Friday 20 February 2009

ကွေးညွှတ်သွားသော ပုံရိပ်များ (ဇာတ်သိမ်း)

ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်ဟု တွေးနေရင်း ပုံရိပ် ဆက်လျှောက်လာတော့ ဈေးသည် တစ်ဦး၏ ထူးထူးဆန်းဆန်း အော်သံကို ကြားရ၍ ရပ်ပြီး နားထောင်နေလိုက်သည်။ တဖြည်းဖြည်း အနားကပ်လာတော့ ပီပီပြင်ပြင် ကြားရပြီ။ ဘ၀အဟောင်းတွေ ၀ယ်တယ်၊ ပဲကြီးလှော်နဲ့ လဲတယ်တဲ့။ ဈေးသည်ကြီးက အနားကပ်လာတော့ ပုံရိပ် လှမ်းခေါ်လိုက်သည်။

“ဗျိုး ဈေးသည်ကြီး။ လာပါဦး။”

“ဟား အမားလေး။ ဘ၀ါးအဟောင်း ရောင်းမလို့လား။”

“မဟုတ်ပါဘူး။ မေးစရာလေး ရှိလို့ပါ။ ဘ၀အဟောင်း ၀ယ်တယ်ရယ်လို့ တခါမှ မကြားဖူးပါဘူး။ ဘယ်လိုကနေ ဘယ်လို…။”

“ဒီလိုရှိတယ် အမားလေး…။ ကုလားနော် အရင်က သတင်းစာ အဟောင်းတွေ ၀ယ်တယ်။ တနေ့တော့ ဘလောင်းဆိုတာ ဖတ်ရင်း ပုံးရိပ် ဆိုတဲ့ ဘလောင်းမှာ လဲလှယ်ခြင်း သည်းခံပါတဲ့။ တွေ့တယ်လေ။ ဘ၀ါးတွေ လဲတယ်ပေါ့။ အဲဒါနဲ့ ကုလားလဲ အကြံရပြီး ဈေးကွက် စီးပွားရေး ချဲလိုက်တာပဲ။ ကဲ သွားလိုက်ဦးမယ်။ ဘ၀ါး အဟောင်းတွေ ၀ယ်တယ်နော။ ပဲကြီးလှော်နဲ့ လဲတယ်နော။”

ပုံရိပ် ဘာမျှ မပြောနိုင်ဘဲ မင်သက်လျက် ကျန်ရစ်သည်။ လူကိုများ ပုံးရိပ်တဲ့။ ထိုခဏမှာ မိုးတို့ သည်းကြီးမည်းကြီး ရွာချလာသည်။ ထီးလည်း ပါမလာသည်မို့ ပုံရိပ် နီးစပ်ရာ သစ်ပင်တစ်ပင်အောက်သို့ ပြေးလာမိသည်။ ထိုအချိန်မှာ ရဲရဲနီသော အလံတစ်ခုကို ကိုင်လျက် လူငယ်လေးတစ်ယောက် ပုံရိပ်ဆီ ပြေးလာသည်။ သူ့တကိုယ်လုံးမှာရော အလံပါ မိုးရေတို့ စိုရွဲလျက်။

“အစ်မ… ကျွန်တော့် အလံအောက်ကို ၀င်လိုက်။ မိုးကာတယ်။”

သူက အလံကို မိုးလျက် ပုံရိပ်နှင့် အတူ သစ်ပင်အောက်သို့ ပြေးလာခဲ့သည်။ သစ်ပင်အောက် ရောက်တော့မှပင် စကားပြောနိုင်သည်။

“ပြန်တွေ့ရတာ ၀မ်းသာတယ်။ မိုးကလည်း ကောင်းလိုက်တာနော်။”

ထိုအခါ လူငယ်လေး ပြန်ပြောသော စကားကြောင့် ပုံရိပ် ပြုံးမိသည်။ မိုးဆိုတာ တားလို့ရနိုင်တဲ့ အရာမှ မဟုတ်ဘဲလေ တဲ့။ ပုံရိပ်တို့ မိုးခိုနေရာသို့ မိန်းကလေးနှစ်ယောက်လည်း ပြေးဝင်လာသည်။ တစ်ယောက်က ဖိနပ်လေး တစ်ဖက်သာ ပါသည်။ တစ်ဖက်က ဘယ်မှာ ကျွတ်ကျန်ခဲ့သည် မသိ။ ဖိနပ်လေး တစ်ဖက်သာ ပါသာ မိန်းကလေးက သူ့အဖော်ကို လှမ်းပြောသည်။

“မိုးရေ မိုးခိုမယ့် အတူတူ တို့တွေ ကော်ဖီဆိုင်ကို သွားကြရအောင်လား။”

မိုးဆိုသော ကောင်မလေးက ပြန်ပြောသည်မှာတော့ မှတ်သားစရာ။

“ငါကော်ဖီဖိုး သုံးထောင် မတတ်နိုင်ဘူးဟာ။ ပြီးတော့ နင်လည်း ဖိနပ် အရင် ၀ယ်လိုက်ပါဦး။”

“ဒါဖြင့် နင့်တိုက်ခန်းကို သွားမယ်လေ မိုးရယ်။”

ငါ့တိုက်ခန်းလေး ထဲမှာလည်း မိုးတွေရွာနေတယ်လေ။

သြော်… သူကိုးဟု ပုံရိပ်ပြုံးနေလိုက်သည်။ ပုံရိပ်တို့လို သစ်ပင်၏ တစ်ဖက်တွင် မိုးခိုနေကြသူ အချို့ကို စပ်စုကြည့်တော့ အဖြူရောင် ကင်းဗတ်ကို ကိုင်ထားသော ပန်းချီဆရာယောင်ယောင် လူတစ်ယောက်က သူ့ကင်းဗတ်လေးကို ကြည့်၍ ငေးနေသည်။ ပေါင်မုန့်ထုပ် မျိုးစုံကို မနိုင်မနင်း သယ်ထားသော လူတစ်ယောက်က သူ့မိန်းမ ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်နှင့် ရန်ဖြစ်နေပုံရသည်။ နားစွန်နားဖျား ကြားရသည်က ဘာတဲ့…။ မင်းက ရွေးရွေးလို့ မပြီးနိုင်တော့ဘူး တဲ့။ ဆိတ်ဆိတ်နေသည်သာ အကောင်းဆုံး ဖြစ်မည်ဟု ပုံရိပ် ဆုံးဖြတ်လိုက်သည်။

“မိန်းမတွေဟာ သစ္စာ မရှိဘူး။ ကော်ဖီကပဲ သစ္စာရှိတယ်။ အဲဒီတော့ ကော်ဖီသောက်တာပဲ ကောင်းတယ်။ ကော်…ဖီ…သောက်…တာပဲ… ကောင်းတယ် ဟေ့။”

မိုးခိုနေသူ အားလုံး လှည့်ကြည့်ကြတော့ starbuck ကော်ဖီခွက်လေးကို ကိုင်ထားသော လူတစ်ယောက်။ ကော်ဖီမူးနေသော လူတစ်ယောက်။

“ငါ့ကို ကော်ဖီတွေချည်း လှိမ့်သောက် ခိုင်းတဲ့ ပုံရိပ်ဆိုတဲ့ သတ္တ၀ါကိုလည်း မကျေနပ်ဘူးဟေ့။”

