Thursday, 25 September 2008

ကောင်းကောင်းလေး ရွေးကြမယ်

အောက်ပါ အဖြေများမှ အဖြေမှန်တစ်ခုကို ရွေးပါ။

မေးခွန်းအောက်တွင် က၊ခ၊ဂ စသည်ဖြင့် အဖြေများကို ပေးထားသည်။ စာကျေသော သူ့အတွက် ရွေးရမည့် အဖြေမှန်မှာ မခဲယဉ်းလှပါ။ အဖြေမှန် အားလုံးကို သူရွေးချယ်နိုင် ခဲ့သည်။ ထိုအချိန်တုန်းကတော့ ရွေးချယ်ရတာဟာ လွယ်ကူလှလေခြင်း။

xxx

ဒီနိုင်ငံကို စရောက်ကတည်းကဗျာ၊ ရွေးလိုက်ရတာ၊ ရွေးလိုက်ရတာ….။ လက်ဖက်ရည်လေး တစ်ခွက် သောက်ဖို့ အရေး ဘာအနံ့အရသာနဲ့လည်း၊ အအေးလား အပူလားနဲ့။ ရလာတော့လည်း မြန်မာပြည်က လက်ဖက်ရည်လိုလဲ မဟုတ်ဘူး။ အဲ ရှိသေးတယ်… အသားညှပ်ပေါင်မုန့်တွေ ရောင်းတဲ့ ဟိုဆိုင်ဗျာ။ ဘာပေါင်မုန့် စားမလဲက အစ၊ ဘာအရွက်တွေ ထည့်မလဲက အဆုံး၊ အကုန်လျှောက်မေးတာ။ ပေါင်မုန့်ပဲဗျာ ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်ပေါ့။ ရှုပ်မှရှုပ်။ တခါတလေ ရွေးရမှာ ကြောက်လွန်းလို့ အဲဒီဆိုင် ဝေးဝေးက ရှောင်တယ်။ ဒီနိုင်ငံသားတွေ ကတော့ ရယ်ကြတာပေါ့။ ခင်ဗျားနှယ်…. ကိုယ့်အကြိုက် အတိုင်း ကိုယ်ရွေးစားနိုင်တဲ့ဟာ မကောင်းဘူးလား ပေါ့။

အဲ ဈေးဝယ်တော့လည်း အဲဒီလိုပဲ ခင်ဗျ။ ကျုပ်မဒီနဲ့ ကျုပ် လက်ချင်းချိတ်လို့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ဈေးသွားကြတာပေါ့။ ဈေးဆိုင်ရောက်တော့လည်း စကားလေး ပြောပြောနဲ့။ အစကတော့ ကောင်းနေသေးတယ်။ ဟင်းသီးဟင်းရွက်လေးတွေ ၀ယ်တာပေါ့။ ကျုပ်မဒီကတောင် ပြောနေသေး။ မောင်ရေ… ဟင်းသီးဟင်းရွက်တွေက သိပ်ရွေးစရာ မလိုဘူးနော် တဲ့။ အားလုံးလိုလိုက အတူတူ တွေချည်းပဲတဲ့။ သဘောကျနေတာ။ ဒါပေမယ့် ဇာတ်လမ်းက စလာပါလေရော။ ပေါင်မုန့်ဝယ်မယ်လုပ်တော့ ပေါင်မုန့်တန်းမှာ လိုက်ကြည့်ကြတာ၊ နာရီဝက်လောက် ကြာလာရော။ ဘယ်ဟာ ၀ယ်ရမယ် မသိဘူး။ ပေါင်မုန့်အဖြူ၊ အနှံနဲ့ လုပ်တဲ့ ပေါင်မုန့်၊ ကစီဓာတ်နည်းတဲ့ ပေါင်မုန့်၊ အနံ့အရသာ တမျိုးစီ ပါတဲ့ ပေါင်မုန့်၊ အနံ့အရသာ နှစ်မျိုးသုံးမျိုး ရောထားတဲ့ ပေါင်မုန့်….။ အာ…. စုံနေတာပဲ။ ကျုပ်က စိတ်တိုလာပြီး ဈေးအပေါဆုံး၊ ကျုပ်တို့ မြန်မာပြည်က ပေါင်မုန့်နဲ့ အတူဆုံး ပေါင်မုန့် တစ်ထုပ် ကောက်ကိုင် လိုက်တယ်။ သွားမယ်ပေါ့ ဆိုပြီး မဒီကို မျက်ရိပ်ပြတော့ သူက ရွေးလို့ မပြီးသေး။ နေပါဦး မောင်ကလည်း ပိုက်ဆံပေးပြီး ၀ယ်ရမှာ ကောင်းကောင်းလေး စားရအောင် ရွေးဦးမှပေါ့ တဲ့။ ကျုပ်က စောင့်ရတာ ကြာလို့ စိတ်တိုနေပြီ။

