Thursday, 13 September 2007

နေရဲသူ

ဝန်ခံချက်။ ။ဒီစိတ်ကူးနဲ့ ရေးတဲ့စာကို ဆရာမဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများ စာအုပ်မှ ဒေါ်ငွေအိမ် နေရာမှ ခံစားပြီး ရေးပါတယ်။ နှစ်တွေကြာလို့ အသေးစိတ်ကို မမှတ်မိတော့ပါ။ အကြောင်း မတိုက်ဆိုင်လို့ ခွင့်လည်း မတောင်းနိုင် ခဲ့ပါ။ ဆရာမ ခွင့်လွှတ်နိုင်မယ် ထင်ပါတယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိအပြည့် ရှိတဲ့ အမေတွေ၊ ကိုယ်ချစ်တဲ့သူကို စွန့်ရဲပြီး ပါရမီဖြည့်နိုင်သူတွေကို ရည်စူးပြီး ရေးပါတယ်။

……………………………………………………………………………………………………………

အပြင်မှာ မိုးတွေရွာနေပြီ သမီး။ အိမ်ကလေးဟာ မိုးဒဏ်ကြောင့် သိမ့်သိမ့်တုန်နေပြီ။ သမီးငယ်ငယ်က ဒီအချိန်ဆို မိုးရေထဲမှာ ခုန်ပေါက်ပြီး ဆော့နေကျပေါ့။ သမီးက မိုးစက်လေးတွေကို သိပ်ကြိုက်တယ်။ အမေအော်တာကို မမှုဘဲ မိုးရွာရင် အိမ်ရှေ့ ကပြင်လေးကနေ ငေးကြည့်နေရာက ဆင်းသွားပြီး မိုးရေချိုးတော့တာပဲ။ အမေလည်း နောက်ဆုံးပြောမရတော့ သမီးကို လိုက်လျောရတာပဲ။ ငယ်ငယ်ထဲက သမီးဟာ အဲဒီလို ဇွတ်တရွတ် ကိုယ်လုပ်ချင်တာကို လုပ်တတ်တယ်။ ခေါင်းလည်းမာတယ်။ တခါတုန်းကများ သမီးသွားကြည့်ချင်တဲ့ ဟောပြောပွဲကို လိုက်မပို့လို့ အိမ်ထဲကို မ၀င်ဘူး။ တညလုံး အပြင်မှာ ထိုင်နေတာလေ။ အမေကတော့ ငါ့သမီးလေးကို စိုးရိမ်လို့ပါ သမီးရယ်…။

အင်း….ဒီစိတ်တွေကိုဟာ သမီးကြီးလာတဲ့ အထိပါလာတာပဲ။ သမီးဟာ ကိုယ်သိချင်တဲ့ အရာတစ်ခုကို သဲကြီးမဲကြီး ဖတ်တယ်မှတ်တယ်။ ခေတ်ကြီးကြောင့် သမီးကို ကျောင်းကောင်းကောင်း မထားနိုင်ပေမယ့် သမီးတကုပ်ကုပ်နဲ့ စာတွေဖတ်နေတာ အမေအမြဲ တွေ့နေရတယ်လေ။ သမီးယုံကြည်တဲ့ ၀ါဒအကြောင်းကို အမေမသိပေမယ့် ငါ့သမီးကို အမေယုံခဲ့တယ်။ ဟိုး အစကတည်းက ယုံခဲ့တာပါ။ သမီးဟာ အားနည်းတဲ့လူတွေဖက်က ရပ်တည်မယ်၊ လိုအပ်သူတွေကို ဦးဆောင်ကူညီမယ် ဆိုတာတွေကိုလေ…အမေသိတာပေါ့။ သမီးရဲ့ ယုံကြည်မှုကို သမီးရဲ့ စာအုပ်တွေထဲက ဖတ်လို့ရသလို အမေက သမီးမျက်နှာကို အမြဲတမ်း ဖတ်ခဲ့တယ် သမီး။ အမေကတော့ တောသူမ၊ လယ်သူမကြီးပဲ။ လယ်တွေ ယာတွေ အကြောင်းကလွဲလို့ တခြားဘာမှ မသိခဲ့ပါဘူး။ အဲဒီလို မသိခဲ့လို့လဲ သမီးဟာတစ်နေ့မှာ အမေ့ကို ခွဲသွားလိမ့်မယ် ဆိုတာ ကြိုတင် မရိပ်မိခဲ့ဘူး။

