Wednesday, 4 July 2007

မျောက်စိတ်

ပြတင်းပေါက် မှနေရောင် တချို့ တိုးဝင်လာသည်။ မနက်တစ်ခု လင်းပြန်လေပြီ။ အလုပ်သွား ရပြန်ပေဦး ပေမည်။ သာသာတိုက်နေသော လေနှင့် လွင့်နေသော ခန်းဆီးကြားမှ ကိုယ့်အခန်းဘေး ရှိသစ်ပင်ကို မြင်နေရသည်။ ငှက်နီလေး တစ်ကောင် သစ်ပင်ပေါ်မှာ နားနေသည်။ ခေါင်းကို ငဲ့လိုက်၊ အမြီးကို ရမ်းလိုက်နှင့်။ ကျီကျီကျာကျာ အော်နေသော ငှက်သံလေးများ နားထောင်ရင်း နှိုးလာရသည်ကို ကိုယ်သဘောကျသည်။ ခဏနေတော့ အငြိမ်မနေနိုင်သော ငှက်ကလေး ထပြန်သွား၏။ သစ်ရွက်စိမ်းတို့ တဖျတ်ဖျတ် ကျန်ရစ်သည်။ သစ်ကိုင်းတို့ ကြား နေရောင်တို့ တွေလှိုင်းထနေသလို။ ခုမှပင် သတိထားမိသည်။ ဒီအရွက်တွေက ကင်ပွန်းရွက် လိုလို။ မေမေ ချက်သော ကင်ပွန်းရွက် ဟင်းချိုကို သတိရမိသည်။ ညီမလေးနဲ့ ကိုယ်က ကင်ပွန်းရွက် ဟင်းဆိုလျှင် ခေါင်းမဖော်တမ်း။ ညီမလေး ဒီနှစ်ဆယ်တန်း ရောက်ပြီ။ စာတွေမှ ကျက်ရဲ့လား မသိ။ ညီမလေးက စာဆို အင်မတန်မုန်းတာ။ ကိုယ်ဆယ်တန်းတုန်း ကလည်း ဒီလိုပါပဲ။ စာဆိုတာ ကျက်ရကောင်း တယ်ရယ်လို့ မထင်။ အလွတ်အော်ကျက် ခဲ့ရသော ပထ၀ီတွေကို မုန်းတယ်။ သမိုင်းက ခုနှစ်များ မမှတ်မိ။ ဓာတုဗေဒက ညီမျှခြင်းများ ကဘာတွေမှန်း မသိ။ အောင်ပြီးမှ သာလိမ္မာသင့် ကြောင်းအသိတရား ရတာပေါ့။ အသိတရားဆိုတာ နောင်မှရတတ် တာပဲဟု ကြီးကြီးကျယ်ကျယ် ပြောတတ်သော သူငယ်ချင်းတစ်ယောက်ကို သတိရမိသည်။ သူအခု အိမ်ထောင်ကျ နေပြီလား မသိ။ အသိတရား ကိုနောင်မှရ နေရင်တော့ ဒုက္ခ။

ကိုယ့်အဖို့တော့ တစ်ယောက်တည်း နေရတာသာ ကောင်းတယ်။ ကိုယ်ချက်ချင် တာချက်။ စားချင်တဲ့ အချိန်စား။ မေမေ့ လက်ရာများတော့ စားချင်သား။ မေမေက ဟင်းချက်သင် ဖို့ပြောတိုင်း ကိုယ်ထွက်ပြေး မိတာကို နောင်တရ ချင်သယောင်ယောင်။ ဒါပေမယ့် မေမေက ဘွားလေးလောက် ဟင်းချက်မတော်။ ဘွားလေးရှိ သောနယ်မြို့ လေးကို ခဏခဏသွားစား ဖို့ဆိုတာတော့ မဖြစ်။ ဘွားလေးနှင့် အတူနေသော ကိုယ့်ညီမ ၀မ်းကွဲလေးများ နှင့်အစ်ကို က တော့ကံကောင်း ရှာတာပေါ့။ ငယ်ငယ်တုန်းက သူတို့ဆီ သွားရင် ကန်ဘောင်ရိုး ပေါ်စက်ဘီး စီးကြသည်။ အစ်ကိုက ကိုယ့်နောက်က စက်ဘီးတွန်း ပေးရင်းပြေးလိုက် ရသည်။ တခါတော့ ကန်ဘောင်က နေကိုယ် လိမ့်ကျတာ တလှိမ့်ခေါက်ကွေး ပဲ။ ဒီဒဏ်ရာက ခုထိကိုယ့် တံတောင်မှာ ရှိသေး။ ကိုယ်က နမော်နမဲ့ နှင့်မို့ ကိုယ့်မှာ ဒဏ်ရာတွေ အများကြီး။ တခါတုန်းက ပန်းဆိုးတန်းနားမှာပေါ့။ ဘတ်စ်ကားပေါ် ကနေ မှတ်တိုင်မရောက်ခင် မီးပွိုင့်မှာ ခုန်ဆင်းဖို့ ကြိုးစားတုန်း အလောတကြီးနဲ့ ကိုယ်ပြုတ်ကျပါရော လား။ ဘတ်စ်ကားက မီးစိမ်းလို့ ထွက်သွားပေမယ့် လမ်းလျှောက်နေတဲ့ လူတွေဝိုင်းလာ ကြတာလေ။ ကောင်မလေးတစ်ယောက် ကားပေါ်က ပြုတ်ကျတယ် ဟေ့။ ဘာဖြစ်သွားသေးလဲ။ အရိုးတွေ ဘာတွေများ ကျိုးသွားသလား။ ကိုယ်လည်း ရှက်ရှက်နဲ့ ဒူးပြဲ၊ တံတောင်မှာ အကြီးအကျယ်ပွန်း ကုန်တာကိုတောင် ဘာမှ မဖြစ်ပါဘူး ချည်းဇွတ်ငြင်းပြီး အတင်းထထွက် လာတာပေါ့။ အဲ.. ဒီတုန်းကပဲ။ သူနဲ့ စတွေ့တာ။

