Tuesday 4 March 2014

အခေါက်ခံလိုက်ရသော ကြက်ဥတစ်လုံး



          လူတိုင်းက သူ့ကိုကြောင်သည်ဟု ဆိုကြသည်။ တချို့ကလည်း ရူးသွပ်လွန်းသည် ဟုဆိုကြသည်။ သူကတော့ သူ့ကိုသူ ကြောင်လည်း မကြောင်၊ ရူးလည်း မရူးဟု ခိုင်မြဲစွာ ယုံကြည်ပါသည်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ရှာသည်မှာ ရူးသွပ်မှုတဲ့လား။ အများက လိုချင်ကြသည့် အခွင့်အရေးတစ်ခုကို သူရထားပါလျက် လွယ်လွယ်ပင် လွှတ်ချပစ်ခဲ့ချင် သောကြောင့်တဲ့လား။ ဒါပေမယ့် ဒီအခွင့်အရေးသည်ပဲ သူ့ဘ၀၏ အနှစ်လေလား၊ အကာလေလား။  ဘ၀ကို ကြက်ဥတစ်လုံးလို ခွဲပြရလျှင်တော့ အနှစ်ကို ရှာခဲ့သော သူ့ကို ဘယ်သူမျှ အပြစ်မတင်သင့်ပါ။ ဒါပေမယ့် အပြစ်တင်သံတို့ကို ပြန်လည် မဖြေရှင်းခင်မှာပင် လန့်နိုးလာခဲ့သော သူ့အဖြစ်ကတော့ ဘယ်တော့မှ ဖြေရှင်းခွင့်ရလိမ့်မည် မဟုတ်။
xxx
          အခုတလော အင်တာနက်မှ မြန်မာပြည် သတင်းများကို မကြာခဏ ကြည့်တတ်နေပြီး ကျွန်တော် အတွေးထဲမှာ မျောနေတတ်သည်။ မိန်းမကပင် သတိထားမိနေတတ်ပြီး ဘာတွေစဉ်းစားနေတာလဲဟု မေးနေတတ်သည်။ ဒီလိုပါပဲ မြန်မာပြည် အခြေအနေကို စဉ်းစားနေတာပါဟု မယုတ်မလွန်ဖြေသော်လည်း မိန်းမက တခါတလေ မယုံသော အကြည့်နှင့် ကြည့်သည်ကို လျစ်လျူရှုနေလိုက်တော့သည်။
          နေသာသော တစ်နေ့မှာ ငါတို့ မြန်မာပြည်ပြန်ရအောင် ဟူသော စကားကိုလေးပင်စွာ ဆိုမိ၏။ ဒီစကားကို ပြောဖို့ ကျွန်တော် ချီတုံချတုံစဉ်းစားနေသည်မှာ ကြာလေပြီ။ မိန်းမက ပထမတော့ ပြန်မယ်လေ…ဒီနွေ ရှင်ရော ကျွန်မပါ ခွင့်ရရင် ပြန်ကြတာပေါ့…ဟုဆိုသည်။ နောက်တော့ ကျွန်တော့် မျက်နှာကိုကြည့်ကာ ဆိုလိုရင်းကို သဘောပေါက်သွားသည်။ ပထမ ကျွန်တော့်ကိုကြည့်၍ ရယ်၏။ ဒုတိယ ဘာစိတ်ကူးပေါက်တာလဲ…ဟုဆို၏။ တတိယ ကျွန်မတို့ မြန်မာပြည်ပြန်ရင် ဘာလုပ်စားကြမလဲဟူသော မေးခွန်းကို မေး၏။
          မေးခွန်းအားလုံးအတွက် ကျွန်တော့်မှာ အဖြေမရှိ။ သို့ပေမယ့် ကျွန်တော် ပြန်ချင်နေတာကိုသာ သိ၏။ ထိုနေ့ကမူ မိန်းမနှင့် အတူလိုက်ရယ်ကာ ဒီလိုပဲ စိတ်ကူးကြည့်တာပါ…ဟုအလွယ်တကူ ပြီးလိုက်၏။