ပုံရိပ်တစ်ယောက် လိပ်ပြာမလုံချင်တော့။ ဘေးနားမှ အလံနှင့် လူငယ်လေးက ပြုံးပြရင်း အားပေးသည်။ အစ်မစိတ်မပူနဲ့။ ဘယ်သူမှ အစ်မကို ပုံရိပ်မှန်း မသိဘူးတဲ့။ တော်ပါသေး၏။ ကော်ဖီမူးနေသူလည်း ယိုင်ထိုးယိုင်ထိုးနှင့် မိုးဖွဲဖွဲထဲမှာ ဆက်လျှောက်သွားသည်။

မိုးတိတ်သော အခါ ပုံရိပ်လည်း ခရီးဆက်ခဲ့သည်။ ထိုအချိန်မှာ ပုံရိပ်နှင့် မျက်နှာချင်းဆိုင် လျှောက်လာသော အမျိုးသမီးတစ်ယောက်ကို တွေ့သည်။ သေချာကြည့်တော့ အမျိုးသမီး ဆံပင်တွေက မညီမညာ။ ပုံရိပ်ကိုတွေ့တော့ လှမ်း၍ သတိပေးသည်။

“အစ်မ ဒီမြို့ထဲကို ၀င်ရင် သတိထားနော်။”

“ရှင်… ဘာဖြစ်လို့များပါလိမ့်။”

“ဒီမြို့မှာ လူတစ်ယောက်က ကတ်ကြေးတစ်လက်နဲ့ ဆံပင်တွေ လိုက်ညှပ်နေတယ်။ မညှပ်ချင်ပါဘူးလို့ ပြောလည်း မရဘူး။ အခု ကျွန်မ ဆံပင်ကိုသာ ကြည့်ပေတော့။ ပြီးတော့ ပါးစပ်ကလည်း အော်သေးတယ်။ ဖြတ်ချင်ဖြတ် မဖြတ်ချင်နေတဲ့။ အဲဒီလူကို တွေ့ရင် ကြည့်သာ ရှောင်ပေတော့။”

သြော်… ပုံရိပ်ရေ ကိုယ့်အတပ်နဲ့ ကိုယ်သာ စူးပေတော့ဟု စိတ်ထဲက အော်လိုက်သည်။

xxx

ရုံးလိုလို ဘာလိုလို နေရာလေး တစ်ခုမှာ လူတွေစုစု တွေ့နေရသည်။ ပုံရိပ်လည်း ကိုယ့်ဇာတ်ကောင်များနှင့် တွေ့လိုတွေ့ငြား ၀င်၍ စပ်စုကြည့်သည်။ ထိုအချိန်မှာ လူစုထဲက မျက်တွင်းချောင်နေသော ကောင်မလေးတစ်ယောက်က ဒေါကြီးမောကြီးနှင့် ပြောနေသည်။

“စဉ်းစားကြည့်ကြ စမ်းပါဦးရှင်။ သူမအိပ်ချင်သေးပါ၊ သူမအိပ်ချင်သေးပါ ဆိုပြီး ကျွန်မကို မအိပ်ခိုင်းတာ ဘယ်နှစ်ည ရှိပြီလဲ။ သူ့ဟာသူ လျှောက်ရေးချင်တိုင်း ကျွန်မမှာ အိပ်ရေးပျက်လှတယ်။”

ထိုကောင်မလေးပြီးတော့ နောက်ကောင်မလေး တစ်ယောက်။

“ကျွန်မနာမည်ကိုလည်း လွယ်လွယ်လို့ ပေးတယ်။ အဲဒီတော့ သူများနောက်စရာ ဖြစ်နေပြီ။ လမ်းလျှောက်သွားရင် ကျွန်မကို ကောင်လေးတွေက ဟေ့ ခက်ခက်…ခက်ခက်လို့ စကြတယ်။ အဲဒါ မကျေနပ်ဘူး။”

နောက်တစ်ယောက်ပြီးတော့ နောက်တစ်ယောက်။

“ကျွန်မကိုတော့ ဘတ်စ်ကားပေါ်က ချော်ကျခိုင်းတယ်။ ကြည့်ပါဦး ဒဏ်ရာတွေကို။ ပြီးတော့ လူကိုလည်း စွပ်စွဲလိုက်သေးတယ်။ မျောက်စိတ်တဲ့။”

“ကျွန်မကိုတော့ ငါးပိကြော်တွေချည်း စားခိုင်းတာ သွေးတောင် တက်ချင်နေတယ်။ ဟွန်း…မကျေနပ်ဘူး။”

ဒီကြားထဲ ရှဥ့်လေးတစ်ကောင် ရောက်လာသည်။

“ကျွန်တော့်ကိုတော့ ကားအောက်မှာ ပြားတဲ့ အဟင့်ဟင့်….။” ဆိုကာ ငိုနေလေ၏။

အခြေအနေမကောင်းတော့လည်း တပ်ဆုတ်ကာ ပြန်ခဲ့လေတော့သည်။

xxx

တနေ့တာ ကုန်ဆုံးတော့ မောမောနှင့် ပုံရိပ်တစ်ယောက် အိမ်ဖက်ကို ပြန်လှည့်လာခဲ့သည်။ အိမ်ရောက်တော့ စောင့်နေသော ကိုပုံရိပ်ကိုတွေ့သည်နှင့် ၀မ်းသာသွားသည်။

“ပုံ ပြန်လာပြီလား။ ကိုယ်စောင့်နေတာ ကြာပြီ။”

“ဘလောက် စနည်းနာ ထွက်တာ ကိုရယ်။ မောလိုက်တာ။ ပုံရိပ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေက ထင်သလို မဟုတ်။ ဘာတွေ ဖြစ်ကုန်တယ် မသိ။”

“ဒီလိုပေါ့လေ။ တခါတလေ ကိုယ်ဖန်တီးတဲ့ အရာတွေက ကိုယ်ဖန်တီးတဲ့ အတိုင်း ဖြစ်ချင်မှ ဖြစ်တယ်။ စိတ်မညစ်ပါနဲ့။”

ပုံရိပ်လည်း သူ့ဘေးမှာ ၀င်ထိုင်လိုက်၏။ သူ့လက်ထဲမှာ အနီရောင် ဖဲကြိုးလေးနှင့် အထုပ်လေး တစ်ထုပ်။

“ဒါ ပုံ့ အတွက် လက်ဆောင်။”

ပုံရိပ်လည်း ပျော်သွားပြီး အထုပ်လေးကို ဖွင့်ကြည့်သည်။

ရီဆက်ရှင်းနဲ့ စီးပွားရေးကလည်း ကျတော့ နှင်းဆီပန်းတော့ မပေးနိုင်ဘူး။ အဲဒါအစား လမ်းမှာ ခူးခဲ့တဲ့ ခွေးသေးပန်းလေးတွေ။ ချောကလက်မ၀ယ်နိုင်တော့ အိမ်က ပို့လိုက်တဲ့ ထန်းလျက်ခဲတွေ ယူလာခဲ့တယ်။ မြန်မာ ဆန်ဆန်လေးပေါ့။”

ပုံရိပ်လည်း ခွေးသေးပန်းတွေကို မွှေးရင်း ထန်းလျက်ခဲလေး မြုံ့ရင်းဖြင့် ကိုပုံရိပ်ကို ပြုံးပြီး ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ပုံရိပ်ဘလောက်မှ ဧည့်စာရင်းသည်လည်း ၇၃၉၃ သို့ တက်သွားလေတော့သတည်း။

