Friday 23 October 2015

မြက်နုရာမှ ပဋိပက္ခ


          ဒီဆယ်ပေ ပတ်လည် အခန်းကျဉ်းကျဉ်းတွင် ဒေါက်တာ xxx ဟူသော ငါးလက်မသာသာ ရှိသည့် ဆိုင်းဘုတ်ကို သူအကြိုက်ဆုံးဖြစ်လေသည်။ ကြည့်လိုက်လျှင် ထင်းကနဲ လင်းကနဲ နေတတ်သော ထိုဆိုင်းဘုတ်ပေါ်မှ မိမိအမည်ကိုလည်း သဘောကျနေ၏။ ကြည့်စမ်း…ဝင့်ထည်လိုက်တဲ့ နာမည်၊ ခေါ်ရတာပင် လေးလေးပင်ပင် ရှိလှသည်။ လောကကြီးမှာ ရှိသော အသိဉာဏ်အားလုံးတို့က ကိုယ့်စိတ်ထဲ ကိန်းအောင်းလာသလို အထင်မျိုးနှင့် ဒေါက်တာဖြစ်နေရသည်ကို မျောက်အုန်းသီး ရသလို ဂုဏ်ယူနေတော့၏။ ဆိုင်းဘုတ် ရကာစက ဆိုလျှင် တစ်နေ့ကို အခါနှစ်ဆယ်လောက် ဖုံသုတ်ရသည်။ နာမည်ဆိုတာ မှေးမှိန်လို့ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကို ဒေါက်တာဟု မေ့လောက်သော ပတ်ဝန်းကျင်မှာမို့ ထိုဆိုင်းဘုတ်ကို ပေးထားသည်ဆိုသည်ကိုတော့ သူထည့်မစဉ်းစားမိ။

          ယနေ့မနက်တော့ ဒေါက်တာကြီးသည် ခေါင်းတဆစ်ဆစ် ကိုက်ခဲလို့ နေသည်။ ဘေးနားက ဖြတ်သွားသူတို့ကို အခါတိုင်းမှာလို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ရန်ပင် စိတ်မပါပေ။ အကြောင်းမှာ မနေ့ညက အိမ်နီးချင်းကလေးသည် နံရံပါးပါးတို့ကိုမှ အားမနာပါးမနာ သံကုန်ဟစ်ကာ ငိုလေသောကြောင့် ဖြစ်သည်။ အိမ်နီးချင်းလင်မယားမှာ လေးလအရွယ် ကလေးတစ်ယောက်ရှိသည်ဟု သိထားရ၏။ ကလေးဆိုတော့လည်း အတင်းတိတ်ခိုင်း၍ မရ။ မျက်လုံးများ ကျယ်လျက်က အိပ်ချိန်လျော့ဦးမည်ကို ကြိုသိနှင့် ပြီးလေတော့ စိတ်တိုရသေးသည်။ နာရီကြည့်တော့ မနက်နှစ်နာရီ ဆယ့်ရှစ်မိနစ်။ အိပ်ယာထဲ လူးလူးလိမ့်လိမ့် ဖြစ်နေဦးမည့် ကိုယ့်အဖြစ်ကို သနားနေမိတော့သည်။ အိပ်ဖို့ရန် စိတ်စောနေလေ ပို၍အိပ်လို့ မရလေပေ။ ဒီတော့ ဒေါက်တာကြီးသည် အိပ်ဖို့ရာ အကူအညီယူဖို့ ဆုံးဖြတ်လိုက်သည်။

          အိပ်ယာထဲမှ ခြေဖော့နင်းပြီး ဆင်းခဲ့သော် နိုးချင်လျက် လက်တို့ဖြစ်နေသော မိန်းမလည်း နိုးလေသည်။ ကလေးကလည်း ငိုလိုက်တာနော်ဟု ညီးညူလေသည်။ ပြီးလျှင်တော့ လင်မယားနှစ်ယောက်လုံး မီးဖိုထဲမှ ဝိုင်ပုလင်းကို စိတ်တူသဘောတူ ဖွင့်လျက်က ဝိုင်တစ်ခွက်ဆီ မော့ချလိုက်လေသည်။ ထို့နောက်တွင်တော့ ခပ်သုတ်သုတ်ပင် အိပ်ယာထဲ ဝင်ခွေကာ စောင်ခြုံလျက် တိတ်ဆိတ်နေကြသည်။ ခဏနေလျှင် သောက်ထားသော ဝိုင်၏ အရှိန်ကြောင့် ရှိန်းတိန်းတိန်း နွေးတေးတေး ဖြစ်လာကာ၊ မူးလာကာဖြင့် အိပ်ချင် လာတော့မည့် အချိန်ကို မြန်မြန်ရောက်ပါစေတော့ဟု စိတ်စောနေကြသည်။ အိပ်ဖို့အရေးကိုသာ စိတ်ဖိစီးနေရသေးသည်။ ဆယ်နာရီကနေ ဆယ့်နှစ်နာရီလောက် အထိ ရှည်တတ်သော နေ့ကိုရင်ဆိုင်ဖို့ အရေးအိပ်ဖို့ လိုသည် မဟုတ်လား။ မနက်ကျလျှင် အစည်းအဝေးကလည်း ရှိသေးသည်။ ဒီလိုနှင့် ဝိုင်၏ တန်ခိုးပြလာချိန်တွင်တော့ ဆိတ်ငြိမ်မှုငါးနာရီခန့် ရလေသည်။

