Monday 7 December 2009

ရုပ်တုရုပ်မှန် (ဇာတ်သိမ်း)

၁၉၉၈

ဘ၀ဆိုတာ မမျှော်လင့်တာတွေ ဖြစ်တတ်သည်ဟု ခိုင် တခါမှ နက်နက်နဲနဲ မတွေးမိသော်လည်း အခုတော့ မကြာခဏ တွေးဖြစ်ခဲ့သည်။ ဘယ်လိုမှ ထင်မထားခဲ့သော်လည်း အခုအချိန်မှာ ခိုင်သည် အခြားနိုင်ငံ တစ်ခုကို ရောက်နေခဲ့သည်။ မျက်လုံးပြာပြာ၊ အရပ်မြင့်မြင့်တို့ကြားထဲမှာ၊ မရင်းနှီးသော ဘာသာစကားတို့ အလယ်မှာ၊ အေးခဲ နေသော လေထုထဲမှာ ခိုင်တယောက် ပြေးလွှားကာ နေသားကျဖို့ ကြိုးစားနေခဲ့သည်။ မပြီးသေးသော ပညာရေးကို ဆက်နိုင်ဖို့၊ အသက်မွေး ၀မ်းကျောင်းမှုအတွက် ဘွဲ့တစ်ခု ရဖို့အတွက် ခိုင်ရပ်ဝေးကို ရောက်ခဲ့ရသည်။

ခုတော့လည်း ပတ်ဝန်းကျင်အသစ်သည် ခိုင့်ကို စိမ်းစိမ်းကားကားပင် ဆီးကြိုလျက်။ ခိုင့်အတွက် ဘာစံနှုန်းတွေ ထားမည်လဲဟု ခိုင်မသေချာ။ ထိုစံနှုန်းတွေနှင့်ရော ခိုင်က ကိုက်ညီအောင် နေနိုင်မှာလား။ သေချာတာကတော့ ဒီနိုင်ငံမှာ ခိုင်သည် ခိုင်သာမက မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်နေခြင်းပင်။

“ဒီနှစ် နိုင်ငံတကာယဉ်ကျေးမှုပွဲမှာ ခိုင် ၀င်နွှဲပါလား။ မြန်မာပြည်က ကျောင်းသားဆိုတာ မင်းပထမဆုံးပဲဆိုတော့လေ။”

“ဟုတ်ကဲ့ ကြိုးစားပါ့မယ်။”

ပြောလာခဲ့ပြီးမှ ကိုယ့်မြန်မာပြည်ကို ကိုယ်စားပြုမည့် ဖျော်ဖြေမှုမျိုးကို ခိုင် အပြေးအလွှား စဉ်းစားရသည်။ မြန်မာအ၀တ်အစားများ ပါလာသော်လည်း မြန်မာအကကို ကတတ်ဖို့ မဆိုနှင့် လက်ပင် မချိုးတတ်။ အ၀တ်အစားဝတ်ကာ လမ်းလျှောက်ရုံလောက်တော့ ဖြစ်နိုင်သေးသည်။ မြန်မာသီချင်း နောက်ခံ ဖွင့်ရမည်မို့ သင့်တော်မည့် မြန်မာသီချင်းတွေ လိုက်ရှာဖြစ်သည်။ ခုတော့လည်း မြန်မာဆန်ရမည် ဆိုတော့ တကယ့် မြန်မာသံကိုမှ လိုက်ရှာရမည်လား။ ခေတ်ပေါ်သီချင်းများတော့ သေချာပေါက် မဖြစ်နိုင်။ ကိုယ်ကြိုက်တာကတော့ ကြိုက်သည်ပဲ။

ဘာသီချင်းရွေးရမည် မသိသည့်နောက်မှတော့ ခိုင့်မှာ အားကိုးရမည့်သူက တစ်ယောက်ပဲ ရှိသည်ဆိုတာ ခိုင်သိသည်။ ကိုအောင်…။ ခိုင်နှင့် ဘ၀အကျိုးပေး တူသည်ဟု ဆိုရမည်လား။ ကိုအောင်က ခိုင့်ထက်အရင် နှစ်နှစ်ခန့်စောပြီး ဒီနိုင်ငံကို ရောက်နေခဲ့သည်။ ငယ်ငယ်ကတည်းက ခိုင်အထင်ကြီးခဲ့သူမို့ အရေးရှိတိုင်း ကိုအောင့်ကို သတိရတတ်သည်မှာ မဆန်းတော့။

“ကိုအောင်ဆီမှာ မြန်မာသီချင်းတွေများ ရှိမလားလို့။ ခိုင်တို့ ကျောင်းမှာ ယဉ်ကျေးမှုပွဲ ဆိုတာ ရှိတယ်။ အဲဒါ ခိုင်က မြန်မာ နိုင်ငံကို ကိုယ်စားပြု ရမှာဆိုတော့ မြန်မာ အ၀တ်အစားနဲ့ပဲ မြန်မာသီချင်းဖွင့်ပြီး လမ်းလျှောက်မယ်လို့ စဉ်းစားတာ…။”

“ဘယ်လို မြန်မာသီချင်းမျိုးလိုချင်လဲ ခိုင်။”

ကိုအောင်ကတော့ သူ့အကျင့် အတိုင်း သူသိတာကို မပြောဘဲ သူများသိတာကိုသာ အရင်မေးတတ်မြဲ။ အထူးသဖြင့် ခိုင့်ကို ကိုယ်တိုင်ဆုံးဖြတ် စေချင်သည်။

“ခိုင်လည်း လမ်းလျှောက်လို့ ကောင်းမယ့် သီချင်းမျိုး၊ မြန်မာလည်း ဆန်မယ့် သီချင်းမျိုးပေါ့။ အမှန်အတိုင်း ပြောရရင် ခိုင်က မြန်မာသီချင်းစစ်စစ်တွေ အကြောင်းသိပ်မသိဘူး။ အဲဒါခက်တာပဲ။”

“ခိုင်က ဘယ်လို သီချင်းမျိုးတွေ နားထောင်လဲ။”

“ခိုင်က မျိုးကျော့မြိုင်ကြိုက်တယ်။ ထူးအိမ်သင်၊ ပြီးတော့ လေးဖြူ။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတချို့လည်း နားထောင်တယ်။ အဲဒါတွေက မြန်မာသီချင်းတွေပဲပေါ့။ ဒါပေမယ့် မြန်မာ့ ရိုးရာကိုဖော်ပြဖို့ကျတော့ မလုံလောက်ဘူး ထင်လို့။”

“ဒီသီချင်းတွေကလည်း မြန်မာတွေရဲ့ တပိုင်းတစပဲပေါ့။ ဟုတ်တယ် မဟုတ်လား ခိုင်။ မြန်မာတွေက ကြိုက်ပြီး မြန်မာတွေက ဖန်တီးတဲ့ အနုပညာပဲပေါ့။ ခက်တာက အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးတယ်၊ ဘာတယ် ဆိုပြီး လူတွေက ထင်ကြတယ်။ မြန်မာ့ယဉ်ကျေးမှု စစ်စစ်ရယ် မဟုတ်ဘူးပေါ့။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှု ဆိုတာကရော ဘာလဲ ခိုင်။ ယိုးဒယားကနေ ဆင်းသက်လာတဲ့ အဆိုတွေ အကတွေလား။ လူတွေရဲ့ ကိုယ်ပိုင်ပုံရိပ်၊ ကိုယ်ပိုင် သရုပ်လိုပဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ သရုပ်သကန် ဆိုတာလဲ ရောယှက် ပြောင်းလဲနေတာပဲ။”

“ကိုအောင်ကတော့ လုပ်ပြီ။ သီချင်းလေး တစ်ပုဒ်တောင်းမိတာ တရားဟောခံရတော့တာပဲ။”

ခိုင်က နှုတ်ခမ်းစူချင်သော်လည်း ကိုအောင်ပြောတာကို ခိုင် တလေးတစား နားထောင်ချင်ပါသည်။ ကိုအောင့်မှာ ခိုင်အတွက် စိတ်ဝင်စားစရာ အတွေးအခေါ်တွေ အများကြီး ရှိသည်။ ကိုအောင့်ဆီမှာ ခပ်ရှက်ရှက် ရယ်သံတစ်ခု ကြားလိုက်ရသည် ထင်၏။

“ဟုတ်ပါ့ ခိုင်ရယ်။ ကိုအောင်ကလည်း အကျင့်ကြီးကို ပါလို့။ ခိုင်လိုချင်တဲ့ သီချင်းကို ကိုအောင်ပို့ပေးလိုက်မယ်နော်။ ဒါနဲ့ အတန်းတွေက အဆင်ပြေလား။ စာတွေ လိုက်နိုင်ရဲ့လား။”

ခုတော့လည်း ကိုအောင်က ခိုင့်ကိုညီမလေး တစ်ယောက်လို မေးနေပြန်ပါသည်။ ခိုင် ဖုံးချပြီးတော့ email ထဲမှာ ကိုအောင့်ဆီက သီချင်းက ရောက်နှင့်နေပြီ။ သီချင်းကို ဖွင့်နားထောင်ရင်း ကိုအောင် ပြောသလို မြန်မာဖြစ်တယ် ဆိုတာ ဘာကိုခေါ်တာလဲ ဟုခိုင်တွေးနေမိသည်။

ခိုင်ဒီနိုင်ငံကို ရောက်ကတည်းက ခိုင့်အပေါ်မှာ ဘာမျှော်လင့်ချက်တွေ ရှိသလဲ ဆိုတာကို ခိုင်မကြာခဏ စဉ်းစားမိသည်။ မျက်လုံးပြာနှင့် အခန်းဖော်ရှိနေလျှင် ခိုင်ကြိုက်သော မြန်မာသီချင်းတချို့ကို မဖွင့်ဝံ့သော ခိုင်။ မြန်မာ့သမိုင်းကြောင်းကို မေးလာလျှင်လည်း မေ့ခဲ့ပြီ ဖြစ်သော ကျောင်းသင်ခန်းစာမှ တစွန်းတစကိုသာ ဖြေနိုင်သော ခိုင်။ မြန်မာ့စာပေ အကြောင်းမေးလာလျှင်တော့ ခိုင်နည်းနည်းကျဉ်းကျဉ်း ဖြေနိုင်ပေမယ့် မြန်မာ့ဂီတ အကြောင်း မေးလာလျှင်တော့ ရှက်ရွံ့လျက် ခေါင်းခါရသော ခိုင်။ ဒီလို အကြောင်းအရာတွေကို မသိလျှင် ခိုင်သည် မြန်မာ မပီသတော့ပြီလား။ ခိုင်ဖြစ်စေချင်သော မြန်မာတစ်ဦး ပီသချင်သော်လည်း ခိုင်က ခိုင်ဖြစ်စေချင်သူ မဟုတ်ခဲ့ပါ။ မြန်မာမလေး တစ်ဦးဖြစ်သော ခိုင်ဆိုတာကော ဘာကို ခေါ်တာလဲ။ ကြောက်တတ်သော၊ သူများအလိုကို လိုက်တတ်သော၊ လိမ္မာသော၊ မိဘစကားနားထောင်သော စသည့် နာမ၀ိသေသနများစွာနှင့် ကောင်မလေးက ခိုင်လား။ ပုံစံခွက်ထဲက ရုန်းထွက်ခဲ့သော ကောင်မလေးက ခိုင်လား။ အလှကြိုက်သော်လည်း ပတ်ဝန်းကျင်က ငြိုငြင်မှာ စိုး၍ ရိုးရိုးကုတ်ကုတ်နေခဲ့သော ကောင်မလေးက ခိုင်လား။

တခုတော့ ခိုင်သိခဲ့ပြီဟု ထင်သည်။ ဘယ်လောက်ပင် သတ္တိရှိသည် ထင်ကြသော်လည်း ခိုင်သည် ကြောက်တတ်သော ကောင်မလေးဖြစ်နေဦးမည်။ Rock သီချင်းတွေကို နှစ်သက်သော်လည်း ငါးပိရည်နှင့် ထမင်းပူပူကို နှစ်နှစ်သက်သက် စွဲလန်းနေဦးမည်။ အတွေးအခေါ်တွေ နက်နဲချင်လျက်က အချစ်ဝတ္ထုများနှင့် စိတ်ကူးယဉ်နေဦးမည်။ ပတ်ဝန်းကျင်က ဘယ်လို မျှော်လင့်သော်လည်း အဲဒီ ပုံရိပ်တို့သည် ခိုင်အတုများသာ။ တကယ်တော့ ခိုင်အစစ်သည် မပြည့်စုံခြင်းများနှင့် ပြည့်စုံသော ခိုင်သာ ဖြစ်တော့သည်။

Monday 9 November 2009

ရုပ်တုရုပ်မှန် (၃)

၁၉၉၆

လူအုပ်ကြီးရဲ့ အလယ်မှာ ခိုင်သေးငယ်သလို ခံစားရသည်။ ရန်ကုန်မြို့ကြီးက ကျယ်ပြောလှသည်။ ရန်ကုန်မြို့ကြီးနှင့် စာတော့ ခိုင်က မပြောပလောက်သည့် လူတစ်ယောက်။ ဆေး(၂)မှာ တက်ဖို့ ခိုင် ရန်ကုန် ရောက်ခဲ့ရပြီ။ မြို့လေးမှ ခိုင်သည် မရှိတော့။ ရန်ကုန်ရောက် ခိုင်သည် အရဲစွန့်ကာ တောင်ကြီးသူ၊ မော်လမြိုင်သူလေးများနှင့် မိတ်ဖွဲ့သည်။ အထပ်ထပ်များ ပါသော အင်္ကျီကို မ၀တ်ဖြစ်သော်လည်း အရောင်လွင်လွင်နှင့် အပေါ်အောက် ဆင်တူလေးများ ၀တ်သည်။ မိတ်ကပ်ကို ခပ်ပါးပါးလိမ်းသည်။ နှုတ်ခမ်းနီ အရောင် ဖျော့ဖျော့ဆိုးသည်။ ဒီတော့လည်း ဘယ်သူမှ ခိုင့်ကို ၀ိုင်းမကြည့်ကြ။ ဘယ်လိုဖြစ်လာတာလဲဟု မေးမည့်သူ မရှိ။ ခိုင့်ပတ်ဝန်းကျင် အသစ်တွင် သတ်မှတ်ထားပြီးသား ခိုင်ဆိုတာ မရှိ။ ခိုင့် အတွက် ဒီပတ်ဝန်းကျင်က ဆန်းသစ်လှသည်။

တောင်ကြီးသူလေးက ချို၊ မော်လမြိုင် သူလေးက မော် ဟုသိရသည်။ ပြီးတော့ ခိုင့်အဆောင်နေ အခန်းဖော် နွယ်လည်း ပါလာသည်။ သူကတော့ ပုသိမ်ကဟု ဆိုသည်။ ခိုင်တို့ အဖွဲ့ဖွဲ့ကာ ရန်ကုန်မြို့ကြီးကို စူးစမ်းကြသည်။ ဒီလိုဆိုတော့လည်း ခိုင် ပြောင်းလဲဖို့ အားရှိလာသည်။ အရင်က စကားမပွင့်တပွင့် ပြောသော ခိုင်တစ်ယောက် စကားပြောလို့ မပြီး ဖြစ်နေသည်။ ရုပ်တည်ကြီးနှင့် နေခဲ့သော ခိုင် ခုတော့လည်း ရယ်ကာမောကာ နောက်ပြောင် တတ်လာပြီ။ အတန်းထဲမှာ အမြဲ ဗိုလ်စွဲခဲ့သော ခိုင် အခုတော့လည်း အများထဲက တစ်ယောက် ဖြစ်လာ၏။ အဲဒါကိုပဲ ခိုင်ပျော်သလိုလို။ ပုံစံခွက်ကလေး ကွဲသွားခဲ့ပြီ။ ကွဲသွားမှတော့ ပြန်ဆက်လဲ အရင်အတိုင်း မဖြစ်တော့ပြီ။

ကျောင်းပိတ်ရက်မှာ ချိုတို့နှင့် အတူ မြို့ထဲထွက်ကာ လည်ကြသည်။ လမ်းဘေးဆိုင်မှာ မုန့်ဝင်စားသည်။ အင်းလျားကန်ဘောင်လည်း ရောက်ဖူးချင်သည်ဟု တစ်ယောက်က အဆိုပြုလျှင် ကျန်လူများက မဆိုင်းမတွ ထောက်ခံကာ ဘူးသီးကြော် စားဖို့ စိုင်းပြင်းနေကြ၏။ ဗိုလ်ချုပ်ဈေးထဲမှာလည်း ခိုင် အထည်စ ရွေးတတ်လာသည်။ ဒီအရောင်နှင့် ဟိုအရောင်၊ ဒီအပွင့်နှင့် ဟိုအခက် လိုက်သည် မလိုက်ဘူးဟု နွယ်က ဆိုလျှင် ခိုင်လည်း လိုက်လံ သင်ယူရ၏။ နွယ်က အရောင် သိပ်ရွေးတတ်တာပဲဟုလည်း ချီးကျူး နေမိပြန်သည်။ ချိုက သီချင်းခွေတွေယူလာကာ သီချင်းနားထောင်ကြတော့ သီချင်းအကြောင်းတွေ ပြောဖြစ်ကြပြန်သည်။ မော်ကြိုက်တတ်သော ၀တ္ထုများကိုလည်း လိုက်ဖတ်ဖြစ်သေးသည်။ မော်က ခိုင်နှင့်တူကာ စိတ်ကူးယဉ် ခံစားတတ်သည့် ၀တ္ထုများကို ကြိုက်သည်။ ထူးဆန်းစွာပဲ တချိန်ထဲမှာ လက်တွေ့ဆန်သော၊ သရုပ်ဖော်ဆန်သော ၀တ္ထုတွေကိုလည်း ဖတ်ပြန်သေးသည်။ ခုတော့ ခိုင်လည်း မြသန်းတင့် စာအုပ်များကို ဖတ်ဖူးခဲ့ပြီ။ ကိုအောင့်ကိုပင် သတိရနေမိသေးသည်။ စာမေးပွဲ နီးတော့လည်း အားလုံးအခန်းအောင်းကာ ဇောချွေးပြန်ပြီး စာကျက်ကြပြန်သည်။ ကျောင်းစာတွေက စိတ်ဝင်စားစရာ ကောင်းသည်ထက် ပတ်ဝန်းကျင်အသစ်က ခိုင့်အတွက် သင်ယူစရာတွေချည်း ဖြစ်နေသည်။ ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက်၊ ဒီလိုနှင့် တစ်နှစ်ကုန်ဆုံးသွားခဲ့သည်။

ကျောင်းပိတ်ရက် အိမ်ပြန်တော့ ခိုင် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။ လှလာသည်ဟုလည်း ဆိုကြသည်။ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပြီမို့ အပြောင်းအလဲကို မျှော်လင့် ထားကြသည်လား မဆိုနိုင်။ ပတ်ဝန်းကျင်ကို အရင်ကလောက် ခိုင် ဂရုမစိုက်တတ်တော့ပြီ။

(ဆက်ရန်)

Sunday 25 October 2009

ရုပ်တုရုပ်မှန် (၂)

“ခိုင်က သီချင်းတွေ သိသားပဲနော်။ တချိန်လုံးစာချည်းကျက်နေတယ်လို့ ထင်ရတာ။”

သီချင်းကို စိတ်ပါလက်ပါ ငြီးနေရာမှ နောက်က ရုတ်တရက်ရောက်လာသော ကိုအောင့် အသံကြောင့် ခိုင် လန့်သွားသည်။

“ခိုင်က သီချင်းလည်း ၀ါသနာပါပါတယ်။”

“မသိဘူးလေ။ ခိုင့်ကို တွေ့လိုက်ရင် စာအုပ်နဲ့ချည်း ဆိုတော့ သီချင်းနားထောင်တာတို့၊ ၀တ္ထု ဖတ်တာတို့၊ ရုပ်ရှင်ကြည့်တာတို့ မလုပ်ဘူး မှတ်လို့။”

ကိုအောင်ကလည်း ခိုင့်ကို စာဂျပိုး တစ်ယောက်ထက် ပိုမမြင်ဘူး ထင်ပါရဲ့။ ကိုအောင်က ခိုင်တို့ အိမ်နီးချင်း ဖြစ်သည်။ ကိုလတ်ရဲ့ သူငယ်ချင်းလည်း ဖြစ်ပြန်သည်။ အိမ်ကို လာပြီး ကိုကြီး၊ ကိုလတ်တို့နှင့် ဂစ်တာတီးကာ သီချင်းဆိုကြသည်။ စာအုပ်တွေ အကြောင်း၊ သဘောထား ရေးရာတွေ အကြောင်း ဆွေးနွေးကြသည်။ တခါတလေတော့လည်း ကောင်မလေးတွေ အကြောင်း ပြောနေကြပြန်သည်။ ခိုင်ကတော့ သူတို့ ပြောသမျှကို အားကျစွာနဲ့ စိတ်ဝင်စားစွာနဲ့ စာကျက်ချင်ယောင်ဆောင်ပြီး နားထောင် စမြဲပါပဲ။

တခါတလေတော့လည်း ကိုအောင် အပါအ၀င် လူတွေအားလုံးက ခိုင့်ကို မြင်ကြသည့် အမြင်မှာ ဘယ်လိုများ နေပါလိမ့်လို့ တွေးကြည့်မိသည်။ သူတို့ မြင်သည့် ခိုင်နှင့် တကယ့် ရှိရင်းစွဲခိုင်က ဘယ်လောက်ကွာပါသလဲဟု ခိုင်သိချင်သည်။ လူတွေ ဘယ်လိုမြင်တာကို ခိုင်က ဂရုစိုက်လွန်းတာလား။ အနည်းဆုံးတော့ ကိုအောင် ခိုင့်ကို ဘယ်လိုမြင်လဲ ဆိုတာကို ခိုင်ဂရုစိုက်ချင်သည်။

ခိုင့်ကို အပြင်စာ ဘာစာတွေဖတ်လဲလို့ ကိုအောင် တခါက မေးဖူးသည်။ အဲဒီတုန်းကလည်း ဘာဖြေလို့ ဖြေရမည်မသိ။ ခိုင်က အချစ်ဝတ္ထုတွေ ကြိုက်သည်။ ခံစားချင်သူ၊ ခံစားလွယ်သူလည်း ဖြစ်လိမ့်မည် ထင်သည်။ ဒါပေမယ့် ခိုင့်ကို စိတ်ကူးယဉ်တတ်သော ကောင်မလေး၊ ခံစားချက်ကို ဦးစားပေးလွန်းသော မိန်းကလေးဟု မထင်စေလိုပါ။ ကိုအောင်က လက်တွေ့ကျသူဟု ကိုလတ်က ဆိုဖူးသည်။ သူကိုယ်တိုင်လည်း အချစ်ဝတ္ထု မဖတ်ဟု ပြောဖူးသည်။ အဲဒီတော့ အယောင် အမှားမှားနှင့် မြသန်းတင့်၊ ရွှေဥဒေါင်း၊ မောင်ထင်ဟု ရေရွတ်မိသည်။ တကယ်တော့ အဲဒီ စာရေးဆရာတွေကို ခိုင် မဖတ်ဖူးပါ။ ဖေဖေ့ စာအုပ်စင်ပေါ်မှာ မြင်မိသော နာမည်တွေကို ရွတ်မိသည်ပဲ။ ကိုအောင်နှင့် ဆွေးနွေးနိုင်ရန် တနေ့နေ့တော့ ဖတ်မည်ဟု တေးထားလိုက်သည်။

ခိုင်သည် ခိုင်ပဲ ဖြစ်ပေမယ့်လည်း တခါတလေတော့လည်း ခိုင်သည် ဘယ်လို ခိုင်မျိုးဖြစ်သည် ဆိုတာကိုတော့ ပြင်ဆင်ကြည့်ချင်သေးသည်။

xxx
၁၉၉၄

“ခိုင်က တော်လိုက်တာ။ ဂုဏ်ထူး ငါးခုတောင် ဆိုတော့ ဆေးကျောင်းရ မှာပဲ။”

“ခိုင်က ဆရာဝန်မကြီး ဖြစ်တော့မှာပေါ့။ လိမ္မာလိုက်တာ၊ စာလည်း တော်လိုက်တာကွယ်။”

“ခိုင့်ကို အားကျစမ်းပါ သမီးရယ်။ သမီးမမခိုင်လို ဆရာဝန်မကြီး မဖြစ်ချင်ဘူးလား။ အနေအထိုင်လည်း ရိုးရိုးအေးအေးနဲ့ စာလည်း ကြိုးစားတယ်။”

အောင်စာရင်းတွေ ထွက်ပြီဆိုတာနှင့် ခိုင့်နံဘေးမှာ ချီးကျူးသံတွေ ဝေဆာလို့နေသည်။ ခိုင်တို့ မြို့လေးမှာ သေးငယ်ပြီး ရန်ကုန်မြို့ကြီးလို မဟုတ်၍ ဂုဏ်ထူး ငါးခုထွက်သည့် ကျောင်းသား ခိုင် တစ်ယောက်သာ ရှိပါသည်။ မေမေတို့ကတော့ ပြုံး၍ မဆုံးပြီ။ သူငယ်ချင်းတွေကို ဖိတ်၍ အိမ်မှာ မုန့်ကျွေးသည်။ ခိုင်လည်း ပျော်ပါသည်။ မပျော်ဘူးဟု ဆိုလျှင် ညာရာ ကျမည်ပေါ့။ ဒါပေမယ့် ပျော်တာလည်း ခဏတာပါပဲ။ ခိုင့်အတွက် အရမ်း အရေးမကြီးလှဘူးဟု သိလာရသည်။

ကျောင်းတွေ မဖွင့်ခင် ဘာလုပ်ရမည်လဲ ဟုသာ ခိုင် စဉ်းစားမိသည်။ ဂုဏ်ထူးတွေ အများကြီးပါတော့လည်း အများနည်းတူ ဆယ်တန်းနည်းပြ လုပ်ဖြစ်သည်။ ကိုယ်နှင့် အသက် သိပ်မကွာလှသော ကျောင်းသားတွေက ကိုယ့်ကို လေးစားအောင် ခိုင် ခပ်တည်တည် နေဖြစ်သည်။ စကားကို ပြတ်ပြတ်ပြောသည်။ အင်္ကျီ အရောင်တွေထဲကပင် ခပ်မှိုင်းမှိုင်းဝတ်ကာ လုံချည်ရှည်ရှည်နှင့် ဆံပင်ကို တင်းတင်းစည်းထားသော ခိုင့်ကို လူကြီးလေးဟု ဆိုကြပြန်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခိုင့်ရဲ့ ဆယ်တန်းကျောင်းသားများကတော့ ခိုင့်ကို ရှိန်ကြသည်။ ကောင်းသည်လား၊ မကောင်းသည်လားတော့ ခိုင်ကိုယ်တိုင်လည်း သေချာ မစဉ်းစားမိပါ။ ဒါပေမယ့် သူငယ်ချင်းတွေနှင့် လျှောက်လည်ကြသည့် အခါ ခိုင်လည်း မိတ်ကပ်လိမ်းချင်သည်။ နှုတ်ခမ်းနီ ဆိုးကြည့်ချင်သည်။ ဆံပင်ချချင်သည်။ အတွန့်တွန့်နှင့် အထပ်ထပ်လေးများ ပါသော အင်္ကျီကို ၀တ်ချင်သည်။ ခိုင့်အသက်က ၁၇နှစ် သာသာ ရှိသေးသည်ပဲ။ လုပ်နေကျ မဟုတ်သော အလုပ်တခုကို လုပ်ရသည်မို့ ခိုင့်ကိုယ်ခိုင် မှန်ထဲမှာ ပြန်ကြည့်တော့ ရယ်ချင်သည်။ တခါက အရဲစွန့်ပြီး ၀တ်သွားတော့လည်း မိခိုင် ဘယ်လို ဖြစ်လာတာလဲဟု ၀ိုင်းမေးကြ၊ ပြောကြ ရယ်ကြတော့လည်း နဂိုကပင် ယုံကြည်ချက် မရှိသည်မို့ လွယ်လွယ်ပင် လက်လျော့ ဖြစ်လေသည်။