(တစ်နှစ်ပြည့် မွေးနေ့ မလုပ်လိုက်ရတဲ့ ဘလောက်လေး အတွက်။ ဘာရယ်မဟုတ် စိတ်ထဲ ပေါ်လာတာလေးကို ပြုံးစေ ပျော်စေ ရေးဖြစ်ပါတယ်။)

ကွေးညွှတ်သွားသော ပုံရိပ်များ (ပထမပိုင်း)

၇၃၇၂… ၇၃၇၂… ၇၃၇၂… ၇၃၇၂… ၇၃၇၂

အိမ်ရှေ့မှာ ဘာတွေ လာအော်နေပါလိမ့်ဟူသော အတွေးဖြင့် ပုံရိပ် အိပ်ယာမှ အိပ်ချင်မူးတူး ထခဲ့သည်။ ပြတင်းပေါက်မှ လှမ်းကြည့်တော့… အောင်မလေး… ဘလောက်ငရဲမင်း။ ခုတလောလည်း ပို့စ်တွေ မှန်မှန်တင်နေတာပဲ။ အခန်းဆက် ၀တ္ထုတွေဘာတွေတောင် ရေးနေတာ။ သူများ ဘလောက်တွေကိုလည်း မှန်မှန်သွားလည်တယ်။ မှတ်ချက်တွေလည်း ရေးလို့။ အင်း ငရဲမင်း ဘလောက်မှန်မှန် မဖတ်လို့ ဖြစ်ရမယ်ဟု မကျေမနပ်တွေးရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။

အိမ်ရှေ့ပန်းခြံလေးထဲမှာ မိန့်မိန့်ကြီး ရပ်နေသော ငရဲမင်းကို တွေ့ရ၏။

“ငရဲမင်းကြီး ဘာကိစ္စ ရှိလို့ပါလိမ့်။ မနက်စောစောစီးစီး။” အင်း...ကောင်းကောင်းမွန်မွန် ဆက်ဆံမှဟု စိတ်ထဲက တွေးနေလိုက်သည်။

“ပုံရိပ် နိုးပြီလားကွ။ ဒီနေ့ မင်းဘလောက်မှာ ဧည့်စာရင်း ၇၃၇၂ ပြည့်ပြီ။ အဲဒါ မင်းဘလောက်ကို မင်းပြန်ကြည့်ဖို့ စဉ်းစားဦး။”

“ရှင်…။ ဘာပြန်ကြည့်ရမှာလဲ။”

၇၃၇၂ ဆိုသည့် နံပတ်က ဘာများထူးခြားနေပါလိမ့်။ ဥပမာ ကိုအန်ဒီတို့လို ဟစ်နှစ်သိန်း ပြည့်တယ် ဆိုလဲ ဟုတ်တုတ်တုတ်။ ခုတော့ ၇၃၇၂ ပြည့်တဲ့နေ့ပေါ့။ ပုံရိပ်တစ်ယောက် ဇဝေဇ၀ါ ဖြစ်နေဆဲ….

“မင်း ဘလောက် တစ်နှစ်ပြည့်တဲ့နေ့ကို သတိတောင် မရဘူး မဟုတ်လား။ သူများတွေဆို ဘလောက်လေး တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသည်ဖြင့် ပို့စ်တင်ကြတယ်။ ခုတော့ မင်းက အဲလို တာဝန် မကျေခဲ့တဲ့ အတွက် ငါလာသတိပေးတာ။”

ဟင်း… လေသံကတော့ တင်းလိုက်တာ။ ဟုတ်ပါရဲ့ ဘလောက်ရေးတာ တစ်နှစ်ပြည့်သွားလို့ ကျော်တောင် ကျော်ပြီ။ ဒါပေမယ့် ကိုယ့်ဘလောက်ပဲ ကိုယ်တင်ချင် တင်မှာပေါ့။ မတင်ချင်လည်း မတင်ဘူးပေါ့ဟု ခပ်စွာစွာတွေးနေချိန်မှာပဲ…

“အမယ် တင်ချင်တင် မတင်ချင်နေမယ်လို့ မပြောနဲ့။ ကိုယ့်ဘလောက်ကို ဂရုစိုက်လိုက်ဦး။ အဲဒီတော့ ရေးထားခဲ့သမျှစာတွေ ပြန်ကြည့်။ ကြားလား။ ငါသွားမယ်။”

အဲဒီတော့မှ ပုံရိပ်လည်း လန့်သွားသည်။ တွေးနေသမျှကို သူက သိနေသည်ကိုး။ ကဲ ကြည့်ဆိုတော့လည်း ကြည့်ရမှာပေါ့။ ဟုတ်ပါတယ်လေ။ ဘလောက်ကလေးကို ဂရုစိုက်မှ။

xxx

မုန့်တီသုတ် တစ်ပွဲ စားပြီး အိမ်က ထွက်ခဲ့သည်။ အရေးထဲမှ အရာပေါ်ကာ ခေါက်ဆွဲအိုးက ဝေကျသဖြင့် ပြေးပိတ်ရသေးသည်။

သိပ်မကြာလိုက်ပါ။ နေပူထဲမှာ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသော လူနှစ်ယောက်ကို တွေ့သည်။ အတိအကျပြောရလျှင် ဦးငြိမ်းအောင်နှင့် ဦးထွန်းဦး။ ပုံရိပ်ကိုတွေ့တော့ လှမ်းခေါ်သည်။

“ဟေး ပုံရိပ်မဟုတ်လား။ မင်းက တို့တွေကို နံရံတွေ ဆောက်ခိုင်းထားခဲ့တာလေ။ မှတ်မိလား။”

“ဘယ်နှယ့် ပြောပါလိမ့်။ မှတ်မိတာပေါ့ ဦးတို့ရယ်။”

သူတို့ရှေ့မှာ ဆောက်လက်စ နံရံတစ်ခု။

“အေး အဲဒါ အခု အုတ်နဲ့ ဘိလပ်မြေ ပြတ်သွားပြီ။ အလုံအလောက် မရှိလို့ နံရံ ဆက်ဆောက်လို့ မရဘူး။ လုပ်ပါဦး။”

“ဟိုက်။”

ပုံရိပ် ဘာဆက်ပြောရမည် မသိ။ အုတ်နှင့် ဘိလပ်မြေ ပြတ်တဲ့အချိန်မှ သူတို့ကို နံရံသွားဆောက်ခိုင်းလေ မိသလား။ ဒါပေမယ့်လည်း နှစ်သိမ့်သည့် အနေဖြင့် တခုခုတော့ ပြောရမည်။

“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်မ စုံစမ်းကြည့်ပါဦးမယ်။ အဲ စုံစမ်းဖို့ သွားလိုက်ဦးမယ်နော်။”

စိတ်ရှုပ်ရှုပ်နှင့် ထွက်လာတော့ နောက်က ဦးငြိမ်းအောင်က အော်ပြောနေသေးသည်။ အုတ်က ကားတစ်စင်းတိုက် ဘိလပ်မြေက ငါးအိတ်တဲ့။

xxx

ဆက်လျှောက်လာခဲ့တော့ သစ်ပင်တစ်ပင်အောက်မှာ မိန်းကလေးတစ်ယောက် ကိုလှမ်းတွေ့သည်။ မိန်းကလေးက သစ်ပင်ပေါ်ကို မော့ကြည့်မော့ကြည့် လုပ်နေသည်မို့ ပုံရိပ်လည်း သူ့အနားကို လျှောက်သွားလိုက်၏။

“သြော် သီ ပါလား။”

