Thursday 15 November 2007

ပန်းချီဆရာ

သူပန်းချီ ဆွဲချင်သည်မှာ ကြာပြီ။ နေရောင်ဖျော့ဖျော့ ယှက်ဖြာနေသော နံနက်ခင်းတစ်ခုကို မြင်တုန်းက တခါ။ ကြည့်လေရာမှာ မသဲကွဲလောက်အောင် မြူတွေဆိုင်းနေသော နံနက်စောစောက တခါ။ ရင်အုပ်နီနီနဲ့ ငှက်ကလေးတစ်ကောင်ကို သစ်ကိုင်းပေါ်မှာ အမှတ်တမဲ့တွေ့လိုက်စဉ်က သူ့အမွေးအတောင်တွေဟာ သိပ်ကိုနူးညံ့မှာပဲရယ်လို့ မှန်းမှန်းဆဆတွေးမိတုန်းက တခါ။ ဒါပေမယ့် အဲဒီအခါတွေ အားလုံးမှာ သူ့ရဲ့နောက်ကို အချိန်က လိုက်နေလေရဲ့။ နာရီဆိုတဲ့ကောင်ကို မုန်းမုန်းတီးတီး ကြည့်ရင်း မလုပ်မဖြစ်ဆိုတဲ့ အတွေးက ခေါင်းထဲမှာ ရစ်ပတ်လည်နေတဲ့ အချိန်ပေါ့။

ဒီနေ့တော့ နာရီဆိုသည့် အရာကို ကျောခိုင်းလိုက်ပြီ။ သွား….ငါ့ကို လာသတိမပေးနဲ့ဟု ခါးခါးသီးသီး ရေရွတ်ပြီးနောက် ကျေနပ်သလို ဖြစ်သွားသည်။ ဘယ်အချိန်ရှိပြီလဲ ဆိုတာကို ပူပင်နေစရာ မလိုတော့ ပန်းချီဆွဲလို့ ရဖို့ နီးစပ်လာပြီ။

တကယ်တော့ သူပန်းချီ မဆွဲဖူးပါ။ အဲ…ပန်းချီကားများစွာ ကိုတော့ကြည့်ရှု ခံစားဖူးသည်ပေါ့။ စိတ္တဇပန်းချီ အချို့ကို သူနှစ်သက်သည်။ နားလည်ရခက်သော လေးထောင့်တုံးများ၊ စက်ဝိုင်းများ၊ မျဉ်းကြောင်းများဖြင့် ပေါင်းစပ်ထားသော ကဒင်းစကီး (Kadinsky) ၏ ပန်းချီကားများ။ တခါတရံမှာ တိကျသော အနားသတ်များ ဖြင့်ဖွဲ့စည်းထားပြီး တခါတရံမှာတော့ ပြန့်ကျဲမှုများဖြင့် ကန့်သတ်မှု ကင်းလွတ်နေသည်ဟု သူမတောက်တခေါက် တွေးဖူးသည်။ စတုဂံတုံးများဖြင့် မျက်စိကို ဖမ်းစားနိုင်သော၊ အရောင်ကွက်များဖြင့် ပုံဖော်သော ကလီး(Klee)။ လရောင်အောက်မှာ ငြိမ်သက်နေသော စိန့်ဂျာမိန်းမှ လထွက်ချိန်ကို ကြိုက်လွန်း၍ တစိမ့်စိမ့် ထိုင်ကြည့်ဖူးသည်။ ပြီးတော့….စုတ်ချက်ကြမ်းကြမ်းများဖြင့် ဗန်ဂိုး (Van Gogh)။ အရုပ်ဆိုးလှသည်ဟု တခါက ထင်ခဲ့ဖူးသော်လည်း စုတ်ချက်များကြောင့် ရုပ်လုံးကြွှလာသော နေကြာပန်းများ။ ပန်းချီကားများကို နားမလည်ဘဲ ကြိုက်သည်ဟူသော ခံစားချက်ဖြင့်သာ နားလည်နှစ်သက်ရုံဖြင့် လုံလောက်ပြီဟု သူထင်သည်။

ခုတော့ သူ့ရှေ့မှာ ဆွတ်ဆွတ်ဖြူနေသော ပိတ်ကားတစ်ချပ်။ ဆေးရောင်စုံများနှင့် စုတ်တံတစ်ချောင်း။ သူကျကျနန ခုံကိုဆွဲယူလိုက်ပြီး ပိတ်ကားကို ပြုံးပြီးကြည့်လိုက်သည်။ ဘာဆွဲရလျှင် ကောင်းမည်လဲ။ လသာနေသော ညတစ်ညပုံဆွဲ လျှင်ကောင်းမည်လား။ ယခုက နေကောင်းကောင်းသာ နေသော မနက်ခင်းတစ်ခု။ မဖြစ်သေး…။ ရှုခင်းပုံ ကောင်းကောင်းဆွဲ ရမည်လား။ သူ့ရှေ့မှ ပြတင်းပေါက်တစ်ခုမှာ မြင်နေရသည်က တိုက်အမိုးတစ်ချို့နှင့် ဟောင်းနွမ်းနေသော ပြတင်းပေါက်များ။ သူ့ဆန္ဒနှင့် မြင်ကွင်းက မကိုက်ညီ။ သူ့စိတ်ထဲမှာ ဆွဲချင်သောပုံကို တိတိပပ ပုံဖော်၍မရ။

အကြံရပြီ။ စိတ်ကူး၍ကောင်းအောင် သီချင်းဖွင့်ရမည်။ ပန်းချီဆွဲသော သူငယ်ချင်းတစ်ယောက်က သီချင်းဖွင့်၍ ဆွဲသည်ဟု ပြောဖူးသည်။ စီဒီများစွာတင်ထားသောစင်မှ စီဒီတစ်ချပ်ဆွဲယူလိုက်သည်။ ရှိုပင် (Chopin) ၏ ညတေးသွား (Nocturne) တစ်ပုဒ်က ဖြေးညင်းစွာ သာယာစွာ လွင့်ပျံ့လာသည်။ သူကျေကျေနပ်နပ် ပြုံးပြီး ပန်းချီဆွဲရန် အကြောင်းအရာကို မျက်စိမှိတ်ကာ စဉ်းစားမိသည်။

အစိမ်းရောင် မြက်ခင်းတစ်ခု။ မြက်ပင်များက ခပ်ကြမ်းကြမ်း အစိမ်းရောင်မျိုးမဟုတ်။ မွေးကင်းစမြက်ပင်များဟု ဆိုရမလား၊ နုညက်သော အစိမ်းရောင်ဖျော့ဖျော့။ မြက်ခင်းပေါ်မှာ အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးတစ်ပင်။ အရိပ်တစ်ချို့က ကျိုးကြားကျိုးကြား။ နေ့မြင်ကွင်းအစား ညမြင်ကွင်းကိုသူ ပုံဖော်၍ ရပြီ။ ညတေးသွားကြောင့် ဖြစ်မည်ထင်သည်။ ညက ပိန်းပိတ်မှောင်နေသော ညမျိုးတော့ မဟုတ်။ လရောင် ရက်ရောသော ညမျိုးဖြစ် ရမည်။ လရောင်ကို အဖြူနှင့်အ၀ါကြား ခပ်ပြေပြေထား ရမည်ဟု သူတွေးသည်။ လရောင်က သစ်ရွက်ကျဲကျဲများကြားမှ ဟိုတပြောက်ဒီတပြောက်။ နွဲ့ပျောင်းပျောင်းဖြစ်နေသော သစ်ရွက်တို့က ခပ်တိုးတိုးတိုက်နေသော လေညှင်းကို ပုံဖော်စေရမည်။ မခံစားရသော်လည်း မြင်စေရမည်။ သစ်ပင်သည် ပန်းချီကား၏ ဘယ်ဘက်လေးပုံတစ်ပုံ ခန့်တွင်ရှိနေစေရမည်။ မြက်ခင်းပေါ်မှာ အရောင်လက်နေသော ပိုးစုန်းကြူးကလေးများ။ အဲဒီအတွက်တော့ ရွှေဝါရောင်သုံး ရမည်ဟု တေးထားလိုက်သည်။ အဲ…ပြီးတော့ ပိုးစုန်းကြူးကလေးများကို လိုက်ဖမ်းနေသော ကလေးငယ်တစ်ယောက်။ ကလေးကို ယောက်ျားလေး အဖြစ်ဆွဲလျှင် ကောင်းမည်လား၊ မိန်းကလေး အဖြစ်ဆွဲလျှင်ကောင်းမည်လား။ အို…ကလေးဟာ ကလေးပေါ့။ ကျားလားမလား သိစရာမလို။ ကလေး၏မျက်နှာ တ၀က်တပျက်ကို ပိုးစုန်းကြူးလေး တစ်ကောင်၏ အရောင်ဖြင့် မသဲမကွဲ မြင်နေစေရမည်။

သူ့စိတ်ထဲ ပုံဖော်လို့ ရသမျှနှင့် သူကျေနပ်သွားသည်။ မျက်စိကို ဖွင့်လိုက်တော့ အရှေ့မြင်နေရသော အဖြူရောင်တစ်ခု။ ဒီအဖြူရောင်ကို အရောင်မျိုးစုံအဖြစ် ပြောင်းလဲပစ်ရမည်။ ဘယ်ကစ ဆွဲရမည်နည်း။ သစ်ပင်ဆီကလား၊ မြက်ခင်းကလား၊ ကလေးကို စဆွဲရမည်လား။ လကများလား။ သူစုတ်တံကို ကောက်ကိုင်လိုက်သည်။ ပြီးတော့ အကြာကြီး စိုက်ကြည့်နေမိသည်။ လက်များက မရွေ့။ ထိုအချိန်မှာ သီချင်းက တုန့်ကနဲ ရပ်သွားသည်။ စီဒီတစ်ချပ်များ ပြီးသွားတာလား။ သူ့ခေါင်းတစ်ခုလုံး ပူလာသလို ခံစားရသည်။ အဖြူရောင်သည် သူ့အတွက် အကျည်းတန်လာသည်။ တလိပ်လိပ် တက်လာသော ဒေါသတို့ကို ချိုးနှိမ်လို့ မရတော့ဘူး ထင်သည်။ ရုတ်တရက်……….သူဘာလုပ်မိသည် မသိ။ ပြန်ထိုင်လိုက်ချိန်မှာ အညိုများ…။အဖြူရောင် ပိတ်စပေါ်မှာ အညိုရောင် စုတ်ချက်များ။

အသက်ကို မှန်မှန်ရှုရင်း သူစိတ်ပေါ့ သွားသလို ခံစားရသည်။ သီချင်းကို ဆက်ဖွင့်ဖို့ ထလိုက်သည်။

(ပြီးပါပြီ။ ပြီးမှန်း မသိမှာစိုး၍..)

Thursday 4 October 2007

Sunday 30 September 2007

တပ်မတော်သားများ ဖတ်ကြရန်

ပုထုဇဉ် ဘလောက်မှ ကူးယူဖော်ပြချက်


ဒီဗီဘီမှာ စစ်ဘက် အရပ်ဘက် သုတေသီ ကိုဝင်းမင်းနှင့် ဆက်သွယ်မေးမြန်းခန်းကို ကျွန်တော် နားထောင်လိုက်ရပါတယ်။ ကိုဝင်းမင်းက ငိုသံပါကြီးနဲ့ တပ်မတော်ကို တောင်းဆိုသွားတာ၊ တပ်မတော်ကို ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ တောင်းပန်သွားတာ ကြားလိုက်ရပါတယ်။ ဒီအင်တာဗျူးကို နားထောင်ပြီး အားလုံးလည်း ကြားသင့်တယ်ထင်တာနဲ့ ကျွန်တော် ကြားသလို ရိုက်ပြီး တင်လိုက်ပါတယ်။ အမှန်ပဲဗျာ၊ ဒီအချိန်မှာ တပ်မတော်ထဲက ဗုဒ္ဓဘာသာ မြန်မာ မျိုးချစ်တပ်မတော်သားတွေ ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ အချိန်ရောက်ပါပြီ။ တပ်မှူးများ၊ ထိပ်ပိုင်းအရာကြီးများလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။ It’s time to take side! အခုထက်ထိ တွေဝေနေမယ်ဆိုရင် အနာဂတ်လမ်းဆုံးနေတဲ့ အိုကြီးအိုမ အာဏာရူး လက်တစ်ဆုပ်စာနဲ့ တစ်လမ်းတည်းသွား နေကြရလိမ့်မယ်ဗျာ။ ကိုယ့်လက်အောက်က အရာရှိငယ်များက ပြည်သူ့ဘက်လိုက်ဖို့ ပြင်နေတာကို ကိုယ်က မသိချင်ယောင်ဆောင်ပြီး ထိန်ချန်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း သမိုင်းသင်ခန်းစာတွေအရ၊ သိသင့်ပါပြီ။ (ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တုန်းက ဘယ်လိုဖြစ်ခဲ့သလဲ၊ အာဏာရှင်ဆိုတာ သူတို့အာဏာ ထိပါးလာရင် ဘယ်သူ့ကိုမှ ချမ်းသာ မပေးဘူး။) အဲဒီတော့ အခုအချိန်မှာ ဘာသာ သာသနာဘက်က ပြတ်ပြတ်သားသား ရပ်ပြီး သာသနာဖျက် သားသတ်သမားတွေကို အပြီးတိုင် ဆန့်ကျင်ကြပါ။ မဟုတ်ရင်တော့ သမိုင်းတစ်ပတ် ပြန်လည်ပြီး မြန်မာပြည်နဲ့ အထူးသဖြင့် တပ်မတော်ကြီး အနာဂတ် ပျောက်ပါလိမ့်မယ်။

ဘလော့ဂါအပေါင်းတို့ ဒီ မေးမြန်းခန်းကို အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖြန့်နိုင်သမျှ၊ တပ်ထဲကို ဖြန့်ပေးကြဖို့ မေတ္တာရပ်ပါတယ်ဗျာ။ အသံပါ လိုချင်ရင် ဒီဗီဘီရဲ့ ဒီလင့်ခ်ကနေ ယူနိုင်ပါတယ်။


(ဒီမိုကရက်တစ် မြန်မာ့အသံမှ မေးမြန်းသူမှာ ကိုတိုးဇော်လတ်)

တိုး။ ။ မင်္ဂလာပါ ကိုဝင်းမင်း၊ ကျွန်တော် တိုးဇော်လတ်ပါ ခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကိုတိုးဇော်လတ်။

တိုး။ ။ ဟုတ်ကဲ့၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ ဒီ လူထု အုံကြွမှုကို လက်ရှိ၊ ဒီနေ့ဆိုရင်လည်း ဖြစ်နေတာလည်း ကိုးရက်လောက် ရှိပြီ။ ဒီနေ့ဆိုလို့ရှိရင်လည်း ဒီနေ့ တစ်နာရီက စပြီးတော့ အကြီးအကျယ် တနိုင်လုံးနီးပါး စတင် ချီတက်ဖို့ ရှိနေတယ်၊ အဲဒီအပေါ်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ရှိနိုင်ပါလဲခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အထူးသဖြင့်တော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေကိုပေါ့နော် အကြမ်းဖက်ပြီးတော့ ရိုက်တာ နှက်တာတွေ၊ လူမဆန်စွာဘဲပေါ့နော် ဟုတ်လား၊ ဗုဒ္ဓဘာသာ ကျောင်းတွေနော်၊ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးတော့၊ အတင်းလာဝင်၊ ဘယ်သူက ခေါင်းဆောင်မှန်းမသိတော့ စွတ်ဖမ်းတာတွေနော်၊ လမ်းမပေါ်မှာ ရိုက်တာနှက်တာတွေ၊ အဲလိုမျိုး ဘယ်လောက်ပဲ အကြမ်းဖက်ပြီး လုပ်နေလုပ်နေပေါ့နော်၊ အခုဟာက လူထု လှုပ်ရှားမှုက တစုံတရာ ဆက်လက်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ ဒီနေ့မှာလည်း ဖြစ်နိုင်ဖို့ အလားအလာကတော့ ကျွန်တော့်အမြင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ စစ်တပ်ကလည်း ခန့်မှန်းထားပုံ ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အထူးသဖြင့် ဒီ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ပေါ့နော်၊ မစ္စတာ ဂန်ဘာရီက ဒီနေ့မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က ဖြစ်နိုင်တာက အခုလို နိုင်ငံတကာက ခေါင်းဆောင်ကြီးတစ်ယောက် လာနေတဲ့အချိန်မှာ၊ ဟုတ်လား၊ ရက်ရက်စက်စက် လုပ်တယ် ဆိုတဲ့ပုံတွေကို သူက မြင်စေချင်မှာ မဟုတ်ပါဘူး။ အဲဒီအခါကျတော့ စစ်တပ်တွေကို ပေးနိုင်တဲ့အမိန့်က အတတ်နိုင်ဆုံးပေါ့နော် သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်လာလို့ရှိရင် ဒီ ဆန္ဒပြပွဲတွေကို အရမ်းမပစ်ဖို့ သူတို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။ ပစ်ရင်တောင်မှ အဲဒီ ခေါင်းပေါ်ကို ရှပ်ပစ်ပြီးတော့ ခေါင်းကို အတည့်မပစ်ဖို့နော် ဟိုနေ့ကလိုမျိုး ဟုတ်လား၊ အထူးသဖြင့်တော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ လုပ်သွားသလိုပေါ့နော်၊ စနိုက်ပါ [အဝေးပစ် လက်ဖြောင့်တပ်သား] တွေသုံးပြီး မပစ်ဖို့ သူတို့ အမိန့်ပေးထားဖို့ တော်တော် များပါတယ်။