တခါတလေတော့လည်း အများသတ်မှတ်သော ခိုင်ကို ကိုယ်တိုင် မလွန်ဆန်နိုင်၍ ခိုင်လည်း အများဖြစ်စေချင်သည့် ခိုင်သာ ဖြစ်နေလေတော့သည်။

(ဆက်ရန်)

Monday 12 October 2009

ရုပ်တုရုပ်မှန် (၁)

၁၉၉၀

“နှင်းဆီနဲ့ စံပယ်။”

“နှင်းဆီ”

“ဟာ…ဒါဖြင့်ရင် သက်သက်က ငါတို့အသင်းမှာ ပါမှာပေါ့။ ဟေးးးးး”

သက်သက်၏ မျက်နှာလေးမှာ ချွေးစက်တွေနှင့်။ သက်သက်ကို ကြည့်လိုက်လျှင် ဘယ်တော့မှ မမောဘဲ အမြဲတက်ကြွနေသည်။ ခိုင် လက်ထဲမှစာအုပ်ကို ချ၍ သူတို့ကို မသိမသာ ခိုးကြည့်မိသည်။ သက်သက်ကို ခိုင်ခိုး၍ အားကျနေမိတာတော့ အမှန်ပင်။ သက်သက်က သွက်လက်၍ အမြဲ ဦးဆောင်တတ်သူ။ ခိုင်တို့ အတန်းထဲမှာလည်း အတန်းခေါင်းဆောင်။ လူချစ်လူခင်များသည်။ ပြောရဲဆိုရဲ၍ သတ္တိလည်း ရှိသည်ဟု ခိုင်ထင်သည်။ ခိုင့်လို လူကြောက်၍ အရာရာကို ရှက်ရွံ့တွန့်ဆုတ်နေသူ မဟုတ်။ ဒါပေမယ့် သက်သက်က စာမတော်ရှာ။ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်ပေမယ့် သာမန်အဆင့်နှင့် နှစ်သိမ့်ကျေနပ်မြဲ။ သူအဆင့် မကောင်းသည့် အတွက်လည်း စိတ်မကောင်း ဖြစ်ပုံမရ။

“ဟေး…. ခိုင်ရေ… ခိုင်….။ ငါတို့နဲ့ လာကစားပါလား။’

အိမ်ရှေ့မှာ စာအုပ်ကိုင်ပြီး ငေးနေသော ခိုင့်ကို သက်သက်တွေ့သွားပုံ ရ၏။ လမ်းပေါ်မှနေ အော်ခေါ်နေပြန်သည်။ ခိုင် အိမ်ပေါ်မှ အော်မပြောချင်၍ အိမ်အောက်ကို ဆင်းလာခဲ့သည်။

“ငါ မကစားတော့ပါဘူးဟာ။ စာဖတ်နေလို့။”

ပြောပြောဆိုဆိုနဲ့ လက်ထဲက စာအုပ်ကို ထောင်ပြမိသည်။

“ခိုင်ကလည်း အမြဲတမ်း စာဖတ်နေတာပဲ။ နင်က အဲဒါကြောင့် စာဂျပိုးလေး ဖြစ်နေတာ။ ကျောင်းပိတ်တုန်း ကစားပါလား။ နင့်ကို ကြည့်ရတာ ပျင်းစရာကြီး။”

“မကစားတော့ပါဘူးဟာ။ ကစားလည်း မကစားတတ်ဘူး။ နင်တို့ ကစားတာပဲ ကြည့်မယ်လေ။”

ခိုင့်ကို စည်းရုံး၍ မရသည့်အဆုံး ရယ်မောရင်း ခေါင်းခါရင်း သက်သက် ကစားဝိုင်းထဲ ပြန်ရောက်သွားခဲ့သည်။

တကယ်တော့ ခိုင်ကစားချင်ပါသည်။ ဒါပေမယ့် ခိုင့်ကို အကစားမက်နေသည့် စာမကျက်ချင်သည့် ကောင်မလေးဟု အများက မထင်စေလို။ ခိုင်က သိပ်ထိန်းချုပ်လွန်းသည် ဆိုရမလား။ ကိုလတ်ကတော့ ပြောသည်။ နင်က တောင့်တောင့်ကြီးနဲ့ စိတ်လျော့လက်လျော့ နေစမ်းပါ။ အေးဆေးပေါ့ တဲ့။ သူ့ထုံးစံ အတိုင်းရယ်ကာမောကာနှင့် စတတ်သည်။

နောက်ပြီး မကစားတတ်တော့ ပေါက်ကရတွေ လုပ်မှာ စိုးသည်။ အဲဒီလိုဆိုလျှင် ကျန်သည့် ကစားဖော်များက ငြိုငြင်မှာ စိုးသည်။ မကောင်းသည့် အကျင့်ဟု ဆိုရမည်လား။ ခိုင်သည် သူတပါး ငြိုငြင်မှာကို သိပ်ကြောက်တတ်သော မိန်းကလေး ဖြစ်၏။ အိမ်မှာလည်း အိမ်သားများ၏ ဆန္ဒ အကြိုက်ကို အလွယ်တကူ လိုက်လျောတတ်သည်။ ခိုင့်ဆန္ဒကို ထုတ်ပြောခဲလှသည်။ ဒါကြောင့်ပဲ ခိုင်က စိတ်ပျော့လိုက်တာဟု ကိုကိုကြီးက ဆိုလေသလား။ တကယ်ဆို ခိုင်စိတ်ပျော့သူ မဖြစ်ချင်ပါ။

ခိုင်တို့မှာ မောင်နှမ လေးယောက်ရှိသည့် အနက် ခိုင်က တတိယ သမီး။ ကိုကိုကြီးနဲ့ ကိုကိုလတ်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်လည်း ဖြစ်၊ ယောက်ျားလေးချင်းလည်း ဖြစ်ကြ၍ တတွဲတွဲ။ ခိုင့်ထက် အငယ် ညီမလေးက ခိုင်နှင့် အသက်ကိုးနှစ်ခန့်ကွာ၍ အခုမှ လေးနှစ်သမီးသာ ရှိသေးသည်မို့ ခိုင်နှင့်တွဲလို့ မဖြစ်နိုင်ပါ။ ကိုကြီးတို့ ကိုလတ်တို့က သူတို့နှင့်အပြင်သွားရန် လိုက်ဖို့ ခေါ်ပေမယ့် မုန့်စားဖို့က လွဲ၍ ခိုင်မလိုက်ဖြစ်တာ များပါသည်။ ထို့ကြောင့် ခိုင်လည်း စာအုပ်တွေသာ အဖော်လုပ်၍ နေသည်မှာ မဆန်းလှပါ။

xxx
၁၉၉၃

ဒီနှစ် ဆယ်တန်းမို့ အရေးကြီးသည်ဟု မေမေက တဖွဖွ ပြောပါသည်။ တကယ်တော့လည်း မေမေ သတိပေးစရာ မလိုလှပါ။ ခိုင်တယောက် စာအုပ်နှင့် မျက်နှာ မခွာဘဲ စာကျက်နေသည်ကို တအိမ်သားလုံး သိပြီးသားပဲ။ ကိုကိုကြီးနဲ့ ကိုကိုလတ်က ယောက်ျားလေးတွေမို့ ခိုင့်လောက် စာမကျက်ကြ။ နင်ပဲ မေမေ့ အတွက် ကြိုးစားပေးလိုက်။ ငါတို့က နင့်လောက် စာမကျက်နိုင်ဘူးဟ…ဟု ကိုလတ်ပြောဖူးတာကို ခိုင် သတိရမိသည်။ အားလုံး အမြင်မှာတော့ ခိုင်သည် စာဂျပိုး။ အမှန်တော့ ခိုင်က မေမေတို့ ဖေဖေတို့ အတွက် တာဝန်ကျေသော သမီးကောင်း တစ်ယောက် ဖြစ်ချင်တာနှင့် ခိုင့်တာဝန် ကျေချင်တာ သက်သက်ပါပဲ။ ဂုဏ်ထူးတွေ အများကြီးနှင့် အောင်တာ မအောင်တာကို ခိုင် သိပ်ဂရုမစိုက်ပါ။

ဆယ်တန်းပြီးလျှင် ဘာလုပ်ရမည်လဲ ဆိုတာ ခိုင်ကိုယ်တိုင်လည်း မသိပါ။ မေမေ့ အလိုအရတော့ ဆေးကျောင်းတက်ရမည်ပေါ့။ ဆေးကျောင်းတက် ဆိုတော့လည်း တက်လိုက်ရုံပေါ့ကွယ်။ ကံကောင်းစွာနှင့် ၀ီရိယ ကောင်းသော၊ ဥာဏ်လေးလည်း မဆိုးလှသော ခိုင့် အတွက် သိပ်မခက်ခဲလှပါဘူး။

အဲ… ခက်ခဲတာကတော့ ပညာရေးကလွဲလို့ ခိုင်ကိုယ့်ဟာကိုယ် ယုံကြည်ချက် မရှိတာဘဲ။ ဒါကြောင့် ခိုင့်ဘ၀မှာ လုံခြုံမှု တခု၊ သေချာမှု တခု၊ ကျေနပ်မှုတခု ပေးနိုင်တဲ့ ကျောင်းစာကို ကြိုးစားတာ မဆန်းလှပါဘူး။ တကယ်တော့ သီချင်းလေး တအေးအေးနှင့် အချိန်တန်တော့လည်း ထိပ်ဆုံးက မဟုတ်တောင် အဆင့်ကောင်းကောင်းလေးနှင့် အောင်သော ကိုကြီးကို ခိုင်အားကျသည်။ ကျွန်တော်ကတော့ အင်ဂျင်နီယာ ဖြစ်ချင်တယ်ဟု ဆိုကာ ဖေဖေ့ရေဒီယိုနှင့် ကက်ဆက်တွေကို ကလိတတ်သော ကိုလတ်လို ကိုယ်ဘာလုပ်ချင်လည်း ဆိုတာ သိချင်သည်။ အများအမြင်မှာတော့ ခိုင်က အဟုတ်ကြီးပဲ။ ဒါပေမယ့် တကယ်ခိုင့်ကိုခိုင် မကျေနပ်ပါ။

“သမီးရေ မိခိုင်… ရေနွေးကြမ်းနဲ့ လက်ဖက်လေး ယူခဲ့ပါကွယ်။ ဒေါ်လေးမေ လာတယ်။”

စာအုပ်ရှေ့ချပြီး တခါတရံ တွေးနေတာက ခိုင့်အကျင့်။ မေမေ့ အသံကြားတော့မှပင် ကပျာကယာ ထလာမိ၏။ မီးဖိုထဲမှာ လက်ဖက်သုပ်ရင်း သီချင်းလေးအေးအေး ညည်းနေဖြစ်သည်။ ဒေါ်လေးမေက မေမေ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်။ အသက်သိပ် မကွာလှ သဖြင့် သူငယ်ချင်းလိုလည်း ခင်ကြသည်။ သူ့မှာလည်း ခိုင့်အရွယ် သမီးတစ်ယောက် ရှိသည်။

“မိခိုင်တို့က လိမ္မာတယ် မမခင်ရဲ့။ စာဆိုလည်းတော်။ ကြည့်လိုက်ရင် အမြဲ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ခိုင်းလို့လဲ ရတယ်။”

“အော်… ခိုင်းလို့ ရတာက အခု လက်ဖက်သုပ်ရုံ၊ ရေနွေးတည်ရုံလေးပါ မေကြည်ရယ်။ အိမ်မှုကိစ္စတော့ စာကျက်နေလို့ စာကျက်နေလို့ ဆိုပြီး ခိုင်းလို့ မဖြစ်ပါဘူး။ ကျွန်မကလည်း စာကျက်ဖြစ်ပါစေ ဆိုပြီး မခိုင်း ဖြစ်ပါဘူး။”

မေမေက ရယ်မောပြီး ခိုင့်အကြောင်း ပြောနေပြန်ပါပြီ။

“အမယ်လေး အိမ်က မမ၊ သီတာတို့များ အဲဒီလောက်တောင် အားမကိုးရပါဘူး။ သီချင်းလေးနားထောင်လိုက်၊ ကာတွန်းစာအုပ်လေး ဖတ်လိုက်၊ ၀တ္ထုစာအုပ်လေး ကိုင်လိုက်နဲ့ စာကျက်တယ်လို့ကို မမြင်ရဘူး။ ဆယ်တန်းကျောင်းသူနဲ့ကို မတူပါဘူး။”

ခိုင်ရေနွေးဗန်းနှင့် လက်ဖက်ကိုသယ်ပြီး အိမ်ရှေ့ရောက်လာတော့ ဒေါ်လေးမေက ပြုံး၍ ခိုင့်ကို ကြည့်သည်။

“မိခိုင် ပိန်သွားတယ်။ စာတွေ သိပ်ကြိုးစားနေလို့ ထင်တယ်။ စာတော်တော်ရရောပေါ့။”

ခိုင်က ဘာမျှ မပြောဘဲ ရယ်ကျဲကျဲလုပ်ကာ အခန်းထဲ ပြန်ဝင်လာခဲ့သည်။ တကယ်တော့ ခိုင်က စာအုပ်နဲ့ မျက်နှာ မခွာတဲ့ ကောင်မလေးတော့ မဟုတ်ပါ။

(ဆက်ရန်)

Sunday 27 September 2009

အရှိန်ယူခြင်း

နေရောင်က ကန့်လန့်ကာ ကြားထဲက တိုးဝင်ပြီမို့ မနက်မိုးလင်းပြီမှန်း သိလိုက်ပါသည်။ သို့သော်လည်း အေးအေးစိမ့်စိမ့် တနင်္ဂနွေ မနက်ခင်း တစ်ခုမှာ ဆက်ပြီးတော့ ကွေးချင်နေသေးသည်။ ဒီလိုနှင့် စောင်ကို ခေါင်းမြီးခြုံ၍ တဖက်လှည့်ကာ ဆက်ကွေးနေလိုက်သည်။ ထိုအချိန်မှာ

“ဒေါက်……”

အိပ်ယာဘေးက ပြတင်းပေါက်နားကို တစ်ခုခု ကျလာဟန်တူသည်။ ကိုယ့်အိပ်ယာက ပြတင်းပေါက်နှင့် ကပ်နေတော့ အကျယ်ကြီး ကြားရသည်။ ပြတင်းပေါက်နားမှာ သစ်ပင်ကြီး တစ်ပင် ရှိသည်။ ထုံးစံ အတိုင်း ရှဥ့်များနှင့် ငှက်များ၏ စံပျော်ရာ။ တခါတလေလည်း ရှဥ့်အော်သံလို့ ပြောရမည်လား။ တကျွတ်ကျွတ်နှင့် အသံကြားရတတ်သည်။ ငှက်ကလေးတွေ စိုးစီစိုးစီ လုပ်သည့် အသံကိုတော့ ကိုယ်မမှုပါ။ ရှဥ့်တွေကိုတော့ မမုန်းပေမယ့် မေတ္တာသိပ်မရှိ လှပါ။ အဲ…ဒေါက် ဟူသော အသံက သစ်ကိုင်း ကျိုးကျလို့ ဖြစ်နိုင်သည်။ ဒီလိုပဲ တခါတလေ ကြားရတတ်သည်မို့ ကိုယ့်အတွက် ရိုးနေပါပြီ။ ဟိုတွေးဒီတွေး လုပ်ပြီး ပြန်အိပ်ဖို့ ကြိုးစား၏။

“ဒေါက်……”

မျက်စိမှိတ်ပြီး အိပ်ပျော်သလိုလို ဖြစ်မှ အသံက ထပ်ကြားရပြန်သည်။ ကဲ…ရှိစေတော့ ဒီမနက် စောစောထဖို့ အကြောင်းက ဖန်လာပြီ။ အိပ်ရေးလည်း ၀ပြီပဲ။ တကယ်တော့ မနက်စောစော ထရသည်ကို ကိုယ်နှစ်သက်ပါသည်။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လျက်။ စိတ်လည်း ကြည်လင်သည်။

ရေချိုးခန်းဝင် မျက်နှာသစ်ပြီး ကော်ဖီ တစ်အိုးတည်ပြီး စာရေးချင်စိတ်လေး ပေါ်လာရသည်။ ကော်ဖီကို ခပ်ကျကျနှစ်ခွက်စာမျှ ဖျော်လိုက်သည်။ ထမင်းပူပူလေးနှင့် ငါးခြောက်ဖုတ်လေး စားချင်စိတ်ပေါက်မိသည်။ ထို့ကြောင့် ထမင်းအိုးကောက်တည် လိုက်သည်။

အဆင်သင့် ဖြစ်တော့ ကော်ဖီတစ်ခွက်ကို ခုံပေါ်ချရင်း ကွန်ပျူတာကို ဖွင့်သည်။ စက်စနေတုန်းမှာ ဘာရေးရကောင်းမလဲ ကော်ဖီသောက်ရင်း စဉ်းစားသည်။ ဟိုတစ ဒီတစ အတွေးစတွေကတော့ များသား။ စာတစ်ပုဒ်ဖြစ်ဖို့တော့ အားထုတ်မှု လိုသည်။ စာရေးဖို့ စာမျက်နှာ အသစ်ကို ဖွင့်သည်။ သိပ်စဉ်းစားနေလျှင် မရေးဖြစ်ဘဲ နေတော့မည်။ မထူးပါဘူး။ သိပ်စဉ်းစား မနေနဲ့ဟု ကိုယ့်ကိုယ်ကို ပြောသည်။ ပြီးတော့ စာကြောင်းတွေကို ကောက်ရေးဖြစ်သည်။ မရေးတာကြာတော့ စာရိုက်ရတာ တမျိုးပဲဟု တွေးသည်။ သီချင်းတစ်ပုဒ် ကောက်ဖွင့်လိုက်သည်။ ရေးရတာ ပိုသွက်လာသည်။ တီထွင် ဖန်တီးတတ်သည့် ဥာဏ်တွေသုံးခွင့် မရသည့် ဘ၀မှာ ကိုယ့်ဟာကိုယ် ကြိုးစားယူမှ။

ကဲ…လာလေရော့။ ဆားချက်သည်ပဲ ဆိုဆို စာတစ်ပုဒ်တော့ ဖြစ်သွားပေပြီ။

(ဒီစာလေးရေးပြီး အရှိန်ယူပါသည်။ အသစ်တွေ ရေးပါမည်။ အားထုတ်မှုတစ်ခုနှင့် ဖန်တီးပါမည်။)


Friday 21 August 2009

ခုတလော….

မတန်ခူးရေ နောက်ကျသွားပြန်ပြီ။

တွေးနေမိတာက…
ဒေါသတွေကို လျှော့ရမယ်။ စိတ်ကို ရှင်းရဦးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
တော်တော် စိတ်ဓာတ် ညံ့ဖျင်းသေးတာပဲ

ကျန်းမာရေး...
ဒီလိုပါပဲ

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
Bottom Billions

ရောက်ဖြစ်နေတာက…
အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်

ရေးဖြစ်နေတာက…
စိတ်ထဲမှာ….ချတော့ ရေးဦးမယ်…

နားထောင်ဖြစ်နေတာက…
အများကြီးပဲ….

ရွတ်နေမိတဲ့ ကဗျာက…
မရွတ်ဖြစ်ပါဘူး…

ဖြစ်ချင်နေတာက…
အသုံးဝင်တဲ့သူ…

စားဖြစ်နေတတ်တာက…
အချဉ်ထုပ်

သနားနေမိတာက…
တရားမရှိသောသူတွေ

လွမ်းနေမိတာက…
သူ...

မေ့လျော့ပစ်နေမိတာက…
နာကျင်မှုတွေ

ခါးသက်နေမိတာက…
မရောင်ရာ ဆီလူးနေရတဲ့ ကိုယ့်ဘ၀ကြီး

တမ်းတနေမိတာက…
ရောက်လာမယ့် အနာဂတ်ကို

ကြိတ်ပြီးချီးကျူးနေမိတာက…
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
တရားမဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ပြောကို မပြောချင်ဘူး....

ဆန္ဒရှိနေတဲ့ကိစ္စ…
တိတ်ဆိတ်သော နေရာ….။ အားလုံးကို မေ့ထားချင်တယ်။

မုန်းတီးနေမိတာက…
နိုင်ထက်စီးနင်း၊ တရားမဲ့သူတွေ…

ချစ်နေတာက…
သူ...

စိတ်ပျက်နေမိတာက…
လက်ရှိ အခြေအနေ...

စွဲလမ်းနေမိတာက…
စွဲပြီးတဲ့နောက် မလမ်း တော့ပါဘူး…

လိုအပ်နေတာက…
ငြိမ်းချမ်းသော စိတ်

တောင်းနေမိတဲ့ဆု…
အားလုံး မြန်မြန်ပြီးသွားပါစေတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အရွဲ့တိုက်ချင်နေတယ်……အရွဲ့တိုက်ချင်နေတယ်

ဝန်ခံချင်တာက
ကိုယ့်ကိုယ်ကို အားမရဘူး။ အမြင်ကပ်တယ်။

Wednesday 22 July 2009

ငှက်တစ်ကောင်၊ ကြောင်နှစ်ကောင်နှင့် လူတစ်ယောက်

ဇာတ်လမ်းကတော့ ငှက်ကလေး တစ်ကောင်နဲ့ စတာပါပဲ။

မနက်စောစော သူအိမ်က ထွက်ခဲ့တော့ ခြောက်နာရီခွဲလောက်ပဲ ရှိဦးမယ် ထင်ရဲ့။ နေတော့ထွက်နေပြီပေါ့။ အိမ်ကနေ ဖြည်းဖြည်း လမ်းလျှောက်လာခဲ့တယ်။ နွေဆိုပေမယ့် မနက်စောစော နေမပြင်းလှသေးတာမို့ ရာသီဥတုကလည်း အေးအေးချမ်းချမ်းပဲ။ လမ်းသွားလမ်းလာတွေလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်တဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က လွဲလို့ပေါ့။ မနက်ခင်းက တိတ်ဆိတ်အေးချမ်းလို့၊ ငှက်ကလေးတွေ စိုးစိုးစီစီ မြည်လို့နဲ့လေ

ငှက်ဆိုမှ သူငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နားမှာ ငှက်သေးသေးလေး တစ်ကောင်ကို မြင်လိုက်ရတယ်။ ငှက်ကလေးက ဒဏ်ရာ ရထားပုံရတယ်။ အသက်တော့ ရှိနေသေးတယ်။ သစ်ပင်ပေါ်ကများ ပြုတ်ကျသလားလို့ ဆိုပြီး ငှက်ကလေး ကျနေတဲ့ တ၀ိုက်က သစ်ပင်တွေကို လိုက်ပြီး မော့ကြည့်ဖြစ်တယ်။ အနီးအနားက ရှိတဲ့ သစ်ပင်တွေက ခပ်နိမ့်နိမ့်၊ ခပ်သေးသေးမို့ ငှက်သိုက်တော့ မရှိလောက်ဘူးလို့ တွေးမိတယ်။ တကယ်လည်း သူလိုက်ကြည့်တော့ ယိုင်နဲ့နဲ့ သစ်ပင်ပေါ်မှာ ငှက်သိုက်ရယ်လို့ မတွေ့ရပါဘူး။

ငှက်ကလေးက အသိုက်ပေါ်က ပြုတ်ကျတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒဏ်ရာရပြီး မပျံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ခြေထောက်တွေ လှုပ်ပြီး ရွေ့နေနိုင်သေးတယ်။ ဒါပေမယ့် ဘေးတိုက်ကလေး လဲနေရှာတယ်။ သေးတာမှ လက်သီးဆုပ်တစ်ဝက်စာတောင် ရှိမယ် မထင်လှဘူး။

သူ ငှက်ကလေးကို သေချာကြည့်နေလိုက်တာ ဘယ်အချိန်ကမှန်း မသိဘူး၊ သူ့ခြေထောက်နားကို ကြောင်ဖြူကြီး တစ်ကောင် ရောက်လာတယ်။ အမွေးဖွားဖွားနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ကြောင်ကြီး တစ်ကောင်ပေါ့။ ကြောင်ကြီးက သူ့ခြေထောက်ကို ပွတ်ကာသီကာနဲ့ လှည့်ပတ်နေသေးတယ်။ အမှန်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ ငှက်သေးသေးလေးကို စိတ်ဝင်စားတာ နေမှာ။ အဲဒီအချိန်မှာ ဘယ်ကမှန်း မသိ နောက်ကြောင်တစ်ကောင် ရောက်လာပြန်တယ်။ သူကလည်း အဖြူပဲ။ ဒါပေမယ့် လည်ပင်းမှာ အညိုရစ် ကလေး ပါတယ်။ ကြောင်လည်ရစ်က မိန့်မိန့်ကြီးထိုင်လို့ ကြောင်ဖြူ၊ ငှက်သေးလေးနဲ့ သူ့ကို လေ့လာနေတဲ့ ပုံပဲ။

သူလည်း နည်းနည်း ပြာသွားတယ်။ ဒီငှက်ကလေးတော့ ကြောင်ပါးစပ်ထဲ ရောက်တော့မှာပဲပေါ့။ ကြောင်ဖြူ သို့မဟုတ် ကြောင်လည်ရစ်။ သူတို့က ကြောင်ယဉ်ကျေးတွေ ဖြစ်ပုံရတယ်။ လူကို အကဲခတ်နေပြီး ငှက်ကလေးကို အတင်းကာရော ၀င်ဆွဲတာမျိုးတော့ မလုပ်ဘူး။

