Thursday, 21 June 2007

၂၁ရာစု မှာလွမ်းရမှာလား

ဒီစာကို ကျွန်မရေး ထားပြီး စိတ်တိုင်းမကျလို့ ခဏသိမ်းထား သေးတာ။ ခုတော့ တင်စရာမရှိ သေးလို့ ရှိသလောက်နဲ့ပဲ တင်လိုက်ပြီ။ ကျွန်မ ဒေါ်ကြည်အေး ၏ကဗျာ ကို ခံစားနားလည် မိသမျှ ရေးထားတာပါ။ စကားပြေများ ကကျွန်မရဲ့ အာဘော်သာ ဖြစ်ပါတယ်။ အမှားပါရင် သည်းခံပါ။ ကဲ...ရေးပြီနော်။

၂၀ ရာစုနှစ် အလွမ်းသစ်

အို…လမင်း
မြ၀င်းလဲ့ရီ၊ ငွေမှုန်ခြည်သည်
ကြည်စင်ဖန်ရွှေ၊ ပူနွေးဝေငှ
နေမင်းပေးသည့်၊ ရောင်ပြေးမျှသာ
ပြန်ဟပ်လာ သတဲ့။

အို…လမင်း
ပြည့်တင်းပြန်ငဲ့၊ ခွံခြမ်းပဲ့ပြန်
လှည့်ပတ်မြေ၀န်း၊ အေးရိပ်ယွန်း၍
ဖိတ်ရွှန်းရသည်၊ ကွယ်ရသည်တဲ့။

အို…လမင်း
ဝပ်စင်းယုန်အောင်း၊ ဖိုးဆန်ထောင်းဟန်
မြစ်ချောင်းကမ်းစောက်၊ ချိုင့်ဝှမ်းဖောက်ထွင်း
ခြယ်ပြောက်လွင်ပြင်၊ တောင်ရိပ်ထင်သတဲ့။

အို…လမင်း
ချဉ်နင်းကျော်လွှား၊ ငါလူသားဟု
ဆွဲအားမှထွက်၊ စက်ယာဉ်မှဆင်း
လ မြေနင်းခဲ့။

ပျက်ယွင်းအလှ
လွမ်းညပြီးဆုံး၊ အိပ်မက်သုဉ်းခဲ့
ဆုံးရှုံးသည်လော အောင်ပွဲလော။

(ကြည်အေး)

ဆရာမ ဒေါ်ကြည်အေး၏ ကဗျာကို ကျွန်မကြိုက်၍ ကူးထားသည်မှာ ကြာခဲ့ပါပြီ။ ၂၀ရာစုအလွမ်းဟု အမည်ပေးထား သော်လည်း ၂၁ရာစုမှာလည်း ကျွန်မအပြည့်အ၀ ခံစား၍ ရပါသည်။ ကျွန်မနားလည်သော ကဗျာ၏ဆိုလိုရင်း ကတော့ လူတို.၏ တိုးတက်မှုသည် သဘာဝအလှကို စိပ်ဖြာခွဲခြမ်း၍ ဆုံးရှုံးစေခဲ့ပြီလောဟု ပြောလိုရင်း ဖြစ်သည်။ လူတစ်ယောက်နှင့် တစ်ယောက် အဓိပ္ပာယ်ဖွင့်ပုံခြင်း ကတော့ဖြင့် အတိအကျ တူကောင်းမှ တူပေလိမ့်မည်။ ကဗျာ၏ အဆုံးတွင် ဆရာမ၏ ၀မ်းနည်းသံ၊ နှမြောသံတို. စွက်နေသည် ကတော့ထင်ရှား လှပါသည်။

