Wednesday, 8 August 2007

အခြေခံ လိုအပ်ချက်

နေကချစ်ချစ်တောက် ပူနေသည်။ ရာဘာဖိနပ် ကလေးပင် ပျော်ကျတော့မှာ လားဟုသူ ပေါက်ပေါက်ရှာရှာ တွေးမိသည်။ အခုလည်း ပျော်ကျနေသလို ပါပဲ။ တရိရိနဲ့ ပါးလာသော ဖနောင့်နေရာကို ကြည့်မိတော့ သူခြေကိုတောင် ဖွဖွ လှမ်းမိသည်။ အင်းလေ.. သူလည်း အနင်းခံရတာ ကြာလှပြီကိုး။ လူရုပ်..အဲ.. ဖိနပ်ရုပ်တောင် မပေါ်ချင်တော့။

ရှေ့မှာ အိမ်ကို လှမ်းမြင်ရပြီမို့ သူခြေလှမ်း သွက်သွက်လှမ်းလိုက်သည်။ မိန်းမက ဘာဟင်းများ ချက်ထားမှာပါလိမ့်။

အိမ်ပေါ်တက်လိုက်တော့ အိမ်ကလေး နိမ့်သွားသလို။ အိမ်ရှေ့ ကြမ်းပေါ်မှာ ထမင်းဝိုင်းလေး ခင်းထားသည်။ ဟင်းခွက် ထမင်းခွက်တွေတော့ မချသေး။

“မိန်းမရေ.. ကိုယ်ပြန်လာ ပြီဟေ့”

“ကျွန်မ ဒီမှာ ထမင်းအိုး ချနေလို့”

မီးဖိုပေါ်သို့ တင်လိုက်သော ထမင်းအိုးမှာ အငွေ့တထောင်းထောင်း နှင့်ကျက်လောက်ပြီ။ မိန်းမအနားက ခွာပြီး အိမ်ရှေ့က ကြိုးတန်းပေါ်မှာ လွှားထားသော ပုဆိုးကို ဆွဲယူလိုက်သည်။ ရေချိုးဦးမှ။

ရေခွက်ကိုကိုင် ၍ရေစည်နားမှ ပြန်တက်လာတော့ ထမင်းစားပွဲဝိုင်းလေး ပေါ်မှာ ထမင်းခွက် ဟင်းခွက်တို့ ရောက်နေပြီ။ စွပ်ကျယ်အဟောင်း တစ်ထည်ကို ကောက်စွပ်ပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်၏်။ မိန်းမက ငပိရည်ကျဲကျဲကို မွှေကာ သူ့ပန်းကန်ထဲသို့ ဦးချသည်။ ရေကျဲကျဲ ငရုတ်သီး များများနှင့် အာလူးလေး လေးတုံးပါသော ဟင်းကို ထည့်ပေး ပြန်၏။ ကန်စွန်းရိုးနီများက ပန်းကန်ထဲမှာ ထိုးထိုးထောင်ထောင်။ သခွားသီးစိတ်လေး လေးစိတ်ကို ကြည့်ရသည်မှာ သနားစရာ။ ဘာရွက်မှန်းမသိသော အရွက်တမျိုးမျိုးနှင့် ချက်ထားသော ဟင်းချိုက အငွေ့တထောင်းထောင်း။ သူငါးပိရည်နှင့် နယ်ထားသော ထမင်းတစ်လုတ်ကို ပါးစပ်ထဲထည့်လိုက်သည်။ မာကြမ်းကြမ်း အရသာနှင့် အောက်သိုးသိုးအနံ့တို့ ရောသွားကြသည်။ အင်း….ဟင်းမကောင်း ရင်တောင်မှ ထမင်းအိအိ မွှေးမွှေးလေးတော့ စားရရင် သေပျော်ပါပြီ။

xxxxxxxxxxxxxxxxx

“အား…ပူလိုက်တာကွာ”

“ဟော… ဖေဖေပြန်လာပြီ”

