Saturday, 28 July 2007

လမ်း

လမ်းကလေးတစ်ခု…
စလျှောက်လာတော့ မှောင်စပြုပြီ။
လေတချက် အသုတ်မှာ ကိုယ်အနွေးထည် ဇစ်ကိုဆွဲတင်ရင်း တင်းတင်းစေ့ထား မိသည်။
မှောင်ရီပျိုးနေသော ကောင်းကင်အောက်မှာ ငှက်များအုပ်လိုက် ပျံသွားနေကြသည်။ တိတ်ဆိတ်ခြင်းရဲ့ အသံက ဆူညံလွန်းနေသည်။
ကိုယ့်ဖိနပ်အောက် မှာပြားသွားကြသော မြက်ပင်များကို ကိုယ်မသနားမိ။

မိုးကုပ်စက်ဝိုင်းအောက်သို့ နေလုံးကြီးဝင်သွား သည်ကို ကိုယ်ငေးကြည့်နေမိသည်။
ပင်လယ်အောက်သို့ ငုပ်လျှိုးသွားသော၊ တောင်စွယ်အောက် မှာပျောက်ကွယ်သွားသော နေ၀င်ချိန်များကို ကိုယ်နှစ်သက်စွာ ခံစားခဲ့ဖူးသည်။
ကြည့်စမ်း… စွမ်းအားကြီး ပါတယ်ဆိုတဲ့ သဘာဝတရား ကြီးတောင် အတက်အကျ၊ အလှည့်အပြောင်းတွေ နဲ့။
ကိုယ့်ဘ၀က ဘဘာဝကြီးနဲ့ စာရင်သေးငယ်လွန်း ပါတယ်။
နှိုင်းစာလိုက်ရင် ကိုယ်ရဲ့ အပြောင်းအလဲတွေဟာ မပြောပလောက် တော့ပါဘူး ကွယ်….

သူငယ်ချင်း တစ်ယောက်ပြောတာ သတိရမိသည်။
ဘာတွေပဲ ဖြစ်နေနေ၊ ကမ္ဘာကြီး မပျက်သေးပါဘူး တဲ့။
ဟုတ်တယ်လေ… ကိုယ်ဟာ တနေ့မှာ ရှင်ဘုရင်ဖြစ်ပြီး နောက်တနေ့မှာ သူတောင်းစားဖြစ်နေလည်း လောကကြီးက လည်ပတ်နေမှာပါ။
ဘာမှ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး။

မလုပ်ချင်တာများကို လွှတ်ချခဲ့ရလျှင် ကိုယ်လက်ချည်း ဗလာသာပြန်ရ မည်လား။
အဲ.. ထမင်းလည်း ငတ်မည်ပေါ့။
ခက်တာက ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာ ကိုလည်း အတိအကျ မသိ။
ဒီလမ်းကလွဲလို့ ဘယ်လမ်းကိုမှ ကိုယ်မသိခဲ့။
လူရယ်လို့ ဖြစ်လာရင် ဆိုသော စည်းကမ်းတွေ ကလနားတွေ ကြောင့် ကိုယ်ရွေးခဲ့ မိသည်လား။
ရွေးချယ်ရတာ မောလွန်းပါတယ်….
ရွေးချယ်မှုတိုင်း ရဲ့နောက်ကွယ်မှာ တာဝန်တွေ တသီကြီးပါလာ တတ်တာကိုး။
ရွေးချယ် စရာမရှိလို့ဟု အကြောင်းပြပြီး လမ်းရိုးအတိုင်း လျှောက်ရသည် မှာသက်သာသည်။