ကဲ သူ့ထိုက်နဲ့ သူ့ကံပဲပေါ့လို့ စိတ်လျှော့ပြီး ထွက်လာတော့မယ် လုပ်ပြီးမှ ခြေလှမ်း သုံးလေးလှမ်းလောက် လှမ်းပြီးနောက်တော့ သူပြန်လှည့် လာဖြစ်တယ်။ စိတ်ထဲမှာ ရှင်းမှာ မဟုတ်ဘူးလေ။ တနေ့လုံး ဒီအဖြစ်အပျက်ကို သတိရနေရော့မယ်။ အခုမှတော့ မမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်လို့ မရတော့ဘူးလေ။ အဓိက ကတော့ ကိုယ့်စိတ်ကိုယ် ရှင်းချင်တာဖြစ်ပေမယ့် ငှက်ကလေးကို သနားတာလည်း ပါတာပေါ့ လို့ကိုယ့်ကိုယ်ကို ညှာတွေးလိုက်တယ်။

ပထမ ငှက်ကလေးကို လက်ခုပ်ထဲ ထည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ငှက်ကလေးက ကြောက်ပြီး အတင်းရုန်းတော့ ပြန်ပြန်ပြီး ပြုတ်ကျတယ်။ ဒီလိုနဲ့ လက်နဲ့ အသာမယူလိုက် ပြန်ကျလိုက်နဲ့ သုံးလေးခါ ဖြစ်ပြီးတဲ့နောက် သူလက်လျော့လိုက်တယ်။ ဒီနည်းနဲ့ မဟန်သေးဘူးပေါ့။

ဟိုကြည့်ဒီကြည့် လိုက်ရှာကြည့်တော့ သစ်ရွက်ခြောက် ခပ်ရွယ်ရွယ်လေး နှစ်ရွက်တွေ့တယ်။ ဒါနဲ့ သစ်ရွက်ခြောက်လေး နှစ်ရွက်နဲ့ ညှပ်ပြီး ငှက်ကလေးကို မြေကြီးပေါ်ကနေ မယူလိုက်တယ်။

ပြီးတော့ ဘယ်နားမှာ ထားရမလဲလို့ စဉ်းစားရင်း လက်ထဲမှာ ကိုင်ထားရင်း ဘေးဘီ ပတ်ဝန်းကျင်မှာ လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အဲ ကြောင်ဖြူက သိတဲ့ ပုံစံနဲ့ သူ့နောက်က ဆက်လိုက်လာတယ်။

အဲဒီ အချိန်မှာပဲ လျောကနဲဆို ငှက်ကလေးက သစ်ရွက်ပေါ်ကနေ သူရပ်နေတဲ့နားက ပန်းရုံထဲကို ပြုတ်ကျသွားပါတော့တယ်။ မြေကြီးပေါ်ရောက်တယ် ဆိုတာနဲ့ ပန်းတွေကြားထဲ အတင်း ပြေးဝင်သွားတာပါပဲ။ ကြောင်ဖြူကလည်း သိလိုက်တယ်။ ပန်းရုံထဲကို လှမ်းကြည့်လို့။ သူက အတင်းမောင်းထုတ်ပေမယ့် မသွားဘဲ ပေကပ်ပြီး ယောင်လည်လည် လုပ်နေပြန်တယ်။

ပန်းရုံထဲ ရောက်သွားတဲ့ ငှက်ကို ရှာလို့ မတွေ့မယ့် အတူတူ သူပန်းရုံနားက ခွာခဲ့တယ်။ ကိုယ်ဆက်စရာ ရှိတဲ့ ခရီးကို ဆက်လျှောက်လာရင်း နောက်ပြန် လှည့်ကြည့်ဖြစ်သေးတယ်။ ကြောင်ဖြူက ပန်းရုံကို မွှေနေလေရဲ့။ ကြောင်လည်ရစ်ကတော့ မိန့်မိန့်ကြီး ထိုင်ပြီး ကြည့်နေဆဲ။

စိတ်ထဲမှာတော့ ငှက်ကလေးကို ကြောင်ဖြူ ရှာတွေ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့ရဲ့ အရှုပ်အထွေး တွေကြားထဲမှာ လည်ပတ်ရင်း သူ ငှက်ကလေး အကြောင်းကို မေ့သွားခဲ့တယ်။ ပြန်သတိရတဲ့ အချိန်ကျတော့ ညနေစောင်းရောပေါ့။ ပန်းရုံလေးနားကိုတော့ သူသွားမကြည့်ဖြစ်တော့ဘူး။ နောက်တစ်နေ့ မနက်မှာ သူ့ အိပ်ခန်းပြတင်းပေါက်နား လာနားမယ့် ငှက်ကလေးဟာ အဲဒီ ကြောင်ပါးစပ်က လွတ်သွားတဲ့ ငှက်သေးသေးလေးလို့ ဇွတ်မှိတ် ယုံပစ်လိုက်တော့မယ်။

Friday 26 June 2009

အပေါင်း/အနှုတ် နှစ်ဆယ်

ပန်းကလေးတွေကို စိမ်း ချစ်သည်။ ခြံထဲကိုဆင်းရတာကိုပဲ ပျော်နေမိသည်။ ကျောင်းတက်ရတာ ပျင်းလှပြီ။ ဒီနေ့လို နွေကျောင်းပိတ်ရက်တွေကို မျှော်မိတာ မဆန်းပါ။ ဒီနေ့တော့ ခြံထဲကို ဆင်းလိုက်ဦးမည်။ စာကျက်ဖို့ သတိပေးသော မေမေ့အော်သံကိုလည်း ကြားရမည် မဟုတ်။ မနေ့ကစလို့ ကျောင်းတွေ ပိတ်ပြီမို့ မေမေက လွတ်လပ်ရေး ပေးထားလိုက်သည်။ ထွက်ကာစ နေရောင်က မပြင်းလှသေး။ ခပ်ဖျော့ဖျော့သာ သစ်ပင်တို့ကြားမှာ ဝေ့၀ဲနေသည်။

ဂါဝန်အနားလေးတွေ ဝေ့နေအောင် ပြေးလျက် စိမ်းခြံထဲကို ပြေးလာခဲ့သည်။ ခြံထဲရောက်တော့ ဟိုဖက်အိမ်မှ အန်တီလေးကို လှမ်းပြုံးပြလိုက်သေးသည်။ အန်တီလေးက စိမ်းရေ သနပ်ခါးပန်းလေးတွေ ယူမလားရော့ ဟုဆိုကာ ပန်းလေးတွေ ပေးနေသေးသည်။ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးနေသော အန်တီလေးကို စိမ်းကကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသေးသည်။ ပြီးတော့ ပန်းတွေကို လက်လှမ်းယူပြီး သရက်ပင်ကြီးအောက်ကို ထွက်လာခဲ့သည်။ သစ်ပင်အောက်မှာ ထိုင်ကာ ငေးချင်သေးသည်။

စိမ်းက အိမ်မှာ တစ်ဦးတည်းသော သမီးမို့ တစ်ယောက်တည်း ပျင်းလှသည်။ မေမေနှင့် ဖေဖေကလည်း သူ့အလုပ်နှင့် သူရှုပ်နေကြသည်။ မေမေက တခါတရံ စိမ်းနှင့် အဖေါ်လုပ်သော်လည်း၊ ပုံပြင်တွေ ပြောပြတတ်သော်လည်း သူ့ခမျာလည်း မအားသည်က များသည်။ ဖေဖေကိုတော့ ညနေကျမှသာ တွေ့ရတတ်သည်။ ဖေဖေ့ခမျာလည်း စိမ်းလို ကျောင်းပိတ်ရက် မရရှာ။

သည်လိုနှင့် စိမ်းမှာ တစ်ယောက်တည်းသာ ဖြစ်ရသည်။ ခုလိုနွေကျောင်းပိတ်ရက်မှာ အပြင်ထွက်ပြီး လျှောက်လည်ပစ်လိုက် ချင်သည်။ မုန့်လည်း လျှောက်စားချင်သေးသည်။ မေမေကတော့ စိမ်း သိပ်ငယ်သေးသည် တဲ့။ မေမေတို့ လိုက်ပို့မှ သွားနိုင်မည်တဲ့။ အားတဲ့ အခါလိုက်ပို့ မှာပေါ့ ဆိုသော စကားကိုလည်း မေ့နေကြသည် ထင်၏။

ဟိုဖက်အိမ်က အန်တီလေးလို အသက်ကြီးချင်လှပြီ။ အန်တီလေးက အသက်သုံးဆယ်လောက် ရှိပြီဟု ဆိုသည်။ ပန်းတွေစိုက်တတ်သည်။ နှင်းဆီပင်တွေ အရောင်စုံလို့ နေသည်။ သနပ်ခါးပန်းတွေလည်း ဝေနေတတ်သည်။ ပြီးတော့ အန်တီလေးက ဆရာဝန်လည်းလုပ် သည်ဟု ဆိုပါသည်။

စိမ်းလည်း အသက်ကြီးလာလျှင် ဆရာဝန်လုပ်မည်၊ ပန်းတွေ စိုက်မည်ဟု တေးထားလိုက်သည်။ ပြီးတော့ တစ်ယောက်တည်း လျှောက်သွားလိုက်မည်။ တီဗွီထဲမှာ ကြည့်ရသော ဧရာဝတီမြစ်ကြီးကိုလည်း ကြည့်ချင်သည်။ ဘုရားတွေ အများကြီး ရှိသော ပုဂံဆိုတဲ့ မြို့ကိုလည်း သွားချင်သည်။ သဲတွေ အများကြီးနဲ့ ပင်လယ်ကြီးကို မြင်ရသော ချောင်းသာ ဆိုသည့် ရုပ်ရှင်တွေထဲ တွေ့ဖူးသည့် နေရာကိုလည်း သွားကြည့်ချင်သည်။ လေတွေတော်တော် တိုက်ကာ အေးနေမှာပဲဟု အတွေးထဲပေါ်လာရင်း ပခုံးတွန့်မိသည်။

နောက်ပြီးတော့ နိုင်ငံခြားဆိုသည့် နေရာကိုလည်း ရောက်ဖူးချင်သည်။ နှင်းတွေဖွေးကာ ၀က်ဝံဖြူဖြူကြီးတွေ ရှိသောနေရာကို သွားမည်။ စိမ်းရဲ့ အရုပ်ကြီးနဲ့ တူသောကြောင့် သိပ်ချစ်စရာကောင်းမည်ဟုသာ ထင်သည်။ ညဖက်မှာ မီးရောင်စုံလင်းနေသော မြို့ကြီးတွေဆီလည်း သွားမည်။ တခါမှ မစီးဖူးသော လေယာဉ်ပျံကြီး စီးကာ လျှောက်သွားချင်သည်။ စိမ်း အသက်နှစ်ဆယ်လောက် ကြီးလိုက်ချင်သည်။

အဲဒီတုန်းက ပန်းကလေးတွေ လိပ်ပြာလေးတွေ ကြားထဲမှ ဆယ်နှစ်အရွယ် ကလေးမလေးရဲ့ စိတ်ကူး အတွေးလေးတွေမျှ သာဖြစ်ပါသည်။

xxx

ဒီနေ့ စိမ်း အသက်ငါးဆယ်ပြည့် မွေးနေ့လုပ်သည်။ ဘယ်သူမှ မပါဘဲ မောင်နှင့် သမီးသာ ပါသော စိမ်းရဲ့ မွေးနေ့ပွဲက ကြည်နူးစရာ ကောင်းလှပါသည်။ သမီးလေး အသက်တောင် ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးက မွေးခဲ့သော သမီးတောင် ဒီအရွယ်ရောက်ခဲ့ပြီမှာ ပြန်စဉ်းစားကြည့်တော့ အံ့သြရသည်။

ဘ၀ အခြေတကျ ဖြစ်မှဟူသော အတွေးနှင့် ချီတုံချတုံ စဉ်းစားရင်း မောင်နှင့် စိမ်းတို့ သုံးဆယ့်နှစ်နှစ်မှ သမီးလေးကို ယူဖြစ်ခဲ့ကြသည်။ တကယ်တမ်းတော့ အဲဒီအချိန်မှာ စိမ်းတို့ ဘ၀က မရေမရာရှိ နေဆဲ။ အစနောက်ကျ ခဲ့သည်မို့ အဲဒီအချိန်ကျမှ စမ်းတ၀ါးဝါး သွားနေဆဲ။ မောင်ရော စိမ်းရော နှစ်ဖက်မိသားစုကို ပြန်ကြည့်နိုင်ရန် ကြိုးစားရင်း ကိုယ့်ဘ၀ကိုယ်လည်း အခြေခိုင်အောင် ကြိုးစားနေဆဲ။

အိမ်ခန်းကျဉ်းကျဉ်းထဲမှာ ငှားနေရသည်မို့ စိမ်းစိုက်ချင်သော ပန်းတွေလည်း မစိုက်နိုင်ခဲ့ပါ။ ပန်းအိုးလေးထဲမှာတော့ အပင်လေး လေးငါးပင် စိုက်ခဲ့သေးသည်။ ပန်းပွင့်တဲ့ အပင်ပွင့်ကာ၊ နေမရ ရေမရနှင့် သေသည့် အပင်များလည်း သေကုန်ရှာသည်။

ခရီးစရိတ် အကုန်မခံနိုင်၍လည်း ဘယ်ကိုမှ ခရီးမထွက်နိုင်ခဲ့။ ကျောင်းတက်နေတုန်းကသာ ပုဂံနှင့် ချောင်းသာကို ရောက်ဖြစ်အောင် သွားလိုက်သေးသည်။ အသက်သုံးဆယ် အရွယ်မှာ ခရီးထွက်ချင်စိတ်ကို ချိုးနှိမ်ကာ ရောက်ခဲ့ဖူးသော နေရာမှ ဓာတ်ပုံလေးတွေ ကြည့်၍ အလွမ်းဖြေနေလိုက်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ် ကလေးဘ၀က စိတ်ကူးတွေနှင့်တော့ လက်တွေ့ဘ၀က ကွာခြားနေခဲ့သည်။

အသက်သုံးဆယ်အရွယ်မှာ မောင်က အလုပ်အသစ်မှာ နေသားကျဖို့ ကြိုးစားနေရပြီး စိမ်းကတော့ မောင့်လုပ်စာထိုင်စားရင်း၊ အလုပ်အသစ်ရှာရင်း ရသမျှ ပိုက်ဆံလေးကို စုရင်း ရှိနေခဲ့သည်။ စိမ်းလုပ်ချင်သည် ဆိုသော ဆရာဝန်ဘ၀လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့။ အသက်သုံးဆယ်မှာ စိမ်းဟာ အလုပ်လက်မဲ့ တစ်ယောက်သာ ဖြစ်နေခဲ့သည်။ သင်ခဲ့ဖူးသော ပညာတွေကို သံသယ ၀င်ရင်း၊ ကိုယ့်ကိုယ်ကို အားမရ ဖြစ်ရင်း စိတ်တွေ ရှုပ်ထွေး နေခဲ့သည်။ လောကကြီးမှာ ဒုက္ခတွေ များလှချည်ရဲ့လို့ ညည်းချင်နေသည်။

တကယ်တော့ သမီးကို မွေးလာခြင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အတွင်း မောင်နဲ့ စိမ်းတို့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ အစကတော့ ဘ၀ရဲ့ ဒုက္ခတွေကို မခံစားစေချင်တဲ့ စေတနာနှင့် နောက်ဘ၀တစ်ခုကို လောကထဲ ခေါ်သွင်း မလာချင်ခဲ့။ ဒါပေမယ့်လည်း ဘ၀ရဲ့ အနှစ်သာရကို ခံစားစေချင်သော စိတ်ကလည်း တဖက်မှ ပြန်ပြီး လွန်ဆွဲ နေပြန်လေသည်။ ဒီလိုနှင့် သမီးကို စိမ်း သုံးဆယ့်နှစ်နှစ် အရွယ်မှာ မွေးခဲ့သည်။

သမီးက ငယ်ငယ်ထဲက အမေးအမြန်းထူသည်။ စူးစမ်းကာ အရာရာကို သိချင်နေတော့သည်။ သူ့မေးခွန်းတခုရဲ့ အဖြေကို ရလျှင် ၀ိုင်းသွားတတ်သော သမီး၏ မျက်လုံးလေးများကို မြင်တိုင်း၊ နားလည်သွားလျှင် ပြုံးကာ ခေါင်းလေးစောင်းပြီး စဉ်းစားနေတတ်သော မျက်နှာလေးကို မြင်တိုင်း၊ စိတ်ရော ကိုယ်ပါ သီချင်းလေး တအေးအေးငြီးနေတတ်သော အသံလေးကို ကြားရတိုင်း သမီး စိမ်းတို့ ဘ၀ထဲမှာ ရှိနေခြင်းကို ကျေးဇူး တင်နေမိသည်။

တိုက်ဆိုင်မှု တစ်ခုကတော့ သမီးက ဆရာဝန်လုပ်မည်ဟု စိမ်းရဲ့ တိုက်တွန်းမှု မပါဘဲ သူ့ဟာသူ ပြောလာခဲ့သည်။ ဒီလိုဆိုတော့လည်း စိမ်းမရခဲ့သော ဘ၀ကို သမီးဆီမှ တဆင့် ပြန်မြင်ခွင့်၊ ကြားခွင့် ရဦးမည်ပေါ့။

ဒီလိုနှင့် ရှုပ်ထွေးသော လောကထဲမှာ သမီးကို အောင်မြင်စွာ ကြီးပြင်းစေခဲ့သည်မှာ အနှစ်နှစ်ဆယ် နီးပါးရှိတော့မည်။

စိမ်း ပြတင်းပေါက်နံဘေးမှ ထလာခဲ့တော့ ညသန်းခေါင်တိုင်ရော့မည်။ လကို ငေးရင်း စဉ်းစားနေခဲ့သော အသက်ငါးဆယ် အရွယ် အမျိုးသမီးတစ်ယောက်၏ အတွေးများသာ…။ အနှစ်နှစ်ဆယ်ကို မျှော်မှန်းကာ ကြည့်ခဲ့ဖူးသလို သမင်လည်ပြန်လည်း ကြည့်ခဲ့ဖူးပြီ။ ဘာလိုသေးလို့လဲ။ ပြည့်စုံပြီပေါ့…။

(အစ်မတန်ခူးရေ ကြာသွားတာ ခွင့်လွှတ်ပါ။)

Monday 11 May 2009

အပြောင်းအလဲ

“ဟေ့လူ… ကျုပ်ကားက ခင်ဗျားကားလို နှစ်ပဲခြောက်ပြားတန် မဟုတ်ဘူးဗျ။ သိန်းရာချီတန်တဲ့ မာစီးဒီးစ်။ အခု ခင်ဗျားကားခြစ်သွားတာ ဒီမှာ အစင်းရာကြီး ကျန်ခဲ့ပြီ။ ဘယ်လိုလုပ်မလဲ။ ခင်ဗျား လျော်ကော လျော်နိုင်လို့လား.. ဟင်။”

“ဒီမှာ ခင်ဗျားကားက လမ်းလယ်ခေါင်မှာ ပိတ်ရပ်ထားတာကိုး။ ခင်ဗျားဟာ ခင်ဗျား မာစီးဒီးစ် မကလို့ ဘာဒီးပဲ ဖြစ်ဖြစ်။ ဒါခင်ဗျားပိုင်တဲ့ လမ်းမ မဟုတ်ဘူး။ ဒီလောက် ကားတွေ ရှုပ်နေတဲ့ လမ်းမပေါ် ဒီလို ပိတ်ရက်ထားရင် ဒီလိုပဲ ဖြစ်မှာပဲ။ စည်းကမ်းမရှိရင် မရှိတဲ့ အကြောင်းပြော။ နှစ်ပဲ ခြောက်ပြားပဲတန်တန် ဘယ်လောက်ပဲ တန်တန် ကျုပ်က စည်းကမ်း အတိုင်းမောင်းတာ။”

လမ်းလယ်မှာ ကားနှစ်စီးနှင့် လူနှစ်ယောက်။ စကားများနေကြသည်။ အငြင်းပွားနေကြသည်။

“ကဲ ခင်ဗျား ပြန်လျော်ပေးပေတော့။ ကျုပ်ဝယ်ထားတာ လပိုင်းပဲ ရှိသေးတယ်။ ကျုပ်ကား အခုတော့ ခင်ဗျားကြောင့် အစင်းရာ ထင်သွားပြီ။”

“ဒါပေမယ့် ခင်ဗျား စည်းကမ်းမဲ့လို့ ကျုပ်က ပွတ်မိသွားတာပဲ။ ကျုပ် အပြစ်ချည်းပဲ မဟုတ်ဘူး။”

ဒီလိုနှင့် သူတို့ နှစ်ယောက် ဆက်ငြင်းကြသည်။ အတော်ကြာမှ မကျေမနပ်နှင့်ပင် ကျေနပ်လောက်သော သဘောတူညီမှု တခုရသွားကြသည်။ မာစီးဒီးစ်ကားပေါ်မှ လူလည်း ကားပေါ် တက်ကာ ၀ူးကနဲမောင်းထွက်သွားတော့ လေးဘီးကားလေးပေါ်မှ လူလည်း ဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားခဲ့သည်။

xxx

“ဟေ့…ဟေ့…ကလေးတွေ သရက်ပင်ပေါ်ကို တက်နေကြပြန်ပြီ။ ဆင်းစမ်း ဆင်းစမ်း။ မင်းတို့ သရက်သီး လာခိုးတာ မဟုတ်လား။”

“နှစ်လုံးတည်းပါ ဦးလေးရယ်။ ကျွန်တော်တို့ ကစားရင်း ဆာလို့ တက်ခူးမိတာပါ။”

သစ်ပင်ပေါ်မှ ကလေးနှစ်ယောက်ထဲက ပြန်ပြောရဲ ဆိုရဲ ရှိသော တစ်ယောက်က ပြောသည်။

“ဦးလေး မကြိုက်ရင် ပြန်ယူနိုင်ပါတယ်။ အများကြီးပဲ မို့လို့ တက်ခူး မိပါတယ်။ ကျွန်တော်တို့ အိမ်တွေကိုတော့ မတိုင်ပါနဲ့။”

“နှစ်လုံးလဲ နှစ်လုံးပေါ့။ ဈေးထဲမှာ သွားဝယ်ရင် ဘယ်လောက်ပေးရမယ် မှတ်သလဲ။”

ပြောပြောဆိုဆိုနှင့် ဦးလေးကြီးက ကလေးလက်ထဲမှ သရက်သီး နှစ်လုံးကို လှမ်းယူသည်။ ကလေးတို့ အုပ်စုလည်း ကုပ်ကုပ်ချောင်းချောင်းနှင့် ထွက်လာခဲ့သည်။ ထိုအချိန်မှာ မကျေနပ်သော ကလေးတစ်ယောက်က တိုးတိုးလေး ရေရွတ်သည်ကို ဦးလေးကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ကပ်စေးနဲကြီး” တဲ့။

“ဟေ့… ငါ့ဟာငါ ကပ်စေးနည်းတာ ဘာဖြစ်သလဲ။ ဒါငါ့အပင်ကွ။ ဒီလိုပဲ ဟိုဖက်အိမ်က မိန်းမကလဲ ငါ့အပင်က သရက်သီးကို အချောင်လိုချင်သေး။ ငါကတော့ စိုက်ရပျိုးရပြီး သူတို့က အသီးခူးစားချင်ကြတာကိုး။”

ထိုအချိန်မှာ ဟိုဖက်အိမ်က ခြံထဲရောက်နေသော အပျိုကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ဒီမှာ ဒီမှာ။ ရှင့်သရက်သီးက ကျွန်မခြံထဲကို ကျလာလို့ ကျွန်မကောက်ထားမိတယ်။ အဲဒါကိုပဲ ပြောလို့ မပြီးနိုင်ဘူးလား။ ကျွန်မ မကောက်စေချင်ရင် ရှင့် သရက်ကိုင်းကို ကျွန်မခြံထဲ မကျူးကျော်စေနဲ့။”

လူကြီးနှစ်ယောက်ရဲ့ ရန်ပွဲစပြီမို့ ကလေးတို့လည်း ထွက်ပြေးလာကြသည်။ မနီးမဝေးသစ်ပင် တစ်ပင်အောက်ရောက်မှသာ ပြန်လှည့်ကာ ကြည့်ကြသည်။ ဦးလေးကြီးနှင့် အဒေါ်ကြီးတို့ တခွန်းချီ တခွန်းချဖြင့် ငြင်းခုံနေကြသည်။ သရက်ပင်လေး အောက်၌ပင် ငြင်းခုံနေကြသည်။ ကလေးတို့လည်း လွတ်ပြီဟူသော အသိဖြင့် ဆက်ပြေးထွက်လာကြတော့သည်။

xxx

ထိုညက မိုးတွေရွာသည်။ သည်းသည်းမည်းမည်းကို ရွာသည်။ လေပါပါလာတော့ မိုးစက်တို့ အပြေးအလွှားခုန်ဆင်းရာမှ လေနှင့် လွင့်ပါကြရသည်။ တဟီးဟီး တိုက်နေသော လေပြင်းအောက်မှာ သက်ကယ်မိုး တဲအိမ်လေးတို့ ယိမ်းခါလာသည်။ လေပြင်းကို မမှုသော တိုက်အိမ်ပေါ်မှ လူအချို့လည်း တုန်လှုပ်စ ပြုလာပြီ။ ရှိသမျှ တံခါးတွေကို ဆွဲပိတ်ကြသည်။ ပိတ်စရာ တံခါးမရှိသူများ အဖို့တော့ ထိုင်ကြည့်ကာ ဘုရားစာ ရွတ်နေရုံမှ တပါး ဘာမျှ မတတ်နိုင်ကြ။

လေသည် ကြမ်းရာမှ ထန်လာသည်။ ထန်ရာမှ အညှာအတာ ကင်းမဲ့လာသည်။ မကောင်းဆိုးဝါးတို့ အော်သံလို တိုက်ခတ်နေသော လေပြင်းကို ဘယ်သူမှ အံမတုနိုင်။ လမ်းသွားလမ်းလာ အားလုံး နီးစပ်ရာ အကာအကွယ်အောက် ၀င်ခိုကြရသည်။ ဆောင်းထားသော ထီးတို့လည်း လှန်ထွက်ကာ ခမောက်၊မိုးကာတို့ လွင့်စင် မတတ်ဖြစ်ကုန်ကြသည်။ ခွေးတို့ ကြောင်တို့မကျန် အားလုံး လုံခြုံရာကို ပြေးခို ပုန်းဝင်နေကြသည်။ ခွေးရှင် ကြောင်ရှင်တို့လည်း အောင်နက်၊ ရွှေဝါဟုပင် မရှာနိုင်ဘဲ အိမ်ထဲကို ပြေးဝင်ကုန်ကြသည်။