သူအိမ်ထဲ ၀င်လာတော့ အိမ်ရှေ့ခန်းမှာ ဓာတ်ခဲနှင့် ကားမောင်းနေသော သားက လှမ်းအော်သည်။ ဆယ်နှစ်အရွယ်ရှိပြီ ဖြစ်သောသားက တော်တော်နားလည် နေပြီ။ အိမ်မှာသူ့ခြေသူ့လက် လုပ်တတ်နေပြီ။ ရုပ်မြင်သံကြားကို သူဖွင့်တတ်သည်။ ကာတွန်းကား ဆိုလျှင်အခွေထည့်ပြီး ကြည့်တတ်သည်။ ကက်ဆက်ဖွင့်ကာ “တောင်ကုန်းပေါ်မှာ… ဘုရားတစ်ဆူ” ဟုလိုက်အော် တတ်သည်။

“သားရေ.. ပန်ကာဖွင့် စမ်းကွာ။ ပူလိုက်တာ လွန်ရော”

သားကို ပွေ့ချီရာမှချ၍ ပြောတော့ သားက ခေါင်းခါပြသည်။ မီးမလာဘူး ဖေဖေတဲ့။ အင်း…..ဒီမီးတော့ ကွာဟု စိတ်ထဲက ညည်းမိသည်။

“ရေလေး တစ်ခွက်လောက် ခပ်ပေးစမ်းပါကွာ”

သားက နောက်ဖေးဘက်ကို ပြေးဝင်သွားရင်း ရေခဲသေတ္တာကို ပြေးဖွင့်သည်။ ရေခွက်လေး တစ်ခွက်သူ့လက်ထဲမှာ ပါလာသည်။

“ဟာ မင့်ရေကလည်း မအေးပါလား”

“မအေးဆို မီးပျက်သွားတာ မနက်ထဲကပဲ။ အခုညနေစောင်း တဲ့ထိပြန်မလာဘူး။ ဒီည တစ်ညလုံးပျက်ဦး မလားမသိ။ ကိုရီးယားကားလေး တော့လွတ်ပါပြီ”

သားတို့ အမေက ၀င်ပြောသည်။ သူ့မှာလည်း သူ့စွဲလမ်းမှုလေးနဲ့ သူ။ ကိုရီးယားကားတဲ့။

“ကဲ..ရှင်ထမင်း စားတော့မလား။ ကျွန်မ ဂတ်စ်မီးဖိုနဲ့ပဲ ဟင်းနွေးလိုက်တော့မယ်”

“ရေအရင် ချိုးဦးမယ်ကွာ။”

ရေချိုးခန်း မ၀င်ခင် မြေအိုးလေးထဲမှ ရေတစ်ခွက်ကို တစ်ကျိုက်ထဲ မော့ချလိုက်မိသည်။ အား…အေးသွားတာပဲ။ နောက်ဆုံးတော့ မြေအိုးထဲက ရေကပဲ အမြဲအေးနေတာ။

ရေချိုးခန်းဝင်မည် လုပ်တော့ မိန်းမရဲ့ လှမ်းအော်သံကို ကြားလိုက်သေးသည်။

“ရေတွေ အများကြီး မဖြုန်းနဲ့နော်။ မီးက ဘယ်အချိန် ပြန်လာမယ် မသိဘူး။”

“အေးပါကွာ။ အေးပါကွာ။”

ဒီမီးတော့ ကွာဟု ဒုတိယ အကြိမ် ကျိန်ဆဲပြန်သည်။ ရေလေးတော့ ၀၀ချိုးရတဲ့ ဘ၀လိုချင် ပါတယ်။ မကျေမနပ်နှင့် ခေါင်းပေါ်မှ ရေတ၀ုန်းဝုန်း လောင်းချသည်။ အာ…. ဘယ်နှစ်ခွက်တောင် ရှိသွားပြီလည်း မသိဘူး။

Xxxxxxxxxxxxxxxxxxxxxxxxxxxx

“ဟေး…………….. မီးလာပြီ ကွ”

