Sunday, 10 June 2007

ဖြတ်ချင်ဖြတ်…မဖြတ်ချင်နေ

လေသည် စိမ့်၍အေးနေသည်။ ကွင်းခေါင်ခေါင်ကို ဖြတ်၍ဒုန်းစိုင်း ပြေးလာရသောကြောင့်ထင့်၊ မောသံပါနေသည်။ ကျွန်မ ကွင်းလယ်မှာ ရပ်လျက်သား ဖြစ်နေသည်။ ညာဘက်မှာ စပါးပင်တွေ၊ ဘယ်ဘက်မှာလည်း စပါးပင်တွေ။ မြက်ခင်းပြင်ပေါ်မှာ လူအချို. ပြေးလွှားကစား နေကြသည်။ သူတို.တွေ ကျွန်မ ဘာသာစကား မဟုတ်သော စကားတစ်ခုကို ပြောနေကြသည်။ ကျွန်မ အိမ်မဟုတ်သော နေရာတစ်ခုမှာ ရှိနေသည်။ ဒါတွေသည် ကျွန်မနှင့် မဆိုင်ပါ။ ဖြာကျနေသော နေရောင်ခြည်တွေနှင့် ပြာနေသော ကောင်းကင်၊ စိမ်းစိုနေသော မြက်တွေက ကျွန်မနှင့် ပို၍ဆိုင်ပါသည်။

နေစောင်းပြီ။ အိမ်ပြန်ချိန် ရောက်ပြီ။ ငှက်တွေ အိပ်တန်းတက်ရန် အုပ်လိုက်ပျံသန်း သွားကြသည်။ ခက်တာက ကျွန်မဘယ်ကို ပြန်ရမှန်း မသိ။ ပြန်ရန်အိမ် မရှိ။ သစ်ရွက်တွေ လှုပ်ရှားသွားကြသည်။ ငှက်တွေလို ပျံသန်းလိုက်ချင်သည်။ “ငွေစင်ရော်တွေလို တောင်ပံတွေပါရင်…ဝေဟင်မှာ ၀ဲ လိုက်ချင်ပါတယ်” ဆိုသော သီချင်းကို သတိရမိသည်။ ကောင်းကင်ကို မော့ကြည့်တော့ သူတို.ရှိမနေပါ။ လေယာဉ်တစ်စင်း ပျံသန်းသွားသည်ကိုသာ လိုက်ကြည့်မိသည်။ “လေယာဉ်ပျံတွေလို တောင်ပံတွေပါရင်….” ဟုဘာကြောင့် သီချင်း မစပ်ကြပါလိမ့်။ ထိုသို. သီချင်းဆိုတတ်သော သမိန်ပေါသွပ်ကို အမှတ်ရမိသည်။ အမှန်တော့လည်း ဒါဟာကျွန်မ အလုပ်မဟုတ်ပါ။ သီချင်းရေးဆရာများ၏ အလုပ်သာ ဖြစ်ပါလိမ့်မည်။ ကျွန်မသည် သီချင်းရေးဆရာတစ်ယောက် မဟုတ်တာတော့ သေချာသည်။ ဒါဖြင့် ကျွန်မဟာ ဘာများပါလိမ့်။ ကျွန်မ ဘာလဲဆိုတာတော့ မသေချာပါ။ အနည်းဆုံးတော့ လူသားတစ်ဦး ဖြစ်သည်ပေါ့။ ဟုတ်နိုင်ပါသည်။ ဒါရော သေချာရဲ.လား။ တစ်ခါတစ်ရံ ကျွန်မက ပြန်ကိုက်တတ်သည်။ အင်း…စဉ်းစားစရာပဲ။

