Monday 28 January 2008

ပြတင်းပေါက်

Van Gogh's Room at Arles

သူ့အိမ်မှာ ပြတင်းပေါက်တွေသာ မရှိဘူးဆိုလျှင် အိမ်ထဲသို့ ပြန်ကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ။

ပြတင်းပေါက်များကို သူနှစ်သက်ပါသည်။ ငယ်ငယ်က နေဖူးသော အိမ်တိုင်းမှာ ပြတင်းပေါက်များစွာ ပါသည့်အတွက် မေမေ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ မေမေသည် သူ့နည်းတူ ပြတင်းများစွာ ပါသောအိမ်ကိုသာ ရွေးချယ်ခဲ့သည်ချည်း။ လေ၀င်လေထွက် ကောင်းသော၊ လင်းကျင်းသော၊ မှောင်ရိပ်များ နည်းသော အိမ်မျိုးတွင်သာ သူနေခဲ့ဖူးသည်။ အိမ်သုံးခါပြောင်းဖူးသည့် အနက် ဒုတိယအိမ် မှာမြစ်နှင့်နီးသည်။ ညနေစောင်းလျှင် မြစ်ကိုဖြတ်၍ တိုက်လာသော လေကို ပြတင်းပေါက်များမှ တဆင့်သူတို့ မောင်နှမတတွေ အားပါးတရ ရှုရှိုက်ခဲ့ဖူးသည်။ ဒီလိုမှ အသက်ရှုဝတာဟု မေမေက ကျေနပ်စွာ မကြာခဏ ပြောဖူးသည်။ ပြတင်းပေါက်များလျှင် လေကောင်းလေသန့် ရသည်ဟု သူမှတ်ချက်ချ ခဲ့မိသည်။

ထူးခြားစွာပဲ ထိုအိမ်၏ ပြတင်းပေါက်များမှာ လူတစ်ရပ်နီးပါးမျှ ရှည်လျားလေသည်။ ထိုပြတင်းပေါက်များနှင့် အပြိုင်ရှည်လျားသော အပြာနုရောင် ခန်းဆီးများကိုလည်း သူမှတ်မိနေသည်။ ထိုအချိန်ကတည်းက ပြတင်းပေါက်ဘောင်တွင် ထိုင်ကာ အပြင်ကိုငေးကြည့်ဖူးသည်။ ညနေခင်းတွင် ပြေးလွှား ကစားနေသော အိမ်နီးချင်း ကလေးငယ်များ၊ ထမင်းချိုင့် ခြင်းတောင်း ကိုယ်စီဖြင့် အလုပ်ပြန်လာသူ အချို့၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်အချို့။ ပြောင်းဖူးပြုတ်သည်၊ မုန့်စိမ်းပေါင်းသည် တို့ဖြစ်မည် ထင်သည်။ လမ်းထိပ်နားမှ ဗယာကြော်သည်နှင့် မုန့်ဟင်းခါးသည်တို့ ကိုလည်း လှမ်းမြင် နေရသည်။ မသဲကွဲသော်လည်း ခပ်နွမ်းနွမ်း အ၀တ်အစားနှင့် အသက်ငါးဆယ် အရွယ်ခန့် အမျိုးသမီးတစ်ယောက် မုန့်ဟင်းခါးရောင်းသည် ကိုမြင်နိုင်သည်။ မြင်ရဖန်များတော့ လမ်းမှာထိပ်တိုက်တွေ့လျှင်တောင် သူပြုံးပြမိသည်။ အမျိုးသမီးကြီးကတော့ သူ့ကို မသိ။

ဒီလိုနဲ့ သူကြီးပြင်းလာတော့၊ နေရာ အနှံ့ကိုပြောင်းရတော့ ပြတင်းပေါက်များစွာမှ ကြည့်ဖူးလာသည်။ ပျင်းရိဖွယ်နေသာသော နေ့လယ်ခင်းများ၊ အိမ်ခေါင်မိုးများ အငွေ့ထောင်းထောင်းထ လောက်အောင် ပူပြင်းသော နွေ၏နေ့ရက်များကို သူစောင့်ကြည့်ဖူးသည်။ မိုးစက်များ ဖွာကနဲ လွင့်စင်သွားအောင် ပြင်းထန်လှသော မိုးရာသီများကို ပြတင်းပေါက်မှ တဆင့်ဖြတ်ကျော် ခဲ့ဖူးသည်။ လရောင်အောက်မှာ တလက်လက်ထ နေသော နှင်းပြင်နှင်းလွှာကြီး ကိုလည်း သူ့အခန်းကျဉ်းကျဉ်း တစ်ခုတည်းသော ပြတင်းပေါက်မှ ငေးကြည့်ခဲ့ဖူးသည်။