တိုး။ ။ ဟုတ်ကဲ့ နောက်တစ်ခုကလည်းပဲ မနေ့ကဆိုရင် စစ်တပ်တွေထဲမှာ အကွဲအပြဲ ဆိုတဲ့ သတင်းတွေ အများကြီး ထွက်လာပါတယ်။ ဥပမာ တပ်မ ၃၃ နဲ့ ၉၉ နဲ့ မန္တလေး ဘက်မှာ ကွဲတယ်၊ အဲလိုပဲ ရန်ကုန် မြောက်ဥက္ကလာမှာ တချို့နေရာတွေမှာ စစ်သားတွေက ပြည်သူနဲ့ ပေါင်းပြီးတော့ တခြားစစ်တပ်ကို ပြန်ပစ်တယ်။ နောက်၊ နောက်ဆုံးသတင်း အနေနဲ့ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ အကွဲအပြဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး တွေ သတင်းထွက်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ရော နည်းနည်းပါးပါး ရှင်းပြပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့ ဒီ ကြပ်ပြေးမှာတော့ တော်တော်လေးကိုပဲပေါ့နော် အမိန့်စီးဆင်းမှုတွေကော၊ ဟုတ်လား၊ ခုနက တပ်တွေရဲ့ တုံ့ပြန်မှုတွေကော ကတော့ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့ရပါတယ်။ အဲ ကြည့်ရတာတော့ ဒီ တပ်မမှူးတွေ၊ တခါ တိုင်းမှူးတွေ အားလုံးက အထက်ကလာတဲ့ အမိန့်ကို ဟို အဲဒီ အမိန့်အတိုင်း တိုက်ရိုက် တသွေမတိမ်း ရက်ရက်စက်စက် လုပ်တာ ရှိသလို မလုပ်တာ ရှိတာကို တွေ့နေရပါတယ်။ အဲ အထူးသဖြင့် ဆိုလို့ရှိရင် တော့ ဒီ ရန်ကုန်မှာ ခုနက ရက်ရက်စက်စက် ဖြစ်သွားပေမယ့်လည်း မန္တလေးမှာက ဒီ ကြာသပတေးနေ့အထိ ပေါ့နော် ရက်ရက်စက်စက် မဖြစ်သေးဘူး။ ဟုတ်လား၊ ကချင်ပြည်နယ်မှာ၊ အထူးသဖြင့် ဒီ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ပေါ့နော်၊ ရက်ရက်စက်စက် ဟုတ်လား ဒီ ဗိုလ်ချုပ်အုန်းမြင့်က နေပြီးတော့ လုပ်ပေမယ့်လည်း တခြားတိုင်းတွေမှာ အဲလိုမျိုး ဗိုလ်ချုပ်အုန်းမြင့် လုပ်သလိုမျိုး ရက်ရက်စက်စက် ဟုတ်လား၊ ဘုန်းကြီးကျောင်းတွေ ၀င်ပြီးတော့ အဲ နှိမ်နင်းတာတွေ မရှိသေးဘူး လို့ ကြားရတဲ့ အခါကျတော့ တချို့တိုင်းမှူးတွေအနေနဲ့ ကျွန်တော်ထင်တယ်၊ အဲ… ကျွန်တော်ကြားထားတဲ့ သတင်းတွေအရလည်း ဆိုလို့ရှိရင်ပေါ့နော် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဒီ တိုင်းမှူး တပ်မမှူးတွေက မပစ်ချင်ကြဘူးလို့ ကြားပါတယ်။ သူတို့ရဲ့ မိတ်ဆွေတွေကိုလည်း သူတို့က ရှင်းပြကြတယ် ပြောပါတယ်။ သူတို့ရဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေ ကိုလည်းပေါ့လေ ဟုတ်လား သူတို့ကတော့ မပစ်ချင်ဘူး ဒါပေမယ့် အထက်က အမိန့်ပေးလာပြီးတော့ ဒီ လူထုထဲကို အရမ်းပစ်ခိုင်းမှာကို သူတို့စိုးရိမ်တယ်၊ အဲ… အဲဒီလိုမျိုး သူတို့ ပြောနေကြတာတွေ ရှိပါတယ်၊ တချို့တိုင်းမှူးတွေ ဆိုလို့ရှိရင် ဘယ်လောက်ထိ ဖွင့်ပြောကြလည်း ဆိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေကိုပေါ့နော် ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေတဆင့် အမိန့်ပေးပေမယ့် ပေါ့နော်။ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေ ပြီးတော့ သူနဲ့ နီးစပ်တဲ့ ဒီ တပ်မမှူးတွေ တပ်ရင်းမှူးတွေ ဆိုလို့ ရှိရင် သူက လျော့လျော့ပေါ့ပေါ့ လုပ်ဖို့၊ အရမ်း အမိန့်ပေးတဲ့အတိုင်း မလုပ်ဖို့ ပြောနေတယ်လို့ ကြားပါတယ်။ ဒါ ဘာကို ဆိုလိုလည်း ဆိုတော့ ဒါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ကို မလွန်ဆန်နိုင် သော်လည်း ပေါ့နော် မပယ်ဖျက်နိုင်သော်လည်းဘဲ အဲဒီအမိန့်ကို သူမကြိုက်ဘူး၊ လူတွေကို အခုလို ဟုတ်လား တရစပ် ရက်ရက်စက်စက် ပစ်နေ၊ ရိုက်နေ၊ ဖမ်းနေတာကို သူမကြိုက် ဘူးဆိုတာကို ပြတာ ဖြစ်တဲ့အတွက် အဲ… စစ်တပ်ရဲ့ ထိပ်ပိုင်းမှာ သဘောထားကွဲလွဲမှု ရှိနေတာကတော့ တော်တော်လေး သေချာသလောက် ရှိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ အဲဒါနဲ့ နောက်ဆက်တွဲပေါ့နော်၊ မနေ့က ဆိုလို့ရှိရင်၊ ရန်ကုန်ရဲ့ အဲ… စစ်ချုပ်ပေါ့နော်၊ ဗိုလ်မှူးချုပ် လှဌေးဝင်းကို အစောကလိုမျိုး သူ ကိုင်တွယ်တဲ့ ပုံစံကို မကြိုက်လို့ ဖမ်းပြီးတော့ နေပြည်တော်ကို ပို့လိုက်တယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အဲဒီပေါ်မှာရော ဘာတွေကြားသေးလဲ၊ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ကျွန်တော် ဟို အတည်ပြုလို့တော့ မရသေးဘူးပေါ့ဗျာနော်၊ ခုနက ပြောသလိုပဲပေါ့။ ဒီ တိုင်းမှူး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခုနက ဗိုလ်ချုပ်လှဌေးဝင်းလို သဘောထားတွေ ရှိနေတာ နီးစပ်တဲ့၊ ဒီ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရတာ ဖြစ်ပါတယ်။ အဲ… အဲဒါတွေကလည်း ခုနက ပြောသလိုပေါ့၊ သူတို့ သူငယ်ချင်းတွေ ကိုယ်တိုင် ပြောပြတာ ဖြစ်တဲ့အတွက် သတင်းက တော်တော်လေး ခိုင်လုံဖို့ များပါတယ်။ အဲဒီထဲမှာက ဗိုလ်ချုပ် လှဌေးဝင်း ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုး သဘောထား ရှိတဲ့အထဲမှာ ပါမယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဗမာစကားမှာတော့ သားသုံးသား ညီရင် တိုင်းပြည်ညီတယ်ပေါ့ဗျာ။ အဲဒါတွေကတော့ ဘုရားသားရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်၊

ဝင်း။ ။ ဟုက်ကဲ့။

တိုး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေ အကုန်လုံးမှာ ဒီ သားသုံးသားရော တကယ် ညီသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဖြစ်လာနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့၊ ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့ အထွတ်အထိပ်ထားတဲ့ ပေါ့နော်၊ ဗုဒ္ဓဘာသာ သာသနာတော် ဟုတ်လား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အပြတ်ရှင်းဖို့ လုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တယ် အဲဒါ လုပ်လို့မရဘူး။ စစ်တပ်ထဲမှာလည်း အားလုံးက ဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက များတယ်လေ။ အဲဒီအခါကတော့ အရင် ဒီ ဖြစ်လာတဲ့ လှုပ်ရှားမှုးတွေနဲ့ ဒီတစ်ခေါက်က လုံးလုံး ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်၊ ဒီ သံဃာတော်တွေကို ရက်ရက်စက်စက်လုပ်တဲ့ အပေါ်မှာ လုံးဝ စိတ်မကောင်း ဖြစ်မိတယ်၊ ခုနက ဒေါသလည်း အကြီးအကျယ်ထွက်တယ်၊ ယူကျုံးမရလည်း ဖြစ်မိတယ်။ ဖြစ်နိုင်ရှိရင် ဟုတ်လား အထဲမှာ ကျွန်တော်ကိုယ်တိုင် ရှိနေချင်တယ်။ အခု ကျွန်တော် အပြင်မှာ နေရတာတောင် ကျွန်တော် စိတ်မကောင်းဘူး၊ ရှင်းရှင်းပြောရလို့ ရှိရင်တော့လေ။ အဲဒီအခါကျတော့ ဟို စစ်တပ်ထဲမှာ ရှိတဲ့နော်၊ တပ်ဗိုလ် တပ်မှူးအပေါင်းကလည်း ပေါ့နော် ဒီအပေါ်မှာ တော်တော်လေး ခံပြင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော် ဒီ ဖြစ်နေတဲ့အနေအထားပေါ်မှာ၊ ဟုတ်လား၊ တပ်မတော်အနေနဲ့ ပါလာဖို့ အလားအလာက နော်၊ ခုနက စစ်သား၊ သားသုံးသား ဖြစ်တဲ့ စစ်သား၊ ပါလာဖို့က အလားအလာက ကျွန်တော်ထင်တယ် အရမ်းကိုများနေတာ ဖြစ်ပါတယ်။ မြန်မာ့ သမိုင်း ဒီ ဟိုး လွတ်လပ်ရေးရပြီး ကတည်းကပေါ့နော် ကြည့်မယ်ဆိုလို့ရှိရင် ဘယ်ခေါင်းဆောင်ကမှ အခုလောက်ထိ ဟုတ်လား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သလိုမျိုး ပေါ့နော်၊ သံဃာတော်တွေကို ဟုတ်လား၊ ဒီ ဘုန်းတော်ကြီး ကျောင်းတွေကို ရက်ရက်စက်စက် အခုလိုမျိုးပေါ့နော် နှိမ်နင်းဖို့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး။

တိုး။ ။ ဟုတ်ကဲ့၊ အခု ကိုဝင်းမင်းပြောသလို မြန်မာစစ်တပ်ထဲမှာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊ ထိန်းချင်တဲ့ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ စစ်သားတွေ ဘယ်လောက်များ ရှိနိုင်မလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အများစု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တိုင်းမှူး တပ်မမှူးတွေ အဆင့်မှာ ပေါ့နော်၊ ကျွန်တော် ခုနပြောသလို ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဟုတ်လား ဗုဒ္ဓဘာသာကိုနော်၊ ဟုတ်လား ကိုယ့်သာသနာ ဖြစ်တယ်၊ အထွတ်အမြတ်ထားရာ ဖြစ်တယ်၊ ဖျက်စီးလိုစိတ် ကျိန်းသေပါတယ်၊ လုံးဝ ရှိမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နဲ့ နေ့စဉ် ဒူဝ ပတ်သက်နေရတဲ့ ဘာသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဟုတ်လား မနက်မိုးလင်းက စပြီး ညမိုးချုပ်အထိ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရတဲ့ ဘာသာဖြစ်တဲ့အပြင် ကျွန်တော်တို့ ဘ၀တွေ ကိုယ်တိုင်မှာလည်း၊ ဒီ တပ်မမှူးတွေ တိုင်းမှူးတွေ ကိုယ်တိုင်မှာလည်း ပေါ့နော်၊ တချိန်သို့မဟုတ် တချိန်က ဟုတ်လား၊ ကိုရင်ဝတ်ခဲ့ကြတယ်၊ ဘုန်းကြီး ၀တ်ခဲ့ကြတယ်။ ဒါတွေ ရှိပါတယ်။ တချို့တွေ ဆိုလို့ရှိရင် ဘုန်ကြီးကျောင်းသားဘ၀နဲ့ နေခဲ့ဖူးတဲ့သူတွေလည်း ရှိမှာပါ။ အဲဒီအခါကျတော့ ဟုတ်လား၊ ဒီ ဗုဒ္ဓဘာသာကို အခုလိုမျိုး ပေါ့နော်၊ ရက်ရက်စက်စက် ဖြိုခွင်းတဲ့သဘောမျိုး ဖြစ်လာတဲ့ အတွက် ကျွန်တော်ထင်တယ် အခြေအနေဟာ အရမ်းလွန်သွားတဲ့ အတွက် လက်မခံနိုင်တဲ့ တပ်မှူးတွေဟာ အများကြီး ရှိလာမယ့် သဘောမှာ ရှိပါတယ်။ အဲ ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီ တပ်မမှူး တိုင်းမှူးတွေ အနေနဲ့ အခုလိုမျိုး အထက်ကပေးတဲ့ အမိန့်အတိုင်း မလုပ်ဘဲနဲ့ လျော့လျော့ပေါ့ပေါ့ လုပ်လာမယ်ဆိုရင်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ငြင်းဆန်လာမယ် ဆိုလို့ရှိရင်ပေါ့နော်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် ပေးနိုင်တဲ့ အာဏာက လျော့ကျသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျလို့ရှိရင်တော့ ခုနက ဟုတ်လား လျှို့ဝှက်ပြီးတော့ လျော့လျော့ ပေါ့ပေါ့ လုပ်နေတဲ့ တိုင်းမှူး၊ တပ်မမှူးတွေက အပြင်ကို ထွက်လာပြီးတော့ အဲဒီ ခုနက ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက်ကို ပေါ့နော်၊ ပါသွားကြဖို့ များပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ ရန်ကုန်မှာ ဘုန်းကြီးကျောင်း တော်တော်များများမှာ တပ်တွေ စွဲထားတယ်၊ အခု ကျွန်တော်တို့ ရန်ကုန်က စုံစမ်းသိရှိလို့ ရသလောက်ကတော့ တချို့တပ်တွေက ဘုန်းကြီးတွေကို ပြန်ပြီးတော့ ပြုစုနေတယ်၊ တကယ်လို့များ အပြင်ထွက်မယ် ဆိုလို့ရှိရင် တားမယ့် ပုံစံတောင် မရှိတော့တဲ့၊ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေပါတယ်။ အဲဒီ အလားအလာတွေရော ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဒီ အထက်က အမိန့်အရကတော့ပေါ့နော်၊ မထွက်ဖို့တော့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲ ဒါပေမယ့် ခုနက ဒီ ပေးထားတဲ့ အမိန့်မှာက ရက်ရက်စက်စက် ပစ်လို့မရတဲ့ အခါကျတော့ သူတို့ ထိန်းလို့ မရလို့ ရှိရင်တော့ ကျွန်တော်ထင်တယ် လွှတ်ပေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်မှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ စစ်တပ်ဘက်နေပြီးတော့ နိုင်ငံတကာ အခြေအနေဘက်ကို ခဏလောက်လှည့်ချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက မြန်မာပြည်ကို ရောက်ရှိနေပါတယ် အဲတော့ နိုင်ငံတကာ အခြေအနေ ဘာတွေ ဖြစ်သွားနိုင်ပါသလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ မစ္စတာ ဂန်ဘာရီ ဒီတစ်ခေါက်လာတာ ထူးခြားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ဟို ပုံမှန်အဖွဲ့ဝင်၊ အမြဲတမ်း အဖွဲ့ဝင်ပေါ့နော်၊ ငါးနိုင်ငံလုံးက မစ္စတာဂန်ဘာရီကို အပြည့်အ၀ တစ်ရာရာခိုင်နှုန်း ထောက်ခံချက်ပေးပြီး ဒီခရီးစဉ်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ မစ္စတာ ဂန်ဘာရီ အနေနဲ့က အပစ်အခတ်တွေ ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။ နောက်တစ်ချက်က ကျတော့ ဒီ နိုင်ငံတကာကနေ ဦးဆောင်ပြီးတော့ ပေါ့နော် ဆွေးနွေးပွဲတွေ ပေါ် ပေါက်လာအောင် သူကြိုးစားမှာ ဖြစ်ပါတယ်။ အဲဒီနှစ်ခု ရမှပဲ သူ သဘောတူပြီးတော့ ပြန်ချင်ပြန်မယ်၊ ဒါမှမဟုတ်လို့ ရှိရင်လည်း သူ ဒီတစ်ခေါက်မှာတော့ ကျေနပ်မှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်မှာ နိုင်ငံတကာကလည်း အဲဒီလိုဖြစ်မှ ကျေနပ်မယ့်သဘောမှာ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုးတွေက ဒီ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတို့။ အိန္ဒိယနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို ဒီ ပိုပြီးတော့ပေါ့နော် ထွက်ပြေးတာတွေ ခိုအောင်းတာတွေ ဖြစ်နိုင်ကောင်း ဖြစ်လာနိုင်တယ်။ စီးပွားရေးတွေ ကျပ်တည်း ကောင်း ကျပ်တည်းလာနိုင်တယ်။ အဲဒီလို အနေအထားတွေကို သူတို့ မြင်နေပြီ ဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့ ကျွန်တော့် အမြင်က မစ္စတာ ဂန်ဘာရီလည်း အပစ်အခတ်တွေကို ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။ နောက်တစ်ခုက ဒီ ဆွေးနွေးပွဲတွေ ပေါ်လာအောင်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့ တပ်မတော်သားတွေကို ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝင်း။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ဆိုတာကတော့လေ စဖွဲ့ကတည်းက ဟုတ်လား [အသံတုန်လျက်] ပြည်သူကို ကာကွယ်မယ်ဆိုပြီး ဖွဲ့ထားတာပေါ့ဗျာ၊ [ငိုရှိုက်လျက်] ပြီးတဲ့အခါကျတော့ အခုလိုမျိုး ပြည်သူကို ပစ်သတ်တာတော့ ကျွန်တော် ထင်တယ်၊ မကောင်းဘူးထင်တယ်။ [ငိုလျက်] မလုပ်လည်း မလုပ်သင့်ဘူး ထင်တယ်ဗျာ၊ သံဃာတော်တွေမှ ပစ်တာတွေ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ [ရှိုက်သံ] အဲဒီအခါကျတော့ တပ်မတော်သားတွေ အနေနဲ့ နော် ကိုယ့်ရဲ့ ဒီ ရှေ့အနာဂတ်ကို ကြည့်ပြီးတော့၊ ဟုတ်လား၊ ဒီ ထိပ်ပိုင်းမှာ ရှိတဲ့ဗျာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ကျွန်တော် ထင်တယ် ဂရုစိုက်မှာ မဟုတ်ဘူး၊ [အသံတုန်လျက်] သူဟာ ဆက်ပြီးတော့လည်း အများကြီး နေရမှာ မဟုတ်တော့ဘူး၊ အဲတော့ သူ့အနာဂတ်ကိုလည်း သူက သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ ကျန်တဲ့ ဒီ ရဲဘော်ရဲဘက်တွေ ဟုတ်လား၊ တပ်သားတွေ တပ်မှူးတွေအနေနဲ့ ရှေ့မှာ ရှေ့ဆက်သွားမယ့် နှစ်တွေက အများကြီး ရှိသေးတယ်။ အဲတော့ ရှစ်လေးလုံးကလိုမျိုးပေါ့နော် စစ်တပ်ကြီးတစ်ခုလုံး သိက္ခာတွေ ကျပြီးတော့ ဟုတ်လား [ငိုသံယှက်၍ မသဲကွဲ] သံဃာအပေါင်းက စွန့်ပယ်ခံရတယ်ဆိုတာ အရမ်းကို ကြီးလေးတဲ့အနေအထား ဖြစ်ပါတယ်။ ရှေ့မှာ အဲလို မဖြစ်ရအောင်လို့နော်၊ တကယ့်တိုင်းပြည်ကို အားကိုးတဲ့၊ တိုင်းပြည်က အားထားတဲ့၊ တိုင်းပြည်က ပြည်သူတွေက ချစ်တဲ့၊ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့၊ အပစ်အခတ်တွေကို ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်း ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ [ရှိုက်သံ]

Tuesday 18 September 2007

မွေးရပ်မြေ

မလေးမက tag လုပ်လာတဲ့ မွေးရပ်မြေ ခေါင်းစဉ်နဲ့ ပို့စ်ပါ။ အမေကတော့ အခုရေးထားခဲ့တဲ့ နေရာမှန်သမျှမှာ မွေးတယ်ဆိုရင် ရဟတ်ယာဉ်စီးပြီး မွေးတာပဲ ဖြစ်ပါလိမ့်မယ်။ မဟုတ်ဘူးနော်။ ပုံရိပ်ရဲ့ မွေးရပ်မြေက မြန်မာပြည်။ အဲဒီတော့ မြန်မာပြည်ရဲ့ အရိပ်တွေကို ဖမ်းပြီး ရေးလိုက်ပါတယ်။

……………………………

“ပန်းဆိုးတန်း၊ လမ်းသုံးဆယ် … ၊လေးဆယ့်ခြောက်… လမ်းငါးဆယ်… ပုဇွန်တောင်… သာကေတ …..”