ငါးနာရီအဆုံးတွင် ကျယ်လောင်၍ မုန်းတီးဖွယ်ကောင်းသော နှိုးစက်မြည်သံသည် တိတ်ဆိတ်ခြင်းကို ဖြိုဖျက်လေ၏။ ကျိန်းစပ်သော မျက်စိများနှင့် ကားကိုယ်စီမောင်းကာ အိမ်မှထွက်လာခဲ့ချိန်တွင်တော့ မနက်ခုနစ်နာရီ ရှိနေလေပြီ။ မနက်ယနေ့ အစည်းအဝေးကိုတော့ တက်ဖြစ်အောင် တက်ရမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထား၏။ အကြောင်းမှာ ယနေ့အစည်းအဝေးမှာ ကော်ဖီကောင်းကောင်းနှင့် မနက်စာ ပူပူနွေးနွေးကို တည်ခင်းဧည့်ခံမည် ဟူသော သတင်းကို ကြိုတင်ပြီး ရထားသောကြောင့်တည်း။ ထို့ကြောင့်ပင် ယနေ့ မနက်စောစော ကတည်းက အစည်းအဝေးခန်းမှာ ရှေ့ဆုံးမှပင် နေရာယူခဲ့သည်။ အစည်းအဝေးစတော့ ဒေါက်တာကြီးသည် လွတ်လပ်စွာ ပြောဆိုတွေးခေါ် နိုင်ပါသည်ဟူသော စာတမ်းကြီးကို လက်မှာ ကိုင်၍ ယပ်ခတ်ရင်းက  အထက်ကပြောသည်များကို ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်လေသည်။

ဒီနေ့ လူများလို့ ထင်ပါရဲ့၊ အခန်းက နည်းနည်း လှောင်နေသည်။ အားလုံးက ကော်ဖီကို တစိမ့်စိမ့်သောက်လျက်က မနက်စာကို တစိမ့်စိမ့် စားလျက်ရှိကြသည်။ ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ပြောသည့်ဆိုသည့် အရာကို သံယောင်လိုက်ကာ ပြောကြသူလည်း ရှိ၏။ ဘယ်အချိန်ကနေ စသည်မသိ၊ စိတ်ထဲရှိသည့် မကျေနပ်စရာများကို အစည်းအဝေးမှာ ကျဲကနဲ ချလိုက်သူလည်း ရှိ၏။ ပြောသမျှကို ဘုတော၊ မေးခွန်းများမေးကာ ပြောသူကို ချောက်ကျစေသူလည်း ရှိ၏။ မနက်စာ စားပြီးသည်နောက်မှတော့ အသံတိတ်၍ ဆိတ်ဆိတ်နေကာ ကော်ဖီသောက်ရင်း ဘေးထွက်ထိုင်နေသူကတော့ များပါ၏။ ဇာတ်လိုက်ကျော် ဒေါက်တာကြီးကတော့…

          “ကောင်းပါတယ်။ ကောင်းပါတယ်။”

          ဒါကတော့ သူ၏ လက်သုံးစကား ဖြစ်လေသည်။ အစစ အရာရာကို ဒီစကားနဲ့ ဖြေရှင်းလိုက်ရသည်မှာ လွယ်လေ၏။ ဒီမိုကရစ်တစ် အဖွဲ့အစည်း တစ်ခု၏ လက်အောက်မှာ ထိုစကားသည် နေသားကျကာ ဝပ်ပြားသေသပ်လျက် ရှိလေသည်။ တကယ်တော့လည်း အာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ရသော ကလေး တစ်ဦး ဖြစ်လေတော့ ဇာတ်လိုက်ကျော် ဒေါက်တာကြီးသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ခွင့် ဟူသော အခွင့်အရေးများကို ကြေငြာမောင်းခတ်လျက် လက်တွေ့လည်း အကောင်အထည်ဖော်သော အမေရိကန်နိုင်ငံတွင်မှ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်လာရသည်ကို ဂုဏ်ယူမဆုံး ဖြစ်နေလေတော့၏။