အပြင်မှာ တည်ရှိနေသော သဘာဝကိုသာမကပါ။ ဖောက်ပြန်သော၊ ရိုးသားသော၊ သစ္စာရှိသော၊ ခိုးကြောင်ခိုးဝှက် နိုင်သော၊ ရဲရင့်သော၊ ဖြောင့်မတ်သော၊ ရင်ခုန်ဖွယ် ကောင်းသော၊ စိတ်ပျက်ဖွယ် ကောင်းသော စသည်စသည်ဖြင့် လူအမျိုးမျိုးတို့ကိုလည်း ပြတင်းပေါက်ကြောင့် သူကြည့်ခဲ့ဖူးပြီ။ မကြည့်ချင်သော်လည်း မြင်ခဲ့ဖူးပြီ။ လူတို့သည်လည်း ရာသီဥတု ပမာ၊ သဘာဝတရားကြီး ပမာ အမြဲပြောင်းလဲ နေပါလားဟု ပြတင်းမှ တဆင့် သူတွေးခဲ့ဖူးသည်။

တစ်နေ့တော့ သူမမြင်ဖူးသော မြင်ကွင်းကို သူ့ပြတင်းမှ တဆင့် မြင်တွေ့လိုက်ရသည်။ အဲဒီနေ့က သူ့အိပ်ခန်းပြတင်းပေါက် နားမှာ ရပ်၍ သူငယ်ချင်းတစ်ယောက် လာအကြိုကို စောင့်နေခဲ့သည်။ ထူးခြားတာကတော့ သူအဲဒီနေ့က အိမ်ထဲဖက်မှ အပြင်ကို ကြည့်ခြင်း မဟုတ်။ အိမ်ပြင်မှာ ရပ်လျက်က ပြတင်းပေါက်မှ အိမ်ထဲကို ကြည့်ခြင်း ဖြစ်သည်။

ဝါမှိုင်းမှိုင်း နံရံများဖြင့် အခန်းကျဉ်း တစ်ခန်း။ ထိုအခန်း၏ ညာဖက်တွင် အ၀တ်များဖြင့် တိုးလို့တွဲလောင်း ဖြစ်နေသော အ၀တ်ခြင်းတစ်ခြင်း။ မလှမ်းမကမ်းမှာ သောက်လက်စ ဖန်ခွက်များ၊ ကော်ဖီခွက်များ၊ ဆေးလိပ်တို အစများဖြင့်ပွနေသော စားပွဲတစ်လုံး။ ထိုစားပွဲဘေးမှာမှ ခပ်ကြေကြေဖြစ်နေသော၊ မခေါက်ရသေးသော စောင်နှစ်ထည်ဖြင့် အိပ်ယာတစ်ခု။ အိပ်ယာဘေး နံရံကို မြင်ရအောင် နေရာပြောင်း၍ ကြည့်တော့ နံရံပေါ်မှ ပိုစတာမှာ အနည်းငယ် စောင်းရွဲ့၍ နေသည်။ ပြတင်းပေါက်မှ မြင်ရသော သူ့အခန်းမှာ ကြည့်ချင်စဖွယ် သိပ်မရှိလှ။ ပြင်ရဦးမည်။ အမြင်မတော်သည်များကို ပြင်ရဦးမည်။ အပြင်ထွက်ကြည့်မှ မြင်ရသော အလွဲများနှင့် အခန်း။ အလွဲများဖြင့် နေနေသော်လည်း နိစ္စဒူဝ ကိစ္စများဖြင့် နေသားကျလျက် ရှိသောသူ။

ထိုအချိန်မှာ သူငယ်ချင်းရောက်လာသည်။ မပြင်ဆင်ရသေးသော သူ့အခန်းကို သူငယ်ချင်း မတွေ့ခင်မှာပင် ကတိုက်ကရိုက် ဆွဲခေါ်လာခဲ့ မိတော့သည်။

Wednesday 16 January 2008

ကျွန်မနှင့် သစ်ပင်လေးများ

အပင်များကို ကြည့်၍ ကျွန်မ ရူးဖူးပါသည်။ တမျိုးမထင်စေ လိုပါ။ စာအုပ်ရူး ရူးကြသလို၊ ပန်းချီရူး ရူးကြသလို ကျွန်မလည်း အပင်ရူးရူးဖူး ပါသည်။ မြေပဒေသာကျွန်းတွင် နှစ်တိုင်း လိုလို ရှိတတ်သော ပန်းပြပွဲ သွားတိုင်း ကျွန်မ နှင်းဆီပင်များကို အလွန်အမင်း လိုချင်ခဲ့ဖူးသည်။ မေမေ့ကို ပူဆာတော့ မေမေက နှင်းဆီပင်ဆိုတာ စိုက်ရခက်တယ်၊ ၀ယ်ပြီး မကြာခင် သေမှာပဲ ဟုကန့်ကွက်ခဲ့သည်။ နောက်တော့ ကျောက်နှင်းဆီ ဆိုလား၊ အပင်ငယ်လေးများကို တွေ့ပြန်သည်။ ဒါပေမယ့် အဲဒီတုန်းက မေမေက ဘယ်အပင်မှ ၀ယ်မပေး။ သမီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဟု ဆိုတော့ ကျွန်မမှာ မကျေမနပ် ဖြစ်သော်လည်း ငြိမ်နေလိုက်ရသည်။

