Wednesday, 27 August 2008

လမ်းခွဲ (ဇာတ်သိမ်း)

ပြဿနာသည် လှိုင်တို့ တတိယနှစ်ကုန် ကာနီးလောက်မှာ စခဲ့သည်ဟု ဆိုရပေမည်။

“မောင်… ငါ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်မယ်လို့ စဉ်းစားနေတယ် သိလား။”

လှိုင့်ကို အိပ်မက်မက်သူ တစ်ယောက်လို သူလှည့်၍ ကြည့်သည်။

“လှိုင်ရယ်… နင်က သိပ်စိတ်ကူးယဉ် တာပဲနော်။ ဒီကနေပဲ လုပ်စမ်းပါ။ မြန်မာပြည် အတွက်လုပ်စရာတွေ အများကြီး။”

“မောင်ကလည်း… ဒီမှာ လုပ်နေကြတဲ့သူတွေက အများကြီး။ မြန်မာပြည်ပြန်တဲ့ သူက နည်းနည်းလေး။ အဲဒီတော့ လိုတဲ့ နေရာမှာ ငါလုပ်ချင်တယ်။ ငါမရှိလို့လဲ ဘာမှ ဖြစ်မသွားမယ့် နေရာမှာ ငါမနေချင်ဘူး။ ငါ့လုပ်အားကို အသုံးမချချင်ဘူး။”

လှိုင် မြက်ခင်းပေါ် ၀မ်းလျား မှောက်နေရာမှ မောင်မောင့်ကို ကျောခိုင်းရင်း လှဲလိုက်သည်။ စိတ်ထဲမှာ သိပ်မကျေနပ်ချင်။ ဒီအကြောင်းကို ပြောလျှင် ဒီလိုဖြစ်လာမည်ဟု ရိပ်မိခဲ့သော်လည်း တကယ်ကြားရတော့ ပို၍ စိတ်ညစ်ရသည်။

“အေး… မြန်မာပြည်မှာရော နင်ရှိရင် ဘာပိုဖြစ်သွားမယ်လို့ ထင်သလဲ။ ဟိုဟာ လုပ်မရ၊ ဒီဟာ လုပ်မရနဲ့ မေတ္တာရှင်မ နင်ထိုင်နေ ရလိမ့်မယ်။”

“မောင်မောင်…နင်ငါ့ကို မလှောင်နဲ့။”

လှိုင် စိတ်ဆိုးလျှင် သူ့ကို မောင်မောင်ဟု ပြန်ခေါ်မိသည်။ လှိုင့် အသံနည်းနည်း ကျယ်သွားသည် ထင်၏။ နံဘေးမှ မြက်ခင်းပေါ် စာဖတ်နေသူ တစ်ယောက်က မသိမသာ အကဲခတ်သည်။ မောင်မောင့်ဆီမှ ဘာစကားသံမျှ မကြား။

မြက်ခင်းများက စိမ်းစို၍ နေသည်။ နွေဦးကာလမို့ အရွက်များက ထွက်စပြုရုံသာ။ လှိုင့်ရင်ထဲတွင် မစိမ်း။ မငြိမ်း။ လှိုင်တို့ နှစ်ယောက်ကြား အက်ကြောင်းက စခဲ့ပြီ်။
သိပ်ကြာသည် ထင်ရတော့မှ မောင်မောင့်ဆီမှ စကားသံကြား ရသည်။
“ကဲ ဒါတွေ မပြောကြ ပါစို့နဲ့ လှိုင်။ နင့်ကိုငါ ပြောမိတာတွေ မေ့လိုက်တော့။ လာ… ငါတို့ လမ်းလျှောက်ထွက် ရအောင်။”