          သို့ပေမယ့် ထိုအတွေးကတော့ ကျွန်တော့် ခေါင်းထဲက ထွက်မသွားခဲ့။ နိုင်ငံခြားဟု အလွယ်တကူခေါ်ကြသော သူတပါးနိုင်ငံမှာ နေလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ ဒီနိုင်ငံကို ရောက်လာဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသော အချိန်များကို သတိရမိ၏။ နိုင်ငံကူးလက်မှတ် မရမှာ စိတ်ပူတာကို သတိရ၏။ နိုင်ငံဝင်ခွင့် မရမှာ စိတ်ပူတာကို သတိရ၏။ အဖေနဲ့အမေတို့၏ ကားလေးရောင်းရတာကို သတိရ၏။ အတွေ့အကြုံသစ်ကို ကြိုတွေးကာ စိတ်လှုပ်ရှားခဲ့တာကို သတိရ၏။ ယခုတော့ ထိုစိတ်လှုပ်ရှားမှုတို့ ဘယ်ဆီသို့ ရောက်လေသည် မသိ။
          အသက်အရွယ်ကလည်း စကားပြောလာသည်လားဟု ကျွန်တော်စဉ်းစားမိသည်။ မနက်မိုးလင်းလျှင် မြည်နေသော နှိုးစက်သံကို မုန်း၏။ အိပ်ယာက အလူးအလဲထကာ အေးခဲနေသော မနက်ခင်းမှာ အပြေးအလွှား အလုပ်သွားရတာကို မုန်း၏။ ဖိစီးမှုများနှင့် အပြီးသတ်လုပ်ရမည့် ရာဇသံ ရက်များကို မုန်း၏။ အိပ်ချိန်မှ လွဲ၍ အလုပ်အကြောင်းကို စဉ်းစားနေရသည်၊ စဉ်းစားနေမိသည်ကို မုန်း၏။ မိန်းမနှင့် တစ်အိမ်တည်း နေသော်လည်း တစ်ပတ်နှစ်ရက်ခန့်သာ ကောင်းကောင်း မျက်နှာချင်းဆိုင်ရသည်ကို မုန်း၏။ ထက်မြက်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ အလုပ်လုပ်ရသည်ကိုလည်း ကျွန်တော် မုန်း၏။ သို့သော်လည်း ဒီစက်ရုပ်တစ်ရုပ် အဖြစ်ကိုရဖို့ ရင်းခဲ့ရသော အချိန်တွေနှင့် အလုပ်တွေကို မနိုင်မနင်းထမ်းပိုးခဲ့သော ကိုယ့်ကိုယ်ကိုလည်း မုန်းချင်သလိုလို။ စိတ်ပညာရှင် မဟုတ်တော့လည်း ခွဲခြမ်းစိတ်ဖြာ၍ ကျွန်တော် မမုန်းတတ်။
          နွေဦးလွန်၍ သစ်ရွက်တို့ အရောင်ပြောင်းစ ပြုချင်သော လရောက်လျှင် ကျွန်တော် ဒီနိုင်ငံတွင် နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပြည့်ပေတော့မည်။ မောင်နှမတွေ အနက်မှာ အကြီးဆုံးလည်း ဖြစ်ကာ ကျန်သည့် ညီနှင့် ညီမတွေ၏ ရှေ့ရေးကိုပါကြည့်သည့် အနေဖြင့် မိဘတွေက ကျွန်တော့်ကို အရဲစွန့်၍ နိုင်ငံခြားသို့လွှတ်ခဲ့သည်။ မရှားသော်လည်း မလျှံပယ်သော အဖေတို့၏ ကားလေးနှင့် တိုက်ခန်းလေးတစ်ခန်း ကျွန်တော့် ကျောင်းစရိတ်ဖြစ်ခဲ့သည်။ ကျောင်းပြီးသည့်နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကာ မိဘတွေ အသက်ရှူချောင်နိုင်ခဲ့သည်ကိုပင် ကျေးဇူးတင်ရမလို။ ယခုတော့လည်း ညီရော၊ ညီမပါ သူတို့ လျှောက်ရမည့် လမ်းကြောင်းတစ်ခုစီ ပေါ်သို့ရောက်ခဲ့ပြီ ဖြစ်၍ တစ်မျိုးတော့ စိတ်အေးရပေ၏။ သို့ပေမယ့် မိဘတွေက အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့နေရဆဲမို့ ဖြစ်နိုင်လျှင် အများက ပြောနေကြသော ဂဏန်းခြောက်လုံးနှင့် အလုပ်တစ်ခုကိုသာ ပြေး၍ လုပ်လိုက်ချင်၏။ သို့ပေမယ့် ပြေးချင်တိုင်းလည်း ပြေးလမ်းက မျဉ်းဖြောင့်မဟုတ်သည်မို့ ကွေ့ကောက်သော လမ်းအတိုင်းသာ လျှောက်နေရသည်။
          လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မက်ထဲမှာ ပြန်တွေ့လျှင် ဘာလုပ်ချင်သည်ကို ပြန်မေးရမည်ဟု စိတ်ထဲမှာ တေးထားလိုက်သည်။ ယခုအချိန်မှာတော့ ဘာလုပ်ချင်ပါသလဲလို့ တစ်ယောက်ယောက်ကများ မေးလာလျှင် ၀င်ငွေကောင်းသော အလုပ်တစ်ခုကို ချက်ချင်းအလိုရှိပါသည်ဟု မဆိုင်းမတွ ဖြေဖြစ်လိမ့်မည် ထင်၏။ ဘဏ်ထဲမှာ ရှိနေသော ငွေလေးနှင့် မြန်မာပြည်သို့ ယခုပင်ပြန်သွားပါက ဆင်ခြေဖုံးရပ်ကွက်က ခုနစ်လွှာ သို့မဟုတ် ရှစ်လွှာမှာ တိုက်ခန်းလေးတစ်ခန်း ရကောင်းရပေမည်။ အဲဒီမှာတင် လက်ထဲကငွေအားလုံး ကုန်သွားပေမည်။ ဒါတောင်မှ လေယာဉ်လက်မှတ် စရိတ်၊ ပြောင်းရွေ့ စရိတ်များ နှုတ်ရလျှင် ငွေနည်းနည်းပင် လိုနေနိုင်သေး၏။ လောလောဆယ်မှာတော့ အကြွေးမတင်ဘဲ နေနိုင်စားနိုင် နေသေးသည်ကို ကျေးဇူးတင်နေရ၏။ ကျွန်တော်နှင့် ကျောင်းအတူတူတက်ခဲ့သော အတန်းဖော် အတော်တော်များမှာ ကျောင်းစရိတ်ပြန်ဆပ်ရန် အတွက် အကြွေးတနင့်တပိုး တင်နေကြသည်။
          မြန်မာပြည်က အသိုင်းအ၀ိုင်းကတော့ နိုင်ငံခြားပြန်ကြီး ဆိုလျှင် ဟန်ကျနေပြီဟု ရိုးသားစွာ အထင်ကြီး နေကြပေမည်။ တကယ်တော့ ကျောင်းပြီးပြီးနောက်မှာ ကျွန်တော့်လက်ထဲမှာ ငွေလေးရာသာနှင့် အကြွေးတစ်ထောင်လောက် ရှိနေခဲ့သည်။ ဒီအလုပ်လေး ရပြီးမှသာ အသက်ရှူချောင်ခဲ့သည်။ ကျွန်တော်တို့  လက်ထပ်ပြီးသည့်နောက်မှာလည်း ကိုယ့်ဆိုင်ရာ မိသားစုကို တတ်နိုင်သမျှ ထောက်ပံ့ခဲ့ကြသည်။ ဟိုတုန်းကတော့ ကျွန်တော်ကြားဖူးသည်မှာ မပြည့်စုံသေးဘဲနှင့် အိမ်ထောင်မပြုသင့်ပါတဲ့။ မိသားစုတာဝန်ကို ကျေပွန်သင့်သည်တဲ့။ အလုပ်အကိုင် အတည်တကျ ရှိသင့်သည်တဲ့။ ဒီလိုသာ ဆိုကြကြေးဆိုလျှင် ကျွန်တော်တို့လည်း ဘိုးဘွားရိပ်သာရောက်မှသာ လက်ထပ်ဖြစ်မည် ထင်၏။ တကယ်တော့လည်း ကျွန်တော် ကြားဖူးသည်နှင့် ပြောင်းပြန်ပင် ဖြစ်နေတော့၏။
