Sunday, 17 June 2007

မိုးရွာချိန်

လေသည် ကြမ်းရှရှတိုက်၍ နေသည်။ နေရောင်က ပျောက်လုလု။ အနောက်ဘက်ဆီမှ တိမ်တိုက်တို့ အလိပ်လိုက် တက်၍လာ နေပြီ။ သဲဖုန်တို့ ဝေ့လည်နေသော ကတ္တရာ လမ်းမကြီးပေါ် ရှပ်တိုက်ပြေးလွှား နေသောလေကို မိုးမျက်စိမှိတ် ရင်း ခံယူလိုက်သည်။ မိုးနံ့မိုးရိပ် သင်းလို့ပါလား။ တစ်ခါတုန်းက မိုးတို့ဆရာမ ပြောတာကို သတိရမိသည်။ လေထဲမှာ ရေငွေ့တွေ ပါလာပြီဆို မိုးရွာတော့ မယ်တဲ့။ လေထဲမှာ ရေငွေ့တို့ စိမ့်လို့ အေးလို့။ အို…မိုးမှာထီးမှ ပါမလာပဲ။ အိမ်ကို မိုးရေတွေ ရွှဲလို. ပြန်သွားရင် အမေဆူမှာ သေချာသည်။ ထီးကို လွယ်အိတ်ထဲ ထည့်ထားသင့်တဲ့ အကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ဖို.လိုကြောင်း၊ စာမေးပွဲနီးမှ ဖျားနာနေလျှင် ဒုက္ခပါပဲ ဆိုသည့်အကြောင်း။ အမေ့ဆူသံကို ကြိုတင်ကြားယောင် လိုက်ရင်း မိုးပခုံးတွန့် မိသည်။

လေက ပိုလို့ပင် ကြမ်းလာသည်။ မိုးလွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ရင်း ခြေလှမ်း သွက်သွက်လှမ်းလိုက်သည်။ လမ်းမပေါ်မှာ ကားများ ဥဒဟိုသွားလာ နေကြသည်။ ဈေးဝယ်ပြီး ပြန်လာဟန် ရှိသော အသက်ကြီးကြီး အမျိုးသမီးကြီးသည် ကောင်းကင်ကို မော့ကြည့်ပြီး စိတ်ပူသွားဟန်တူသည်။ ပစ္စည်းများကို မနိုင့်တနိုင် သယ်ပိုးပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။ ကျောင်းဆင်းလာဟန် ရှိသော ကြိုးသိုင်းဖိနပ်လေးနှင့် ကောင်မလေး ကတော့ မိုးရွာမည်ကို ဂရုမပြုလေဟန်ဖြင့် ရေခဲမုန့်ဆိုင် မှာပင် ရေခဲမုန့် ၀ယ်ရန်စောင့် နေလိုက်သေးသည်။ ဘယ်က လွတ်လာသည် မသိသော အမွေးစုတ်ဖွားနှင့် ခွေးပုလေးကတော့ မိုးရွာမည်ကို သိလေဟန်ဖြင့် အမြီးကုပ်၍ တလိမ့်လိမ့်နှင့် ပြေးလေပြီ။

မီးသည်နီရာမှ စိမ်းသွားသည်။ မိုး လမ်းကို အပြေးအလွှား ဖြတ်ကူးမိသည်။ မိုးစက်မိုးပေါက်လေးများ ဖြိုးဖြိုးဖြောက်ဖြောက် ကျ၍လာပြီ။ ရှေ့မှာ မိုးအိမ်ကို မြင်နေရပြီမို့ အားတက်သရောနှင့် ခြေလှမ်း သွက်သွက်လှမ်း လိုက်သည်။ မိုးမသည်းခင် အမြန်ပြေးမှ။ ဒါမှ အမေ့ဆူသံ မကြားရမှာ။ ဒါတောင် မိုးရာသီမှာ ထီးဆောင်သင့်တဲ့ အကြောင်း ဗျစ်တောက်ဗျစ်တောက် ပြောချင်ပြောနေမှာ။

လှေကားရင်းမှာ မိုးဆံပင်ကို တစ်ချက်ခါ လိုက်သည်။ ဆံပင်မှာ တွဲခိုနေသော ရေစက်တို့ လွင့်စင်သွားကြသည်။ ဖိနပ်ကို ငုံ့ကြည့်ရင်း သိပ်မစို ပါဘူးဟု ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။ လှေကားထစ်တို့ကို အပြေးအလွှားတက်ရင်း “ဒီမိုး..ဒီမိုး…ဒီမိုးသည်းတဲ့နေ.တွေ” ဟုသီချင်း တိုးတိုးညည်း မိသည်။ လှေကားထစ်တို့ အဆုံးမှာရှိ နေသောတံခါး တစ်ချပ်ကို တွန်းဖွင့်ကာ ၀င်လိုက်တော့ တိုက်ခန်းကျဉ်းလေး မှာတိတ်ဆိတ်လို့ နေသည်။ လွယ်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သော အသံမှာ ကျယ်လောင်လွန်း နေသည်။ မိုး ကြမ်းပြင် ပေါ်ကို ထိုင်ချလိုက်သည်။

မိုး၏ တိုက်ခန်းလေး ထဲမှာ မိုးတို့ ရှိုက်ကြီးတငင် ရွာနေလေသည်။ မျက်နှာတစ်ခုလုံး ရွှဲရွှဲစိုနေပေမယ့် အမေ့ဆူသံ ကိုမကြားရပေ။

3 comments:

ပုံရိပ် / Pon Yate said...

မိုးရွာရင်ဘာလုပ်မယ် ဆိုတဲ့ tag အတွက်ပါ။ ဘာလုပ်မယ် ဆိုတာ ရေးထားတာ တော့မဟုတ်ဘူးပေါ့။ မိုးရွာတာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မယုံလျှင် ပုံပြင်ဟု မှတ်ကြပေရော့….ဒန့်တန့်တန့်။ ယခု တဖန် tag လုပ်ခံရသူ ကတော့
အိမ့်ချမ်းမြေ့
ဘလာဂေါက်

ဂျစ်တူး - gyit_tu said...

ဒီနောက်ဆုံးစာကြောင်းလေးက အထိဆုံးပဲ ပုံရိပ်ရေ ။

(မိုး၏ တိုက်ခန်းလေး ထဲမှာ မိုးတို့ ရှိုက်ကြီးတငင် ရွာနေလေသည်။ မျက်နှာတစ်ခုလုံး ရွှဲရွှဲစိုနေပေမယ့် အမေ့ဆူသံ ကိုမကြားရပေ။)

ပုံရိပ် / Pon Yate said...

အားပေးတာ ၀မ်းသာပါတယ် မဂျစ်ရေ