လေပြင်းကျသံ၏ နောက်ကွယ်တွင်ဝုန်းကနဲ ပြိုလဲသံများ။ ထိတ်လန့်တကြား အော်ဟစ်သံများ၊ ဘုရားတသံများ၊ ကလေးတို့ လန့်၍ ငိုသော အသံများ၊ သားရေ သမီးရေ အော်ခေါ်သံများ။ အသံများအားလုံး လေနှင့် မိုးအောက်မှာသာ ပျောက်သွားရသည်။ အားလုံး၏ ဆုတောင်းမှာ ဒီညကို လွန်ပါစေတော့ဟုသာ…။

xxx

မနက်မိုးလင်းတော့ ကောင်းကင်ကြီးသည် ကြည်လင်လျက်။ မိုးရိပ်တို့ ကင်းစင်လျက်။ မုန်တိုင်းသည် မျက်နှာတမျိုးဖြင့် ဖယ်ခွာခဲ့ပြီ။

လမ်းပေါ်မှာတော့ သစ်ပင်တို့ ဖရိုဖရဲ။ မားမားမတ်မတ် ရပ်ခဲ့သော သစ်ပင်တို့သည် မြေပေါ်မှာ လဲလျောင်းလျက်။ သစ်ကိုင်းတို့ကို မြေကြီးပေါ်မှာ ဆန့်တန်းကာ ငိုကြွေးနေကြသယောင်။ သစ်ပင်အောက်မှာတော့ မာစီးဒီးစ်ကား တစ်စင်း ပိပြားလျက်။ ခေါင်မိုးသည် ချိုင့်ဝင်ကာ မှန်တို့ ကွဲကြေလျက်။ ဒီလိုဆိုတော့လည်း သူ့တွင်ရှိသော ခြစ်ရာသည် မပြောပလောက် သလိုပင်။

မြေကြီးပေါ်မှာ သရက်သီးတို့ လွင့်စင်ကာ ပြန့်ကျဲနေကြသည်။ ဟိုတစ်လုံး ဒီတစ်လုံးနှင့် သရက်သီးတို့ ကောက်မည့်သူ မရှိ။ နေနည်းနည်း ထွက်လာတော့ ခြံထဲမှ လူတချို့ ထွက်လာကြသည်။ အံ့သြသော မျက်နှာ၊ ၀မ်းနည်းသော မျက်နှာ၊ ထိတ်လန့်သော မျက်နှာ စသည်ဖြင့် မျက်နှာအမျိုးစုံလင်လှသည်။

ခြံထဲမှ ဦးလေးကြီးသည် သူ့သရက်ပင်ကို ကြည့်လျက် တိုးတိုးလေး ရေရွတ်သည်။

“တော်သေးတာပေါ့။ ငါ့အိမ်ပေါ် မကျတာ။”

ထို့နောက်တော့ သူလည်း သရက်သီးတို့ကို လှည့်ပင် မကြည့်အားဘဲ အိမ်ထဲ ၀င်သွားလေသည်။

တဖက်ခြံမှာတော့ လူတစ်ဦးရပ်လျက် ထိုနည်းတူ ရေရွတ်လိုက်သည်။

“တော်သေးတာပေါ့။ ငါ ကားထဲမှာ မဟုတ်တာ။”

ထို့နောက်တော့ ပိပြားနေသော ကားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ခြစ်ရာကို သူ လုံးလုံး သတိမရတော့ပါ။

Tuesday 21 April 2009

သံလွင်အိပ်မက်

ပုံရိပ်ရေးထားတဲ့ ၀တ္ထုတိုတစ်ပုဒ် သံလွင်အတွဲ(၃)၊ အမှတ်(၂) မှာပါလာပါတယ်။ ဖတ်ကြည့်ကြပါဦး။
ဒါကတော့ အမြည်းပေါ့။

xxx

ကျွန်မ သူ့ကိုစတွေ့စဉ် တစ်ယောက်တည်း ဖြစ်သည်။ မိုးအုံ့နေသော နေ့တစ်နေ့ဟု ကျွန်မမှတ်မိ နေပါသည်။ ရုံးဆင်းချိန်မို့ ကားမှတ်တိုင်မှာ လူတွေများ နေပေမယ့် ကျွန်မသူ့ကို ချက်ချင်းသတိထား မိသွား၏။ သူဝတ်ထားသော အဆင်ဆန်းဆန်းနဲ့ အင်္ကျီကိုယ်ကျပ်ကြောင့် များလား။ သူ့ရဲ့အသုံးအဆောင် ပစ္စည်းများက သစ်လွင်နေလို့လား။ ကျွန်မ အတိအကျ မမှတ်မိတော့ပါ။ ဒါပေမဲ့ သူ့အမူအရာက တည်ငြိမ်လွန်းသည်ဟု မှတ်မိနေပါသည်။ သေချာစဉ်းစားကြည့်တော့ သူ့အဆင်အပြင်နှင့် အမူအရာသည် ကွာဟလွန်းနေသည်ကိုး။

ကားများ တ၀ီဝီသွား နေကြသော လမ်းမပေါ်ကို သူငေး၍ ကြည့်နေသည်။ သူ့အကြည့်မှာ ၀မ်းနည်းဟန်မပါ၊ တည်ငြိမ်မှုနှင့် လေးနက်မှုတစ်ခု သာရှိပါသည်။ တော်တော်ကြည့်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပဲ။ တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် ဘွဲ့ရပြီးစ အလုပ်ဝင်စ မိန်းကလေး တစ်ယောက် ဖြစ်နိုင်သည်။ အလုပ်မရ သေး၍ ရှာနေသူလည်း ဖြစ်နိုင်တာပဲ။ ခုခေတ်စားနေသော ဘာသင်တန်း ညာသင်တန်းတွေ ချည်းပဲလိုက်တက် နေသူကော၊ ဖြစ်နိုင်သေးတာပဲ။ ၄၅ ကားလာတော့ သူပြေးတက်ကာ သွားသည်။

xxx

ကျန်တဲ့ အပိုင်းကို ဆက်ဖတ်ချင်ရင်တော့ ဒီကိုသွားနိုင်ပါတယ်။

Friday 10 April 2009

နွေအလွမ်း

ခုတလော အားလုံးကနွေအကြောင်း ရေးနေကြတော့ လွမ်းလာပြီး ကိုယ်တိုင်လည်း ရေးကြည့်လိုက်ပါတယ်။ ပန်းချီလည်း ကြိုးစားပြီး ဆွဲကြည့်လိုက်တယ်။ သူကတော့ ပိုးကောင်တွယ်တက်နေတဲ့ သစ်ကိုင်းခြောက်ကြီးလားတဲ့။ (ခံစားတတ်တာလေ။) ပန်းပုံလို့ ကြိုပြီး ပြောထားချင်ပါတယ်။

xxx

သူနောက်ဆုံး အပုဒ်ကို ဖြေရန်ရောက်တော့ စဉ်းစားနေစရာ မလိုဘဲ နွေဦးကာလ ဟူသော စာစီစာကုံးကို ရွေးဖြေလိုက်သည်။ စိတ်ထဲမှာရော စာရွက်ပေါ်မှာပါ ရွက်ဝါလေးများ လွှင့်ပျံလာကြသည်။ ဥသြငှက်တို့ ချွဲနွဲ့ ချိုသာနေကြသည်။ ပျင်းစရာနွေ နေ့လည်ခင်းမှာ ဖုန်နံ့ သင်းသော လေကဝေ့လာသည်။ ကျဲကျဲတောက်သော နွေနေ့လည်နှင့် အေးစိမ့်သော သစ်ရိပ်တို့က သရုပ်ပေါ်လာကြသည်။ သစ်ပင်အောက်က သဲရေအိုးစင်ကလေးတို့ ပုံပေါ်လာသည်။ ငိုချင်သလိုလို လွမ်းချင်သလိုလို နွေပန်းချီကို မြင်ယောင်လာသည်။ ရိုးပြတ်ရွက်တောဟူသော အသုံးကို ရေးရင်း ပုံဖော်အောင် သူမြင်ကြည့်နေမိသည်။

စာမေးပွဲခန်း အပြင်ကို ငေးကြည့်ရင်း တကယ်နွေရောက်ပြီကို သူသတိထားမိ၏။ စာမေးပွဲခန်းတွင် အပ်ကျသံမျှ မကြားရ။ အပြင်မှာ ဥသြသံသဲ့သဲ့ကို ကြားရသည်။ ရုတ်တရက် ဘာကိုမှန်းမသိ လွမ်းလာသည်။ လွမ်းနေရသည့် အရသာကိုလည်း ကြိုက်နေလိုက်သေး၏။ စာစီစာကုံးကို အဆုံးသတ်လိုက်သည်။ ပြီးတော့ ဘောပင်ကို ချကာ သူငေးနေမိ၏။ မွန်းတည့်ချိန်တိုင်တော့မည်ပဲ။ နေက ပြင်းလှသည်။ ရွက်ဝါလေးတို့ ကြွေချင်နေကြပြီ။ လေလေး တချက်ဝေ့လိုက်ဖို့သာ လိုတော့သည်။ ငုပန်း စိန်ပန်းတို့ ပွင့်ပေတော့မည်။

အဖြေလွှာကို ဆရာမလက်ထဲ လျောလျောလျူလျူ ထိုးအပ်ခဲ့ပြီး သူလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အဖြေလွှာလုကာ အတင်းဆက်ရေးနေသော မိန်းကလေးကို ငဲ့စောင်း၍ ကြည့်ဖြစ်ခဲ့သေးသည်။ အပြန်လမ်းမှာ နေက ပြင်းလှသည်။ နောက်နေ့တွေမှာ အင်္ဂလိပ်စာ၊ သင်္ချာ စသည်ဖြင့် နောက်ဘာသာများ ဆက်ဖြေရဦးမည်။ သို့သော် သူ့မှာ အပူသောက သိပ်မရှိလှပါ။ နေပူကျဲကျဲ အောက်မှာ သူ့စိတ်တွေ အေးလှသည်။

တကယ်တော့ စာမေးပွဲကြီး ဖြေချိန်ကို သူမျှော်သည်။ ထိုအချိန်မှာ ပျော်သည်။ စာမေးပွဲကြီး ဖြေနေချိန်အတွင်း တခြားဘာမျှ စဉ်းစားရန် မလို။ အိမ်က သူ့ကို ဂရုစိုက်သည်။ စားချင်တာတွေ အကုန် ၀ယ်ကျွေးသည်။ ချက်ကျွေးသည်။ သတ်သတ်မှတ်မှတ် စာကျက်ရမည်။ ထိုတာဝန်ပြီးလျှင် သူ့အတွက် ပြီးပြီ။ အာရုံမထွေပြား။ စာမေးပွဲ ပြီးလျှင်တာဝန်တွေ ပေါ့သွားမည်ကို တွေးကာ ပျော်သည်။ သူချစ်သော နွေကို ဆီးကြိုရမည်။

နွေရာသီကျောင်းပိတ်ရက်သည် သူ့အတွက် လုပ်ချင်တာတွေကို စီတန်းထားသော အချိန်ဖြစ်သည်။ သူဖတ်ချင်သော ၀တ္ထုများ စာရင်းကို ပြုစုထားသည်မှာ ကြာပေပြီ။ အိမ်ရှေ့ကြမ်းပြင်ကို တံမြက်စည်း စင်စင်လှဲကာ ၀တ္ထုစာအုပ်များကို ၀မ်းလျားမှောက်၍ ဖတ်ရမည်။ ပြီးတော့ နွေဘွဲ့ကို ဖတ်ကာ ဘာကြောင့်မှန်းမသိ မျက်ရည်လည်ချင်သေးသည်။ ပေါ်နွေလလျှင်ဟုသာ စလိုက်လျှင် သူကလည်း အလိုလို ငိုချင်လာသလိုလို။ နေကုန်နေခန်း စာဖတ်ကာ စိတ်ကူးယဉ်ကာနှင့်သာ သူ့နွေရက်များကို ပျော်ပျော်ကုန်ဆုံးချင်လှသည်။ အိုက်စပ်သော နွေညများမှာလည်း စာအုပ်ကလေးကိုင်လျက် လေညှင်းကို မျှော်ကာ နေနေနိုင်သေးသည်။ ရေနှစ်ခါလောက် ချိုးပြီး သနပ်ခါးပါးပါး လိမ်းထားရသော၊ ချည်အင်္ကျီ ပါးပါးဝတ်ထားရသော အရသာကို သူနှစ်သက်သည်။ မီးပျက်ပြီ ဆိုလျှင်တော့ စာလည်း ဖတ်မရတော့။ ထိုအခါလည်း မီးရောင်မဲ့ အေးချမ်းသွားသော နွေည၏ တည်ငြိမ်မှုကို ခံစားနိုင်သေးသည်။ နွေမှာ သူ့စိတ်ကို လွှတ်၍ပျော်သည်။

သင်္ကြန်ကိုတော့ သူချစ်သော်လည်း ငေးရင်းသာ ချစ်ချင်သည်။ သူများတွေပျော်သည်ကို ကြည့်ကာသာ ပျော်လှသည်။ ပိတောက်ပန်းတွေ စပွင့်လျှင် သူပျော်နေတတ်သည်။ ပန်းကြိုက်လှသည် မဟုတ်သော်လည်း တနှစ်မှ တခါ ထူးခြားသည့် အချိန်မို့ တန်ဖိုးထားမိသည် ထင်၏။ ဈေးမှ ၀ယ်သူများ ပြန်လာလျှင် ခြင်းတောင်းထဲ ပိတောက်ပါလာသလားဟု လှမ်းကြည့်ရသည်မှာ အမော။ ပိတောက်ပန်းကို တွေ့လျှင်သူလည်း ဈေးကို ပြေးကာ အားရပါးရ ၀ယ်လိုက်ရမှ။ အိမ်ရှေ့မှာ၊ ရပ်ကွက်ထဲမှာ သစ်ပင်မရှိတော့လည်း သူ့ရဲ့ စိတ်လှုပ်ရှားစရာနေရာက ဈေးမှာပင်။ ၀ယ်လာပြန်ပြီးလျှင်လည်း ဘုရားတင်ပြီးနောက် ကျန်သည့်ပန်းကို ဘာလုပ်ရမည်မသိ။ ပန်လည်း မပန်တတ်တာမို့ တနေ့လုံးသာ တကိုင်ကိုင် လုပ်နေတော့သည်။ စာဖတ်ရာမှာလည်း ပန်းက ပါသည်။ ထမင်းစားတော့လည်း ထမင်းပန်းကန်ဘေးမှာ ပိတောက်တို့ ဝေလျက်။ နောက်ဆုံး အိပ်ယာထဲ ထည့်ကာ ခေါင်းအုံးဘေးမှ ပိတောက်သင်းသင်းကို ရှူရှိုက်နေရမှသာ စိတ်ငြိမ်း၍ အိပ်ပျော်သွားတော့သည်။

သူ့အတွက်တော့ နွေသည် တာဝန်တခုနှင့် တခုကြားက ထိုက်တန်သော ကာလလေးတခု။ စိတ်အလိုလိုက်စရာ ကာလလေးတခု။

ခုတော့ အေးစက်သော ပြတင်းမှ အပြင်ကိုသာ မျှော်နေမိသည်။ ဥသြသံကို ကြားရမလားဟု နားစိုက်ထောင်သော်လည်း အချည်းနှီးပါပဲ။ တာဝန်တခုနှင့် တခုကြားက ကာလဟူသည်မှာ ဟိုးဝေးဝေးက အတိတ်ပုံရိပ်သာသာ မျှသာ။ လွမ်းဆွတ်ဖို့ အချိန်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် လွမ်းနေနိုင်သေးသည်ကိုတော့ သူကျေနပ်နေသေးသည်လေ။

Sunday 29 March 2009

ဆားချက်ခြင်း

တနေ့က ကိုနတ်ဆိုးရဲ့ ဘလောက်မှာ ဘလောက်ရေးခြင်း အကြောင်းလေးနဲ့ ဆက်စပ်ပြီး ပြောချင်တာလေးပါ။ မှတ်ချက်ရှည်ကြီး ဆိုပါတော့။ သူ့ပို့စ်မှာ အရှည်ကြီး မရေးချင်တာရော၊ ဆားချက်ချင်တာရောကြောင့် ပို့စ်အနေနဲ့ တင်လိုက်တယ်။ ကျွန်မပြောချင်တာလေးတွေပါပဲ။ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။

ဘလောက်စရေးဖြစ်တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ။ သူများရေးတဲ့ စာတွေ ဖတ်ရင်း၊ မြန်မာစာကို လွမ်းရင်း၊ စာရေးတာကို ၀ါသနာ ပါရင်းကနေ ဘလောက်ရေးဖို့ ဖြစ်လာပါတယ်။ ကျွန်မအတွက်ကတော့ ဘလောက်ရေးခြင်း ဆိုတာ နှစ်ပေါင်းများစွာ လုပ်ချင်ခဲ့တဲ့ အလုပ်တခုကို လုပ်ရသလိုပါပဲ။ အဲဒါကတော့ စာရေးခြင်းပေါ့။

အရင်တုန်းက စာတိုပေစလေးတွေ ရေးဖူးပါတယ်။ ဒါပေမယ့် အတော်များများဟာ အဖတ်တင် မကျန်ရစ်ပါဘူး။ အဓိက အကြောင်းရင်းကတော့ ဖတ်မယ့်သူ မရှိလို့ ကောင်းကောင်း မရေးဖြစ်တာရယ်၊ ကောင်းကောင်း မရေးဖြစ်တော့ စိတ်ပျက်ပြီး အမှုမဲ့ အမှတ်မဲ့ ချောင်ထိုးထား ဖြစ်လိုက်တာရယ် ကြောင့်ပါ။ နောက်ပြီးတော့ မရေးချင်တဲ့ အခါလည်း ရေးနေရင်း တန်းလန်းကနေ တပိုင်းတစ ပစ်ထားလိုက်တာပါပဲ။ အဲဒီလိုနဲ့ ကျွန်မမှာ စာပိုင်းစာစတွေတော့ အများကြီးပေါ့။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ရေးဖြစ်တာက လက်ချိုးရေရင် လက်တစ်ဖက်တောင် ပြည့်မယ် မထင်ပါဘူး။

တိုတိုပြောရရင် ဒီစိတ်ကူးပုံရိပ်ဆိုတဲ့ ဘလောက်ကို စရေးဖြစ်ပါတယ်။ စိတ်ကူးမှာ ထင်လာတဲ့ ပုံရိပ်တွေကို ထင်ဟပ်စေသော နေရာဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ စရေးတော့မယ် ဆိုတော့ ရေးပြီးသားရှိတဲ့ စာလေးတချို့နဲ့ စဖြစ်ပါတယ်။ အနှစ်နှစ်အလလက ဖတ်မယ့်သူ မရှိခဲ့တဲ့စာလေးတွေကို ဖတ်ကြ မှတ်ချက်တွေ ရေးကြတော့ ပျော်တာပေါ့။

ဒီလိုနဲ့ စာရေးဖို့ ပိုပြီး အားထုတ်ဖြစ်ပါတယ်။ အရင်က သေချာ မစဉ်းစား၊ အားစိုက် မထုတ်ခဲ့တာ အခုတော့ သေချာ အချိန်ပေးပြီး ရေးဖြစ်ခဲ့တယ်။ ရေးလိုက်၊ မှတ်ချက်တွေ ရလိုက်နဲ့ ဆိုတော့ ရေးရတာလည်း ပိုအားရှိလာပါတယ်။ တကယ်စခဲ့တုန်းကတော့ မှတ်ချက်နည်းနည်း၊ လာဖတ်သူ နည်းနည်းနဲ့ပဲ စခဲ့တာပါ။ (ခုထိလည်း တခြားဘလောက်တွေနဲ့ ယှဉ်ရင် နည်းပါသေးတယ်။ ဒါပေမယ့် ကိုယ့်ကို အမြဲ အားပေးနေတဲ့ ပင်တိုင် ပရိတ်သတ် ရှိနေလို့ ကျေနပ်နေပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။) မရေးဖူးတဲ့ ပုံစံတချို့လည်း ရေးဖြစ်ခဲ့တယ်။ ရေးမယ်လို့ မစဉ်းစားခဲ့ဖူးတဲ့ အကြောင်းအရာတွေလည်း ရေးဖြစ်ပါတယ်။

ဘေးထွက် ကောင်းကျိုးတခုကတော့ မြန်မာစာကို ပိုပြီးနိုင်နိုင်နင်းနင်း ရေးနိုင်လာတာပါပဲ။ အရေးအသား အများကြီး တိုးတက်လာတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်တုန်းက မြန်မာစာ စာလုံးပေါင်းတခုကို နှစ်စက္ကန့်လောက် စဉ်းစားရတာ အခုတော့ သိပ်မစဉ်းစား ရတော့ဘူး။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မြန်မာလို ပြောနေပေမယ့် ပျင်းတာနဲ့ မြန်မာလိုက သိပ်မရေးဖြစ် သလောက်ပါပဲ။

နောက်ရေးဖြစ်တဲ့ အကြောင်းရင်း တခုကတော့ အင်္ဂလိပ်စာကို ငြီးငွေ့ခြင်းပါပဲ။ ကိုယ့်ဘာသာစကား မဟုတ်တဲ့ အတွက် အားထုတ်မှု တခုနဲ့ ဖတ်နေရသလိုပဲ။ အင်္ဂလိပ်စကားသုံး နိုင်ငံမှာ နေနေသရွေ့တော့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖတ်နေမှတ်နေရဦးမှာပဲ။ ဒါပေမယ့်လည်း တခါတလေ မြန်မာစာ သိပ်ဖတ်၊ သိပ်ရေးချင်ပါတယ်။ ဒါကြောင့် ဘလောက်လုပ်ဖြစ်တော့ ဟန်သွားတာပဲ။

ခုတော့ ဘလောက်က သူ့ဟာနဲ့ သူတော့ လည်ပတ်နေပါပြီ။ (ပို့စ်တင် ကျဲတတ်တာလေး တခုပါပဲ။) ဒါကတော့ ရေးခြင်း အပိုင်းပေါ့။

မြန်မာဘလောက် တော်တော်များများကိုလည်း လိုက်ဖတ်ဖြစ်ပါတယ်။ မြန်မာစာငတ်နေတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။ ဘလောက် မိတ်ဆွေတွေလည်း တိုးလာပါတယ်။ တယောက်နဲ့ တယောက် အပြင်မှာ မသိကြပေမယ့် ဘလောက်တွေက အဲဒီ ဘလောက်ဂါရဲ့ ပုံရိပ်တွေ ဖြစ်လာပါတယ်။ မြန်မာစာနဲ့ ပိုအလှမ်းနီးလာတယ်။ မြန်မာတွေရဲ့ အငွေ့အသက်လည်း ပိုပြီး ခံစားရပါတယ်။ စာရေးနေသူ တယောက်ဆိုတဲ့ ဖြစ်တည်ခြင်းကိုလည်း လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်ဘူး။ (စာရေးသူလို့ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ် ညွှန်းခြင်း မဟုတ်ပါ။) ဒါကြောင့် ကျွန်မ ဘလောက်ရေးခြင်း ဖတ်ခြင်းကို တော်တော်နဲ့ စွန့်ဖြစ်မယ် မထင်ပါဘူး။ တချိန်ချိန်မှာ အရမ်းကြီး ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးလေ။

အဲ… ပြောစရာရှိတာကတော့ ဘလောက်ဂါတိုင်း သတိထားမိကြတဲ့ အချိန်… အချိန်ပဲ။ ဘလောက်ရေးခြင်း ဖတ်ခြင်းက အချိန်တော်တော်များများကို ၀ါးမျိုသွားသတဲ့။ လုပ်စရာရှိတဲ့ အလုပ်တချို့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တချို့ မလုပ်ဖြစ်ဘူး။ အိမ်အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်ဘူး တဲ့။ (ဖတ်ဖူး ကြားဖူးတာပဲ နော်။)

ဒါပေမယ့် ကျွန်မကတော့ ဘလောက်ရေးချင်တဲ့ဘက်က ဆင်ခြေလေး ပေးကြည့်ပါဦးမယ်။ ဘ၀နဲ့ ချီပြီး ပြောရရင် (အဲ… လုပ်တော့မယ်…) ဘ၀ဆိုတာ လုပ်သင့်တာတွေ လုပ်ထိုက်တာတွေချည်း လုပ်နေဖို့လားလို့ မေးမိတယ်။ လုပ်ချင်တာလေးလည်း လုပ်ရဦးမှာပေါ့လို့ ဆင်ခြေတက်ချင်တယ်။ အဲဒါကြောင့် ကျဲကျဲနဲ့ မှန်မှန်ရေးဖြစ်နေမယ် ထင်တာပါပဲလေ။

Wednesday 18 March 2009

အလွဲ


အစ်မတန်ခူးက tag ထားတာ ကြာပါပြီ။ ဆင်ခြေတွေပေးတော့ ပါဘူး။ မတန်ခူးရေ ရေးလိုက်ပြီ။ ကြာသွားတာ ခွင့်လွှတ်ပါ။ ၀တ္ထုတိုလေး တစ်ပုဒ်အနေနဲ့ ရေးထားပါတယ်။

xxx

မြ…မြ…ဟု သူအကြိမ်ကြိမ် ရေရွတ်နေမိသည်။ မော် ထိုင်နေရာမှ ထသည်။ ရေးလက်စ စာကို ငုံ့ကြည့်ရင်း လက်ထဲမှ ဘောပင်ကို ချသည်။ သူဒီဝတ္ထုကို ရေးမည် ကြံတော့ ဇာတ်ကောင်မိန်းကလေးနှင့် လိုက်ဖက်မည့် နာမည်ကို ပေးရမည်ဟု သေချာတွေးသည်။ မိန်းကလေးသည် သိမ်မွေ့သည်။ နူးညံ့သည်။ သို့ပေမယ့် ရဲရင့်ရမည်။ ထိုအရည်အချင်းများကို ပေါ်လွင်စေသော နာမည်ကို ပေးရမည်။ အမေတို့ ပေးထားခဲ့သော သူ့နာမည်ကတော့ တစ်လုံးတည်း။ မော်ဟူ၍မှ မော်တစ်လုံးတည်း။ သူကိုယ်တိုင်ကတော့ သိမ်မွေ့သလား၊ ရဲရင့်သလား ဟုမစဉ်းစားဖူးပါ။ မော်သည် မော်သာ ဖြစ်နေကာ မော်ဟူသော နာမည်၏ အနက်ကိုလည်း သေချာ မစဉ်းစားဖူးပါ။ လူ့ဘ၀မှာ အမြဲပဲ ခေါင်းမော် နေရအောင်လို့ မော်လို့ နာမည်ပေးခဲ့သည်လား။ အမေကတော့ ဘာမျှ ရှင်းမပြဖူးပါ။ မော်ကသာ ကိုယ်လိုရာကို ဆွဲယူကာ တွေးနေလိုက်သည်။