          ကျွန်တော်တို့နှစ်ယောက် လက်ထပ်လိုက်သည့် အတွက် အိမ်လခ သက်သာသွား၏။ မိန်းမက ချက်တတ်ပြုတ်တတ်သောကြောင့် စားစရိတ်လည်း အတန်အသင့် သက်သာ၏။ ဒီတော့ မပြည့်စုံခင်မှာပင် လက်ထပ်တာ ဟုတ်သလိုလိုချည်း။ ပြီးတော့ မိသားစု ရှားပါးသော သူတပါးနိုင်ငံမှာ လင်နှင့်မယား တစ်ယောက်နှင့် တစ်ယောက်သာ မှီခို၍ နေနေရသည်။ သို့ပေမယ့် ကလေးယူဖို့ စိတ်မကူးရဲသေး။ ကလေးမွေးပြီးလျှင် ခွင့်ယူရန်အတွက် ယူဖို့ မသင့်သေးသော မိန်းမ၏ အလုပ် အခြေအနေအပြင် မွေးလာမည့် ကလေးအတွက် စရိတ်ကို မစဉ်းစားရဲသေး။ တကယ်တမ်းကျတော့ကြွေးဟောင်းပင် မဆပ်နိုင်သေးသော ကျွန်တော် ကြွေးသစ်ချဖို့ရန်ကို လက်ရွံ့နေမိ၏။
          ထို့ကြောင့်ပင် မြန်မာပြည်ပြန်မည်ဟု စဉ်းစားမိတိုင်း  မိဘတွေ မျက်နှာကို မြင်ယောင်၏။ ညီနှင့်ညီမ မျက်နှာကို မြင်ယောင်၏။ မမွေးရသေးသော ကလေးမျက်နှာကို စိတ်မှန်းနှင့် မြင်ယောင်၏။
xxx
          “ရီလေးက မွန်နဲ့ အတူ ယောဂ လိုက်တက်ပါလား။ မွန်ကတော့ တစ်ပတ်ကို သုံးရက်သွားတယ်။ ရီလေးကတော့ တစ်ပတ်ကို တစ်ရက်ပဲ လိုက်တက်ကြည့်ဦးပေါ့။ ကြိုက်ရင် သုံးရက်လုံး လိုက်တက်လေ။”
          ကိုသူရရဲ့ အမျိုးသမီး မွန်မွန်မြတ်က ကျွန်တော့် အမျိုးသမီးကို သူနှင့် သင်တန်း လိုက်တက်ရန်ဆွယ်နေ၏။ သူတို့ အမျိုးသမီးနှစ်ယောက် ပြောနေသော စကားကို ကျွန်တော်က ၀င်ရောက်မစွက်ဖက်သော်လည်း ရီလေးများ ဘယ်ပြန်ပြောလေမည်လဲ ဟူ၍တော့ ကျွန်တော် စိုးရိမ်နေမိသည်။ ယောဂသင်တန်းက တစ်တန်းကို ဒေါ်လာ ၂၀လောက်တော့ အသာလေး ကျမည်ထင်သည်။ ကိုသူရတို့လင်မယားနှင့် ကျွန်တော်တို့ ၀င်ငွေ မတိမ်းမယိမ်းဆိုသော်လည်း သူတို့ကတော့ ပေါ့ပေါ့ပါးပါးပင်။ အလုပ်ကို ကြိုးစားလုပ်၊ ရှာလို့ရသမျှသုံး၊ ပျော်ပျော်ပါးပါးပင် ဘ၀ကို ဖြတ်သန်းကြသူများ။ သားလေးတစ်ယောက်စရိတ် ကပင် သူတို့ကို  အသုံးအစွဲ မပျက်စေခဲ့။ စုငွေအတွက် အထူးတလည် မစဉ်းစား။