ကိုယ်ကတော့ သူ့ကို ဘယ်သတိထား မိနိုင်မှာလဲ။ ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့ ထူပူနေတာပဲ။ နောက်မှ သူကပြန်ပြော ပြတာ။ ကိုယ့်ကို ရုပ်ပျက်ဆင်းပျက် နဲ့ ကို့ယို့ကားယား အချိန်မှာ သူစတွေ့ ခဲ့တယ်လို့ ပြောတော့ ကိုယ့်မှာ ရယ်ရမလို၊ ရှက်ရမလို။ ကိုယ်ရယ်မိတယ် ထင်တာပဲ။ အဲဒီတုန်းက ကျောင်းက လက်ဖက်ရည်ဆိုင်မှာ ထင်တယ်။ ကိုယ်က နန်းကြီးသုပ် တစ်ပွဲ နဲ့သူက လက်ဖက်ရည် တစ်ခွက် နဲ့ပဲပလာတာ တစ်ချပ် မှာပြီး စောင့်နေတုန်း၊ သူက စကားစ လာတာ။ ကိုယ့်ကို ကျောင်းမှာ မဆုံခင် ကတည်းက တွေ့ဖူးတယ်တဲ့။ ပြုံးစိစိလုပ်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး ဘယ်မှာလဲ ပြောလို့ ဆိုတော့မှ သူက ပြောပြတာ။

အတန်းတွေ ပြီးပြီဆိုရင် ကိုယ်တို့ အဲဒီဆိုင်လေး မှာထိုင်နေကြလေ။ ပြီးရင် သူက ကိုယ့်ကို ကားဂိတ်လိုက် ပို့ပေးမယ်။ သစ်ရွက်တွေ ကြွေနေတဲ့ လမ်းကနေ ရှပ်တိုက်ပြီး လျှောက်ရင်း စကားတွေ ပြောမယ်။ အမယ် သူပြောတဲ့ စကားတွေက ချစ်စကား ကြိုက်စကား မဟုတ်ဘူး။ သူဖတ်ထားတဲ့ ကဗျာတွေအကြောင်း၊ သူ့အတွေးအခေါ် အယူအဆ အကြောင်း။ နေပူရင် မိုးရွာရင်တော့ ထီးမိုးပေးမယ်။ ပြီးတော့ သူက ဆေးလိပ်လဲ အရမ်းသောက် ခဲ့တယ်ဆိုပဲ။ ကိုယ်နဲ့တွဲ တော့မှ ဖြတ်လိုက်တာတဲ့။ သူ့အပေါင်းအသင်းတွေ ကပြန်ပြောတာပေါ့။ ကိုယ်က ဟုတ်လို့လားလို့ သူတို့ကို မယုံသင်္ကာ ပုံစံနဲ့ ပြန်မေးလိုက် ပေမယ့် ကိုယ့်စိတ်ထဲမှာ ကျေနပ် လိုက်တာ အရမ်းပဲ။ သူကတော့ ဒါမျိုးတွေ မပြောပေါင်၊ မြုံစိစိနဲ့ ပြုံးနေတတ်တာပဲ။ သူ့အတွက်နဲ့တော့ အချိန် တော်များများ မှာကိုယ်ပြုံးခဲ့၊ ရယ်ခဲ့ရပါတယ် လေ။ ကိုယ်တို့ရဲ့ နောက်ဆုံးနေ့ ကလွဲလို့ပေါ့။ လူချင်းတွေ့ ပြောမထွက်လို့ စာနဲ့ပဲ ပြောပါရစေတဲ့ လေ။ သူ့စာလေးလဲ ခုထိရှိနေတုန်းပေါ့။ ဒါပေမယ့် သူရေးထားတဲ့ စကားတွေကို ကိုယ်အလွတ်ရ ပါတယ်။ လူဆိုတာ ကိုယ့်အတ္တကို လွန်ပြီး မချစ်တတ်ကြပါဘူး။ ဒီလိုပဲ ငါလည်း ငါ့အတ္တတွေ ရှင်သန်နေတဲ့ ဒီနေရာက ခွာနိုင်လောက်အောင် နင့်ကို လုံလုံလောက်လောက် မချစ်သေးဘူး ထင်ပါရဲ့။ ငါမြန်မာပြည် ကနေ မခွာနိုင်ဘူး။ နင့်ရဲ့ အိပ်မက်တွေကို လည်း မပျက်ပါစေနဲ့။ ငါလည်း မမျှော်လင့်တော့ ဘူး။ နင်လည်း ဘာကိုမှ မမျှော်လင့် ပါနဲ့တော့။ အကြောင်းတိုက်ဆိုင်ရင် တွေ့ကြသေးတာပေါ့။ သူ့စာဖတ်ပြီး တော့ကိုယ် အိပ်မပျော် ခဲ့ဘူးလေ။ တစ်ညလုံး ငိုခဲ့ရတာပေါ့။ သူခု ဘယ်များရောက် နေပါလိမ့်။ ဟို တလောက ရောက်လာတဲ့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တော့ သူကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတယ်တဲ့။ ဟောတော့………အလုပ်………ရှစ်နာရီတောင် ခွဲပြီးသွား ပါရောလား။