နာမည်ကို စိတ်တိုင်းကျတော့ ပြတင်းပေါက်နား လျှောက်လာခဲ့သည်။ သူစာရေးဆရာမ ဖြစ်ချင်သည်။ ဖြစ်ချင်တာမှ တပိုင်းကို သေနေလေ၏။ ငယ်ငယ်ကတည်းက စာရူးပေရူး ရူးခဲ့သည်။ ၀တ္ထုများကို အတိုရော အရှည်ရော ဖတ်သည်။ ကျောင်းပိတ်ရက်တွေမှာ ဘာမှ မလုပ်နိုင်ဘဲ စာအုပ်များနှင့် အချိန်ကုန်နေတော့သည်။ ဖတ်ပါများတော့ ရေးချင်လာသည်။ ဒီဝတ္ထုလေးကိုတော့ ငါဆိုရင် ဒီလိုရေးလိုက်မယ်၊ ဒီအဆုံးသတ်လေးတော့ ကြိုက်တယ်၊ ဒီအဆုံးသတ်လေးတော့ မကြိုက်ဘူး၊ ဒီလိုလေး ပြင်လိုက်ရင် ကောင်းမယ်ဟု ပြင်ပြီး စဉ်းစားတတ်လာသည်။ အိပ်ယာဝင် မီးမမှိတ်မီလည်း စာအုပ်တစ်အုပ် ခဲတံတစ်ချောင်းနှင့် ရေးခြစ်သည်။ အိပ်ယာဝင် မီးမှိတ်ပြီးတော့လည်း အမှောင်ထဲမှာ အိပ်ရင်းနဲ့မှ စဉ်းစားသည်။ အိပ်မက်ထဲမှာလည်း ဆက်၍ ရေးသည်။

ဒီလိုနှင့် သူ့ပတ်ဝန်းကျင်မှာ ရှိသောအဖြစ်အပျက်များကို ၀တ္ထုဇာတ်လမ်း အနေဖြင့် စဉ်းစားသည်။ သူ့ကျင်လည်ရသော အသိုင်းအ၀ိုင်းသည် သူ့အတွက် ဇာတ်ကောင်များ ဖြစ်လာသည်။

သူဖြစ်ဖြစ်မြောက်မြောက် ၀တ္ထုလေး တစ်ပုဒ်စရေးတော့ မဂ္ဂဇင်းတစ်ခုစီသို့ မ၀ံ့မရဲ ပို့ခဲ့သည်။ အရွေးမခံ ရဘူးဆိုတာ သိတော့ ငိုခဲ့ရသေးသည်။ ထမင်းတောင် မစားနိုင်။ ဒုတိယ၊ တတိယ၀တ္ထုတွေ အငြင်းခံရတော့ အရေထူသွားခဲ့ပြီ။ တစ်ပုဒ်အငြင်းခံရလျှင် နောက်တစ်ပုဒ်ပို့ရန်လည်း ၀န်မလေးတော့ပြီ။ မဂ္ဂဇင်းတစ်တိုက်မှ နောက်တစ်တိုက်ကို ပို့ရန်လည်း ၀န်မလေးတော့ပြီ။

ဇာတ်လိုက်မလေးများကိုလည်း အမျိုးမျိုး စိတ်ကူးယဉ်ကြည့်သည်။ မော့်ရဲ့ စံပြ ဇာတ်ကောင်လေးများမှာ မိန်းကလေး ပီသ၍ နူးညံ့ကြသည်။ တချိန်တည်းမှာပဲ ပြတ်သားသည်။ သတ္တိရှိသည်။ အမှန်တော့ မော်ဖြစ်ချင်သော ပုံစံကို ၀တ္ထုထဲမှာ ဖြစ်စေလိုက်သည်။

နောက်တစ်ပုဒ်မှာတော့ ကြောက်တတ်သော၊ အရာရာတွင် သူတပါးကိုမှ အားကိုးသော၊ လောကကြီးကို ရင်မဆိုင် ရဲသော မိန်းကလေးတစ်ယောက်ကို သူဖန်တီးသည်။ ထိုအခါ ထိုဇာတ်ကောင်နှင့် ကိုက်ညီအောင် သူ့နာမည်ကို ပေးရမည်ဟု တွေးမိပြန်သည်။ မိန်းကလေး၏ နာမည်သည် ထိလွယ်ရှလွယ်သော သဘောကို ဆောင်ရမည်။ သူ့ချစ်သူက ဖေးမစေလိုသော သဘောကို ဆောင်ရမည်။

ဒီလိုနှင့် မော့်ကမ္ဘာလေးထဲမှာ မော့်ဇာတ်ကောင်တွေနှင့် တွေ့သည်။ စကားပြောသည်။ သူတို့ကို ပြုပြင်သည်။ သူတို့နာမည်တွေကို ကိုယ်ကြိုက်သည့် စရိုက်နှင့် ကိုက်ညီအောင် ပေးသည်။ ကိုယ်ဖြစ်စေချင် သည့်ပုံစံကို အသွင်ဆောင် စေသည်။ ရေးနေရင်းမှ တ၀က်ရောက်သော်လည်း မကြိုက်လျှင် နာမည်များကို လိုက်ပြောင်းဖြစ်ပြန်သည်။

သြော်…ဇာတ်ကောင်များကို ဖန်တီးရတာသာ စိတ်တိုင်းကျသည်။ နာမည်များကိုလည်း ကိုယ်ပေးချင်တာ ပေးနိုင်သည်။ နှစ်မျိုးသုံးမျိုးလဲ ပေးကာ ကြိုက်သည့် နာမည် ပြောင်းနိုင်သည်။ တကယ်တော့လည်း မော့်ဇာတ်ကောင်များမှာ မော့်ရဲ့ သားသမီးတွေလို ပါပဲဟု တွေးနေမိသေးသည်။

ဒါပေမယ့် မော့် စိတ်ပြောင်းလဲ တတ်ပုံမျိုးနှင့် ကိုယ့်သားသမီးများကို ကိုယ်သာ ဒီလို နာမည်ပေးရလျှင်တော့ မဖြစ်။ ဒီနေ့ မြသဉ္ဇာ ဖြစ်ကာ နောက်နေ့ ကြွေဝတ်မှုန်လည်း ဖြစ်နေနိုင်သည် မဟုတ်။ ကလေး၏ နာမည်ကို ပေးတုန်းကတော့ ပေးပြီး ဆယ်နှစ်လောက်ကြာတော့မှ လိုက်ပြောင်းနိုင်မည် မဟုတ်။ ဇာတ်ကောင် တစ်ယောက်လို ဒီနေရာလေး နည်းနည်းပိုပြီး ဟိုနေရာလေး နည်းနည်း လျော့လို့ ရနိုင်မှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ဇာတ်ကောင် ဆိုလျှင် လူနှင့်တူအောင် ကောင်းတာရော ဆိုးတာပါ ဖန်တီး နိုင်သည်။ စိတ်ကို အမျိုးမျိုး ပြောင်းလဲနိုင်သည်။ တခါတရံမှာ တွေဝေ၍ တခါတရံမှာ ပြတ်သား ခိုင်းလိုက်မည်။

သို့ပေမယ့် ကိုယ်ကမွေးလာသော ကိုယ့်သားသမီးဆိုလျှင်တော့ ကောင်းတာလေး တွေသာ ရွေးဖြစ်စေချင်သည်။ သတ္တိရှိသူ၊ ရင်ဆိုင်ရဲသူ၊ ပြတ်သားသူ၊ ရင့်ကျက်သူ လေးတွေသာ ဖြစ်စေချင်သည်။ လိုလေသေး မရှိ ပြည့်စုံသူ ဖြစ်စေချင်သည်။ မော့် အတ္တဟုပဲ ဆိုရပေမည်။ ဒါကြောင့် စာရေးတာပဲကောင်းသည်။ ဇာတ်ကောင်တွေ ဖန်တီးတာပဲ ကောင်းသည်။ သားသမီးများထက် ဇာတ်ကောင်တွေ ပျိုးထောင်ရတာပဲ လွယ်သည်။

xxx

ဆယ်နှစ်ခန့်ကြာတော့ မော်သည် စိတ်ရောရုပ်ပါ ရင့်ကျက်သော အမျိုးသမီး တယောက် ဖြစ်ခဲ့ပြီ။ မိန်းမကြီး စာရင်းသို့ ၀င်လုဝင်ခင် ဖြစ်ခဲ့ပြီ။ ထိုကာလမှာ မော့်ဘ၀ထဲတွင် ဇာတ်ကောင်များထက် ကလေးက ပိုများနေခဲ့ပြီ။

မော်နှင့် မောင့်မှာ ကလေးလေးယောက်ရှိသည်။ အားလုံး မိန်းကလေးတွေချည်း ဖြစ်သည်။ မြဆည်းဆာ၊ မြနေကြာ၊ မြ၀တ်ရည် နှင့် မြနဒီဟု နာမည်တွေကို လှလှလေးတွေချည်း ရွေး၍ ပေးပစ်လိုက်သည်။ မော်၏ စိတ်တိုင်းကျမှုသည် ထိုမှာတွင်ပင် အဆုံးသတ်၏။ မြကလေး လေးယောက်မှာ မော် ဖြစ်စေချင်သည်နှင့် ဆန့်ကျင်ဖက်။ တစ်ယောက်က အိပ်ယာပေါ်တက်ကာ တဒိန်းဒိန်း ခုန်လျှင် နောက်သုံးယောက်က အိမ်မှာရှိသော ခွက်တွေပုံးတွေ ယူလာကာ သီချင်းဆိုတမ်း ကစားကြသည်။ တစ်ယောက်က သစ်ပင်တက်လျှင် နောက်သုံးယောက်ကလည်း လိုက်တက်မယ် တကဲကဲ လုပ်သည်။ မော်လိမ်းသော ပေါင်ဒါ မိတ်ကပ်များကိုလည်း လစ်လျှင် လစ်သလို ယူ၍ အသုံးချကာ အငြိမ့်ကတမ်း ကစားကြပြန်သည်။

ဒီလိုနှင့် မြကလေးတို့ နာမည်လှလှလေးများလည်း ပျောက်ရကာ ဘုတ်ဆုံ၊ မျောက်မူး၊ ပေတူး စသည်ဖြင့် နာမည်မျိုးစုံတွင်တော့သည်။ မော်သည်လည်း စာရေးဆရာမ မဖြစ်ဘဲ တာတေလေးများ၏ အမေလုံးလုံး လျားလျားဖြစ်လို့နေသည်။ သို့ပေမယ့် မော်သည် မောရင်းက ပျော်လျက်ပင်။ စာရေးဆရာမ ဖြစ်ချင်တယ်ဆိုဟု လာမေးသူများကို ဟင်…ဘယ်သူက ဖြစ်ချင်တာလဲဟု ပြန်မေးဖြစ်လိမ့်မည် ထင်၏။ ထိုသို့ဆိုလျှင် မော့်ဆန္ဒက လွဲတာလား၊ မော့်ဘ၀က လွဲတာလား။ တခုခုတော့ လွဲနေသည်။ အလွဲများကြား၌တော့ ချစ်၍ ဆက်ကာ မော်လွဲနေဦးမည် သာတည်း။

Monday 2 March 2009

အမြင်


ဒီလမ်းကို လျှောက်ခဲ့သည်မှာ အခါခါ ရှိပေပြီ။ လျှောက်သည့် အခါတိုင်းမှာလည်း မောဟိုက်၍ နေသည်။ နေကျနေပြီ ဖြစ်သော်လည်း အပူရှိန်က မသေသေး။ အလုပ်၌လည်း တနေကုန် မထိုင်ခဲ့ရသည်မို့ ခြေလက်ပင် မသယ်ချင်တော့။ ပူပြင်းသောနေရှိန်ကို ကြံ့ကြံ့ခံရင်းနှင့်ပင် ထိုလမ်းကို အကြိမ်ကြိမ် လျှောက်ခဲ့သည်။ ဒီနေ့တော့ ပို၍ မောသလို ခံစားရသည်။ ဒီလအဖို့ လက်ထဲတွင် ပိုက်ဆံက သိပ်မကျန်ချင်တော့။ လကလည်း မကုန်နိုင်သေး။ ပေးစရာရှိသည့် အကြွေးစာရင်းကို စိတ်ထဲမှာ တွက်လာရင်း လမ်းလျှောက်မိမှတော့ ပို၍ မောပေသေးသည်။ မနက်ကတည်းကစားခဲ့သော ထမင်းတစ်နပ်လည်း ခုတော့ ဗိုက်ထဲ၌ မရှိတော့သည်မှာ သေချာ၏။

မီးပွိုင့်မှာရပ်စောင့် ရတော့ လမ်းမပေါ်မှာ ပြေးလွှားနေသော ကားများကို လိုက်ကြည့်မိသည်။ အရွယ်စုံ၊ အရောင်စုံ…..။ ကိုယ့်ဘ၀ကို ကိုယ်အားမငယ်မိပေမယ့် ကားစီးနိုင်သော ဘ၀မျိုးတော့ တောင့်တမိသည်။ တွေးရင်းနှင့် လမ်းကို တစိုက်စိုက် ဖြတ်ကူးခဲ့သည်။

“ကျွိ………………”

ဘရိတ်အုပ်သံ ဆူညံသွားတော့ အတွေးစတစ်ချို့ လွင့်စင်သွားသည်။ သူနှင့် နီးကပ်သော အကွာအဝေး တစ်ခုမှာ ကားတစ်စင်း။ ဒေါသရောင်ဖြင့် ပြောင်လက်နေသော ကားတစ်စင်း။

“ဟေ့လူ ခင်ဗျား သေချင်နေလား။ ကားတစ်စင်းလုံး လာတာ မမြင်ဘူးလား။”

“ခင်ဗျားကရော လူတစ်ယောက်လုံး လာတာ မမြင်ဘူးလား။”

ဆောင့်အောင့်၍ မောင်းနှင်သွားသော ကားဆီမှ တောက်ခေါက်သံကြား လိုက်သည်ဟုထင်သည်။ ကားတွေများ အဲလေ လူတွေများ ပိုက်ဆံ ရှိတာနှင့် ထီမထင်ချင်ကြတော့။ လမ်းလျှောက်နေသော လူတွေကိုတောင် ဂရုမစိုက်ချင်ကြတော့။ လမ်းလျှောက်ရတဲ့ လူတွေ ဆိုတာ သူတို့လို ဇိမ်နဲ့ ကားထဲမှာ ထိုင်နေရတာမှ မဟုတ်တာ။ လျှောက်လိုက်ရတာလည်း ခြေတိုတော့မယ်။ သူတို့မှာတော့ လေအေးစက်ဖွင့်ထားတဲ့ ကားပေါ်ထိုင်ရင်း နေပူပူအောက်က လမ်းလျှောက်နေရတဲ့ လူတွေရဲ့ ဘ၀ကို ကိုယ်ချင်း မစာနိုင်ကြဘူး။ ဒီနေပူပူထဲက မြန်မြန်လွတ်အောင် ခြေလှမ်းသွက်သွက် လျှောက်နေတဲ့ လူတွေကိုများ အလျှော့ ပေးပါဦးတော့လား။

စိတ်ထဲမှ နာနာပြောရင်း အိတ်ထဲမှ ဆေးလိပ်ကို သူထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။

xxx

“တီ…….တီ………………..တီ”

အရှေ့မှ ကားတန်းရှည်ကို ဟွန်းတီးမိတော့လည်း စိတ်တိုနေသည်ကို ဖော်ပြခွင့်ရသည် မှလွဲ၍ ဘာမျှ မထူးခြား။ ကားတန်းရှည်သည် သူ့ဟွန်းသံကို ရှိလေတယ် လို့မျှ မထင်။

ဒီနေ့ အလုပ်မှာ အဆင်မပြေခဲ့။ သူ့ အတွင်းရေးမှုး မိန်းကလေးက အစီအစဉ်မရှိဘဲ ဗြုန်းစားကြီး အလုပ်ထွက်သွားသည်မို့ သူ့ရဲ့ အလုပ်အချိန်ဇယားတွေ ကသောင်းကနင်း ဖြစ်ရသည်။ အသေးအဖွဲ ကိစ္စလေးများကိုပါ လိုက်လုပ်ရရင်း အကြီးအမား ကိစ္စတချို့ လက်လွတ်ရသည်။ ဒေါသက တနေ့လုံး တဖြည်းဖြည်း စုလာနေလိုက်သည်မှာ အိမ်ပြန်သည် အထိ စိတ်ထဲမှာ မကြည်လင်။ အစိုင်အခဲနှင့် ကျန်ရစ်နေသေးသည်။

အရင်ကထက် ပိုပင်ပန်းလာသည့် နေ့တနေ့မို့ အိမ်အရောက် ပြန်ချင်နေကာမှ ကားတန်းက ရှည်ကာ တော်တော်နှင့် မရွေ့နိုင်။ အမှတ်တမဲ့ ဓာတ်ဆီဒိုင်ခွက်ကို ကြည့်တော့ မျှားက ကုန်တော့မည့် ဟန်ကို ပြနေသည်။ ဟုတ်သားပဲ ဓာတ်ဆီထည့်ဖို့ ရက်ရွေ့လာခဲ့သည်မှာ တစ်ပတ်လောက် ရှိတော့မည်။ ဟူး…အိမ်ပြန်ပြီး မြန်မြန်ပြန်နားချင်ပါတယ် ဆိုမှ ဓာတ်ဆီဆိုင် ၀င်ရပေဦးမည်။ နောက်အပတ်လောက် ကျလျှင်တော့ ကားကို ဆီလဲရမည်။ တာယာနှစ်လုံး အသစ်လဲ ရမည်။ မိတ်ဆွေတစ်ယောက်က နောက်နှစ်ပတ်ကျော်လျှင် ခရီးတိုလေး တစ်ခုကို လိုက်ပို့ပေးဖို့ အကူအညီ တောင်းထားသည်။

ကားတစ်စီးကို ပိုင်ဆိုင်ရသည်မှာလည်း မလွယ်လှ။ မိသားစုအတွက် လိုအပ်သည်က တကြောင်း၊ အလုပ်များလွန်းသော သူ့အတွက် သွားရေးလာရေး အဆင်ပြေအောင်ကသာ တကြောင်း၊ ထိုအကြောင်းကြောင်းများကြောင့်သာ ကားတစ်စင်း ၀ယ်ထားရသည်။ တကယ်တော့ စီးရသည်နှင့် မကာမိအောင် ထိန်းသိမ်းရသည်။ ကားမရှိသော မိတ်ဆွေများက အကူအညီတောင်းလျှင် လူမှုရေး အရအကူအညီ ပေးရသည်။ ကားမရှိတုန်းက သိပ်အဖက်မလုပ်ချင်ကြသော မိတ်ဆွေ အချို့ကလည်း အခုတော့ တောင်းလိုက်ကြသည့် အကူအညီတွေ။

ဒီလောက် ရှုပ်ထွေးလှသော မြို့ထဲမှာ ကားမောင်းရတာလည်း စိတ်ဖိစီးမှု များလွန်းလှသည်။ ကားတွေက တစီးနှင့်တစီး မစောင့်ချင်ကြ။ အပြိုင်မောင်းကြသည်။ ကျော်တက်ကြသည်။ အချက်မပြဘဲ ချိုးကြကွေ့ကြသည်။ ကားအချင်းချင်း ပွတ်မိလျှင်လည်း လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြသည်။ နည်းနည်းလေး ပွတ်မိထိမိလျှင်တောင် လျှော်ကြပေးကြရသည် မဟုတ်လား။ ကိုယ့်ကားလည်း တန်ဖိုးကျ ရသေးသည်။ အဲ… ဒီကြားထဲ လူတိုက်မိလျှင်တော့ အဆိုးဆုံးပေါ့။ မပြီးနိုင် မစီးနိုင်သော အမှုအခင်းတွေ ဖြစ်ကြမည်။ ရုံးရောက်ဂတ်ရောက်မည် ထင်သည်။

ကားတန်းကို လွန်လာ၍ တစ်နာရီ ဆယ်မိုင်နှုန်းထက် ပိုမောင်းနိုင်သော နေရာရောက်တော့ အိမ်ရောက်ချင်ဇောနှင့် ခပ်မြန်မြန် မောင်းထွက်ခဲ့သည်။

“ကျွိ…………..”

စိတ်ကတွေးချင်ရာတွေး မိသော်လည်း ဦးနှောက်နှင့် ခြေထောက်၏ ကောင်းမှုကြောင့် ကားက တုံ့ကနဲ ရပ်သွားသည်။ ဘရိတ်အုပ်သံ ဆူညံသွားတော့ သူ့ကို ဒေါသနှင့် ကြည့်နေသော လူတစ်ယောက်။

“ဟေ့လူ ခင်ဗျား လူတစ်ယောက်လုံး လမ်းလျှောက်လာနေတာ မမြင်ဘူးလား။”

“ခင်ဗျားကရော သေချင်နေသလား။ ကားတစ်စင်းလုံးကိုတောင် မမြင်ဘူးလား။”

ဆောင့်ကြီး အောင့်ကြီးနှင့် သူကားမောင်း ထွက်ခဲ့သည်။ လူတွေများ ကားကို မလေးစားချင်ကြတော့။ သူတို့မှာ ကားမောင်းသူတွေလို စိတ်ဖိစီးမှု မရှိ။ တွေးချင်ရာတွေးပြီး လျှောက်နေနိုင်သည်။ ဘေးဘီကိုပင် မကြည့်တော့။ သူတို့ကို ကားတွေက အမြဲပဲ အလျှော့ပေးလိမ့်မည် လို့များ ထင်နေသလား။ လမ်းတစ်လမ်းလုံးကို သူတို့ပိုင်သည်များ ထင်နေလေသလား။ တိုက်သွားဦးတော့ လျော်ကြေးမြက်မြက် ရလေမည်ဟုများ ထင်နေလေသလား။ သူတို့က အသားနာခံနိုင် ဦးတော့။ ကားမောင်းသည့်လူက ရုံးရောက် မခံနိုင်ပါ။

“တောက်…..”

သူဒေါသ ပြင်းပြင်းဖြင့် တောက်တချက် ခေါက်လိုက်သည်။ နောက် ဒေါသထွက်လျှင် သူလုပ်နေကျ အတိုင်း အိတ်ထဲမှ ဆေးလိပ်ကို ထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။

Friday 20 February 2009

ကွေးညွှတ်သွားသော ပုံရိပ်များ (ဇာတ်သိမ်း)

ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်ဟု တွေးနေရင်း ပုံရိပ် ဆက်လျှောက်လာတော့ ဈေးသည် တစ်ဦး၏ ထူးထူးဆန်းဆန်း အော်သံကို ကြားရ၍ ရပ်ပြီး နားထောင်နေလိုက်သည်။ တဖြည်းဖြည်း အနားကပ်လာတော့ ပီပီပြင်ပြင် ကြားရပြီ။ ဘ၀အဟောင်းတွေ ၀ယ်တယ်၊ ပဲကြီးလှော်နဲ့ လဲတယ်တဲ့။ ဈေးသည်ကြီးက အနားကပ်လာတော့ ပုံရိပ် လှမ်းခေါ်လိုက်သည်။

“ဗျိုး ဈေးသည်ကြီး။ လာပါဦး။”

“ဟား အမားလေး။ ဘ၀ါးအဟောင်း ရောင်းမလို့လား။”

“မဟုတ်ပါဘူး။ မေးစရာလေး ရှိလို့ပါ။ ဘ၀အဟောင်း ၀ယ်တယ်ရယ်လို့ တခါမှ မကြားဖူးပါဘူး။ ဘယ်လိုကနေ ဘယ်လို…။”

“ဒီလိုရှိတယ် အမားလေး…။ ကုလားနော် အရင်က သတင်းစာ အဟောင်းတွေ ၀ယ်တယ်။ တနေ့တော့ ဘလောင်းဆိုတာ ဖတ်ရင်း ပုံးရိပ် ဆိုတဲ့ ဘလောင်းမှာ လဲလှယ်ခြင်း သည်းခံပါတဲ့။ တွေ့တယ်လေ။ ဘ၀ါးတွေ လဲတယ်ပေါ့။ အဲဒါနဲ့ ကုလားလဲ အကြံရပြီး ဈေးကွက် စီးပွားရေး ချဲလိုက်တာပဲ။ ကဲ သွားလိုက်ဦးမယ်။ ဘ၀ါး အဟောင်းတွေ ၀ယ်တယ်နော။ ပဲကြီးလှော်နဲ့ လဲတယ်နော။”

ပုံရိပ် ဘာမျှ မပြောနိုင်ဘဲ မင်သက်လျက် ကျန်ရစ်သည်။ လူကိုများ ပုံးရိပ်တဲ့။ ထိုခဏမှာ မိုးတို့ သည်းကြီးမည်းကြီး ရွာချလာသည်။ ထီးလည်း ပါမလာသည်မို့ ပုံရိပ် နီးစပ်ရာ သစ်ပင်တစ်ပင်အောက်သို့ ပြေးလာမိသည်။ ထိုအချိန်မှာ ရဲရဲနီသော အလံတစ်ခုကို ကိုင်လျက် လူငယ်လေးတစ်ယောက် ပုံရိပ်ဆီ ပြေးလာသည်။ သူ့တကိုယ်လုံးမှာရော အလံပါ မိုးရေတို့ စိုရွဲလျက်။

“အစ်မ… ကျွန်တော့် အလံအောက်ကို ၀င်လိုက်။ မိုးကာတယ်။”

သူက အလံကို မိုးလျက် ပုံရိပ်နှင့် အတူ သစ်ပင်အောက်သို့ ပြေးလာခဲ့သည်။ သစ်ပင်အောက် ရောက်တော့မှပင် စကားပြောနိုင်သည်။

“ပြန်တွေ့ရတာ ၀မ်းသာတယ်။ မိုးကလည်း ကောင်းလိုက်တာနော်။”

ထိုအခါ လူငယ်လေး ပြန်ပြောသော စကားကြောင့် ပုံရိပ် ပြုံးမိသည်။ မိုးဆိုတာ တားလို့ရနိုင်တဲ့ အရာမှ မဟုတ်ဘဲလေ တဲ့။ ပုံရိပ်တို့ မိုးခိုနေရာသို့ မိန်းကလေးနှစ်ယောက်လည်း ပြေးဝင်လာသည်။ တစ်ယောက်က ဖိနပ်လေး တစ်ဖက်သာ ပါသည်။ တစ်ဖက်က ဘယ်မှာ ကျွတ်ကျန်ခဲ့သည် မသိ။ ဖိနပ်လေး တစ်ဖက်သာ ပါသာ မိန်းကလေးက သူ့အဖော်ကို လှမ်းပြောသည်။

“မိုးရေ မိုးခိုမယ့် အတူတူ တို့တွေ ကော်ဖီဆိုင်ကို သွားကြရအောင်လား။”

မိုးဆိုသော ကောင်မလေးက ပြန်ပြောသည်မှာတော့ မှတ်သားစရာ။

“ငါကော်ဖီဖိုး သုံးထောင် မတတ်နိုင်ဘူးဟာ။ ပြီးတော့ နင်လည်း ဖိနပ် အရင် ၀ယ်လိုက်ပါဦး။”

“ဒါဖြင့် နင့်တိုက်ခန်းကို သွားမယ်လေ မိုးရယ်။”

