Thursday, 15 November 2007

ပန်းချီဆရာ

သူပန်းချီ ဆွဲချင်သည်မှာ ကြာပြီ။ နေရောင်ဖျော့ဖျော့ ယှက်ဖြာနေသော နံနက်ခင်းတစ်ခုကို မြင်တုန်းက တခါ။ ကြည့်လေရာမှာ မသဲကွဲလောက်အောင် မြူတွေဆိုင်းနေသော နံနက်စောစောက တခါ။ ရင်အုပ်နီနီနဲ့ ငှက်ကလေးတစ်ကောင်ကို သစ်ကိုင်းပေါ်မှာ အမှတ်တမဲ့တွေ့လိုက်စဉ်က သူ့အမွေးအတောင်တွေဟာ သိပ်ကိုနူးညံ့မှာပဲရယ်လို့ မှန်းမှန်းဆဆတွေးမိတုန်းက တခါ။ ဒါပေမယ့် အဲဒီအခါတွေ အားလုံးမှာ သူ့ရဲ့နောက်ကို အချိန်က လိုက်နေလေရဲ့။ နာရီဆိုတဲ့ကောင်ကို မုန်းမုန်းတီးတီး ကြည့်ရင်း မလုပ်မဖြစ်ဆိုတဲ့ အတွေးက ခေါင်းထဲမှာ ရစ်ပတ်လည်နေတဲ့ အချိန်ပေါ့။

ဒီနေ့တော့ နာရီဆိုသည့် အရာကို ကျောခိုင်းလိုက်ပြီ။ သွား….ငါ့ကို လာသတိမပေးနဲ့ဟု ခါးခါးသီးသီး ရေရွတ်ပြီးနောက် ကျေနပ်သလို ဖြစ်သွားသည်။ ဘယ်အချိန်ရှိပြီလဲ ဆိုတာကို ပူပင်နေစရာ မလိုတော့ ပန်းချီဆွဲလို့ ရဖို့ နီးစပ်လာပြီ။

တကယ်တော့ သူပန်းချီ မဆွဲဖူးပါ။ အဲ…ပန်းချီကားများစွာ ကိုတော့ကြည့်ရှု ခံစားဖူးသည်ပေါ့။ စိတ္တဇပန်းချီ အချို့ကို သူနှစ်သက်သည်။ နားလည်ရခက်သော လေးထောင့်တုံးများ၊ စက်ဝိုင်းများ၊ မျဉ်းကြောင်းများဖြင့် ပေါင်းစပ်ထားသော ကဒင်းစကီး (Kadinsky) ၏ ပန်းချီကားများ။ တခါတရံမှာ တိကျသော အနားသတ်များ ဖြင့်ဖွဲ့စည်းထားပြီး တခါတရံမှာတော့ ပြန့်ကျဲမှုများဖြင့် ကန့်သတ်မှု ကင်းလွတ်နေသည်ဟု သူမတောက်တခေါက် တွေးဖူးသည်။ စတုဂံတုံးများဖြင့် မျက်စိကို ဖမ်းစားနိုင်သော၊ အရောင်ကွက်များဖြင့် ပုံဖော်သော ကလီး(Klee)။ လရောင်အောက်မှာ ငြိမ်သက်နေသော စိန့်ဂျာမိန်းမှ လထွက်ချိန်ကို ကြိုက်လွန်း၍ တစိမ့်စိမ့် ထိုင်ကြည့်ဖူးသည်။ ပြီးတော့….စုတ်ချက်ကြမ်းကြမ်းများဖြင့် ဗန်ဂိုး (Van Gogh)။ အရုပ်ဆိုးလှသည်ဟု တခါက ထင်ခဲ့ဖူးသော်လည်း စုတ်ချက်များကြောင့် ရုပ်လုံးကြွှလာသော နေကြာပန်းများ။ ပန်းချီကားများကို နားမလည်ဘဲ ကြိုက်သည်ဟူသော ခံစားချက်ဖြင့်သာ နားလည်နှစ်သက်ရုံဖြင့် လုံလောက်ပြီဟု သူထင်သည်။