xxxxxxxxxxxxxx

ကျွန်မညက အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ ကျွန်မဒုက္ခရောက်နေသည်။ ဒုက္ခက ကျွန်မဆီ ရောက်လာတာလား၊ ကျွန်မက ဒုက္ခဆီရောက်သွား တာလား ဆိုသည်ကတော့ မသေချာ။ ကျွန်မ ကိုယ့်ကိုယ်ကိုပြောသည်။ “ငါအိပ်မက်မက် နေတာပဲ။ အိပ်မက်က နိုးရင်အားလုံး ကောင်းသွားမှာ...။” ဒါနဲ.ကျွန်မ အိပ်မက်က နိုးလာသည်။ ဒုက္ခနှင့် မတွေ.တော့ဘူးပေါ့။ ဒါပေမယ့် နိုးသွားပြီးတော့ ဘ၀ထဲပြန်ရောက်လာသည်။ လွယ်လွယ်နှင့် မနိုးနိုင်ပါလား။ ကျွန်မ ပြန်အိပ်ချင်စိတ် ပေါက်သွားသည်။ နောက်တစ်ခါ ကျွန်မ အိပ်မက်ကနိုးဖို. ကြိုးစားတော့မည် မဟုတ်ပါ။ လူတွေက ကျွန်မကို အအိပ်ကြီး သည်ဆိုကြသည်။

xxxxxxxxxxxxxx

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုသော စကားကို ကျွန်မဘ၀င် မကျပါ။ “သင်”ကစ ကောင်းရမည်ပေါ့။ ဒါဆို “ကျွန်ုပ်”ကလည်း ပြန်ကောင်းမည်။ ဒီိလိုဖြင့် တစ်ဘက်ကလည်း ပြန်ပြောမည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ပေါ့။ ဒါဖြင့် ဘယ်သူက စကောင်းကြမည်နည်း။ အတော်တွက်ကတ်သူနှင့် တွေ.လျှင် ပိုလို.များ ခက်ပေဦးမည်။ ဒီလိုနဲ.ပဲ လောကကြီးမှာ “ကျွန်ုပ်” တွေများလာသည်။

xxxxxxxxxxxxxx

ကြိုးတွေနှင့် ထွေးထားသော လောကကြီးထဲသို. ရောက်လာသည်မှာ ကျွန်မအပြစ်လား၊ အမေ့အပြစ်လား။ သို.မဟုတ် ကျွန်မကုသိုလ်လား၊ အမေ့ကောင်းမှုလား။ ကျွန်မဘာဖြစ်နေလဲ ဆိုတာ ကျွန်မ မသိပါ။ ကျွန်မဘာဖြစ်ချင်လဲ ဆိုတာ ကျွန်မ မသိပါ။ တစ်နေ.တွင်တော့ အားလုံးပြီးဆုံးကာ ပျောက်ကွယ်သွားကြမည်။

ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်မကြိုးတွေကြားမှာ နေသားကျအောင် ကြိုးစားနေပါသည်။ ကြိုးတွေက များလွန်းတော့ တစ်ခါတစ်ခါ ငြိပြီးထွေးကုန်ကာ ကျွန်မ မရှင်းတတ်။ ထိုအခါ ကတ်ကြေးတစ်လက်၏ တန်ဖိုးကို ကျွန်မနားလည် လာမိသည်။ သြော်…ကတ်ကြေးဆိုသည်မှာ မရှင်းတတ်လျှင် ဖြတ်ရန်အတွက်ပါလား။ ထို.ကြောင့်ပင် ကျွန်မဆံပင်တွေကို ဖြတ်ဖြတ်ပစ်နေတာ ဖြစ်ပါလိမ့်မည်။ ထိုအခါ သီလရှင်များ ဘုန်းကြီးများကို ကျွန်မမြင်ယောင်လာ၏။ မရှင်းနိုင် ဟူသောအကြောင်းပြချက်ကြောင့် ဟုတ်မဟုတ်တော့ ကျွန်မ မသေချာပါ။ ယခုလက်ငင်းပင် ကျွန်မကတ်ကြေးတစ်လက် အလိုရှိပါသည်။

8 comments:

ဂျစ်တူး - gyit_tu said...