ငါ့တိုက်ခန်းလေး ထဲမှာလည်း မိုးတွေရွာနေတယ်လေ။

သြော်… သူကိုးဟု ပုံရိပ်ပြုံးနေလိုက်သည်။ ပုံရိပ်တို့လို သစ်ပင်၏ တစ်ဖက်တွင် မိုးခိုနေကြသူ အချို့ကို စပ်စုကြည့်တော့ အဖြူရောင် ကင်းဗတ်ကို ကိုင်ထားသော ပန်းချီဆရာယောင်ယောင် လူတစ်ယောက်က သူ့ကင်းဗတ်လေးကို ကြည့်၍ ငေးနေသည်။ ပေါင်မုန့်ထုပ် မျိုးစုံကို မနိုင်မနင်း သယ်ထားသော လူတစ်ယောက်က သူ့မိန်းမ ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်နှင့် ရန်ဖြစ်နေပုံရသည်။ နားစွန်နားဖျား ကြားရသည်က ဘာတဲ့…။ မင်းက ရွေးရွေးလို့ မပြီးနိုင်တော့ဘူး တဲ့။ ဆိတ်ဆိတ်နေသည်သာ အကောင်းဆုံး ဖြစ်မည်ဟု ပုံရိပ် ဆုံးဖြတ်လိုက်သည်။

“မိန်းမတွေဟာ သစ္စာ မရှိဘူး။ ကော်ဖီကပဲ သစ္စာရှိတယ်။ အဲဒီတော့ ကော်ဖီသောက်တာပဲ ကောင်းတယ်။ ကော်…ဖီ…သောက်…တာပဲ… ကောင်းတယ် ဟေ့။”

မိုးခိုနေသူ အားလုံး လှည့်ကြည့်ကြတော့ starbuck ကော်ဖီခွက်လေးကို ကိုင်ထားသော လူတစ်ယောက်။ ကော်ဖီမူးနေသော လူတစ်ယောက်။

“ငါ့ကို ကော်ဖီတွေချည်း လှိမ့်သောက် ခိုင်းတဲ့ ပုံရိပ်ဆိုတဲ့ သတ္တ၀ါကိုလည်း မကျေနပ်ဘူးဟေ့။”

ပုံရိပ်တစ်ယောက် လိပ်ပြာမလုံချင်တော့။ ဘေးနားမှ အလံနှင့် လူငယ်လေးက ပြုံးပြရင်း အားပေးသည်။ အစ်မစိတ်မပူနဲ့။ ဘယ်သူမှ အစ်မကို ပုံရိပ်မှန်း မသိဘူးတဲ့။ တော်ပါသေး၏။ ကော်ဖီမူးနေသူလည်း ယိုင်ထိုးယိုင်ထိုးနှင့် မိုးဖွဲဖွဲထဲမှာ ဆက်လျှောက်သွားသည်။

မိုးတိတ်သော အခါ ပုံရိပ်လည်း ခရီးဆက်ခဲ့သည်။ ထိုအချိန်မှာ ပုံရိပ်နှင့် မျက်နှာချင်းဆိုင် လျှောက်လာသော အမျိုးသမီးတစ်ယောက်ကို တွေ့သည်။ သေချာကြည့်တော့ အမျိုးသမီး ဆံပင်တွေက မညီမညာ။ ပုံရိပ်ကိုတွေ့တော့ လှမ်း၍ သတိပေးသည်။

“အစ်မ ဒီမြို့ထဲကို ၀င်ရင် သတိထားနော်။”

“ရှင်… ဘာဖြစ်လို့များပါလိမ့်။”

“ဒီမြို့မှာ လူတစ်ယောက်က ကတ်ကြေးတစ်လက်နဲ့ ဆံပင်တွေ လိုက်ညှပ်နေတယ်။ မညှပ်ချင်ပါဘူးလို့ ပြောလည်း မရဘူး။ အခု ကျွန်မ ဆံပင်ကိုသာ ကြည့်ပေတော့။ ပြီးတော့ ပါးစပ်ကလည်း အော်သေးတယ်။ ဖြတ်ချင်ဖြတ် မဖြတ်ချင်နေတဲ့။ အဲဒီလူကို တွေ့ရင် ကြည့်သာ ရှောင်ပေတော့။”

သြော်… ပုံရိပ်ရေ ကိုယ့်အတပ်နဲ့ ကိုယ်သာ စူးပေတော့ဟု စိတ်ထဲက အော်လိုက်သည်။

xxx

ရုံးလိုလို ဘာလိုလို နေရာလေး တစ်ခုမှာ လူတွေစုစု တွေ့နေရသည်။ ပုံရိပ်လည်း ကိုယ့်ဇာတ်ကောင်များနှင့် တွေ့လိုတွေ့ငြား ၀င်၍ စပ်စုကြည့်သည်။ ထိုအချိန်မှာ လူစုထဲက မျက်တွင်းချောင်နေသော ကောင်မလေးတစ်ယောက်က ဒေါကြီးမောကြီးနှင့် ပြောနေသည်။

“စဉ်းစားကြည့်ကြ စမ်းပါဦးရှင်။ သူမအိပ်ချင်သေးပါ၊ သူမအိပ်ချင်သေးပါ ဆိုပြီး ကျွန်မကို မအိပ်ခိုင်းတာ ဘယ်နှစ်ည ရှိပြီလဲ။ သူ့ဟာသူ လျှောက်ရေးချင်တိုင်း ကျွန်မမှာ အိပ်ရေးပျက်လှတယ်။”

ထိုကောင်မလေးပြီးတော့ နောက်ကောင်မလေး တစ်ယောက်။

“ကျွန်မနာမည်ကိုလည်း လွယ်လွယ်လို့ ပေးတယ်။ အဲဒီတော့ သူများနောက်စရာ ဖြစ်နေပြီ။ လမ်းလျှောက်သွားရင် ကျွန်မကို ကောင်လေးတွေက ဟေ့ ခက်ခက်…ခက်ခက်လို့ စကြတယ်။ အဲဒါ မကျေနပ်ဘူး။”

နောက်တစ်ယောက်ပြီးတော့ နောက်တစ်ယောက်။

“ကျွန်မကိုတော့ ဘတ်စ်ကားပေါ်က ချော်ကျခိုင်းတယ်။ ကြည့်ပါဦး ဒဏ်ရာတွေကို။ ပြီးတော့ လူကိုလည်း စွပ်စွဲလိုက်သေးတယ်။ မျောက်စိတ်တဲ့။”

“ကျွန်မကိုတော့ ငါးပိကြော်တွေချည်း စားခိုင်းတာ သွေးတောင် တက်ချင်နေတယ်။ ဟွန်း…မကျေနပ်ဘူး။”

ဒီကြားထဲ ရှဥ့်လေးတစ်ကောင် ရောက်လာသည်။

“ကျွန်တော့်ကိုတော့ ကားအောက်မှာ ပြားတဲ့ အဟင့်ဟင့်….။” ဆိုကာ ငိုနေလေ၏။

အခြေအနေမကောင်းတော့လည်း တပ်ဆုတ်ကာ ပြန်ခဲ့လေတော့သည်။

xxx

တနေ့တာ ကုန်ဆုံးတော့ မောမောနှင့် ပုံရိပ်တစ်ယောက် အိမ်ဖက်ကို ပြန်လှည့်လာခဲ့သည်။ အိမ်ရောက်တော့ စောင့်နေသော ကိုပုံရိပ်ကိုတွေ့သည်နှင့် ၀မ်းသာသွားသည်။

“ပုံ ပြန်လာပြီလား။ ကိုယ်စောင့်နေတာ ကြာပြီ။”

“ဘလောက် စနည်းနာ ထွက်တာ ကိုရယ်။ မောလိုက်တာ။ ပုံရိပ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေက ထင်သလို မဟုတ်။ ဘာတွေ ဖြစ်ကုန်တယ် မသိ။”

“ဒီလိုပေါ့လေ။ တခါတလေ ကိုယ်ဖန်တီးတဲ့ အရာတွေက ကိုယ်ဖန်တီးတဲ့ အတိုင်း ဖြစ်ချင်မှ ဖြစ်တယ်။ စိတ်မညစ်ပါနဲ့။”

ပုံရိပ်လည်း သူ့ဘေးမှာ ၀င်ထိုင်လိုက်၏။ သူ့လက်ထဲမှာ အနီရောင် ဖဲကြိုးလေးနှင့် အထုပ်လေး တစ်ထုပ်။

“ဒါ ပုံ့ အတွက် လက်ဆောင်။”

ပုံရိပ်လည်း ပျော်သွားပြီး အထုပ်လေးကို ဖွင့်ကြည့်သည်။

ရီဆက်ရှင်းနဲ့ စီးပွားရေးကလည်း ကျတော့ နှင်းဆီပန်းတော့ မပေးနိုင်ဘူး။ အဲဒါအစား လမ်းမှာ ခူးခဲ့တဲ့ ခွေးသေးပန်းလေးတွေ။ ချောကလက်မ၀ယ်နိုင်တော့ အိမ်က ပို့လိုက်တဲ့ ထန်းလျက်ခဲတွေ ယူလာခဲ့တယ်။ မြန်မာ ဆန်ဆန်လေးပေါ့။”

ပုံရိပ်လည်း ခွေးသေးပန်းတွေကို မွှေးရင်း ထန်းလျက်ခဲလေး မြုံ့ရင်းဖြင့် ကိုပုံရိပ်ကို ပြုံးပြီး ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ပုံရိပ်ဘလောက်မှ ဧည့်စာရင်းသည်လည်း ၇၃၉၃ သို့ တက်သွားလေတော့သတည်း။

(တစ်နှစ်ပြည့် မွေးနေ့ မလုပ်လိုက်ရတဲ့ ဘလောက်လေး အတွက်။ ဘာရယ်မဟုတ် စိတ်ထဲ ပေါ်လာတာလေးကို ပြုံးစေ ပျော်စေ ရေးဖြစ်ပါတယ်။)

ကွေးညွှတ်သွားသော ပုံရိပ်များ (ပထမပိုင်း)

၇၃၇၂… ၇၃၇၂… ၇၃၇၂… ၇၃၇၂… ၇၃၇၂

အိမ်ရှေ့မှာ ဘာတွေ လာအော်နေပါလိမ့်ဟူသော အတွေးဖြင့် ပုံရိပ် အိပ်ယာမှ အိပ်ချင်မူးတူး ထခဲ့သည်။ ပြတင်းပေါက်မှ လှမ်းကြည့်တော့… အောင်မလေး… ဘလောက်ငရဲမင်း။ ခုတလောလည်း ပို့စ်တွေ မှန်မှန်တင်နေတာပဲ။ အခန်းဆက် ၀တ္ထုတွေဘာတွေတောင် ရေးနေတာ။ သူများ ဘလောက်တွေကိုလည်း မှန်မှန်သွားလည်တယ်။ မှတ်ချက်တွေလည်း ရေးလို့။ အင်း ငရဲမင်း ဘလောက်မှန်မှန် မဖတ်လို့ ဖြစ်ရမယ်ဟု မကျေမနပ်တွေးရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။

အိမ်ရှေ့ပန်းခြံလေးထဲမှာ မိန့်မိန့်ကြီး ရပ်နေသော ငရဲမင်းကို တွေ့ရ၏။

“ငရဲမင်းကြီး ဘာကိစ္စ ရှိလို့ပါလိမ့်။ မနက်စောစောစီးစီး။” အင်း...ကောင်းကောင်းမွန်မွန် ဆက်ဆံမှဟု စိတ်ထဲက တွေးနေလိုက်သည်။

“ပုံရိပ် နိုးပြီလားကွ။ ဒီနေ့ မင်းဘလောက်မှာ ဧည့်စာရင်း ၇၃၇၂ ပြည့်ပြီ။ အဲဒါ မင်းဘလောက်ကို မင်းပြန်ကြည့်ဖို့ စဉ်းစားဦး။”

“ရှင်…။ ဘာပြန်ကြည့်ရမှာလဲ။”

၇၃၇၂ ဆိုသည့် နံပတ်က ဘာများထူးခြားနေပါလိမ့်။ ဥပမာ ကိုအန်ဒီတို့လို ဟစ်နှစ်သိန်း ပြည့်တယ် ဆိုလဲ ဟုတ်တုတ်တုတ်။ ခုတော့ ၇၃၇၂ ပြည့်တဲ့နေ့ပေါ့။ ပုံရိပ်တစ်ယောက် ဇဝေဇ၀ါ ဖြစ်နေဆဲ….

“မင်း ဘလောက် တစ်နှစ်ပြည့်တဲ့နေ့ကို သတိတောင် မရဘူး မဟုတ်လား။ သူများတွေဆို ဘလောက်လေး တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသည်ဖြင့် ပို့စ်တင်ကြတယ်။ ခုတော့ မင်းက အဲလို တာဝန် မကျေခဲ့တဲ့ အတွက် ငါလာသတိပေးတာ။”

ဟင်း… လေသံကတော့ တင်းလိုက်တာ။ ဟုတ်ပါရဲ့ ဘလောက်ရေးတာ တစ်နှစ်ပြည့်သွားလို့ ကျော်တောင် ကျော်ပြီ။ ဒါပေမယ့် ကိုယ့်ဘလောက်ပဲ ကိုယ်တင်ချင် တင်မှာပေါ့။ မတင်ချင်လည်း မတင်ဘူးပေါ့ဟု ခပ်စွာစွာတွေးနေချိန်မှာပဲ…

“အမယ် တင်ချင်တင် မတင်ချင်နေမယ်လို့ မပြောနဲ့။ ကိုယ့်ဘလောက်ကို ဂရုစိုက်လိုက်ဦး။ အဲဒီတော့ ရေးထားခဲ့သမျှစာတွေ ပြန်ကြည့်။ ကြားလား။ ငါသွားမယ်။”

အဲဒီတော့မှ ပုံရိပ်လည်း လန့်သွားသည်။ တွေးနေသမျှကို သူက သိနေသည်ကိုး။ ကဲ ကြည့်ဆိုတော့လည်း ကြည့်ရမှာပေါ့။ ဟုတ်ပါတယ်လေ။ ဘလောက်ကလေးကို ဂရုစိုက်မှ။

xxx

မုန့်တီသုတ် တစ်ပွဲ စားပြီး အိမ်က ထွက်ခဲ့သည်။ အရေးထဲမှ အရာပေါ်ကာ ခေါက်ဆွဲအိုးက ဝေကျသဖြင့် ပြေးပိတ်ရသေးသည်။

သိပ်မကြာလိုက်ပါ။ နေပူထဲမှာ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသော လူနှစ်ယောက်ကို တွေ့သည်။ အတိအကျပြောရလျှင် ဦးငြိမ်းအောင်နှင့် ဦးထွန်းဦး။ ပုံရိပ်ကိုတွေ့တော့ လှမ်းခေါ်သည်။

“ဟေး ပုံရိပ်မဟုတ်လား။ မင်းက တို့တွေကို နံရံတွေ ဆောက်ခိုင်းထားခဲ့တာလေ။ မှတ်မိလား။”

“ဘယ်နှယ့် ပြောပါလိမ့်။ မှတ်မိတာပေါ့ ဦးတို့ရယ်။”

သူတို့ရှေ့မှာ ဆောက်လက်စ နံရံတစ်ခု။

“အေး အဲဒါ အခု အုတ်နဲ့ ဘိလပ်မြေ ပြတ်သွားပြီ။ အလုံအလောက် မရှိလို့ နံရံ ဆက်ဆောက်လို့ မရဘူး။ လုပ်ပါဦး။”

“ဟိုက်။”

ပုံရိပ် ဘာဆက်ပြောရမည် မသိ။ အုတ်နှင့် ဘိလပ်မြေ ပြတ်တဲ့အချိန်မှ သူတို့ကို နံရံသွားဆောက်ခိုင်းလေ မိသလား။ ဒါပေမယ့်လည်း နှစ်သိမ့်သည့် အနေဖြင့် တခုခုတော့ ပြောရမည်။

“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်မ စုံစမ်းကြည့်ပါဦးမယ်။ အဲ စုံစမ်းဖို့ သွားလိုက်ဦးမယ်နော်။”

စိတ်ရှုပ်ရှုပ်နှင့် ထွက်လာတော့ နောက်က ဦးငြိမ်းအောင်က အော်ပြောနေသေးသည်။ အုတ်က ကားတစ်စင်းတိုက် ဘိလပ်မြေက ငါးအိတ်တဲ့။

xxx

ဆက်လျှောက်လာခဲ့တော့ သစ်ပင်တစ်ပင်အောက်မှာ မိန်းကလေးတစ်ယောက် ကိုလှမ်းတွေ့သည်။ မိန်းကလေးက သစ်ပင်ပေါ်ကို မော့ကြည့်မော့ကြည့် လုပ်နေသည်မို့ ပုံရိပ်လည်း သူ့အနားကို လျှောက်သွားလိုက်၏။

“သြော် သီ ပါလား။”

ပုံရိပ်ကို သူက လှည့်ကြည့်သည်။

“ဟုတ်တယ် ပုံရိပ်ရေ။ အတော်ပဲ ပုံရိပ်ကို ပြောပြရဦးမယ်။ ပုံရိပ်စိုက်ပေးခဲ့တဲ့ သီနဲ့ မောင်တို့ရဲ့ အချစ်သစ်ပင်လေးလေ။ မှတ်မိလား။”

“အင်း မှတ်မိတယ်လေ။”

“အဲဒါ ဒီအပင်ပဲ ပုံရိပ်။”

သူပြောသော အပင်ကို မော့ကြည့်လိုက်တော့ ထိပ်ဖျားကိုတောင် မမြင်ရတော့။ တော်တော်ကြီး မြင့်ကာ ကြီးလှပြီပဲ။ ပင်စည်လုံးပတ်က ညောင်ပင်တစ်ပင် စာတော့ ရှိလိမ့်မည် ထင်သည်။

“ဟယ် သီရယ်။ ဒီလောက် ကြီးလာလိမ့်မယ်လို့ မထင်မိဘူး။ ၀မ်းသာလိုက်တာ။ ဒါနဲ့ သီ့ရဲ့ မောင်ရော။”

“သီလဲ သစ်ပင်ကြီးလာတာကို ၀မ်းသာပါတယ်။ ဒါပေမယ့် မောင်လေ မောင်…။ အဲဒီသစ်ပင်ထိပ်မှာ အိမ်ဆောက်မလို့ ဆိုပြီး တက်သွားတာ။ အဲဒါနဲ့ သီစိတ်ပူပြီး စောင့်နေတာ။”

အဲ… ပုံရိပ်ဘာပြောရမည် မသိ။

“အဟဲ သီရေ မောင့်ကို ပြောလိုက်နော်။ ပုံရိပ် နှုတ်ဆက်သွားတယ်လို့။ သွားဦးမယ်နော်။ မောင်က အိမ်လှလှလေး ဆောက်ပေးမှာပါ။”

(ဆက်ရန်)

Thursday 19 February 2009

လွယ်လွယ် (ဇာတ်သိမ်း)

(ဒီဝတ္ထုဇာတ်သိမ်းပိုင်းကို မရေးဖြစ်ဘဲ ဆွဲထားသလို ဖြစ်မိတာ တောင်းပန်ပါတယ်။ စောင့်ဖတ်သူတွေ အားလုံး ကျေးဇူး။ အနောက်တိုင်း ၀တ္ထုတစ်ပုဒ်ပုဒ်ရဲ့ လွှမ်းမိုးမှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။)

ထိုနေ့က အရာရာသည် အခါတိုင်းလိုပဲ နေသားတကျ ရှိလျက်။ ပိတ်နေကျ မဟုတ်သော ရုံးပိတ်ရက် တစ်ရက်မို့ သူသမားရိုးကျ မဟုတ်ဘဲ အိမ်မှ ထွက်ခဲ့သည်။ ဘယ်သို့ ဦးတည်ရမည် မသိဘဲ ရောက်တတ်ရာရာဟုသာ သဘောထားကာ တိုက်အောက်သို့ ရောက်လာခဲ့သည်။ ကျောင်းလည်း ပိတ်သည်မို့ ကလေးတွေကို အိမ်ရှေ့ကစားကွင်းတွင် တွေ့ရသည်။ မျက်မှန်းတန်းမိနေသော အိမ်နီးချင်းတစ်ယောက်က နှုတ်ဆက်သည်ကို မပြုံးချင် ပြုံးချင် ပြုံးပြခဲ့သည်။ ထိုနေ့က နေသာနေပါသည်။

လမ်းထိပ်နား ရောက်တော့ ခပ်လှမ်းလှမ်းတွင် သူမြင်ဖူးနေသော မိန်းကလေးတစ်ယောက်။ လွယ်လွယ်….။ သူတိုးတိုးလေး ရေရွတ်မိရင်း ရင်တွေခုန်လာသည်။ လွယ်လွယ့်မျက်နှာကို မမြင်ဖူး သော်လည်း ကိုယ်နေဟန်ထားကို မှတ်မိနေသည်။ လွယ်လွယ်မှ လွယ်လွယ် အစစ်ပါပဲ။ စားစရာလေး၊ တိုလီမုတ်စလေး အနည်းငယ် ရောင်းသော ဆိုင်မှာ လွယ်လွယ် ဟိုကြည့်ဒီကြည့် ကြည့်လျက်။ သူ့နံဘေးမှာ အမေအရွယ် အဒေါ်အရွယ် အမျိုးသမီး တစ်ဦးပါလာသည်။ လွယ်လွယ်က ရောင်စုံပစ္စည်းလေးအချို့ကို ကိုင်လျက် ရယ်မောကာ အမျိုးသမီးကြီးအား ပြနေ၏။

သူခြေလှမ်းတွေကို နှေးပစ်လိုက်သည်။ ဆိုင်နားကို တော်တော်လေး ကပ်လာတော့ လွယ်လွယ့်ကို အနီးကပ်မြင်ရသည်။ ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော် မျက်နှာပေါက်နှင့် ကောင်မလေးသည် အသက်ဆယ့်ရှစ်နှစ်ထက် ပိုမည် မထင်။ အရုပ်လေးများ ပါသော အဖြူရောင် တီရှပ်ကို ပန်းရောင်စကပ်ဖျော့ဖျော့နှင့် တွဲဝတ်ထားသည်။ ပြီးတော့…ပြီးတော့…အို……။ သူခြေလှမ်းတွေ မှားကုန်ပြီ။ ပန်းရောင်စကပ် အောက်ခြေအနားတို့ အောက်မှ ခြေထောက်များ။ မာကျော၍ အရောင်မတူသော ခြေထောက်တစ်ဖက်…။ လွယ်လွယ့်မှာ ခြေထောက်တစ်ဖက် မရှိပါလား……..။ ခြေထောက်အတု တစ်ဖက်နှင့် အပြုံးအစစ် တစ်ခုကို ၀တ်ဆင်ထားသော လွယ်လွယ်။ ခြေထောက်အတုကို မမှုဘဲ ခြေသလုံးပေါ်စကပ်ကို ၀တ်ဆင်ထားသော လွယ်လွယ်။ ရောင်စုံဘောပင်လေး အချို့ကို ကိုင်လျက် ရယ်လို့မောလို့ ဆိုင်ထဲမှ ထွက်လာသော လွယ်လွယ်။ တတ်လည်း တတ်နိုင်ပါဘိ။

သူထိုနေ့က လမ်းဆက်မလျှောက်ဖြစ်ပါ။ လမ်းတ၀က်မှာ အိမ်သို့ ပြန်လှည့်ဖြစ်ခဲ့သည်။ တိုက်ခန်းကျဉ်းထဲကို ရောက်တော့ သူရဲ့ တစ်ခုသော ပြတင်းပေါက်ကို ဖြတ်ကနဲ လှမ်းကြည့်ဖြစ်သည်။ မနာလိုခဲ့ရသော လွယ်လွယ်။ ခုတော့ သူ့ကိုသူ ဝေခွဲမရပါ။ သနားစရာကောင်းသည်က လွယ်လွယ်လား ဒါမှမဟုတ်….။ သူ့ကိုသူ ဝေခွဲမရပါ။ သူပြတင်းပေါက်ကို ဆွဲပိတ်လိုက်သည်။ သနားစဖွယ်၊ ငြီးငွေ့စဖွယ် မနက်ဖြန်တစ်ခုကို သူမမြင်ချင်တော့ပါ။

Sunday 15 February 2009

ဘိုင်လက်ဆောင်

အများသူငါ ဗာလင်တိုင်းကြတဲ့ နေ့မှာ ပုံရိပ်လည်း အားကျမခံ လက်ဆောင် တောင်းပါတယ်။ ပုံရိပ်တောင်းတာ ကဗျာလက်ဆောင်ပါ။ အစကတော့ စပ်လို့ မရဘူးတဲ့။ အဲဒါနဲ့ ဆက်ရစ်တော့ နောက်ဆုံး ကဗျာတစ်ပုဒ် ရလာပါတယ်။ (ငှဲငှဲ) ကဗျာနာမည်ကိုတော့ ပုံရိပ်ပဲ ရွေးပေးလိုက်ပါတယ်။ ကဗျာကတော့ သူ့ကဗျာပါ။ ခံစားကြည့်ကြပါဦး။

ပုံရေ …

ဗယ်လင်တိုင်းဒေးတဲ့၊
အများသူငါ ဟိုဟာ ဒီဟာရေးကြတော့
အတွေးတွေ လမ်းထွက်လျှောက်
ကဗျာတစ်ပုဒ် ကောက်ရေးလိုက်တယ်။

ရေးမယ့်သာရေး
ဗယ်လင်တိုင်းဒေးဆိုတာ
ဘာညာသေချာမသိ၊
အင်း … ဂူဂယ်လ်မယ် ရှာကြည့်ဦးမှ။

ကဲ … တွေ့ပါပြီဗျာ၊
ဟုမ်းမ်ပေ့ခ်ျမှာပါ ရဲရဲတွတ်၊
ဘယ်သွားသွား မလွတ်ပါလား။

နှစ်ဆယ့်တစ်ရာစုရဲ့
ဗဟုသုတဘဏ်ကြီး
ဝီကီပီးဒီးယားက ပြောတယ်၊
ဗယ်လင်တိုင်းဒေးရဲ့
ရှေးကနဦးအစ
ပေဂန်တွေကပါတဲ့။
နောက်ကျတော့ တမျိုးဖြစ်
ခရစ်ယာန်ဇာတ် သွတ်သွင်းသတဲ့။

ကျင်းပစအခါဝယ်
ဗယ်လင်တိုင်းဒေးဆိုတာ
ရုပ်လက်ဆောင် သက်သက်ပေးတဲ့
ဈေးဝယ်ရက်တော့ မဟုတ်ခဲ့ပါ။

အမှူးပြုတဲ့ သူတော်စင်
စိန့်ဗယ်လင်တိုင်းဟာလည်း
ကွန်ရှူမာရစ်ဇင်ရဲ့
စီးတော်ယာဉ် မဟုတ်ခဲ့ပါ။

ယုံကြည်ချက်ကို
အသက်နဲ့လဲတဲ့
သူတော်စင်ရဲ့ သွေးရဲရဲဟာ
သစ်ပင်တကာ လှဲခုတ်
စက္ကူအမှိုက်လုပ်ဖို့
ဆင်ခြေတစ်ခုလည်း မဟုတ်ခဲ့ပါ။