ဆရာမ ကဗျာကို ဖတ်ပြီး ကျွန်မ အချိန်ယူ စဉ်းစားကြည့် မိပါသည်။ ကျွန်မ ငယ်ငယ်က ကျောင်းတွင် သိပ္ပံပညာကိုသာ အထင်တကြီး သင်ယူခဲ့သည်။ လူအတော် များများကလည်း ဆေးကျောင်းဝင်မှ အထင်ကြီးချင် ကြသည်။ မိဘတွေကလည်း ဆေးလိုင်းမှ၊ စက်မှုတက္ကသိုလ်မှ ဂုဏ်ယူချင် ကြသည်။ စာရေးချင်သော၊ ပုံဆွဲကာ ကဗျာတွေရေး နေချင်သော ကလေးကို စနစ်တကျ မြေတောင်မြှောက် ပေးသော မိဘများ ကတောု့ဖြင့် ရှားလိမ့်မည် ထင်ပါသည်။ မိဘကိုယ်တိုင်က စာရေးဆရာ(မ)၊ သို.မဟုတ် စာပေမြတ်နိုးသူ ဆိုလျှင်တော့ တစ်မျိုးဖြစ်မည်ပေါ့။ ဒါဖြင့်လျှင် ကျွန်မတို.သည် ပိုင်းခြားစိပ်ဖြာ တတ်သောအတတ်ကို သင်ယူရရှိ ခဲ့ပါသလား။ ဒီလိုလည်း မဟုတ်ပါ။ စာပေ အနုပညာကို ခံစားနားလည်တတ်အောင် ပျိုးထောင်ခံခဲ့ ရပါသလား။ ကဗျာကို အလွတ်အော်ဆို ရုံမျှသာ နားလည်ခဲ့သည်မို. ဒါလည်း မဟုတ်ပြန်ပါ။ ကျောင်းမှာ ကျွန်မကောင်းစွာ မသင်ယူခဲ့ ရပေမယ့် ဝေဖန်ဆန်းစစ် တတ်သောဥာဏ်နှင့် ခံစားနားလည် တတ်သောညဉ် နှစ်မျိုးလုံးကို တစ်ဖြည်းဖြည်းတော့ သင်ယူရရှိ ခဲ့ပါသည်။

ကျွန်မဆိုလိုချင် သည်က လူတိုင်းတွင် ထိုစွမ်းရည် နှစ်မျိုးလုံး ပင်ကိုယ်ပိုင်ဆိုင် ပြီးသားဖြစ်ပါသည်။ မည်သည့်စွမ်းရည်ကို အရောင်တင်ပေးနိုင် ပေါ်မူတည်၍ ကိုယ်သန်ရာ ကျွမ်းကျင်ရာ ၀ါသနာပါ လာကြသည်။ ယခုခေတ်မှာ သိပ္ပံနည်းပညာက အလွန်အရေးပါ နေသယောင် ထင်ရပါသည်။ အိုင်တီခေတ်တဲ့၊ သတင်း အချက်အလက်ခေတ် တဲ့။ အင်တာနက်ရှိလျှင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသည်ကို တခဏချင်း သိနိုင်ပြီ။ အီးမေးလ် ဆိုသော အရာက ဆက်သွယ်ရေး အတွက် မရှိမဖြစ်နီးပါး အရေးကြီးလာပြီ။ အင်တာနက်ကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်း ကျဉ်းလာပြီ တဲ့။ (အခု ဘလော့ဂ်ရေး နိုင်တာသာ ကြည့်။) စက်ပစ္စည်းများ နည်းပညာတိုးတက်မှုကြောင့် ၀န်ကျင်းကျင်းနှင့် စွမ်းဆောင်နိုင်အား များလာကြပြီ။ ဇီဝသိပ္ပံ တိုးတက်မှုကြောင့် ရောဂါအမျိုးမျိုးကို ကုသနိုင်ကြပြီ။ တစ်ချိန်က လူပေါင်းများစွာကို သတ်ခဲ့သော တီဘီ၊ ငှက်ဖျား၊ ၀မ်းရောဂါ စသည်တို့သည် အရင်ကလောက် ကြောက်စရာ မဟုတ်တော့။ (ဆေးမ၀ယ်နိုင် လို့သေရတာ ကတော့ တစ်မျိုးပေါ့လေ။) ဘယ်ဓာတု ပစ္စည်း၊ ဦးနှောက်၏ ဘယ်အစိတ်အပိုင်းကြောင့် ပျော်ရသည်၊ ၀မ်းနည်းရသည် ကိုရှင်းပြနိုင်ပြီ။

