Wednesday, 11 July 2007

သားကြီးလာရင်…

မိုးတစိမ့်စိမ့်။ ဂျူလိုင်မိုးသည် စဲခဲလှချေ၏။ ၀ရန်တာမှာ ရပ်နေသော ကလေးငယ်သည် မိုးစက်ကလေးများကို ငေးစိုက်ကြည့်နေသည်။ သူ့အတွက်တော့ မိုးစက်ကလေး များ ခုန်ဆင်းလာပုံမှာ ပျော်စရာ။ အိမ်ရှေ့ ၀ရန်တာမှာ ခါတိုင်းနှင့် မတူသော အရာတစ်ခုရှိသည်ကို သူသတိမူမိပြီ။ ၀ါးလုးံရှည် တစ်ချောင်း၏ အလယ်တွင် ချည်နှောင်ထားသော အလံတစ်ခု။ မေမေချည်ထားတာ ထင်တယ်။ မိုးစို နေသော သံမံတလင်းပေါ် သူခြေချကာ အလံကို အနားတိုး၍ ကြည့်သည်။ မေမေက မိုးရေထဲ မထွက်ရဟု ပြောထားသည်ကို သူမေ့ပြီ။ အလံသည် မိုးရေကြောင့် လေထဲမှာ လွင့်နေရမည့် အစား ၀ါးလုံးမှာ ကပ်၍နေသည်။ သူ အလံကို မြင်လိုလှသည်မို့ အနားတိုးကပ်ကာ ဖြန့်ရန်ကြိုးစားသည်။ အရပ်က မမီသည်မို့ ၀ရန်တာလက်ရန်းကို စ၍တွယ်တက် မိသည်။

“သားရေ.. ဘာတွေလုပ် နေတာလဲ”

မီးဖိုထဲမှ မေမေထွက်လာပြီ ထင်သည်။ ကလေးချက်ချင်း သတိရသွားပြီး ပြန်ခုန်ဆင်းလိုက်သည်။ ပြီးတော့ မေမေရှိရာသို့ သူပြေးဝင်လာ၏။

“သား မေ့သွားလို့ မေမေ။ မိုးရေထဲ လည်းမထွက်တော့ပါဘူး။ ၀ရန်တာပေါ်လည်း မတက်တော့ပါဘူး။”

စည်းကမ်းဖောက်သော သားသည် မေမေ့ရှေ့မှာ ခံဝန်ကတိတွေ ပေးနေမိသည်။ စည်းကမ်းဖောက်သော သားကို မေမေ စိတ်ဆိုးဟန် မတူ။

“သားက ဘာလုပ်မလို့ ထွက်တာလဲ”

မေမေ လေအေးလေးနဲ့ မေးတော့သား ပြုံးလာသည်။

“သားအလံ ကိုကြည့်ချင်လို့ပါ”

“သားကြည့်ချင်ရင် မေမေပြမှာပေါ့”

မေမေ အိမ်ရှေ့ကို ထွက်ကာ အလံကို ဖြန့်လိုက်သည်။ အလံသည် မိုးပေါက်တို့တစက်စက် ဖြင့်ပြန်.ကား၍ လာသည်။ လေတစ်ချက်ဝေ့လိုက်တော့ အလံကို သားကောင်းကောင်း မြင်နေရပြီ။

“အလံက ဘာလုပ်တာလဲ ဟင်”