ပုံရေ…

လူတကာနဲ့ ကန့်လန့်တိုက်
ချောကလက် မကြိုက်လို့ ကိုယ်မပြောပါ။

လူတကာမွှေးချင်တဲ့
နှင်းဆီပန်းကလေးလည်း
မင်းဆီ လှမ်းပေးချင်ပါရဲ့။

ဒါပေမယ့်
ရီဆက်ရှင်း … တဲ့။

စီးပွားကလည်းကျ
အနီးအနားလည်း မနေရတဲ့ အခါ
အကာတွေပယ်လို့
အနှစ်ကိုပဲ သယ်ဆောင်ပေးမယ့်
စကားလေး တစ်ခွန်းကို
လွမ်းလွမ်းနဲ့ပဲ ပြောလိုက်မယ်၊
မင်းကို ကိုယ်ချစ်တယ်။

(ကိုပုံရိပ်)

Friday 13 February 2009

ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီလ ရောက်ခဲ့ပြန်ပြီ
ဗိုလ်ချုပ်ရဲ့ မွေးနေ့ပေါ့
ဘာရယ် မဟုတ်
စိတ်ထဲမှာတော့ သတိရနေပါတယ်။
နောင်မျိုးဆက်သစ်တွေ သတိရကြပါဦးမလားလို့
တွေးပူမိတယ်။

Wednesday 11 February 2009

လွယ်လွယ် (ဒုတိယပိုင်း)

နောက်တစ်နေ့ ရုံးအပြန်မှာ မျက်နှာချင်းဆိုင် အခန်းအကြောင်း မေ့သလောက် ရှိခဲ့ပြီ။ လက်ဖက်ရည် တစ်ခွက်နှင့် ပဲပလာတာ တစ်ချပ်နှင့် ညနေစာကို ဖြေရှင်းပြီး ချိန်မှာ ပြတင်းပေါက်ဆီမှ မြင်နေကျ မဟုတ်သော မြင်ကွင်းကို တွေ့လိုက်ရသည်။

မျက်နှာချင်းဆိုင် အခန်း၏ ရှည်မျောမျော ပြတင်းပေါက်တွင် မိန်းကလေးတစ်ယောက် ရပ်နေ၏။ လမ်းကျယ်တစ်လမ်းခြားသည်မို့ မိန်းကလေး၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပါ။ သူ့ထက် ငယ်ပုံရသည်။ ကိုယ်နေဟန်ထား သွယ်ပျောင်းပုံ ရှိသည်။ ပြတင်းပေါက်ကို မှီကာ ရပ်နေသော သူ့ပုံက ငယ်ရွယ်သည့်ဟန်။ အသက်နှစ်ဆယ် ၀န်းကျင်လောက်သာ ရှိနိုင်မည် ထင်သည်။ ထို့ထက်လည်း ကြီးနိုင်ပါသည်။ အလွန်ဆုံး ငါးနှစ်လောက်ပေါ့။ ဆံပင်ရှည်ရှည်ကို ဒီအတိုင်း ဖြန့်ချထားသည်။ အ၀တ်အစားမှာ လွတ်လပ်ပေါ့ပါးသည်။ အပွင့်လေးများပါသော ခပ်ပွပွ အင်္ကျီ တစ်ထည်သာ ဖြစ်သည်။ ပြတင်းပေါက်မှာ ရှည်သော်လည်း ခါးလောက်ထိသာ မြင်ရသည်။ အိမ်အောက်ထပ်တွင် ကစားနေသော ကလေးတို့ကို စိတ်ဝင်တစား ကြည့်နေ၏။ ကစားနေရာမှ ကလေးတို့ ငြင်းခုံနေကြ၏။ မိန်းကလေးက သူတို့ကိုကြည့်ရင်း ကိုယ်လေး လှုပ်ခါအောင် ရယ်နေသည်။ သူကတော့ မိန်းကလေးဘာကို ရယ်နေသည်မှန်း နားမလည်နိုင်။ ပျင်းစရာကောင်းသော လောကကြီးထဲတွင် ရယ်စရာ ဆိုတာ ရှိပါသေးသလား။ သူကျတော့ ဘာကြောင့် နည်းနည်းလေးမှ မရယ်ချင်ပါလိမ့်။

သူတံခါးကို ဂျိန်းကနဲ မြည်အောင် ဆောင့်၍ ဆွဲပိတ်လိုက်သည်။

xxx

ထို့နောက် ညနေများတွင် သူ မိန်းကလေးအား စောင့်ကြည့်မှန်း မသိ ကြည့်နေခဲ့မိသည်။ တကယ်တော့လည်း နိစ္စဓူဝ ကိစ္စများမှ လွဲ၍ ဘာမျှ စိတ်ဝင်စားစရာ မရှိသော လူတစ်ယောက်အဖို့တော့ လုပ်မိလုပ်ရာ လုပ်တယ်ဟုလည်း ဆိုနိုင်ပါသည်။ သူ့စိတ်ထဲမှာ ကောင်မလေးကို ဘယ်အချိန်က လွယ်လွယ် ဟူသော နာမည် ခေါ်မိသည် မသိ။ ငိုလွယ် ရယ်လွယ်သော မိန်းကလေး။ စိတ်ဝင်စားလွယ်သော မိန်းကလေး။ ဒီလိုနှင့် သူ လွယ်လွယ့်ကို တိတ်တခိုး ကြည့်ရသည်မှာ အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ကံကောင်းသည်မှာ အခန်းဆီးကြားမှ ထိုင်နေလျက်နှင့်ပင် လွယ်လွယ်၏ ပြတင်းပေါက်ကို မြင်နေရခြင်းပင်။

လွယ်လွယ့်ကို စာဖတ်ရင်းလည်း တွေ့ရတတ်သည်။ စာဖတ်ရင်း ရယ်နေတတ်သလို စဉ်းစားနေတတ်သည်ကိုလည်း တွေ့သည်။ ဟာသ၀တ္ထုဖတ်သည့် အခါလည်း ဖတ်၍ လေးနက်သော အချစ်ဝတ္ထု ဘ၀ ၀တ္ထုတွေ ဖတ်တာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ကဗျာတွေ ဖတ်ကာ စဉ်းစားနေတာလည်း ဖြစ်နိုင်ပါသေးသည်။ သူကတော့ ကဗျာတွေ ၀တ္ထုတွေကို ခံစားရတာ ဘယ်လိုနေသည်ကို သိဖို့နေနေသာသာ မဖြစ်မနေ ဖတ်ရသော ကျောင်းစာမှ လွဲ၍ ကဗျာတစ်ပုဒ်၊ စာတစ်အုပ်ကို ဆုံးအောင် ဖတ်ဖူးသည့်သူ မဟုတ်။ ထိုစာများက သူရှာမရသော ဘ၀အဓိပ္ပာယ် ဆိုတာကို ပေးပါသလား။ ကောင်မလေးတော့ ဖတ်ပြီးရယ်လိုက် စဉ်းစားလိုက် လုပ်နေတာ တွေ့တာပဲ။ တတ်လည်း တတ်နိုင်ပေသည်။

တခါတရံ သီချင်း နားထောင်နေဟန် ရှိသော လွယ်လွယ့်ကို တွေ့ရသည်။ သူ့အခန်းမှ လေသင့်လျှင် ခပ်သဲ့သဲ့သာ ကြားနိုင်သော သီချင်း။ ချစ်သူကို ကြည့်မ၀သည့် အကြောင်း ဖွဲ့ထားသော အချစ်သီချင်း တစ်ပုဒ်ပဲ။ သူတော့ ခံစားရ၍ မရပါ။ ပိုလွန်းတယ်ဟု သူငြူစူစွာ တွေးသည်။ သီချင်းထဲမှလို သူတခါမှ မခံစားဖူးပါ။ ဒါပေမယ့် အခုတော့ လွယ်လွယ့်ကို ညနေတိုင်း သူကြည့်မိနေသည်ပဲ။ သီချင်းထဲကလို မဟုတ်သည်တော့ သေချာသည်။ သူသည် ခံစားချက် ချွတ်ယွင်းသော ရောဂါများ ဖြစ်နေ ပါသလားဟု ကြံကြံဖန်ဖန် တွေးဖြစ်သေးသည်။ လွယ်လွယ်ကတော့ ကိုယ်လေးကို ယိမ်းကာ စည်းချက်လိုက်ကာဖြင့် အားရပါးရ လိုက်ဆို နေ၏။ လွယ်လွယ့် အသံကို သူမကြားရပါ။ ပါးစပ်လှုပ်တာသာ မြင်ရသည်။

လွယ်လွယ်သည် ပြတင်းပေါက်နား ထိုင်၍ သိုးမွှေးလည်း ထိုးနေတတ်သေးသည်။ လွယ်လွယ့် လက်ထဲတွင် ထိုးနေသော အရာမှာ ပ၀ါလား အင်္ကျီလား ဆိုတာကိုတော့ သူမသဲကွဲ။ ချည်တို့ ရှုပ်ထွေးလျှင် အလိုမကျသည့် ဟန်ဖြင့် ထိုးထားသမျှကို ဆွဲဖြုတ်ပစ်တတ်သည်။ ထိုအခါ ပြတင်းနားတွင် သူစိုက်ထားသော ပန်းပင်လေးများကို ရေထလောင်းရင်း ပျော်နေပြန်ပါသည်။ လွယ်လွယ့် အတွက် စိတ်ဝင်စားစရာတွေ များလှပါတကား။ လွယ်လွယ့်ကို ကြည့်မိတိုင်း စိတ်ဝင်စားရကောင်းသည့် အရာများကို အဘယ်သို့ စဉ်းစားမိပါသနည်းဟု သူသေသေချာချာ တွေးနေမိသည်။ မည်သို့ဆိုစေ လွယ်လွယ် ပြောင်းလာပြီးနောက် သူ့ညနေခင်းများမှာ ပျင်းစရာ မကောင်းတော့ကြောင်း သူဝန်ခံရပေမည်။

အချို့ညနေများမှာတော့ လွယ်လွယ့်ကို မတွေ့ရတတ်။ ပြတင်းပေါက်နားမှာ ခဏသာ လာရပ်၍ အ၀တ်လှန်းသည်ကို တွေ့သည်။ သူလှန်းသော အ၀တ်များမှာ လက်သုတ်ပ၀ါ၊ မျက်နှာသုတ် ပ၀ါ စသည်ဖြင့် ပေါ့ပေါ့ပါးပါး အ၀တ် အချို့သာ ဖြစ်သည်။ မိုးရွာလျှင် ကမန်းကတန်း အ၀တ်ကို ရုတ်သည်။ တဖွဲဖွဲ ကျလာသော မိုးစက်လေးများကို လက်နှင့် ခံယူရင်း ကျေနပ်နေပုံရသော လွယ်လွယ့်ကို သူမနာလိုဖြစ်ရပြန်သည်။ ကိုယ်အပေါ်ပိုင်း မိုးရေစိုတော့မှ ပြတင်းပေါက်ကို ပိတ်မည် ပြုသည်။ တကိုယ်လုံး မိုးရေစိုသည် အထိများ နေဦးမှာလား ဟုသူ မလိုတမာ ရေရွတ်လိုက်သည်။ တကိုယ်လုံး ဆိုတော့မှ သူဖျတ်ကနဲ တွေးမိသည်။ လွယ်လွယ့်ကို ကိုယ်တပိုင်းသာ မြင်ဖူးခဲ့သည်။ လှုပ်ရှားဟန်ကို မြင်ရသော်လည်း လွယ်လွယ့် ခြေထောက်များကို တခါတရံမျှ မမြင်ဖူးကြောင်း သူအခုမှပင် သတိထား မိသည်။

ထိုအခါသူ့စိတ်ထဲ ထူးဆန်းသော ဆန္ဒတစ်ခု ဖြစ်ရသည်။ လွယ်လွယ့်ကို လူတစ်ယောက်အနေနှင့် မြင်ဖူးချင်သည်။ ပြတင်းပေါက် တစ်ပေါက်မှ အရိပ်ထက် ပို၍ မြင်ဖူးချင်သည်။ ထိုကဲ့သို့သော မိန်းကလေးတွင် ဖျတ်လတ်သော ခြေထောက်များ ရှိရမည်။ လှပ၍ နုနယ်သော ဖိနပ်ကို စီးလျက် လွတ်လပ်စွာ လမ်းလျှောက်တတ်သူ ဖြစ်ရမည်။ သူ့ အတွေးထဲတွင် လွယ်လွယ့်ကို လမ်းလျှောက် ခိုင်းကြည့်နေမိသည်။

ထိုသို့တွေးမိပြီးနောက် သူ့အတွက် အလုပ်တခု ရလာသည်။ ထိုအလုပ်မှာ မနက် ရုံးတက်ချိန်၊ ညနေရုံးဆင်းချိန်နှင့် ပိတ်ရက်များတွင် လွယ်လွယ်၏ တိုက်အောက်ထပ် လှေကားရင်းကို ကြည့်တတ်ခြင်း ပင်တည်း။ လွယ်လွယ် ဈေးသွားချိန်ကို တွေ့လေမလား၊ ကျောင်းသွားချိန်ကို တွေ့လေမလား…။ သူ့အဖြစ်မှာ ရယ်စရာ ကောင်းနေသော်လည်း သိချင်စိတ်ကို သူမချုပ်တည်းနိုင်ပါ။

(ဆက်ရန်)

Sunday 8 February 2009

လွယ်လွယ် (ပထမပိုင်း)

မနက်ဖြန်မှာ သူရှိမနေလည်း ဘာမှ ထူးခြားမည် မဟုတ်ဟူသော အတွေးသည် တော်တော့်ကို ၀မ်းနည်းစဖွယ် ကောင်းသော်လည်း မှန်ကန်ကြောင်းတော့ သူဝန်ခံရပေမည်။

သူ၏ အိမ်ဂေဟာမှာ ကျဉ်းမြောင်းပြီး ဈေးသက်သာသော အခန်းကျဉ်းလေး တစ်ခု ဖြစ်သည်။ ထိုအိမ်၏ အောက်ထပ်ကို ငုံ့ကြည့်လိုက်လျှင်တော့ ဥဒဟို သွားလာနေသော လူအများကို တွေ့ရမည်။ ထိုအခန်းကျဉ်းလေး ထဲမှ သူသည် ရုံးတစ်ရုံး၌ မထင်မရှား အလုပ်ကို လုပ်သော မထင်မရှား စာရေးလေး တစ်ယောက် ဖြစ်သည်။ ယခုနေသာ တကယ်လို့ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည် ခဲ့လျှင်တောင် မနက်ဖြန်မှာ သူ့နေရာကို အစားထိုးဖို့ တန်းစီနေသော သူများထဲမှ တစ်ယောက်ကို ဆွဲခန့် လိုက်မည် ဖြစ်သည်။ သူသေသွားလျှင် မည်သူမျှ လွမ်းမည့်သူ မရှိ။ မိသားစု မရှိ၊ ဆွေမျိုး မရှိ။ သူငယ်ချင်း အပေါင်းအဖော်လည်း မရှိ။ လမ်းထိပ်တွင် ညနေစာ ၀င်ဝယ်နေကျ တရုတ်ဆိုင်မှ အဒေါ်ကြီးကတော့ သူဘယ်ပျောက် နေပါလိမ့်ဟု စဉ်းစားကောင်း စဉ်းစား လိမ့်မည်။ တော်တော်တော့ ၀မ်းနည်းစရာ ကောင်းတာပဲဟု တွေးတော့ သေကြောင်းကြံမည် ဟူသော ခပ်ကြောင်ကြောင် အတွေးလည်း ခေါင်းထဲမှ ပျောက်ရ၏။

မနက်မိုးလင်းလျှင် လွယ်အိတ်အနွမ်းကို လွယ်ကာ သူရုံးသို့ ထွက်ခဲ့မည်။ ရုံးတွင် ရုံးအုပ်ကြီး၏ ဟေ့ကောင် အိပ်မငိုက်နဲ့နော် ဟူသော ဆူသံပူသံကို ကြားရမည်။ သံပတ်ပေးသော စက်ရုပ်တစ်ရုပ်ကဲ့သို့ စာရင်းဇယားများကို လုပ်မည်။ ဆယ့်နှစ်နာရီ ထိုးလျှင် ပျင်းခြောက်ခြောက် နေ့လည်စာ တစ်ခွက်ကို ရုံးသက်သာဆိုင်မှ ၀ယ်စားနိုင်သည်။ စိတ်ပါသည့် နေ့ဆိုလျှင်တော့ ခုံချင်းကပ်လျက် ထိုင်သော လုပ်ဖော်ကိုင်ဖက် လေးဆယ်ကျော် လူပျိုကြီး၏ မိန်းမကျမ်းကို နားထောင် လိုက်မည်။ မဟုတ်လျှင်တော့ နေ့လည်စာကို ခပ်မြန်မြန် အဆုံးသတ်ကာ အလုပ်ဆက်လုပ်မည်။

ငါးနာရီ ဒေါင်ကနဲ ထိုးလျှင်တော့ စောင့်ကြိုမည့်သူ မရှိသော အိမ်သို့ လေးတွဲ့စွာ ပြန်လာခဲ့မည်။ ရုံးတက်ချိန်နှင့် အိမ်ပြန်ချိန်သည် သူ့အတွက် ဘာမှ မထူးခြားပါတကား။ လမ်းထိပ်က တရုတ်ဆိုင်မှာ အချိုမှုန့်များများနှင့် ဈေးပေါသော ဟင်းတစ်ခွက်ကို ၀င်ဆွဲ ခဲ့မည်။ တခါတလေတော့လည်း ကြက်ဥကြော်နှင့် ပေါင်မုန့်နှင့် ညစာ တစ်ခွက်ကို ဖြစ်သလို ဖြေရှင်း လိုက်စမြဲ။ ဒါက သူ၏ နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ဘ၀ဆိုတာ တခါတလေတော့လည်း အနေခက် အသေခက်လှသည်ဟု သူစဉ်းစား နေမိသည်။

xxx

ထိုနေ့သည် ရိုးအီနေသော နေ့တနေ့ ပြီသစွာ အလွန်နှေးကွေး နေကြောင်း သူကောင်းကောင်းမှတ်မိ နေ၏။ ငါးနာရီကျော် ညနေခင်း တစ်ခုမှာ သူ့ရဲ့အိမ်ခန်း ပြတင်းပေါက်နား၌ ထိုင်နေမိသည်။ လမ်းပေါ်မှ လူအများ သွားလာနေကြသည်ကို ပျင်းရိဖွယ် ငေးကြည့်ရင်း သူဘာတွေးမိမှန်းပင် သတိမရတော့။ အိမ်ရှေ့က တိုက်ခန်းတွေမှာ မိသားစု ပေါင်းစုံနေသည်။ သူ့အခန်းက ခြောက်လွှာ မှာမို့ အခန်းတော်တော်များများကို မြင်နေရသည်။

တိုက်အောက်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။ မျက်စောင်းထိုး အခန်းမှ လက်သမား ဖြစ်ဟန်တူသော လူသည်လည်း ၀ရန်တာသို့ ထွက်ကာ လေညှင်းခံလျက် ရှိ၏။ ထိုအခန်းနှင့် ကပ်လျက်မှ ဆရာမ အပျိုကြီး ဖြစ်ဟန်တူသော အမျိုးသမီးသည်လည်း အိမ်ရှေ့ခန်းတွင် ထိုင်လျက်က သူ့အမေနှင့် စကား လက်ဆုံကျလျက်ရှိသည်။ သူတို့၏ အောက်ထပ် အခန်းတွင်တော့ ကလေးများသော အိမ်ရှိသည်။ ထိုအိမ်၌ ကလေး လေးယောက်ငါးယောက်မျှကို သူအမြဲ တွေ့နေရတတ်သည်။ ဘယ်နှစ်ယောက် ရှိသည်ကိုတော့ သူအတိအကျ မသိ။ ကလေးများသော အိမ်ဟုသာ မှတ်ထားလိုက်သည်။

ထိုလူအားလုံးသည် သူ့ဘ၀များတွင် သူစိတ်ပါဝင်စားစွာ နေထိုင်လျက် ရှိကြသည်ဟု သူထင်သည်။ သူ့ကျတော့ စိတ်ညစ်သည်လည်း မဟုတ်ဘဲ ကိုယ့်ဘ၀ကိုယ် စိတ်ဝင်စားစရာ ရှာမရအောင်သာ ဖြစ်နေတော့သည်။

ထိုခဏ၌ မျက်နှာချင်းဆိုင် တိုက်အောက်တွင် ကားတစ်စင်းဆိုက် လာသည်။ ရိုးရိုးကားသေး မဟုတ်ဘဲ ပစ္စည်းများ၊ ပရိဘောဂများ တင်ထားသော ကားပေါ်မှ အလုပ်သမားတို့သည် ပစ္စည်းများကို အသယ်အချ ပြုကြလေ၏။ စူးစမ်းကြည့်တော့ သူတို့ ပစ္စည်းချနေသော အခန်းသည် သူနှင့် မျက်နှာချင်းဆိုင် အခန်း ဖြစ်နေသည်။ ထိုအခန်း၌ လူမရှိသည်မှာ တစ်လလောက်တော့ ရှိပြီလား မသိ။

ထို့နောက်တော့ သူလည်း အမှတ်တမဲ့ပင် ပြတင်းပေါက်မှ ခွာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုကို သူကြာရှည် စိတ်မ၀င်စား နိုင်ခဲ့သည်မှာ ကြာလေပြီပဲ။

(ဆက်ရန်)

Thursday 5 February 2009

လောကကြီးနှင့် ပြန်လည် သင့်မြတ်ခြင်း

(အသစ်ရေးနေတဲ့ ၀တ္ထုကို စိတ်တိုင်းကျ မဆက်နိုင်သေးတော့ စာတိုလေးနဲ့ ဆားချက်ပါတယ်။)

ဒီနေ့တော့ နှိုးစက် မမြည်ခင် စောစီးစွာနိုးနေသည်။ နှိုးစက်ကို ပိတ်ပြီး ပြန်လှဲ နေလိုက်သော်လည်း အိပ်မပျော်တော့။ စောင်ခြုံထဲက ထွက်ရမှာလည်း သိပ်ဝင်မလေးမိ။ ထုံးစံ အတိုင်း ရာသီဥတုကတော့ အေးသည်။ ကိုယ့်ကိုယ်ကို ဒရွတ်တိုက် မဆွဲရသော ရှားပါးသည့် မနက်ခင်းတစ်ခု။

အလုပ်ရောက်တော့ စောနေသေးသည်။ ရာသီဥတုက အေးလှသည်မို့ ကော်ဖီပူပူလေး တစ်ခွက် သောက်ရလျှင် ကောင်းမည်ဟု တောင့်တမိ၏။ ကော်ဖီ မသောက်တာလည်း ကြာလေပြီ။ ခုတလော ချွေတာသည့် အနေဖြင့် ကော်ဖီမှုန့် ကုန်နေတာ မ၀ယ်ဖြစ်။ (မသောက်ဖြစ်ခဲ့သော ကော်ဖီခွက်လေးများ အကြောင်း ထဲမှလိုတော့ တစ်စုံတစ်ရာကို ရည်စူး၍ ပိုက်ဆံ စုနေခြင်း မဟုတ်ပါ။) ဒီလိုနှင့် ကော်ဖီဆိုင်လေးကို ရောက်သည်။ မနက်စောသေးသည်မို့ လူရှင်းမည် ထင်ခဲ့သော်လည်း လူတန်းက ရှည်လှသည်။ သူသူငါငါ ကိုယ့်လိုပဲ မနက်စောစောမှာ ကော်ဖီနှင့် အားဖြည့် ကြသည် ထင်သည်။

လူတန်းရှည်ထဲမှာ ကိုယ်လည်း ၀င်ရပ်ဖြစ်သည်။ ကိုယ့်နောက်မှ အမျိုးသမီးတစ်ယောက်ကို ဖြတ်သွားသော အမျိုးသား တစ်ယောက်က လှမ်း၍ နှုတ်ဆက် နေသည်။ ဘာရယ်မဟုတ်ဘဲ သူတို့ပြောနေသည်ကို ကြားနေရပြန်၏။ သူတို့အလုပ်တူ ကြပုံရသည်။ နေ့မအား ညမအား လုပ်ကြသည့် လူများ ဖြစ်ပုံရသည်။ ကော်ဖီဆိုင်မှ ကော်ဖီရောင်းသော မိန်းကလေးသည်လည်း ပြင်ပြင်ဆင်ဆင်နှင့် ၀ယ်သူတို့ကို ပြုံးရွှင် ချိုသာစွာ ဆက်ဆံလျက်။ ပိုက်ဆံ ပြန်အမ်းသော အခါ နှုတ်ဆက် သွက်လက်လျက်။

ဒီလိုပါပဲ သူတို့လည်း သူတို့ အလုပ်ကို လုပ်ကြသည်။ ကိုယ်လည်း ကိုယ့်အလုပ်ကလေးကို ပီပြင်အောင် လုပ်ရမည်။ ကိုယ့်ရည်ရွယ်ရာလေးကို ပြန်မြင်လာသလို။ ဒီနေ့အဖို့တော့ ဒါတွေ ပြီးအောင် လုပ်ရမည်ဟု စိတ်ထဲမှာ ဇယားဆွဲသည်။

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ကော်ဖီတစ်ခွက် မှာသည်။ သိပ်မကြာလိုက်ပါ။ ကိုယ့်လက်ထဲမှာ ခပ်နွေးနွေး ကော်ဖီတစ်ခွက် ရောက်လို့လာသည်။ ကော်ဖီဆိုင်မှ ကောင်မလေး အတွက်လည်း အပိုကြေး အနည်းငယ် ပေးခဲ့မိသည်။ သူတို့လည်း လုပ်အားခ ပိုရကြပါစေ။

အပြင်ကို ခြေလှမ်းတော့ ရာသီဥတုသည် အေးခဲလျက်။ ကိုယ့်လက်ထဲမှာတော့ ကော်ဖီတစ်ခွက် ပူနွေးမွှေးမြလျက်။ တိုးတက်ခြင်းဆိုတာ ပဋိပက္ခမှ လာသည်တဲ့။

Monday 26 January 2009

နံရံတို့ အကြောင်း (ဇာတ်သိမ်း)