ဒီလိုနှင့်ပင် အရာရာတိုင်းမှာ ရုပ်နှင့်ဒြပ်နှင့် ရှင်းလင်းချက်များ ရှိလာလေမလားဟု ကျွန်မစဉ်းစား မိပါသည်။ ဒီလိုဆိုလျှင် လူတွေဘာကြောင့် တစ်ယောက်နှင့် တစ်ယောက်ချစ်ကြ၊ မုန်းကြသနည်း။ ဒိုပါမင်း (Dopamine) ကြောင့်လား၊ နော်အက်ပီ နာဖရင် (Norepinephrine) ကြောင့်လား။ မိဘနှင့် သားသမီးကြား၊ မောင်နှမကြား၊ ချစ်သူ လင်မယားကြား မှအချစ်သည် လူသတ္တ၀ါ မျိုးဆက် တည်တံ့ရုံ မျှသက်သက်လား။ အကြောင်းပြချက် ရှိပါသလား။ အကြောင်းပြချက်ကော လိုပါသလား။ နုနုလှလှ ပြောရရင်တော့ဖြင့် ထူးအိမ်သင်၏ နှလုံးသား ကျမ်းစာကို ကိုးကားရမလို။ အဖြစ်အပျက်တိုင်းတွင် ကျိုးကြောင်းဆင်ခြင်ဥာဏ် မလိုအပ်ပါ။ သိပ္ပံပညာသည် လူတို.၏ စူးစမ်းချင်၊ ခွဲခြမ်းစိတ်ဖြာချင်သော ညဉ် ကြောင့် တိုးတက်လာရသည် ဆိုလျှင် ထိုစိတ်နှင့်အတူ ခံစားတတ်သော၊ အနုပညာကို မြတ်နိုးတတ်သော စိတ်ကလေးပါ နောက်ဆက်တွဲ ပါလာမှ လူတို.၏ ဖြစ်တည်မှု အဓိပ္ပာယ်ရှိမည်။ လူကောင်းလူတော် တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်ဥာဏ် သာမက စာပေ၊ အနုပညာကို မြတ်နိုးတတ်သော၊ ခံစားနားလည် တတ်သော အခံလေးလည်း ရှိကာမှ ဟုကျွန်မ ယူဆပါသည်။

အရာရာတွင် အကြောင်းပြချက် မရှိပါ။ ဗုဒ္ဓဘာသာ၏ ဆိုဆုံးမချက် အတိုင်း ကျွန်မကတော့ ကံကံ၏ အကျိုးကို ယုံကြည်သည်။ ကျွန်မ ဘာကြောင့်ဖြစ်တည် လာရသနည်း ဟူသောမေးခွန်းသည် ဘယ်လိုဖြစ်တည် မှာနည်းဟူသော မေးခွန်းလောက် အရေးမကြီးပါ။

သက်တန်.သည် ရောင်စုံ တံတားကြီးသာ ဖြစ်ပါစေတော့။ ယုန်ကလေးနဲ. အဘိုးအိုသည် လည်း ဆန်ထောင်းပါစေတော့။ ဖိုးလမင်းကြီးသည် ထမင်းဆီဆမ်းကို ရွှေလင်ပန်းနှင့် ဆက်၍ ပေးနိုင်ပါစေ။ ရုပ်နှင့်နာမ်သည်သဟဇာတ မျှစွာ တည်ရှိနိုင်ပါစေ။

8 comments:

pandora said...

