Friday, 7 September 2007

လဲလှယ်ခြင်း သည်းခံပါ (၅ ဇာတ်သိမ်း)

“ရှင်….ပြန်မလာသေးဘူးလား။ ဟုတ်တယ်။ ဒီနေ့ အချိန်စေ့မယ်။ ဟုတ်ပြီ။ ပြန်လာရင် ကျွန်မကို ဖုန်းခေါ်လိုက်။”

ပုံရိပ်၏ စာရေးဆရာမ ဘ၀ကို ခဏယူသွားသူ ကအချိန်မီ ပြန်မရောက်လာ။ သူရောက် မလာမချင်း ယခုကလေး ဘ၀မှာပင် ဆက်၍ နေရဦးမည်။ ဆက်နေနေစဉ် ကာလအတွင်းမှာ ကောင်လေး၏ မွေးနေ့ပွဲ လုပ်လိုက်သေးသည်။ ကောင်လေး အလွန်ကြိုက်သော game ထဲမှ အရုပ်များကို လက်ဆောင်ပေးကြသည်။ (ဘာမှန်းလဲ မသိဘူး။)

“Happy Birthday to you…” ဟူသော သီချင်းကို အာဘောင်အာရင်း သန်သန်ဆိုကြသည်။ မွေးနေ့ကိတ်လှီး ကြသည်။ မွေးနေ့ပွဲ တက်ရောက်လာသော ကလေးတွေ ကိုကြည့်ရင်း ခေါင်းနောက်လာသည်။

မွေးနေ့ပြီး နောက်နှစ်ရက် အကြာမှာ အကျိုးဆောင်ဆီမှ ဖုန်းရသည်။ စာရေးဆရာမ ဘ၀ကို ခေတ္တယူထားသူ ပြန်ရောက်လာပြီ။ ဘယ်လိုဖြစ်တာလဲဟု မေးတော့ ယူသွားစဉ် အချိန်အတွင်း လမ်းအလျှောက်လွန် သွား၍ ဆရာမက ဖျားသည် ဆိုလား ဘာဆိုလား။ (ဆရာမမှာ ကားမှ မရှိဘဲကိုး။) ဘ၀ကို ယူသွားသည့် အတိုင်း ပြန်ပေးရမည် ဆိုတော့ ယူသွားသူက နေကောင်းသည် အထိ စောင့်နေသည်တဲ့။ ပြီးတော့ စာရေးဆရာ ဘ၀ကို မကြိုက်ပါတဲ့။ စာမူခလည်း ကောင်းကောင်း မရဘူးတဲ့။ ကဲ…ရှိစေတော့။ ခုတော့ ယမမင်းထံမှ မန်နေဂျာနှင့် ချိန်းထားသော ရက်ချိန်းလည်း လွတ်ခဲ့ပြီ။ ရက်ချိန်းအသစ် ပြန်ယူ ရပေတော့မည်။

“မန်နေဂျာနဲ့ တွေ့ချင်လို့ ရက်ချိန်းယူ ပါရစေ။ ရှင်…… နောက်တစ်ပတ်မှ။ ဟို……မရဘူးလေ။ ကျွန်မရက်က ဒီစနေပြည့်မှာ။ လုပ်ပါ။ တောင်းပန် ပါတယ်။”

နောက်ဆုံးတော့ အခြေအတင်ပြောပြီး မန်နေဂျာနှင့် တနင်္လာနေ့မှာ တွေ့ခွင့်ရသည်။ ရင်တော့ နည်းနည်းပူလာသည်။ ပြန်လဲလို့ မရရင်တော့….အင်း… ဟုသက်ပြင်းချသည်။

ချိန်းသည့်နေ့မှာ ပုံရိပ်စောစော ရောက်နှင့်နေသည်။ ကိုယ့်ကိုယ် အမြင်ကြည်လျှင် သက်သက်ညှာညှာ ပြောလေမလား ပေါ့။

