Monday 8 September 2014

ခေါင်းစဉ်မဲ့


အစ်မသက်ဝေ... ဘာရေးရမှန်း မသိလို့ နားထောင်နေတဲ့ သီချင်းတစ်ပုဒ် စာလုပ်၍ ရေးလိုက်ပါသည်။ အစ်မကြောင့် စာတစ်ပုဒ်ရေးဖြစ်သွားတာ ကျေးဇူးပါ။ 
 
ညိုမဲနေသော တိမ်တိုက်အချို့ကို ဆုပ်ကိုင်လိုက်ချိန်မှာ သူ့လက်ထဲတွင် မာကျောသော အတွေ့ကို မမျှော်လင့်ဘဲ ခံစားလိုက်ရသည်။ ထိတ်လန့်အံ့သြစွာဖြင့်ပင် လွှတ်ချလိုက်မည် ကြံတော့ အလွယ်တကူပင် မျှောပါသွားကြပြန်သည်။ ရှိစေတော့။ သူနားလည်ဖို့ မကြိုးစားမိ။ လေအတိုက်မှာ ပင်လယ်၏ ရနံ့ကို ရလေသည်။ ဒီလိုဆို သူပင်လယ် ကမ်းစပ်နားကို ရောက်နေပေါ့ဟု ရင်ခုန်လျက်က ပင်လယ်သံကို နားစွံ့ မိသည်။ ………။ အားလုံးက ငြိမ်သက်လျက်…..။ ထပ်မံ၍ ငြိမ်သက်သော အသံကို နားစွင့်ပြန်၏။ ……..။ ဒါဖြင့်လျှင် ပင်လယ်မရှိဘူးလား။ ဇဝေဇ၀ါ ဖြစ်သွားပြန်သည်။ သို့ပေမယ့် မြင်ကွင်းထဲကို ၀င်လာသော လှိုင်းတံပိုးတို့ကို မြင်တော့ သူဘာကို ယုံရမည်နည်း။ သူ့ အကြားအာရုံကိုလား၊ အမြင်အာရုံကိုလား၊ သို့မဟုတ် အနံ့အာရုံကိုလား။ ဒါမှမဟုတ် သည်အာရုံအားလုံးတို့ စုစည်းရာ ဦးနှောက်ကိုလား။ ရယ်စရာတော့ အကောင်းသား။ ကိုယ့်ကိုယ်ကို ယုံမည် ဆိုလျှင်တောင်မှ ခွဲခြားပြီး ယုံနေရသေးသည်။ ဟင့်အင်း…ဒီထက်ပိုပြီး ရယ်စရာ ကောင်းတာက သူကြားဖူးတဲ့ စကားပုံ တစ်ခုလေ။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရတဲ့။
ကစင့်ကလျားတွေထဲမှာ ရေရာမှု တစ်ခုခုကို ရှာမိသည်။ စနစ်တကျတည်ရှိနေတဲ့ စကြာဝဠာကြီးဟာ ကစင့်ကလျား ပေါက်ကွဲမှုတွေက အခြေခံသတဲ့။ ဟုတ်ပါ့မလား။ ဟုတ်လျှင်တော့ ဖရိုဖရဲတွေ ကြားထဲ မဲပြာရောင် ပုဆိုးတစ်ထည်ကို ရှာလို့ တွေ့နိုင်ပါလိမ့်မည်။ ပုဆိုးတစ်ထည်ကို ရှာမတွေ့ခင်မှာတော့ ရှုပ်ပွနေသော သူ့အခန်းကို ရှင်းရဦးမည်။ နေပါဦး…။ ဘယ့်နှယ့်ပါလိမ့်။ ဖရိုဖရဲကြားထဲ ပုဆိုးတစ်ထည် ရှာတွေ့မည် မဟုတ်လား။ ဒါဆို ရှင်းနေလျှင် မတွေ့ဘဲ နေမည်ပေါ့။ ခေါင်းကို ခါယမ်းလိုက်သည်။ ရှုပ်ထွေးနေသော အတွေးများကြားထဲ ကြည်လင်မှုတစ်ခုကို ရှာတွေ့မည်ဟု သူယူဆသည်။ အံ့သြစရာ ကောင်းလှစွာပါပဲ မရှေးမနှောင်းက သူကြည့်နေသော ညိုမဲသော တိမ်တိုက်တို့သည် မဲပြာပုဆိုး တစ်ထည် ဖြစ်နေသည်ကို တွေ့ရလေ၏။ သူ့ကိုယ်ပေါ်က ၀တ်လျက်သား တောက်ပသော ပုဆိုးကို မဲပြာပုဆိုးနှင့် လဲလှယ်၍ ၀တ်ဆင်လိုက်သည်။ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဟု မှတ်ချက်ချမည့်သူ မရှိ။ သူ့နံဘေးမှာ မည်သူမှ ရှိမနေသောကြောင့်တည်း။
ဒါတော့ အိပ်မက်ပင် ဖြစ်ရမည်ဟု သူတထစ်ချ ယူဆလိုက်ချိန်မှာ သူ့လက်တွင် ခြင်တစ်ကောင် စစ်ကနဲ လာ၍ကိုက်လေသည်။ ဒါဆို….အိပ်မက် မဟုတ်ဘူးပေါ့။ အိပ်ယာဘေးတွင် ဘယ်သောအခါမျှ မြည်တော့မည် မဟုတ်သော နှိုးစက်တစ်လုံး ရှိနေသည်။ ထိတ်လန့်သော ဒေါသဖြင့် နာရီကို နံရံဆီသို့ ပေါက်ခွဲပစ်လိုက်ချိန်မှာ လက်တံများ အရည်ပျော်သွားကြသည်။ မျက်ရည်စက်တွေ များလားကွယ်။
သံသရာသည် မဆုံးနိုင်သော ချည်ငင်ထွေး ဖြစ်သည်။ သူသည် ချည်လေးတစ်စကို ဖွဲ့စည်းထားသော ပိုးမျှင်လေး တစ်မျှင်မျှသာ။ သဏ္ဍာန်တူသော ပိုးမျှင်လေးတွေများစွာ…။ သဏ္ဍာန်တူသော အစိတ်အပိုင်းလေးများမှ သဏ္ဍာန်တူ အစိတ်အပိုင်းကြီး တစ်ခုဖြစ်လာသတဲ့။ ထို့နောက်တော့…ထပ်၍ ထပ်၍ ထပ်၍…..။ ကစင့်ကလျား သီအိုရီက သူ့ကို တရားဟောလေသည်။
သူသံသရာက လန့်နှိုးတော့ အိပ်မက်ဆက်မက်လေသည်။ အိပ်မက်သည် သံသရာလည်လျက်။ သံသရာသည် အိပ်မက်မက်လျက်…။ ခုတော့ သူနားလည်ခဲ့လေပြီ။
(အောက်ပါ သီချင်းကို ခံစား၍ ရေးပါသည်။ သီချင်း၏ ဆိုလိုရင်းနှင့် သွေဖယ်နေခဲ့သော် ပုံရိပ်၏ နားမလည်မှုသာ ဖြစ်ပါလိမ့်မည်။)