ပုံရိပ်ကို သူက လှည့်ကြည့်သည်။

“ဟုတ်တယ် ပုံရိပ်ရေ။ အတော်ပဲ ပုံရိပ်ကို ပြောပြရဦးမယ်။ ပုံရိပ်စိုက်ပေးခဲ့တဲ့ သီနဲ့ မောင်တို့ရဲ့ အချစ်သစ်ပင်လေးလေ။ မှတ်မိလား။”

“အင်း မှတ်မိတယ်လေ။”

“အဲဒါ ဒီအပင်ပဲ ပုံရိပ်။”

သူပြောသော အပင်ကို မော့ကြည့်လိုက်တော့ ထိပ်ဖျားကိုတောင် မမြင်ရတော့။ တော်တော်ကြီး မြင့်ကာ ကြီးလှပြီပဲ။ ပင်စည်လုံးပတ်က ညောင်ပင်တစ်ပင် စာတော့ ရှိလိမ့်မည် ထင်သည်။

“ဟယ် သီရယ်။ ဒီလောက် ကြီးလာလိမ့်မယ်လို့ မထင်မိဘူး။ ၀မ်းသာလိုက်တာ။ ဒါနဲ့ သီ့ရဲ့ မောင်ရော။”

“သီလဲ သစ်ပင်ကြီးလာတာကို ၀မ်းသာပါတယ်။ ဒါပေမယ့် မောင်လေ မောင်…။ အဲဒီသစ်ပင်ထိပ်မှာ အိမ်ဆောက်မလို့ ဆိုပြီး တက်သွားတာ။ အဲဒါနဲ့ သီစိတ်ပူပြီး စောင့်နေတာ။”

အဲ… ပုံရိပ်ဘာပြောရမည် မသိ။

“အဟဲ သီရေ မောင့်ကို ပြောလိုက်နော်။ ပုံရိပ် နှုတ်ဆက်သွားတယ်လို့။ သွားဦးမယ်နော်။ မောင်က အိမ်လှလှလေး ဆောက်ပေးမှာပါ။”

(ဆက်ရန်)

Thursday 19 February 2009

လွယ်လွယ် (ဇာတ်သိမ်း)

(ဒီဝတ္ထုဇာတ်သိမ်းပိုင်းကို မရေးဖြစ်ဘဲ ဆွဲထားသလို ဖြစ်မိတာ တောင်းပန်ပါတယ်။ စောင့်ဖတ်သူတွေ အားလုံး ကျေးဇူး။ အနောက်တိုင်း ၀တ္ထုတစ်ပုဒ်ပုဒ်ရဲ့ လွှမ်းမိုးမှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။)

ထိုနေ့က အရာရာသည် အခါတိုင်းလိုပဲ နေသားတကျ ရှိလျက်။ ပိတ်နေကျ မဟုတ်သော ရုံးပိတ်ရက် တစ်ရက်မို့ သူသမားရိုးကျ မဟုတ်ဘဲ အိမ်မှ ထွက်ခဲ့သည်။ ဘယ်သို့ ဦးတည်ရမည် မသိဘဲ ရောက်တတ်ရာရာဟုသာ သဘောထားကာ တိုက်အောက်သို့ ရောက်လာခဲ့သည်။ ကျောင်းလည်း ပိတ်သည်မို့ ကလေးတွေကို အိမ်ရှေ့ကစားကွင်းတွင် တွေ့ရသည်။ မျက်မှန်းတန်းမိနေသော အိမ်နီးချင်းတစ်ယောက်က နှုတ်ဆက်သည်ကို မပြုံးချင် ပြုံးချင် ပြုံးပြခဲ့သည်။ ထိုနေ့က နေသာနေပါသည်။

လမ်းထိပ်နား ရောက်တော့ ခပ်လှမ်းလှမ်းတွင် သူမြင်ဖူးနေသော မိန်းကလေးတစ်ယောက်။ လွယ်လွယ်….။ သူတိုးတိုးလေး ရေရွတ်မိရင်း ရင်တွေခုန်လာသည်။ လွယ်လွယ့်မျက်နှာကို မမြင်ဖူး သော်လည်း ကိုယ်နေဟန်ထားကို မှတ်မိနေသည်။ လွယ်လွယ်မှ လွယ်လွယ် အစစ်ပါပဲ။ စားစရာလေး၊ တိုလီမုတ်စလေး အနည်းငယ် ရောင်းသော ဆိုင်မှာ လွယ်လွယ် ဟိုကြည့်ဒီကြည့် ကြည့်လျက်။ သူ့နံဘေးမှာ အမေအရွယ် အဒေါ်အရွယ် အမျိုးသမီး တစ်ဦးပါလာသည်။ လွယ်လွယ်က ရောင်စုံပစ္စည်းလေးအချို့ကို ကိုင်လျက် ရယ်မောကာ အမျိုးသမီးကြီးအား ပြနေ၏။

သူခြေလှမ်းတွေကို နှေးပစ်လိုက်သည်။ ဆိုင်နားကို တော်တော်လေး ကပ်လာတော့ လွယ်လွယ့်ကို အနီးကပ်မြင်ရသည်။ ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော် မျက်နှာပေါက်နှင့် ကောင်မလေးသည် အသက်ဆယ့်ရှစ်နှစ်ထက် ပိုမည် မထင်။ အရုပ်လေးများ ပါသော အဖြူရောင် တီရှပ်ကို ပန်းရောင်စကပ်ဖျော့ဖျော့နှင့် တွဲဝတ်ထားသည်။ ပြီးတော့…ပြီးတော့…အို……။ သူခြေလှမ်းတွေ မှားကုန်ပြီ။ ပန်းရောင်စကပ် အောက်ခြေအနားတို့ အောက်မှ ခြေထောက်များ။ မာကျော၍ အရောင်မတူသော ခြေထောက်တစ်ဖက်…။ လွယ်လွယ့်မှာ ခြေထောက်တစ်ဖက် မရှိပါလား……..။ ခြေထောက်အတု တစ်ဖက်နှင့် အပြုံးအစစ် တစ်ခုကို ၀တ်ဆင်ထားသော လွယ်လွယ်။ ခြေထောက်အတုကို မမှုဘဲ ခြေသလုံးပေါ်စကပ်ကို ၀တ်ဆင်ထားသော လွယ်လွယ်။ ရောင်စုံဘောပင်လေး အချို့ကို ကိုင်လျက် ရယ်လို့မောလို့ ဆိုင်ထဲမှ ထွက်လာသော လွယ်လွယ်။ တတ်လည်း တတ်နိုင်ပါဘိ။

သူထိုနေ့က လမ်းဆက်မလျှောက်ဖြစ်ပါ။ လမ်းတ၀က်မှာ အိမ်သို့ ပြန်လှည့်ဖြစ်ခဲ့သည်။ တိုက်ခန်းကျဉ်းထဲကို ရောက်တော့ သူရဲ့ တစ်ခုသော ပြတင်းပေါက်ကို ဖြတ်ကနဲ လှမ်းကြည့်ဖြစ်သည်။ မနာလိုခဲ့ရသော လွယ်လွယ်။ ခုတော့ သူ့ကိုသူ ဝေခွဲမရပါ။ သနားစရာကောင်းသည်က လွယ်လွယ်လား ဒါမှမဟုတ်….။ သူ့ကိုသူ ဝေခွဲမရပါ။ သူပြတင်းပေါက်ကို ဆွဲပိတ်လိုက်သည်။ သနားစဖွယ်၊ ငြီးငွေ့စဖွယ် မနက်ဖြန်တစ်ခုကို သူမမြင်ချင်တော့ပါ။