ဆယ်စုနှစ်တစ်ခုစာမျှ နာမည်ကြီး တက္ကသိုလ်များတွင် ပညာဆည်းပူးပြီးနောက် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီးသည် အမေရိကန်တို့၏ အိပ်မက်ကို မက်နိုင်ပြီဟု တစ်ယောက်တည်း လက်ခမောင်းခတ်ခဲ့သည်။ ဒီနိုင်ငံ၏ စည်းမျဉ်း၊စည်းကမ်းများကိုလည်း နားလည်ခဲ့ပြီ။ ဒီစည်းများအတိုင်း ကစားနိုင်လျှင် သူသည်လည်း တစ်နေ့မှာ ထိပ်ဆုံးတစ်နေရာ ရရမည်ဟူသော မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားလေသည်။ စည်းချိုးနေသည့်လူများ အညွန့်တလူလူ ဖြစ်တတ်သည့် အစဉ်အလာမှာ သူ၏ အတိတ်မှာသာ ဝေေ၀ဝါးဝါးကျန်ခဲ့ပြီဟု တုံးအစွာ ယုံကြည်လျက်ရှိ၏။  ပညာရှိလျှင် ဘယ်နေရာ မဆို လူရာဝင်တယ်ဆိုသည့် ဆုံးမစကားသည် ဒေါက်တာကြီး၏ စိတ်ထဲတွင် သံမှိုနှက်သလို စွဲလျက်ရှိပေပြီ။ သို့ပေမယ့် ထိုပညာများကြောင့် ဦးနှောက်ဖောက်စား ခံရသည့် အကြောင်းကိုတော့ သူလေ့လာခဲ့သော စာပေကျမ်းဂန်များတွင် မဖတ်ခဲ့ရသည်မို့ ဒေါက်တာကြီးတစ်ယောက် မသိရှာပေ။

အစည်းအဝေး ခန်းမအလယ်တည့်တည့်မှ အရင်းရှင်ဟူသော အရိပ်၏ မျက်စောင်းဒဏ်ကိုတော့ ဒေါက်တာကြီးနှင့် အပေါင်းအပါအားလုံးတို့ ကောင်းကောင်းခံရလေသည်။ ထိုအရိပ်မည်းမည်းက ခါးထောက်ကာ၊ စီးမိုးကာ ကြည့်နေသည်ကိုတော့ နေသားကျနေသဖြင့် ရှိလို့ရှိမှန်းပင် မသိတော့ချေ။ အခန်းလယ်က ဆင်ကိုမှ မမြင်နိုင်သူတည်း။ အဖြစ်က မျက်မမြင် ပုဏ္ဍား ခြောက်ယောက်ထက်ပင် ဆိုးတော့သည်။ ထောက်ပံ့ကြေးငွေ၊ ချီးမြှင့်ငွေ၊ ဘယ်လိုပင် ဆိုစေတော့ နိဂုံးချုပ်လေတော့ ပိုက်ဆံသည်သာ အားလုံး၏ တူညီသော ပန်းတိုင် ဖြစ်နေလေတော့သည်။ ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ…ဟူသော စကားကို လှလှပပနှင့် ပညာရှိတို့က ပညာရှိဆန်ဆန် တင်ပြကြလေသည်။ အသိပညာအတွက်၊ အတတ်ပညာအတွက်ဟူသော ခေါင်းစဉ်အောက်က ပြူထွက်လာတတ်သော အတ္တများသည် တခါတရံ ထိန်းမနိုင် သိမ်းမရအောင် ရှိလေ၏။ ဒီအတွက်ကြောင့် အရင်းရှင်စနစ်သည် အသိပညာဟူသော ပဝါပါးပါးကို လွှမ်းခြုံ၏။ အတတ်ပညာဟူသော မတော့်တတော့် အင်္ကျ ီကို မရမက ဝတ်ဆင်လေ၏။

