Tuesday, 28 August 2007

လဲလှယ်ခြင်း သည်းခံပါ (၃)

အိပ်ရာပေါ်မှ အလူးအလဲ ထလိုက်သည်။ ပုံရိပ်အိပ်ခန်းနှင့် မတူသော အိပ်ခန်းတစ်ခု။ အိပ်ချင်မူးတူး နှင့်လိုက်ကြည့်သည်။ အင်…ဘယ်ရောက်နေပါလိမ့်။ computer စသလို အသံလေး သဲ့သဲ့ကြားရသည်။

“သမီးရေ… ထတော့။ ဒီနေ့ ဘာလုပ်စရာ၊ ဘယ်သွားစရာ ရှိသေးလဲ။”

အမျိုးသမီးကြီးတစ်ဦး အခန်းထဲ ၀င်လာသည်။

“ဟို… computer…”

“ဟိုမှာလေ… ညည်း computer။ ကျုပ်ဘာမှ မလုပ်ပါဘူး။ ကဲ အမေ ထမင်းကြော်ထားတယ်။”

ပြောပြောဆိုဆိုနှင့် အမျိုးသမီးကြီးက အခန်းထဲမှ ထွက်သွားသည်။ “your new life memory has started” ဟူသော အသံသေးသေးလေး နားထဲမှာ ကြားလိုက်ရသည်။ သြော်… ငါ့ရဲ့ ဘ၀သစ်ပဲဟု အဲဒီတော့မှ သဘောပေါက်သွားသည်။ မနေ့က ယမမင်းလူများ ဦးနှောက်၏ နောက်နားတွင် စက်အသေးစားလေး (minibrain) တစ်လုံးထည့်ပေးလိုက်တာ သတိရသည်။ ထိုစက်လေးထဲတွင် စာရေးဆရာမ၏ မှတ်ဥာဏ်အားလုံးကို ထည့်ပေးလိုက်သည်။ လိုအပ်သည့် အချိန်မှာ အကူအညီပေးနိုင်သည်။ ဘာလုပ်ရမှန်း မသိလျှင် ညွှန်ကြားချက်များ ပေးနိုင်သည်။ ပုံရိပ်က ထိုညွှန်ကြားချက်များကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် overwrite လုပ်နိုင်သည်။ ဘ၀အသစ်ကို စပေတော့မည်။

ထမင်းကြော်ကို စားပြီးအပြင်ထွက်ခဲ့သည်။ အမေဆိုသော အမျိုးသမီးကြီးနှင့် ဆက်ဆံပြောဆိုရာတွင် အမှားအယွင်းမရှိ။ မျက်နှာသစ် သွားတိုက်နေစဉ်တွင် စာရေးဆရာမ၏ ကိုယ်ရေးအကျဉ်းကို အမြန်ဆုံး သင်ယူလိုက်သည်။ ပုံရိပ် ကံကောင်းသည်မှာ ထိုစာရေးဆရာမသည် အမေနှင့် နှစ်ဦးတည်း နေကြခြင်းပင်။ အရေးထဲ ပုံရိပ်က အပြင်ထွက်ကာနီး “အမေ…ကား…” ဆိုပြီး ကားသော့ တောင်းမည် လုပ်သေးသည်။ minibrain ကသတိ ပေးသည်။ “စာရေးဆရာမ တွင်ကားမရှိပါ” တဲ့။ ကားမရှိတော့ ကောင်းတာပေါ့။ ဆီဈေးတွေ ဒီလောက်တက်နေတာ။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တွေး၍ လှေကားမှ ဆင်းလာခဲ့သည်။

တိုက်ခန်းခြောက်လွှာ မှဆင်းလာပြီး မြေညီထပ်ရောက်ခဲ့ပြီ။ ဘယ်ကားစီးပါ ဟုညွှန်ကြားချက် မရခင် ပုံရိပ်ဘတ်စ်ကား တစ်စီးပေါ်တက်ခဲ့သည်။ ပထမ ပန်းဆိုးတန်းမှာ စာအုပ်သွားဝယ်ရန်။ လိုအပ်သော စာအုပ်များ စာရင်းကို minibrain ကပြောပြပေးသည်။ ပန်းဆိုးတန်း မှတ်တိုင်မှာ ဆင်းသည်။ မဖတ်ရတာ ကြာသော စာအုပ်များ ၀ယ်သည်။

ပြီးနောက်… စာပေစီစစ်ရေးသို့ သုံးနာရီတွင် သွားပါတဲ့။ သုံးနာရီထိုးတော့ ရုံးခန်းတစ်ခု ရှေ့မှာထိုင်စောင့်သည်။ ပျင်းပျင်းရိရိ နေ့လည်ခင်းကို ထိုင်ကြည့်ရင်း minibrain က အကျဉ်းချုပ်ပြောပြသည် ကိုနားထောင်၏။ စာရေးဆရာမ၏ မကြာမီကမှ (သူ့ဘ၀ကို မရောင်းခင်) အပြီး ရေးထားသော လုံးချင်းဝတ္ထုကို စာပေစီစစ်ရေးသို့ တင်ထားသည်။ ခုကိစ္စက ထိုစာအုပ် အတွက်ပဲ ဖြစ်မည်။ ပုံရိပ်ကလည်း တခါမှ မကြုံဘူး၍ ဘာပြောရမည် ဘာလုပ်ရမည် မသိ။ စာအုပ်၏ အကျဉ်းချုပ်ကိုတော့ ကြိုတင်သိ ထားနှင့်နေသည်။ ဘာမှ ရှုပ်ရှုပ်ထွေးထွေးတော့ ဖြစ်မည်မထင်။ သုံးနာရီခွဲတော့ လူတစ်ယောက် ထွက်၍ လာခေါ်သည်။