ကမ်းပေးသော သူ့လက်များကို ဆုပ်ကိုင်လိုက်တော့လည်း လှိုင်အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်လာပြန်သည်။

xxx
စတုတ္ထနှစ် သို့မဟုတ် နောက်ဆုံးနှစ် အစမှာ လှိုင်တို့ အတွက် ဆုံးဖြတ်ရမည့် အချိန်ရောက်လာသည်။ ကျောင်းပြီးလျှင် ဘာလုပ်မည်ကို ရွေးချယ်ကြရတော့မည်။ မောင်မောင့်ကို လှိုင် မတိုင်ပင်ဖြစ်ဘဲ တစ်ယောက်တည်း မြန်မာပြည်မှ လူမှုရေး အဖွဲ့အစည်းများကို ဆက်သွယ်နေမိသည်။ မောင်မောင်သည်လည်း လှိုင့်ကို မပြောဘဲ သူလုပ်စရာ ရှိသည်ကို ဆက်လုပ်နေသည်ဟု လှိုင်သိနေပြန်သည်။ လှိုင်တို့ နှစ်ယောက် ထိုအကြောင်းကို ပြောဖို့ အတန်ကြာ တိတ်ဆိတ်စွာ ငြင်းဆန်ခဲ့ကြသည်။ ချစ်သူနှစ်ယောက်ကြား စိတ်ညစ်စရာ အကြောင်းကို ဘယ်သူက ပြောချင်မှာလည်းလေ။

စတုတ္ထနှစ်လယ်လောက်တွင် လှိုင်လိုချင်သော အခြေအနေနှင့် ကိုက်ညီသော အဖွဲ့အစည်း တစ်ခုထံမှ အဆက်အသွယ် ရသည်။ သူတို့လည်း စိတ်ဝင်စားသည်မို့ လှိုင်ထို အလုပ်ကို လေးလေးနက်နက် စဉ်းစားရပြီ။
“မောင်… ငါxxxx အဖွဲ့နဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေတယ်။”

အဲဒီတုန်းက လှိုင်တို့ နှစ်ယောက် စာကြည့်တိုက်ထဲတွင် ရှိနေကြသည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ် နေသည်။ အတန်ကြာ ဆုပ်ကိုင်ထားရသော ချိန်ကိုက်ဗုံး တစ်ခုကို လွှတ်ချလိုက် ရသလို လှိုင့်ရင်ထဲမှာ ထိတ်နေသည်။ မောင်မောင် ချက်ချင်း ဘာမှ ပြန်မပြော။ သူကိုင်ထားသော စာအုပ်ကို လက်ထဲမှ ဘောပင်နှင့် ထိတို့ရင်း ဆော့ကစား နေသည်။ သူလုပ်မိ လုပ်ရာလုပ်နေတာလား၊ လှိုင့်ကို ဘာပြောရမည်လည်းလို့ သေချာစဉ်းစား နေတာလား။

“လှိုင် ငါတို့ ဒီကိစ္စကို အေးအေးဆေးဆေး ပြောကြရအောင်။”

ထို့နောက် သူထပြီး ထွက်လာသည်။ လှိုင်လည်း ဘာမှ မစဉ်းစားမိဘဲ မောင်မောင့် နောက်ကိုသာ ထလိုက်လာမိသည်။ အပြင်မှာ လသာနေသည်။ စာကြည့်တိုက်နှင့် အနည်းငယ် လှမ်းသော ထိုင်ခုံတစ်ခုံတွင် သူဝင်၍ ထိုင်သည်နှင့် လှိုင်လိုက်ထိုင် မိ၏။

“လှိုင်… နင်ငါနဲ့ တသက်လုံး နေသွားဖို့ စိတ်ကူး မရှိဘူးလား။”

“ရှိတယ်လေ။”

အလန့်တကြား လှိုင်ဖြေရှင်းတော့ သူသက်ပြင်းချသည်။ မရှိဘူး ဆိုသော အဖြေကိုများ သူမျှော်လင့်ထား လေသလား။ ဒီလောက်တော့ ငါ့ကို နင်သိသင့်ပါတယ် မောင်ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

“ဘာလဲလှိုင်…။ ဘာပြောလိုက် တာလဲ။”

“ဟင့်အင်း ဘာမှ မဟုတ်ပါဘူး။ နင် ငါနဲ့ မြန်မာပြည်ကို လိုက်ပြန်ပါလား မောင်။ ငါအလုပ် ၀ိုင်းရှာပေးပါ့မယ်။”

“လှိုင်… မဖြစ်နိုင်တာဘဲဟာ။ ငါအခု ကျောင်းဆက်တက်ဖို့ ကျောင်းလျှောက်ထားတယ်။”

“အေး ငါရိပ်မိပါတယ်။ နင်မပြော ပေမယ့်။”