          “အလုပ်ကလည်း မအားပါဘူး မွန်ရယ်။ စနေတနင်္ဂနွေကျတော့လည်း အိမ်အလုပ်တွေ လုပ်နေရတာနဲ့ ပြီးနေတာပဲ။ ပြီးတော့ ရီလေးက သိပ်အပင်ပန်း မခံနိုင်ဘူး။”
          ရီလေးက အလိမ္မာနှင့် ငြင်းနေတော့မှပင် ကျွန်တော်သက်ပြင်းချနိုင်တော့သည်။ အိမ်ရောက်မှပင် ရီလေးကို ကျေးဇူးတင်စကား ပြောမည်ဟု စိတ်ထဲမှာ တေးထားလိုက်၏။
          “မောင်ရေ တနင်္ဂနွေနေ့ကျရင် မိုက်ကယ်လ်တို့ လင်မယားက ခေါ်ထားတယ်။ သားနဲ့ အေမီလေး ပလေးဒိတ် (playdate) တဲ့။”
          မွန်မြတ်က သူ့ယောက်ျားကို လှမ်း၍ သတိပေးလျက်က ရီလေးကိုလည်း ဈေးဝယ်ထွက်ရန် အဖော်ခေါ်နေသေး၏။ ဒီတစ်ခေါက်တော့ ကျွန်တော့်မိန်းမလည်း မငြင်းနိုင်တော့။ ၅၀ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း လျှော့ဈေးဟူသော စကားလုံးများကြားမှာ သူလည်း မျောပါသွားလေ၏။ တန်လျှင် ၀ယ်သော ယဉ်ကျေးမှုတစ်ခုက ကျွန်တော်တို့ကို ကြီးစိုးဆဲ။
ကိုသူရတို့ အတွက်တော့ ဒီနေရာဒီပတ်ဝန်းကျင်မှာ အားလုံးက နေသားတကျပင်။ အလုပ်ကို ဇယ်ဆက်သလိုလုပ်ရသော သောကြာညနေရောက်မှပင် အသက်ရှူနိုင်သော နိုင်ငံကြီးသားတို့၏ ထုံးစံအတိုင်း ပိတ်ရက်ကို သူတို့ အစွမ်းကုန် အသုံးချကြသည်။ အလည်အပတ် အစားအသောက်နှင့် ဈေးဝယ်ထွက်ခြင်းကို သူတို့ နှစ်သက်ကြသည်။ Happy hour ဟူသော အရက်ကို လျှော့ဈေးနှင့် ရောင်းချိန်ကိုလည်း သူတို့တစ်လ တစ်ခါလောက်တော့ သားလေးထိန်းခ အကုန်ခံကာ၊ သို့မဟုတ်လျှင်လည်း ကျွန်တော်တို့အိမ်ပို့ကာ အပျင်းပြေသွားစမြဲ။
ဒီနိုင်ငံက ပြောနေကြသော စကားရှိသည်။ ဟင်းပေါင်းအိုး ယဉ်ကျေးမှု(melting pot) တဲ့၊ လက်သုတ်စုံ ယဉ်ကျေးမှု(salad bowl) တဲ့။ နိုင်ငံတကာက လူတွေ စုပြီး နေကြသော ဒီနိုင်ငံဟာ အရသာတွေ အကုန်ရောနှောပြီး အရသာသစ်တစ်ခု ဖြစ်လာမယ့် ဟင်းလေးအိုးကြီးပဲလား၊ တစ်ခုချင်းစီ အနေဖြင့် အရသာ ရှိနေမယ့် အသုတ်စုံပဲလား။ အိုးလည်း မဖြစ်နိုင်၊ လက်သုတ်စုံလည်း မဖြစ်နိုင်သော ကျွန်တော်တို့လို လူမျိုးတွေအတွက်ရော ဘယ်လို အသုံးအနှုန်းများ ရှိပါလိမ့်။ ဒါပေမယ့် အောင်ငြိမ်းတို့လို လူတွေ အတွက်ရော…။