ဒီလိုနှင့် အနှစ်သုံးဆယ် ကြာခဲ့သည်။ မြို့လေးက ကျောင်းမှာ ထိုနှစ်က မှတ်မှတ်ရရ ဆရာကန်တော့ပွဲ လုပ်ဖြစ်ကြသည်။ ကျောင်းသူကျောင်းသား တော်တော်များများက မြို့ကလေးကို စွန့်ခွာခဲ့ပြီမို့ အားလုံး ပြန်ဆုံခဲလှသည်။ ပြန်ဆုံရန်လည်း စိတ်အားထက်သန် နေကြသည်။ ထိုပွဲသို့ ဦးထွန်းဦးလည်း အရောက်လာခဲ့သည်။ မြို့လေးမှ ထွက်သွားသည်မှာ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သော်လည်း သူကျင်လည်ခဲ့သော နေရာများကို မှတ်မိနေသည်။ ကျန်ခဲ့သော သူငယ်ချင်းဟောင်းများကို သတိရသည်။ ထိုသူငယ်ချင်းဟောင်းများ ထဲတွင် ဦးငြိမ်းအောင်ကို သူအမှတ်ထင်ထင် တွေ့ချင် နေမိသည်။ ဦးငြိမ်းအောင်သည် မြို့လေးမှာပဲ နေထိုင်ရင်း နာမည် အသင့်အတင့်ရှိသော စာရေးဆရာ တစ်ယောက် ဖြစ်နေပြီတဲ့။

ထိုညနေက သူငယ်ချင်းများ ဆုံသော ထမင်းဝိုင်းလေးတွင် စကားသံတို့ ဆူညံနေသည်။ တစ်ယောက်အကြောင်း တစ်ယောက်လုမေးရသည်နှင့် ထမင်းပင် ကောင်းကောင်း မစားနိုင်။ တချိန်က သေးသေးသွယ်သွယ် မိန်းကလေးတို့သည် ဒေါင်းတည်မောင်းတည်နှင့် မိန်းမကြီးများ ဖြစ်လာကြသည်။ ယောက်ျားလေး သူငယ်ချင်းများသည်လည်း ထိပ်ပြောင်၊ ဗိုက်ရွှဲများ ဖြစ်လာကြသည်။ ကလေးဘယ်နှစ်ယောက်နှင့် ဘယ်မြို့မှာ အခြေကျနေသည် စသည်ဖြင့် ပြောကြဆိုကြသည်။ ဟိုအရင်က အရိုက်ကြမ်းသည့် ဆရာကြီးများ အကြောင်း၊ ကျောင်းပြေးသည့် အကြောင်း၊ စာမရသည့် အကြောင်းများကို စမြုံ့ပြန်မဆုံးအောင် ရှိနေကြသည်။ လူအုပ်ထဲတွင် ဦးထွန်းဦးနှင့် ဦးငြိမ်းအောင်တို့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ကြသည်။ သို့ပေမယ့် စကားမဆိုဖြစ်ကြ။

ညဥ့်နက်လာတော့ လူအုပ်လည်း စဲခဲ့ပြီ။ အချို့သာ ကိုယ့်အုပ်စုလေးနှင့်ကိုယ် စကားဝိုင်းဖွဲ့ ပြောလျက် ရှိကြသည်။ ဒီလိုနှင့် ပန်းကန်တွေ သိမ်းနေသော ဦးငြိမ်းအောင် အနားသို့ ဦးထွန်းဦး ရောက်လာခဲ့သည်။

“ကိုငြိမ်းအောင် ကျွန်တော်တို့ ငယ်ငယ်က ဆုမှားပေးလိုက်တာ သတိရလားဗျ။”

ရတာပေါ့ဗျာ ဟုဆိုကာ ဦးငြိမ်းအောင်က ရယ်နေလေသည်။ ထို့နောက် ကျုပ်လည်း ခင်ဗျားကို မေးမလို့ပဲဟု ဆက်၍ ပြောသည်။

ထိုအခါ ဦးထွန်းဦးလည်း အားတက်လာပြီး အဲဒီညက ကျွန်တော် စဉ်းစားမိတယ်ဗျ ဟုဆိုကာ စကား မဆက်သေးဘဲ ငြိမ်နေပြန်၏။ စက္ကန့် အနည်းငယ် ကြာလာတော့ ဦးငြိမ်းအောင် သည်းမခံနိုင်ဘဲ ဦးထွန်းဦး၏ စကားကို ဆက်ပေးလိုက်သည်။

“တကယ်လို့သာ ဒီဆုက အမှန်ပဲ ဆိုရင်….အဲဒီလို ခင်ဗျား စဉ်းစားတယ် ဟုတ်သလား။”

“ခင်ဗျား ဘယ်လိုလုပ် သိလဲဗျ။”

“ကျုပ်လည်း အဲလိုပဲ စဉ်းစား ခဲ့လို့ပေါ့။”

သူတို့ နှစ်ဦးလုံး အတွေးကိုယ်စီနှင့် ငြိမ်သွား ကြပြန်သည်။ ထို့နောက် ဦးထွန်းဦးက စကားစလာသည်။

“ခင်ဗျားက ကျွန်တော့်ရဲ့ မဖြစ်လိုက်ရတဲ့ ဘ၀တစ်ခုလိုပဲဗျ။ ခင်ဗျားကို ကျွန်တော် အားလည်း အားကျတယ်။ ဒါပေမယ့် ခင်ဗျားလိုမျိုးလည်း သတ္တိ မရှိဘူးဗျ။”

“ကျုပ်က အားကျဖို့လည်း ချန်ထား ပါဦးလေ။ ခင်ဗျားလို နိုင်ငံခြားပြန် အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဘ၀ကို ဘယ်သူမဆို လိုချင် ကြမှာပဲ။”

“အဲ.. ဘယ်သူ မဆိုတော့ မဟုတ်လောက်ဘူးဗျ။ ၀ါသနာပါတဲ့ လူပေါ့။ ကျွန်တော် တခါတလေ စဉ်းစားမိတယ်။ ကျွန်တော့်အလုပ်မှာ ကျွန်တော် ပျော်သလား။ ကျွန်တော်လုပ်နေ ရတာတွေကို ပျော်သလားလို့။ တကယ်တမ်းကျတော့ ကျွန်တော် ကိုယ့်အလုပ်ကို ကိုယ်ဝါသနာ မပါဘူးဗျ။ ကျွန်တော်ဟာ လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် သပ်သပ်ရပ်ရပ် လုပ်နေတယ်။ ပျော်တာတို့ မပျော်တာတို့ ထည့်မစဉ်းစား တော့ဘူး။ လူတွေကတော့ ပြောကြတယ်။ ကျွန်တော်ဟာ ကိုယ်လုပ်တဲ့ အလုပ်မှာ ထူးချွန်တယ်တဲ့။ ကျွန်တော့် အလုပ်ကို ကျွန်တော် သံယောဇဉ် ကြီးရှာတယ်တဲ့။ အမှန်တော့ အဲဒါ ကျွန်တော့် သံယောဇဉ် ကျွန်တော့် အာသီသ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ဘောင်တွေ။”

“ဘယ်လို ခင်ဗျားရဲ့ ဘောင်တွေ ဟုတ်လား။”

“ဟုတ်တယ်။ ကျွန်တော်ဟာ လုပ်ချင်တာကိုပဲ ဖြစ်စေ မလုပ်ချင်တာကိုပဲ ဖြစ်စေ၊ လုပ်သင့်တယ် ထင်လို့ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ကျွန်တော့် မိဘတွေ အတွက်၊ နောက်လူတွေရဲ့ အထင်ကြီး အားကျမှု အတွက်၊ နောက်တော့ ကျွန်တော့် မိန်းမအတွက်၊ သားသမီးတွေ အတွက် စုံလို့ပေါ့ဗျာ။ အဲဒါအတွက် ကျွန်တော် ကျေနပ်မှု တစ်ခုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် လုပ်သင့်တာတွေချည်း လုပ်ခဲ့တော့ ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာတောင် မမှတ်မိတော့ဘူး။ အဲဒါ ၀မ်းနည်း စရာပဲ။”

“ခင်ဗျားရဲ့ ဆန့်ကျင်ဖက်ကို ကြားချင်သလား ကိုထွန်းဦး။”

ဦးထွန်းဦးက ခေါင်းကို တွင်တွင်ငြိမ့်ကာ ဆိုပါဦးဟု ပြော၏။

“ကျုပ်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တဲ့ကောင် ဆိုတာ ခင်ဗျား သိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ အရာကို လုပ်သင့်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖို့ ကျုပ်မှာ ခွန်အား မရှိဘူး။ လုပ်ချင်စိတ်လည်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျုပ်ဘယ်တော့မှတော့ နောင်တမရခဲ့ဘူး။ ကံကောင်းလို့ပဲလား တကယ်ပဲ စိတ်ပါလက်ပါ လုပ်တဲ့ အကျိုးပဲလားတော့ မသိဘူး။ ကျုပ်လုပ်ချင်တဲ့ နေရာမှာ နာမည်လေး အသင့်အတင့် ရခဲ့တယ်။ စားဝတ်နေရေးလည်း စာမူခလေးနဲ့၊ ခြံစိုက်တာလေးနဲ့ လုံလောက်ခဲ့တယ်။ ကျုပ်ရွေးတဲ့ လမ်းက မပေါများဘူး ဆိုတာ သိလို့ ကျုပ်လေ ဒီနယ်မြို့လေးကနေ မပြောင်းခဲ့ဘူး။ ကျုပ်လက်တွဲမယ့်သူ ကိုလည်း သေချာဆွေးနွေး ပြောပြခဲ့တယ်။ ကျုပ်ကံကောင်း ပါတယ်။ ကျုပ်မိန်းမက ကျုပ်ရဲ့ဉာဉ်၊ ကျုပ်ရဲ့ ၀ါသနာကို ဘယ်တော့မှ မဝေဖန်ခဲ့ဘူး။ အမြဲပဲ တန်ဖိုးထားခဲ့တယ်။ ကျုပ်တို့မှာ သမီးလေး တစ်ယောက်ရှိတယ်ဗျ။ သူ့ကို မွေးလာတော့မှပဲ ကျုပ်လောဘ ဆိုတာ နားလည် သလိုလို ရှိလာခဲ့တယ်။ တခြား မိဘတွေလိုပဲ သူ့ကို အကောင်း ဆုံးကျောင်းတွေမှာ ထားချင်တယ်။ အကောင်းဆုံး အခွင့်အလမ်းတွေ ပေးချင်တယ်။ ဒီအချိန်မှာ လုပ်သင့်တာ တချို့ကို လုပ်ရတော့မယ်လို့ ကျုပ်စဉ်းစား မိလာတယ်။ ဒါပေမယ့် ကျုပ်မတတ်နိုင်ခဲ့ဘူး။ ကျုပ်တို့ ဘ၀လေးနဲ့ ကျုပ်တို့ ပျော်ပါတယ်။ တခါတလေ မှန်းဆပြီး အားကျမိတဲ့ စိတ်ကလေးတော့ ဖြစ်မိတယ် ဆိုတာ ၀န်ခံရမှာပေါ့။”

“လောကကြီးမှာ ခင်ဗျားလို လူတွေများလား၊ ကျွန်တော့်လို လူတွေများလားလို့ ကျွန်တော် တခါတလေ စဉ်းစားမိတယ် ကိုငြိမ်းအောင်။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲက လူတွေလည်း တွေ့ဖူး ပါရဲ့။ ပြီးတော့ လုပ်ချင်တာရော လုပ်သင့်တာပါ လုပ်နိုင်တဲ့လူ တွေ့ဖူးတယ်။ နောက် လူတမျိုးလည်း တွေ့ဖူးသေးတယ်ဗျ။ ကျွန်တော့် ဆေးရုံက ဆရာဝန်လေး တစ်ယောက်။ မင်းဘာဝါသနာ ပါလဲ ဆိုတော့ မသိဘူးတဲ့ဗျ။ ဒီဆရာဝန် အလုပ်ကိုရော ဆိုတော့ မသိပါဘူး ဆရာရယ်၊ အမေက လုပ်ခိုင်းလိုက်တော့လည်း လုပ်လိုက်တာပဲ တဲ့။ အဲ… အဲဒါလည်း ခပ်ကောင်းကောင်းပဲ ထင်တယ်။ ကိုယ်ချစ်တာ ဘယ်သူလဲ မသိတော့ မိဘပေးစားတာပဲ ယူလိုက်တဲ့ လူတွေလို ရည်းစားဟောင်းကိုလည်း လွမ်းနေစရာ မလိုတော့ဘူး ပေါ့ဗျ။”

သူတို့နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်။ ဦးထွန်းဦးက ရယ်ရင်းမှ

“အဲဒီတော့ ကျွန်တော့် သားသမီးတွေကို ဘာဆုံးမရမလဲ ဆိုတာကိုပဲ ကျွန်တော်တွေး နေမိတယ်။ မင်းတို့ ကိုယ်လုပ်ချင်တာကို ဦးစားပေးကြလို့ ပြောရမလား၊ လုပ်သင့်တာကိုပဲ ဦးစားပေးကြလို့ ပြောရမလား။”

အဲဒီညက သူတို့ အတော်ညဥ့်နက်တဲ့ အထိ စကားပြောဖြစ်ကြသည်။ အဖြေထုတ်ဖို့ မကြိုးစားသော်လည်း တစ်ယောက်စကားမှ တစ်ယောက် အဖြေကို ရှာဖြစ်ကြသည်။ နောက်နေ့ မနက်မှာတော့ ကိုယ့်ဘ၀ထဲသို့ ကိုယ်ပြန်ကြရလေသည်။

xxx

အဘက စကားပြောရမှာ မောလာသည့်ဟန်ဖြင့် ခဏရပ်၍ နေသည်။

“ပုံပြင်က ဒါပဲလား အဘ။”

သူအားမရ သလိုမေးတော့ အဘက သာသာလေးရယ် နေ၏။

“နေဦး အဲဒီထဲမှာ အဘ ကြိုက်တဲ့ စကားလေး တစ်ခွန်းရှိတယ် ကွဲ့။ အဲဒီ စကားကတော့ ဒီလို။ ဘ၀ဆိုတာ ကျဉ်းကျုတ်တဲ့ဘောင်တွေနဲ့ အခန်းငယ် တစ်ခု မဟုတ်သလို၊ အကန့်အသတ် မရှိတဲ့ အတားအဆီးမဲ့ လွင်ပြင်ကြီး တစ်ခုတော့လည်း မဟုတ်ဘူးပေါ့။ သွားရင်းနဲ့ တချိန်ချိန်မှာတော့ နံရံတွေကို ထိလာမယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီနံရံတွေကို ကိုယ်ကိုယ်တိုင်ကပဲ ဆောက်မှန်းမသိ ဆောက်ခဲ့တာပဲ။ တချို့နံရံတွေဟာ မြင့်မားစေတယ်။ တချို့နံရံတွေဟာ ကျယ်ပြန့်စေတယ်။ မြင့်ပြီး ကျယ်တဲ့ နံရံတချို့လည်း ရှိတာပဲ။ ရှားတော့ ရှားလိမ့်မယ် ထင်တယ်။ အရေးကြီးတာက ကိုယ်ဆောက်ထားတဲ့ နံရံတွေကြားမှာ ကိုယ်ပျော်ဖို့ပဲ။ ကိုယ်ဆောက်ခဲ့တဲ့ နံရံတွေကို ကိုယ်သိဖို့ပဲ။ ကိုယ်မပျော်တဲ့ တစ်နေ့မှာတော့ အဲဒီနံရံတွေဟာ အကျဉ်းထောင်တစ်ခု ဖြစ်လာလိမ့်မယ်။ အမှောင်တိုက် တစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ နံရံတွေကို ဖြိုဖျက်ရဲတဲ့ သတ္တိ ရှိဖို့ပါပဲ။”

“အဲဒီစကားကနေ ငါ့တူမ အဖြေတွေ့ကောင်းတွေ့မှာ ပေါ့လေ။ တွေ့မတွေ့ ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပေါ် မူတည်တာပါပဲ။”

အဘပြောသော စကားကို သူတွေးနေမိသည်။ မနက်ရောင်နီကို တွေ့နေရပြီဟု သူထင်သည်။ မကြာခင် ရထားဆိုက်တော့မည်။ ရထားမဆိုက်ခင် သူမေးချင်သော မေးခွန်းနှစ်ခုကိုတော့ မေးလိုက်မှ ဖြစ်မည်။

“အဲဒီစကားကို ဘယ်သူက ပြောတာလဲဟင်။ ပြီးတော့ အဘက ဦးငြိမ်းအောင်လား၊ ဦးထွန်းဦးလား ဟင်။”

သူ အလောတကြီး မေးလိုက်မိသည်။ အဘက ပြုံးနေရင်းမှ

“မင်းပဲ တွေးယူကြည့်လိုက်ပါတော့။ အခုအချိန်မှာတော့ ကိုယ်ဘယ်သူလဲဆိုတာ အဘကိုယ် အဘ ပြန်စဉ်းစား ကြည့်ရဦးမယ်။ ကဲ အဘ ရထားပေါ်က ဆင်းတော့မယ်။”

သူအဘ၏ ကျောပြင်ကို ကြည့်၍ ကျန်ရစ်သည်။ သူ့ဘ၀က နံရံတွေကို သူဘယ်နားမှာ ဆောက်ခဲ့သလဲ ဆိုတာကိုတော့ ပြန်ဆန်းစစ်ရပါဦးမည်။

Friday 23 January 2009

နံရံတို့ အကြောင်း (ဒုတိယပိုင်း)

မြို့လေး တစ်မြို့မှာ ငြိမ်းအောင်နှင့် ထွန်းဦးဟူသော သူငယ်ချင်း နှစ်ယောက် ရှိကြသည်။ သူတို့နှစ်ဦးလုံးမှာ မြို့ကလေးက အထက်တန်းကျောင်းလေးတွင် ကျော်ကြားသူများ ဖြစ်ကြသည်။ ငြိမ်းအောင်ကို နံရံကပ် စာစောင်နှင့် စာစီစာကုံးပြိုင်ပွဲများနှင့် တွဲမြင်လေ့ ရှိကြပြီး ထွန်းဦးကတော့ အတန်းထဲမှာ အမြဲပင် ပထမစွဲသူ အဖြစ် ဆရာဆရာမများက ချီးကျူးကြသည်။ ဒီအထဲမှာ မြန်မာစာဆရာနှင့် သမိုင်းဆရာကြီးတို့ နှစ်ယောက်ကတော့ ငြိမ်းအောင်ကို ထူးခြားတဲ့ ကလေးဟု ဆိုကြသည်။ ဘယ်လိုထူးခြားသည် ကိုတော့ သူတို့က မပြော။ မနာလိုသူ အချို့ကတော့ အလကားပါကွာ ဟိုစပ်စပ် ဒီစပ်စပ်ပါတဲ့ ကောင်ဟု စကားတင်း ဆိုကြသည်။ နှစ်ယောက်လုံးကိုတော့ မွန်ရည်သော လူငယ်လေး နှစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထား ကြ၏။

မကြာခဏ ဆိုသလို ထွန်းဦးကို စာအုပ်နှင့် မျက်နှာမခွာဘဲ တွေ့ကြရပေမယ့် သူဟာ ငြိမ်းအောင်တို့ ကဗျာတွေ စာတွေရေးတဲ့ အခါမှာလည်း အားကျငေးကြည့် နေတတ်ပြန်၏။ ဒါပေမယ့် သူ့ကို ၀င်ပါပါလားဟု ဆိုကြတော့လည်း ငါစာကျက်ရဦးမယ်ကွာ ဆိုတဲ့ ဆင်ခြေကိုပဲ ပေးနေပြန်ပါသည်။ ငြိမ်းအောင်၏ မိဘများကတော့….ထွန်းဦးကို ကြည့်စမ်း ဘယ်လောက် တော်သလဲ၊ သူ့တ၀က်လောက် မင်းစာလုပ်ရင် ငါတို့ ကျေနပ်ပြီဟု အခွင့်အရေး ရတိုင်း ငြိမ်းအောင်ကို ဆုံးမတတ်ကြသည်။ အဖေနှင့်အမေတို့၏ ဆန္ဒကို လိုက်လျောချင်သော်လည်း လုပ်ချင်သော အရာမှ လွဲ၍ လုပ်သင့်သော အရာများကို ဖြည့်လုပ်နိုင်သော ခွန်အား ငြိမ်းအောင်တွင် မရှိ။

ဒီလိုနှင့် ထိုနှစ်က ငြိမ်းအောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရသည်။ ထွန်းဦးက စာမေးပွဲကြီးတွင် ပထမဆု ရသည်။ ဆုပေးပွဲ စဉ်ပေါ်မှ ဆင်းလာတော့ သူတို့လိုချင်သော ဆုကို ရခဲ့ပြီဟူသော အတွေးဖြင့် နှစ်ဦးလုံး ပျော်နေကြသည်။ ဒါပေမယ့် ကိုယ်မပိုင်သော ဆုကိုမှ ပိုက်ပြီး ပြန်ခဲ့သည်ကိုတော့ အိမ်ရောက်မှပင် သိကြသည်။

စာအုပ်များ ကြားတွင်တင်ထားသော ဆုကို ထွန်းဦး ကြည့်မိတော့ မောင်ငြိမ်းအောင် စာစီစာကုံး ပထမဆု ဟုထွင်းထားသော စာသားလေးကို တွေ့ရသည်။ ထိုအချိန်တွင် ငြိမ်းအောင်သည်လည်း သူ့ခေါင်းရင်းမှ မောင်ထွန်းဦး ဒသမတန်း ပထမဆု ဟူသော စာလုံးများကို ကြည့်ကာ တွေးနေပြန်သည်။ မတော်တဆပင် ဆုပေးပွဲ၌ သူတို့နှစ်ဦးအား ဆုမှားပေးလိုက် ဟန်ရှိသည်။ မနက်ကျမှ ပြန်လဲမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် အိပ်ယာဝင်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး ထိုညက ကောင်းကောင်းအိပ်မပျော်ကြ။

မနက်နေရောင်ကို တွေ့တော့ ခေါင်းရင်းတွင် တင်ထားသော ဆုကိုပိုက်ကာ တစ်ယောက်အိမ်သို့ တစ်ယောက် လျှောက်လာကြသည်။ လမ်းတ၀က်မှာ သူတို့နှစ်ဦး ဆုံသည်။ တစ်ယောက်လက်ထဲမှ ဆုကို တစ်ယောက်တွေ့တော့ ဘာမျှ မပြောနိုင်ဘဲ ပြုံးမိကြသည်။ ထို့နောက် လက်ထဲက ဆုချင်း လဲလှယ်လိုက်ကြသည်။ လဲလိုက်ချိန်မှာ လမ်းတ၀က်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တွေးနေကြပြန်သည်။

နောက်ဆုံးတော့လည်း လူဆိုသည်မှာ အကျင့်ဟောင်းရဲ့ သားကောင်တွေပဲ ဖြစ်ပါသည်။ ထွန်းဦးရော ငြိမ်းအောင်ပါ ၁၈၀ ဒီဂရီ လှည့်၍ လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

(ဆက်ရန်)

Sunday 18 January 2009

နံရံတို့ အကြောင်း (ပထမပိုင်း)

ရထားတစ်စင်းပေါ်မှာ သူဒီအကြောင်းကို ဆွေးနွေးရလိမ့်မယ်ရယ်လို့ မတွေးခဲ့ဖူးပါ။ ခုတော့ သူခုမှ တွေ့ဖူးသော သူစိမ်းတစ်ယောက်နှင့် သူ့စိတ်ထဲမှာ အရေးတကြီး တွေးမိသော ကိစ္စကို ပြောမိလျက်သား ဖြစ်လို့နေသည်။ ရထားက တညလုံး ဆက်၍ သွားဦးမည်။ လိုဏ်ခေါင်းတွေကို ဖြတ်နေသော်လည်း သူတို့အတွက်တော့ အားလုံးဟာ အမြဲ မှောင်မိုက်နေတာပါပဲလေ။

“ကဲ ဆက်ပါဦးလေ။ မင်းက ဘယ်လို ထင်တာတုန်း။”

အမှောင်ထဲမှပင် ထွက်ပေါ်လာနေသော မျက်နှာချင်းဆိုင် ခုံမှ အဘ၏ အသံသည် အဝေးကြီးမှ လာနေသလို သူထင်နေမိသည်။

“ကျွန်မကတော့ ဘ၀မှာ ပျော်တာလုပ်၊ ကိုယ့်ဘ၀ ကိုယ်ကျေနပ်နေရင် ပြီးတာပဲလို့ ထင်တာပဲ။ လူဆိုတာ ကိုယ်ရှာတာ ကိုယ်ရတဲ့ အမျိုးပဲ အဘရယ်။ ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတယ် ထင်တာပဲ။ အဲ… ရွေးပြီးရင်တော့ နောင်တ မရကြေးပေါ့။”

“အင်း… မင်းပြောတာကို အဘ သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုကို နောင်တရတဲ့ တစ်နေ့မှာရော…၊ ဘာလုပ်မယ် ထင်သလဲ။”

အဘရဲ့ မေးခွန်းကို သူချက်ချင်း ပြန်မဖြေနိုင်ပါ။ စဉ်းစားနေသောသူ့ကို အဘက အလိုက်တသိ တိတ်ဆိတ်စွာပဲ စောင့်နေသည်။ ရထားဖြတ်သွားတိုင်း လမ်းမီးတိုင်၏ အရိပ်တို့က နောက်မှာ ကျန်ခဲ့သည်။ အဘကို လှမ်းကြည့်တော့ အမှောင်ထုထဲကို ငေးရင်း တစုံတခုကို တွေးနေပုံရသည်။ သူမေးခဲ့သော မေးခွန်းကိုတောင် သတိရသေးရဲ့လား။

“ကျွန်မတော့ သတ္တိမွေးပြီး ကိုယ့်ရွေးချယ်မှုကို ကိုယ်ပြင်ဖို့ ကြိုးစား ဖြစ်မယ် ထင်တာပဲ။ နေသားတကျ ဖြစ်နေပြီးသားတွေကို စွန့်လွှတ်ဖို့တော့ သတ္တိတော်တော် ကောင်းရမှာပါလေ။ လက်ရှိဘ၀ကို မစွန့်နိုင်တော့လဲ ဖြစ်နေတဲ့ အနေအထားကို ရောင့်ရဲနိုင်တဲ့ စိတ်မွေးရမှာပေါ့။ ဟုတ်တယ် မဟုတ်လား အဘ။”

အဘဆီမှ ဘာအဖြေမှ ထွက်မလာပါ။ ဒါပေမယ့် အမှောင်ထဲမှာ ခေါင်းငြိမ့်နေသော အဘကို လရောင်ရိပ်ရိပ်မှာ မြင်နေရသည်။ သူ့မျက်နှာ ပြုံးနေသလား ဆိုတာတော့ အသေအချာ မမြင်ရ။ အတန်ကြာ သူတို့ နှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်နေကြသည်။ စကားပွဲက ပြီးဆုံးသွားခဲ့ပြီဟု သူနှမြောတသ တွေးမိချိန်မှာတော့ အဘထံမှ တိုးတိတ်စွာ စကားစလာသည်။

“ငါ့တူမ နားထောင်နိုင်သေးတယ် ဆိုရင် အဘ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။”

“ကျွန်မ နားထောင်နေပါတယ် အဘ။ ပြောပါ။”

ထိုညမှ လကသာနေသည်။

(ဆက်ရန်)