7 comments:

pandora said...

တောက်လျှောက်တွေးတာကိုး..

"လူဆိုတာ ကိုယ့်အတ္တကို လွန်ပြီး မချစ်တတ်ကြပါဘူး။ ဒီလိုပဲ ငါလည်း ငါ့အတ္တတွေ ရှင်သန်နေတဲ့ ဒီနေရာက ခွာနိုင်လောက်အောင် နင့်ကို လုံလုံလောက်လောက် မချစ်သေးဘူး ထင်ပါရဲ့။ "

အကြောင်းပြချက် သဘောကျတယ်။

အခုရော ဒဏ်ရာတွေ ပျောက်ပြီလား။ အသစ်ထပ်ဖြစ်သေးလား။ ချော်လဲတာတွေ ပြောပါတယ်။

ဂျစ်တူး - gyit_tu said...

နောက်တခါ တစုံတယောက်နဲ့ ဘ၀မှာလမ်းခွဲချင်ခဲ့ရင် အဲလို စကားလေး သုံးချင်ပါတယ် ။ ကော်ပီရိုက် ရှိတတ်လားဟင်း) နောက်တာ..

လမ်းခွဲစကားထဲမှာတော့ တကယ့်ကဗျာအဆန်ဆုံး အမိုက်ဆုံးပဲ ။

ရထားတဲ့ ဒဏ်ရာတွေနဲ့ အမာရွတ်တွေအကြောင်းရေးပါဦး ။ ဘတ်စ်ကားပေါ်က ပြုတ်ကျတဲ့ကောင်မလေးဆိုတာ ပုံရိပ်ကိုပဲ ပထမဆုံး တွေ့ ဖူးတယ် အဟီ ။

ပုံရိပ် said...

မပန်.. ဒဏ်ရာ တွေက ပျောက်လိုက် ပေါ်လိုက်ပေါ့။ ချော်လဲ တာပြောတာ ပါ။ အဟီး
မဂျစ်.. ကဗျာဆန် တယ်ဆိုရင် လမ်းစတဲ့ စကားလေး ရေးပေးမယ် လေ။ ဟီး ဟီး။ စတာ..။ အမာရွတ် အကြောင်းက တော့ ဟဲ…
ပုံရိပ်ရဲ့ ဟိုရေးဒီရေး စာများ ကိုအားပေး တာ ၀မ်းမြောက် မိပါကြောင်း.. ။

May Nyane said...

ပုံရေ..
ဝတ္ထုလေးက လွမ်းစရာလေး..
မျောက်စိတ်ဆိုလို့ ရယ်စရာထင်တာ..
ဟွန်း..နောက်တယ်။
ခုတော့ လွမ်းသလိုလိုလေးနဲ့ ပြန်သွားရပီ..

ponyate said...

ဆရာမရေ.. ပုံရိပ်စာများ လာဖတ်တာ ၀မ်းသာပါတယ်။ ဟုတ်တယ် သိပ်ပြီး မဆွေးစေချင် လို့။

ခင်မင်းဇော် said...

ပုံရိပ်
စာအရေးကောင်းပဲ
ဒဏ်ရာတွေကတော့ အင်း.......
ဒီလိုပါပဲလေ...
ဘ၀မှာ...

ponyate said...

မခင်မင်းဇော်ရေ ကျေးဇူးပါရှင် :)