Tuesday 2 September 2014

အပြာရောင် မြက်ခင်းနဲ့ အစိမ်းရောင် ကောင်းကင်ကြားက ကျွန်တော်

အိပ်မက်မြူကို ကြားဖြတ်ပြီး စာတစ်ပုဒ် တင်လိုက်ပါတယ်။ ဘလော့ဂ်ဒေးတောင် ရောက်ခဲ့ပြန်ပြီတဲ့။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို အကန့်အသတ် မရှိ ပြောပြခွင့်ပေးတဲ့ ကြားခံနယ်တစ်ခုကို ကျေးဇူးတင်မိပါတယ်။

        

        မျဉ်းဆိုတာ ဖြောင့်ရမယ်လို့ အများက သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်မှာ ကောက်နေတဲ့ မျဉ်းတစ်ကြောင်း ဖြစ်ရတာ မလွယ်လှပါဘူး။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ကောက်မှန်းမသိ ဖြောင့်မှန်းမသိရင်းနဲ့ပဲ ကိုယ်ဟာ ဆွဲဆန့်ခံလိုက်ရတဲ့ မျဉ်းတစ်ကြောင်း ဖြစ်လာခဲ့တယ်။
xxx
မနက်မိုးလင်းရင် ပြတင်းပေါက်ကနေ ငှက်ကလေးတွေ အော်သံကြားရတာကို ကျွန်တော် ချစ်တယ်။ နေရောင်လေးတွေ သစ်ရွက်ကြားက ၀င်လာပြီး ကျွန်တော့်အိပ်ယာခင်း ဖြူဖြူလေးပေါ်မှာ ကနေကြတာကိုလေး ကျွန်တော်ချစ်တယ်။ နေရောင်ကို ကြည့်ရင်း ငှက်ကလေးတွေကို နားထောင်ရင်း ကျွန်တော် စိတ်ကူးယဉ်ချင်တယ်။ ဟိုးအဝေးမှာ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ တိမ်ပြာပြာ နောက်ခံမှာ အစိမ်းနုရောင် သစ်ရွက်ရှည်ရှည်မျောမျောလေး အုပ်လိုက် ယိမ်းကနေကြတာကိုလည်း ငြိမ်ငြိမ်လေး ကြည့်နေချင်ပြန်တယ်။ ဒါပေမယ့် မနက်ရှစ်နာရီထိုးပြီ ဆိုတာနဲ့ပဲ မေမေက ကျွန်တော့်ကို လာနှိုးတော့တာပဲ။
“သားရေ…ထတော့ မနက်စာစားဖို့ အသင့်ဖြစ်ပြီ။”
လုပ်နေကျအတိုင်း ကျွန်တော်မျက်နှာသစ် သွားတိုက်မယ်။ ပြီးရင် မေမေ ပြင်ပေးထားတဲ့ ကြက်ဥပြုတ်တစ်လုံးနဲ့ နွားနို့တစ်ခွက်ကို နှာခေါင်းပိတ်ပြီး စားမယ်။ မေမေက ကျွန်တော့်ကို အရပ်ရှည်ပြီး ထွားထွားကျိုင်းကျိုင်းကြီး ဖြစ်စေချင်တယ်တဲ့။ ကျွန်တော်မကြိုက်တဲ့ ကြက်ဥပြုတ်နဲ့ နွားနို့ပြီးတော့မှ ကျွန်တော်ကြိုက်တဲ့ ပဲပြုတ်နဲ့ ထမင်းကြော်တို့၊ အကြော်တစ်မျိုးမျိုးကို စားရပါတယ်။ မနက်စာစားပြီးရင်တော့ မေမေက စာသင်ဖို့ စောင့်နေပြီးသား။ သင်္ချာ၊ သိပ္ပံနဲ့ အင်္ဂလိပ်စာ တစ်ခုခုကို ကျွန်တော် အလှည့်ကျ သင်ရတယ်။ အင်္ဂလိပ် ကဗျာလေးတွေ ဆိုရရင်၊ ပုံပြင်လေးတွေ ဖတ်ရရင်တော့ ကျွန်တော် ကြိုက်တယ်။ သင်္ချာသင်ရရင် စိတ်ညစ်ချင်တယ်။ ဒါပေမယ့်လည်း စည်းကမ်းကြီးတဲ့ မေမေ့ကိုတော့ ကျွန်တော် ဘာမှ မပြောရဲဘူး။ မေမေက ကျွန်တော့်ကို စနစ်တကျ ကြီးပြင်းစေချင်တယ် မဟုတ်လား။ တကယ်တော့လည်း ကျွန်တော် အတန်းထဲမှာ ပထမရလို့ မေမေပျော်နေရင် ကျွန်တော်လည်း ပျော်တာပေါ့။ နှစ်တန်းတုံးက အောင်စာရင်း သွားကြည့်တဲ့ နေ့ကို ကျွန်တော်မှတ်မိနေတယ်။
“မေမေ့သားကြီး ညီညီက သိပ်တော်တာပဲ။”
ကျွန်တော့်နာမည်ကို ထိပ်ဆုံးမှာ တွေ့တော့ ပြုံးပြီးကျွန်တော့်ကို ဖက်ထားတဲ့ မေမေ့မျက်နှာကို ကြည့်ရတာ ကျွန်တော်လည်း ပျော်တယ်လေ။ ကျွန်တော်က မေမေ့ကို ပျော်စေတယ် ဆိုတဲ့ အရသာဟာ ကျွန်တော့်အတွက်တော့ အင်မတန်မှ အရေးကြီးတာပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်စာတွေ ကျက်တယ်။ သင်္ချာတွေ တွက်တယ်။ အတန်းတိုင်းမှာ တစ်ကနေ တစ်ဆယ်ထက် မကျစေရဘူး။ ဆရာဆရာမတွေ အတွက်တော့ ကျွန်တော်ဟာ စာတော်တဲ့ ကျောင်းသားလေး တစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ နေ့တွေဟာ စနစ်တကျ အချိန်အပိုင်းအခြားများနဲ့ ပြည့်လို့နေတယ်။ ဘီရိုတစ်လုံးက အကန့်လေးတွေကို ဆွဲထုတ်ဆွဲသွင်းသလို ကျွန်တော့်နေ့တွေဟာလည်း အကန့်အပိုင်းအခြားများနဲ့ တစ်ခုပြီးတစ်ခု ထုတ်ချည်သွင်းချည်ပါပဲ။