“အကိုကြီးတို့ အစ်မကြီးတို့ရယ်… သနားကြပါ ခင်ဗျာ။ ကျွန်တော့်မှာ စားစရာ မရှိလို့ပါ။”

“ရေခဲရေ…. ရေခဲရေ… တောက်…. တောက်…. တောက် (ခွက်ခေါက်သံ)”

အိုဟောင်း၍ ခပ်လှုပ်လှုပ်သာ ကျန်တော့သော၊ မိုးရေစိုနေသော လူတို့၏ ကိုယ်နံ့ဖြင့် စိုထိုင်းထိုင်း ဖြစ်နေသော ကားကြီးပေါ်မှ ခုန်ဆင်းလိုက်တော့ ခြေသလုံးလယ် အထိ ရေတွေ နစ်၍သွားသည်။ မိုးကသည်းကြီး မည်းကြီး ရွာနေသည်ကို ဂရုမစိုက်အားသေးဘဲ လုံချည်ကို ဆွဲ၍ မမိသည်။ ခေါင်းပေါ်မှ မိုးစိုသည်ကို အရေးမစိုက်တတ်ဘဲ အောက်ပိုင်းမှ အ၀တ်အစားနှင့် ဖိနပ်စိုမည်ကို ရွံ့မုန်းတတ်သူမို့ စိတ်အနှောက်အယှက် ဖြစ်မိ၏။ ရေတွေက နောက်ကျိ၍ နေသည်။ ကိုယ့်ဖိနပ်ကို မမြင်ရ။ အမှိုက်သရိုက်များ မျောပါလာသည် ကိုတွေ့နေရသည်။ မျောပါသွားမည် စိုး၍ ဖိနပ်ကို ခြေထောက်နှင့် ကုပ်ထားမိသည်။

ကိုယ့်နည်းတူ မြို့လည်ခေါင်မှာ လူအများ ရေကူးနေကြသည်။ ပလက်ဖောင်းပေါ် ရောက်ရန် ကြိုးစားသော်လည်း ရောက်ခဲလှသည်။

မှန်အလုံပိတ်ထားသော ကားများလည်း ရေကူးနေကြသည်။ သူတို့ဖြတ်သွားလျှင် လှိုင်းတံပိုးများ ထ၍ ကျန်ရစ်သည်။ ကုပ်၍စီးထားသည့် ကြားမှ အဲဒီနေ့က ကိုယ့်ဖိနပ်လေး တစ်ဖက် ရေထဲ မျောပါသွားခဲ့သည်။

မိုးရေတို့ရွှဲ နေသော လွယ်အိတ်ကို တင်းတင်းပိုက်၍ ကိုယ်ကော်ဖီဆိုင် ထဲသို့ လှမ်းလိုက်သည်။ တိုက်မြင့်များ မြို့လယ်မှာ ပြိုင်ဖက်မရှိ မင်းမူနေ၏။ မှန်တံခါး အဖွင့်မှာ ထပ်၍ ချမ်းလာသည်။ ကော်ဖီပူပူ တစ်ခွက် တောင့်တမိသည်။ မိုးရေတို့ဖြင့် ရွှဲနေသောထီးကို အ၀မှာ ထောင်ထားခဲ့သည်။ ထောင့်ကျကျ ခုံတစ်ခုံမှာ ၀င်ထိုင်ပြီး ၀န်ထမ်းက ကမ်းပေးလာသော စားစရာစာရင်းကို ကြည့်သည်။ သုံးထောင်တန် ကော်ဖီတစ်ခွက် ကိုယ့်ရှေ့မှာ မကြာမီ အငွေ့တထောင်းထောင်းနှင့် ရောက်လာသည်။ ခုံအောက်မှာ ဖိနပ်တစ်ဖက်သာ ရှိ၏။

…………………..

အညာနေသည် ပြင်းလှချေ၏။ အုတ်နီနီတို့ ကိုယ့်ရှေ့မှာ။ အိပ်မက် တစ်ခုထဲ ရောက်နေသလို မြင်နေရသော အုတ်များကို လက်ဖြင့် အသာအယာ သပ်ကြည့်သည်။ ဘုရားများကြားမှာ ကိုယ်ရောက်နေသည်။ ပုထိုးတော်များကို မော့ကြည့်ရင်းကိုယ် ကြက်သီးထလာသည်။ ကိုယ့်ရင်ထဲမှာ အမည်မသိသော လွမ်းဆွတ်ခြင်း တစ်မျိုး ပြင်းပြလာသည်။ ငိုချင်လာသော မျက်တောင်များကို တဖျတ်ဖျတ်ခတ်သည်။ ကြည်နူးစိတ်နှင့် လွမ်းဆွတ်စိတ်တို့ နှစ်မျိုးလုံး အားပြိုင်နေကြသည်။

“အန်တီ… သမီးဆီက ပန်းဝယ်ပါနော်…။ တစ်စည်းလောက် ၀ယ်သွားပါ အန်တီရယ်။”

“သားဆီကလည်း ၀ယ်ပါ။ ၀ယ်ပါနော်… အန်တီရေ။”

“အန်တီရေ သမီး အနော်ရထာမင်းကြီး အကြောင်းရှင်းပြ ပါ့မယ်။ ပိုက်ဆံပေး စရာမလိုပါဘူး။”

အိပ်မက်က လန့်နိုးလာပြီ။ နောက်က လိုက်လာသော ကလေးတွေကြားမှာ ခေါင်းမူးလာသည်။ ကိုယ်တစ်ယောက်ထဲ နေလိုစိတ် ပြင်းထန်နေသည်။ အပြင်မှာတော့ နေပူကျဲကျဲတွင် နို့စို့အရွယ်ကလေးငယ် တစ်ယောက် သဲပေါ်မှာ ကစားနေသည်။ ကိုယ့်အိတ်ထဲသို့ လက်လှမ်းမည်ပြုသည်။ သို့သော်ရှေ့ ဆက်မတိုးမိ။

………………………………..

ရေလှိုင်းတို့ သာသာတိုးတိုးခတ် နေသော တောင်သမန်အင်းသည် တိုင်လုံးကြီးများအောက်မှာ ၀ပ်ဆင်း၍ သွားကုန်၏။ ရေစပ်တွင် အပေါ်ပိုင်း အ၀တ်ဗလာနှင့် ကလေးတချို့ ဆော့ကစား နေကြသည်။ တံတားပေါ်မှာ လမ်းလျှောက်လာရင်း ကိုယ်ခုံတန်းတစ်ခုမှာ ထိုင်၍ငေးနေမိသည်။ စက်ဘီးလေးများ တံတားပေါ်မှ ဖြတ်သွားကြသည်။ တုန်ရင်သွားသော သစ်သားချောင်းလေးများကို ကိုယ်လိုက်ကြည့် မိသည်။ ထိုသစ်သားချောင်းတို့ပေါ်တွင် တုန်ရင်နေသောလက်ဖြင့် ကိုင်ထားသော ခွက်တစ်လုံး ရှိနေသည်။ ကြမ်းကြားထဲမှ လှေတစ်စင်းကို လှမ်းမြင်နေရသည်။ တံတားအောက်ဖက် ကုန်းပေါ်မှ အကြော်ဆိုင်တွင် မီးခိုးအူနေသည်။ အင်းထဲမှ ငါးတချို့ ဆီအိုးထဲမှာ ရောက်နေသည်။

နိုင်ငံခြားမှ ရောက်နေသူ အချို့ ဗမာအ၀တ်အစား ၀တ်ထားသည်။ မြန်မာပြည်တွင် နေသူအချို့ ဘောင်းဘီကို ကျကျနန ၀တ်ထားသည်။ မြန်မာပြည်သား အချို့ အရောင်မဖမ်းနိုင်တော့သော အ၀တ်အစားကို ၀တ်ထားသည်။

လေသည် ပြင်းပြင်းထန်ထန် တိုက်လျက်။ လူတစ်ကိုယ်လုံး ယိမ်းယိုင်ချင်လာ သော်လည်း လတ်ဆတ်သောလေကို အဆုတ်ထဲအထိ အားပါးတရ ရှူသွင်းလိုက်သည်။ နောက်တစ်နေ့တွင် လေရှူခွင့် မရတော့မှာလို၊ လေအားလုံး ကုန်ဆုံးသွားမှာလို အငမ်းမရ ရှူရှိုက်မိ၏။ ကိုယ့်ပုခုံးပေါ်မှာ တင်ထားသော ပ၀ါလေး လေအဝေ့မှာ လွင့်ပါသွားခဲ့ပြီ။ ကိုယ်လိုက်မဖမ်းမိ။ အင်းထဲ တစ်နေရာမှာ မျောပါသွားပါလိမ့်မည်။ အင်းထဲ တစ်နေရာမှာ ရှိနေပါလိမ့်မည်။ ဒီနေရာက ကိုယ်ထွက်သွား ရတော့မည်။ ဘာကြောင့်ထွက်သွား ခဲ့သလဲကွယ်။ မွေးရပ်မြေကို ထားခဲ့မှတော့ ပ၀ါလေး တစ်ထည်ကို မနှမြောမိတော့ပါ။

Thursday 13 September 2007

နေရဲသူ

ဝန်ခံချက်။ ။ဒီစိတ်ကူးနဲ့ ရေးတဲ့စာကို ဆရာမဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများ စာအုပ်မှ ဒေါ်ငွေအိမ် နေရာမှ ခံစားပြီး ရေးပါတယ်။ နှစ်တွေကြာလို့ အသေးစိတ်ကို မမှတ်မိတော့ပါ။ အကြောင်း မတိုက်ဆိုင်လို့ ခွင့်လည်း မတောင်းနိုင် ခဲ့ပါ။ ဆရာမ ခွင့်လွှတ်နိုင်မယ် ထင်ပါတယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိအပြည့် ရှိတဲ့ အမေတွေ၊ ကိုယ်ချစ်တဲ့သူကို စွန့်ရဲပြီး ပါရမီဖြည့်နိုင်သူတွေကို ရည်စူးပြီး ရေးပါတယ်။

……………………………………………………………………………………………………………

အပြင်မှာ မိုးတွေရွာနေပြီ သမီး။ အိမ်ကလေးဟာ မိုးဒဏ်ကြောင့် သိမ့်သိမ့်တုန်နေပြီ။ သမီးငယ်ငယ်က ဒီအချိန်ဆို မိုးရေထဲမှာ ခုန်ပေါက်ပြီး ဆော့နေကျပေါ့။ သမီးက မိုးစက်လေးတွေကို သိပ်ကြိုက်တယ်။ အမေအော်တာကို မမှုဘဲ မိုးရွာရင် အိမ်ရှေ့ ကပြင်လေးကနေ ငေးကြည့်နေရာက ဆင်းသွားပြီး မိုးရေချိုးတော့တာပဲ။ အမေလည်း နောက်ဆုံးပြောမရတော့ သမီးကို လိုက်လျောရတာပဲ။ ငယ်ငယ်ထဲက သမီးဟာ အဲဒီလို ဇွတ်တရွတ် ကိုယ်လုပ်ချင်တာကို လုပ်တတ်တယ်။ ခေါင်းလည်းမာတယ်။ တခါတုန်းကများ သမီးသွားကြည့်ချင်တဲ့ ဟောပြောပွဲကို လိုက်မပို့လို့ အိမ်ထဲကို မ၀င်ဘူး။ တညလုံး အပြင်မှာ ထိုင်နေတာလေ။ အမေကတော့ ငါ့သမီးလေးကို စိုးရိမ်လို့ပါ သမီးရယ်…။

အင်း….ဒီစိတ်တွေကိုဟာ သမီးကြီးလာတဲ့ အထိပါလာတာပဲ။ သမီးဟာ ကိုယ်သိချင်တဲ့ အရာတစ်ခုကို သဲကြီးမဲကြီး ဖတ်တယ်မှတ်တယ်။ ခေတ်ကြီးကြောင့် သမီးကို ကျောင်းကောင်းကောင်း မထားနိုင်ပေမယ့် သမီးတကုပ်ကုပ်နဲ့ စာတွေဖတ်နေတာ အမေအမြဲ တွေ့နေရတယ်လေ။ သမီးယုံကြည်တဲ့ ၀ါဒအကြောင်းကို အမေမသိပေမယ့် ငါ့သမီးကို အမေယုံခဲ့တယ်။ ဟိုး အစကတည်းက ယုံခဲ့တာပါ။ သမီးဟာ အားနည်းတဲ့လူတွေဖက်က ရပ်တည်မယ်၊ လိုအပ်သူတွေကို ဦးဆောင်ကူညီမယ် ဆိုတာတွေကိုလေ…အမေသိတာပေါ့။ သမီးရဲ့ ယုံကြည်မှုကို သမီးရဲ့ စာအုပ်တွေထဲက ဖတ်လို့ရသလို အမေက သမီးမျက်နှာကို အမြဲတမ်း ဖတ်ခဲ့တယ် သမီး။ အမေကတော့ တောသူမ၊ လယ်သူမကြီးပဲ။ လယ်တွေ ယာတွေ အကြောင်းကလွဲလို့ တခြားဘာမှ မသိခဲ့ပါဘူး။ အဲဒီလို မသိခဲ့လို့လဲ သမီးဟာတစ်နေ့မှာ အမေ့ကို ခွဲသွားလိမ့်မယ် ဆိုတာ ကြိုတင် မရိပ်မိခဲ့ဘူး။

အဲဒီနေ့က မှတ်မှတ်ရရ မိုးတွေရွာနေပြန်တယ် သမီး။ မနက်အစောကြီး အမေဆွမ်းချက်ဖို့ ထလာခဲ့တော့ အိမ်ရှေ့တံခါး ပွင့်နေတယ်လေ။ အမေရင်ထဲမှာ ထိတ်ကနဲဖြစ်သွားတယ်။ သမီးထွက်သွားမယ် ဆိုတာကို အမေ့မသိစိတ်ထဲက သိနေတယ် ထင်ပါရဲ့။ ဒါနဲ့ အမေသမီး အခန်းထဲကို ၀င်ကြည့်တော့ အိပ်ယာကနွေးနေဆဲ။ သမီးထသွားတာ မကြာသေးဘူး ထင်တယ်။ အိပ်ယာကို သမီးလုပ်နေကျ အတိုင်း သပ်သပ်ရပ်ရပ် ပြန်ခေါက်သွားသေးတယ်။ သမီးခေါင်းအုံးပေါ်မှာ စာခေါက်ကလေး တစ်ခု။

“အမေ…သမီးယုံကြည်ရာကို လုပ်ဖို့ အိမ်ကထွက်သွားပါတယ်။ အမေနဲ့အားလုံး အတွက်ပါ။ သမီး ပြန်လာပါ့မယ်။ ကန်တော့ခဲ့ ပါတယ် အမေ…” တဲ့။

သမီးပြန်လာ ပါ့မယ် ဆိုတဲ့ ကတိ တစ်ခုထဲနဲ့တင် အမေကျေနပ်ခဲ့ပါတယ်။ သမီးရဲ့ ယုံကြည်မှု အတွက်ဆို အမေဘယ်လိုမှ တားမရဘူး ဆိုတာသိနေသားပဲ။

ဒီနောက်မှာတော့ အမေဟာ သမီးသတင်းကိုပဲ အဝေးက နားစွင့်နေခဲ့တယ်။ လူတွေက သမီးအကြောင်းကို ချီးကျူးကြရင် အမေဟာ သမီးမရှိတဲ့ ဘ၀မှာလည်း နေပျော်နိုင်ခဲ့တယ်။ သမီးကို လိုက်ရှာနေကြတယ်လို့ ကြားရင်တော့ အမေကိုယ့်ကိုယ်ကို အပြစ်တင် မဆုံးဘူး။ ဘာကြောင့် သမီးကို အမေနိုင်အောင် အုပ်မထိန်းနိုင်ခဲ့သလဲ၊ ဘာကြောင့်များ ဒီလိုလွှတ်ထားမိသလဲ၊ စသည်ဖြင့်ပေါ့လေ။ သမီးပြန်လာမယ် ဆိုတဲ့ကတိကြောင့်ပဲ အမေအရုဏ်ကို မျှော်မိတယ်။

တစ်နေ့မှာတော့ အမေမျှော်တဲ့ အတိုင်းပဲ အမေရဲ့ အိမ်ရှေ့တံခါးလေး ပွင့်လာတယ်။ အမေ၀မ်းသာလွန်းလို့ အသံတွေတောင်တုန် နေပါတယ်။ သမီးကရောက်ရောက်ချင်းပဲ အမေသမီး ထမင်းမစားရတာ နှစ်ရက်ရှိပြီလို့ ပြောရှာတယ်။ အမေလည်း ရှိတဲ့ကန်စွန်းရွက် ချဉ်ရည်နဲ့ ငပိထောင်းကို ချကျွေးတာ။ ထမင်းကုန်သွားတော့မှ သမီးခေါင်းမော့လာပြီး “အမေ…ထမင်းရှိသေးလား” တဲ့။ အဲဒီအချိန်မှာ အမေသမီးကို တခါတည်း အမေ့ဆီမှာပဲ သိမ်းထားလိုက်ချင်တော့တယ်။ ဒါပေမယ့် သမီးရယ်…သမီးပြောဖူးသလိုပေါ့။ သမီးကို ဘာမှလုပ်ခွင့် မပေးဘဲ အမေ့အတွက်ချည်း သိမ်းထားတာက ချစ်ရာမရောက် ပါဘူး။ သမီးရဲ့ ယုံကြည်ချက်ကို လွတ်လပ်စွာ လုပ်ခွင့်ပေး ထားတာအမေရဲ့ ချစ်ခြင်းမေတ္တာပါ သမီး။ ဒီလိုနဲ့ ထမင်းစားအပြီး၊ မောမောနဲ့ အမေခင်းပေးတဲ့ ဖျာကြမ်းပေါ်မှေးလို့ အပြီးမှာ သမီးဟာ ထွက်သွားရပြန်တယ်။

“အမေ….သမီးထပ်သွား ရဦးမယ်။ အမေ့ဆီ သမီးဆက်ဆက် ပြန်လာခဲ့ ပါ့မယ်။”

ဒီလိုနဲ့ အမေဟာ သမီးမရှိတဲ့ နေ့တွေမှာ နေသားကျလာ ပါတယ်။ သမီးရှိတဲ့ အချိန်တွေကို အမေပိုပြီး တန်ဖိုးထားတတ် လာတယ်။ သမီးရဲ့ ခင်ပွန်း အမေ့သမက်ဟာလည်း ကံမကောင်းရှာ ပါဘူး။ သမီးကို သူသိပ်ချစ်လွန်းပေမယ့် သမီးကိုလည်း သူမတားနိုင်ခဲ့ဘူး။ သမီးကို ဘယ်အရာကမှ မတားနိုင်ဘူးလားကွယ်။ သမီးရဲ့ ယုံကြည်ချက်တွေ အကောင်အထည်ပေါ် လာမယ့်နေ့ကို အမေလည်း စောင့်နေခဲ့တယ် သမီး။ အဲဒီနေ့ဟာ အမေတို့ ပြန်ဆုံရမယ့်နေ့ ရယ်လို့ အမေစိတ်ထဲမှာ စွဲထားလိုက်တယ်။ အဲဒီလိုနဲ့ အမေနည်းနည်း နေပျော်တတ် လာတယ်။

အဲဒီနေ့…..။ အဲဒီနေ့ကို အမေ မမေ့ဘူး။ အဲဒီနေ့ဆိုတာ သမီးရယ်….အမေတို့ နှစ်ယောက်လုံး မျှော်လင့်တဲ့နေ့ မဟုတ်ဘူး သမီး။ သမီးရဲ့ သတင်းကို ကြားရတဲ့နေ့။ ဒီလိုသတင်းမျိုးကို အမေကြားရနိုင်တယ် ဆိုတာ သိနေလျက်နဲ့ တကယ်တမ်းမှာတော့ အမေ ခံနိုင်ရည် မရှိဘူး။ သမီးကို နောက်ဆုံး အနေနဲ့တောင် အမေကြည့်ခွင့် မရှိခဲ့ဘူး။ သမီးကျသွားတဲ့ နေရာမှာပဲ သမီးကို မြှုပ်ခဲ့ပြီ တဲ့။ အမေဟာ ဆုံးရှုံးမှုတွေနဲ့ နေသားကျနေတယ် ဆိုပေမယ့် ဒီဆုံးရှုံးမှုကိုတော့ အမေမခံနိုင်ခဲ့ဘူး။ သမီးနှစ်သိမ့်ခဲ့တဲ့ စကားတွေကိုတော့ အမေမှတ်မိနေသားပဲ။ ဒီလို အခြေအနေမှာတောင် အမေ သတိရနေနိုင် သေးတယ်။