Sunday 15 February 2009

ဘိုင်လက်ဆောင်

အများသူငါ ဗာလင်တိုင်းကြတဲ့ နေ့မှာ ပုံရိပ်လည်း အားကျမခံ လက်ဆောင် တောင်းပါတယ်။ ပုံရိပ်တောင်းတာ ကဗျာလက်ဆောင်ပါ။ အစကတော့ စပ်လို့ မရဘူးတဲ့။ အဲဒါနဲ့ ဆက်ရစ်တော့ နောက်ဆုံး ကဗျာတစ်ပုဒ် ရလာပါတယ်။ (ငှဲငှဲ) ကဗျာနာမည်ကိုတော့ ပုံရိပ်ပဲ ရွေးပေးလိုက်ပါတယ်။ ကဗျာကတော့ သူ့ကဗျာပါ။ ခံစားကြည့်ကြပါဦး။

ပုံရေ …

ဗယ်လင်တိုင်းဒေးတဲ့၊
အများသူငါ ဟိုဟာ ဒီဟာရေးကြတော့
အတွေးတွေ လမ်းထွက်လျှောက်
ကဗျာတစ်ပုဒ် ကောက်ရေးလိုက်တယ်။

ရေးမယ့်သာရေး
ဗယ်လင်တိုင်းဒေးဆိုတာ
ဘာညာသေချာမသိ၊
အင်း … ဂူဂယ်လ်မယ် ရှာကြည့်ဦးမှ။

ကဲ … တွေ့ပါပြီဗျာ၊
ဟုမ်းမ်ပေ့ခ်ျမှာပါ ရဲရဲတွတ်၊
ဘယ်သွားသွား မလွတ်ပါလား။

နှစ်ဆယ့်တစ်ရာစုရဲ့
ဗဟုသုတဘဏ်ကြီး
ဝီကီပီးဒီးယားက ပြောတယ်၊
ဗယ်လင်တိုင်းဒေးရဲ့
ရှေးကနဦးအစ
ပေဂန်တွေကပါတဲ့။
နောက်ကျတော့ တမျိုးဖြစ်
ခရစ်ယာန်ဇာတ် သွတ်သွင်းသတဲ့။

ကျင်းပစအခါဝယ်
ဗယ်လင်တိုင်းဒေးဆိုတာ
ရုပ်လက်ဆောင် သက်သက်ပေးတဲ့
ဈေးဝယ်ရက်တော့ မဟုတ်ခဲ့ပါ။

အမှူးပြုတဲ့ သူတော်စင်
စိန့်ဗယ်လင်တိုင်းဟာလည်း
ကွန်ရှူမာရစ်ဇင်ရဲ့
စီးတော်ယာဉ် မဟုတ်ခဲ့ပါ။

ယုံကြည်ချက်ကို
အသက်နဲ့လဲတဲ့
သူတော်စင်ရဲ့ သွေးရဲရဲဟာ
သစ်ပင်တကာ လှဲခုတ်
စက္ကူအမှိုက်လုပ်ဖို့
ဆင်ခြေတစ်ခုလည်း မဟုတ်ခဲ့ပါ။

ပုံရေ…

လူတကာနဲ့ ကန့်လန့်တိုက်
ချောကလက် မကြိုက်လို့ ကိုယ်မပြောပါ။

လူတကာမွှေးချင်တဲ့
နှင်းဆီပန်းကလေးလည်း
မင်းဆီ လှမ်းပေးချင်ပါရဲ့။

ဒါပေမယ့်
ရီဆက်ရှင်း … တဲ့။

စီးပွားကလည်းကျ
အနီးအနားလည်း မနေရတဲ့ အခါ
အကာတွေပယ်လို့
အနှစ်ကိုပဲ သယ်ဆောင်ပေးမယ့်
စကားလေး တစ်ခွန်းကို
လွမ်းလွမ်းနဲ့ပဲ ပြောလိုက်မယ်၊
မင်းကို ကိုယ်ချစ်တယ်။

(ကိုပုံရိပ်)

Friday 13 February 2009

ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီလ ရောက်ခဲ့ပြန်ပြီ
ဗိုလ်ချုပ်ရဲ့ မွေးနေ့ပေါ့
ဘာရယ် မဟုတ်
စိတ်ထဲမှာတော့ သတိရနေပါတယ်။
နောင်မျိုးဆက်သစ်တွေ သတိရကြပါဦးမလားလို့
တွေးပူမိတယ်။

Wednesday 11 February 2009

လွယ်လွယ် (ဒုတိယပိုင်း)

နောက်တစ်နေ့ ရုံးအပြန်မှာ မျက်နှာချင်းဆိုင် အခန်းအကြောင်း မေ့သလောက် ရှိခဲ့ပြီ။ လက်ဖက်ရည် တစ်ခွက်နှင့် ပဲပလာတာ တစ်ချပ်နှင့် ညနေစာကို ဖြေရှင်းပြီး ချိန်မှာ ပြတင်းပေါက်ဆီမှ မြင်နေကျ မဟုတ်သော မြင်ကွင်းကို တွေ့လိုက်ရသည်။

မျက်နှာချင်းဆိုင် အခန်း၏ ရှည်မျောမျော ပြတင်းပေါက်တွင် မိန်းကလေးတစ်ယောက် ရပ်နေ၏။ လမ်းကျယ်တစ်လမ်းခြားသည်မို့ မိန်းကလေး၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပါ။ သူ့ထက် ငယ်ပုံရသည်။ ကိုယ်နေဟန်ထား သွယ်ပျောင်းပုံ ရှိသည်။ ပြတင်းပေါက်ကို မှီကာ ရပ်နေသော သူ့ပုံက ငယ်ရွယ်သည့်ဟန်။ အသက်နှစ်ဆယ် ၀န်းကျင်လောက်သာ ရှိနိုင်မည် ထင်သည်။ ထို့ထက်လည်း ကြီးနိုင်ပါသည်။ အလွန်ဆုံး ငါးနှစ်လောက်ပေါ့။ ဆံပင်ရှည်ရှည်ကို ဒီအတိုင်း ဖြန့်ချထားသည်။ အ၀တ်အစားမှာ လွတ်လပ်ပေါ့ပါးသည်။ အပွင့်လေးများပါသော ခပ်ပွပွ အင်္ကျီ တစ်ထည်သာ ဖြစ်သည်။ ပြတင်းပေါက်မှာ ရှည်သော်လည်း ခါးလောက်ထိသာ မြင်ရသည်။ အိမ်အောက်ထပ်တွင် ကစားနေသော ကလေးတို့ကို စိတ်ဝင်တစား ကြည့်နေ၏။ ကစားနေရာမှ ကလေးတို့ ငြင်းခုံနေကြ၏။ မိန်းကလေးက သူတို့ကိုကြည့်ရင်း ကိုယ်လေး လှုပ်ခါအောင် ရယ်နေသည်။ သူကတော့ မိန်းကလေးဘာကို ရယ်နေသည်မှန်း နားမလည်နိုင်။ ပျင်းစရာကောင်းသော လောကကြီးထဲတွင် ရယ်စရာ ဆိုတာ ရှိပါသေးသလား။ သူကျတော့ ဘာကြောင့် နည်းနည်းလေးမှ မရယ်ချင်ပါလိမ့်။