မေမေသည် ပြုံး၍သားကို ဖက်သည်။ ပြီးတော့ လက်တွဲကာ စာအုပ်စင်သို့ ခေါ်လာ၏။ စာအုပ်စင် ပေါ်မှစာအုပ်ထူထူ တစ်အုပ်မေမေ့ လက်ထဲမှာ။ သားမမီ့ တမီဖြင့် ခုန်၍စာအုပ်ကို ကြည့်သည်။ သား စာမဖတ်တတ်သေးတော့ နားမလည်ပါ။ မေမေက သားကိုဓာတ်ပုံ တချို့ပြသည်။ ထိုဓာတ်ပုံထဲမှ လူတစ်ဦးစီ အကြောင်းမေမေ ပြောပြသည်။ သူတို့က ခေါင်းဆောင်ကြီးတွေ တဲ့။ သားတို့ နိုင်ငံကို ဟိုးတုန်းက အင်္ဂလိပ်တွေက အနိုင်ကျင့်ဖူးသည်။ အနိုင်ကျင့်တယ် ဆိုတာ သားက ကြောင်ကလေးကို ရိုက်သလိုလား ဆိုတော့ မေမေက အင်းတဲ့။ ဘယ်ကောင်းမလဲ ဟုသားက ပြန်ပြောတော့ မေမေရယ်သည်။ အဲဒီလို အနိုင်ကျင့်တဲ့ အင်္ဂလိပ်တွေကို ဒီခေါင်းဆောင် ကြီးတွေက ဦးဆောင်ပြီး တိုက်ထုတ်တာတဲ့။ ရမ်ဘိုလို တစ်ယောက်ထဲ ချတာလား မေမေဟု သားက အထွန့်တက်ပြန်သည်။ မေမေက ပြုံးပြန်၏။ တစ်ယောက်ထဲ မဟုတ်ဘူး သားရဲ့။ တနိုင်ငံလုံး မှာရှိတဲ့ လူတွေအားလုံးပေါ့။ စုပေါင်းပြီး တိုက်ကြတာ။ ဒီခေါင်းဆောင်ကြီး တွေက လမ်းပြပေးတာပေါ့။ သားအထင် ကြီးသွားသည်။ ဒါဆို သားလည်း ပါမယ် ဟုပြောတော့ မေမေသားကို နမ်း၍ ပြောသည်။ ခုအင်္ဂလိပ်တွေ မရှိတော့ဘူး သားရဲ့။ မေမေတို့ လွပ်လပ်ရေးရပြီ လေ။

မေမေဆက်ပြောသည်ကို သားအငေးသား နားထောင်နေမိသည်။ ဒါပေမယ့် သားရယ် အဲဒီလို သူများတွေ အတွက်အကျိုးဆောင် ခဲ့တဲ့၊ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကြီးတွေကို လူတချို့က သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်။

ဟာ….. သားရင်ထဲမှာ ဟာ၍ သွားသည်။ အဲဒီလိုကောင်းတဲ့ လူတွေကို ဘာလို့သတ်ပစ်ကြတာလဲ။ မေမေမျက်နှာတည်၍ သက်ပြင်းချသည်။ လူကောင်းတွေကို လူတိုင်းက မကြိုက်ဘူးလေ သားရယ်။ သားကြီးရင် နားလည်လာမှာ ပေါ့။

ဒီအလံက ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အထိမ်းအမှတ်၊ သားနားလည် အောင်ပြောရင် ခေါင်းဆောင်ကြီးတွေ အသတ်ခံရပြီးနောက် လူတွေ အမြဲတမ်း သတိရနေတဲ့၊ ၀မ်းနည်းတဲ့ အထိမ်းအမှတ်ပေါ့။ သား ဘာလုပ်ပေးလို့ ရလဲဟင်ဟု မေးတော့ မေမေက သားလေး လိမ္မာရမယ်။ မဟုတ်တာ မမှန်တာ မပြောရဘူး၊ မတရားတာ မလုပ်ရဘူး၊ သူတပါးကို အနိုင်မကျင့်ရဘူး။ ဒါတွေဟာ ဒီခေါင်းဆောင်ကြီးတွေက ဆုံးမခဲ့တာပဲ။

ဟော ခဏကြာရင် ဥသြဆွဲ လိမ့်မယ်။ အဲဒီ အချိန်မှာ သူတို့ကျဆုံးခဲ့တာ ပဲ။ သားလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သားတို့ သွားကယ်ကြမယ်လေ။ သားရယ်၊ မေမေရယ်၊ ဖေဖေရယ်။ မေမေကရယ်သည်။ လွန်ခဲ့တဲ့ နှစ်အကြာကြီး သားမမွေးခင်တုန်းက ဖြစ်ခဲ့တာလေ။ ကြာခဲ့ပြီ သားရဲ့။ ခုတော့ အထိမ်းအမှတ် အနေနဲ့ပဲ သတိရကြရ တော့တာပေါ့။ ဥသြဆွဲရင် သားစိတ်ထဲမှာ သူတို့ကို မှန်းဆပြီး မြင်ကြည့်ပေါ့။ မေမေ့ လက်ထဲမှ စာအုပ်ကို သားလှမ်းယူ လိုက်သည်။ သားသူတို့ပုံကို မှတ်မိအောင်ကြည့်မယ် နော်။ တစ်ယောက်က ကတုံးလေးနဲ့ သားနဲ့တူတူပဲ။ တစ်ယောက်က ခေါင်းပေါင်းကြီးနဲ့ နှုတ်ခမ်းမွှေးကြီးနဲ့။ ဘိုးဘိုးကြီးနဲ့ တူတယ်နော်။ အားလုံးက သတ္တိရှိကြတဲ့ ပုံပဲနော်။ သားက တစ်နှစ်သုံးလေး တော့တတ်ပြီမို့ ရေတွက်ကြည့်နေသည်။ တစ်၊နှစ်၊ သုံး၊ လေး…….ကိုး။ ကိုးယောက် ပေါ့နော် မေမေ။ မေမေ ခေါင်းညိတ်သည်။