အဲဒီနေ့က မှတ်မှတ်ရရ မိုးတွေရွာနေပြန်တယ် သမီး။ မနက်အစောကြီး အမေဆွမ်းချက်ဖို့ ထလာခဲ့တော့ အိမ်ရှေ့တံခါး ပွင့်နေတယ်လေ။ အမေရင်ထဲမှာ ထိတ်ကနဲဖြစ်သွားတယ်။ သမီးထွက်သွားမယ် ဆိုတာကို အမေ့မသိစိတ်ထဲက သိနေတယ် ထင်ပါရဲ့။ ဒါနဲ့ အမေသမီး အခန်းထဲကို ၀င်ကြည့်တော့ အိပ်ယာကနွေးနေဆဲ။ သမီးထသွားတာ မကြာသေးဘူး ထင်တယ်။ အိပ်ယာကို သမီးလုပ်နေကျ အတိုင်း သပ်သပ်ရပ်ရပ် ပြန်ခေါက်သွားသေးတယ်။ သမီးခေါင်းအုံးပေါ်မှာ စာခေါက်ကလေး တစ်ခု။

“အမေ…သမီးယုံကြည်ရာကို လုပ်ဖို့ အိမ်ကထွက်သွားပါတယ်။ အမေနဲ့အားလုံး အတွက်ပါ။ သမီး ပြန်လာပါ့မယ်။ ကန်တော့ခဲ့ ပါတယ် အမေ…” တဲ့။

သမီးပြန်လာ ပါ့မယ် ဆိုတဲ့ ကတိ တစ်ခုထဲနဲ့တင် အမေကျေနပ်ခဲ့ပါတယ်။ သမီးရဲ့ ယုံကြည်မှု အတွက်ဆို အမေဘယ်လိုမှ တားမရဘူး ဆိုတာသိနေသားပဲ။

ဒီနောက်မှာတော့ အမေဟာ သမီးသတင်းကိုပဲ အဝေးက နားစွင့်နေခဲ့တယ်။ လူတွေက သမီးအကြောင်းကို ချီးကျူးကြရင် အမေဟာ သမီးမရှိတဲ့ ဘ၀မှာလည်း နေပျော်နိုင်ခဲ့တယ်။ သမီးကို လိုက်ရှာနေကြတယ်လို့ ကြားရင်တော့ အမေကိုယ့်ကိုယ်ကို အပြစ်တင် မဆုံးဘူး။ ဘာကြောင့် သမီးကို အမေနိုင်အောင် အုပ်မထိန်းနိုင်ခဲ့သလဲ၊ ဘာကြောင့်များ ဒီလိုလွှတ်ထားမိသလဲ၊ စသည်ဖြင့်ပေါ့လေ။ သမီးပြန်လာမယ် ဆိုတဲ့ကတိကြောင့်ပဲ အမေအရုဏ်ကို မျှော်မိတယ်။

တစ်နေ့မှာတော့ အမေမျှော်တဲ့ အတိုင်းပဲ အမေရဲ့ အိမ်ရှေ့တံခါးလေး ပွင့်လာတယ်။ အမေ၀မ်းသာလွန်းလို့ အသံတွေတောင်တုန် နေပါတယ်။ သမီးကရောက်ရောက်ချင်းပဲ အမေသမီး ထမင်းမစားရတာ နှစ်ရက်ရှိပြီလို့ ပြောရှာတယ်။ အမေလည်း ရှိတဲ့ကန်စွန်းရွက် ချဉ်ရည်နဲ့ ငပိထောင်းကို ချကျွေးတာ။ ထမင်းကုန်သွားတော့မှ သမီးခေါင်းမော့လာပြီး “အမေ…ထမင်းရှိသေးလား” တဲ့။ အဲဒီအချိန်မှာ အမေသမီးကို တခါတည်း အမေ့ဆီမှာပဲ သိမ်းထားလိုက်ချင်တော့တယ်။ ဒါပေမယ့် သမီးရယ်…သမီးပြောဖူးသလိုပေါ့။ သမီးကို ဘာမှလုပ်ခွင့် မပေးဘဲ အမေ့အတွက်ချည်း သိမ်းထားတာက ချစ်ရာမရောက် ပါဘူး။ သမီးရဲ့ ယုံကြည်ချက်ကို လွတ်လပ်စွာ လုပ်ခွင့်ပေး ထားတာအမေရဲ့ ချစ်ခြင်းမေတ္တာပါ သမီး။ ဒီလိုနဲ့ ထမင်းစားအပြီး၊ မောမောနဲ့ အမေခင်းပေးတဲ့ ဖျာကြမ်းပေါ်မှေးလို့ အပြီးမှာ သမီးဟာ ထွက်သွားရပြန်တယ်။