“ငါတို့ လက်မှတ်ဝယ်ပြီးပြီ မင်းမင်း။ သမီးနဲ့ ခင်လတ်ကတော့ နောက်တစ်လလောက် နေမှ လိုက်လာမယ်။ သူအလုပ်ထွက်ပြီး သမီး ကျောင်းအပြီးကို စောင့်မလို့။ အတော်ပါပဲ ငါက ဟိုမှာ ပြန်နှင့်ပြီး နေဖို့ အိမ်ကို နေရာချ၊ စီစဉ်စရာရှိတာ တချို့ စီစဉ်ပေါ့။ ခုပြန်ဖို့ သေချာသွားပြီဆိုတော့ တနင်္ဂနွေနေ့ကျရင် သူငယ်ချင်းအားလုံးကို နှုတ်ဆက်ပွဲလေး လုပ်ချင်လို့။ မင်းတို့ ဆက်ဆက်လာခဲ့။ ရီလေးကိုလည်း ပြောလိုက်ပါဦး။”
အောင်ငြိမ်းတို့ မိသားစုပြန်တော့မည် ဆိုတော့ ကျွန်တော်တို့ အားလုံးအံ့သြ ကြရသည်။ အောင်ငြိမ်းသည် နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ နေရာကောင်းကောင်း ရထားလျက် တက်လမ်းလည်း ရှိသူ ဖြစ်သည်။ သေသေသပ်သပ် အိမ်တစ်လုံးကို အရစ်ကျပေးဝယ်နိုင်လျက်က သမီးလေးကို ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ ထားနိုင်သော သူတို့လင်မယားသည် ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ အခြေအနေအကောင်းဆုံးဟု ဆိုရပေမည်။  သို့ပေမယ့် သူဘယ်လောက် ပင်ပန်းသည်၊ စိတ်ဖိစီးမှု များသည်ကိုတော့ ကျွန်တော် ကောင်းကောင်း သိပါသည်။
“ဒီနိုင်ငံမှာ နေရတဲ့ စိတ်ဖိစီးမှု ဒဏ်ကို မခံနိုင်တော့ဘူးကွာ။ ကိုယ့်နိုင်ငံကိုယ်ပြန် နေတော့မယ်။ နောက်ပြီး ဒီမှာ ဘယ်လောက်ကြာကြာ ငါတို့အတွက် တစ်ခုခုကတော့ အမြဲတမ်းဟာ နေသလိုပဲ။ အံမ၀င်တာလား၊ နေသားမကျတာလား မသိပါဘူး။”
အောင်ငြိမ်းက ရိုးရိုးနှင့် ရှင်းရှင်းပင် ပြောသည်။ အောင်ငြိမ်း၏ အမျိုးသမီး မလတ်ကလည်း မကန့်ကွက်ပေ။ မလတ်၏ မိသားစုနှင့် ညီအစ်ကိုမောင်နှမ အားလုံးက ရန်ကုန်မှာ နေသည်မို့ သူကိုယ်တိုင်ကလည်း ပြန်ချင်ရှာပေမည်။ မသေချာသော အခြေအနေတစ်ခုသို့ ပြန်လည် တိုးဝင်ရဲသော အောင်ငြိမ်းတို့ မိသားစု၏ သတ္တိကို ချီးကျူးရပေမည်။ ကိုယ့်နိုင်ငံကိုယ်ပြန်တာပဲ ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရသလဲဟု မေးငေါ့ချင်လည်း ငေါ့ကြမည်ပေါ့။ ဒါပေမယ့် လက်တွေ့ကျကျ စဉ်းစားရလျှင်တော့ ဦးနှောက်ခြောက်စရာတွေ များသား။ အောင်ငြိမ်းတို့ မိသားစု မြို့ပြင်မှာ အိမ်ခပ်သေးသေး တစ်လုံး ၀ယ်ထားသည်ဆို၏။ သူစုထားဆောင်းထားသော လခက ကောင်းလေတော့ ၀င်းနှင့်ခြံနှင့် ရလေသည်။ သူနှင့် ကျွန်တော်က ရင်းနှီးသူတွေ ဖြစ်လေတော့ ဘာအလုပ် လုပ်မှာလဲဟူသော မေးခွန်းကို သူက ပွင့်ပွင့်လင်းလင်းသာ ဖြေသည်။