“နင်ကရော နင်အလုပ် လျှောက်တဲ့ ကိစ္စကို တိုင်ပင်ဖော် ရလို့လား လှိုင်။ နင်လည်း နင့်သဘောနဲ့ နင်လုပ်ခဲ့တာပဲ။”

“နင်ငါနဲ့ အတူ ပြန်လိုက်ခဲ့ပါ မောင်။”

လှိုင် သူ့မျက်နှာကို အကြာကြီး ဆက်ငေးကြည့် နေမိသည်။ သူကတော့ ဟိုးအဝေးကို ငေးကြည့်ဆဲ။ လှိုင့်ကို သူမကြည့်ဘဲနှင့်သာ သူကြာရှည်စွာ စဉ်းစား စီစဉ်ခဲ့ရသော စကားများကို ဖြေးဖြေးလေးလေး ပြောနေသည်။

“ငါတို့ နှစ်ယောက်ရှေ့ရေး ရှိသေးတယ် လှိုင်။ နင်ရော ငါရောမြန်မာပြည်မှာ ဆက်နေရင် ငါတို့နှစ်ယောက် ရှေ့ရေးအတွက် လုံလောက်တဲ့ ငွေရှာနိုင် မှာလား။ ငါတို့မှာ ကလေးတွေ ရှိလာပါပြီတဲ့။ သူတို့ကိုရော ဘယ်လိုလုပ် မလဲ။ ပြီးတော့ မိဘတွေကို ပြန်ကြည့်ရဦးမယ်။ သူတို့လဲ အသက်တွေ ကြီးလာပြီ။ နင်က လေထဲမှာ တိုက်အိမ်ဆောက်ချင်တဲ့သူပဲ လှိုင်။ သိပ်ပြီး စိတ်ကူး မယဉ်ချင်စမ်းပါနဲ့။ လက်တွေ့ကျစမ်းပါ။ ကိုယ့်အတွက် ကိုယ်လုပ်ရင်း ဒီနိုင်ငံကနေပြီး ငါတို့ နိုင်ငံအတွက် လုပ်ပေးနိုင်တာတွေပဲ လုပ်ပေးကြရအောင်။”

“အေး နင်ကတော့ ပြီးစလွယ် ပြီးရောတဲဆောက် နေတာပဲ။ မယောင်ရာ ဆီလူး၊ လွယ်တဲ့ နေရာလေးတွေကိုပဲ လိုက်ပြီး ဖာမယ်ထေးမယ်။ ခဏတဖြုတ် ဖြေရှင်းလို့ ရတဲ့နည်းလေးနဲ့ နင့်ကိုနင် လှည့်စားမယ်။ နင့်ရဲ့ ပညာရှိသိစိတ်လေးကို ဖြေသိမ့်မယ်။ နင်ဟာ ကိုယ့်နိုင်ငံက လူတွေအတွက် သိပ်ပြီး လျစ်လျူရှု လွန်းတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လွန်းတယ်။ နင့်လိုသာ တွေးနေကြမယ် ဆိုရင် မြန်မာပြည်ဟာ ဒီအခြေအနေကနေ တက်ဖို့ မရှိတော့ဘူး။ နင်ဟာ ပညာတွေ သင်ပြီး လိုအပ်တဲ့ လူတွေ အတွက် အသုံးချရဲတာမှ မဟုတ်ဘဲ။ တွေဝေတယ်။ တကိုယ်ကောင်းဆန်တယ်။”

လှိုင့်စကားလွန် သွားပြီဟု သိလိုက်ရသည့် အချိန်မှာ မောင်မောင့်ဆီမှ စူးရဲသော အကြည့်တစ်ချက်ကို ရခဲ့ပြီ။

“ကိုယ့်ဘ၀ အတွက် ကိုယ့်မိသားစု အတွက် သမာအာဇီဝ နည်းနဲ့ကြိုးစားတာ တကိုယ်ကောင်းဆန်တာလား လှိုင်။ ငါစိတ်ဝင်စားတဲ့ ပညာတခုကို လိုက်စားဖို့ကြိုးစားတာ ငါသိပ်ပြီး တကိုယ်ကောင်းဆန် နေသလား။ မြန်မာပြည်က လာလို့ ငါစိတ်ဝင်စားတာ ကိုတောင် လေ့လာခွင့် ဖန်တီးခွင့် မရှိတော့ဘူးလား။”