ကိုယ်မဲ့ပြုံး ပြုံးမိသည် ထင်သည်။
ကိုယ့်ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတာကို ကိုယ်မသိချင်ပါ။
အဘိဓာန်တစ်အုပ် မှမဟုတ်ဘဲ လေ…
ကိုယ်ဘာကြောင့် ရှင်သန်နေတယ်ရယ် လို့အကြောင်းပြချက် လိုလို့လား။
မေတ္တာတစ်ခု သက်သက်အတွက် ရှင်သန်လို့ မရဘူးလားကွယ်….
ကိုယ့်အတွက် ကြီးကျယ်ခမ်းနားမှု မလိုပါဘူး။

ကိုယ့်ဘ၀သည် သူတပါးအဆုံးအဖြတ်မှာ တည်ခဲ့ဖူးသည်။
သူတပါးဆန္ဒနှင့် ကိုယ်အသက်ရှူဖူး ခဲ့သည်။
အရေးမကြီးသော အရာတချို့ကို အရေးတကြီး လုပ်ခဲ့ရဖူးသည်။
အရေးကြီးသော လူတချို့ကို လည်းအရေးမကြီး သလိုထားခဲ့ဖူးသည်။
နောင်တဆိုတာ ကိုယ်သိပေမယ့် နားမလည်ခဲ့….

ရှေ့မှာမြင်နေ ရတာ လမ်းကလေး တစ်ခု…
မှောင်နေတော့ လမ်းဆုံးကို မတွေ့သေး။
အေးသော်လည်း ဆက်လျှောက်ရဦးမည်။
ဆက်လျှောက် ရဦးမည် ပေါ့။
အဝေးမှ သီချင်းသံ သဲ့သဲ့ကြားနေ ရသည်…..


“မရေရာဘူး…. မသေချာဘူး….. မပြီးဆုံးဘူး…
မသေချာဘူး.. မရေရာဘူး.. မမြဲနေဘူး…
မကြင်နိုင်ဘူး..မမြင်နိုင်ဘူး…. ဘာ…..မှမရှိဘူး
ရပ်တန့်လို့ မရဘူး……”


မှတ်ချက်။ ။

သီချင်းအမည်-မရေရာဘူး
တေးရေး-မောင်မောင်ဇော်လတ်+လင်းလင်း
တေးဆို-လေးဖြူ

3 comments:

ဂျစ်တူး - gyit_tu said...

ပုံရိပ်.. ဒီစာစုနဲ့အတူ ခံစားလို့ရတယ် ။ တို့လည်း ဘ၀မှာ သက်သာတဲ့လမ်းမျိုးတွေကို ရွေးလျှောက်ဖူးတယ်.. ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့လမ်းကိုလျှောက်ဖို့ သတ္တိမရှိခဲ့လို့ ။ ဒါပေမယ့် လူ့ ဘ၀ဆိုတာ ရခဲတယ်.. တိုတောင်းတယ် .. အချိန်မရွေးငြိမ်းသွားနိုင်တဲ့ ဖယောင်းတိုင်မီးလိုပဲ ။ ဒီတော့ ရခဲတဲ့ဘ၀မှာ သက်တောင့်သက်တာ ဖြစ်ခြင်းဟာ အဓိကလားလို့ တို့ဘာသာ မေးခွန်းထုတ်သင့်ပြီ.. အဲဒီအဖြေကို တိကျစွာရှာသင့်ပြီလို့ မြင်လာတယ် ။

ဒီစာစုက တို့ရေးမယ့် စာစုတခုနဲ့ အတွေးခြင်းကိုက်ညီနေတယ် ။ လာဖတ်လိုက်ဦး.. ပြီးရင်း) ခုတော့ ရေးတုန်း ။

မိုးညို said...

မရေရာပေမဲ့ လျှောက်ကြရဦးမယ် ... သီချင်းလေးညည်းပြီးသာ လျှောက်ကြပါစို့ဗျာ ...

ponyate said...

မဂျစ် ကိုမိုးညို လာအားပေးတာ ကျေးဇူး။ သီချင်းလေး ငြီးပြီး မသေချာတဲ့ လမ်းလေးကို သေချာ ဆက်လျှောက် ကြတာပေါ့