          ထိုပဝါပါး၊ အင်္ကျ ီပါးနှင့် မခို့တရို့ အရင်းရှင်စနစ်အောက်တွင် ဒေါက်တာကြီးနှင့် မျက်နှာဖြူ၊ မျက်နှာမည်း၊ မျက်နှာညို၊ မျက်နှာဝါ အပေါင်းအပါ ဒေါက်တာတို့သည် မျက်နှာကို အောက်ချကာ၊ လူသားအကျိုးကို မနိုင့်တနိုင် သယ်ပိုးကာသာဖြင့် ခေတ်သစ် ငွေဝယ်ကျွန်များ သဖွယ် တကုပ်ကုပ် အလုပ်ကြိုးစားကြလေသည်။ အခန်းလယ်က ဆင်ကိုတွန်းဖယ်ပြီးလျှင်ဖြင့် မည်သူကမျှ အသိအမှတ် မပြုလေသော်လည်း နှမ်းတစ်မှုန်တစ်ရွေး မဖန်တီးရသေးလျှင်…နေခွင့်ဟူသော တုတ်ဖြင့် ခြိမ်းခြောက်လား ခြောက်ရဲ့။ တက်လမ်းဟူသော ဓားကို မိုးလား မိုးရဲ့။ ကိစ္စလေးတစ်ခုလောက် ချွတ်ချော်တိမ်းစောင်းသွားခဲ့လျှင် အပြစ်ကို ပုံချရန် အတွက် ခေါင်းတစ်လုံးကို အလွယ်တကူ ရှာနေကြသော ပတ်ဝန်းကျင်တွင် ဒေါက်တာကြီးသည် နေသားကျလျက်ရှိ၏။ သို့ပေမယ့်လည်း ထိုကဲ့သို့ ခေါင်းလေးတွေကို ထိုးပေးနိုင်ဖို့ကိုပဲ အလုအယက် နေရာဝင်ယူရသည် မဟုတ်လား။ သို့နှင့်ပင် ဒေါက်တာကြီးနှင့် အပေါင်းအပါတို့သည် အိပ်ရေးပျက်လျက်က အစည်းအဝေးတွင် တိုက်သော ကော်ဖီကောင်းကောင်း ခါးခါးကိုပဲ ဖိသောက်ရင်း ပိုနေမြဲကျားနေမြဲ အနေအထားကို မပျက်စီးအောင် ကြိုးတန်း လမ်းလျှောက် ကာသာ နေကြလေတော့သည်။ (ထို့ကြောင့်ပင် အစည်းအဝေးများတွင် ကော်ဖီကောင်းကောင်း တိုက်သည် ထင်ပါရဲ့။)

          သု့ိနှင့်ပင် ဒေါက်တာကြီးသည် တစ်ခါတစ်ရံ သူ့မိန်းမကိုလည်းသူ မမှတ်မိသလောက် ဖြစ်ချင်လာသည်။ သို့ပေမယ့် နှစ်ဆယ့်တစ်ရာစုကြီးက တိုးတက်လေတော့ အိုင်ဖုန်း၏ အကူအညီဖြင့် မိန်းမဘယ်လိုပုံလဲဆိုသည်ကို အချိန်မရွေး ထုတ်ကြည့်နိုင်လေသည်။ မိန်းမကလည်း အိုင်ပက်၊ အိုင်ဝက် စသည့် ကိရိယာမျိုးစုံဖြင့် ဒေါက်တာကြီးကို လှမ်း၍ ဆက်သွယ်နိုင်လေသည်။ စက်ပစ္စည်းအစုံအလင်နှင့် နှစ်ဆယ့်တစ်ရာစု၏ အရင်းရှင် ယန္တရားအောက်မှ စက်ရုပ်လင်မယားသာတည်း။ ဒီညတော့ မအားသေးဘူးမောင်ရေ…ပြန်တာ နောက်ကျမယ်နော် ဟူသောစကားကို အရုပ်မြင် အသံကြား စနစ်ဖြင့်လည်း ပြောနိုင်သည်။ အားသော တစ်နာရီလောက်လေးတွင် နေ့လည်စာစားရန်လည်း text ပို့ကာ ချိန်းနိုင်သည်။ (text နှင့်အတူ အသည်းလေးတွေ နှလုံးလေးတွေလည်း အပိုဆာဒါး ပါသေးသည်ပေ့ါ။) မိန်းမက ခုရိုက် ခုပို့ လုပ်လာသော ဓာတ်ပုံများကိုလည်း ချက်ချင်းပင် ကြည့်နိုင်သည်။ လူလစ်လျှင်ဖြင့် ဖန်သားပြင်ကိုတောင် ခိုးနမ်းနိုင်သေး၏။ အဲဒီတော့ ဘာများလိုသေးသနည်း။ အော်… နည်းပညာတိုးတက်မှုများ… အံသြဖို့ကောင်းလိုက်တာ… ငါတို့လို ပညာတတ်တွေကြောင့်ဟု ဂုဏ်ယူမဆုံး ရှိတော့သည်။