အဲဒီအပိုင်းအခြားတွေထဲကမှ ပန်းချီဆွဲရတဲ့ အချိန်လေးကို ကျွန်တော် ကြိုက်တယ်။ မေမေက ကျွန်တော့်ကို ပန်းချီဆွဲလည်း သင်စေပြန်တယ် မဟုတ်လား။ အရောင်တွေကို ကျွန်တော်ချစ်တတ်တယ်။ စကားပြောသလိုပဲ ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတဲ့ အရာတွေကို စက္ကူဖြူဖြူပေါ်မှာ ကျွန်တော် ချဆွဲလိုက်တာပဲ။ ပြီးတော့ ကျွန်တော်စိတ်ကူးထဲမှာ ပေါ်လာတဲ့ မမြင်ဖူးရသေးတဲ့ အရာတွေကို စမ်းကြည့်လို့ ရတယ်လေ။ ကျွန်တော့်ရဲ့ ကောင်းကင်ဟာ စိမ်းချင်စိမ်းပြီး၊ မြက်ခင်းတွေဟာ ပြာချင်ပြာနေတတ်မယ်။ ဇောက်ထိုးဖြစ်နေမယ့် လောကကြီးမှာ ဘယ်လိုနေမလဲလို့ ကျွန်တော် စိတ်ကူးယဉ်ကြည့်ချင်လို့။ တခါတလေလည်း အ၀ါရောင်၊ အနီရောင်၊ ဒါမှ မဟုတ်ရင်လည်း သက်တန့်ရောင် ကောင်းကင်ကြီး။ အဲဒါဆို ကောင်းကင်ကြီး တစ်ခုလုံး သက်တန့်ကြီး တစ်စင်းနဲ့ ပြည့်လို့ နေမယ်။ ဘယ်လောက် လှလိုက်မလဲ။ ဒါပေမယ့် မေမေက ပြောလေ့ရှိတယ်။ သား…ကောင်းကင်ဆိုတာ အပြာရောင်လေ။ မြက်ခင်းဆိုတာ အစိမ်းရောင် ဖြစ်ရမှာပေါ့ တဲ့။ ကျွန်တော် မိုးပေါ်က ပြန်ကျလာခဲ့တယ်။
xxx
ကျောင်းတက်ရတာကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော်က ငေးနေတတ်တာ များတော့ သူငယ်ချင်းတော့ သိပ်မများလှဘူး။ ဒါပေမယ့် ကျွန်တော်ချစ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရှိတယ်။ သူ့နာမည်က ဖြူဖွေးတဲ့။ သူကပုံပြောကောင်းတော့ သူ့ပုံပြင်တွေနားထောင်ရင်း ကျွန်တော်တခြားကမ္ဘာကို ရောက်ရောက်သွားတတ်တယ်။ တိမ်တွေပေါ်၊ သစ်ရွက်တွေပေါ်၊ ကြယ်တာရာတွေကြား။ ပြီးတော့ မရှိသေးတဲ့ အရောင်တွေနဲ့ လောက။ ဒါပေမယ့် သူကတော့ စကားများလို့ ဆိုပြီး မကြာခဏ အဆူခံရတတ်တယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် သိပ်ပြီး စကားမပြောဖြစ်ကြဘူး။ စကားမပြောရတော့လည်း ကျွန်တော်ကတော့ အတန်းဖော်တွေကို ကြည့်ပြီး တွေးနေတတ်တာပဲ။ စုစုဆိုတဲ့ ပါးဖောင်းဖောင်းနဲ့ ကောင်မလေးက စကားနည်းပေမယ့် သတ္တိရှိတယ်။ ကျွန်တော်တို့ အတန်းထဲကို ခွေးတစ်ကောင် မျက်စိလည် လမ်းမှားပြီး ရောက်လာတုန်းက အောင်လင်းဆိုတဲ့ ကြောက်တတ်တဲ့ ကောင်လေးက ခုံပေါ်တက်ပြေးတာ တစ်တန်းလုံးက ၀ိုင်းရယ်ကြရော။ ဒါပေမယ့် စုစုက မရယ်ဘဲ ပေတံနဲ့ ကောက်ပေါက်ပြီး အဲဒီခွေးကို မောင်းထုတ်ပစ်လိုက်တယ်။ သူ့လိုကျွန်တော် မစဉ်းစားမိဘူး။ ပြီးတော့ နင်သိပ်တော်တာပဲလို့တော့ သူ့ကို ကျွန်တော် သွားပြောဖြစ်သေးတယ်။
မင်းမင်းဆိုတဲ့ ကျွန်တော့် နှစ်ခုံကျော်က ကောင်လေးကတော့ အတန်းခေါင်းဆောင်။  ကျွန်တော်တို့ အတန်းပိုင်ဆရာက သူ့ကို စကားများတဲ့ ကလေးတွေ နာမည်မှတ်ခိုင်းတတ်တယ်။ ဆရာ မရှိရင် သူကရှေ့ထွက်ပြီး တိတ်တိတ်နေကြပါ ဆိုပြီး ခဏခဏ သတိပေးရတယ်။ ပြီးတော့ ကျွန်တော်တို့တစ်တန်းလုံးအတွက် စာခေါ်ပေးရတယ်။ ကျွန်တော်တို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးလို့ ကျွန်တော်တော့ သူ့ကို ကျေးဇူးတင်တယ်။ အဲဒီလို ပြောမိလို့ သူက ကျွန်တော့်ကို ခပ်စိမ်းစိမ်းကြည့်သေးတယ်။ ပြီးတော့ အောင်ထူးဆိုတဲ့ သီချင်း အဆိုကောင်းတဲ့ အတန်းဖော်တစ်ယောက်လည်း ရှိသေးတယ်။ မနက်တိုင်း ကမ္ဘာမကြေ သီချင်းဆိုရတဲ့ အခါမှာ သူကအသံကျယ်ကျယ်လောင်လောင်နဲ့ အားရပါးရ ဆိုတတ်တယ်။ သီချင်းဆိုချိန်မှာ သူ့ကို ကြည့်ရတာ ပျော်စရာ။ စာရေးနေရင်းလည်း သီချင်းဆိုဆိုနေတတ်လို့ တခါတလေ မင်းမင်းရဲ့ စာရင်းထဲမှာ ထိပ်ဆုံးက ပါတတ်တယ်။
စည်သူဆိုတဲ့ ကောင်လေးကတော့ ကျွန်တော့်လိုပဲ ပန်းချီဆွဲရတာ ပျော်တယ်တဲ့။ ကျွန်တော်တို့ကျောင်းမှာ ပန်းချီချိန်ရှိတယ်။ ဒါပေမယ့် ဆရာကြီးက လာတစ်ချက် မလာတစ်ချက်ပဲ။ တခါတလေ ပန်းချီဆရာ ဦးသောင်း မလာရင် အတန်းထဲကလူ အတော်များများက ပထ၀ီ၊ သမိုင်း စသည်ဖြင့် ထုတ်ပြီး ကျက်နေကြတာပဲ။ ကျွန်တော်နဲ့ စည်သူကတော့ ခဲတံလေးတပြင်ပြင်နဲ့ အပြင်ကို မျှော်မျှော် ကြည့်ကြသေးတယ်။ မလာတော့ဘူး သေချာတော့မှ စာအုပ်ထဲမှာ ကိုယ်ဆွဲချင်တာ ဆွဲနေတော့တာပဲ။ စည်သူဆွဲတတ်တာကတော့ သင်္ဘောတွေ၊ ကားတွေ။ သူကြိုက်တဲ့ ကာတွန်းကားထဲက သူရဲကောင်းတွေ။ ကျွန်တော့်ကို လာပြရင် ကျွန်တော်ကတော့ အရောင်တွေ ထည့်ဖို့ကို ပိုစိတ်ဝင်စားနေတတ်တယ်။ ကျွန်တော် ကျောင်းမှာ ဆွဲတတ်တဲ့ အကြောင်းအရာကတော့ ကျောင်းလယ်က ဥယျာဉ်ကြီးပါ။