မောင်မောင့် အသံမှာ ချက်ချင်းမာထန် လာသည်။

“ဒီမှာ လှိုင်…။ နင်လည်း ဖတ်ဖူးသားပဲ။ Fountainhead ဆိုတဲ့ ၀တ္ထုထဲမှာ။ လူတွေကို ကူညီချင်တယ် ဆိုရင် အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ဖြစ်ဖို့ အတွက် နင်လုပ်တဲ့ အလုပ်ကို နင်ချစ်ရမယ်။ လူတွေကို ချစ်ရမှာ မဟုတ်ဘူးတဲ့။ ငါနင်နဲ့ အတူလိုက်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ၀ါသနာ မပါဘူး လှိုင်။ ဒီလုပ်ငန်းဟာ ငါ့ရဲ့ အသက်မွေး ၀မ်းကျောင်းမှု ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီစကားဟာ အင်မတန် ရင့်သီးတယ်လို့ နင်ထင်လိမ့်မယ်။ ဒါပေမယ့် ဒါအမှန်တရားပဲ လှိုင်။ ငါ့မှာလည်း ကိုယ့်နိုင်ငံအတွက်တော့ စေတနာ ရှိပါတယ်။ အေး… နင့်လောက်တော့ မပြင်းထန်ဘူး ပေါ့လေ။ နင့် စေတနာကို ငါချီးကျူးတယ်။ တန်ဖိုးလည်း ထားတယ်။ ဒါပေမယ့် နင့်အတိုင်း လူတိုင်းက လိုက်တွေးလိမ့်မယ် လို့တော့ မမျှော်လင့် သင့်ဘူး။”
ထိုနေ့က လှိုင်တို့ နှစ်ယောက်ကြား အဖြေမရခဲ့။ အခြေအနေတွေ အားလုံးကောင်းလာရင် ဟူသော ကယောင်ကတမ်း အတွေးကိုလည်း လှိုင်တွေးနေမိသည်။

xxx
လူတွေကြားထဲမှ ထိုင်ခုံတစ်ခုံမှာ ထိုင်ရင်း လှိုင်အသံတိတ်ငို နေမိသည်။ လေယာဉ်ကွင်းကို လိုက်ပို့ရန် သူ့ကို လှိုင်မတောင်းဆိုခဲ့။ သူကလည်း မမေး။ ဒါပေမယ့် သူငယ်ချင်းများမှ တဆင့်လှိုင်ပြန်မည့်ရက်ကို သူသိနေသည် ဆိုတာတော့ သေချာသည်။ လှိုင်တို့၏ နောက်ဆုံး ရက်များမှာ အေးစက်စိမ်းကား နေခဲ့ကြသည်။

“လှိုင်…”

လှိုင်အလွန်ရင်းနှီးသော အသံမို့ မော့မကြည့်ရဘဲနှင့် သိနေခဲ့သည်။
“မောင်… နင်လိုက်လာတယ်နော်။ ငါနင့်ကို မျှော်နေတာ။”

လှိုင့်မာန အားလုံး အရည်ပျော်ကျ သွားပြီ ထင်သည်။ မဖြစ်နိုင်မှန်း သိသော်လည်း မောင်မောင့်လက်ထဲနှင့် နံဘေးမှာ အထုပ်အပိုးများကို ရှာမိသေးသည်။ သို့သော် သူ့လွယ်နေကျ ကျောပိုးအိတ် ခပ်ပါးပါးမှ လွဲ၍ ဘာမျှ မတွေ့။

“နင့်ကို လာနှုတ်ဆက်တာ။ ငါအဲဒီလောက် မရက်စက်နိုင် ပါဘူးဟာ။”

မောင်မောင် လှိုင့်နံဘေးမှ ခုံမှာ ၀င်၍ထိုင်သည်။

“လေယာဉ်ချိန် လိုပါသေးတယ်။ နင်လေယာဉ်ထွက်တဲ့ အထိငါ အတူနေပေးမယ်နော်။”

ငါ့လေယာဉ်ထွက်ရင် တခါတည်း လိုက်လာပါတော့လား မောင်ရယ်။ သတိလက်လွတ် လှိုင်မျက်ရည် ကျမိသည်။