          နည်းပညာကို ဂုဏ်ယူမဆုံး ရှိဆဲမှာပင် ဒေါက်တာကြီး၏ ဉာဏ်ဖုံးက ထမြည်လေသည်။

          “ဟယ်လို…။ ခုပြောနေတာ ဒေါက်တာxx ပါ။”

          “သား…အဖေပါ။”

          မိသားစုအကြောင်း၊ ရာသီဥတုအကြောင်း စသည်ဖြင့် ပြောပြီးလျှင် သား၏ အောင်မြင်မှုကို ရိုးသားစွာ ဂုဏ်ယူနေတတ်သော အဖေသည် ခါတိုင်းလိုပင် သားလုပ်နေသော အရာများကို အထင်တကြီး မေးမြန်းနေ၏။ အဖေ့အတွက်တော့ သားလုပ်နေသော အရာများသည် ကြီးကျယ်ခမ်းနားကာ ထူးခြားနေတော့သည်။

          “ဒါနဲ့ မင်းက အခုဘာတွေ သုတေသနလုပ်နေတာလဲ။”

          “ကင်ဆာ ကြီးထွားမှု အကြောင်းလေ။ ကင်ဆာကို ဘယ်လို ကာကွယ်ရမလဲ။ ကင်ဆာကို ဘယ်လိုနှေးအောင် လုပ်ရမလဲ ဆိုတဲ့ အကြောင်း။ ကျွန်တော်တို့ အခုလုပ်နေတဲ့ သုတေသနက အောင်မြင်လို့ ရှိရင် နာမည်ကြီး ဆေးကုမ္ပဏီတစ်ခုက နည်းပညာအတွက် ငွေပံ့ပိုးပေးမယ်လို့ ကမ်းလှမ်းထားတယ် အဖေရ။ ကျွန်တော့်က အဲဒီအဖွဲ့ထဲမှာ ပါတယ်။ ကျွန်တော်တို့ လုပ်တာ အခုဆိုရင်…xxxx…။”

          ဒေါက်တာကြီးက အားရပါးရ ဂုဏ်ယူစွာဖြင့် အဖေ့ကို ပြောပြလေသည်။ ဒါပေမယ့် သူ့အဖေပြောသော စကားကြောင့် ကြီးမားသော စကားလုံးတို့သည် လည်ချောင်းတွင် အားလုံးနင်ကုန်လေ၏။

          “အေး ကောင်းတယ်ကွ။ အဲဒါပြီးလို့ရှိရင် မင်းတို့ တီဘီရောဂါတို့၊ ငှက်ဖျားရောဂါတို့ အကြောင်း သုတေသနလုပ်ဦးကွာ။ ကင်ဆာဆိုတာက သူဌေးနိုင်ငံက ရောဂါကွ။”

          “ပိုက်ဆံ….အဖေ… ပိုက်ဆံ…”

          ဒေါက်တာကြီး ပြောသောစကားတို့ လမ်းခုလတ်မှာပင် ပျောက်ကုန်၏။

          “ဘာပိုက်ဆံ တုန်းကွ။ မင်းနေတဲ့ နိုင်ငံက ဒီလောက်တိုးတက်နေတဲ့ နိုင်ငံကို။ ကဲ…လိုင်းကလည်း သိပ်မကောင်းဘူးကွာ။ ချလိုက်တော့မယ်။”

           အမြတ်မရှိလျှင် ဦးစားပေးနောက်ဆုံးဆင့် ထားခံရသော အရင်းရှင် နိုင်ငံလုပ် ဆီဘူးလေးများသည်  ဒေါက်တာကြီး၏ နက်မှောင် ပြောင်လက်သော စားပွဲခုံပေါ်တွင် အစီအရီရှိနေကြသည်။ ရေကြည်ရာ မြက်နုရာ ရှာရင်းမှ ကောက်ရိုးများကိုချည်း ဝါးရလွန်း၍ တိုနေသောအံကို ကြိတ်လျက်က ဒေါက်တာကြီးသည် ကော်ဖီခါးခါးတစ်ငုံကို ကျိုက်ချလိုက်လေတော့သည်။