မုန့်စားဆင်းချိန်မှာ ကျွန်တော် အဲဒီနားမှာ ခဏခဏ သွားငေးတတ်တယ်။ စံပယ်ချုံလေးတွေ ဆိုရင် အစိမ်းရောင်ပေါ်မှာ အဖြူလေးတွေ ထပ်လို့။ ဒီလိုဆိုတော့လည်း ကျွန်တော်တို့ ကျောင်းဝတ်စုံကို ကျွန်တော် ချစ်ရပြန်တယ်။ ကျောင်းသားတွေဟာ စံပယ်ချုံလေးတွေ ဆိုရင် သစ်ပင်မြင့်မြင့်ကြီးတွေဟာ ဆရာ၊ ဆရာမတွေပေါ့။ ကျွန်တော်တို့ကို အရိပ်ပေးထားပြီး မိုးတွေလေတွေ ကျပြီ ဆိုရင် စံပယ်ချုံလေးတွေကို မိုးရေစက်တွေရဲ့ အရှိန်ဟုန် ပြင်းပြင်းကနေ အကာအကွယ်ပေးထားတယ်လေ။ ပြီးတော့ အနီ၊ အ၀ါ၊ ခရမ်းရောင် စတဲ့ ပန်းပွင့်လေးတွေကို ကျွန်တော်တို့ အတန်းထဲက လူတစ်ယောက်စီရဲ့ နာမည်တွေ တိတ်တိတ် ပေးထားလိုက်တယ်။ ကျွန်တော့်စိတ်ကူးထဲမှာ ပန်းလေးတစ်ပွင့်စီကို နာမည်ခေါ်ပြီး စကားပြောတတ်တယ်။ ကျွန်တော်လား….ကျွန်တော်ကတော့ အဖြူရောင်ပန်းပွင့်လေး တစ်ပွင့်လေ။ ကျွန်တော် အကြိုက်ဆုံး အရောင်က အဖြူရောင်မဟုတ်လား။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ အလိုလိုက်ပစ်လိုက်တာပဲ။
အဲ…ဒါနဲ့ တစ်နေ့မှာ မြန်မာစာ ဆရာမက ကျွန်တော်တို့ကို ကျွန်ုပ်တို့ ကျောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးခိုင်းတယ်။ ကျွန်တော်က ၀မ်းသာအားရနဲ့ ခုနက ကျွန်တော် ပြောတဲ့ အကြောင်းအရာ မှန်သမျှ ရေးပါတယ်။ ရေးပြီးတော့ စိတ်ထဲမှာ ကျေနပ်လို့။ ကျောင်းဆိုတဲ့ ကျွန်တော့် စိတ်ကူးထဲက ပုံရိပ်ပေါ့။ ဒါပေမယ့် စာစီစာကုံးတွေ ပြန်ဝေတဲ့ နေ့မှာဗျာ…။ ဆရာမက ပြောတယ်။ အခု စာစီစာကုံးတစ်ပုဒ်ကို သူဖတ်ပြပါမယ် တဲ့။ ပြီးတော့ ဒီစာစီစာကုံးမှာ ဘာမှားနေလဲ တစ်တန်းလုံး ၀ိုင်းရှာကြရအောင်တဲ့။ ဆရာမ စဖတ်ဖတ်ခြင်းပဲ ကျွန်တော့် မျက်နှာတွေ တရှိန်ရှိန်နဲ့ ပူလာတယ်။ ကျွန်တော် ဆရာမကို မကြည့်ရဲဘဲ ခုံကိုသာ ငုံ့ကြည့်နေမိတယ်။ ကျွန်တော်ကိုယ်တိုင် ပျော်ပျော်ပါးပါးရေးလိုက်တဲ့ စာကြောင်းတွေ ကျွန်တော့်နားထဲကို ကန့်လန့်ဖြတ်ဝင်လာကြတယ်။
တချို့နေရာတွေရောက်တော့ ဆရာမနဲ့ အတူ တစ်တန်းလုံး ၀ိုင်းရယ်ကြတယ်ဗျ။ ဘာတဲ့…ကျွန်တော့် သူငယ်ချင်းလေးများသည် ဥယျာဉ်ထဲက ရောင်စုံပန်းလေးများပင် ဖြစ်တော့သည်တဲ့…..ဟား…ဟား…ဟား……။ မရယ်နိုင်ပေမယ့်လည်း ဘယ်သူမှ မရိပ်မိအောင်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ ကျွန်တော် ရောယောင်ပြီး လိုက်ရယ်မိတယ်။ ပြီးမပြီးနိုင်တော့ဘူးလို့ စဉ်းစားနေရင်း ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်နှစ်မျက်နှာ ရေးမိမှန်းတောင် မသိဘူး။ နောက်ဆုံး စာကြောင်းပြီးတော့ ဆရာမက ပြောတယ်။ ကျွန်တော့်ရဲ့ စာစီစာကုံးမှာ ကျောင်းနာမည်လည်း မပါဘူးတဲ့။ ကျောင်းသားဦးရေ ဘယ်နှစ်ယောက် ရှိတယ် ဆိုတာလည်း မပါဘူးတဲ့။ ဘာအသင်းအဖွဲ့တွေ၊ ဘယ်နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတွေရတယ် ဆိုတာလည်း မပါဘူးတဲ့။ အို…အပြစ်တွေ အများကြီးပဲတဲ့။ နောက်ဆုံးဗျာ…အပြစ်တွေ အားလုံး ပြောပြီးတော့ ညီညီဦး…စာအုပ်လာယူပါ…တဲ့။ ကျွန်တော် ဘယ်လိုကနေဘယ်လို ထပြီးယူမိတယ် မသိဘူး။ အားလုံးဝိုင်းကြည့်နေကြတဲ့ မျက်လုံးတွေကို ကျောခိုင်းပြီး ကျွန်တော့် နေရာကို ကျွန်တော် ပြန်ရောက်လာတယ်။ ၁၀မှတ်ပေးတဲ့ထဲက ကျွန်တော်ရတာက ၃မှတ်တဲ့။ အိမ်ရောက်ရင် မေမေ့ကိုလည်း ရင်မဆိုင်ချင်ဘူး။ အဲဒီနေ့က စပြီးတော့ ကျွန်တော် ကျောင်းဥယျာဉ်ကို မသွားတော့ဘူး။
xxx
ဒေါက်တာ ညီညီဦး (အထူးကု xxx)