တစ်ရပ်ကွက်လုံး သိမ့်သိမ့်တုန် သွားသလို။ ကလေးတွေ အော်သံရော၊ လူကြီးတွေ အော်သံပါ ဆူညံ၍ သွားသည်။ ၀မ်းသာအားရနှင့် ဖတ်လက်စ စာအုပ်လေးကို ဘေးချလိုက်သည်။ ဖယောင်းတိုင်မီးကိုတောင် ငြိမ်းဖို့မေ့ပြီး ကွန်ပျူတာဆီ ထလာခဲ့သည်။

“ဟဲ့ ဖယောင်းတိုင်မှုတ် လိုက်ဦးလေ။”

အမေက လှမ်းအော်တော့မှ ကွန်ပျူတာကို စထားခဲ့ပြီး ဖယောင်းတိုင်ကို မီးလာငြိမ်းရသည်။ နှေးနှေးလေးသွားနေသော အဖွင့်မျက်နှာကို သူစိတ်မရှည်။ အားလုံးပွင့်လာတော့ အီးမေးလ်စစ်ရမည်။ Microsoft Outlook။ ဖြေးဖြေးလေး ပွင့်လာနေသည်။ Connect To ကိုနှိပ်၊ ပြီးတော့ MPT။ တီ…..တီ…..ဆိုသော အောက်ကလိသံကို ကြားရပြီ။ Connecting…..။ ကွန်ယက်နှင့် ဆက်ဖို့ ခဏစောင့်ရ ပေဦးမည်။ အမေဖွင့် ထားသော ကိုရီးယားကား သွား၍ငေးလိုက် သေးသည်။ ကောင်မလေးက လူကီးမီးယား ဖြစ်နေသည် တဲ့။ ဟော… အသံတိတ် သွားပြီ။

သူအပြေးအလွှား ကွန်ပျူတာဆီ ပြန်လာတော့ အီးမေးလ်များကို ဆာဗာပေါ်မှ ဆွဲချနေပြီ။ အချစ်လေးဆီက အီးမေးလ် ၀င်နေလောက်ပြီ။ အင်တာနက်ကို ဆက်လို့မရတာ တစ်ရက်၊ မီးမမှန်တာ တစ်ရက်ဆိုတော့ သူ့အီးမေးလ် နှစ်စောင်လောက်တော့ မဖတ်ရသေးတာ ရှိနေမှာပဲ။ အချစ်လေးက တစ်နေ့ကို အီးမေးလ်တစ်စောင် မှန်မှန်ပို့ နေကျ။ သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ ကိုယ့်ကိုလွမ်းတယ် ဆိုတဲ့အကြောင်းက အစ၊ ဒီနေ့သူ ဘာချက်စား တယ်ဆိုတာက အဆုံး စီကာပတ်ကုံး ရေးနေကြ။ ကိုယ်ကလည်း ကိုယ့်တနေ့တာ ဖြစ်ကြောင်းကုန်စင်ကို Wordမှာ မီးလာတုန်းလေး ရိုက်ပြီးသိမ်းထား ရတာပေါ့။ မီးလာတဲ့ အချိန်၊ connection ကောင်းတဲ့ အချိန်ကျရင် သူ့ဆီပို့။ ဒီလိုနဲ့ပဲ email ဟာ ကိုယ့်အတွက်တော့ မရှိမဖြစ် ဖြစ်လာရတော့ ပေါ့လေ။

Inbox ထဲစာဝင်လာ သောနှုန်းက စိတ်မရှည်ချင် စရာ။ အင်း… မဟုတ်က ဟုတ်က အီးမေးလ်တွေလည်း များဦးမှာ ဆိုတော့ ကြာဦးမှာပဲ။ ရုပ်မြင်သံကြားရှေ့ ကိုသူပြန်ရောက် လာပြန်သည်။ မင်းသမီးချောချောလေးသည် ဖန်သားပြင်ပေါ်မှာ ငိုလျက်။

ဘယ်လောက်ကြာသွားပြီ မသိ။ ကွန်ပျူတာရှေ့ ပြန်ရောက်တော့ ကွန်ယက်နှင့် အဆက်အသွယ်ပြတ် နေပေပြီ။ ဟူး… ပြန် connect လုပ်ရ ဦးမယ်။ Dialing………Unable to connect ဆိုပါလား။ Redial…….56, 55, 54, 53…. ဟာကွာ… မရပြန်ဘူး။ Redial…….