“ကျွန်မ ဒီဘ၀ကို အစမ်းသပ်ခံကာလနဲ့ နေတဲ့ အချိန်လွန်သွားပြီ ဆိုတာနားလည် ပါတယ်။ ဒါပေမယ့် ခုဟာက ရှင်တို့ဘက်ကလည်း ရောင်းဖို့ ပြတ်နေတာကိုး။ အဲဒါကြောင့် ခြွင်းချက် အနေနဲ့ ပြန်စဉ်းစား ပေးသင့် ပါတယ်။”

“ဟုတ်ပါတယ်။ ဒါပေမယ့် အစ်မဘက်က ပြန်ပေးတဲ့ အချိန်ကိုက လွန်နေတာကိုး။ ပြန်ပေးလို့ မရပါဘူး ခင်ဗျာ။ ဒီမှာ ကြည့်ပါ။ ဒီစာချုပ်က အစ်မကိုယ်တိုင် လက်မှတ်ထိုးပေး ခဲ့တာ။ ဒီထဲမှာ ရေးထားတာကို အစ်မဖတ်ကြည့် ပါဦး။”

သူပြသော နေရာကို ကြည့်တော့ fine print စာလုံးများ။ ဟိုက် သေဟ…။ fine print ကိုမဖတ်ဘဲ ထိုးပေးခဲ့သော ကိုယ့်လက်မှတ်။ ရေးထားသည်မှာ ဘာအကြောင်းကြောင့် ဖြစ်စေ အချိန်မီ မလဲနိုင်ပါက ခြွင်းချက်မရှိ ပြန်မလဲပေးပါ တဲ့။

နောက်ဆုံးတော့ ကိုယ်ပဲ အရှုံးပေးလိုက် ရပါ၏။ သို့နှင့် ပုံရိပ်သည် စာရေးဆရာမ ဘ၀ကိုယူထား သော်လည်း ဘယ်လိုရေး ရမည်မသိ သောကြောင့် ဘလောက်ဂါ တစ်ယောက်ဖြစ် လာပါတော့သည်။ လိုချင်တာတွေ များသောကြောင့်၊ လိုချင်တာကို မသိသောကြောင့် ဒီဘ၀တွင် ပိတ်မိနေသော ပုံရိပ်ပင်တည်း။

စာရှုသူ အသင်… အသင်ကော ဘယ်ဘ၀မှ လာ၍ ဘယ်ဘ၀တွင် ပိတ်မိနေပါသနည်း……..။

(သေချာ စဉ်းစား ကြည့်ဦးနော်…။)

5 comments:

Anonymous said...

ဇာတ်သိမ်းလေးက သေသပ်တယ် ပုံရိပ် ။ ကြိုက်သွားပြီး)

ပုံရိပ် / Pon Yate said...

မဂျစ် ကြိုက်သွားပြီ ဆိုလို့ ရေးရကျိုးနပ်ပြီ။ 

Anonymous said...

အော် ဒါကြောင့် မပုံရိပ်က ဒီလောက် စာရေးကောင်းတဲ့ ဘလောက်ဂါ ဖြစ်နေတာကိုး….
ဘယ်ဘ၀မှာ ပိတ်မိနေလဲလို့  စဉ်းစားရတာ တော်၂ ဦးနှောက်ခြောက်ပြီး ပြန် ပြီ မပုံရေ ….။

P.Ti said...

ပုံရိပ်ရေ.. မြင်ရသေးဘူးကွ.. မြင်ရမလားဒီမှာလာကြည့်တာ.. ပုံရိပ်ရဲ့ လဲလှယ်ခြင်း သည်းခံပါ ကို သည်းခံစွာစောင့်စားပြီးနောက် ဖတ်ရှုသွားပါတယ်.. သည်းခံရကျိုးနပ်အောင် ကောင်းလှပါပေတယ်။

Anonymous said...

မလေးမ ကျေးဇူး။ စဉ်းစားလို့ ရပြီလား။
ကိုပီတိ..အရိပ်ပဲ မြင်ရတာ ကောင်းပါတယ်။ အကောင်မြင်ရင် လန့်သွားဦးမယ် ဟဲ။ သည်းခံပြီး စောင့်ဖတ်တာနဲ့ ကြိုက်တယ် ဆိုလို့ ၀မ်းသာပါတယ်။