ပထမဆုံး ကျွန်မ ပိုင်ဆိုင်ဖူးသော သစ်ပင်လေးကို မှတ်မိနေပါသည်။ cactus ဟုအင်္ဂလိပ်လို ခေါ်သော ကန္တာရပင်လေး ဖြစ်သည်။ အပင်အရွယ်မှာ သေးငယ်ပြီး အမြင့်မှာလည်း နှစ်လက်မ သာသာမျှသာ။ ထိုအပင်လေးကို ဖေဖေနှင့်မေမေ က၀ယ်ပေးသည်ဟု မှတ်မိနေပါသည်။ ကျွန်မစာမေးပွဲတွင် အဆင့်ကောင်းကောင်း ဖြင့်အောင်၍ ထင်သည်။ ကျွန်မအပင်များကို ချစ်၍ အပင်တစ်ပင်လိုချင် နေတာ ကြာပြီမို့ ထိုအပင်လေးကို ရတော့ အလွန်ပျော်သွားခဲ့သည်။ အဲဒီတုန်းက ကျွန်မ ခြောက်တန်းဖြစ်မည်ထင်၏။

အပင်ရပြီး ကာစမှစ၍ ကျွန်မ အပင်လေးကို အရိပ်တကြည့်ကြည့်လုပ် ရသည်မှာ အမော။ ဆူးသေးသေးလေး များပါပြီး ပြန့်ကားတုတ်ခိုင်သော အခက်အလက်များကို ကြည့်ရသည်နှင့်ပင် ပျော်နေမိသည်။ ကျွန်မ အခန်းမှာ နေရောင်ဝင်သော ပြတင်းပေါက်ပေါင် ပေါ်တွင် အပင်လေးကို တင်ထားလိုက်သည်။ ထို့နောက် မနက်တစ်ခါ ညတစ်ခါ ရေမှန်မှန်လောင်း ပေးသည်။ ကျွန်မ မိဘများကလည်း အပင်ကို ဘယ်လို ဂရုစိုက်ရမည် ဟူ၍ မပြောပြ။ မကြာခင်မှာပင် ထိုအပင်လေး သေသွားခဲ့သည်။ ထိုအခါမှ မေမေကို ပြောပြတော့ မေမေက ရေအလောင်းလွန်တာ ဖြစ်မှာပေါ့ဟု မှတ်ချက်ချသည်။ ကန္တာရပင် ရေအများကြီး မလိုအပ်သည်ကို ခပ်ချာချာ ခြောက်တန်း ကျောင်းသူကျွန်မက မသိ။ မေမေ ပြောတာ မှန်ပါလိမ့်မည်။ အမြစ်ကလေးများ ပုပ်၍ပင်နေသည်။ ကျွန်မကတော့ အပင်သေလေးကို ကြည့်ကာ နှမြောမဆုံး။

ဒုတိယ အပင်ကတော့ ငရုတ်ပင်ကလေး တစ်ပင်။ ကျွန်မတို့အိမ် မြို့ထဲ တိုက်ခန်းမှာမို့ အပင်များ အတွက် နေရာ မရှိလှ။ ဒါပေမယ့် အိမ်ရှေ့ပန်းအိုး ထဲမှာ ငရုတ်ပင်လေးတစ်ပင် စိုက်ထား၏။ ကျွန်မ အဖွားလေးက စိုက်ခဲ့သည် ထင်သည်။ နောက်တော့ ကျွန်မကို တာဝန်ပေးလိုက်သည်။ တခါတရံ ငရုတ်သီးများ သီးလျှင် ခူး၍မေမေ့ကို ဟင်းချက်ဖို့ ပေးရသည်။ ထို့နောက် ထမင်းပွဲတွင် ဒါသမီး အပင်ကသီးတဲ့ ငရုတ်သီးဟု ကြွားနေမိတော့သည်။ ဒီလိုနှင့် အပင်လေးတော်တော် ကြီးလာပြီးနောက် စာကလေးများဆိတ်၍ သေသွားခဲ့သည်။