ဒါလေးလဲ ကြိုက်တယ် ပုံရိပ်ရေ ။ အအိပ်ကြီးတတ်တဲ့သူ ဖြစ်နေတာရယ် ၊ ကဒ်ကြေးတလက် အလိုရှိနေတာရယ် ၊ သင်ကောင်းလျှင် ကျုပ်မဆိုးပါ ဆိုတာရယ်း)

စာကြောင်းတချို့ တို့ စာပေအိုးတွက် ယူသွားတယ် ။

ဆက်ရေးပါ ။ အားပေးနေတယ် ။

ပုံရိပ် / Pon Yate said...

အားပေးတာ ကျေးဇူးပါ။ မဂျစ်ရဲ. စာပေအိုးထဲ ထည်.ပေးတဲ့ အတွက်ရောပေါ့။

pandora said...

အိပ်မက်က နိုးနိုင်ဖို့ လွယ်တာမဟုတ်..
မိုးလင်းလာရင် ကိုယ့်မျက်နှာ ကိုယ်ပြန်စမ်းမိမှ သက်ပြင်းချနိုင်တယ်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

I like it.

ပုံရိပ် / Pon Yate said...

လာအားပေး လို.ကျေးဇူးပါ..မအိမ့်ရေ။

မိုးညို said...

ကျွန်မညက အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ ကျွန်မဒုက္ခရောက်နေသည်။ ဒုက္ခက ကျွန်မဆီ ရောက်လာတာလား၊ ကျွန်မက ဒုက္ခဆီရောက်သွား တာလား ဆိုသည်ကတော့ မသေချာ။ ကျွန်မ ကိုယ့်ကိုယ်ကိုပြောသည်။ “ငါအိပ်မက်မက် နေတာပဲ။ အိပ်မက်က နိုးရင်အားလုံး ကောင်းသွားမှာ...။” ဒါနဲ.ကျွန်မ အိပ်မက်က နိုးလာသည်။ ဒုက္ခနှင့် မတွေ.တော့ဘူးပေါ့။ ဒါပေမယ့် နိုးသွားပြီးတော့ ဘ၀ထဲပြန်ရောက်လာသည်။ လွယ်လွယ်နှင့် မနိုးနိုင်ပါလား။ ကျွန်မ ပြန်အိပ်ချင်စိတ် ပေါက်သွားသည်။ နောက်တစ်ခါ ကျွန်မ အိပ်မက်ကနိုးဖို. ကြိုးစားတော့မည် မဟုတ်ပါ။ လူတွေက ကျွန်မကို အအိပ်ကြီး သည်ဆိုကြသည်။

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုသော စကားကို ကျွန်မဘ၀င် မကျပါ။ “သင်”ကစ ကောင်းရမည်ပေါ့။ ဒါဆို “ကျွန်ုပ်”ကလည်း ပြန်ကောင်းမည်။ ဒီိလိုဖြင့် တစ်ဘက်ကလည်း ပြန်ပြောမည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ပေါ့။ ဒါဖြင့် ဘယ်သူက စကောင်းကြမည်နည်း။ အတော်တွက်ကတ်သူနှင့် တွေ.လျှင် ပိုလို.များ ခက်ပေဦးမည်။ ဒီလိုနဲ.ပဲ လောကကြီးမှာ “ကျွန်ုပ်” တွေများလာသည်။
အစ်မရေ ... တွေးတတ် ရေးတတ်လိုက်တာဗျာ ... ဒီစာလေးတွေ ကျနော် ကူးထားလိုက်တယ်ဗျ ... ကျေးဇူး ...

ပုံရိပ် / Pon Yate said...

ကိုမိုးညို အကြိုက်ဆုံး ပို့စ်တွေ လိုက်ရှာရင်းက ကိုမိုးညို ကွန်မန့်တွေ ပြန်တွေ့လို့။ ကျေးဇူးနော် 

သက်ဝေ said...

သက်ဝေလဲ လောလောဆယ်မှာ ကပ်ကြေးတစ်လက် တကယ်ကို လိုချင်နေပါတယ်
မလိုအပ်ဘဲ ရှုပ်ထွေးနေတာတွေကို ဖြတ်ချင်လို့ ...
တွေးထားပုံလေး တကယ်ကြိုက်တယ်...