သူတံခါးကို ဂျိန်းကနဲ မြည်အောင် ဆောင့်၍ ဆွဲပိတ်လိုက်သည်။

xxx

ထို့နောက် ညနေများတွင် သူ မိန်းကလေးအား စောင့်ကြည့်မှန်း မသိ ကြည့်နေခဲ့မိသည်။ တကယ်တော့လည်း နိစ္စဓူဝ ကိစ္စများမှ လွဲ၍ ဘာမျှ စိတ်ဝင်စားစရာ မရှိသော လူတစ်ယောက်အဖို့တော့ လုပ်မိလုပ်ရာ လုပ်တယ်ဟုလည်း ဆိုနိုင်ပါသည်။ သူ့စိတ်ထဲမှာ ကောင်မလေးကို ဘယ်အချိန်က လွယ်လွယ် ဟူသော နာမည် ခေါ်မိသည် မသိ။ ငိုလွယ် ရယ်လွယ်သော မိန်းကလေး။ စိတ်ဝင်စားလွယ်သော မိန်းကလေး။ ဒီလိုနှင့် သူ လွယ်လွယ့်ကို တိတ်တခိုး ကြည့်ရသည်မှာ အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ကံကောင်းသည်မှာ အခန်းဆီးကြားမှ ထိုင်နေလျက်နှင့်ပင် လွယ်လွယ်၏ ပြတင်းပေါက်ကို မြင်နေရခြင်းပင်။

လွယ်လွယ့်ကို စာဖတ်ရင်းလည်း တွေ့ရတတ်သည်။ စာဖတ်ရင်း ရယ်နေတတ်သလို စဉ်းစားနေတတ်သည်ကိုလည်း တွေ့သည်။ ဟာသ၀တ္ထုဖတ်သည့် အခါလည်း ဖတ်၍ လေးနက်သော အချစ်ဝတ္ထု ဘ၀ ၀တ္ထုတွေ ဖတ်တာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ကဗျာတွေ ဖတ်ကာ စဉ်းစားနေတာလည်း ဖြစ်နိုင်ပါသေးသည်။ သူကတော့ ကဗျာတွေ ၀တ္ထုတွေကို ခံစားရတာ ဘယ်လိုနေသည်ကို သိဖို့နေနေသာသာ မဖြစ်မနေ ဖတ်ရသော ကျောင်းစာမှ လွဲ၍ ကဗျာတစ်ပုဒ်၊ စာတစ်အုပ်ကို ဆုံးအောင် ဖတ်ဖူးသည့်သူ မဟုတ်။ ထိုစာများက သူရှာမရသော ဘ၀အဓိပ္ပာယ် ဆိုတာကို ပေးပါသလား။ ကောင်မလေးတော့ ဖတ်ပြီးရယ်လိုက် စဉ်းစားလိုက် လုပ်နေတာ တွေ့တာပဲ။ တတ်လည်း တတ်နိုင်ပေသည်။

တခါတရံ သီချင်း နားထောင်နေဟန် ရှိသော လွယ်လွယ့်ကို တွေ့ရသည်။ သူ့အခန်းမှ လေသင့်လျှင် ခပ်သဲ့သဲ့သာ ကြားနိုင်သော သီချင်း။ ချစ်သူကို ကြည့်မ၀သည့် အကြောင်း ဖွဲ့ထားသော အချစ်သီချင်း တစ်ပုဒ်ပဲ။ သူတော့ ခံစားရ၍ မရပါ။ ပိုလွန်းတယ်ဟု သူငြူစူစွာ တွေးသည်။ သီချင်းထဲမှလို သူတခါမှ မခံစားဖူးပါ။ ဒါပေမယ့် အခုတော့ လွယ်လွယ့်ကို ညနေတိုင်း သူကြည့်မိနေသည်ပဲ။ သီချင်းထဲကလို မဟုတ်သည်တော့ သေချာသည်။ သူသည် ခံစားချက် ချွတ်ယွင်းသော ရောဂါများ ဖြစ်နေ ပါသလားဟု ကြံကြံဖန်ဖန် တွေးဖြစ်သေးသည်။ လွယ်လွယ်ကတော့ ကိုယ်လေးကို ယိမ်းကာ စည်းချက်လိုက်ကာဖြင့် အားရပါးရ လိုက်ဆို နေ၏။ လွယ်လွယ့် အသံကို သူမကြားရပါ။ ပါးစပ်လှုပ်တာသာ မြင်ရသည်။

လွယ်လွယ်သည် ပြတင်းပေါက်နား ထိုင်၍ သိုးမွှေးလည်း ထိုးနေတတ်သေးသည်။ လွယ်လွယ့် လက်ထဲတွင် ထိုးနေသော အရာမှာ ပ၀ါလား အင်္ကျီလား ဆိုတာကိုတော့ သူမသဲကွဲ။ ချည်တို့ ရှုပ်ထွေးလျှင် အလိုမကျသည့် ဟန်ဖြင့် ထိုးထားသမျှကို ဆွဲဖြုတ်ပစ်တတ်သည်။ ထိုအခါ ပြတင်းနားတွင် သူစိုက်ထားသော ပန်းပင်လေးများကို ရေထလောင်းရင်း ပျော်နေပြန်ပါသည်။ လွယ်လွယ့် အတွက် စိတ်ဝင်စားစရာတွေ များလှပါတကား။ လွယ်လွယ့်ကို ကြည့်မိတိုင်း စိတ်ဝင်စားရကောင်းသည့် အရာများကို အဘယ်သို့ စဉ်းစားမိပါသနည်းဟု သူသေသေချာချာ တွေးနေမိသည်။ မည်သို့ဆိုစေ လွယ်လွယ် ပြောင်းလာပြီးနောက် သူ့ညနေခင်းများမှာ ပျင်းစရာ မကောင်းတော့ကြောင်း သူဝန်ခံရပေမည်။

အချို့ညနေများမှာတော့ လွယ်လွယ့်ကို မတွေ့ရတတ်။ ပြတင်းပေါက်နားမှာ ခဏသာ လာရပ်၍ အ၀တ်လှန်းသည်ကို တွေ့သည်။ သူလှန်းသော အ၀တ်များမှာ လက်သုတ်ပ၀ါ၊ မျက်နှာသုတ် ပ၀ါ စသည်ဖြင့် ပေါ့ပေါ့ပါးပါး အ၀တ် အချို့သာ ဖြစ်သည်။ မိုးရွာလျှင် ကမန်းကတန်း အ၀တ်ကို ရုတ်သည်။ တဖွဲဖွဲ ကျလာသော မိုးစက်လေးများကို လက်နှင့် ခံယူရင်း ကျေနပ်နေပုံရသော လွယ်လွယ့်ကို သူမနာလိုဖြစ်ရပြန်သည်။ ကိုယ်အပေါ်ပိုင်း မိုးရေစိုတော့မှ ပြတင်းပေါက်ကို ပိတ်မည် ပြုသည်။ တကိုယ်လုံး မိုးရေစိုသည် အထိများ နေဦးမှာလား ဟုသူ မလိုတမာ ရေရွတ်လိုက်သည်။ တကိုယ်လုံး ဆိုတော့မှ သူဖျတ်ကနဲ တွေးမိသည်။ လွယ်လွယ့်ကို ကိုယ်တပိုင်းသာ မြင်ဖူးခဲ့သည်။ လှုပ်ရှားဟန်ကို မြင်ရသော်လည်း လွယ်လွယ့် ခြေထောက်များကို တခါတရံမျှ မမြင်ဖူးကြောင်း သူအခုမှပင် သတိထား မိသည်။