ဥသြဆွဲ သံကိုကြားရပြီ။ သားငြိမ်ငြိမ်လေး မေမေ့ပေါင်ပေါ်မှာ ထိုင်နေလိုက်သည်။ မေမေရှိုက်နေ သလိုပဲ။ မျက်စိထဲတွင် ခေါင်းဆောင်ကြီးများကို သားမြင်ကြည့်နေသည်။ အားလုံးတိတ်သွားတော့ သားမေမေ့ကို လှည့်ကြည့်သည်။ မေမေက ပြောသည်။ သားဒီလိုပဲ နှစ်တိုင်းသတိရ ရမယ်နော်။ သား ခေါင်းကို အခါခါညိတ်မိသည်။

သား ကတိကိုမေ့ပြီး မိုးရေတွေနဲ့ ၀ရန်တာဘက် ပြေးထွက်လာပြန်ပြီ။ အလံတွေ အလံတွေ ရဲရဲနီနေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးတွေရွာ နေပြန်ပြီ မေမေ။ ကျွန်တော်ဟာ မိုးရေထဲကို ထွက်လို့ရပြီ။ ကျွန်တော့်အရပ်က ၀ရန်တာ လက်ရန်းကိုကျော်လို့ မိုးနေပြီ။ ဒါပေမယ့် အလံဘယ်မှာလဲ မေမေ။ အနီရောင် တစွန်းတစကိုမှ ကျွန်တော် မတွေ့ရ ပါလား။ ရဲရဲနီ နေသင့်ပြီလေ။ မိုးရေတွေ စိုစွတ်နေတဲ့ အလံကို ကျွန်တော်ဖြန့်ပေး မှာပေါ့။ ကျွန်တော်ဟာ လူကြီးတစ်ယောက်ဖြစ် နေပါပြီ။ နံနက် ၁၁နာရီ တောင်ထိုးပါပေါ့။ ဘာသံမှ မကြားခဲ့ရပါလား။ ကျွန်တော့် ရင်ထဲမှာဟာ နေတယ် မေမေ။

မိုးရေထဲသို့ လူငယ်လေးတစ်ယောက် ပြေးထွက်လာသည်။ သူ့လက်ထဲတွင် ၀ါးလုံးရှည်တစ်ချောင်း၊ အလံတစ်ခု။ မိုးပေါက်တို့ တရှိန်ထိုး သွန်ကျလာပြီ။ မိုးဆိုတာ တားလို့ရနိုင်တဲ့ အရာမှ မဟုတ်ဘဲ လေ။

8 comments:

မိုးညို said...

မပုံရိပ်ရေ ... မျှော်ရကျိုးနပ်လိုက်တာဗျာ ... သိပ်ကောင်းတဲ့ ၀တ္ထုတိုလေး ...
“လူကောင်းတွေကို လူတိုင်းက မကြိုက်ဘူးလေ သားရယ်။” ...
လူတိုင်းအတွက် လိုအပ်တဲ့ လူကောင်းတွေကို လူတိုင်းမကြိုက်နိုင်ကြတာ ...
လက်တစ်ဆုပ်စာ လူကောက်တွေကိုလည်း လူတိုင်း မတိုက်ခိုက်နိုင်ကြတာ ...
ကြာတော့ကြာခဲ့ပါပြီဗျာ ...