“အမေ… သမီးအမေ့နားမှာ ရှိမနေပေမယ့် သမီးရဲ့ ယုံကြည်ချက် အမေ့ဆီမှာ ရှိတယ်။ သမီးစိတ်ဟာ အမေ့ဆီမှာ ရှိတယ်။ ဟိုး…အပြင်ကို ကြည့်စမ်းပါ အမေရယ်။ လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေလည်း ဆင်းရဲမြဲ ဆင်းရဲနေကြတဲ့ လယ်သမားတွေ။ သမီးတို့ မျိုးဆက်သစ်တွေ ဒီလို မဖြစ်အောင် သမီးကြိုးစားဖို့ အများကြီး လိုသေးတယ်။ ဒီလူတွေကို တွေ့ရင် အမေသမီးကို သတိရပါနော်။ အဲဒီအချိန်မှာ သမီးဟာ အမေနဲ့ အမြဲရှိနေပါတယ်။”

သမီးဘာ လုပ်လုပ် အမေဟာ အမြဲတမ်း သမီးနောက်မှာ ရှိနေတယ်။ ငါ့သမီး အမှန်တရား အတွက် လုပ်နေတယ် ဆိုတာ အမေယုံတယ်။

ဘ၀ဆိုတာ ခင်တွယ်စရာ အလွန်ကောင်းတယ်လို့ ဆိုကြတယ်။ လူတွေဟာ သေခြင်းတရားကိုလည်း ကြောက်ကြတယ်။ ဒါပေမယ့် သမီးရယ်….တခါတလေမှာ ဒီဘ၀ကို နေရဲဖို့ သတ္တိတွေလိုတယ်။ အမေ့အတွက် သတ္တိတွေဟာ သမီးရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ဆက်လက် တည်ရှိနေသရွေ့ ရှိနေမှာပါ။ ပြီးတော့ သမီး လက်ဆင့်ကမ်းခဲ့တဲ့ ဘ၀တွေ အတွက်……. အမေ အသက်ရှင် ရဲပြီ သမီး။

“ဘွားဘွား…သမီးမိုးရေ ချိုးချင်တယ်။”

အမေ့ရဲ့ မျက်ရည်တွေ ခမ်းနေတဲ့ မျက်နှာကို မော့ကြည့်မယ့် သမီးရဲ့ သမီးလေးနဲ့ သားလေး အတွက် အမေ နေရဲပြီ သမီး။

Saturday 8 September 2007

အကြိုက်ဆုံး ငါးခု

ရေးနေတဲ့ ၀တ္ထုလေးကို အဆုံးသတ်လိုက်ပြီ ဆိုတော့ ဘာရေးရမလဲလို့ ပုံရိပ်စဉ်းစား နေတုန်း ကိုနတ်ဆိုးက tag ထားပါလားလို့ သတိရသွားတော့ တင်စရာလေးတော့ ရပြီဟ ဆိုပြီး ၀မ်းသာသွားတယ်။ မလေးကလည်း ရေးချင်ရေးပါလားလို့ ပြောဖူးပါတယ်။ ဒါကြောင့် အကြိုက်ဆုံး ငါးခုအကြောင်း ရေးပြီနော်….။

၁) သားကြီးလာရင် (ရေးရင်းကနေ မမျှော်လင့်တဲ့ ပုံစံတစ်ခုနဲ့ ကိုယ့်ဟာကိုယ် သဘောကျသွားတဲ့စာတစ်ပုဒ်)

၂) အခြေခံလို အပ်ချက်(စိတ်ထဲမှာ ရှိတာလေးတွေကို စီကာစဉ်ကာ ရေးဖြစ်သွားတဲ့ စာ)

၃) ဖြတ်ချင်ဖြတ် မဖြတ်ချင်နေ (အရင်က ရေးခဲ့ဖူးတဲ့၊ အခု မရေးတတ်တော့တဲ့ ဟန်နဲ့ စာ)

၎) ပတ်ချာလည် (ကဗျာ ပါရမီမရှိတဲ့ ပုံရိပ်ရဲ့ ကဗျာထဲမှ အကြိုက်ဆုံး ကဗျာတစ်ပုဒ်)

၅) ညတမ်းချင်း (သရုပ်ဖော် ပုံလေးကို တင်ချင်လို့ ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်)

PS: အပန်းမကြီးဘူး ဆိုရင် လာဖတ်တဲ့ ရောင်းရင်းတွေလည်း ရွေးပေးသွားပါဦး။

Friday 7 September 2007

လဲလှယ်ခြင်း သည်းခံပါ (၅ ဇာတ်သိမ်း)

“ရှင်….ပြန်မလာသေးဘူးလား။ ဟုတ်တယ်။ ဒီနေ့ အချိန်စေ့မယ်။ ဟုတ်ပြီ။ ပြန်လာရင် ကျွန်မကို ဖုန်းခေါ်လိုက်။”

ပုံရိပ်၏ စာရေးဆရာမ ဘ၀ကို ခဏယူသွားသူ ကအချိန်မီ ပြန်မရောက်လာ။ သူရောက် မလာမချင်း ယခုကလေး ဘ၀မှာပင် ဆက်၍ နေရဦးမည်။ ဆက်နေနေစဉ် ကာလအတွင်းမှာ ကောင်လေး၏ မွေးနေ့ပွဲ လုပ်လိုက်သေးသည်။ ကောင်လေး အလွန်ကြိုက်သော game ထဲမှ အရုပ်များကို လက်ဆောင်ပေးကြသည်။ (ဘာမှန်းလဲ မသိဘူး။)

“Happy Birthday to you…” ဟူသော သီချင်းကို အာဘောင်အာရင်း သန်သန်ဆိုကြသည်။ မွေးနေ့ကိတ်လှီး ကြသည်။ မွေးနေ့ပွဲ တက်ရောက်လာသော ကလေးတွေ ကိုကြည့်ရင်း ခေါင်းနောက်လာသည်။

မွေးနေ့ပြီး နောက်နှစ်ရက် အကြာမှာ အကျိုးဆောင်ဆီမှ ဖုန်းရသည်။ စာရေးဆရာမ ဘ၀ကို ခေတ္တယူထားသူ ပြန်ရောက်လာပြီ။ ဘယ်လိုဖြစ်တာလဲဟု မေးတော့ ယူသွားစဉ် အချိန်အတွင်း လမ်းအလျှောက်လွန် သွား၍ ဆရာမက ဖျားသည် ဆိုလား ဘာဆိုလား။ (ဆရာမမှာ ကားမှ မရှိဘဲကိုး။) ဘ၀ကို ယူသွားသည့် အတိုင်း ပြန်ပေးရမည် ဆိုတော့ ယူသွားသူက နေကောင်းသည် အထိ စောင့်နေသည်တဲ့။ ပြီးတော့ စာရေးဆရာ ဘ၀ကို မကြိုက်ပါတဲ့။ စာမူခလည်း ကောင်းကောင်း မရဘူးတဲ့။ ကဲ…ရှိစေတော့။ ခုတော့ ယမမင်းထံမှ မန်နေဂျာနှင့် ချိန်းထားသော ရက်ချိန်းလည်း လွတ်ခဲ့ပြီ။ ရက်ချိန်းအသစ် ပြန်ယူ ရပေတော့မည်။

“မန်နေဂျာနဲ့ တွေ့ချင်လို့ ရက်ချိန်းယူ ပါရစေ။ ရှင်…… နောက်တစ်ပတ်မှ။ ဟို……မရဘူးလေ။ ကျွန်မရက်က ဒီစနေပြည့်မှာ။ လုပ်ပါ။ တောင်းပန် ပါတယ်။”

နောက်ဆုံးတော့ အခြေအတင်ပြောပြီး မန်နေဂျာနှင့် တနင်္လာနေ့မှာ တွေ့ခွင့်ရသည်။ ရင်တော့ နည်းနည်းပူလာသည်။ ပြန်လဲလို့ မရရင်တော့….အင်း… ဟုသက်ပြင်းချသည်။

ချိန်းသည့်နေ့မှာ ပုံရိပ်စောစော ရောက်နှင့်နေသည်။ ကိုယ့်ကိုယ် အမြင်ကြည်လျှင် သက်သက်ညှာညှာ ပြောလေမလား ပေါ့။

“ကျွန်မ ဒီဘ၀ကို အစမ်းသပ်ခံကာလနဲ့ နေတဲ့ အချိန်လွန်သွားပြီ ဆိုတာနားလည် ပါတယ်။ ဒါပေမယ့် ခုဟာက ရှင်တို့ဘက်ကလည်း ရောင်းဖို့ ပြတ်နေတာကိုး။ အဲဒါကြောင့် ခြွင်းချက် အနေနဲ့ ပြန်စဉ်းစား ပေးသင့် ပါတယ်။”

“ဟုတ်ပါတယ်။ ဒါပေမယ့် အစ်မဘက်က ပြန်ပေးတဲ့ အချိန်ကိုက လွန်နေတာကိုး။ ပြန်ပေးလို့ မရပါဘူး ခင်ဗျာ။ ဒီမှာ ကြည့်ပါ။ ဒီစာချုပ်က အစ်မကိုယ်တိုင် လက်မှတ်ထိုးပေး ခဲ့တာ။ ဒီထဲမှာ ရေးထားတာကို အစ်မဖတ်ကြည့် ပါဦး။”

သူပြသော နေရာကို ကြည့်တော့ fine print စာလုံးများ။ ဟိုက် သေဟ…။ fine print ကိုမဖတ်ဘဲ ထိုးပေးခဲ့သော ကိုယ့်လက်မှတ်။ ရေးထားသည်မှာ ဘာအကြောင်းကြောင့် ဖြစ်စေ အချိန်မီ မလဲနိုင်ပါက ခြွင်းချက်မရှိ ပြန်မလဲပေးပါ တဲ့။

နောက်ဆုံးတော့ ကိုယ်ပဲ အရှုံးပေးလိုက် ရပါ၏။ သို့နှင့် ပုံရိပ်သည် စာရေးဆရာမ ဘ၀ကိုယူထား သော်လည်း ဘယ်လိုရေး ရမည်မသိ သောကြောင့် ဘလောက်ဂါ တစ်ယောက်ဖြစ် လာပါတော့သည်။ လိုချင်တာတွေ များသောကြောင့်၊ လိုချင်တာကို မသိသောကြောင့် ဒီဘ၀တွင် ပိတ်မိနေသော ပုံရိပ်ပင်တည်း။

စာရှုသူ အသင်… အသင်ကော ဘယ်ဘ၀မှ လာ၍ ဘယ်ဘ၀တွင် ပိတ်မိနေပါသနည်း……..။

(သေချာ စဉ်းစား ကြည့်ဦးနော်…။)

Tuesday 4 September 2007

BlogDay


BlogDay အတွက် မလေး ကတက်ထားပေမယ့် မအားလို့ အခုမှပဲ တင်ဖြစ်ပါတော့တယ်။ စိတ်မရှိပါနဲ့ မလေးရေ။ ဘာမှလည်း မရေးတတ်တဲ့ အတွက် စိတ်ထဲပေါ်လာတဲ့ ပုံရိပ်ကလေး တစ်ခုကို paint နဲ့ဆွဲပြီး အကြမ်းထည် အတိုင်း တင်လိုက်ပါတယ်။ ပုံရိပ်ကတော့ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ်ဆွဲထား တာပါ။ ကြည့်တဲ့သူကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် တွေးဆယူနိုင်ပါစေ။ ဘာကြီးမှန်းလဲ မသိဘူးလို့လဲ ထင်ချင်ထင်မှာပေါ့။
Blog ရေးခြင်းနဲ့ ပတ်သက်လို့ ကတော့ အများကြီး ပြောစရာ မရှိပါ။ Blog ကမ္ဘာဟာ ပုံရိပ်ရဲ့ သီးခြား ဘ၀တစ်ခုပါ။

Monday 3 September 2007

လဲလှယ်ခြင်း သည်းခံပါ (၄)

တီ..တီ။ ခါးကြားထဲမှ မြည်လာသောဖုန်းကို ကောက်ကြည့်လိုက်သည်။

“ဟယ်လို..။ ရှင်…ဘယ်လို။ ရောင်းမယ့်လူ မရှိလို့…။ မဖြစ်ဘူးလေ။ ကျွန်မ မန်နေဂျာနှင့် လာတွေ့ ပါရစေ။ ဟုတ်ပြီ..။ ဘယ်တော့လဲ။ နောက်လေးရက် ကြာရင်နော်။ ကောင်းပြီ။”

ယမမင်းထံတွင် ဘ၀ရောင်းချင်သူများ ပြတ်လပ်နေ၏။ လောလောဆယ်တွင် ဘ၀ရောင်းချင်မည့်သူ မရှိလျှင် ပုံရိပ်လက်ရှိ စာရေးဆရာမ ဘ၀မှ ခွာ၍မရ။ မန်နေဂျာနှင့်တွေ့ပြီး စကားပြောဖို့ရန်မှာ ရက်ချိန်းချက်ချင်း မရနိုင်၍ နောက်ထပ်လေ်းရက် ထပ်စောင့်ရဦးမည်။ အခုတော့ ယခုဘ၀မှာပင် ဆက်၍ နေရဦးမည်။ အခြေအနေကတော့ ဆိုးဆိုးဝါးဝါး မဟုတ်ပါ။

ထိုအချိန်မှာ နောက်ဖုန်းတစ်ခု ၀င်လာသည်။ Caller ID မှာ ယမမင်းထံမှ မဟုတ်။

“ဟယ်လို…”

“ကျွန်မတို့ အစ်မအကြောင်းကို ကြားလို့ ကူညီပါရစေ။ ဒီလိုပါ။ ကျွန်မတို့က ဘ၀၀ယ်ရောင်း အကျိုးဆောင်ပါ။ အစ်မလို ဘ၀လဲချင်သူများကို ကျွန်မတို့က ကူညီပေးနိုင်ပါတယ်။ xxxx ကိုလာခဲ့ ပါလား။”

……………………….

အကျိုးဆောင်၏ ကောင်းမှုကြောင့် ပုံရိပ်ထွက်ပေါက် တစ်ခုတော့ ရခဲ့ပြီ။ ယာယီစာရေးဆရာမ ဘ၀ကို မှောင်ခိုဈေးကွက်တွင် ရောင်းနိုင်သည်။ ဒီအကျိုးဆောင်များက ဈေးကွက်ကို ရှာပေးမည်။ မှောင်ခိုဈေးကွက်တွင် တရားဝင်ရောင်းဝယ်ခွင့် မရှိသော ဘ၀အချို့ကို ၀ယ်ယူနိုင်သည်။ ဒါပေမယ့် ပုံရိပ်၏ လက်ရှိဘ၀ကို ၀ယ်မည့်သူရှိမှ သာလျှင် အကျိုးဆောင်တို့ ၀ယ်ယူထားသော ဘ၀များထဲမှ တစ်ခုကို လဲလှယ်ခွင့် ရမည်။ (ဟူး…ရှုပ်နေတာပဲ။)

ဒီလိုနှင့် ပုံရိပ်၏ လက်ရှိ စာရေးဆရာမ ဘ၀ကို လူတစ်ယောက်အတွက် အစမ်း အမြည်းပေးလိုက်သည်။ သုံးရက်ကြာလျှင် ပြန်ရမည်။ ထိုအတောအတွင်း ဘ၀အသစ် တစ်ခုကို ပုံရိပ် မြည်းစမ်းခွင့် ရသည်။

ထိုဘ၀ မှာပုံရိပ်က ၁၁နှစ် အရွယ်ကောင်လေး တစ်ယောက်။ ကောင်လေး၏ မိဘများမှာ အလွန်ချမ်းသာသည်။ ရွှေတောင်ကြားတွင် နေသည်။ ကောင်လေးကို အင်္ဂလိပ်လို သင်သော ပုဂ္ဂလိကပိုင် ကျောင်းတစ်ကျောင်းတွင် ထားသည်။ သားတစ်ယောက် ထဲဖြစ်၍ လိုချင်တာ အကုန်ရသည်။ အလွန် အလိုလိုက် ခံရသည်။ (ငှဲ..ငှဲ…ငှဲ)

ကျောင်းက ပြန်လာတော့ အလွန်ခမ်းနားသော အိမ်တစ်အိမ်ရှေ့မှာ ကားဆိုက်သည်။ ကောင်လေး တဖြစ်လဲ ပုံရိပ်ကားပေါ်မှ ဆင်းလာသည်။

“Mommy…I’m home.”

ဟိုက် ဘယ်လို ဖြစ်ပါလိမ့်။ minibrain ၏စေခိုင်းချက် အရ ပြောလိုက်သော်လည်း နဂိုမူလ ပုံရိပ်က ဇဝေဇ၀ါ။

“I’m hungry..I’m hungry.”

ကောင်လေးက ပြေးလွှား၍ သူ့အမေရှိရာ မီးဖိုခန်းသို့ ၀င်သွားသည်။ ပုံရိပ် စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည်။ သူ့အမေပြင်ပေးသော မုန့်ကိုစားရင်း ကောင်လေး၏ ဦးနှောက်တွင်းတွင် ရှာဖွေကြည့်သည်။ ဗမာစကား ပြောလေ့ ရှိသော အလေ့အထကို မတွေ့ရ။ ဗမာစာ ဖတ်တတ်ခြင်းကိုလည်း မတွေ့ရ။ ဗမာစကားကိုတော့ နားလည်ပုံ ရသည်။

“သား ဒီနေ့ ကျောင်းမှာ ဘာတွေ လုပ်ရလဲ။”

“The teacher taught us to draw. I drew a big dinosaur.

ဗမာလို ပြန်ပြောလိုက်ချင်သည်မှာ အလွန်ပင်။ သို့ပေမယ့် ထုံးစံအတိုင်း minibrain ထံမှ ညွှန်ကြားချက် ရသည်။ အင်္ဂလိပ်လို ပြောပါတဲ့။

“သားရေ… အ၀တ်အစား လဲနော်။”

“Yes, Mommy.”

“အိမ်စာတွေ ပါလာလား။”

“Yes. A lot of homework, Mommy. But tomorrow’s a Saturday. Can I do it tomorrow? Please?”

“ကဲ… ဟုတ်ပြီ။ ဟုတ်ပြီ။ သား… ဟိုဘက်အိမ်မှာ သွားဆော့ မှာလား။”

“No, Mommy, I’ll play games on the computer. Daddy bought me a new game. He said that I had to wait until the weekend. Where’s Daddy?”