အဲဒီဆိုင်းပုဒ်က ကျွန်တော့် ဆေးခန်းလေးရဲ့ ရှေ့မှာဗျ။ ကျွန်တော်ကိုယ်တိုင် အဖြူရောင်သုတ်ထားခဲ့တယ်။ အဖြူရောင်ပန်းပွင့်လေး တစ်ပွင့် ဖြစ်ခွင့်မရတဲ့ ကျွန်တော်ဟာ အဖြူရောင် ဆိုင်းပုဒ်လေးပေါ်က နာမည်တစ်လုံးတော့ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဆိုင်းပုဒ်ကိုမြင်ရင် ကျွန်တော့်ရင်ထဲမှာ ဂုဏ်ယူတာရော၊ နှမျောတာရော ခံစားချက်တွေ ရောနှောနေတယ်ဗျ။ မေမေကတော့ ကျွန်တော် ဆရာဝန်ကြီးဖြစ်သွားတာကို (ပြောစရာမလိုပါဘူး) ဂုဏ်ယူတာပေါ့။ ဆရာဝန်ဖြစ်တာမှ ရိုးရိုးတောင် မဟုတ်ဘူး ဘွဲ့လွန်တောင် ဖြေလိုက်သေးတယ်လေ။ စာအုပ်တွေ ပြန့်ကျဲပြီး လူတစ်ကိုယ်လုံး ပူထူနေတဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ရပေမယ့်လည်း လုပ်သမျှအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့ အကျင့်က အရိုးစွဲနေပြီလေ။ ပတ်ဝန်းကျင်ကလည်း ကျွန်တော့်ဆီက အကောင်းဆုံးကိုသာ မျှော်လင့်မယ်ဆိုတာ ဘယ်သူမှ မပြောလဲ ကျွန်တော်သိပြီးသားပဲလေ။
အခုရန်ကုန်မြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုမှာ ကျွန်တော်က ကလေးအထူးကု။ ဆေးထိုးအပ်တွေ၊ နားကြပ်တွေ၊ အရက်ပြန်နံ့တွေ ဆိုတာလည်း ကြာရင်ယဉ်ပါးသွားတတ်တဲ့ အမျိုးပဲ။ အို…လောကမှာ လူတစ်ယောက်ဟာ လိုအပ်ရင် ဘယ်အရာကို မဆို လုပ်နိုင်ပါတယ်။ သူဘာလုပ်ဖို့ ရွေးချယ်လဲ ဆိုတာပေါ်ပဲ မူတည်တယ်။ ကျွန်တော့်လို မြက်ခင်းကို အပြာရောင်ခြယ်ချင်တဲ့ ကလေးတွေကို ဆေးကုရင်းလည်း တွေ့ရတာတော့ ပျော်စရာ အကောင်းသားပဲ။ ကလေးမိဘတွေကတော့ အစိမ်းရောင်ခြယ်စေချင်တဲ့ သူတွေ ရှိသလို၊ အရောင် ၀ယ်ကို မပေးတဲ့ သူတွေလည်း ရှိတယ်ဗျ။ အပြာရောင်ပေးခြယ်တဲ့ မိဘက ခပ်နည်းနည်းရယ်။
ဒီဆေးခန်းကြီးမှာအပြင် တစ်ပတ်ကို နှစ်ရက်တော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆေးခန်းသေးသေးလေးမှာ ထိုင်တယ်။ အဲဒီဆေးခန်းလေးက ကျွန်တော့်ရဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ နေရာ။ မျက်နှာကြက် အစိမ်းနုရောင်နဲ့ ဖယောင်းပုဆိုး အပြာနုရောင်ကို ကျွန်တော်ကိုယ်တိုင်ပဲ ရွေးချယ်ပြီး ပြင်ဆင်ခဲ့တယ်လေ။ လူနာတွေကို စောင့်ရင်းနဲ့ ကျွန်တော် ပန်းချီဆွဲတတ်တယ်။ ဘောင်အကန့်အသတ်မရှိတဲ့ စာတွေရေးတတ်တယ်။ တိကျပြတ်သားတဲ့ စာတမ်းတွေ၊ လူတစ်ယောက်ရဲ့ အသက်ကို လုနေချိန်မှာ အမှားမခံနိုင်တဲ့ အသိပညာတွေ၊ သူ့ထက်ငါ သာရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေတဲ့ လမ်းကို ကျွန်တော် လျှောက်ခဲ့တာ ဆယ်စုနှစ်တစ်ခု မကတော့ဘူးဆိုတဲ့နောက် ကျွန်တော့်မှာလည်း ပြောစရာတွေ ရေးစရာတွေ ပြည့်နေခဲ့တယ်။ ဒီလိုဆိုတော့လည်း ပြာနေတဲ့ ကောင်းကင်အောက်က လောကဟာလည်း စိတ်ဝင်စားစရာ ကောင်းသားပဲ။ ဆရာတစ်ယောက်က ပြောဖူးတာကို ကျွန်တော် သဘောကျတယ်ဗျ။ ချိုးဖျက်နိုင်ဖို့ အတွက် စည်းဘောင်ဆိုတာကို အရင်ဆုံးသိအောင် ကြိုးစားရမယ်တဲ့။
ဖြောင့်လိုက်ကောက်လိုက် မျဉ်းတစ်ကြောင်းဟာ ကွေ့လိုက်ကောက်လိုက် လမ်းတွေကို ဖြတ်ဖို့ အတွက် အသုံးတော့ ၀င်သားဗျ။ စည်းဘောင်တွေကို ကျွန်တော် ရိုက်ချိုးချင်သလောက် ရိုက်ချိုးနိုင်ပြီလို့ ထင်တာပဲ။ ငယ်ငယ်တုန်းကလို ကျွန်တော့်ကို စောင့်ကြည့်ပြီး သတ်မှတ်ပေးမယ့်သူ မရှိပေမယ့်လည်း အခုတော့ စားဝတ်နေရေးဆိုတဲ့ ပိုကြောက်စရာ ကောင်းတဲ့ အရာကြီးက ကျွန်တော့်ကို စောင့်ကြည့်နေတယ်ဗျ။ မလျှောက်ခဲ့ရတဲ့ လမ်းတို့၊ မသွားခဲ့ရတဲ့ ခရီးတို့ ဆိုတာလည်း မရှိတော့ပါဘူး။ မထွင်ထားတဲ့ ခရီးကို သွားရရင်များ ကောင်းလေမလားဆိုတဲ့ နောင်တလည်း မရှိတော့ပါဘူး။ အခုတော့ ကျွန်တော့်ကောင်းကင်ဟာ ပြာတစ်လှည့်၊ စိမ်းတစ်လှည့်ပါပဲ။ တခါတလေ စိတ်ရှိရင် သက်တန့်ရောင်တောင် ဆိုးပစ်လိုက်နိုင်သေးတာပဲလေ။