တတိယ အပင်ကတော့ နွယ်ပင်လေးတစ်ပင်။ ကျွန်မ မွေးနေ့မှာ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မက အလွန်အလုပ်များ နေပြီမို့ အပင်တစ်ပင်လောက် လိုချင်သော်ငြားလည်း ဂရုမစိုက်နိုင်မှာမို့ မ၀ယ်ဖြစ်ခဲ့။ သူငယ်ချင်းက လက်ဆောင်အဖြစ် ပေးလာတော့လည်း ၀မ်းသာအားရပင် လက်ခံမိပါသည်။ နွယ်ပင်လေးက ခပ်ငယ်ငယ်ပင်။ အစိမ်းရောင်အရွက် အပြောက်လေးများ နွယ်၍ကျနေသော်လည်း နွယ်ကဖြင့် မရှည်လှသေးပါ။ ကျွန်မစာကြည့်စားပွဲပေါ်မှာ ချိတ်ထားလိုက်တော့ ရေလောင်းပေးဖို့ သတိရတတ်ပါသည်။ ကျွန်မအခန်းက နေရောင်မ၀င်လှသည်မို့ နေသာသော ရက်များတွင် သူ့ကို အပြင်ထုတ်ပေးရသည်။ တခါတရံ မေ့နေလျှင် အပင်က သိသိသာသာ ညိုး၍သွားတော့သည်။ ဒီလိုနှင့်ပင် သူ့ခမျာ ကျွန်မလက်ထဲမှာ သက်ဆိုးရှည်မည် ကြံကာမှ ကျွန်မခရီးရှည်တစ်ခု သွားဖို့က ဖန်လာသည်။ ရေလောင်းမည့်သူ မရှိမှာမို့ သူငယ်ချင်းတစ်ယောက်ကို သူ့အား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သည်။ ကျွန်မကိုယ်တိုင်ပင် သူငယ်ချင်းအခန်းက နေရောင်ကောင်းကောင်း ရသော နေရာကိုရွေးကာ အပင်လေးကို ချိတ်ပေးခဲ့သည်။ ရေမှန်မှန်လောင်း ဖို့လည်းမှာရသည်။

ကျွန်မခရီးကနေ ပြန်ရောက်တော့ သူငယ်ချင်းဆီက အပင်သွားပြန်တောင်းသည့် အခါ သေသွားပြီတဲ့။ ကျွန်မစိတ်တော်တော် ညစ်သွားသည်။ ရေမှန်မှန်မလောင်းဘူးလား ဟုသူ့ကို မေးတော့ သူက အခန်းပြောင်းရင်း အထုပ်အပိုးများနှင့် တိုက်မိကာ ပန်းအိုးပြုတ်ကျပြီး ကွဲသွားခဲ့သည်တဲ့။ အဲဒီနောက်တော့ အပင်ပါသေသွားခဲ့သည်တဲ့။ သူငယ်ချင်းက သူပြန်ဝယ်ပေး ပါရစေလို့ ဆိုတော့ နေပါစေတော့ဟုသာ ငြင်းခဲ့ရသည်။ ကျွန်မလက်ထဲမှာ အပင်တစ်ပင်မှ အသက်မရှည်နိုင် ပါလား။

မကြာခင်ကပင် ကျွန်မအတွက် အပင်တစ်ပင် လက်ဆောင်ရလာပြန်သည်။ မမျှော်လင့်ပဲ ရောက်လာသော လက်ဆောင်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ အပင်တစ်ပင်ကို တွေ့ရ၏။ ပိုပြီးအံ့သြရ ပြန်သည်။ အပင်လေးမှာ ပျိုးကာစပင် ဖြစ်မည်ထင်၏။ အိမ်တွင်းစိုက် အပင် အမျိုးအစား ဖြစ်ပြီး အရွက်အနည်းငယ်သာ ထွက်သေးသည်။ ကျောက်စရစ်ခဲများနှင့် ပန်းအိုးကျကျနန ပါတော့ စာရေးစားပွဲပေါ်မှာ လှလှပပတောင် စိုက်လို့ရ၏။ စက္ကူဘူးခွံထဲမှ ထိုအပင်လေးကို ထုတ်ပြီး ကျွန်မစားပွဲပေါ်သို့ တင်ထားလိုက်သည်။ ဒီတခါတော့ ရေအလောင်းလည်း မလွန်စေရတော့၊ နည်းလည်းမနည်း စေရတော့။ နေရောင်ကောင်းကောင်း ရဖို့လည်း သတိထားရမည်။ အိမ်တွင်းမှာ စိုက်မည်ဆိုတော့ ဆိတ်နိုင်မည့် စာကလေးရန်ကိုလည်း မပူရ။ တိုက်ချပြီး ပန်းအိုးကို ခွဲမပစ်ဖို့တော့ သတိထားရမည်။ အင်း……အပင်တစ်ပင် ရှင်ဖို့ဆိုတာ အကျိုးအကြောင်း ညီညွတ်တိုက်ဆိုင်မှ၊ နေရေလေ မျှတမှ ပါတကား။