“သားဒက်ဒီ အလုပ်က ပြန်မလာသေးဘူးလေ။ မာမီဆီမှာ သော့ရှိတယ်။ သိမ်းထားတဲ့ နေရာ မာမီသိတယ်။ လာ..လာ..။”

ကွန်ပျူတာရှေ့မှာ တစ်ယောက်ထဲ ကျန်ခဲ့တော့မှ တွေးချိန်ရသည်။ မြန်မာပြည်တွင် နေပြီး ဗမာစကားတစ်လုံးမှ မပြောတတ်သော၊ ဗမာစာ တစ်လုံးမှ မဖတ်တတ်သော မြန်မာပြည်သား ဘ၀တွင် ဆက်နေ၍ မဖြစ်ပါ။ (မျိုးချစ်စိတ်ရှိလွန်းလို့ တော့မဟုတ်။ စားသောက်ဆိုင်မှာ မှာစားလို့ မရတော့ ဘယ်လိုလုပ်မလဲ… ဟီး။) ဖုန်းကို ထုတ်လိုက်သည်။

(ဆက်ရန်)

Tuesday 28 August 2007

လဲလှယ်ခြင်း သည်းခံပါ (၃)

အိပ်ရာပေါ်မှ အလူးအလဲ ထလိုက်သည်။ ပုံရိပ်အိပ်ခန်းနှင့် မတူသော အိပ်ခန်းတစ်ခု။ အိပ်ချင်မူးတူး နှင့်လိုက်ကြည့်သည်။ အင်…ဘယ်ရောက်နေပါလိမ့်။ computer စသလို အသံလေး သဲ့သဲ့ကြားရသည်။

“သမီးရေ… ထတော့။ ဒီနေ့ ဘာလုပ်စရာ၊ ဘယ်သွားစရာ ရှိသေးလဲ။”

အမျိုးသမီးကြီးတစ်ဦး အခန်းထဲ ၀င်လာသည်။

“ဟို… computer…”

“ဟိုမှာလေ… ညည်း computer။ ကျုပ်ဘာမှ မလုပ်ပါဘူး။ ကဲ အမေ ထမင်းကြော်ထားတယ်။”

ပြောပြောဆိုဆိုနှင့် အမျိုးသမီးကြီးက အခန်းထဲမှ ထွက်သွားသည်။ “your new life memory has started” ဟူသော အသံသေးသေးလေး နားထဲမှာ ကြားလိုက်ရသည်။ သြော်… ငါ့ရဲ့ ဘ၀သစ်ပဲဟု အဲဒီတော့မှ သဘောပေါက်သွားသည်။ မနေ့က ယမမင်းလူများ ဦးနှောက်၏ နောက်နားတွင် စက်အသေးစားလေး (minibrain) တစ်လုံးထည့်ပေးလိုက်တာ သတိရသည်။ ထိုစက်လေးထဲတွင် စာရေးဆရာမ၏ မှတ်ဥာဏ်အားလုံးကို ထည့်ပေးလိုက်သည်။ လိုအပ်သည့် အချိန်မှာ အကူအညီပေးနိုင်သည်။ ဘာလုပ်ရမှန်း မသိလျှင် ညွှန်ကြားချက်များ ပေးနိုင်သည်။ ပုံရိပ်က ထိုညွှန်ကြားချက်များကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် overwrite လုပ်နိုင်သည်။ ဘ၀အသစ်ကို စပေတော့မည်။

ထမင်းကြော်ကို စားပြီးအပြင်ထွက်ခဲ့သည်။ အမေဆိုသော အမျိုးသမီးကြီးနှင့် ဆက်ဆံပြောဆိုရာတွင် အမှားအယွင်းမရှိ။ မျက်နှာသစ် သွားတိုက်နေစဉ်တွင် စာရေးဆရာမ၏ ကိုယ်ရေးအကျဉ်းကို အမြန်ဆုံး သင်ယူလိုက်သည်။ ပုံရိပ် ကံကောင်းသည်မှာ ထိုစာရေးဆရာမသည် အမေနှင့် နှစ်ဦးတည်း နေကြခြင်းပင်။ အရေးထဲ ပုံရိပ်က အပြင်ထွက်ကာနီး “အမေ…ကား…” ဆိုပြီး ကားသော့ တောင်းမည် လုပ်သေးသည်။ minibrain ကသတိ ပေးသည်။ “စာရေးဆရာမ တွင်ကားမရှိပါ” တဲ့။ ကားမရှိတော့ ကောင်းတာပေါ့။ ဆီဈေးတွေ ဒီလောက်တက်နေတာ။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တွေး၍ လှေကားမှ ဆင်းလာခဲ့သည်။

တိုက်ခန်းခြောက်လွှာ မှဆင်းလာပြီး မြေညီထပ်ရောက်ခဲ့ပြီ။ ဘယ်ကားစီးပါ ဟုညွှန်ကြားချက် မရခင် ပုံရိပ်ဘတ်စ်ကား တစ်စီးပေါ်တက်ခဲ့သည်။ ပထမ ပန်းဆိုးတန်းမှာ စာအုပ်သွားဝယ်ရန်။ လိုအပ်သော စာအုပ်များ စာရင်းကို minibrain ကပြောပြပေးသည်။ ပန်းဆိုးတန်း မှတ်တိုင်မှာ ဆင်းသည်။ မဖတ်ရတာ ကြာသော စာအုပ်များ ၀ယ်သည်။

ပြီးနောက်… စာပေစီစစ်ရေးသို့ သုံးနာရီတွင် သွားပါတဲ့။ သုံးနာရီထိုးတော့ ရုံးခန်းတစ်ခု ရှေ့မှာထိုင်စောင့်သည်။ ပျင်းပျင်းရိရိ နေ့လည်ခင်းကို ထိုင်ကြည့်ရင်း minibrain က အကျဉ်းချုပ်ပြောပြသည် ကိုနားထောင်၏။ စာရေးဆရာမ၏ မကြာမီကမှ (သူ့ဘ၀ကို မရောင်းခင်) အပြီး ရေးထားသော လုံးချင်းဝတ္ထုကို စာပေစီစစ်ရေးသို့ တင်ထားသည်။ ခုကိစ္စက ထိုစာအုပ် အတွက်ပဲ ဖြစ်မည်။ ပုံရိပ်ကလည်း တခါမှ မကြုံဘူး၍ ဘာပြောရမည် ဘာလုပ်ရမည် မသိ။ စာအုပ်၏ အကျဉ်းချုပ်ကိုတော့ ကြိုတင်သိ ထားနှင့်နေသည်။ ဘာမှ ရှုပ်ရှုပ်ထွေးထွေးတော့ ဖြစ်မည်မထင်။ သုံးနာရီခွဲတော့ လူတစ်ယောက် ထွက်၍ လာခေါ်သည်။

“မXXXX ၀င်သွားနိုင် ပါပြီ”

အခန်းတစ်ခု၊ စားပွဲတစ်လုံး၏နောက် တွင်လူတစ်ဦးထိုင် နေသည်။

“ထိုင်ပါ ခင်ဗျ။ ဒါကတော့ ခင်ဗျားရဲ့ စာအုပ်ပါ။ ကျွန်တော်တို့ အားလုံးဖတ်ပြီးတဲ့ နောက်ထုတ်သင့် မထုတ်သင့် စဉ်းစားပြီးပါပြီ။”

“ဟုတ်ကဲ့.. အဲဒီတော့”

“ဖြတ်ရပါလိမ့်မယ်”

“ရှင်…”

“ဖြတ်ရမယ်လို့။ ရှည်နေတာတွေ ဖြတ်ရမယ်”

“ဟို…ကျွန်မ ရောက်နေတာ… အတိုချုပ်တဲ့ရုံး များလား”

“ခင်ဗျားရောက် နေတာ စာပေစီစစ်ရေးပါ။ ဘာပဲဖြစ်ဖြစ်ဗျာ…ဒီကနေ ဒီအထိကို ဖြတ်ပေးပါ။ ဒါမှ ထုတ်လို့ ရမယ်။”

စာရွက်များကို တဖျတ်ဖျတ်လှန်လိုက်တော့ စာအုပ်၏ သုံးပုံတစ်ပုံမျှ ပါသွားသည်။ တစ်ခုခု ပြောမည်ပြင်တော့ minibrain ဆီမှ အသံထွက်လာသည်။ “ဟုတ်ကဲ့လို့ ပြောပါ။ ပြီးရင် သွားကြစို့”။

ရုံးထဲမှ ပြန်ထွက်လာတော့ နေကျဲကျဲပူနေသော ကောင်းကင်ကို မော့ကြည့်သည်။ ဒီဘ၀နဲ့ ရှေ့ဆက်လို့ ဖြစ်ပါဦးမည်လား။ မလွယ်ပါလားနော်။ ခါးကြားမှ “ဘ၀ကူးဖုန်း” (ဘ၀တစ်ခုမှ တစ်ခုခေါ်၍ ရသောဖုန်း) ကိုထုတ်လိုက်သည်။

“လူကြီးမင်း ခေါ်ဆိုသည့် ဘ၀ကူးဖုန်းဟာ……”

ဟာကွာ။။။။

နောက်ထပ်တစ်ခါ ထပ်ခေါ်သည်။

“ယမမင်းအင်န်ဆန်းစ်က ပါလား။ ဟုတ်ကဲ့ ကျွန်မ ဘ၀လဲချင် လို့ပါ။ ရှင်….appointment။ နောက်တစ်ရက်….။ ဟုတ်..ဟုတ်။ ရပါတယ်။ နောက်တစ်ရက် စောင့်ပါ့မယ်။”

(ဆက်ရန်)

Friday 24 August 2007

လဲလှယ်ခြင်း သည်းခံပါ (၂)

နောက်တစ်နေရာမှာ တန်းစီနေသော လူတစ်စု။ လူတန်းကြီးက ရှည်လွန်းနေသည်။ ဘာတွေများ အလကားပေး နေပါလိမ့်ဟု ပုံရိပ်တစ်ယောက် စာများကို လိုက်၍ဖတ်သည်။

“ဘ၀များ ရောင်းရန်ရှိသည်”

ဘုရား….ဘုရား….။ ဘယ်လိုပါလိမ့်ဟု ပုံရိပ်တွေးတောရင်း မူနှင့်စည်းကမ်းချက်များ အကျယ်တ၀င့် ရေးထားသော သင်ပုန်းရှေ့မှာ ရပ်၍ဖတ်ရ ပြန်၏။

ယမမင်းအင်န်ဆန်းစ် ကော်ပိုရေးရှင်းမှ ကြီးမှူးသော ဘ၀ရောင်းဝယ်ခြင်း။

၁) မည်သူမဆို မိမိဘ၀ကို ရောင်းဝယ်နိုင်သည်။ လူမျိုးဘာသာ၊ ကျားမ၊ အဆင့်အတန်း၊ လိင်တူလိင်ကွဲ ရွေးချယ်မှု မခွဲခြားပါ။ မှတ်ပုံတင် နှင့်တကွ မွေးစာရင်း သက်သေပြနိုင် သူကိုသာ ရောင်းဝယ်ခွင့်ပေးသည်။ ၁၈နှစ်အောက် ဖြစ်ပါက မိဘ၏ ခွင့်ပြုချက် ပြနိုင်ရမည်။

၂) ဘ၀တစ်ခုလုံးကိုသာ အရောင်းအ၀ယ်လုပ်နိုင်သည်။ ဘ၀၏ အစိတ်အပိုင်း တစ်ခု၊ သို့မဟုတ် အချို့ကိုသာ ဖြုတ်၍ ရောင်းဝယ်ခြင်း လက်မခံပါ။

၃) ၀ယ်ပြီး ဘ၀အား နေကြည့်ရန် အစမ်းကာလ ရက်နှစ်ဆယ် ခွင့်ပြုသည်။ အစမ်းကာလ အတွင်းသာ ပြန်လဲလှယ်ခွင့် ရှိသည်။

အသေးစိတ်ကို customer service တွင်စုံစမ်းပါ။

သြော်…ဒါကြောင့် လူတွေတန်းစီ နေတာကိုး။ ရောင်းကောင်းရခြင်း၏ အကြောင်းရင်းကို ပုံရိပ်သဘောပေါက်သွားသည်။ ပုံရိပ်လည်း စိတ်ဝင်စားခြင်း ပြင်းထန်လာ၍ ၀င်တန်းစီသည်။ ဟုတ်တယ်…လိုအပ်နေတာပဲ။ ၀ယ်ကြည့်ဦးမှ။

တစ်နာရီလောက် တန်းစီအပြီး အရောင်းကိုယ်စားလှယ် ရှေ့သို့ ရောက်ခဲ့ပြီ။ သီးသန့်မှန်လုံခန်းထဲမှာ ထိုင်နေသော ကိုယ်စားလှယ်က ထ၍ နှုတ်ဆက်သည်။

“ထိုင်ပါ ခင်ဗျာ။ ရောင်းချင်တာလား၊ ၀ယ်ချင်တာလား ခင်ဗျ”

ယမမင်းရဲ့ လူတွေက ဆက်ဆံရေး ကောင်းသား။ ဈေးသည် ပြီသတယ် ထင်ပါရဲ့ဟုတွေးပြီး ပြုံးပြလိုက်သည်။

“ကျွန်မ ၀ယ်ချင်လို့ပါ”

“ဟုတ်ကဲ့ ကျွန်တော်တို့ အကူအညီပေးနိုင် ပါတယ်။ ဘယ်လို ဘ၀မျိုးလိုချင်ပါသလဲ။ ကျားမရွေးလို့ ရပါတယ်။ အစ်မက မိန်းကလေး ဖြစ်ပေမယ့်လည်း ယောက်ျားလေး ဘ၀လည်း ၀ယ်နိုင်ပါတယ်။ နောက်… ပညာအရည်အချင်း၊ အလုပ်အကိုင် စသည် ဖြင့်ပေါ့ အဲဒါလေးတွေ ရွေးလို့ရပါတယ်။ ဒီ form လေးဖြည့် ပေးပါလား။ ဒါဆို ကျွန်တော် ရှာရတာမြန်သွားပါမယ်။ နောက်ပြီး အစ်မရဲ့ သတင်းအချက်အလက် အားလုံးဟာ ကျွန်တော်တို့ ဆီကနေ အစ်မ ခွင့်ပြုချက် မပါဘဲ ဘယ်သူ့ဆီမှ မပေါက်ကြားစေရ ပါဘူး။”

ခေါင်းညိတ်ပြရင်း သူပေးသော form ကိုစ၍ ဖြည့်သည်။ ဘယ်သူ ဖြစ်ချင်သလဲ ပုံရိပ်။ စဉ်းစားစမ်း…။ ရွေးချယ်ခွင့် ရှိလျှင် အောင်မြင်သော စာရေးဆရာ တစ်ယောက်ဖြစ်ချင်သည် တွေးမိ၏။

လိုချင်သော အသက်အပိုင်းအခြား….. ၂၀-၃၅နှစ်

ကျား/မ…. မ

လိုချင်သော အလုပ်အကိုင်…. စာရေးဆရာ

လူမျိုး/နိုင်ငံ…. ဗမာ/မြန်မာ

ကိုယ်စားလှယ်ကို form ပြန်ကမ်းပေးလိုက်သည်။ သူက computer ပေါ်မှာ တချောက်ချောက်နှင့် ရိုက်ထည့်သည်။

“ခင်ဗျားတို့ မြန်မာပြည်မှာ ဆရာဝန်ကနေ စာရေးဆရာလုပ်ချင်တဲ့ လူတွေများ တယ်ဗျ။ ဆရာဝန်ဘ၀တွေ ရောင်းချင်တာ ရှိတယ်။ စိတ်ဝင်စားလား။”

“ဟင့်အင်း”

“ဟုတ်ပြီ။ ကျွန်တော် ရအောင် ရှာပေးပါ့မယ်။”

ခက်ခက်ခဲခဲ ရှာပြီးနောက် ပုံရိပ်လိုချင်သော ဘ၀ကို တွေ့ပါပြီ။ အောင်မြင်စပြုလာသော စာရေးဆရာမ တစ်ဦး။ အချစ်ဝတ္ထုများ သာမက drama ၀တ္ထုကောင်းကောင်းများကိုလည်း ရေးစပြုနေသူ။ စိတ်ကူးကောင်းကာ အတွေးအခေါ်ဆန်းသစ်သူ။ မဆိုးဘူးဟ။

“တစ်ခုတော့ ရှိတယ် အစ်မ။ အစ်မက သူ့ဘ၀ကို ၀ယ်ရင် ဘ၀ကိုပဲ ရမယ်။ သူ့စိတ်ထား၊ သူ့ဥာဏ်စိတ်ကူး တွေကိုတော့ မရနိုင်ဘူး။ နောက်သူ့မှာရှိခဲ့တဲ့ မှတ်ဥာဏ်၊ အရင်က ဘာတွေဖြစ်ခဲ့တယ် ဆိုတဲ့အသိတွေ ကိုမရဘူး။ ကျွန်တော်တို့က သူ့ဘ၀ရဲ့ ဖြစ်ကြောင်းကုန်စင်ကိုတော့ အမြန်သင်တန်းပေးမယ်။ ပြီးတော့ အစ်မရဲ့ မှတ်ဥာဏ်မှာ install လုပ်ပေးမယ်။ ဒါပေမယ့် အစ်မက ဒီမှတ်ဥာဏ်ဟာ ကိုယ်ပိုင်မဟုတ်ဘူး ဆိုတာတော့ အမြဲ သိနေလိမ့်မယ်။”

သူပြောတဲ့ စကားကြောင့် နည်းနည်းဖြုံသွားသည်။ အင်း…. ဒါပေမယ့် အစမ်းသပ်ခံ ကာလရှိတာပဲ။ မကြိုက်ရင် ပြန်ပေးမှာပေါ့။

“ဟုတ်ပြီလေ။ ဒါဆို ဈေးကရော။ ဘယ်လောက်လဲ။ credit card လက်ခံလား။”

ကိုယ်စားလှယ်က ပြုံးသည်။

“ဈေးကတော့ အစ်မ ဘ၀ပါပဲ။ အစ်မဘ၀ကို ကျွန်တော်တို့ ပထမစီစစ်မယ်။ ရာဇ၀တ် ပြစ်မှုကျူးလွန်ခဲ့သူ မဟုတ်ရင် ရောင်းလို့ရမှာပါ။”

ပုံရိပ်နှင့် အပေးအယူတည့်ပြီးနောက် form တစ်ခုမှာလက်မှတ်ထိုး ရသည်။ ရေးထားတာကတော့ အစမ်းသပ်ခံ ကာလမှာရော၊ ၀ယ်ပြီးနောက်ရော ဖြစ်လာမည့် ကောင်းကျိုးဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် ယမမင်းနှင့် မသက်ဆိုင်ပါ…စသည် စသည်ဖြင့်။ ကဲ…လာလေရော့ဟဲ့…စာရေးဆရာ ဘ၀။ (ဘလောက်ပေါ်မှာတင် မကစာအုပ်ပေါ်မှာပါ လက်စွမ်းပြတော့မည်။)

(ဆက်ရန်)

Thursday 23 August 2007

လဲလှယ်ခြင်း သည်းခံပါ(၁)

“လောကဈေး” (World Mart)

မီးရောင်များ ထိန်လင်းနေသော ဆိုင်းဘုတ်ကြီးက ဆိုင်နှင့်အညီ ခမ်းနားလွန်းနေသည်။ ပုံရိပ်တစ်ယောက် ကြောက်ဆုတ်ဆုတ်နှင့် ဆိုင်ထဲကို ၀င်ခဲ့မိပြီ။ အ၀င်ဝမှာ ရပ်နေသော ဈေးကြိုအမျိုးသမီး ချောချောလေး နှစ်ယောက်က ပြုံးပြနှုတ်ဆက်၍ နည်းနည်း အကြောက်ပြေသွား သယောင်။ ထိုအမျိုးသမီးလေး များက ပုံရိပ်ကို လက်ကမ်းစာစောင်လေးများ ဝေပေးသည်။ ဘာပါလိမ့်ဟု ကြည့်မိတော့ သူတို့ဆိုင်၏ မူဝါဒ အကြောင်း။ ထူးထူးခြားခြား ကြော်ငြာထားတာက သူတို့ဆိုင်မှ ပစ္စည်းများကို ၀ယ်ပြီး ပြန်လဲလှယ်သည့် စနစ်၊ ငွေပြန်အမ်းသည့် စနစ် ရှိသည်တဲ့။ ဒါများ ဘာထူးခြားလို့လဲ၊ တခြားဆိုင်တွေ ဆိုလည်း ဒီလို ကျင့်သုံးကြတာပဲ ဟုရေရွတ်ရင်း စာရွက်ကို အိတ်ထဲ ခေါက်၍ထည့်ရင်း ဆက်လျှောက်လာ ခဲ့သည်။

ယနေ့ ခေတ်စားနေသော ဘာ mart ညာ mart များနှင့် မခြား ပစ္စည်းများက အစုံအလင်။ တစ်လိုင်းဝင် တစ်လိုင်းထွက် ပုံရိပ်လျှောက်ကြည့် မိသည်။ အ၀တ်အစားများ၊ ပရိဘောဂများ၊ စာရေးကိရိယာများ၊ စသည်ဖြင့်။ ကိုယ့်မှာရှိပြီးသား အရာများ ၀ယ်စရာ မလို။ မလိုအပ်လျှင် မ၀ယ်နဲ့ဆိုသော စည်းကမ်းကို လိုက်နာရပေမည်။

