆိုးတစ်ထည် ရှာတွေ့မည် မဟုတ်လား။ ဒါဆို ရှင်းနေလျှင် မတွေ့ဘဲ နေမည်ပေါ့။ ခေါင်းကို ခါယမ်းလိုက်သည်။ ရှုပ်ထွေးနေသော အတွေးများကြားထဲ ကြည်လင်မှုတစ်ခုကို ရှာတွေ့မည်ဟု သူယူဆသည်။ အံ့သြစရာ ကောင်းလှစွာပါပဲ မရှေးမနှောင်းက သူကြည့်နေသော ညိုမဲသော တိမ်တိုက်တို့သည် မဲပြာပုဆိုး တစ်ထည် ဖြစ်နေသည်ကို တွေ့ရလေ၏။ သူ့ကိုယ်ပေါ်က ၀တ်လျက်သား တောက်ပသော ပုဆိုးကို မဲပြာပုဆိုးနှင့် လဲလှယ်၍ ၀တ်ဆင်လိုက်သည်။ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဟု မှတ်ချက်ချမည့်သူ မရှိ။ သူ့နံဘေးမှာ မည်သူမှ ရှိမနေသောကြောင့်တည်း။
ဒါတော့ အိပ်မက်ပင် ဖြစ်ရမည်ဟု သူတထစ်ချ ယူဆလိုက်ချိန်မှာ သူ့လက်တွင် ခြင်တစ်ကောင် စစ်ကနဲ လာ၍ကိုက်လေသည်။ ဒါဆို….အိပ်မက် မဟုတ်ဘူးပေါ့။ အိပ်ယာဘေးတွင် ဘယ်သောအခါမျှ မြည်တော့မည် မဟုတ်သော နှိုးစက်တစ်လုံး ရှိနေသည်။ ထိတ်လန့်သော ဒေါသဖြင့် နာရီကို နံရံဆီသို့ ပေါက်ခွဲပစ်လိုက်ချိန်မှာ လက်တံများ အရည်ပျော်သွားကြသည်။ မျက်ရည်စက်တွေ များလားကွယ်။
သံသရာသည် မဆုံးနိုင်သော ချည်ငင်ထွေး ဖြစ်သည်။ သူသည် ချည်လေးတစ်စကို ဖွဲ့စည်းထားသော ပိုးမျှင်လေး တစ်မျှင်မျှသာ။ သဏ္ဍာန်တူသော ပိုးမျှင်လေးတွေများစွာ…။ သဏ္ဍာန်တူသော အစိတ်အပိုင်းလေးများမှ သဏ္ဍာန်တူ အစိတ်အပိုင်းကြီး တစ်ခုဖြစ်လာသတဲ့။ ထို့နောက်တော့…ထပ်၍ ထပ်၍ ထပ်၍…..။ ကစင့်ကလျား သီအိုရီက သူ့ကို တရားဟောလေသည်။
သူသံသရာက လန့်နှိုးတော့ အိပ်မက်ဆက်မက်လေသည်။ အိပ်မက်သည် သံသရာလည်လျက်။ သံသရာသည် အိပ်မက်မက်လျက်…။ ခုတော့ သူနားလည်ခဲ့လေပြီ။
(အောက်ပါ သီချင်းကို ခံစား၍ ရေးပါသည်။ သီချင်း၏ ဆိုလိုရင်းနှင့် သွေဖယ်နေခဲ့သော် ပုံရိပ်၏ နားမလည်မှုသာ ဖြစ်ပါလိမ့်မည်။)





2 comments:

သက်ဝေ said...

သီချင်းကိုလည်းကြိုက် စာကိုလည်း ကြိုက်တယ်...
ဟုတ်တယ်... သံသရာဆိုတာ မဆုံးနိုင်တဲ့ ချည်ငင်ထွေးပဲ...

စာအသစ်လေး ဖတ်ရလို့ အမကလည်း ကျေးဇူးတင်ပါတယ်နော်...
နောက်လည်း ကြိုးစား ရေးပါအုံး ညီမ... <3

Kay Thwel said...

သီချင်းခေါင်းစဉ်က အလွန်အကျယ်ကြီး အော်ပစ်လိုက်ချင်သော စကားလုံး...ဟာလေလုယ..