“အမေ….သမီးထပ်သွား ရဦးမယ်။ အမေ့ဆီ သမီးဆက်ဆက် ပြန်လာခဲ့ ပါ့မယ်။”

ဒီလိုနဲ့ အမေဟာ သမီးမရှိတဲ့ နေ့တွေမှာ နေသားကျလာ ပါတယ်။ သမီးရှိတဲ့ အချိန်တွေကို အမေပိုပြီး တန်ဖိုးထားတတ် လာတယ်။ သမီးရဲ့ ခင်ပွန်း အမေ့သမက်ဟာလည်း ကံမကောင်းရှာ ပါဘူး။ သမီးကို သူသိပ်ချစ်လွန်းပေမယ့် သမီးကိုလည်း သူမတားနိုင်ခဲ့ဘူး။ သမီးကို ဘယ်အရာကမှ မတားနိုင်ဘူးလားကွယ်။ သမီးရဲ့ ယုံကြည်ချက်တွေ အကောင်အထည်ပေါ် လာမယ့်နေ့ကို အမေလည်း စောင့်နေခဲ့တယ် သမီး။ အဲဒီနေ့ဟာ အမေတို့ ပြန်ဆုံရမယ့်နေ့ ရယ်လို့ အမေစိတ်ထဲမှာ စွဲထားလိုက်တယ်။ အဲဒီလိုနဲ့ အမေနည်းနည်း နေပျော်တတ် လာတယ်။

အဲဒီနေ့…..။ အဲဒီနေ့ကို အမေ မမေ့ဘူး။ အဲဒီနေ့ဆိုတာ သမီးရယ်….အမေတို့ နှစ်ယောက်လုံး မျှော်လင့်တဲ့နေ့ မဟုတ်ဘူး သမီး။ သမီးရဲ့ သတင်းကို ကြားရတဲ့နေ့။ ဒီလိုသတင်းမျိုးကို အမေကြားရနိုင်တယ် ဆိုတာ သိနေလျက်နဲ့ တကယ်တမ်းမှာတော့ အမေ ခံနိုင်ရည် မရှိဘူး။ သမီးကို နောက်ဆုံး အနေနဲ့တောင် အမေကြည့်ခွင့် မရှိခဲ့ဘူး။ သမီးကျသွားတဲ့ နေရာမှာပဲ သမီးကို မြှုပ်ခဲ့ပြီ တဲ့။ အမေဟာ ဆုံးရှုံးမှုတွေနဲ့ နေသားကျနေတယ် ဆိုပေမယ့် ဒီဆုံးရှုံးမှုကိုတော့ အမေမခံနိုင်ခဲ့ဘူး။ သမီးနှစ်သိမ့်ခဲ့တဲ့ စကားတွေကိုတော့ အမေမှတ်မိနေသားပဲ။ ဒီလို အခြေအနေမှာတောင် အမေ သတိရနေနိုင် သေးတယ်။

“အမေ… သမီးအမေ့နားမှာ ရှိမနေပေမယ့် သမီးရဲ့ ယုံကြည်ချက် အမေ့ဆီမှာ ရှိတယ်။ သမီးစိတ်ဟာ အမေ့ဆီမှာ ရှိတယ်။ ဟိုး…အပြင်ကို ကြည့်စမ်းပါ အမေရယ်။ လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေလည်း ဆင်းရဲမြဲ ဆင်းရဲနေကြတဲ့ လယ်သမားတွေ။ သမီးတို့ မျိုးဆက်သစ်တွေ ဒီလို မဖြစ်အောင် သမီးကြိုးစားဖို့ အများကြီး လိုသေးတယ်။ ဒီလူတွေကို တွေ့ရင် အမေသမီးကို သတိရပါနော်။ အဲဒီအချိန်မှာ သမီးဟာ အမေနဲ့ အမြဲရှိနေပါတယ်။”