“ငါ ပထမ သုံးလေးလလောက်တော့ ထိုင်စားရမှာကွ။ ငါ့အဖေရဲ့ အသိတစ်ယောက်က သူနဲ့ ရင်းနှီးတဲ့ ဆေးကုမ္ပဏီ ပိုင်ရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်။ အသိရဲ့ အသိဆိုတော့လည်း သိပ်တော့ မသေချာပါဘူးကွာ။ ခင်လတ်ကတော့ ကော်ဖီဆိုင်ဖွင့်မယ် ဆိုပြီး နေရာ အကွက်အကွင်း လိုက်ရှာဖို့ သူ့ညီမကို လိုက်ကြည့်ခိုင်းထားတယ်။ နောက်ဆုံး မရရင်တော့ ငါ့ယောက္ခမ ကုမ္ပဏီမှာ ၀င်လုပ်မယ်ကွာ။ ဒါမှမဟုတ်ရင်လည်း နိုင်ငံခြားသွားချင်တဲ့ လူငယ်တွေကို ကူညီတဲ့ အေဂျင်စီ ဖွင့်မယ်လို့ ကျူရှင်သင်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ထားတယ်။”
“ရတဲ့ လခကတော့ ဒီမှာ နေတာထက် နည်းမှာအမှန်ပဲ။ အင်တာနက် မကောင်းတာတို့၊ မီးမမှန်တာတို့နဲ့ ပြန်ပြီး နေသားကျအောင် လေ့ကျင့်ရဦးမယ်။ သမီးကတော့ ငယ်သေးတော့ အချိန်သိပ်ယူစရာ မလိုဘဲ နေသားကျသွားမှာပါ။ ငါတို့ မြန်မာပြည်ပြန်ဖို့ စဉ်းစားတာ သမီးကြောင့်မို့လို့လဲ ပါတယ်။ ရန်ကုန်အိမ်မှာ အခုထိ အင်တာနက် မတတ်ရသေးဘူး။ တခါတလေ အင်တာနက် ကောင်းတဲ့အခါ မင်းကို ငါ Skype ကနေခေါ်လိုက်မယ်လေ။”
နှုတ်ဆက်ပွဲနေ့မှာ သူတို့အတွက် အမှတ်တရ အနေဖြင့် အားလုံးက အနောက်တိုင်းစာများ စီစဉ်လာကြသည်။ ပီဇာ၊ အီတလီ ခေါက်ဆွဲ၊ ဟင်းရွက်စိမ်းသုတ်၊ အသားညှပ်ပေါင်မုန့်၊ အာလူးချောင်းကြော်နှင့် ကိတ်မုန့်များ။ အောင်ငြိမ်းကတော့ ပီဇာတော့ မလွမ်းလောက်ပါဘူးကွာဟု ကျွန်တော့်နားကပ်ကာ တိုးတိုးပြောဆဲကပင် လက်က ပီဇာတစ်ချပ်ကို ပန်းကန်ထဲ လှမ်းထည့်လေ၏။ ပန်းကန်ထဲတွင် မရောနှောသော အရွက်သုတ်လေးများက အစီအရီ။
xxx
          ကြက်ဥတစ်လုံးမှာ အကာနှင့်အနှစ်က သတ်သတ်စီဟု ဆိုကြသော်လည်း အကြေကြော်မည် ဆိုလျှင်တော့ နာနာခေါက်ရသည်ပဲ။ ဒီလိုဆိုတော့လည်း ဘယ်ဟာ အကာ ဘယ်ဟာ အနှစ်ဆိုသည်ကို ပြန်လည်ခွဲပြဖို့ ခက်ပေတော့မည်။
          အခုတလောတော့ ကြက်ဥအကြေကြော်စားရမလား၊ အလုံးအတိုင်းကြော်စားရမလားဆိုတာကို သူဝေခွဲရခက်နေတော့၏။

Women's World Journal
Feb 26, 2013

Fe