Saturday 3 May 2014

အိပ်မက်မြူ (၄)



          “ရန်ကုန်မြို့နေလူတချို့ မြူကြောင့် အထက်မြန်မာပြည်သို့ ခေတ္တ တိမ်းရှောင်နေခြင်း” 
“မော်လမြိုင်၊ ထားဝယ်နှင့် တနင်္သာရီဒေသ တချို့တွင် မြူများ စတင်ဝင်ရောက် လာပြီ ဖြစ်ကြောင်း။” 
ဆန်းကြယ်သောမြူ သို့မဟုတ် အိပ်မက်မြူ
တောင်တရုတ်ပင်လယ်ဖက်မှ စတင်ခဲ့သော အမျိုးအမည်မသိသော မြူထုကြီး၏ အကျိုးဆက်တို့ကို ယိုးဒယား၊ ဗီယက်နမ်၊ ကမ္ဗောဒီးယားနှင့် လောနိုင်ငံတောင်ပိုင်းတို့တွင် စတင်တွေ့ရှိရပြီ ဖြစ်သည်။ ထိုမြူထုကြီးကြောင့် ဒေသခံတို့၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိသော်လည်း ယခုအချိန်အထိ ပညာရှင်တို့၏ လေ့လာချက်များ အရ မြူငွေ့ကို ရှုရှိုက်မိသူတို့၏ အမှတ်သညာ အချို့ကို ထိခိုက်စေကြောင်း တွေ့ရှိရပါသည်။ 
         “ကျွန်မအဖိုးက အရင်တုန်းက စစ်သားတစ်ယောက်ပါ။ စစ်နဲ့ ပတ်သက်ရင် အလွန် ခါးသီးတဲ့ နာကြည်းချက် ရှိပုံရပါတယ်။ သူ့အတွေ့အကြုံအကြောင်း တစ်ခါမှ မပြောပြဖူးဘူး။ မေးရင်တောင် ကြိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟိုတစ်နေ့ ကျွန်မနဲ့ ဖုန်းပြောတော့ သူစစ်သား ဘ၀က အတွေ့အကြုံအကြောင်းတွေ အားပါးတရ ပြောပြနေပါတယ်။ ကျွန်မ အရမ်းအံ့သြသွား ခဲ့ပါတယ်။ အဲဒါ မြူတွေကြောင့်လို့ ကျွန်မဘယ်လိုမှ မထင်ဘူး။ ဒါပေမယ့် အဖိုးတစ်ယောက်တည်း မဟုတ်ဘဲ တစ်မြို့လုံး အတိုင်းအတာနဲ့ ဖြစ်နေတာမို့လို့ မယုံချင်လည်း ယုံရမှာပဲ။”
 