ပေါင်မုန့်ကို စိမ်ပြေနပြေ ရွေးပြီးတော့ ကျုပ်တို့ သွားတိုက်ဆေး ၀ယ်တဲ့ နေရာ ရောက်လာကြတယ်ဗျ။ အဲဒီမှာလည်း မူးလို့ပဲ။ ကျုပ်ကတော့ သိလိုက်တယ်။ နောက်ထပ် တစ်နာရီပဲလို့။ ဘယ်နှယ့်ဗျာ သွားတိုက်ဆေးကိုများ အနံ့တွေ အရသာတွေ ထည့်လို့။ ကျုပ်တို့တော့ သွားတိုက်ဆေးဆို ခပ်ရှိန်းရှိန်းပဲ သိတယ်။ ကျုပ်မဒီကတော့ တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တစ်ခု ကောက်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက်တော့ သူ့လက်ထဲမှာ သုံးလေးဘူးလောက် ကိုင်လာပြီး ရပ်ကြည့်နေတဲ့ ကျုပ်ကို မျက်နှာငယ်လေးနဲ့ လာမေးတယ်။ မောင်… ဘယ်ဟာ ယူရမလဲဟင်…တဲ့။ ကျုပ်က စိတ်တိုနေတော့ ကြိုက်တာယူ သွားမယ် ဆိုပြီး လှည့်ထွက်ခဲ့တယ်။ အပြန်လမ်းကျတော့ ကျုပ်တို့ နှစ်ယောက် လက်လဲ မတွဲ ဖြစ်တော့ဘူးဗျ။ မဒီကလည်း စိတ်ကောက်သွားတာပေါ့။ ကျုပ်တို့က ရွေးနေကျမှ မဟုတ်တာကိုး။

ဒီထက် ခက်တာတွေ ရှိသေးတယ်ဗျ။ ဒီကိုရောက်ပြီး သိပ်မကြာဘူး။ မိတ်ဆွေတွေက ပြောတယ်၊ ခင်ဗျားတို့ ကျန်းမာရေး အာမခံဝယ်နော်၊ အာမခံမရှိရင် မလွယ်ဘူးတဲ့။ ကျုပ်တို့ မြန်မာပြည်မှာတော့ဗျာ… နေမကောင်းဖြစ်ရင် ရပ်ကွက်ထဲက ဆရာဝန်လေးဆီ ပြေးလိုက်ရုံပဲ။ အာမခံဆိုတာ ဘယ်သူမှတောင် ခေါင်းထဲ ရှိကြမယ် မထင်ပေါင်။ ဒီမှာတော့ ကျန်းမာရေး စရိတ်က ဈေးအရမ်းကြီး ဆိုပဲ။ အာမခံရှိ မှပေါ့။ ၀ယ်ဆိုတော့လည်း ၀ယ်ပေါ့ဗျား။

ဒါနဲ့ပဲ သိတဲ့ မိတ်ဆွေတချို့ လိုက်မေး၊ အင်တာနက်မှာ ရှာနဲ့ ခေါင်းကို မူးနေတာပဲ။ မိန်းမကိုလည်း ပြောထားရတယ်။ ဒီရက်ပိုင်းအတွင်းတော့ နေမကောင်း မဖြစ်နဲ့ဦး၊ အာမခံရတဲ့ အထိတော့ စောင့်ဦးပေါ့။ မိန်းမရဲ့ မျက်စောင်းလှလှကြီးကို ရတာပေါ့ဗျာ… ဟဲဟဲ။