လောကတစ်ခုလုံး မှောင်ကျသွားသည်။ ဟာ……….ဆိုသော အသံများ ဆူညံသွား၏။ မီးပျက်သွားပြန်ပြီ။ မနက်ဖြန်တော့ internet café တစ်ခုခု သွားမှ ထင်တယ်။ ဟူး…. အချစ်ကလေးနဲ့ နီးရဖို့ အတွက် အင်တာနက် connection ကောင်းကောင်းလေး တော့ရချင် ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxx

အာရှမှ တင်သွင်းသော ဆန်မွှေးမွှေးကို ၀ယ်စားနိုင်သော နိုင်ငံ

၂၄ နာရီမှ မီးမလာလျှင် လူတွေ ဘာမှမလုပ် တတ်သော နိုင်ငံ

Broadband ကြိုးမဲ့ အင်တာနက် နေရာတကာ တပ်ဆင်ထားသော နိုင်ငံ

“အောင်မလေး… လေးလိုက်တာ….”

လက်ထဲမှ အထုပ်အပိုးတွေကို မနိုင်မနင်းမရင်း အိမ်ထဲဝင်လာတော့ မှပင် အမောပြေသွားသည်။ လေအေးစက်နှင့် အေးစိမ့်နေသော အိမ်ခန်းက သူ့ကို ဆီးကြိုနေသည်။ အထုပ်များကို မဖြည်အားသေးပဲ ရေခဲရေ တစ်ခွက်ကို ၀၀သောက်ပစ် လိုက်သည်။ လည်ချောင်းထဲမှာ အေး၍စိမ့်ကာ ပိုပြီး အမောပြေသွား သလို။

ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း အထုပ်များကို ငေးကြည့်နေ မိ၏။ ငါဒီအထုပ်တွေကို ဘယ်လိုများ သယ်ခဲ့ပါလိမ့်။ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး မရှိတာ ဘယ်လိုမြို့များ ပါလိမ့်ကွယ်။ လမ်းပေါ်မှာတော့ လူတစ်ယောက် တစ်စီးနှုန်းဖြင့် ယာဉ်များ တ၀ီဝီ သွားလာနေကြသည်။ ကိုယ်ကသာ ဇော်ဝင်းရှိန် သီချင်းဆိုရ မလို။ (“မြို့ထဲလမ်းမပေါ်… ကားရောင်စုံများစွာ.. တစ်စီးမှ ကိုယ်မပိုင်ပါ။”)

ခုတော့ အလုပ်သွားလည်း စက်ဘီးစီး၊ ကျောင်းသွားလည်း စက်ဘီးစီး။ အမယ်… ကမ္ဘာကြီး ပူနွေးလာလို့ တချို့ကား ရှိတဲ့လူတွေတောင် စက်ဘီးစီးကြတယ် ဆိုပဲ။ ဒီလိုဆိုတော့လည်း ကိုယ်လည်း ခေတ်မီလာ သလို။ ဒါပေမယ့် ကားမရှိတာ ကြောင့်ကိုယ့်မှာ လူမှုရေးဆိုလည်း ပျက်ကွက်ရတာပေါ့လေ။ သူငယ်ချင်းတွေ ဖိတ်ရင်၊ လုပ်ဖော်ကိုင်ဖက် တွေဖိတ်ရင် မသွားနိုင်။ လမ်းလျှောက်လို့၊ စက်ဘီးစီးလို့ ရတဲ့ နေရာမှပဲ လာနိုင်ပါ့မယ် ဆိုပြီး တောင်းပန်ရတာ။