 “ကျွန်တော့် အဖေနဲ့ ကျွန်တော့် အစ်မပြန်ပြီး စကားပြောနေကြတာ ကျွန်တော် ၀မ်းသာမိပါတယ်။ မိသားစု အိမ်တွင်းရေး ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး သူတို့ မခေါ်မပြောကြတာ နှစ်နှစ်လောက် ရှိပြီဗျ။ အခုတော့ အိပ်မက်မြူကို ကျေးဇူးတင်ရမလိုပဲ။”
“သမီးအခုလို သူ့အလုပ်ရှင် အဟောင်းဆီမှာ အလုပ်ပြန်လုပ်နေတာ ကျွန်မတော့ နည်းနည်းမှ သဘောမကျပါဘူး။ အရင်တုန်းက ဒီအလုပ်ရှင်ကြောင့် ကျရတဲ့ မျက်ရည်တွေကို မေ့ကုန်ပြီ ဆိုတာ မယုံနိုင်စရာဘဲ။ ဒါပေမယ့်လည်း သူ့ရဲ့ နဂို မူရင်းစိတ်အတိုင်း မဟုတ်ဘဲ ဒီမြူတွေကြောင့် ဆိုတော့ ကျွန်မဘာပြောရမယ်တောင် မသိဘူး။”
စင်္ကာပူတွင် ကျောင်းတက်နေသော ယိုးဒယားနိုင်ငံမှ ကျောင်းသူ တစ်ယောက်၊ အမေရိကန် နိုင်ငံမှ ဗီယက်နမ်ကျောင်းသားတစ်ယောက်နှင့် ကနေဒါနိုင်ငံတွင် ခေတ္တနေထိုင်သော လောနိုင်ငံသူ မိခင်တစ်ယောက်တို့မှ သူတို့ နိုင်ငံအသီးသီးတွင် ကျန်ရစ်သော မိသားစုဝင်များ အကြောင်း ပြောကြားချက်များ ဖြစ်ပါသည်။ သုတေသီများ၏ အဆိုအရ အိပ်မက်မြူ (Shangrila fog) သည် ရှုရှိုက်မိသူတို့၏ အတိတ်မှ နာကြည်းမှုများ၊ ခါးသီးမှုများ၊ မုန်းတီးမှုများ၊ စက်ဆုပ်မှုများစသည့် ခံစားချက်ဆိုးများကို ပြေပျောက်စေသည်ဟု သိရပါသည်။ အိပ်မက်မြူ၏ ထူးခြားချက်မှာ အတိတ်မှ ဖြစ်ရပ်များကိုမူ လူတို့၏ မှတ်ဉာဏ်မှ ဖျောက်ဖျက်ပစ်သည် မဟုတ်ဘဲ ထိုဖြစ်ရပ်နှင့် နှီးနွယ်နေသာ ခံစားချက်ဆိုးများကိုသာ ပျောက်ပျက်စေသည်ဟု အမေရိကန် xxx တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ xxx ကဆိုပါသည်။ 
         “တော်တော် အံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက်ပဲရှင့်။ ဒီ အိပ်မက်မြူကြောင့် ရလာတဲ့ နောက်ဆက်တွဲက ဘာနဲ့ တူလဲ ဆိုတော့ ကျွန်မတို့ ဦးနှောက်ဗေဒ သုတေသနထဲက “memory reconsolidation” ဆိုတဲ့ ဖြစ်ရပ်နဲ့ ဆင်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ အဆိုအရ တစ်သက်တာ မှတ်ဉာဏ်ဟာ တချိန်လုံး ပြောင်းလဲ နေနိုင်ပါသတဲ့။ တစ်ခါ ပြန်အမှတ်ရတိုင်းမှာ တစ်မျိုး ပြောင်းနိုင်ပါသတဲ့။ ဒီဂုဏ်သတ္တိကို ကျွန်မတို့ ပိုပြီး ကောင်းကောင်း နားလည်ရင် ၀မ်းနည်းစရာ၊ စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေရဲ့ ကျေးကျွန်ဖြစ်နေရှာတဲ့ စိတ်ဝေဒနာရှင် တချို့ကို ကူညီဖို့ အတွက် တတ်နိုင်ပါလိမ့်မယ်။ အခု အိပ်မက်မြူရဲ့ အကျိုးဆက်ကတော့ အကြောင်းအရာနဲ့ အဖြစ်အပျက်တွေကို မမေ့စေဘဲ အဲဒီ အကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ ခံစားချက်ဆိုးတွေကိုသာ အမြဲတမ်းမေ့သွားစေပါတယ်။ ဒါဟာ ကောင်းတဲ့ ကိစ္စလို့ ထင်ရသလိုလို ရှိပါတယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် နာကြည်းမှု၊ မုန်းတီးမှုတွေ မရှိတော့ဘူးပေါ့လို့ ရှင်တို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ ဒါပေမယ့် Shangrila fog ဆိုတဲ့ နာမည်အတိုင်းပဲ…စိတ်ကူးယဉ် ကမ္ဘာထဲမှာသာ ဒီကိစ္စက အလုပ်ဖြစ်ပါလိမ့်မယ်။ မကောင်းမှုကို စက်ဆုပ်မှု မရှိတော့ဘူး ဆိုရင် ကျွန်မတို့ လူသားထုကြီး ဘာလုပ်ကြမလဲ။ မကောင်းတဲ့ လူတွေက မကောင်းတာကို ဆက်လုပ်နေကြဦးမှာပဲ။ ဒါကို ရှုံ့ချဖို့ရာကိုတောင် မစွမ်းသာတော့ဘူး ဆိုရင် ကျွန်မတော့ ရင်လေး မိတယ်။ တစ်ခါသေဖူးလို့ ပျဉ်ဖိုး နားမလည်ရင် ခဏခဏ သေနေကြမှာပဲ။ (ပါမောက္ခကြီးပြောသော စကားကို မြန်မာ စကားပုံဖြင့် သင့်လျော်အောင် ဘာသာပြန်ပါသည်။)”
 
နောက် သုတေသီ တစ်ဦး ဖြစ်သူ xxx တက္ကသိုလ်မှ ဒေါက်တာ xxx ကမူ သည်အခွင့်အရေးသည် ရတောင့်ရခဲ အခွင့်အရေးဖြစ်သည့်အတွက် ယိုးဒယားမှ တက္ကသိုလ်တစ်ခုနှင့် ဆက်သွယ်ပြီး ကြွက်များဖြင့် ဦးနှောက်အကြောင်း သုတေသန ပြုလုပ်မည်ဟု ဆိုပါသည်။
သုတေသီတို့ လေ့လာနေချိန်တွင် ရန်ကုန်နှင့် အနီးတ၀ိုက်မြို့များ၌ ဆန်ဈေး၊ ဆီဈေးနှင့် စားသောက်ကုန် ဈေးများ တက်သွားခဲ့ပါသည်။ အချို့လူများမှာ အိပ်မက်မြူကို ၀မ်းသာအားရ ကြိုဆိုကြသော်လည်း အချို့လူများမှာမူ ကြောက်ရွံ့ ထိတ်လန့်လျက် ရှိကြသည်။ သို့သော်လည်း ထိုအမှတ်သညာသည် အချိန်မည်မျှ ခံမည်ဆိုသည်ကိုတော့ ခန့်မှန်းရန်ခက်ခဲလေသည်။ 

(ဆက်ရန်)

Sunday 27 April 2014

အိပ်မက်မြူ(၃)