သမီးဘာ လုပ်လုပ် အမေဟာ အမြဲတမ်း သမီးနောက်မှာ ရှိနေတယ်။ ငါ့သမီး အမှန်တရား အတွက် လုပ်နေတယ် ဆိုတာ အမေယုံတယ်။

ဘ၀ဆိုတာ ခင်တွယ်စရာ အလွန်ကောင်းတယ်လို့ ဆိုကြတယ်။ လူတွေဟာ သေခြင်းတရားကိုလည်း ကြောက်ကြတယ်။ ဒါပေမယ့် သမီးရယ်….တခါတလေမှာ ဒီဘ၀ကို နေရဲဖို့ သတ္တိတွေလိုတယ်။ အမေ့အတွက် သတ္တိတွေဟာ သမီးရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ဆက်လက် တည်ရှိနေသရွေ့ ရှိနေမှာပါ။ ပြီးတော့ သမီး လက်ဆင့်ကမ်းခဲ့တဲ့ ဘ၀တွေ အတွက်……. အမေ အသက်ရှင် ရဲပြီ သမီး။

“ဘွားဘွား…သမီးမိုးရေ ချိုးချင်တယ်။”

အမေ့ရဲ့ မျက်ရည်တွေ ခမ်းနေတဲ့ မျက်နှာကို မော့ကြည့်မယ့် သမီးရဲ့ သမီးလေးနဲ့ သားလေး အတွက် အမေ နေရဲပြီ သမီး။

8 comments:

ဂျစ်တူး - gyit_tu said...

သိပ်ကောင်းတယ် ပုံရိပ်ရေ ။

တို့လည်း အဲဒီ ပင်လယ်နှင့်တူသောမိန်းမများ ၀တ္ထုကို ကြိုက်လွန်းလို့ အခေါက်ခေါက် ပြန်ဖတ်ဖူးတယ် ။

ခုအချိန်မှာ ဒီဝတ္ထုမျိုးဟာ အသင့်တော်ဆုံးပဲ ။

Layma said...

မဂျစ်ပြောသလိုပါပဲ..မပုံရိပ်ရယ်...။

ponyate said...

မဂျစ် မလေးမ… ပုံရိပ်လည်း အဲဒီ ၀တ္ထုကို အရမ်းကြိုက်ပါတယ်။ ပြီးတော့ ဒေါ်ငွေအိမ် အတွက်စိတ်မကောင်း ဖြစ်လာတယ်။ အဲဒါကြောင့် ရေးဖြစ်သွားတာပါ။ ကြာတော့ကြာခဲ့ ပါပြီ။ ကျေှးဇူးလို့ မပြောတော့ဘူးနော်။  ပုံရိပ်စာ မှာကွန်မန့်တွေ့ရင် ကျေနပ်နေပါတယ်။

pandora said...

ပုံရိပ်ရဲ့ အရေးအသားတွေဟာ စာရေးဆရာတစ်ယောက်လိုပဲ
သိပ်ကို သပ်ရပ်တာပဲ။ (အနည်းဆုံးတော့ ကိုယ့်အတွက်ပေါ့)။ ဒါလေးလည်း ဖတ်လို့ကောင်းတယ် ပုံရိပ်။ ခံစားရေးထားတာ သိသာတယ်။

ponyate said...

မပန် ကွန်မန့်ကြောင့် အရမ်းမြောက်သွား ပြီ ဟီ ဟိ။ ကျေးဇူး ပါနော်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ငိုင်ကျသွားတာပဲ။ ပုံရိပ်စာအရေးသားတွေ ညက်တယ်။

PeTi said...

ရေးတာလေးတွေကကောင်းလိုက်တာ… အကြောင်းအရာလေးလည်း အခုအချိန်နဲ့ ဆက်စပ်နေတယ်နော်..
တကယ်တော့ သူရဲကောင်းတွေ အပြင် သူတို့ရဲ့ မိသားစုတွေကလည်း အများကြီး လေးစားဖို့ကောင်းတယ်။ သူတို့လည်း စွန့်လွှတ်ရတာပဲလေ…

ponyate.mhan said...

မလေး... ကိုပီတိ ကျေးဇူးပါ။ စွန့် ရဲတဲ့ မိသားစုဝင် တွေအတွက်လေ။