ခုတော့ သူ့ရှေ့မှာ ဆွတ်ဆွတ်ဖြူနေသော ပိတ်ကားတစ်ချပ်။ ဆေးရောင်စုံများနှင့် စုတ်တံတစ်ချောင်း။ သူကျကျနန ခုံကိုဆွဲယူလိုက်ပြီး ပိတ်ကားကို ပြုံးပြီးကြည့်လိုက်သည်။ ဘာဆွဲရလျှင် ကောင်းမည်လဲ။ လသာနေသော ညတစ်ညပုံဆွဲ လျှင်ကောင်းမည်လား။ ယခုက နေကောင်းကောင်းသာ နေသော မနက်ခင်းတစ်ခု။ မဖြစ်သေး…။ ရှုခင်းပုံ ကောင်းကောင်းဆွဲ ရမည်လား။ သူ့ရှေ့မှ ပြတင်းပေါက်တစ်ခုမှာ မြင်နေရသည်က တိုက်အမိုးတစ်ချို့နှင့် ဟောင်းနွမ်းနေသော ပြတင်းပေါက်များ။ သူ့ဆန္ဒနှင့် မြင်ကွင်းက မကိုက်ညီ။ သူ့စိတ်ထဲမှာ ဆွဲချင်သောပုံကို တိတိပပ ပုံဖော်၍မရ။

အကြံရပြီ။ စိတ်ကူး၍ကောင်းအောင် သီချင်းဖွင့်ရမည်။ ပန်းချီဆွဲသော သူငယ်ချင်းတစ်ယောက်က သီချင်းဖွင့်၍ ဆွဲသည်ဟု ပြောဖူးသည်။ စီဒီများစွာတင်ထားသောစင်မှ စီဒီတစ်ချပ်ဆွဲယူလိုက်သည်။ ရှိုပင် (Chopin) ၏ ညတေးသွား (Nocturne) တစ်ပုဒ်က ဖြေးညင်းစွာ သာယာစွာ လွင့်ပျံ့လာသည်။ သူကျေကျေနပ်နပ် ပြုံးပြီး ပန်းချီဆွဲရန် အကြောင်းအရာကို မျက်စိမှိတ်ကာ စဉ်းစားမိသည်။

အစိမ်းရောင် မြက်ခင်းတစ်ခု။ မြက်ပင်များက ခပ်ကြမ်းကြမ်း အစိမ်းရောင်မျိုးမဟုတ်။ မွေးကင်းစမြက်ပင်များဟု ဆိုရမလား၊ နုညက်သော အစိမ်းရောင်ဖျော့ဖျော့။ မြက်ခင်းပေါ်မှာ အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးတစ်ပင်။ အရိပ်တစ်ချို့က ကျိုးကြားကျိုးကြား။ နေ့မြင်ကွင်းအစား ညမြင်ကွင်းကိုသူ ပုံဖော်၍ ရပြီ။ ညတေးသွားကြောင့် ဖြစ်မည်ထင်သည်။ ညက ပိန်းပိတ်မှောင်နေသော ညမျိုးတော့ မဟုတ်။ လရောင် ရက်ရောသော ညမျိုးဖြစ် ရမည်။ လရောင်ကို အဖြူနှင့်အ၀ါကြား ခပ်ပြေပြေထား ရမည်ဟု သူတွေးသည်။ လရောင်က သစ်ရွက်ကျဲကျဲများကြားမှ ဟိုတပြောက်ဒီတပြောက်။ နွဲ့ပျောင်းပျောင်းဖြစ်နေသော သစ်ရွက်တို့က ခပ်တိုးတိုးတိုက်နေသော လေညှင်းကို ပုံဖော်စေရမည်။ မခံစားရသော်လည်း မြင်စေရမည်။ သစ်ပင်သည် ပန်းချီကား၏ ဘယ်ဘက်လေးပုံတစ်ပုံ ခန့်တွင်ရှိနေစေရမည်။ မြက်ခင်းပေါ်မှာ အရောင်လက်နေသော ပိုးစုန်းကြူးကလေးများ။ အဲဒီအတွက်တော့ ရွှေဝါရောင်သုံး ရမည်ဟု တေးထားလိုက်သည်။ အဲ…ပြီးတော့ ပိုးစုန်းကြူးကလေးများကို လိုက်ဖမ်းနေသော ကလေးငယ်တစ်ယောက်။ ကလေးကို ယောက်ျားလေး အဖြစ်ဆွဲလျှင် ကောင်းမည်လား၊ မိန်းကလေး အဖြစ်ဆွဲလျှင်ကောင်းမည်လား။ အို…ကလေးဟာ ကလေးပေါ့။ ကျားလားမလား သိစရာမလို။ ကလေး၏မျက်နှာ တ၀က်တပျက်ကို ပိုးစုန်းကြူးလေး တစ်ကောင်၏ အရောင်ဖြင့် မသဲမကွဲ မြင်နေစေရမည်။