တစ်နေရာမှာတော့ ပုံရိပ် အကြီးအကျယ် စိတ်ဝင်စား သွားသည်။ “အိမ်ထောင်ဖက်/ရည်းစား” ဟူသော ခေါင်းစဉ်အောက်မှာ…ဓါတ်ပုံများ။ မ၀ယ်ရင်တောင် လျှောက်ကြည့်ဦးမှ။ တစ်ပုံချင်းးကို ရှင်းလင်းချက်နှင့် တကွ ကတ်ထူပြားတွေပေါ်မှာ ကပ်၍ထားသည်။ “petite” ဟူသော ခေါင်းစဉ်အောက်မှာ ခပ်သေးသေး သွယ်သွယ် မိန်းမ၊ယောက်ျား တချို့။ ကျွန်မအလေးချိန် ကတော့ ပေါင်ကိုးဆယ်ပါ.. ပေါင်တစ်ရာပါ…စသည်ဖြင့်ပေါ့။ “Medium” ဟူသော ခေါင်းစဉ်အောက် မှာတော့ ကြည့်ကောင်းသားဟု ပုံရိပ်တွေးမိသည်။ ပြီးတော့ “Large” “XL” “XXL”။ အဲဒါတွေတော့ ကြည့်ဖို့ စိတ်မ၀င်စား။

တစ်နေရာမှာ အနီ၊ လိမ္မော်ရောင်များ ထိန်နေသော တံဆိပ်များဖြင့်… လျှော့ဈေးဆိုပါလား။ လျှော့ဈေးကုန်များရှေ့မှာ ပုံရိပ်ရပ်လိုက်သည်။ “SAVE 50%....HAVE A FULL TIME JOB” “SAVE $$$ a year…I AM ON DIET” “No emotional outburst for three years, GUARANTEED!!” “GREAT SAVING… REFURBISHED…LIKE NEW…IN MINT CONDITION” “Buy one husband and get two kids for free” ရယ်မိသည် ထင်သည်။ ပုံရိပ်နောက်မှာ အရိပ်တစ်ခုတွေ့တော့မှ လှည့်ကြည့်မိသည်။ ဓါတ်ပုံတွေထဲမှ မျက်နှာတစ်ခု။ ရှူတည်တည်နှင့် ဘုကြည့်ကြည့်နေသည်။ မလွယ်ဘူး… သွားမှဟု ကိုယ့်ဟာကိုယ် ပြန်သတိပေးရင်း ကုတ်ချောင်းချောင်း ထွက်လာခဲ့သည်။

(ဆက်ရန်)


Monday 20 August 2007

War

ချိန်တာ ကြာတော့ အားနာလာတာနဲ့ နောက်ရေးထားတဲ့ ကဗျာ တစ်ပုဒ်။ သဒ္ဒါတွေ မှန်ချင်မှမှန် ပါလိမ့်မယ်။ သည်းခံကြပါ။

I can’t hear any command
Nor even think of those glorious and prestigious things I was fighting for
But the grievous pain of the dying soldiers
But the tears of the inconsolable widows
Amidst the shower of bullets


The blood stained flag pretends to be victorious and elegant
The land exchanged with lives and blood seems to dignify the sacrificed souls
But I can’t value it no more than
The order “You may rest in peace”.

Monday 13 August 2007

မဆုံသော ချိန်ရွယ်ခြင်း

မဆုံတော့မဲ့ ပစ်မှတ်တစ်ခု
ငါချိန်ရွယ်ရင်း
တွေဝေ နေမိပြန်တယ်။
မြှားရဲ့ လားရာကို
ငါမသိ။
ဒါပေမယ့်
ပစ်မှတ် ကိုထိမှာလည်း
စိုးရွံ့မိတယ်။

ဘယ်ကို သွားမှာလဲ..
လေးတစ်လက်နဲ့
မြှားတစ်စင်းရဲ့ ရာဇ၀င်
ငါမကြားချင်လည်း
မြှားတစ်စင်း လွတ်ထွက်သွားခဲ့ပြီ။

Wednesday 8 August 2007

အခြေခံ လိုအပ်ချက်

နေကချစ်ချစ်တောက် ပူနေသည်။ ရာဘာဖိနပ် ကလေးပင် ပျော်ကျတော့မှာ လားဟုသူ ပေါက်ပေါက်ရှာရှာ တွေးမိသည်။ အခုလည်း ပျော်ကျနေသလို ပါပဲ။ တရိရိနဲ့ ပါးလာသော ဖနောင့်နေရာကို ကြည့်မိတော့ သူခြေကိုတောင် ဖွဖွ လှမ်းမိသည်။ အင်းလေ.. သူလည်း အနင်းခံရတာ ကြာလှပြီကိုး။ လူရုပ်..အဲ.. ဖိနပ်ရုပ်တောင် မပေါ်ချင်တော့။

ရှေ့မှာ အိမ်ကို လှမ်းမြင်ရပြီမို့ သူခြေလှမ်း သွက်သွက်လှမ်းလိုက်သည်။ မိန်းမက ဘာဟင်းများ ချက်ထားမှာပါလိမ့်။

အိမ်ပေါ်တက်လိုက်တော့ အိမ်ကလေး နိမ့်သွားသလို။ အိမ်ရှေ့ ကြမ်းပေါ်မှာ ထမင်းဝိုင်းလေး ခင်းထားသည်။ ဟင်းခွက် ထမင်းခွက်တွေတော့ မချသေး။

“မိန်းမရေ.. ကိုယ်ပြန်လာ ပြီဟေ့”

“ကျွန်မ ဒီမှာ ထမင်းအိုး ချနေလို့”

မီးဖိုပေါ်သို့ တင်လိုက်သော ထမင်းအိုးမှာ အငွေ့တထောင်းထောင်း နှင့်ကျက်လောက်ပြီ။ မိန်းမအနားက ခွာပြီး အိမ်ရှေ့က ကြိုးတန်းပေါ်မှာ လွှားထားသော ပုဆိုးကို ဆွဲယူလိုက်သည်။ ရေချိုးဦးမှ။

ရေခွက်ကိုကိုင် ၍ရေစည်နားမှ ပြန်တက်လာတော့ ထမင်းစားပွဲဝိုင်းလေး ပေါ်မှာ ထမင်းခွက် ဟင်းခွက်တို့ ရောက်နေပြီ။ စွပ်ကျယ်အဟောင်း တစ်ထည်ကို ကောက်စွပ်ပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်၏်။ မိန်းမက ငပိရည်ကျဲကျဲကို မွှေကာ သူ့ပန်းကန်ထဲသို့ ဦးချသည်။ ရေကျဲကျဲ ငရုတ်သီး များများနှင့် အာလူးလေး လေးတုံးပါသော ဟင်းကို ထည့်ပေး ပြန်၏။ ကန်စွန်းရိုးနီများက ပန်းကန်ထဲမှာ ထိုးထိုးထောင်ထောင်။ သခွားသီးစိတ်လေး လေးစိတ်ကို ကြည့်ရသည်မှာ သနားစရာ။ ဘာရွက်မှန်းမသိသော အရွက်တမျိုးမျိုးနှင့် ချက်ထားသော ဟင်းချိုက အငွေ့တထောင်းထောင်း။ သူငါးပိရည်နှင့် နယ်ထားသော ထမင်းတစ်လုတ်ကို ပါးစပ်ထဲထည့်လိုက်သည်။ မာကြမ်းကြမ်း အရသာနှင့် အောက်သိုးသိုးအနံ့တို့ ရောသွားကြသည်။ အင်း….ဟင်းမကောင်း ရင်တောင်မှ ထမင်းအိအိ မွှေးမွှေးလေးတော့ စားရရင် သေပျော်ပါပြီ။

xxxxxxxxxxxxxxxxx

“အား…ပူလိုက်တာကွာ”

“ဟော… ဖေဖေပြန်လာပြီ”

သူအိမ်ထဲ ၀င်လာတော့ အိမ်ရှေ့ခန်းမှာ ဓာတ်ခဲနှင့် ကားမောင်းနေသော သားက လှမ်းအော်သည်။ ဆယ်နှစ်အရွယ်ရှိပြီ ဖြစ်သောသားက တော်တော်နားလည် နေပြီ။ အိမ်မှာသူ့ခြေသူ့လက် လုပ်တတ်နေပြီ။ ရုပ်မြင်သံကြားကို သူဖွင့်တတ်သည်။ ကာတွန်းကား ဆိုလျှင်အခွေထည့်ပြီး ကြည့်တတ်သည်။ ကက်ဆက်ဖွင့်ကာ “တောင်ကုန်းပေါ်မှာ… ဘုရားတစ်ဆူ” ဟုလိုက်အော် တတ်သည်။

“သားရေ.. ပန်ကာဖွင့် စမ်းကွာ။ ပူလိုက်တာ လွန်ရော”

သားကို ပွေ့ချီရာမှချ၍ ပြောတော့ သားက ခေါင်းခါပြသည်။ မီးမလာဘူး ဖေဖေတဲ့။ အင်း…..ဒီမီးတော့ ကွာဟု စိတ်ထဲက ညည်းမိသည်။

“ရေလေး တစ်ခွက်လောက် ခပ်ပေးစမ်းပါကွာ”

သားက နောက်ဖေးဘက်ကို ပြေးဝင်သွားရင်း ရေခဲသေတ္တာကို ပြေးဖွင့်သည်။ ရေခွက်လေး တစ်ခွက်သူ့လက်ထဲမှာ ပါလာသည်။

“ဟာ မင့်ရေကလည်း မအေးပါလား”

“မအေးဆို မီးပျက်သွားတာ မနက်ထဲကပဲ။ အခုညနေစောင်း တဲ့ထိပြန်မလာဘူး။ ဒီည တစ်ညလုံးပျက်ဦး မလားမသိ။ ကိုရီးယားကားလေး တော့လွတ်ပါပြီ”

သားတို့ အမေက ၀င်ပြောသည်။ သူ့မှာလည်း သူ့စွဲလမ်းမှုလေးနဲ့ သူ။ ကိုရီးယားကားတဲ့။

“ကဲ..ရှင်ထမင်း စားတော့မလား။ ကျွန်မ ဂတ်စ်မီးဖိုနဲ့ပဲ ဟင်းနွေးလိုက်တော့မယ်”

“ရေအရင် ချိုးဦးမယ်ကွာ။”

ရေချိုးခန်း မ၀င်ခင် မြေအိုးလေးထဲမှ ရေတစ်ခွက်ကို တစ်ကျိုက်ထဲ မော့ချလိုက်မိသည်။ အား…အေးသွားတာပဲ။ နောက်ဆုံးတော့ မြေအိုးထဲက ရေကပဲ အမြဲအေးနေတာ။

ရေချိုးခန်းဝင်မည် လုပ်တော့ မိန်းမရဲ့ လှမ်းအော်သံကို ကြားလိုက်သေးသည်။

“ရေတွေ အများကြီး မဖြုန်းနဲ့နော်။ မီးက ဘယ်အချိန် ပြန်လာမယ် မသိဘူး။”

“အေးပါကွာ။ အေးပါကွာ။”

ဒီမီးတော့ ကွာဟု ဒုတိယ အကြိမ် ကျိန်ဆဲပြန်သည်။ ရေလေးတော့ ၀၀ချိုးရတဲ့ ဘ၀လိုချင် ပါတယ်။ မကျေမနပ်နှင့် ခေါင်းပေါ်မှ ရေတ၀ုန်းဝုန်း လောင်းချသည်။ အာ…. ဘယ်နှစ်ခွက်တောင် ရှိသွားပြီလည်း မသိဘူး။

Xxxxxxxxxxxxxxxxxxxxxxxxxxxx

“ဟေး…………….. မီးလာပြီ ကွ”

တစ်ရပ်ကွက်လုံး သိမ့်သိမ့်တုန် သွားသလို။ ကလေးတွေ အော်သံရော၊ လူကြီးတွေ အော်သံပါ ဆူညံ၍ သွားသည်။ ၀မ်းသာအားရနှင့် ဖတ်လက်စ စာအုပ်လေးကို ဘေးချလိုက်သည်။ ဖယောင်းတိုင်မီးကိုတောင် ငြိမ်းဖို့မေ့ပြီး ကွန်ပျူတာဆီ ထလာခဲ့သည်။

“ဟဲ့ ဖယောင်းတိုင်မှုတ် လိုက်ဦးလေ။”

အမေက လှမ်းအော်တော့မှ ကွန်ပျူတာကို စထားခဲ့ပြီး ဖယောင်းတိုင်ကို မီးလာငြိမ်းရသည်။ နှေးနှေးလေးသွားနေသော အဖွင့်မျက်နှာကို သူစိတ်မရှည်။ အားလုံးပွင့်လာတော့ အီးမေးလ်စစ်ရမည်။ Microsoft Outlook။ ဖြေးဖြေးလေး ပွင့်လာနေသည်။ Connect To ကိုနှိပ်၊ ပြီးတော့ MPT။ တီ…..တီ…..ဆိုသော အောက်ကလိသံကို ကြားရပြီ။ Connecting…..။ ကွန်ယက်နှင့် ဆက်ဖို့ ခဏစောင့်ရ ပေဦးမည်။ အမေဖွင့် ထားသော ကိုရီးယားကား သွား၍ငေးလိုက် သေးသည်။ ကောင်မလေးက လူကီးမီးယား ဖြစ်နေသည် တဲ့။ ဟော… အသံတိတ် သွားပြီ။

သူအပြေးအလွှား ကွန်ပျူတာဆီ ပြန်လာတော့ အီးမေးလ်များကို ဆာဗာပေါ်မှ ဆွဲချနေပြီ။ အချစ်လေးဆီက အီးမေးလ် ၀င်နေလောက်ပြီ။ အင်တာနက်ကို ဆက်လို့မရတာ တစ်ရက်၊ မီးမမှန်တာ တစ်ရက်ဆိုတော့ သူ့အီးမေးလ် နှစ်စောင်လောက်တော့ မဖတ်ရသေးတာ ရှိနေမှာပဲ။ အချစ်လေးက တစ်နေ့ကို အီးမေးလ်တစ်စောင် မှန်မှန်ပို့ နေကျ။ သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ ကိုယ့်ကိုလွမ်းတယ် ဆိုတဲ့အကြောင်းက အစ၊ ဒီနေ့သူ ဘာချက်စား တယ်ဆိုတာက အဆုံး စီကာပတ်ကုံး ရေးနေကြ။ ကိုယ်ကလည်း ကိုယ့်တနေ့တာ ဖြစ်ကြောင်းကုန်စင်ကို Wordမှာ မီးလာတုန်းလေး ရိုက်ပြီးသိမ်းထား ရတာပေါ့။ မီးလာတဲ့ အချိန်၊ connection ကောင်းတဲ့ အချိန်ကျရင် သူ့ဆီပို့။ ဒီလိုနဲ့ပဲ email ဟာ ကိုယ့်အတွက်တော့ မရှိမဖြစ် ဖြစ်လာရတော့ ပေါ့လေ။

Inbox ထဲစာဝင်လာ သောနှုန်းက စိတ်မရှည်ချင် စရာ။ အင်း… မဟုတ်က ဟုတ်က အီးမေးလ်တွေလည်း များဦးမှာ ဆိုတော့ ကြာဦးမှာပဲ။ ရုပ်မြင်သံကြားရှေ့ ကိုသူပြန်ရောက် လာပြန်သည်။ မင်းသမီးချောချောလေးသည် ဖန်သားပြင်ပေါ်မှာ ငိုလျက်။

ဘယ်လောက်ကြာသွားပြီ မသိ။ ကွန်ပျူတာရှေ့ ပြန်ရောက်တော့ ကွန်ယက်နှင့် အဆက်အသွယ်ပြတ် နေပေပြီ။ ဟူး… ပြန် connect လုပ်ရ ဦးမယ်။ Dialing………Unable to connect ဆိုပါလား။ Redial…….56, 55, 54, 53…. ဟာကွာ… မရပြန်ဘူး။ Redial…….

လောကတစ်ခုလုံး မှောင်ကျသွားသည်။ ဟာ……….ဆိုသော အသံများ ဆူညံသွား၏။ မီးပျက်သွားပြန်ပြီ။ မနက်ဖြန်တော့ internet café တစ်ခုခု သွားမှ ထင်တယ်။ ဟူး…. အချစ်ကလေးနဲ့ နီးရဖို့ အတွက် အင်တာနက် connection ကောင်းကောင်းလေး တော့ရချင် ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxx

အာရှမှ တင်သွင်းသော ဆန်မွှေးမွှေးကို ၀ယ်စားနိုင်သော နိုင်ငံ

၂၄ နာရီမှ မီးမလာလျှင် လူတွေ ဘာမှမလုပ် တတ်သော နိုင်ငံ

Broadband ကြိုးမဲ့ အင်တာနက် နေရာတကာ တပ်ဆင်ထားသော နိုင်ငံ

“အောင်မလေး… လေးလိုက်တာ….”