ရှာရင်းနဲ့ ကိုယ်ဝယ်နိုင်လောက်တဲ့ ဈေးမျိုးနဲ့ အာမခံ သုံးလေးခု တွေ့တယ်။ အဲဒီမှာ ရွေးရပြန်ပြီပေါ့ဗျာ။ စာလုံးသေးသေးလေးတွေ ဖတ်ပြီးတော့ ရွေးရတာပေါ့။ သူတို့မူတွေ ရေးထားတဲ့ စာတွေလေ။ ဆရာဝန် တစ်ခါ သွားပြရင်ဖြင့် သူတို့ကတော့ ဘယ်လောက် ပေးမယ်၊ ကိုယ်ကတော့ ဘယ်လောက် ပေးရမယ်။ ဆေးကုသမှုအတွက် ဘယ်လောက် အတိုင်းအတာ အထိ သူတို့ပေးမယ်…စသည်ဖြင့်ပေါ့ဗျာ။ ဒီတစ်ခါက အရွေးမှားရင် ကိုယ်တကယ် ခံရမှာကိုး။ ပစ္စည်းဝယ် သလို မဟုတ်ဘူးလေ။ စဉ်းစားရတာပေါ့။ ရွေးရတာ တာဝန်ကြီး တယ်ဗျ။ အကျင့်ပဲလားတော့ မသိဘူး။ ရွေးခွင့်ကို ကြိုက်တာနဲ့ အမျှ ကြောက်လည်း ကြောက်တယ်ဗျ။ မသိဘဲနဲ့လဲ ရွေးလို့ မဖြစ်ဘူးလေ။ ရွေးတယ်ဆိုတာ လေ့လာပြီးမှလဲ ရွေးလို့ရတာကိုး။

သြော်… နောက်ပြီးတော့ ဒီမှာနေတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးတစ်ယောက်ဆီက ကြားရတာ ရှိသေးတယ်။ သူက တက္ကသိုလ် တက်ဖို့ အတွက် လုပ်နေပြီလေ။ ဒါနဲ့ သူလည်း ကျောင်းရွေး နေတယ်တဲ့။ ကျုပ်ကလည်း နေရာတကာ စိတ်ဝင်စားတတ်တယ် ဆိုတော့ ကျောင်းရွေးတယ် ဆိုတာ ဘယ်လိုလဲပေါ့။ သူတို့အိမ်နားက ကျောင်းက မကောင်းဘူးလား ပေါ့။

ဒါနဲ့ ကောင်မလေးက ကျောင်းရွေးတဲ့ အကြောင်း ရှင်းပြလိုက်တာ ကျုပ်တောင် မောသွားတာပဲ။ ဘာသာရပ်အလိုက်၊ ဆရာကျောင်းသား အချိုး အလိုက် ကျောင်းတွေကို အစဉ်လိုက် စီထားပေးတယ် ဆိုပဲ။ ဒီကျောင်းက ဒီဘာသာရပ်မှာ နာမည်ကြီးတယ်၊ ဟိုကျောင်း ကတော့ဖြင့် ဆရာဆရာမ တစ်ယောက်ကို ကျောင်းသား ဆယ်ယောက်နှုန်းနဲ့ သင်နိုင်တယ်၊ အဲဒီလိုပေါ့။ စာကြည့်တိုက်တို့ စာအုပ်စာတမ်းတို့ ဘယ်လောက် ပြည့်စုံသလဲ ဆိုတာကိုလဲ ကြည့်သေးတယ်တဲ့ ခင်ဗျ။ နောက်ပြီး ကျောင်းရဲ့ မတည်ငွေ ဘယ်လောက်ရှိတယ် ဆိုတာကိုလဲ စဉ်းစားသေးတယ်တဲ့။

ကျုပ်တို့များတော့ တက္ကသိုလ်တက်တုန်းက အဲဒီလို မဟုတ်ပါဗျာ။ ရွေးစရာ သိပ်မရှိပါဘူးဗျ။ ဆေးကျောင်း၊ စက်မှု နဲ့ အခြား ဆိုပြီး ဖြစ်နေတာကိုး။ ဆရာဆရာမနဲ့ ကျောင်းသား အချိုးကတော့ ဟဲ..ဟဲ…။ ပြောတော့ပါဘူးဗျ။ စာကြည့်တိုက်ကတော့ ရွေးနေစရာတောင် မလိုပါဘူး ဟုတ်တယ် မဟုတ်လား။

အဲဒီတော့ ကျုပ်တို့ ဘယ်လောက် နေရခက်တယ် ဆိုတာ စဉ်းစားကြည့်ဗျ။ အရာရာရွေးချယ် နေရတာကိုး။ ငယ်ငယ်တုန်းကလို မှန်ရာရွေးပါဆိုတဲ့ မေးခွန်းကို ဖြေသလို အဖြေမှန် သိရင်လည်း ကောင်းသားဗျ။ ဘယ်သူကမှလည်း အဖြေမှန်ကို လာသင်ပေးမှာ မဟုတ်ဘူးလေ။ ကိုယ်အရွေးမှားရင် ကိုယ်ခံပဲ။

အင်း…. တကယ်တွေးကြည့်တော့ အနှစ်သုံးဆယ်လောက် အရိုးစွဲလာတဲ့ အကျင့်ကို ပြင်ရတာ ခက်တာပါပဲလေ…..။

9 comments:

တေးမွန် (ah nai) said...