အတွေးတွေ ကောင်းတယ်ပုံရိပ် .. အဲဒီအကြောင်းဆန်ဆန် ကိုယ် တိုးလို့တန်းလန်း ရေးထားတာလေး တစ်ခုရှိတယ် .. နောက်ရက် ဆက်ရေးဦးမှ.. inspiration ရသွားပြီ.

Tesla said...

ကောင်းတာဗျာ

မိုးညို said...

" ကျွန်မ ဘာကြောင့်ဖြစ်တည် လာရသနည်း ဟူသောမေးခွန်းသည် ဘယ်လိုဖြစ်တည် မှာနည်းဟူသော မေးခွန်းလောက် အရေးမကြီးပါ။
သက်တန်.သည် ရောင်စုံ တံတားကြီးသာ ဖြစ်ပါစေတော့။ ယုန်ကလေးနဲ. အဘိုးအိုသည် လည်း ဆန်ထောင်းပါစေတော့။ ဖိုးလမင်းကြီးသည် ထမင်းဆီဆမ်းကို ရွှေလင်ပန်းနှင့် ဆက်၍ ပေးနိုင်ပါစေ။ ရုပ်နှင့်နာမ်သည်သဟဇာတ မျှစွာ တည်ရှိနိုင်ပါစေ။ "
မပုံရိပ်ရေးတဲ့ စကားပြေ က တကယ်ကောင်းတယ်ဗျာ ... ဆရာမ ကြည်အေးရဲ့ ကဗျာကောင်းတာက တစ်မျိုးပေါ့ ... ကြိုက်တယ်ဗျ ...
ဟိုတစ်နေ့က ကျနော် ရှပ်တီးရှပ်ပျာ လာလည်ပြီး ကိုပုံရိပ် လို့ လွဲ ခဲ့တာအတွက် တော်တော်အားနာသွားတယ်ဗျာ ... ခု အဲဒါလာတောင်းပန်ရင်းနဲ့ ရေးထားသမျှ အားလုံး စိတ်အေးလက်အေးဖတ်သွားပါတယ် ... တော်တော် ကြိုက်တယ်ဗျာ ... ရေးဟန် ၊ စိတ်ကူး ၊ အသုံးအနှုန်း ... အားလုံးပါပဲ ...
များများရေးပါလို့ တော့ မတိုက်တွန်းပါဘူးဗျာ ... ရေးသမျှ လာဖတ်မှာတော့သေချာသွားပြီ ။ ကျေးဇူးဗျာ...

ပုံရိပ် / Pon Yate said...

အားလုံးပဲ အားပေးကြလို့ ကျေးဇူးပါ။ နောက်ထပ်စာတွေ ရေးဖို့အတွက် အားရှိသွားပြီ….ဟီး ဟီး။
မပန်...မပန်ရေး တာကို မျှော်နေမယ် နော်။
ကိုတက်….”ကောင်းတယ်ဗျာ” မဟုတ်ဘူးလား…ဟီး။
ကိုမိုးညို…တောင်းပန် စရာမလို ပါဘူး။ ဒါမျိုးက ဖြစ်တတ်ပါတယ်။  စာတွေအားလုံး ကိုသေချာ လာဖတ်သွား တယ်ဆိုရင်ပဲ ကျွန်မကို အားပေးမဲ့လူ တစ်ယောက်တိုး လာလို့ ၀မ်းသာလှပါပြီ။

ပုထုဇဉ် said...

မပုံရိပ်ရေ… ဒီစာကို သဘောကျတယ်။

“ပျက်ယွင်းအလှ
လွမ်းညပြီးဆုံး
အိပ်မက်သုဉ်းခဲ့
ဆုံးရှုံးသည်လော
အောင်ပွဲလော”