“ရော့ မျက်ရည်တွေသုတ်လိုက်ဦး လှိုင်။”

သူကမ်းပေးသော လက်ကိုင်ပ၀ါကို လှိုင်မငြင်းမိ။

“လှိုင် ငါ့ကို ကြည့်ပါဦး။ ငါပြောတာ သေချာ နားထောင်နော်။ ငါနင်နဲ့ မခွဲနိုင်ဘူး။ အဲဒီတော့ နင်နဲ့ နီးစပ်နိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်။ ဒါပေမယ့် ငါ့ကို နှစ်နှစ်လောက်တော့ အချိန်ပေး။ ငါတို့ နှစ်နှစ်လောက်တော့ ခွဲနေကြရမှာပေါ့။ ပြီးရင် ငါနင့်နောက်ကို လိုက်လာမယ်လေ။ နင်လည်း ငါ့နောက်ကို လိုက်နေနိုင်ဖို့ စဉ်းစားကြည့်ပါ။ နင်လုပ်ချင်တဲ့ အလုပ်တွေကို အပြင်ကနေ လုပ်ဖို့ စဉ်းစားကြည့်ပါ။ ငါတို့ ငယ်ငယ်တုန်းက ကစားကြသလိုပေါ့။ စိတ်ကောက်နေရင် ပျင်းစရာကောင်းတယ်။ တစ်ယောက်ရဲ့ အလိုကို နောက်တစ်ယောက်က လိုက်ကြရအောင်။”

လှိုင်မျက်ရည်များ ကြားက ပြုံးမိပြန်သည်။ ဘာမှ ပြန်မပြောဖြစ်သော်လည်း သူ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင် ထားမိသည်။ လှိုင်သူ့စကားတွေကို နားထောင်မယ် ဆိုတာ မောင်နားလည် တန်ကောင်းပါရဲ့။

လေယာဉ်ချိန်နီးတော့ လုံခြုံရေးဂိတ်ကို ဖြတ်ရတော့မည်။ မောင်မောင့်ကို တင်းကြပ်စွာ ပွေ့ဖက်နှုတ်ဆက်မိသည်။ မျှော်လင့်ချက်ဆိုတာ ထားကောင်းပါတယ် မောင်။ ငါတို့ ငယ်ငယ်က တစ်ယောက် အကြိုက် တစ်ယောက်လိုက်ပြီး ကစားကြသလောက် လွယ်ရင် သိပ်ကောင်းမှာ ပါပဲ။ ငါ့ကို နှစ်သိမ့်နေတဲ့ နင့်မျက်လုံးထဲမှာလည်း သံသယတွေကို မြင်နေရတယ် မောင်။ ဒါပေမယ့် အဲဒီ မသေချာတဲ့ မနက်ဖြန်တွေကိုပဲ ငါကျေနပ်စွာ စောင့်နေမှာပါ မောင်။

8 comments:

ဂျစ်တူး - gyit_tu said...

ငါ့ညီမလေး အလိုက်တသိနဲ့ ခုလို ရေးပေးတာ ကျေးဇူးတင်၏ ။ ဇာတ်သိမ်းလေးကို ကြိုက်တယ် ။

ပီတိ said...

ဇာတ်လမ်းလေးက ခံစားရတယ်နော်… ရေးတဲ့ပုံရိပ်တစ်ယောက်လည်း ခံစားနေရပြီထင်ပါတယ်…

ဟုတ်တယ်… ကျွန်တော့်အတွေးတွေကလည်း မောင်မောင့်လိုပဲ… အင်း.. စေတနာတော့ရှိတယ်… လှိုင်လောက်တော့ အရမ်းကြီးလည်း မပြင်းထန်ဘူးထင်ပါရဲ့… သူတို့တွေကိုတော့ ချီးကျူးပါတယ်…

ပုံရိပ်.. ရာထားချက်ကို ကျော်လွန်သွားအောင်လို့.. နောက်တပုဒ်… ဟိ

တေးမွန် (ah nai) said...

:'(

မိန်းကလေးတွေကကြီး စာရေးတော်ကြတော့ တူတို့ မိန်းကလေးဇာတ်ကောင်တွေပဲ သတ္တိရှိနေကြတာပဲ.. သားတို့  ကျားကျားတွေတော့ တွေဝေသလေး၊ အသိညဏ်ရှိသလေးနဲ့ .. ဘာလေးနဲ့ ...
ကျေနပ်ဝူး.. ၀ူးဝူး..၀ူးဝူးဝူး

နတ်ဆိုး

layma said...