ဟုတ်ပဗျာ..

မိန်းမယူတဲ့ အခါတောင် ရွေးခိုင်းနေရင် ပြသာနာပဲ။
ဒီက အကျင် မရှိတော့ အားလုံးရွေးမိနေရင် လွယ်ဘူး.. ဟိ

thorn musem said...

ပုံရိပ်...
အခုစာလာဖတ်တာတောင် ကျနော် ရွေးသေးတယ်...
အပေါ်က စပြီး ဖတ်ရမလား...ဒါမှမဟုတ်..
အောက်ဆုံးကနေ အပေါ်ကို အပြန် ဖတ်ရမလားလို့ ...
နောက်မှ အယင်ကလိုဘဲ ... အပေါ်ကနေ အောက်ကို အစဉ်အတိုင်းဖတ်လိုက်တော့တာ...
မရွေးတော့ပါဘူး....။

Moe Cho Thinn said...

ဟုတ်ပ ပုံရိပ်ရေ
ရွေးချယ်စရာတွေက များလွန်းတော့ ကောင်းတာလား၊ မကောင်းတာလားတောင် မသိတော့ဘူး။ ဦးနှောက်ခြောက်လို့လေ။ အမတော့ တော်ရုံ သင့်ရုံ ကောင်းရင် ယူလိုက်တာပါပဲ။ ဗျာမများချင်ဘူး။ ရသမျှကို ရောင့်ရဲတာဟာ စိတ်ချမ်းသာလို့ အကောင်းဆုံး မရလဲ ကျေနပ်ပါတယ်။

pandora said...

လက်ရှိဘ၀တွေကို ထင်ဟပ်နေတဲ့ တွေးစရာလေးပါ။ မရှိတော့လည်း တမျိုးအေးတယ်။ ရွေးစရာတွေ များလာတော့လည်း ခေါင်းစားတာပဲ။

အရေးအသားလေးက ပီပြင်တယ်။ များများရေးနော်။

ပုံရိပ် / Pon Yate said...

ကိုနတ်ဆိုး ရွေးဖို့လိုသေးလို့လား။ အချစ်နဲ့ ဆုံးဖြတ်လိုက်ပေါ့ :p
ကိုသစ်နက်ဆူးရယ် ကြံကြံဖန်ဖန် အောက်ဆုံးကနေ အပေါ်ကို ပြန်ဖတ်တတ်တယ်လား။
မချိုသင်း ပုံရိပ်ထင်တာတော့ အလယ်အလတ် လမ်းစဉ်က အကောင်းဆုံး ပဲပေါ့။ ရောင့်ရဲတတ်တာလည်း စိတ်ချမ်းသာ ပါတယ်။
မပန်.. ဟုတ်ကဲ့ ရွေးမိတာ အဲလေ... တွေးမိတာလေးတွေ ရေးထားတာပါ။ များများရေးနိုင်အောင် လုပ်နေတယ်။

ဂျစ်တူး - gyit_tu said...

ဒါလေးဖတ်ပီး ခပ်သွက်သွက် ရေးဟန်လေးကို ကြိုက်သလို ၊ နောက်ဆုံးစာကြောင်းလေးနဲ့ ဆက်စပ် တွေးတောမိတယ်း)

ပုံရိပ် / Pon Yate said...

မဂျစ်ရေ အတွေးတစ်ခုရတယ် ဆိုလို့ ၀မ်းသာ ပါတယ်။

nwelay said...

တခါတလေတော့လည်း ဘာမှသိပ်တာဝန်ယူစရာမလိုတာ ကောင်းသလိုလိုပါပဲ။ အဲဒါနဲ့ လိုက်လျောညီထွေဖြစ်မယ့် lifestyle တစ်ခုတော့ ဖြစ်လာမှာပေါ့လေ။။ တကယ်တော့ အခုထိ ကိုယ်လိုချင်တာတွေကိုဖြစ်ဖြစ်၊ ရနိုင်တာတွေကိုဖြစ်ဖြစ် တစ်မျိုးမဟုတ်တစ်မျိုး ရွေးချယ်လာခဲ့ကြတာပါပဲ၊

ပုံရိပ် / Pon Yate said...

nwelay လာအားပေးတာ ကျေးဇူးပါ။ ရွေးချယ်မှုတိုင်းမှာ တာဝန်တွေ ရှိပါတယ်။ အဲဒါလေးကိုပဲ ပြောချင်တာပါ။