         “နာမည်က စုနော်။ စု…စု ဆိုတော့…။”
          “ဟုတ်ပါတယ်။ အဲဒီ စာလုံးက တူတူပါပဲ။”
          “မြန်မာ နာမည်တွေထဲမှာ လူပေးများတဲ့ နာမည်များလား။”
          “ဆိုပါတော့လေ…။”
          “ကိုယ့်နာမည်က နိုင်ဂျာ။”
          “ဘယ်လိုရယ်….နင်ဂျာ ဟုတ်လား။”
          “နိုင်ဂျာပါ။ အာဖရိက ကနိုင်ငံတစ်ခုနဲ့ နာမည် တူတူပဲ။”
          “စိတ်မကောင်းပါဘူး။ ကိုယ် တကယ့်ကို မကြားလိုက်လို့ပါ။”
          “မင်းက မြန်မာပြည်ကနေ ဘာလို့ ထွက်လာတာလဲ။”
          “ဒီလိုပါပဲ။ ဒီနိုင်ငံမှာ ကျောင်းတက်ဖို့ အခွင့်အရေး ရလို့ ဆိုပါတော့။”
          “နိုင်ငံရေး အခြေအနေကြောင့်လား။ ကျောင်းတွေလည်းပိတ်သွားသေးတယ် နော်။”
          “ဆိုပါတော့။ အဲဒီ အကြောင်းပြချက်လည်း ပါမှာပေါ့လေ။”
          “ပြောရေး ဆိုခွင့် လွတ်လပ်မှု မရှိဘူးလား။ အဲဒီ အချက်က မင်းအတွက်များ အရေးပါသလား။”
          “အင်းလေ…လွတ်လပ်တာ ကောင်းသားပဲ။ လူတိုင်း လွတ်လပ်တာကို ကြိုက်တာပေါ့။ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရလို့ လိုက်ပိတ်ပင်တာ ဘယ်ကြိုက်မလဲနော်။”
          “မင်းက ကျောင်းသားတစ်ယောက် အနေနဲ့ လှုပ်ရှားမှုတွေဘာတွေမှာ ၀င်ပါခဲ့သေးလား။ ဆန္ဒပြတာတွေ ဘာတွေရော။ ဒီလိုအကြောင်းအရာတွေကြောင့် မို့လို့ နိုင်ငံထဲကနေ ထွက်လာတာများလား။”       
          “ကိုယ် ရှင်းရှင်း ပြောရမလား။ ဟန်မဆောင်ဘဲနဲ့ ပြောရမလား။”
          “ပြောလေ…။ နားထောင်နေပါတယ်။”
          “ကိုယ်ဟာ လှုံ့ဆော်သူ တစ်ယောက်လည်း မဟုတ်ဘူး။ မင်းမျှော်လင့်သလို ကိုယ် သိပ်ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒါတွေ တစ်ခုမှ ကိုယ်ဝင်မလုပ်ခဲ့ဖူးဘူး။ ကိုယ်ဒီနိုင်ငံကို ရောက်လာရတဲ့ အကြောင်းကလည်း အင်မတန် ရိုးရှင်းပါတယ်။ အိမ်မှာ မနေချင်လို့ အိမ်နဲ့ ဝေးတဲ့ နေရာကို ထွက်လာတာပဲ။”
          အံ့သြတကြီး ငေးကြည့်ကာ ကျန်ခဲ့သော နိုင်ဂျားကို ကျောခိုင်းလျက်က ရယ်ချင်စိတ်ကို မျိုသိပ်ပစ်လိုက်သည်။ စုကတော့ ကိုယ်ဘာလုပ်ချင်သလဲ ဆိုတာကို ကိုယ်သိသည်။ ကိုယ်ဘာပြောချင်လဲ ဆိုတာ ကိုယ်သိသည်။ သူတပါးက ကိုယ့်ကို ဘာပြောစေချင်သလဲ ဆိုတာတော့ (အဲဒီအချိန်တုန်းက) သင်ယူဆဲ ရှိသေး၏။ သည်နေရာ၊ သည်ဒေသက လာလျှင် သည်လို စကားမျိုး၊ သည်လို နောက်ခံမျိုး ရှိစေချင်သည်မှာ လူတွေ၏ မျှော်လင့်ချက်လား။ အားနည်းချက်လား။ ထိုအတွေးက စု ရောက်လာပြီး နှစ်နှစ်လောက်ကြာမှ တဖြည်းဖြည်း လက်ခံလာသည့် အတွေးမျိုး။
          သည်နိုင်ငံကို စရောက်လာကာစက စု တစ်ယောက် ကိုယ့်ကိုယ်ကို အလွန် သနားတတ်ခဲ့သည်။ လူပြက်များ ပြောသလိုပဲ။ ရာသီဥတုက မကောင်း၊ ရာသီဥတုက ကောင်းတော့ အခြေအနေက မပေး။ သည်လိုနှင့် ဆင်ခြေတွေများခဲ့သည်။ သိမ်ငယ် တတ်သည်။ အလွယ်တကူ အားလျော့တတ်သည်။ မျက်ရည်ကျတတ်သည်။ ဒေါသထွက်တတ်သည်။ ဒါပေမယ့်လည်း ဘေးနားပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဇင်ဘာဘွေမှ အန်ဒရီရာသည် ငွေကြေးဖောင်းပွမှုနှင့် မူဂါဘေ အကြောင်းတို့ကို ညည်းညူလျက်ရှိသည်။ ကွန်ဂိုမှ မာရီရာတာသည် ပြည်တွင်းစစ်အကြောင်းကို စုတို့အား စီကာပတ်ကုံး ပြောပြလေသည်။ ပြီးတော့ မက်ဆီကိုသား မခ်ဂယ်လ်ထံမှ မူးယစ်ဆေးဝါးတိုက်ပွဲများ အကြောင်း၊ နီပေါသား နန္ဒဆီမှ ရှားပါးခြင်းများ အကြောင်း။ ကမ္ဘာကြီးတွင် ကောင်းမှုထက် မကောင်းမှုတို့က လွှမ်းမိုးလေသလား။ တတိယနိုင်ငံတွေပဲလားဟု ဆိုမည်လုပ်တော့ ဟောလိဝုဒ်၏ မြို့တော် လော့စ်အိန်ဂျယ်လ်လစ်စ် ဆင်းရဲသား ရပ်ကွက်မှ လာသော မာရီယာနှင့် ချီကာဂိုမှ မိုက်ကယ်လ်တို့ သည် သူတို့ရပ်ကွက်ထဲမှ ဆေးဂိုဏ်းသားများနှင့် သေနတ်များ အကြောင်းပြောပြလေ၏။ ရုပ်ရှင်ထဲမှာလို ပြည်သူ့ရဲများ ၀ိုင်းရုံမျှနှင့် မဖြိုဖျက်နိုင်သော ဒုစရိုက်မှုနှင့် ရက်စက်မှုတို့သည် လူမျိုးမရွေး၊ ကိုးကွယ်ရာ ဘာသာ မရွေး နေရာတကာ၌ လွှမ်းမိုးလေသည်ဟု စု ၀မ်းနည်းစွာ ယုံကြည် လက်ခံရလေတော့သည်။
          ပြီးတော့ စု၏ အခန်းဖော် လူမည်းမလေးထံမှ၊ အတန်းဖော် အခြောက်ကောင်လေးထံမှ မပြီးသေးသော အခွင့်အရေးတိုက်ပွဲများ အကြောင်းကို သင်ယူရသေး၏။ သည်လိုဆိုတော့ ဘာကြောင့် မိကျောင်းမျက်ရည်*တို့ အလွယ်တကူ မကျတတ်သည်ကို ရေးတေးတေး သဘောပေါက်ချင်လာ၏။ ဟင့်အင်း…စုကတော့ အားရအောင် ငိုလိုက်မည်။ ကိုယ့်အတွက်လည်း ငိုမည်။ အန်ဒရီရာတို့…၊ မာရီရာတာတို့…၊ မာရီယာတို့…အားလုံးအတွက်လည်း ငိုမည်။ မျက်ရည်တွေ ခမ်းခြောက်သွားချင် သွားပါစေ။ ထိုခဏ၌ မျက်ရည်တို့သည် မြစ်ဖြစ်ကာ စုလည်း မိကျောင်းဖြစ်သွားလေသည်ကို အံ့သြစွာတွေ့ရလေသည်။ 

*crocodile tear= ဟန်ဆောင်မျက်ရည်
(ဆက်ရန်)