ပုံရိပ်...သိပ်ဖတ်လို့  ကောင်းတဲ့ ဇာတ်လမ်းလေးပဲ..
ဂျူး ရဲ့ ပင်လယ်နဲ့ တူသော မိန်းမများထဲက ဇာတ်ကောင်တွေ လိုပဲ...။ သိပ်အများကြီးမတွေးဘဲ ရိုးရိုးလေးပဲ ဝေဖန်ရရင် ... လှိုင် ... သတ္တိများလွန်းတယ်...။

ponyate said...

မဂျစ်ရေ လည်တိုင်လေး သိပ်မရှည် လိုက်ပါဘူးနော်။ :) ဇာတ်သိမ်းကို မသေချာမှုနဲ့ အဆုံးသတ်ဖြစ် လိုက်တယ်။ အံ့သြမလားတော့ မသိဘူး။ ပုံရိပ် အဲဒီလို စုံတွဲမျိုး မတွေ့ဘူးသေးဘူး။ မဂျစ်တွေ့ဖူးတယ် ဆိုတော့ ပုံရိပ်စိတ်ကူးနဲ့ တိုက်ဆိုင်သွားလို့ နည်းနည်း အံ့သြတယ်။ သူတို့ လမ်းခွဲလိုက်ကြတယ် ဆိုတော့ ၀မ်းနည်းစရာပါပဲ။
ကိုပီတိ.. ပုံရိပ်က ခံစားပြီး ရေးတာ။ ကိုယ်တိုင် မခံစာဖူး ပါဘူး။ ပတ်ဝန်းကျင်မှာ မြင်ရကြားရ တာတွေကို ပေါင်းပြီး စိတ်ကူးနဲ့ ရေးတာ။ (မယုံရင် ပုံပြင်မှတ်လော့။ ဟဲ) နောက်တစ်ပုဒ်ကတော့ ကွယ်...:D ကြိုးစားမယ်လေ။
ှကိုနတ်ဆိုး မကျေနပ်ရင် ပြန်ရေးလေ။ မိန်းကလေးတွေ ကြီးပဲသတ္တိရှိမယ်လို့ ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဖြစ်သွားတာ :D။
မလေးမရေ ဖတ်လို့ကောင်းတယ် ဆိုလို့ ၀မ်းသာ ပါတယ်။ အဲဒီလောက် သတ္တိများတဲ့ လူတွေကို ပုံရိပ်ချီးကျူးပါတယ်။

Moe Cho Thinn said...

ပုံရိပ်ရေ
ဝတ္ထုလေး လာဖတ်တာ တိုက်ပွဲတွေ ပြင်းထန်နေပါလား ညီမရေ။
ပြောရရင်တော့ ဖတ်ရင်းဖတ်ရင်း သူ့ကလဲ ကိုယ်၊ ကိုယ်ကလဲ သူ၊ နှစ်ယောက်စလုံးကို နားလည်လို့ ရနေတယ်။ အမှန် အမှန်ချင်းမို့ ပိုပြင်းထန်တတ်ပါတယ်။

ပုံရိပ် / Pon Yate said...

ဟုတ်တယ် မချိုသင်း။ အစ်မပြောတာကို သဘောကျ သွားပြီ။ သူကလည်းကိုယ်၊ ကိုယ်ကလည်းသူ တဲ့။ အဲဒါကြောင့် ပြင်းထန်တာ ထင်ပါရဲ့။ ကိုယ်တိုက်ထဲမှာ ကိုယ်လည်း ပါနေတယ်လေ။

တန်ခူး said...

ပုံရိပ်ရေ… ညီမအရေးအသားလေးက ညက်နေတော့ ၀တ္ထုထဲ မျောပါသွားတာ… ဇာတ်သိမ်းလေးအတိုင်း နားလည်မှုတွေ ရေရှည်ပြီး သိပ်ချစ်ကြတဲ့ ငယ်ချစ်လေးတွေ မကွဲပဲ ပြန်ပေါင်းကြလေသတည်းလို့  ဆက်တွေးလိုက်တယ်…