သူ့စိတ်ထဲ ပုံဖော်လို့ ရသမျှနှင့် သူကျေနပ်သွားသည်။ မျက်စိကို ဖွင့်လိုက်တော့ အရှေ့မြင်နေရသော အဖြူရောင်တစ်ခု။ ဒီအဖြူရောင်ကို အရောင်မျိုးစုံအဖြစ် ပြောင်းလဲပစ်ရမည်။ ဘယ်ကစ ဆွဲရမည်နည်း။ သစ်ပင်ဆီကလား၊ မြက်ခင်းကလား၊ ကလေးကို စဆွဲရမည်လား။ လကများလား။ သူစုတ်တံကို ကောက်ကိုင်လိုက်သည်။ ပြီးတော့ အကြာကြီး စိုက်ကြည့်နေမိသည်။ လက်များက မရွေ့။ ထိုအချိန်မှာ သီချင်းက တုန့်ကနဲ ရပ်သွားသည်။ စီဒီတစ်ချပ်များ ပြီးသွားတာလား။ သူ့ခေါင်းတစ်ခုလုံး ပူလာသလို ခံစားရသည်။ အဖြူရောင်သည် သူ့အတွက် အကျည်းတန်လာသည်။ တလိပ်လိပ် တက်လာသော ဒေါသတို့ကို ချိုးနှိမ်လို့ မရတော့ဘူး ထင်သည်။ ရုတ်တရက်……….သူဘာလုပ်မိသည် မသိ။ ပြန်ထိုင်လိုက်ချိန်မှာ အညိုများ…။အဖြူရောင် ပိတ်စပေါ်မှာ အညိုရောင် စုတ်ချက်များ။

အသက်ကို မှန်မှန်ရှုရင်း သူစိတ်ပေါ့ သွားသလို ခံစားရသည်။ သီချင်းကို ဆက်ဖွင့်ဖို့ ထလိုက်သည်။

(ပြီးပါပြီ။ ပြီးမှန်း မသိမှာစိုး၍..)

6 comments:

လေးမ said...

ပန်းချီဆရာကို ကိုယ်ချင်းစာနိုင်တယ်...။ တခါတခါ...ဒီလိုပဲ .... လုပ်ချင်တာတွေ ကို ဘယ်ကစရမှန်းမသိ ... စိတ်ကူးတွေ သိပ်လှပြီး လက်တွေ့ မှာ သိပ်အရုပ်ဆိုးတဲ့ ဆုံးဖြတ်ချက်တွေချမိ ...။
ကလေးဟာ ကလေး ပေါ့...ဆိုတဲ့ အရေးတွေက မိုက်တာ...မပုံရိပ်ရ...။

ကလိုစေးထူး said...

လက်စသတ်တော့ ဒီလောက်ကောင်းတဲ့စာကို ရေးဖို့ အချိန်အကြာကြီးယူနေရတာကိုး။

ဂျစ်တူး - gyit_tu said...

ညီမ ပုံရိပ်တို့ကတော့ ရေးချလိုက်ပြန်ပြီး) ကြိုက်တယ်ဟေ့ ။

နောက်ဆုံး အဆုံးသတ်လေး သိပ်ကြိုက်တယ် ။

pandora said...

ဟိုနေ့က ကတည်းက ဖတ်ဖြစ်တယ်။ ရုံးကနေဆိုတော့ မရေးဖြစ်လိုက်တာ။
ပုံရိပ်ကတော့ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲ။
အားပေးနေတယ်။

ponyate said...

အားလုံးပဲ ပုံရိပ်ရေးတဲ့ အချိန်မှာ ပြန်လာ အားပေးကြတာ ၀မ်းသာပါတယ်။
မလေးမရေ.. “စိတ်ကူးတွေ သိပ်လှပြီး လက်တွေ့ မှာ သိပ်အရုပ်ဆိုးတဲ့ ဆုံးဖြတ်ချက်တွေချမိ” ဆိုတဲ့ အချက်ကို မစဉ်းစားမိဘူး။ မလေးမ ထောက်ပြမှပဲ။
ကိုစေးထူး ဒီလောက်လဲ မဟုတ်ပါ။ အမှန်ကတော့ ရေးစရာ မရှိလို့ :D။
မဂျစ်ရေ အဆုံးကိုအဆုံးမှန်းတောင် သိပါ့မလားလို့။ ကြိုက်တယ် ဆိုတော့လည်း…အဟဲ။
မပန်ရေ အားပေးပါ ။ ပုံရိပ်လည်း ကြိုးစားပြီး နောက်တစ်ပုဒ် ရေးလိုက်ဦးမယ်။ နည်းနည်းတော့ ကြာဦးမလားပဲ။

PeTi said...

အသက်အောင့်ပြီးဖတ်လိုက်တာ ပြီးသွားပြီဆိုမှပဲ အသက်ပြန်ရှူမိတော့တယ်။

မကြာပါနဲ့ ပုံရိပ်ရယ်။ ပုံရိပ်နဲနဲကြာတာက လနဲ့ချီတယ်။