လက်ထဲမှ အထုပ်အပိုးတွေကို မနိုင်မနင်းမရင်း အိမ်ထဲဝင်လာတော့ မှပင် အမောပြေသွားသည်။ လေအေးစက်နှင့် အေးစိမ့်နေသော အိမ်ခန်းက သူ့ကို ဆီးကြိုနေသည်။ အထုပ်များကို မဖြည်အားသေးပဲ ရေခဲရေ တစ်ခွက်ကို ၀၀သောက်ပစ် လိုက်သည်။ လည်ချောင်းထဲမှာ အေး၍စိမ့်ကာ ပိုပြီး အမောပြေသွား သလို။

ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း အထုပ်များကို ငေးကြည့်နေ မိ၏။ ငါဒီအထုပ်တွေကို ဘယ်လိုများ သယ်ခဲ့ပါလိမ့်။ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး မရှိတာ ဘယ်လိုမြို့များ ပါလိမ့်ကွယ်။ လမ်းပေါ်မှာတော့ လူတစ်ယောက် တစ်စီးနှုန်းဖြင့် ယာဉ်များ တ၀ီဝီ သွားလာနေကြသည်။ ကိုယ်ကသာ ဇော်ဝင်းရှိန် သီချင်းဆိုရ မလို။ (“မြို့ထဲလမ်းမပေါ်… ကားရောင်စုံများစွာ.. တစ်စီးမှ ကိုယ်မပိုင်ပါ။”)

ခုတော့ အလုပ်သွားလည်း စက်ဘီးစီး၊ ကျောင်းသွားလည်း စက်ဘီးစီး။ အမယ်… ကမ္ဘာကြီး ပူနွေးလာလို့ တချို့ကား ရှိတဲ့လူတွေတောင် စက်ဘီးစီးကြတယ် ဆိုပဲ။ ဒီလိုဆိုတော့လည်း ကိုယ်လည်း ခေတ်မီလာ သလို။ ဒါပေမယ့် ကားမရှိတာ ကြောင့်ကိုယ့်မှာ လူမှုရေးဆိုလည်း ပျက်ကွက်ရတာပေါ့လေ။ သူငယ်ချင်းတွေ ဖိတ်ရင်၊ လုပ်ဖော်ကိုင်ဖက် တွေဖိတ်ရင် မသွားနိုင်။ လမ်းလျှောက်လို့၊ စက်ဘီးစီးလို့ ရတဲ့ နေရာမှပဲ လာနိုင်ပါ့မယ် ဆိုပြီး တောင်းပန်ရတာ။

အဆိုးဆုံးကတော့ ဈေးဝယ်တဲ့ အချိန်။ ဈေးဝယ်တဲ့ အခါတိုင်း အငှားကား ခေါ်လို့လဲ မဖြစ်။ ၀ယ်သမျှ အထုပ်တွေ ဘယ်တဖက်၊ ညာတဖက်ဆွဲလို့ စက်ဘီးနင်းရင်နင်း၊ လမ်းလျှောက်ရင် လျှောက်။ နွေဆိုတော့လည်း ချွေးဒီးဒီး ကျလို့။ ဆောင်းဆိုတော့လည်း အေးလွန်းလို့ အထပ်ထပ်ဝတ်ပြီး သွားရတာ။ ကိုယ့်အနွေးထည် ကိုယ်ပြန်မ နေရတာနဲ့တင် တော်တော်လေး နေပြီ။ အထုပ်တွေ မရတာ တော်တော် အားကုန်သွားပြီ။ စားဖို့သောက်ဖို့ လုပ်ဦးမှ။

ဆန်အိတ်ထဲမှ ယိုးဒယားဆန် ကော့ကော့လေး များကို လျှပ်စစ်ထမင်းအိုးထဲ ထည့်လိုက်သည်။ ရေထည့်၊ ခလုတ်နှိပ်ပြီးရင်တော့ နာရီဝက်လောက် စောင့်ရဦးမည်။ ခရီးဆောင် ကွန်ပြူတာ ကိုဖွင့်လိုက်သည်။ Network connection is now connected…. အင်း…ကားလေးတစ်စီး တော့ဝယ်ဦးမှ။

Sunday 5 August 2007

အဓိပ္ပာယ်

စိတ်တိုင်းကျကြီး မဟုတ်သော်လည်း တင်လိုက်ပါဦးမယ် ကဗျာတစ်ပုဒ်။

ပတ်ဝန်းကျင်က သတ်မှတ်တာလား
ကိုယ်ဟာ တစ်ကယ်ပဲလား
ဘ၀ဆိုတာ ကိုယ်မပိုင်မှတော့
လွှင့်ပစ် လိုက်ရုံပေါ့။

ခေါင်းမညိတ် နဲ့လေ
မတန်ပါဘူး
ရခဲ့တဲ့ ဖလား အစုတ်တစ်လုံး
ပေးလိုက် ရတာဝိညာဉ် တစ်ကောင်။
ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။

Thursday 2 August 2007

စာရေးသူ၏ အတုံးကြီး

ကွန်ပြူတာ စာမျက်နှာ ဖြူဖြူကို ငေးကြည့်တာ ကြာပြီပဲ။ ညာဘက်ထောင့်က အချိန်ကိုပြနေသော ဂဏန်းတွေကို ကြည့်မိတော့ ညသန်းခေါင်ကျော် တော့မည်။ ရေးစရာ ဘာမှမထွက်။ ဒေါသတော့ ထွက်လာသည်။ ရေးချင်သော စိတ်က အလွန်ကြီးစိုးနေ သော်လည်း ကုန်ကြမ်းမရှိ။ မရှိသော အကြောင်းအရာကို စကားလုံးတွေနဲ့ ဖော်ပြလို့ ရပါသလား။ ကိုယ်ဘာရေးချင်မှန်း မသိဘဲနဲ့ စာရေးလို့ ရပါသလား။ စဉ်းစားလွန်းတော့ ဦးနှောက်တွေ ပူလာသည်။ စိတ်အပြောင်းအလဲ ဖြစ်အောင် ကော်ဖီလေး တစ်ခွက်လောက် တော့ဖျော်ဦးမှ။

စဉ်းစားနေတာ ဘယ်လောက်ကြာ သွားသည် မသိ။ ရေနွေးဆူသံ တပွက်ပွက်ကြားမှ သတိပြန်ဝင်လာသည်။ မီးဖိုကို လှမ်းပိတ်လိုက်ပြီး ရေနွေးအိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ ရေနွေးက ပူလွန်းသေးတယ်ဟူသော အကြောင်းပြချက်နဲ့ ကွန်ပြူတာရှေ့ကို ပြန်ရောက်လာ ပြန်ပြီ။

မျက်စိရှေ့မှာ အဖြူရောင် သက်သက်…..။ အား…ဘာရေးရမှာလဲ….။ ခေါင်းကိုစုံကုတ် မိသည်။ အနီးကြည့်မျက်မှန်ကို ချွတ်၍ စာရေးစားပွဲ ပေါ်တင်လိုက်၏။ နောက်မှီပေါ် ခဏမှေးပြီး မျက်စိမှိတ် စဉ်းစားဦးမှ။ အင်း ၀တ္ထုရေးရင်ကောင်း မလား။ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ဖြစ်။ အချစ်အကြောင်း ကောင်းကောင်းမသိဘဲနဲ့များ ၀တ္ထုရေးချင် သလား။ ကိုယ့်နားထဲ မှာလှောင်ရယ်သံ သဲ့သဲ့ကြား လိုက်သလို။ လူတွေရဲ့ ဘ၀ သရုပ်ဖော် ရေးရကောင်း မလား။ ကိုယ်ရေးတတ်သော အကြောင်းအရာ အချို့မှာ ကိုယ့်ထက် အဆပေါင်းများစွာ သရုပ်ဖော်နိုင်သူများက ရေးခဲ့ကြပြီးပြီ။

ဒါဖြင့် အတွေးအခေါ်ပိုင်းဆန်တဲ့ စာတစ်ပုဒ်လောက် ဆိုရင်ကော။ တွေးရခေါ်ရ တာတွေ များလွန်းပြီ ဆိုတော့ မတွေးချင်တော့ပါ။ ပေါ့ပေါ့ပါးပါး ဟာသစာမျိုး ရေးရင်ရမလား မသိ။ ခုတလော မျက်နှာက ရှစ်ခေါက်ချိုးနဲ့ ဘယ်လိုဖြစ်နေတာလဲလို့ သူငယ်ချင်းတချို့က မေးတာ ခံနေရအောင် စိတ်ကမကြည်သာ။ အာ… မဖြစ်သေး ပါဘူး။ အဲ.. ကဗျာစပ်ရင် ကောင်းမလား။ ဟုတ်ပြီ။ အပြင်ကို လှမ်းကြည့်တော့ ပိန်းပိတ်နေသော အမှောင်ထု တစ်ခုသာ။ မီးရောင်ညစ်ညမ်းမှု မလိုချင်သူများ အတွက်တော့ သဘောကျစရာ။ လမ်းမီးတိုင်က ကိုယ့်ပြတင်းပေါက်မှ တော်တော်လေးလှမ်းသည်။ အမှောင်ထု… အမှောင်တစ်ခု… လကိုထုချေ… ကြယ်တွေကြွေရင်…အဲ… ကြယ်တွေကြွေရင်…။ ဟာ မဟုတ်သေး ပါဘူး။ ဟိုနေ့ကပဲ ကြယ်တွေကြွေပြီး သွားပြီ။ Delete…နဂိုအတိုင်း အဖြူရောင် စာမျက်နှာတစ်ခု။ စိတ်ဓာတ်တော်တော် ကျသွားသည်။ စာရေးဆရာ တစ်ယောက်ရဲ့ ဒုက္ခကို နည်းနည်း ကိုယ်ချင်းစာမိသလို။ စာတစ်ပုဒ်ထွက်ဖို့ ဆိုတာ မလွယ်ပါလား။ အနည်းဆုံးတော့ ကိုယ့်အတွက်ပေါ့လေ။

ထိုင်ရာက ထလာခဲ့သည်။ လမ်းလေးဘာလေး လျှောက်လိုက်ဦးမယ်။ ဒါကြောင့် စာရေးဆရာတွေ ဆေးလိပ်လေး ဖွာလိုက်၊ လက်ဖက်ရည်လေး သောက်လိုက်၊ ရေနွေးကြမ်းလေး၊ အဲ..ဟိုဟာလေး ဒီဟာလေး သောက်လိုက်နဲ့ ရေးတာဖြစ်မယ်။ ဟောတော့.. ကော်ဖီ။ ကော်ဖီသောက်ဖို့ ဖျော်ထားတာလေ။ မီးဖိုထဲကိုယ်ပြန်ဝင်လာပြီး ရေနွေးအိုးကို စမ်းကြည့်တော့ အေးစက်၍ နေပြီ။ အင်း…. ရေနွေးပြန်တည် ဦးမှ။

Monday 30 July 2007

ကြယ်ကြွေတဲ့ည

ည…
လက တခြမ်းပဲ့နေတယ်
ဘယ်မှာ လဲကွယ်
မင်းခြေရာ
အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။

ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင်
မသိလိုက် ပါလား။

ကိုယ့်ရင်ပတ်ပေါ်
ကြွေကျသွားတာ
ကြယ်တစ်စင်းလား
နှလုံးသား တစ်စုံလား

ကိုယ့်လက်နဲ့ ထိလုလု
ကောင်းကင်ပြိုကျ
ကိုယ် လန့်နိုး ခဲ့ပြီ။

Saturday 28 July 2007

လမ်း

လမ်းကလေးတစ်ခု…
စလျှောက်လာတော့ မှောင်စပြုပြီ။
လေတချက် အသုတ်မှာ ကိုယ်အနွေးထည် ဇစ်ကိုဆွဲတင်ရင်း တင်းတင်းစေ့ထား မိသည်။
မှောင်ရီပျိုးနေသော ကောင်းကင်အောက်မှာ ငှက်များအုပ်လိုက် ပျံသွားနေကြသည်။ တိတ်ဆိတ်ခြင်းရဲ့ အသံက ဆူညံလွန်းနေသည်။
ကိုယ့်ဖိနပ်အောက် မှာပြားသွားကြသော မြက်ပင်များကို ကိုယ်မသနားမိ။

မိုးကုပ်စက်ဝိုင်းအောက်သို့ နေလုံးကြီးဝင်သွား သည်ကို ကိုယ်ငေးကြည့်နေမိသည်။
ပင်လယ်အောက်သို့ ငုပ်လျှိုးသွားသော၊ တောင်စွယ်အောက် မှာပျောက်ကွယ်သွားသော နေ၀င်ချိန်များကို ကိုယ်နှစ်သက်စွာ ခံစားခဲ့ဖူးသည်။
ကြည့်စမ်း… စွမ်းအားကြီး ပါတယ်ဆိုတဲ့ သဘာဝတရား ကြီးတောင် အတက်အကျ၊ အလှည့်အပြောင်းတွေ နဲ့။
ကိုယ့်ဘ၀က ဘဘာဝကြီးနဲ့ စာရင်သေးငယ်လွန်း ပါတယ်။
နှိုင်းစာလိုက်ရင် ကိုယ်ရဲ့ အပြောင်းအလဲတွေဟာ မပြောပလောက် တော့ပါဘူး ကွယ်….

သူငယ်ချင်း တစ်ယောက်ပြောတာ သတိရမိသည်။
ဘာတွေပဲ ဖြစ်နေနေ၊ ကမ္ဘာကြီး မပျက်သေးပါဘူး တဲ့။
ဟုတ်တယ်လေ… ကိုယ်ဟာ တနေ့မှာ ရှင်ဘုရင်ဖြစ်ပြီး နောက်တနေ့မှာ သူတောင်းစားဖြစ်နေလည်း လောကကြီးက လည်ပတ်နေမှာပါ။
ဘာမှ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး။

မလုပ်ချင်တာများကို လွှတ်ချခဲ့ရလျှင် ကိုယ်လက်ချည်း ဗလာသာပြန်ရ မည်လား။
အဲ.. ထမင်းလည်း ငတ်မည်ပေါ့။
ခက်တာက ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာ ကိုလည်း အတိအကျ မသိ။
ဒီလမ်းကလွဲလို့ ဘယ်လမ်းကိုမှ ကိုယ်မသိခဲ့။
လူရယ်လို့ ဖြစ်လာရင် ဆိုသော စည်းကမ်းတွေ ကလနားတွေ ကြောင့် ကိုယ်ရွေးခဲ့ မိသည်လား။
ရွေးချယ်ရတာ မောလွန်းပါတယ်….
ရွေးချယ်မှုတိုင်း ရဲ့နောက်ကွယ်မှာ တာဝန်တွေ တသီကြီးပါလာ တတ်တာကိုး။
ရွေးချယ် စရာမရှိလို့ဟု အကြောင်းပြပြီး လမ်းရိုးအတိုင်း လျှောက်ရသည် မှာသက်သာသည်။

ကိုယ်မဲ့ပြုံး ပြုံးမိသည် ထင်သည်။
ကိုယ့်ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတာကို ကိုယ်မသိချင်ပါ။
အဘိဓာန်တစ်အုပ် မှမဟုတ်ဘဲ လေ…
ကိုယ်ဘာကြောင့် ရှင်သန်နေတယ်ရယ် လို့အကြောင်းပြချက် လိုလို့လား။
မေတ္တာတစ်ခု သက်သက်အတွက် ရှင်သန်လို့ မရဘူးလားကွယ်….
ကိုယ့်အတွက် ကြီးကျယ်ခမ်းနားမှု မလိုပါဘူး။

ကိုယ့်ဘ၀သည် သူတပါးအဆုံးအဖြတ်မှာ တည်ခဲ့ဖူးသည်။
သူတပါးဆန္ဒနှင့် ကိုယ်အသက်ရှူဖူး ခဲ့သည်။
အရေးမကြီးသော အရာတချို့ကို အရေးတကြီး လုပ်ခဲ့ရဖူးသည်။
အရေးကြီးသော လူတချို့ကို လည်းအရေးမကြီး သလိုထားခဲ့ဖူးသည်။
နောင်တဆိုတာ ကိုယ်သိပေမယ့် နားမလည်ခဲ့….

ရှေ့မှာမြင်နေ ရတာ လမ်းကလေး တစ်ခု…
မှောင်နေတော့ လမ်းဆုံးကို မတွေ့သေး။
အေးသော်လည်း ဆက်လျှောက်ရဦးမည်။
ဆက်လျှောက် ရဦးမည် ပေါ့။
အဝေးမှ သီချင်းသံ သဲ့သဲ့ကြားနေ ရသည်…..


“မရေရာဘူး…. မသေချာဘူး….. မပြီးဆုံးဘူး…
မသေချာဘူး.. မရေရာဘူး.. မမြဲနေဘူး…
မကြင်နိုင်ဘူး..မမြင်နိုင်ဘူး…. ဘာ…..မှမရှိဘူး
ရပ်တန့်လို့ မရဘူး……”


မှတ်ချက်။ ။

သီချင်းအမည်-မရေရာဘူး
တေးရေး-မောင်မောင်ဇော်လတ်+လင်းလင်း
တေးဆို-လေးဖြူ

Wednesday 25 July 2007

ဆက်စောင့်ကြပါနော်

ပုံရိပ် တစ်ယောက် ဘလော့ဂ်မရေးတာ ကြာလို့ မရေးတတ်တော့ ပါ။ အရှိန်ယူနေ ပါသည်။ သည်းခံပြီး စောင့်ဖတ်ကြတဲ့ မိတ်ဆွေသူငယ်ချင်း များရေ... စောင့်လက်စ နဲ့ဆက်စောင့်ကြပါနော်။ နောက်နှစ်ရက် သုံးရက်လောက်.... :D

Monday 16 July 2007

ကြွေပွင့်


တလွင့်လွင့်လျှင်
လက်ဖြင့်ခြွေနှယ်
ပန်းတေလေတို့
လမ်းမှာကြွေ။

ရယ်မောရက်စက်
သက်သက်မညှာ
နင်းရက်ကာပင်
ကြင်နာမဲ့စမ်း
ပန်းခြွေလေ။

ပင်ထက်မြင့်စံ
ကိုပန်းမာန်တို့
ခုတော့ဘယ့်နှယ်
ပင်ခြေရင်းသက်
ဟက်ဟက်ရယ်မော
လေကြမ်းပြောခဲ့။

ပန်းတို့မငို
ဖြည်းဖြည်းသံချို
အေးအေးဆိုသည်…
မြေဆီကိုစား
မြေသားနဲ့ဆက်
ကိုယ့်အသက်ဟာ
မြေ့ထံမှာမို့
သခင့်ရင်ထက်
ကိုယ်မှေးစက်မည်
ခက်ရိပ်ခိုနား
ကြွေပွင့်များနှင့်။

တကယ်တော့ ပုံရိပ် ဘလောက်ရေးခြင်းမှ ခဏအနားယူ သင့်တာကြာပါပြီ။ သံယောဇဉ် မပြတ်နိုင်တော့ ခက်တာပေါ့လေ။ မလုပ်မနေရ အလုပ်တစ်ခုကို အပြီးသတ်ရ မှာမို့ ခဏတာ အနားယူလိုက် ပါဦးမည်။ ဒီကြားထဲ သိပ်ပြီး ပြန်လာချင်လွန်းရင်တော့ ပြန်လာကြည့် ပါမယ်။ ပေါ်လိုက်ပျောက် လိုက် ပေါ့။ ပို့စ်ကတော့ မတင်နိုင်ဘူးပေါ့။ ပုံရိပ် ပြန်လာမှာပါ။ လာလည်၊ လာဖတ်ကြတဲ့ မောင်နှမများ အားလုံး ကျေးဇူးပါ။


Sunday 15 July 2007

ဆံပင်ဆိုးကြသူများ
















မဂျစ်ရဲ့ နှိုးဆော်မှုနဲ့ ဆံပင်ဆိုးကြမယ် ဆိုတဲ့ Blogger မောင်နှမများ နဲ့ မဂျစ်အတွက် "ဆံပင်ဆိုးကြသူများ"

Wednesday 11 July 2007

သားကြီးလာရင်…

မိုးတစိမ့်စိမ့်။ ဂျူလိုင်မိုးသည် စဲခဲလှချေ၏။ ၀ရန်တာမှာ ရပ်နေသော ကလေးငယ်သည် မိုးစက်ကလေးများကို ငေးစိုက်ကြည့်နေသည်။ သူ့အတွက်တော့ မိုးစက်ကလေး များ ခုန်ဆင်းလာပုံမှာ ပျော်စရာ။ အိမ်ရှေ့ ၀ရန်တာမှာ ခါတိုင်းနှင့် မတူသော အရာတစ်ခုရှိသည်ကို သူသတိမူမိပြီ။ ၀ါးလုးံရှည် တစ်ချောင်း၏ အလယ်တွင် ချည်နှောင်ထားသော အလံတစ်ခု။ မေမေချည်ထားတာ ထင်တယ်။ မိုးစို နေသော သံမံတလင်းပေါ် သူခြေချကာ အလံကို အနားတိုး၍ ကြည့်သည်။ မေမေက မိုးရေထဲ မထွက်ရဟု ပြောထားသည်ကို သူမေ့ပြီ။ အလံသည် မိုးရေကြောင့် လေထဲမှာ လွင့်နေရမည့် အစား ၀ါးလုံးမှာ ကပ်၍နေသည်။ သူ အလံကို မြင်လိုလှသည်မို့ အနားတိုးကပ်ကာ ဖြန့်ရန်ကြိုးစားသည်။ အရပ်က မမီသည်မို့ ၀ရန်တာလက်ရန်းကို စ၍တွယ်တက် မိသည်။

“သားရေ.. ဘာတွေလုပ် နေတာလဲ”

မီးဖိုထဲမှ မေမေထွက်လာပြီ ထင်သည်။ ကလေးချက်ချင်း သတိရသွားပြီး ပြန်ခုန်ဆင်းလိုက်သည်။ ပြီးတော့ မေမေရှိရာသို့ သူပြေးဝင်လာ၏။

“သား မေ့သွားလို့ မေမေ။ မိုးရေထဲ လည်းမထွက်တော့ပါဘူး။ ၀ရန်တာပေါ်လည်း မတက်တော့ပါဘူး။”

စည်းကမ်းဖောက်သော သားသည် မေမေ့ရှေ့မှာ ခံဝန်ကတိတွေ ပေးနေမိသည်။ စည်းကမ်းဖောက်သော သားကို မေမေ စိတ်ဆိုးဟန် မတူ။

“သားက ဘာလုပ်မလို့ ထွက်တာလဲ”

မေမေ လေအေးလေးနဲ့ မေးတော့သား ပြုံးလာသည်။

“သားအလံ ကိုကြည့်ချင်လို့ပါ”