“မXXXX ၀င်သွားနိုင် ပါပြီ”

အခန်းတစ်ခု၊ စားပွဲတစ်လုံး၏နောက် တွင်လူတစ်ဦးထိုင် နေသည်။

“ထိုင်ပါ ခင်ဗျ။ ဒါကတော့ ခင်ဗျားရဲ့ စာအုပ်ပါ။ ကျွန်တော်တို့ အားလုံးဖတ်ပြီးတဲ့ နောက်ထုတ်သင့် မထုတ်သင့် စဉ်းစားပြီးပါပြီ။”

“ဟုတ်ကဲ့.. အဲဒီတော့”

“ဖြတ်ရပါလိမ့်မယ်”

“ရှင်…”

“ဖြတ်ရမယ်လို့။ ရှည်နေတာတွေ ဖြတ်ရမယ်”

“ဟို…ကျွန်မ ရောက်နေတာ… အတိုချုပ်တဲ့ရုံး များလား”

“ခင်ဗျားရောက် နေတာ စာပေစီစစ်ရေးပါ။ ဘာပဲဖြစ်ဖြစ်ဗျာ…ဒီကနေ ဒီအထိကို ဖြတ်ပေးပါ။ ဒါမှ ထုတ်လို့ ရမယ်။”

စာရွက်များကို တဖျတ်ဖျတ်လှန်လိုက်တော့ စာအုပ်၏ သုံးပုံတစ်ပုံမျှ ပါသွားသည်။ တစ်ခုခု ပြောမည်ပြင်တော့ minibrain ဆီမှ အသံထွက်လာသည်။ “ဟုတ်ကဲ့လို့ ပြောပါ။ ပြီးရင် သွားကြစို့”။

ရုံးထဲမှ ပြန်ထွက်လာတော့ နေကျဲကျဲပူနေသော ကောင်းကင်ကို မော့ကြည့်သည်။ ဒီဘ၀နဲ့ ရှေ့ဆက်လို့ ဖြစ်ပါဦးမည်လား။ မလွယ်ပါလားနော်။ ခါးကြားမှ “ဘ၀ကူးဖုန်း” (ဘ၀တစ်ခုမှ တစ်ခုခေါ်၍ ရသောဖုန်း) ကိုထုတ်လိုက်သည်။

“လူကြီးမင်း ခေါ်ဆိုသည့် ဘ၀ကူးဖုန်းဟာ……”

ဟာကွာ။။။။

နောက်ထပ်တစ်ခါ ထပ်ခေါ်သည်။

“ယမမင်းအင်န်ဆန်းစ်က ပါလား။ ဟုတ်ကဲ့ ကျွန်မ ဘ၀လဲချင် လို့ပါ။ ရှင်….appointment။ နောက်တစ်ရက်….။ ဟုတ်..ဟုတ်။ ရပါတယ်။ နောက်တစ်ရက် စောင့်ပါ့မယ်။”

(ဆက်ရန်)

6 comments:

ဂျစ်တူး - gyit_tu said...

ဒီဝတ္ထုကိုတော့ စွဲနေပြီး)

pandora said...

ဟဲလို ဟဲလို ပုံရိပ်လား.. ဆက်ရေးပါ.. ဘာ..တစ်ရက်လောက် စောင့်ဦး.. အေး.. ဒါဆိုလည်း ပြီးရော.. ဂျလောက်..

ponyate said...

ကိုယ့်ဟာကိုယ် စပြီး ဆက်လို့ မရသေး။ မဂျစ် မပန် လာအားပေးတာ ၀မ်းသာ ပါ၏။

ponyate said...

ဟလို... မပန်... ဟုတ်ကဲ့ နောက်တစ်ရက် ထပ်စောင့်နော်..။ ဟုတ်ကဲ့.. ဂျလောက်။

PeTi said...

အခုမှ ဖတ်မိတယ်… စိတ်ဝင်စားဖို့ကောင်းလိုက်တာ..
စာပေဖြတ်တောက်ရေးရုံးက လုပ်လိုက်လို့ ပုံရိပ် ပြန်ဆက်လို့ မရသေးတာလား… ပီတိစားပြီး ကြိုးစားပြီး ဆက်ပါဦး.. စောင့်နေတယ်.. :P

ပုံရိပ် / Pon Yate said...

ဟုတ်တယ် ထင်ရဲ့ စာပေ ဖြတ်တောက်ရေးကြောင့် ဟီး။