အဆိုးဆုံးကတော့ ဈေးဝယ်တဲ့ အချိန်။ ဈေးဝယ်တဲ့ အခါတိုင်း အငှားကား ခေါ်လို့လဲ မဖြစ်။ ၀ယ်သမျှ အထုပ်တွေ ဘယ်တဖက်၊ ညာတဖက်ဆွဲလို့ စက်ဘီးနင်းရင်နင်း၊ လမ်းလျှောက်ရင် လျှောက်။ နွေဆိုတော့လည်း ချွေးဒီးဒီး ကျလို့။ ဆောင်းဆိုတော့လည်း အေးလွန်းလို့ အထပ်ထပ်ဝတ်ပြီး သွားရတာ။ ကိုယ့်အနွေးထည် ကိုယ်ပြန်မ နေရတာနဲ့တင် တော်တော်လေး နေပြီ။ အထုပ်တွေ မရတာ တော်တော် အားကုန်သွားပြီ။ စားဖို့သောက်ဖို့ လုပ်ဦးမှ။

ဆန်အိတ်ထဲမှ ယိုးဒယားဆန် ကော့ကော့လေး များကို လျှပ်စစ်ထမင်းအိုးထဲ ထည့်လိုက်သည်။ ရေထည့်၊ ခလုတ်နှိပ်ပြီးရင်တော့ နာရီဝက်လောက် စောင့်ရဦးမည်။ ခရီးဆောင် ကွန်ပြူတာ ကိုဖွင့်လိုက်သည်။ Network connection is now connected…. အင်း…ကားလေးတစ်စီး တော့ဝယ်ဦးမှ။

11 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

ပုံရိပ်စာတွေလဲ ကျွန်မ အလွန်ကြိုက်တယ်..
Descriptive ဖြစ်တယ်..။

ဂျစ်တူး - gyit_tu said...

ဟုတ်တယ်.. မလေးပြောတာ ထောက်ခံတယ်း)

မိုးညို said...

ကျနော်လည်း ထောက်ခံမဲပဲဗျို့ ...
မပုံရေ ... ဒါမျိုး မျှော်နေဦးမယ်ဗျာ ... ဖတ်ပြီး စိတ်ထဲမကောင်းဘူး ... ကျေးဇူး

pandora said...

သဘောကျတယ် ပုံရိပ်
opinion မပါဘဲ description နဲ့ opinion ကိုပေးတာ။

Layma said...

လေးမ လဲ မဲ ထည့်ခဲ့တယ်…ကြိုက်တယ်….မပုံရိပ်….

ponyate said...

အားလုံးပဲ အမာခံ ပရိတ်သတ် ရှိလာတော့ ရေးရတာ ပိုအားတက် မိတယ်။
မလေး၊ မဂျစ်.. ကျေးဇူးပါ လို့ ။
ကိုမိုးညို..စိတ်မကောင်း အောင်လုပ်ဖို့ မရည်ရွယ်ပါ။ ပုံရိပ် တခါတလေ စိတ်ထဲ ကိုယ့်ဟာကိုယ် မကျေမနပ် ဖြစ်မိတဲ့ အကြောင်းကို ရေးထားတာပါ။ :D
မပန်.. show don’t tell ဆိုတဲ့ လိုပေါ့။
မလေးမ.. နောက်တစ်မဲ ဆို.. 

ponyate said...

my smileys become question marks..:D
?=smileys hee hee..

thamudayanwe said...

very good posts,

ponyate said...

Thanks, Thamudaya

PeTi said...

ရေးထားတာလေးက ကောင်းလိုက်တား… အင်း ဟုတ်ပ.. အခုတော့ ကားလေးတစီး လောက်လိုချင်လာပြီး.. ဟီး..

ponyate said...

ကိုပီတိရေ လာဖတ်သွား တာပီတိဖြစ် ရပါသည်။