ထိုအခါသူ့စိတ်ထဲ ထူးဆန်းသော ဆန္ဒတစ်ခု ဖြစ်ရသည်။ လွယ်လွယ့်ကို လူတစ်ယောက်အနေနှင့် မြင်ဖူးချင်သည်။ ပြတင်းပေါက် တစ်ပေါက်မှ အရိပ်ထက် ပို၍ မြင်ဖူးချင်သည်။ ထိုကဲ့သို့သော မိန်းကလေးတွင် ဖျတ်လတ်သော ခြေထောက်များ ရှိရမည်။ လှပ၍ နုနယ်သော ဖိနပ်ကို စီးလျက် လွတ်လပ်စွာ လမ်းလျှောက်တတ်သူ ဖြစ်ရမည်။ သူ့ အတွေးထဲတွင် လွယ်လွယ့်ကို လမ်းလျှောက် ခိုင်းကြည့်နေမိသည်။

ထိုသို့တွေးမိပြီးနောက် သူ့အတွက် အလုပ်တခု ရလာသည်။ ထိုအလုပ်မှာ မနက် ရုံးတက်ချိန်၊ ညနေရုံးဆင်းချိန်နှင့် ပိတ်ရက်များတွင် လွယ်လွယ်၏ တိုက်အောက်ထပ် လှေကားရင်းကို ကြည့်တတ်ခြင်း ပင်တည်း။ လွယ်လွယ် ဈေးသွားချိန်ကို တွေ့လေမလား၊ ကျောင်းသွားချိန်ကို တွေ့လေမလား…။ သူ့အဖြစ်မှာ ရယ်စရာ ကောင်းနေသော်လည်း သိချင်စိတ်ကို သူမချုပ်တည်းနိုင်ပါ။

(ဆက်ရန်)

Sunday 8 February 2009

လွယ်လွယ် (ပထမပိုင်း)

မနက်ဖြန်မှာ သူရှိမနေလည်း ဘာမှ ထူးခြားမည် မဟုတ်ဟူသော အတွေးသည် တော်တော့်ကို ၀မ်းနည်းစဖွယ် ကောင်းသော်လည်း မှန်ကန်ကြောင်းတော့ သူဝန်ခံရပေမည်။

သူ၏ အိမ်ဂေဟာမှာ ကျဉ်းမြောင်းပြီး ဈေးသက်သာသော အခန်းကျဉ်းလေး တစ်ခု ဖြစ်သည်။ ထိုအိမ်၏ အောက်ထပ်ကို ငုံ့ကြည့်လိုက်လျှင်တော့ ဥဒဟို သွားလာနေသော လူအများကို တွေ့ရမည်။ ထိုအခန်းကျဉ်းလေး ထဲမှ သူသည် ရုံးတစ်ရုံး၌ မထင်မရှား အလုပ်ကို လုပ်သော မထင်မရှား စာရေးလေး တစ်ယောက် ဖြစ်သည်။ ယခုနေသာ တကယ်လို့ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည် ခဲ့လျှင်တောင် မနက်ဖြန်မှာ သူ့နေရာကို အစားထိုးဖို့ တန်းစီနေသော သူများထဲမှ တစ်ယောက်ကို ဆွဲခန့် လိုက်မည် ဖြစ်သည်။ သူသေသွားလျှင် မည်သူမျှ လွမ်းမည့်သူ မရှိ။ မိသားစု မရှိ၊ ဆွေမျိုး မရှိ။ သူငယ်ချင်း အပေါင်းအဖော်လည်း မရှိ။ လမ်းထိပ်တွင် ညနေစာ ၀င်ဝယ်နေကျ တရုတ်ဆိုင်မှ အဒေါ်ကြီးကတော့ သူဘယ်ပျောက် နေပါလိမ့်ဟု စဉ်းစားကောင်း စဉ်းစား လိမ့်မည်။ တော်တော်တော့ ၀မ်းနည်းစရာ ကောင်းတာပဲဟု တွေးတော့ သေကြောင်းကြံမည် ဟူသော ခပ်ကြောင်ကြောင် အတွေးလည်း ခေါင်းထဲမှ ပျောက်ရ၏။

မနက်မိုးလင်းလျှင် လွယ်အိတ်အနွမ်းကို လွယ်ကာ သူရုံးသို့ ထွက်ခဲ့မည်။ ရုံးတွင် ရုံးအုပ်ကြီး၏ ဟေ့ကောင် အိပ်မငိုက်နဲ့နော် ဟူသော ဆူသံပူသံကို ကြားရမည်။ သံပတ်ပေးသော စက်ရုပ်တစ်ရုပ်ကဲ့သို့ စာရင်းဇယားများကို လုပ်မည်။ ဆယ့်နှစ်နာရီ ထိုးလျှင် ပျင်းခြောက်ခြောက် နေ့လည်စာ တစ်ခွက်ကို ရုံးသက်သာဆိုင်မှ ၀ယ်စားနိုင်သည်။ စိတ်ပါသည့် နေ့ဆိုလျှင်တော့ ခုံချင်းကပ်လျက် ထိုင်သော လုပ်ဖော်ကိုင်ဖက် လေးဆယ်ကျော် လူပျိုကြီး၏ မိန်းမကျမ်းကို နားထောင် လိုက်မည်။ မဟုတ်လျှင်တော့ နေ့လည်စာကို ခပ်မြန်မြန် အဆုံးသတ်ကာ အလုပ်ဆက်လုပ်မည်။

ငါးနာရီ ဒေါင်ကနဲ ထိုးလျှင်တော့ စောင့်ကြိုမည့်သူ မရှိသော အိမ်သို့ လေးတွဲ့စွာ ပြန်လာခဲ့မည်။ ရုံးတက်ချိန်နှင့် အိမ်ပြန်ချိန်သည် သူ့အတွက် ဘာမှ မထူးခြားပါတကား။ လမ်းထိပ်က တရုတ်ဆိုင်မှာ အချိုမှုန့်များများနှင့် ဈေးပေါသော ဟင်းတစ်ခွက်ကို ၀င်ဆွဲ ခဲ့မည်။ တခါတလေတော့လည်း ကြက်ဥကြော်နှင့် ပေါင်မုန့်နှင့် ညစာ တစ်ခွက်ကို ဖြစ်သလို ဖြေရှင်း လိုက်စမြဲ။ ဒါက သူ၏ နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ဘ၀ဆိုတာ တခါတလေတော့လည်း အနေခက် အသေခက်လှသည်ဟု သူစဉ်းစား နေမိသည်။

xxx

ထိုနေ့သည် ရိုးအီနေသော နေ့တနေ့ ပြီသစွာ အလွန်နှေးကွေး နေကြောင်း သူကောင်းကောင်းမှတ်မိ နေ၏။ ငါးနာရီကျော် ညနေခင်း တစ်ခုမှာ သူ့ရဲ့အိမ်ခန်း ပြတင်းပေါက်နား၌ ထိုင်နေမိသည်။ လမ်းပေါ်မှ လူအများ သွားလာနေကြသည်ကို ပျင်းရိဖွယ် ငေးကြည့်ရင်း သူဘာတွေးမိမှန်းပင် သတိမရတော့။ အိမ်ရှေ့က တိုက်ခန်းတွေမှာ မိသားစု ပေါင်းစုံနေသည်။ သူ့အခန်းက ခြောက်လွှာ မှာမို့ အခန်းတော်တော်များများကို မြင်နေရသည်။