ကျနော်တို့မြင်ကွင်းမှာ အဲဒီနေ့အတွက် လွှင်ထူတဲ့ အလံတွေ ပျောက်ကွယ်နေခဲ့တာ ကြာပါ ...
အစ်မ၀တ္ထုထဲက လူငယ်လို ခုခေတ်လူငယ်အတော်များများက သတိမရကြတော့ဘူး ... မေ့နေနိုင်ရက်ကြတယ်ဗျ ...
ဒီနေ့မှာ ဒီအလံကို ကိုယ့်အိမ်ရှေ့မှာ မလွှင့်ထူနိုင်ရင်တောင် ရင်ထဲမှာ လွှင့်ထူပြီး ဦးညွှတ်သင့်တာပေါ့ဗျာ ...
ကျေးဇူး ... မပုံရိပ်ရေ ...

ဂျစ်တူး - gyit_tu said...

မိုးညိုပြောသလို တကယ် စောင့်ရကျိုးနပ်ပါတယ် ။ သား ဆိုတဲ့ ချစ်စရာကလေးနဲ့ သူ့ မေမေတို့ ကာရိုက်တာတွေနောက် ၊ တကယ်ပဲ ဖတ်ရင်း မျောပါသွားခဲ့တယ် ။

အရေးအသား ရိုး၂လေးနဲ့ ရင်ထဲ ထိသွားအောင် ရေးတတ်တယ် ။ အရမ်းကြိုက်တာပဲ

pandora said...

ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ အရေးအသားလေးပဲ။
များများရေးနိုင်ရင် ပိုကောင်းမယ်နော် ပုံရိပ်

ko mg yin said...

It's cool!

ponyate said...

ဒီပို့စ်ကို အချိန်အခါကျ တဲ့အထိ စောင့်မယ်လို့၊ ဒါပေမယ့် တင်စရာမရှိ တော့ ကြိုတင်လိုက် ပါတယ်။
ကိုမိုးညို… စကား အပြောကောင်းပဲ :)
မဂျစ်.. မပန်.. ပြောင်းပြီး ရေးကြည့်တာ။ အမြင်နောက် တမျိုးကနေပေါ့။
ကိုမောင်ရင် နဲ့အားလုံးပဲ..ဲ ကြိုက်ကြတယ် ဆိုလို့ ရေးရကျိုး နပ်ပါတယ် :)။
မပန်ရေ နောက် ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ရေးလည်း ရေးချင်ပါတယ်။ ခုတော့ ဟဲဟဲ…. မဂျစ်စကားနဲ့ ပြောရင် အချိန်တွေနောက် ပြေးလိုက်လိုက် ဦးမယ်

ပုထုဇဉ် said...

ကောင်းတယ်၊ အားကြီးကောင်းတယ်၊ အများကြီးကောင်းတယ်။ “မိုးဆိုတာ တားလို့ရတဲ့ အရာမှ မဟုတ်ဘဲလေ” ဆိုတာ သိပ်မှန်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး၊ ဒီစာကို ဖတ်ပြီးတော့ ဂေါ်ကီရဲ့ ၀တ္ထုထဲက အလံကိုင်ပြီး ထွက်လာတဲ့ အမေကို မြင်မိတယ်။

နှင်းမိုးဝေ said...

ပုံရိပ်ရေ ..
ရင်ထဲကို နက်နက်ရှိုင်းရှိုင်းနဲ့ တိုးဝင်သွားပါတယ် .. အရေးအသားလည်းအရမ်းညက်ပါတယ် .. အနှင်းတို့တွေအလှည့်ရောက်တဲ့အခါ .. အဲလိုကလေးမျိုးတွေ မရှိစေရတော့ပါဘူးဟာ .. အလိုအဖြစ်မျိုးတွေလည်း ပျောက်ကွယ်ရမှာပါ .. အနှင်းတို့တွေ လွတ်လပ်စွာနဲ့ အဖတို့ကို ဦးညွတ်နိုင်မှာပါ။

ponyate said...

ကိုပု အဲဒီ ၀တ္ထုကို သဘောကျတယ်။
အနှင်းရေ ဖြစ်နိုင်ပါစေကွယ်။
ကြိုက်ကြတယ် ဆိုလို့ ၀မ်းသာပါတယ်။ :)