“သားကြည့်ချင်ရင် မေမေပြမှာပေါ့”

မေမေ အိမ်ရှေ့ကို ထွက်ကာ အလံကို ဖြန့်လိုက်သည်။ အလံသည် မိုးပေါက်တို့တစက်စက် ဖြင့်ပြန်.ကား၍ လာသည်။ လေတစ်ချက်ဝေ့လိုက်တော့ အလံကို သားကောင်းကောင်း မြင်နေရပြီ။

“အလံက ဘာလုပ်တာလဲ ဟင်”

မေမေသည် ပြုံး၍သားကို ဖက်သည်။ ပြီးတော့ လက်တွဲကာ စာအုပ်စင်သို့ ခေါ်လာ၏။ စာအုပ်စင် ပေါ်မှစာအုပ်ထူထူ တစ်အုပ်မေမေ့ လက်ထဲမှာ။ သားမမီ့ တမီဖြင့် ခုန်၍စာအုပ်ကို ကြည့်သည်။ သား စာမဖတ်တတ်သေးတော့ နားမလည်ပါ။ မေမေက သားကိုဓာတ်ပုံ တချို့ပြသည်။ ထိုဓာတ်ပုံထဲမှ လူတစ်ဦးစီ အကြောင်းမေမေ ပြောပြသည်။ သူတို့က ခေါင်းဆောင်ကြီးတွေ တဲ့။ သားတို့ နိုင်ငံကို ဟိုးတုန်းက အင်္ဂလိပ်တွေက အနိုင်ကျင့်ဖူးသည်။ အနိုင်ကျင့်တယ် ဆိုတာ သားက ကြောင်ကလေးကို ရိုက်သလိုလား ဆိုတော့ မေမေက အင်းတဲ့။ ဘယ်ကောင်းမလဲ ဟုသားက ပြန်ပြောတော့ မေမေရယ်သည်။ အဲဒီလို အနိုင်ကျင့်တဲ့ အင်္ဂလိပ်တွေကို ဒီခေါင်းဆောင် ကြီးတွေက ဦးဆောင်ပြီး တိုက်ထုတ်တာတဲ့။ ရမ်ဘိုလို တစ်ယောက်ထဲ ချတာလား မေမေဟု သားက အထွန့်တက်ပြန်သည်။ မေမေက ပြုံးပြန်၏။ တစ်ယောက်ထဲ မဟုတ်ဘူး သားရဲ့။ တနိုင်ငံလုံး မှာရှိတဲ့ လူတွေအားလုံးပေါ့။ စုပေါင်းပြီး တိုက်ကြတာ။ ဒီခေါင်းဆောင်ကြီး တွေက လမ်းပြပေးတာပေါ့။ သားအထင် ကြီးသွားသည်။ ဒါဆို သားလည်း ပါမယ် ဟုပြောတော့ မေမေသားကို နမ်း၍ ပြောသည်။ ခုအင်္ဂလိပ်တွေ မရှိတော့ဘူး သားရဲ့။ မေမေတို့ လွပ်လပ်ရေးရပြီ လေ။

မေမေဆက်ပြောသည်ကို သားအငေးသား နားထောင်နေမိသည်။ ဒါပေမယ့် သားရယ် အဲဒီလို သူများတွေ အတွက်အကျိုးဆောင် ခဲ့တဲ့၊ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကြီးတွေကို လူတချို့က သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်။

ဟာ….. သားရင်ထဲမှာ ဟာ၍ သွားသည်။ အဲဒီလိုကောင်းတဲ့ လူတွေကို ဘာလို့သတ်ပစ်ကြတာလဲ။ မေမေမျက်နှာတည်၍ သက်ပြင်းချသည်။ လူကောင်းတွေကို လူတိုင်းက မကြိုက်ဘူးလေ သားရယ်။ သားကြီးရင် နားလည်လာမှာ ပေါ့။

ဒီအလံက ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အထိမ်းအမှတ်၊ သားနားလည် အောင်ပြောရင် ခေါင်းဆောင်ကြီးတွေ အသတ်ခံရပြီးနောက် လူတွေ အမြဲတမ်း သတိရနေတဲ့၊ ၀မ်းနည်းတဲ့ အထိမ်းအမှတ်ပေါ့။ သား ဘာလုပ်ပေးလို့ ရလဲဟင်ဟု မေးတော့ မေမေက သားလေး လိမ္မာရမယ်။ မဟုတ်တာ မမှန်တာ မပြောရဘူး၊ မတရားတာ မလုပ်ရဘူး၊ သူတပါးကို အနိုင်မကျင့်ရဘူး။ ဒါတွေဟာ ဒီခေါင်းဆောင်ကြီးတွေက ဆုံးမခဲ့တာပဲ။

ဟော ခဏကြာရင် ဥသြဆွဲ လိမ့်မယ်။ အဲဒီ အချိန်မှာ သူတို့ကျဆုံးခဲ့တာ ပဲ။ သားလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သားတို့ သွားကယ်ကြမယ်လေ။ သားရယ်၊ မေမေရယ်၊ ဖေဖေရယ်။ မေမေကရယ်သည်။ လွန်ခဲ့တဲ့ နှစ်အကြာကြီး သားမမွေးခင်တုန်းက ဖြစ်ခဲ့တာလေ။ ကြာခဲ့ပြီ သားရဲ့။ ခုတော့ အထိမ်းအမှတ် အနေနဲ့ပဲ သတိရကြရ တော့တာပေါ့။ ဥသြဆွဲရင် သားစိတ်ထဲမှာ သူတို့ကို မှန်းဆပြီး မြင်ကြည့်ပေါ့။ မေမေ့ လက်ထဲမှ စာအုပ်ကို သားလှမ်းယူ လိုက်သည်။ သားသူတို့ပုံကို မှတ်မိအောင်ကြည့်မယ် နော်။ တစ်ယောက်က ကတုံးလေးနဲ့ သားနဲ့တူတူပဲ။ တစ်ယောက်က ခေါင်းပေါင်းကြီးနဲ့ နှုတ်ခမ်းမွှေးကြီးနဲ့။ ဘိုးဘိုးကြီးနဲ့ တူတယ်နော်။ အားလုံးက သတ္တိရှိကြတဲ့ ပုံပဲနော်။ သားက တစ်နှစ်သုံးလေး တော့တတ်ပြီမို့ ရေတွက်ကြည့်နေသည်။ တစ်၊နှစ်၊ သုံး၊ လေး…….ကိုး။ ကိုးယောက် ပေါ့နော် မေမေ။ မေမေ ခေါင်းညိတ်သည်။

ဥသြဆွဲ သံကိုကြားရပြီ။ သားငြိမ်ငြိမ်လေး မေမေ့ပေါင်ပေါ်မှာ ထိုင်နေလိုက်သည်။ မေမေရှိုက်နေ သလိုပဲ။ မျက်စိထဲတွင် ခေါင်းဆောင်ကြီးများကို သားမြင်ကြည့်နေသည်။ အားလုံးတိတ်သွားတော့ သားမေမေ့ကို လှည့်ကြည့်သည်။ မေမေက ပြောသည်။ သားဒီလိုပဲ နှစ်တိုင်းသတိရ ရမယ်နော်။ သား ခေါင်းကို အခါခါညိတ်မိသည်။

သား ကတိကိုမေ့ပြီး မိုးရေတွေနဲ့ ၀ရန်တာဘက် ပြေးထွက်လာပြန်ပြီ။ အလံတွေ အလံတွေ ရဲရဲနီနေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးတွေရွာ နေပြန်ပြီ မေမေ။ ကျွန်တော်ဟာ မိုးရေထဲကို ထွက်လို့ရပြီ။ ကျွန်တော့်အရပ်က ၀ရန်တာ လက်ရန်းကိုကျော်လို့ မိုးနေပြီ။ ဒါပေမယ့် အလံဘယ်မှာလဲ မေမေ။ အနီရောင် တစွန်းတစကိုမှ ကျွန်တော် မတွေ့ရ ပါလား။ ရဲရဲနီ နေသင့်ပြီလေ။ မိုးရေတွေ စိုစွတ်နေတဲ့ အလံကို ကျွန်တော်ဖြန့်ပေး မှာပေါ့။ ကျွန်တော်ဟာ လူကြီးတစ်ယောက်ဖြစ် နေပါပြီ။ နံနက် ၁၁နာရီ တောင်ထိုးပါပေါ့။ ဘာသံမှ မကြားခဲ့ရပါလား။ ကျွန်တော့် ရင်ထဲမှာဟာ နေတယ် မေမေ။

မိုးရေထဲသို့ လူငယ်လေးတစ်ယောက် ပြေးထွက်လာသည်။ သူ့လက်ထဲတွင် ၀ါးလုံးရှည်တစ်ချောင်း၊ အလံတစ်ခု။ မိုးပေါက်တို့ တရှိန်ထိုး သွန်ကျလာပြီ။ မိုးဆိုတာ တားလို့ရနိုင်တဲ့ အရာမှ မဟုတ်ဘဲ လေ။

Wednesday 4 July 2007

မျောက်စိတ်

ပြတင်းပေါက် မှနေရောင် တချို့ တိုးဝင်လာသည်။ မနက်တစ်ခု လင်းပြန်လေပြီ။ အလုပ်သွား ရပြန်ပေဦး ပေမည်။ သာသာတိုက်နေသော လေနှင့် လွင့်နေသော ခန်းဆီးကြားမှ ကိုယ့်အခန်းဘေး ရှိသစ်ပင်ကို မြင်နေရသည်။ ငှက်နီလေး တစ်ကောင် သစ်ပင်ပေါ်မှာ နားနေသည်။ ခေါင်းကို ငဲ့လိုက်၊ အမြီးကို ရမ်းလိုက်နှင့်။ ကျီကျီကျာကျာ အော်နေသော ငှက်သံလေးများ နားထောင်ရင်း နှိုးလာရသည်ကို ကိုယ်သဘောကျသည်။ ခဏနေတော့ အငြိမ်မနေနိုင်သော ငှက်ကလေး ထပြန်သွား၏။ သစ်ရွက်စိမ်းတို့ တဖျတ်ဖျတ် ကျန်ရစ်သည်။ သစ်ကိုင်းတို့ ကြား နေရောင်တို့ တွေလှိုင်းထနေသလို။ ခုမှပင် သတိထားမိသည်။ ဒီအရွက်တွေက ကင်ပွန်းရွက် လိုလို။ မေမေ ချက်သော ကင်ပွန်းရွက် ဟင်းချိုကို သတိရမိသည်။ ညီမလေးနဲ့ ကိုယ်က ကင်ပွန်းရွက် ဟင်းဆိုလျှင် ခေါင်းမဖော်တမ်း။ ညီမလေး ဒီနှစ်ဆယ်တန်း ရောက်ပြီ။ စာတွေမှ ကျက်ရဲ့လား မသိ။ ညီမလေးက စာဆို အင်မတန်မုန်းတာ။ ကိုယ်ဆယ်တန်းတုန်း ကလည်း ဒီလိုပါပဲ။ စာဆိုတာ ကျက်ရကောင်း တယ်ရယ်လို့ မထင်။ အလွတ်အော်ကျက် ခဲ့ရသော ပထ၀ီတွေကို မုန်းတယ်။ သမိုင်းက ခုနှစ်များ မမှတ်မိ။ ဓာတုဗေဒက ညီမျှခြင်းများ ကဘာတွေမှန်း မသိ။ အောင်ပြီးမှ သာလိမ္မာသင့် ကြောင်းအသိတရား ရတာပေါ့။ အသိတရားဆိုတာ နောင်မှရတတ် တာပဲဟု ကြီးကြီးကျယ်ကျယ် ပြောတတ်သော သူငယ်ချင်းတစ်ယောက်ကို သတိရမိသည်။ သူအခု အိမ်ထောင်ကျ နေပြီလား မသိ။ အသိတရား ကိုနောင်မှရ နေရင်တော့ ဒုက္ခ။

ကိုယ့်အဖို့တော့ တစ်ယောက်တည်း နေရတာသာ ကောင်းတယ်။ ကိုယ်ချက်ချင် တာချက်။ စားချင်တဲ့ အချိန်စား။ မေမေ့ လက်ရာများတော့ စားချင်သား။ မေမေက ဟင်းချက်သင် ဖို့ပြောတိုင်း ကိုယ်ထွက်ပြေး မိတာကို နောင်တရ ချင်သယောင်ယောင်။ ဒါပေမယ့် မေမေက ဘွားလေးလောက် ဟင်းချက်မတော်။ ဘွားလေးရှိ သောနယ်မြို့ လေးကို ခဏခဏသွားစား ဖို့ဆိုတာတော့ မဖြစ်။ ဘွားလေးနှင့် အတူနေသော ကိုယ့်ညီမ ၀မ်းကွဲလေးများ နှင့်အစ်ကို က တော့ကံကောင်း ရှာတာပေါ့။ ငယ်ငယ်တုန်းက သူတို့ဆီ သွားရင် ကန်ဘောင်ရိုး ပေါ်စက်ဘီး စီးကြသည်။ အစ်ကိုက ကိုယ့်နောက်က စက်ဘီးတွန်း ပေးရင်းပြေးလိုက် ရသည်။ တခါတော့ ကန်ဘောင်က နေကိုယ် လိမ့်ကျတာ တလှိမ့်ခေါက်ကွေး ပဲ။ ဒီဒဏ်ရာက ခုထိကိုယ့် တံတောင်မှာ ရှိသေး။ ကိုယ်က နမော်နမဲ့ နှင့်မို့ ကိုယ့်မှာ ဒဏ်ရာတွေ အများကြီး။ တခါတုန်းက ပန်းဆိုးတန်းနားမှာပေါ့။ ဘတ်စ်ကားပေါ် ကနေ မှတ်တိုင်မရောက်ခင် မီးပွိုင့်မှာ ခုန်ဆင်းဖို့ ကြိုးစားတုန်း အလောတကြီးနဲ့ ကိုယ်ပြုတ်ကျပါရော လား။ ဘတ်စ်ကားက မီးစိမ်းလို့ ထွက်သွားပေမယ့် လမ်းလျှောက်နေတဲ့ လူတွေဝိုင်းလာ ကြတာလေ။ ကောင်မလေးတစ်ယောက် ကားပေါ်က ပြုတ်ကျတယ် ဟေ့။ ဘာဖြစ်သွားသေးလဲ။ အရိုးတွေ ဘာတွေများ ကျိုးသွားသလား။ ကိုယ်လည်း ရှက်ရှက်နဲ့ ဒူးပြဲ၊ တံတောင်မှာ အကြီးအကျယ်ပွန်း ကုန်တာကိုတောင် ဘာမှ မဖြစ်ပါဘူး ချည်းဇွတ်ငြင်းပြီး အတင်းထထွက် လာတာပေါ့။ အဲ.. ဒီတုန်းကပဲ။ သူနဲ့ စတွေ့တာ။

ကိုယ်ကတော့ သူ့ကို ဘယ်သတိထား မိနိုင်မှာလဲ။ ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့ ထူပူနေတာပဲ။ နောက်မှ သူကပြန်ပြော ပြတာ။ ကိုယ့်ကို ရုပ်ပျက်ဆင်းပျက် နဲ့ ကို့ယို့ကားယား အချိန်မှာ သူစတွေ့ ခဲ့တယ်လို့ ပြောတော့ ကိုယ့်မှာ ရယ်ရမလို၊ ရှက်ရမလို။ ကိုယ်ရယ်မိတယ် ထင်တာပဲ။ အဲဒီတုန်းက ကျောင်းက လက်ဖက်ရည်ဆိုင်မှာ ထင်တယ်။ ကိုယ်က နန်းကြီးသုပ် တစ်ပွဲ နဲ့သူက လက်ဖက်ရည် တစ်ခွက် နဲ့ပဲပလာတာ တစ်ချပ် မှာပြီး စောင့်နေတုန်း၊ သူက စကားစ လာတာ။ ကိုယ့်ကို ကျောင်းမှာ မဆုံခင် ကတည်းက တွေ့ဖူးတယ်တဲ့။ ပြုံးစိစိလုပ်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး ဘယ်မှာလဲ ပြောလို့ ဆိုတော့မှ သူက ပြောပြတာ။

အတန်းတွေ ပြီးပြီဆိုရင် ကိုယ်တို့ အဲဒီဆိုင်လေး မှာထိုင်နေကြလေ။ ပြီးရင် သူက ကိုယ့်ကို ကားဂိတ်လိုက် ပို့ပေးမယ်။ သစ်ရွက်တွေ ကြွေနေတဲ့ လမ်းကနေ ရှပ်တိုက်ပြီး လျှောက်ရင်း စကားတွေ ပြောမယ်။ အမယ် သူပြောတဲ့ စကားတွေက ချစ်စကား ကြိုက်စကား မဟုတ်ဘူး။ သူဖတ်ထားတဲ့ ကဗျာတွေအကြောင်း၊ သူ့အတွေးအခေါ် အယူအဆ အကြောင်း။ နေပူရင် မိုးရွာရင်တော့ ထီးမိုးပေးမယ်။ ပြီးတော့ သူက ဆေးလိပ်လဲ အရမ်းသောက် ခဲ့တယ်ဆိုပဲ။ ကိုယ်နဲ့တွဲ တော့မှ ဖြတ်လိုက်တာတဲ့။ သူ့အပေါင်းအသင်းတွေ ကပြန်ပြောတာပေါ့။ ကိုယ်က ဟုတ်လို့လားလို့ သူတို့ကို မယုံသင်္ကာ ပုံစံနဲ့ ပြန်မေးလိုက် ပေမယ့် ကိုယ့်စိတ်ထဲမှာ ကျေနပ် လိုက်တာ အရမ်းပဲ။ သူကတော့ ဒါမျိုးတွေ မပြောပေါင်၊ မြုံစိစိနဲ့ ပြုံးနေတတ်တာပဲ။ သူ့အတွက်နဲ့တော့ အချိန် တော်များများ မှာကိုယ်ပြုံးခဲ့၊ ရယ်ခဲ့ရပါတယ် လေ။ ကိုယ်တို့ရဲ့ နောက်ဆုံးနေ့ ကလွဲလို့ပေါ့။ လူချင်းတွေ့ ပြောမထွက်လို့ စာနဲ့ပဲ ပြောပါရစေတဲ့ လေ။ သူ့စာလေးလဲ ခုထိရှိနေတုန်းပေါ့။ ဒါပေမယ့် သူရေးထားတဲ့ စကားတွေကို ကိုယ်အလွတ်ရ ပါတယ်။ လူဆိုတာ ကိုယ့်အတ္တကို လွန်ပြီး မချစ်တတ်ကြပါဘူး။ ဒီလိုပဲ ငါလည်း ငါ့အတ္တတွေ ရှင်သန်နေတဲ့ ဒီနေရာက ခွာနိုင်လောက်အောင် နင့်ကို လုံလုံလောက်လောက် မချစ်သေးဘူး ထင်ပါရဲ့။ ငါမြန်မာပြည် ကနေ မခွာနိုင်ဘူး။ နင့်ရဲ့ အိပ်မက်တွေကို လည်း မပျက်ပါစေနဲ့။ ငါလည်း မမျှော်လင့်တော့ ဘူး။ နင်လည်း ဘာကိုမှ မမျှော်လင့် ပါနဲ့တော့။ အကြောင်းတိုက်ဆိုင်ရင် တွေ့ကြသေးတာပေါ့။ သူ့စာဖတ်ပြီး တော့ကိုယ် အိပ်မပျော် ခဲ့ဘူးလေ။ တစ်ညလုံး ငိုခဲ့ရတာပေါ့။ သူခု ဘယ်များရောက် နေပါလိမ့်။ ဟို တလောက ရောက်လာတဲ့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တော့ သူကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတယ်တဲ့။ ဟောတော့………အလုပ်………ရှစ်နာရီတောင် ခွဲပြီးသွား ပါရောလား။