Friday 1 November 2013

မိုး (၁)



          နေရောင်က ဖျော့ဖျော့လေးသာ ကျနေသည်။ အားပြိုင်လာသော တိမ်တိုက်များကို မကြာမီ အလျော့ပေးရတော့မည် ဆိုသည်ကို သိသော်လည်း လွယ်လွယ်နှင့် အရှုံးမပေးလိုက်ချင်။ နောက်ဆုံးထွက်သက်အထိ တိမ်ထုကြီးကို ထိုးဖောက်ပစ်လိုက်ချင်သေး၏။ ထို့ကြောင့်လည်း ခဲသားရောင် တိမ်အထပ်ထပ်အောက်မှ နေခြည်မျှင်လေးများက ဟိုတစ်စ သည်တစ်စ။
          ဖြတ်တိုက်လာသော လေညှင်းလေးထဲတွင် မိုးငွေ့အချို့ ပါလာသည်။ မုန်တိုင်းမထန်ခင် ငြိမ်သက် နူးညံ့နေသော ရှုခင်းက သူ့ကိုလှည့်စားလေ၏။ မိုးမရွာခင်တော့ ပြတင်းပေါက်ကို ဖွင့်ထားလိုက်ချင်သေးသည်။ လေပြေလေးက တိုးတိုးသာသာ ပြောသော စကားသံကို သူနားထောင်ချင်သေး၏။ အိမ်ရှေ့သစ်ပင်တွင် ခေါင်းကိုငဲ့ကာငဲ့ကာဖြင့် နားနေသော ငှက်ကလေးကို သူငေးကြည့်နေမိသည်။ နွဲ့နွဲ့လေး တိုက်နေသော လေညှင်းက သစ်ရွက်လေးများကို လှုပ်ခတ်စေသည် ဆိုရုံလေးမျှသာ။ ကြည့်နေရင်းပင် သစ်ရွက်ပေါ်သို့ မိုးပေါက်ကလေးများ ကျလာသည်။ တစ်ပေါက်…နှစ်ပေါက်…သုံးပေါက်….။ သူဆက်၍ မရေတွက်နိုင်တော့။ မိုးပေါက်များကို ရေကြည့်ရန် ကြိုးစားသော သူသည် အရူးတစ်ယောက်သာ ဖြစ်ချေတော့မည်။
          ခပ်ကျဲကျဲနှင့် မှန်မှန်လေး ဖွဲဖွဲ ကျရာမှ ထုကြီးထည်ကြီးသို့ ပြောင်းချင်လာသည်။ စိပ်လာသော မိုးပေါက်တို့သည် သစ်ရွက်လေးများကို အညှိုးတကြီး ပင် မှန်မှန် ရိုက်ခတ်နေတော့၏။ မိုးပေါက်တို့သည် သွက်လက်စွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ အပူအပင်မဲ့စွာပင် မြေကြီးပေါ်သို့ ခုန်ဆင်းလာကြသည်။ ကောင်းကင်နှင့် မြေကြီးတို့ကြား အဆီးအတား မဲ့လှသည်။ ငှက်ကလေးသည်လည်း ဘယ်ဆီသို့ ပျံပြေးသည် မသိ။ မိုက်မဲလှသော မိုးပေါက်တို့သည် မြေကြီးပေါ်ရောက်သည်နှင့် ဗွက်အိုင်၊ ရေအိုင်တို့ထဲ ရောနှော ပျောက်ကွယ်ရလေပြီ။ ကံကောင်းသော မိုးပေါက်အချို့ကတော့ ကြီးမားကျယ်ပြန့်သော ရေကန်ကြီး၏ ရင်ခွင်သို့ ၀င်ခွင့်ရကြလေသည်။ မည်သို့ပင် ဖြစ်စေ သူတို့၏ ဖြစ်တည်မှုက တိုတောင်းလွန်းလှပါသည်။
          မကွယ်ပျောက်သွားမီတော့လည်း သူတို့၏ အစွမ်းကို ပြခဲ့ချင်သေးဟန် တူ၏။ ကန်ရေပြင်တွင်တော့ ၀ဲဂယက် ထင်စေခဲ့သေးသည်။ သွပ်ပြားပေါ်မှာ၊ ပြတင်းပေါက်မှန်မှာ…။ မိုးပေါက်တစ်ပေါက်ချင်းစီ၏ အဆုံးသတ်ကို သူကြားရသည်။ ဖျော့တော့ရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။ တစ်ပေါက်ချင်းစီ၏ ရိုက်ခတ်မှုသည် တေးသွားတစ်ပုဒ်၏ နရီလို၊ စည်းလို မှန်မှန်နှင့် မြန်မြန်လာသည်။ မြန်ရာမှ ထန်လာသည်။  တဖြောင်းဖြောင်းနှင့် ကြောက်မက်ဖွယ်ကောင်းအောင်ပင် ပီသလာသည်။ စစ်ချီသံတွေလိုလား၊ မြင်းခွာသံတွေလိုလား။ ဒေါသကြီး၏။ ခက်ထန်၏။ အညှာအတာမဲ့ပြန်လေ၏။ တစ်ချီတစ်ချီမှာတော့ အားမတန်၍ မာန်လျော့ လေရသော ဟန်ဖြင့် တိုးညှင်းသွားပြန်သည်။ သို့ပေမယ့်လည်း မကုန်သေးသော အင်အားဖြင့် အစဉ်တစိုက် သွန်ချနေဆဲ။
          တခဏလွန်မြောက် ပြန်လျှင်တော့ မတည်မြဲသော နိယာမအတိုင်းပင် မိုးစက်တို့လည်း ဝေးလွင့်ရလေပြီ။ ကောင်းကင်ကြီးသည် အငိုတိတ်စ ကလေးတစ်ယောက်လို ရှိုက်ကာ ငင်ကာဖြင့် နောက်ဆုံး မျက်ရည်စက်တို့ကို ကြိုးစား၍ ထိန်းနေရှာ၏။ အငို၏ နောက်မှ အပြုံး၊ အမှောင်၏ နောက်မှအလင်း၊ ၀ဲဂယက်များ၏ နောက်မှ ငြိမ်သက်ခြင်း။ ရှိုက်ရင်း ရှိုက်ရင်းနှင့်ပင် အငိုတိတ်ရပေတော့မည်။
          ကောင်းကင်သည် တဖြည်းဖြည်း ပြန်၍ ပြုံးလာ၏။ ရေမစို့တစိုနှင့် လောကသည် ကပိုကရို လှနေတော့သည်။
(Chopin ၏ Raindrop (Prelude Op. 28, No. 15) ကိုခံစား၍ ရေးပါသည်။)