တိုက်အောက်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။ မျက်စောင်းထိုး အခန်းမှ လက်သမား ဖြစ်ဟန်တူသော လူသည်လည်း ၀ရန်တာသို့ ထွက်ကာ လေညှင်းခံလျက် ရှိ၏။ ထိုအခန်းနှင့် ကပ်လျက်မှ ဆရာမ အပျိုကြီး ဖြစ်ဟန်တူသော အမျိုးသမီးသည်လည်း အိမ်ရှေ့ခန်းတွင် ထိုင်လျက်က သူ့အမေနှင့် စကား လက်ဆုံကျလျက်ရှိသည်။ သူတို့၏ အောက်ထပ် အခန်းတွင်တော့ ကလေးများသော အိမ်ရှိသည်။ ထိုအိမ်၌ ကလေး လေးယောက်ငါးယောက်မျှကို သူအမြဲ တွေ့နေရတတ်သည်။ ဘယ်နှစ်ယောက် ရှိသည်ကိုတော့ သူအတိအကျ မသိ။ ကလေးများသော အိမ်ဟုသာ မှတ်ထားလိုက်သည်။

ထိုလူအားလုံးသည် သူ့ဘ၀များတွင် သူစိတ်ပါဝင်စားစွာ နေထိုင်လျက် ရှိကြသည်ဟု သူထင်သည်။ သူ့ကျတော့ စိတ်ညစ်သည်လည်း မဟုတ်ဘဲ ကိုယ့်ဘ၀ကိုယ် စိတ်ဝင်စားစရာ ရှာမရအောင်သာ ဖြစ်နေတော့သည်။

ထိုခဏ၌ မျက်နှာချင်းဆိုင် တိုက်အောက်တွင် ကားတစ်စင်းဆိုက် လာသည်။ ရိုးရိုးကားသေး မဟုတ်ဘဲ ပစ္စည်းများ၊ ပရိဘောဂများ တင်ထားသော ကားပေါ်မှ အလုပ်သမားတို့သည် ပစ္စည်းများကို အသယ်အချ ပြုကြလေ၏။ စူးစမ်းကြည့်တော့ သူတို့ ပစ္စည်းချနေသော အခန်းသည် သူနှင့် မျက်နှာချင်းဆိုင် အခန်း ဖြစ်နေသည်။ ထိုအခန်း၌ လူမရှိသည်မှာ တစ်လလောက်တော့ ရှိပြီလား မသိ။

ထို့နောက်တော့ သူလည်း အမှတ်တမဲ့ပင် ပြတင်းပေါက်မှ ခွာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုကို သူကြာရှည် စိတ်မ၀င်စား နိုင်ခဲ့သည်မှာ ကြာလေပြီပဲ။

(ဆက်ရန်)

Thursday 5 February 2009

လောကကြီးနှင့် ပြန်လည် သင့်မြတ်ခြင်း

(အသစ်ရေးနေတဲ့ ၀တ္ထုကို စိတ်တိုင်းကျ မဆက်နိုင်သေးတော့ စာတိုလေးနဲ့ ဆားချက်ပါတယ်။)

ဒီနေ့တော့ နှိုးစက် မမြည်ခင် စောစီးစွာနိုးနေသည်။ နှိုးစက်ကို ပိတ်ပြီး ပြန်လှဲ နေလိုက်သော်လည်း အိပ်မပျော်တော့။ စောင်ခြုံထဲက ထွက်ရမှာလည်း သိပ်ဝင်မလေးမိ။ ထုံးစံ အတိုင်း ရာသီဥတုကတော့ အေးသည်။ ကိုယ့်ကိုယ်ကို ဒရွတ်တိုက် မဆွဲရသော ရှားပါးသည့် မနက်ခင်းတစ်ခု။

အလုပ်ရောက်တော့ စောနေသေးသည်။ ရာသီဥတုက အေးလှသည်မို့ ကော်ဖီပူပူလေး တစ်ခွက် သောက်ရလျှင် ကောင်းမည်ဟု တောင့်တမိ၏။ ကော်ဖီ မသောက်တာလည်း ကြာလေပြီ။ ခုတလော ချွေတာသည့် အနေဖြင့် ကော်ဖီမှုန့် ကုန်နေတာ မ၀ယ်ဖြစ်။ (မသောက်ဖြစ်ခဲ့သော ကော်ဖီခွက်လေးများ အကြောင်း ထဲမှလိုတော့ တစ်စုံတစ်ရာကို ရည်စူး၍ ပိုက်ဆံ စုနေခြင်း မဟုတ်ပါ။) ဒီလိုနှင့် ကော်ဖီဆိုင်လေးကို ရောက်သည်။ မနက်စောသေးသည်မို့ လူရှင်းမည် ထင်ခဲ့သော်လည်း လူတန်းက ရှည်လှသည်။ သူသူငါငါ ကိုယ့်လိုပဲ မနက်စောစောမှာ ကော်ဖီနှင့် အားဖြည့် ကြသည် ထင်သည်။

လူတန်းရှည်ထဲမှာ ကိုယ်လည်း ၀င်ရပ်ဖြစ်သည်။ ကိုယ့်နောက်မှ အမျိုးသမီးတစ်ယောက်ကို ဖြတ်သွားသော အမျိုးသား တစ်ယောက်က လှမ်း၍ နှုတ်ဆက် နေသည်။ ဘာရယ်မဟုတ်ဘဲ သူတို့ပြောနေသည်ကို ကြားနေရပြန်၏။ သူတို့အလုပ်တူ ကြပုံရသည်။ နေ့မအား ညမအား လုပ်ကြသည့် လူများ ဖြစ်ပုံရသည်။ ကော်ဖီဆိုင်မှ ကော်ဖီရောင်းသော မိန်းကလေးသည်လည်း ပြင်ပြင်ဆင်ဆင်နှင့် ၀ယ်သူတို့ကို ပြုံးရွှင် ချိုသာစွာ ဆက်ဆံလျက်။ ပိုက်ဆံ ပြန်အမ်းသော အခါ နှုတ်ဆက် သွက်လက်လျက်။

ဒီလိုပါပဲ သူတို့လည်း သူတို့ အလုပ်ကို လုပ်ကြသည်။ ကိုယ်လည်း ကိုယ့်အလုပ်ကလေးကို ပီပြင်အောင် လုပ်ရမည်။ ကိုယ့်ရည်ရွယ်ရာလေးကို ပြန်မြင်လာသလို။ ဒီနေ့အဖို့တော့ ဒါတွေ ပြီးအောင် လုပ်ရမည်ဟု စိတ်ထဲမှာ ဇယားဆွဲသည်။

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ကော်ဖီတစ်ခွက် မှာသည်။ သိပ်မကြာလိုက်ပါ။ ကိုယ့်လက်ထဲမှာ ခပ်နွေးနွေး ကော်ဖီတစ်ခွက် ရောက်လို့လာသည်။ ကော်ဖီဆိုင်မှ ကောင်မလေး အတွက်လည်း အပိုကြေး အနည်းငယ် ပေးခဲ့မိသည်။ သူတို့လည်း လုပ်အားခ ပိုရကြပါစေ။

အပြင်ကို ခြေလှမ်းတော့ ရာသီဥတုသည် အေးခဲလျက်။ ကိုယ့်လက်ထဲမှာတော့ ကော်ဖီတစ်ခွက် ပူနွေးမွှေးမြလျက်။ တိုးတက်ခြင်းဆိုတာ ပဋိပက္ခမှ လာသည်တဲ့။