ဆိုတဲ့ အတွေးနဲ့ အမေးကို သဘောကျပါတယ်။ ဒါပေမယ့် လူရှိသမျှ လွမ်းည မပြီးဆုံးပါဘူး၊ လရှိသမျှ လူတွေက မော့ကြည့်ဦးမှာပါပဲ။ ဆုံးသလား အောင်သလားကတော့ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ပေါ့ဗျာ။ တချို့ ပညာတွေက သိပြီး မေ့ထားရမယ့်၊ မေ့ထားလို့လည်းရတဲ့ ပညာတွေပါ၊ ဒါပေမယ့် အရင်မသိလို့တော့ မရပါဘူး။ ကျွန်တော်ကတော့ လပေါ်မှာ ဆန်ဖွပ်တဲ့ အဖိုးအို မရှိမှန်းသိလည်း လကို ကြည့်ပြီး လွမ်းနိုင်ပါတယ်၊ မရှိမှန်းသိရက် လွမ်းတာနဲ့၊ ရှိတယ်ထင်ပြီး လွမ်းတာနဲ့ ကျွန်တော့်အတွက်တော့ မကွာပါဘူး။ အက်ဂါအယ်လင်ပိုးရဲ့ ကဗျာတစ်ပုဒ်ထဲကလို “Is all that we see or seem but a dream within a dream?” လို့မေးရင်တောင် ကိုယ့်စိတ်ပေါ်အခြေခံပြီး “Yes” လို့ ဖြေလို့ရနေမှတော့ လပေါ်လူရောက်ရုံနဲ့ လရဲ့ အလှနဲ့ လရဲ့ ဘ၀ မပျောက်ပါဘူး။ အဲဒီတော့ ဆရာမကြည်အေးနဲ့ မပုံရိပ်တို့ကို ပြောချင်တာကတော့ စိတ်မပူပါနဲ့၊ လ ဟာ လ ပဲ ဖြစ်ဆဲပါ၊ သက်တံ့ကြီးဟာလည်း ရောင်စုံတံတားကြီးပဲ ဖြစ်ဆဲပါ။ လူ့သဘာဝအရ မသိရ မနေနိုင်လို့ လူတွေရှိနေသရွေ့ကတော့ သြကာသ လောကကြီး တစ်ခုလုံးကို ဖြုတ်လိုက် တပ်လိုက်နဲ့ အဖြေရှာနေဦးမှာပါပဲဗျာ၊ အဲဒါကိုတော့ ဘယ်သူကမှ တားနိုင်မှာ မဟုတ်ပါဘူး။

ပုံရိပ် / Pon Yate said...

ကိုပု ပြောတာကို သဘောတူ သင့်သလောက် တူပါတယ်။ လူတွေရဲ့ သိချင်စိတ်ကို ချိုးနှိမ်စရာ မလိုပါ။ သိပ်ပြီး ရုပ်ဝတ္ထုဆန် လာမှာလား ဆိုတဲ့ စိုးရိမ်မှုမျှ သာဖြစ်ပါတယ်။ အရာရာကို သိပ္ပံနည်းကျ ဖြေရှင်းချင်လို့ မရပါ ဆိုတဲ့ အကြောင်းကို ပြောချင်တာပါ။
ဘာပဲဖြစ်ဖြစ် ခုလိုဝေဖန် ထောက်ပြတာနဲ့ ကျွန်မစာကို လာအားပေးတာ ကျေးဇူးပါ။

pandora said...

ကိုပုကြီးက ဒီလိုမှတ်ချက်ချသွားတော့ ဆိုတာလေး အဲဒီကဗျာလေးသတိရသွားပြီး What is reality? ဆိုတာ ဆက်တွေးမိတယ်.. ဘလော့ဂါတွေရဲ့ virtual world ကလည်း ဒီလိုပါပဲ။ အိပ်မက်မက် နေကြတာပဲနော်။ ဘာပဲဖြစ်ဖြစ် "the grains of the golden sand" ကို ဘယ်အချိန်အထိ ဆုတ်ကိုင်ထားဖြစ်မလဲတော့ မသိဘူး။
ပို့စ်လေးအတွက် ထပ်ဆင့်ကျေးဇူး .. ပုံရိပ်..

မေ said...

thank you for you post :)